ဘုရားကျင့်ဟောင်း နည်းလမ်းကောင်း
ဂေါတမမြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်တူ ဝမ်းလား၍ အားပြတ်နေသော ရဟန်းတစ်ပါးကို ဆေးကြောသုတ်သင် ပြုစုယုယတော်မူသည်ဆိုသော အတ္ထုပ္ပတ္တိကို အင်္ဂလိပ် ဘာသာရေး တရားတော်ပေါင်းချုပ် စာအုပ်တစ်အုပ်တွင် တခါတုန်းက ဖတ်ရပါသည်။
အထူး ဝမ်းမြောက် သဒ္ဓါပေါက်မိပါသည်။
ငရဲခန်းတရားများနှင့် ဘုံခန်းတရားများအကြားတွင် လူထုပရိသတ် သိမှတ်ဖွယ် ဆွေးနွေးဖွယ် ဟောပြောဖွယ် လိုက်နာကျင့်သုံးဖွယ် တရားအများ ရှိပါသေးကလားဟူ၍ သဘောပေါက် မျက်မှောက်ပြုမိပါသည်။
ထို့ကြောင့် ဝိနည်းပိဋက မဟာဝဂ္ဂပါဠိတော် ဂိလာနဝတ္ထုကထာကို ရှာဖွေ ဖတ်ရှု ကျေနပ် နှစ်သိမ့်မိပါသည်။
မကြားဖူး မဖတ်ဖူးသေးသူတို့ ကြားဖူးဖတ်ဖူးကာ မိမိနည်းတူ ကျေနပ်နှစ်သိမ့်ကြရလေအောင် ရည်စူးလျက်လည်း `သူနာပြုဘုရား´ဟူသော အမည်ဖြင့် ကဗျာတစ်ပုဒ်ကို ရေးစီ၍ ၁၉၅၈-၅၉ ခု ဆေးသိပ္ပံကျောင်းများသမဂ္ဂ နှစ်လည်မဂ္ဂဇင်းတွင် အောက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ပါသည်။
+++++
သူနာပြုဘုရား
ကိုယ်ရိပ်သဏ္ဌာန်၊ ညီ အာနန်နှင့်
မြတ်မွန်ထွတ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်၍ ကြည့်သတည်း။
ကျီးသံသဲသဲ၊ ယင်မဲမဲနှင့်
ပြာမွဲညစ်ရောင်၊ ကျောင်းတဆောင်ကို
ဘုန်းခေါင်ဘုရား၊ ဝင်၍သွားသော်
သနားစဖွယ်၊ ကျောင်းအလယ်၌
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာ တွေ့ရပါသတည်း။
အမိသည် သား၊ ပြုသောလားသို့
ဘုရားမြတ်မွန်၊ ညီ အာနန်ကို
ချိုးရန်ရေကောင်း၊ ဆောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင်၊ ပြီးစီးလျှင်မူ
ခေါင်းတွင်ဘုရား၊ လက်တော်ထား၍
ညီဘွားခြေက၊ ပြိုင်တူ မ,လျက်
မြတ်လှနေရာ၊ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စေ တင်သတည်း။
ထို့နောက်ရှင်တော်၊ စည်းဝေးခေါ်၍
မြွက်ဖော်စကား၊ မိန့်တော်ကြား၏
မိခြား ဖဝေး၊ တရပ်ကျေးတွင်
ချိုအေးကြည်သာ၊ တရားရှာသည်
များစွာအပေါင်း၊ ရဟန်းကောင်းတို့
ညံ့ပျောင်းကြည်ဖြူ၊ နာသောသူကို
ငါ့တူကြင်နာ၊ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။
ထို့နောက် မမှတ်မိတော့သော မဂ္ဂဇင်းတစ်စောင်တွင် ဤဂိလာနဝတ္ထုကထာ၌ မြတ်စွာဘုရား မိန့်ကြားတော်မူသော စာပိုဒ်တစ်ပိုဒ်ကို မြန်မာပြန်၍ အောက်ပါအတိုင်း ထည့်သွင်းပြန်ပါသည်။
ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ
သော ဂိလာနံ ဥပဋ္ဌဟေယျ။
ငါ၏ချစ်သား၊ ရဟန်းများတို့
ငါ့အားကြည်ဖြူ၊ ပြုစုသူသည်
ငါ့တူညီမျှ၊ ဂိလာနကို
ဖေးမကြင်နာ၊ ပြုစုရာ၏
မြတ်စွာဘုရား၊ မှာကြားခဲ့သည်
အများလူတို့ မှတ်ရာတည်း။
ဤမြတ်စွာဘုရား၏ သြဝါဒကထာ မြန်မာပြန်ချက်သည် မဂ္ဂဇင်းထဲတွင် မြုပ်ပျောက်၍ မသွား။
ရန်ကုန်မြို့ ဗဟန်းရပ် ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဇီဝိတဒါနသံဃာ့ဆေးရုံအဝင်ဝတွင် သရုပ်ဖော်ပန်းချီလက်ရာနှင့်အတူ ကူးယူဖော်ပြထားခြင်းကို ခံရပါသည်။
ထိုအတ္ထုပ္ပတ္တိကထာတွင် မြတ်စွာဘုရားက မေးတော်မူ၍ ရဟန်းများက ဖြေကြားသည်မှာလည်း မှတ်ဖွယ်ဖြစ်ပါသည်။
ဂိလာနရဟန်းနှင့် မေးဖြေပုံမှာ ဤသို့ -
မေး။ ရဟန်း … သင်၏ရောဂါကား အဘယ်ရောဂါနည်း။
ဖြေ။ အရှင်ဘုရား … အကျွန်ုပ်၏ ရောဂါကား ဝမ်းသက်သော ရောဂါပါတည်း။
မေး။ ရဟန်း … သင့်အား အလုပ်အကျွေးရှိ၏လော။
ဖြေ။ မရှိပါ အရှင်ဘုရား။
မေး။ ရဟန်းတို့သည် အဘယ့်ကြောင့် သင့်ကို မလုပ်ကျွေးကုန်သနည်း။
ဖြေ။ အရှင်ဘုရား … အကျွန်ုပ်သည် ရဟန်းတို့အား မလုပ်ကျွေးဖူးပါ။ ထို့ကြောင့် ရဟန်းတို့ကလည်း အကျွန်ုပ်ကို မလုပ်ကျွေးပါကုန်။
ဂိလာနရဟန်းနှင့် အမေးအဖြေ ပြုလုပ်ပြီးနောက် တခြားရဟန်းများကို စည်းဝေးစေပြီးလျှင် မေးတော်မူပြန်သည်။
ရဟန်းတို့က ဖြေပုံမှာလည်း အထက်ပါအတိုင်းပင်။
`အရှင်ဘုရား … ဤရဟန်းသည် ရဟန်းတို့အား မလုပ်ကျွေးဖူးပါ။ ထို့ကြောင့် ထိုရဟန်းကို ရဟန်းတို့သည် မလုပ်ကျွေးပါကုန်´ဟု လျှောက်ထားကြသည်။
ထိုအခါ မြတ်စွာဘုရားက ဂိလာနရဟန်းနှင့် တခြားသောရဟန်းတို့၏ အကြောင်းပြချက်ကို ချေဖျက်၍ မိန့်တော်မူသည်မှာကား -
“ရဟန်းတို့ … သင်တို့အား လုပ်ကျွေးမည့် အမိအဖတို့ မရှိကုန်။ ရဟန်းတို့ … သင်တို့သည် အချင်းချင်း မလုပ်ကျွေးခဲ့လျှင် အဘယ်သူသည် လုပ်ကျွေးလတ္တံ့နည်း´´
“ရဟန်းတို့ … ငါဘုရားကို လုပ်ကျွေးသော ရဟန်းသည် နာဖျားသော ရဟန်းကို လုပ်ကျွေးရာ၏´´ဟူ၍ တိကျပြတ်သားသော စကားတော်ဖြစ်ပါသည်။
(ပုံများကို http://dhammabum.wordpress.com/category/monastic-life/ မှ ယူသည်)
+++++
ဤမိန့်တော်မူချက်လာ `အချင်းချင်း´ (အညမည) ဆိုသော စကားကို မြတ်စွာဘုရားက သရုပ်ပြ ဖွင့်ဆိုပြန်ပါသေးသည်။
ပထမဆုံးပုဂ္ဂိုလ်မှာ အောက်ပါစာပိုဒ်တွင် ပါရှိသည့် ဥပဇ္ဈာယ်ဆရာ ဖြစ်ပါသည်။
အကယ်၍ ဥပဇ္ဈာယ်ဆရာ ရှိငြားအံ့။ ဥပဇ္ဈာယ်ဆရာသည် အသက်ထက်ဆုံး လုပ်ကျွေးရမည်။ ထိုနာဖျားသောရဟန်း ရောဂါပျောက်ငြိမ်းသည့်တိုင်အောင် ဆိုင်းငံ့ရမည်။
(သစေ ဥပဇ္ဈာယော ဟောတိ၊ ဥပဇ္ဈာယေန ယာဝဇီဝံ ဥပံဋ္ဌာတဗ္ဗော။ ဝုဋ္ဌာနေဿ အာဂမေတဗ္ဗံ)
(၁) `အချင်းချင်း´ ဆိုသောပုဒ်ကို ဤကဲ့သို့ `ဥပဇ္ဈာယ်ဆရာ´ဖြင့် စချီ၍ ဆက်လက်ဖော်ပြသော တာဝန်ရှိ ပုဂ္ဂိုလ်တို့မှာကား -
(၂) ဆရာ (အာစရိယ)
(၃) အတူနေတပည့် (သဒ္ဓိဝိဟာရိက)
(၄) အနီးနေတပည့် (အန္တေဝါသိက)
(၅) ဥပဇ္ဈာယ်တူ အပေါင်းအဖော် (သမာနုပဇ္ဈာယက)
(၆) ဆရာတူရဟန်း (သမာနာစရိယက)
(၇) သံဃာ (သံဃ)
ဟူ၍ ဖြစ်ပါသည်။
သံဃာဆိုသော စကားကို ကြည့်ခြင်းဖြင့် ရဟန်းအဖွဲ့အစည်း တခုလုံးတွင် နာဖျားသောရဟန်းကို လုပ်ကျွေးရန် တာဝန်ရှိကြောင်း မိန့်ဆိုတော်မူသည်ဟု နားလည်မိပါသည်။
ဤမျှမကသေးပါ။
ငါးပါးသော အင်္ဂါနှင့် မပြည့်စုံသော ရဟန်းသည် လုပ်ကျွေးရခက်ပုံ၊ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော ရဟန်းသည် လုပ်ကျွေးရလွယ်ပုံတို့ကိုလည်း အကျယ်တဝင့် ဖွင့်ဆိုဟောပြတော်မူပါသည်။
ထို့ပြင် သူနာပြုရဟန်းတွင် ရှိရမည့် အင်္ဂါရပ်တို့ကိုလည်း ဤကဲ့သို့ ဟောပြတော်မူပါသည်။
`ရဟန်းတို့၊ ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော သူနာပြုရဟန်းသည် သူနာကို လုပ်ကျွေးရန် သင့်လျော်၏။´
(၁) ဆေးကို စီရင်ခြင်းငှာ စွမ်းနိုင်၏။ (ပဋိဗလော ဟောတိ ဘေသဇ္ဇံ သံဝိဓာတုံ)။ သင့်သည် မသင့်သည်ကို သိ၏။ (သပ္ပါယာ သပ္ပါယ ဇာနာတိ။)
(၂) မသင့်သော ဆေးကို ပယ်၏။ (အသပ္ပါယံ အပနာ မေတိ။) သင့်သော ဆေးကို ဆက်ကပ်၏။ (သပ္ပါယံ ဥပနာ မေတိ။)
(၃) မေတ္တာစိတ်ရှိသည်ဖြစ်၍ သူနာကို လုပ်ကျွေး၏။ (မေတ္တ စိတ္တော ဂိလာနံ ဥပဋ္ဌာတိ။) (ဆွမ်း သင်္ကန်း အစရှိသော) အာမိသကို အလိုရှိသည်ဖြစ်၍ လုပ်ကျွေးသည် မဟုတ်။ (နော အာမိသန္တရော။)
(၄) ကျင်ကြီးကျင်ငယ် တံတွေးအန်ဖတ်တို့ကို စွန့်ပစ်အံ့သောငှာ စက်ဆုပ် ရွံရှာခြင်း မရှိ။ (အဇေဂုစ္ဆီ ဟောတိ ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ဝန္တံ ဝါ နီဟာတုံ။)
(၅) သူနာကို အချိန်အခါအလျောက် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေခြင်းငှာ (တရားကို) ဆောက်တည်စေခြင်းငှာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေခြင်းငှာ စွမ်းနိုင်၏။ (ပဋိဗလော ဟောတိ ဂိလာနံ ကာလေန ကာလံ ဓမ္မိယာကထာယ သန္ဒေဿတုံ သမာဒပေတုံ သမုတ္တေဇေတုံ သမ္ပဟံသေတုံ။)
ဤမျှကား ဂိလာနဝတ္ထုကထာမှ သင့်နိုးရာရာတို့ကို ကောက်နုတ်တင်ပြချက် ဖြစ်ပါသည်။
မြတ်စွာဘုရား၏ ဆန္ဒတော်မှာကား ရဟန်းတိုင်းလိုလိုပင် သူနာပြုအင်္ဂါတို့နှင့် ပြည့်စုံစေချင်ခြင်း ဖြစ်ပါသည်။ သူနာပြုစေချင်ခြင်း ဖြစ်ပါသည်။
သို့ဖြစ်ပါက မျက်မှောက်ခေတ် ဆေးပညာအရ သင်တန်းပေးနေသော သူနာပြုသင်တန်းများနည်းတူ ဝိနည်းတော်နှင့်လည်း ကိုက်ညီ၍ ခေတ်နှင့်လည်း ဆီလျော်သော သူနာပြုသင်တန်းများ ရဟန်းလောကတွင် မရှိသင့်ပါလား။
ပဋိဗလော ဟောတိ ဘေသဇ္ဇံ သံဝိဓာတုံ – ဆိုသော အင်္ဂါရပ်မှာ အသင်အကြား အလေ့အလာမရှိလျှင် မလွယ်ကူသော အင်္ဂါရပ် ဖြစ်ပါသည်။
ထို့ကြောင့် မြို့တိုင်းရွာတိုင်း ကျောင်းတိုက်တိုင်းတွင် သူနာပြုသင်တန်းတက်၍ သူနာပြုပညာကို တတ်သိကျွမ်းကျင်သော ရဟန်းများ မရှိသင့်ပါလား။
ဆင်ခြင်သုံးသပ်ကြပါရန် လေးမြတ်စွာ တင်ပြအပ်ပါသည်။
မင်းကွန်းတိပိဋက နိကာယ သာသနာပြုအဖွဲ့
တတိယသုံးနှစ်ခရီး
အောက်တိုဘာ၊ ၁၉၈၉
No comments:
Post a Comment