ဗုဒ္ဓ၏ လူ့သမိုင်းသည် “အရိုင်းမှ အယဉ်သို့ တသမတ်တည်း ရွေ့လျားသည့်ဖြစ်စဉ်” မဟုတ်၊ “အယဉ်မှ အရိုင်း၊ အရိုင်းမှ အယဉ်၊ စုန်ဆန် လှုပ်ရှားနေသည့်ဖြစ်စဉ်မှန်” သမိုင်း သာဖြစ်သည်။
တစ်နည်းအားဖြင့် အဆင်းအတက် အစုန်အဆန် ၊ ခေါက်တုံ့ခေါက်ပြန် နိယာမ ဖြစ်၏။ ဗုဒ္ဓ၏ လူ့သမိုင်းကို လေ့လာခြင်းဖြင့် ယနေ့ ကမ္ဘာ၌ နေ့စဉ်ဖြစ်ပျက်နေကြသော ဖြစ်စဉ်တို့သည် အဘယ်တရားတို့ကို အခြေခံ၍ ဖြစ်ပေါ်နေကြသည်၊ အကောင်းအဆိုး နှစ်မျိုးတွင် အဘယ် ဘက်သို့ ဦးလှည့်နေသည်တို့ကို သနိုင်ပေလိမ့်မည်။
အစိုးရသည် ဘယ်အချိန်မှစတင်ပေါ်လာသနည်း၊ ဘာကြောင့်အစိုးဆိုတာ ပေါ်လာရ၊ ရှိနေရသနည်း၊ လူထုနှင့် အစိုးရ မည်သို့ ဆက်သွယ်နေ သနည်းစသည်တို့ကို သိနိုင်ပေလိမ့်မည်။
ထိုလူ့သမိုင်း၏ ရှေ့ပိုင်းကို ဗုဒ္ဓသည် သာတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါဒမာတာ ပြာသာဒ်၌လည်းကောင်း၊ နောက်ပိုင်းကို မာဂဓတိုင်း မာတုလမြို့၌ လည်းကောင်း ဟော တော်မူသည်။ သာဝတ္ထိပြည့်၌ ဟောအပ်သော လူ့သမိုင်းဒေသနာသည် “အဂ္ဂည သုတ်” ဟူသောအမည်ဖြင့်လည်းကောင်း၊ မာတုလမြို့၌ဟောအပ်သောလူ့သမိုင်းသည် “စက္ကဝတ္တိသုတ်”ဟူသော အမည်ဖြင့်လည်းကောင်း ဒီဃနိကာယ်၊ ပါထိကဝဂ်ပါဠိတော်၌ ထင်ရှားသည်။
ကမ္ဘာတည်စ
ဤသြကာသလောကဖြစ်သော ကမ္ဘာကြီးတည်စအခါက စကြာဝဠာတိုက်ကြီးပေါင်း ကုဋေ တစ်သိန်းသည် တစ်ခုတည်းသော ရေပြင်ကြီး သာ ဖြစ်နေသည်။ နေ , လ , နက္ခတ်တို့ မပေါ်ထွက်၊ မလှည့်လည်သေး၊ အရောင်အလင်းမရှိ၊ အမိုက်အမှောင်အတိသာ ဖြစ်လျက် ရှိ၏။ နေ့ ၊ ည၊ ရက်၊ လ ဟူ၍ မရှိသေး၊ သက္ကရာဇ် မပေါ်သေး။ ထိုကမ္ဘာကြီးတည်စ အမှောင်ခေတ်ကာလတွင် များသောအားဖြင့် အာဘဿရခေါ် ဒုတိယဈာန် ဘုံ ဗြဟ္မာ့ပြည် မှ ဗြဟ္မာကြီးတို့ စုတေကာ ဤလူ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေဖြင့်ရောက်လာ၊ ဖြစ်ပေါ်လာကြ ကုန်၏။
ကမ္ဘာဦးလူတို့သည် ပုံသွင်အားဖြင့် ယောင်္ကျားတို့၏ ပုံသွင်ကိုဆောင်ယူထားကြ သော်လည်း ယောင်္ကျားအင်္ဂါ မိန်းမအင်္ဂါများ မပါမရှိကြပေ။ မျက်စိ နား၊ နှာ၊ လျှာ ၊ကိုယ် ဟူသော အကြည်ဓာတ်များ အပြည့်အစုံပါရှိကြသော်လည်း အဆင်း၊ အသံ၊ အနံ့ အရသာ နှင့် အတွေ့အထိတို့ကို တဏှာစိတ်ဖြင့် တွယ်တာခံစားခြင်း မရှိကြ၊ ဗြဟ္မာ့ပြည်မှာတုန်းက လိုပင် နှစ်သက်မှုပီတိဖြင့် အသက်ရှင်ကြကုန်၏။
သူတို့၏ အသက်တမ်းမှာ မည်၍ မည်မျှ ဟု ရေတွက်၍ မရနိုင်အောင် ရှည်လျား၏။ အခြားအလင်းရောင်မရှိသော်လည်း ကိုယ် ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပလျက်ရှိကြကုန်၏။ ကောင်းကင်၌သာ သွားလာ လှည့်လည်နေထိုင်ကြသည်၊ လွန်စွာတင့်တယ်ကြသည်။ အခြားနာမည်များမရှိ၊ “သတ္တဝါ” ဟူသော အမည်တစ်မျိုးတည်းသာရှိသည်။
ကမ္ဘာဦးလူတို့ ဤသို့နေကြရင်း အဓွန့်ကာလကြာမြင့်လှသောအခါ ရေပြင်ကြီး၏ အထက်၌ ရသပထဝီခေါ်သည့် အရသာနှင့် လွန်စွာပြည့် စုံသော မြေဆီပေါ်လာ၏၊ နို့၏အထက်၌ မလိုင်တက်လာသကဲ့သို့တည်း။ အရသာမှာ အပြစ်ကင်းသော ပျားလေးရည် အရသာနှင့်တူ၏။ ထိုရသပထဝီပေါ်၍ ကြာမြင့်လှသောအခါ လျှပ်ပေါ်သောသဘောရှိသည့် ကမ္ဘာဦးသားတစ်ယောက်သည် “ဤမြေဆီသည် အဘယ်သို့ အရသာ ရှိသနည်း”ဟု စူးစမ်းသောသဘောဖြင့် လက်ချောင်းဖြင့်ယူကာ လျက်ကြည့်လေသည်။ ထိုအခါ မြေဆီ၏ အရသာသည် အကြောပေါင်း ခုနစ်ထောင်ပျံ့နှံ့၍ တည်လေသည်။ ထိုအခါ ထိုလူ၌ မြေဆီ ၏အရသာကို စွဲလမ်းသော တဏှာဖြစ်ပေါ်လာတော့သည်။ အခြားလူတို့လည်း ထိုသူကို အတုယူ၍ မြေဆီကိုလျက်ကြရာမှ မြေဆီကိုစွဲလမ်းသောတဏှာဖြစ်ကြကုန်၏။
ထိုနောက် လျက်နေရုံမျှမဟုတ်ကြဘဲ အလုပ်အလွေးပြုကာ စားသုံးကြကုန်သော် ထိုရသတဏှာကြောင့် တောက်ပမြဲ ကိုယ်ရောင် ကိုယ်ဝါတို့ တဖြည်းဖြည်းကွယ်ပျောက် ကုန်တော့၏။ ။
နေ-လ-နက္ခတ်ပေါ်ထွက်
ထိုအခါ သတ္တဝါတို့၏ ကံအားလျော်စွာ နေ-လ-နက္ခတ်တို့ပေါ်လာကြကုန်၏။ ထို့ကြောင့် နေ့၊ ညဥ့်၊ ရက်၊ လ၊ ဥတု၊ နှစ်ဟု ထင်ရှားဖြစ်ပေါ်လာကြရလေသည်။ ကမ္ဘာပြုမိုး ရွာသည့် ကာလမှစ၍ ဤ နေ လ နက္ခတ်တို့ ပြည့်ပြည့်စုံစုံ ပေါ်ထွက်လှည့်လည်ရာအချိန်အထိ အဓွန့်ကာလကြီးကို “ဝိဝဋအသင်္ချေယျကပ်”ဟု ခေါ်သည်။
ကမ္ဘာဦးလူတို့သည် အာဟာရကိုမမှီဝဲဘဲ ပီတိဖြင့်အသက်ရှင်နေထိုင်လာခဲ့ကြရာမှ မြေဆီကို အာဟာရအဖြစ် မှီဝဲလာကြသောအခါ သူတို့၏ သန္တာန်၌ မြေဆီကြောင့်ဖြစ် သော အဟာရဇရုပ်တို့ ဖြစ်ပေါ်လာကြသဖြင့် ထိုသူတို့၏ ကိုယ်သည် ရှေးကလောက် မနူး ညံ့တော့ဘဲ ရုပ်တွေ ကြမ်းလာကြကုန်၏။ အသွင်အပြင်လည်း တဖြည်းဖြည်း ပြောင်းလာကာ တစ်ဦးနှင့်တစ်ဦး ရုပ်သွင်ကွဲပြားလာသည်၊ အချို့က ရုပ်ဆင်းလှ၍ အချို့က ရုပ်ဆင်းမလှ၊ ဤသို့ဖြစ်လာသည်၊ ထိုအခါ ထိုရုပ်အဆင်းကိုစွဲ၍ မာနလည်း ဝင်လာကြတော့သည်။
ဤသို့ ကမ္ဘာဦးသားတို့၏ သန္တာန်၌ မာနတွေဝင်လာကြ၏၊ မာန ထောင်လွှားမှု များလာသောအခါ ရသပထဝီခေါ် မြေဆီတို့လည်း တဖြည်းဖြည်း ခန်းခြောက်ပျောက်ကွယ်လေတော့သည်။ ဤသို့ ရသပထဝီမြေဆီကို စားသုံးကြရာမှ မြေဆီပျောက်သည့် အချိန်အထိ ကာလ သည် နှစ်ပေါင်း မည်မျှဟု ရေတွက်မရအောင် ကြာမြင့် လှသည့်အဓွန့်ကာလကြီးတစ်ခုပင်တည်း။ ။
မြေလွှာပေါ်
ထိုသို့ မြေဆီကွယ်ပျောက်သောအခါ ဘူမိပပ္ပဋကခေါ်သော မြေလွှာပေါ်လာရသည်၊ မြေမှ မှိုပေါက်သကဲ့သို့ဖြစ်၏။ ထိုမြေလွှာ၏ အဆင်းသည် ထောပတ်ဆီဦးအဆင်းနှင့်တူ၏၊ ပျည်းငယ်ရည်အရသာကဲ့သို့ချို၏၊ မြေဆီ၏အရသာ မြေဆီ၏နူးညံ့မှုကိုကား မမီတော့ပေ။ ကမ္ဘာဦးလူတို့သည် ထိုမြေလွှာကိုသာ အာဟာရအဖြစ် စားသုံးကြရတော့သည်။ ထိုအခါကြမ်းသော အဟာရကို မှီဝဲရသဖြင့် ရုပ်အဆင်း တို့လည်း ရှေးကထက်ပို၍ ကြမ်းလာပြီး တစ်ဦးနှင့်တစ်ဦးလည်း ရုပ်ချင်းပို၍ ကွဲပြားလာကြရသည်။
သူတို့သည် ရုပ်ဆင်းကို အစွဲပြု၍ မာန်ထောင်လွှားမှုလည်း ရှေးကထက်ပိုလာကြ တော့၏။ ဤသို့ ကမ္ဘာဦးသားတို့၏ သန္တာန်၌ မာန်ထောင်မှုတွေ ရှေးကထက်ပိုများလာကြသောအခါ ထိုမြေလွှာတို့လည်း တဖြည်းဖြည်း ခြောက်ခန်းကွယ်ပျောက်လေတော့ သည်။ ဤသို့ ဘူမိပ္ပဋကခေါ် မြေလွှာကို စတင်စားသုံးခဲ့ကြရာမှ မြေလွှာပျောက်သည့် အချိန်ထိကာလသည် နှစ်ပေါင်းမည်မျှဟု ရေတွက်မရအောင် ကြာမြင့် လှသည့် အဓွန့်ကာ လကြီးတစ်ခုပင်တည်း။
နွယ်ချိုပေါ်
ဤသို့ မြေလွှာကွယ်ပျောက်သောအခါ ကန်စွန်းနွယ်ပမာ ပဒါလတာခေါ် နွယ်ချိုတစ်မျိုး သတ္တဝါတို့ ကံအားလျော်စွာ ပေါ်လာသည်။ ထိုနွယ်ချိုသည် အဆင်းအရသာနှင့်ပြည့်စုံ၏။ သို့သော် မြေဆီမြေလွှာတို့၏ အရသာနှင့်နူးညံ့မှုကိုကား မမီတော့ပေ။ ကမ္ဘာဦးလူတို့သည် ထိုနွယ်ချိုကိုသာ အဟာရအဖြစ် စားသုံးကြရတော့သည်။ ထိုအခါ ထိုနွယ်ချိုဟုခေါ်ကြ သော အာဟာရကို မှီဝဲရသဖြင့် လူတို့၏ရုပ်အဆင်း သည်လည်း ရှေးကထက်ပို၍ ကြမ်းလာကြ၏။ တစ်ဦးနှင့်တစ်ဦးလည်း ရုပ်အဆင်းကို အစွဲပြု၍ မာန်ထောင်မှုလည်း ရှေးကထက် ပိုလာကြတော့၏။
ဤသို့ကမ္ဘာဦးသားတို့၏ သန္တာန်၌ မာန်ထောင်မှုတွေ ရှေးကထက် ပိုပို လာကြသောအခါ ထိုနွယ်ချိုတို့လည်း တဖြည်းဖြည်း ကွယ်ပျောက်လေတော့သည်။
ဤသို့ ပဒါလတာခေါ် နွယ်ချိုတို့ စတင်စားသုံးခဲ့ကြရာမှ နွယ်ချိုပျောက်သည့် အချိန် အထိ ကာလသည် နှစ်ပေါင်းမည်မျှဟု ရေတွက်မရအောင် ကြာမြင့်လှသည့် အဓွန့်ကာလ ကြီး တစ်ခုပင်တည်း။
သလေးဆန်ပေါ်
ဤသို့ နွယ်ချိုကွယ်ပျောက်သေအခါ ဖွဲကြမ်းဖွဲနုမပါ ထင်းမီးဖြင့် မချက်ရဘဲ အဆင်သင့် စားသုံးလို့ရသည့်ဖြူစင်မွှေးကြိုင်လှသော သလေးဆန်များကိုသီးသော သလေး ဆန်ပင်များ ပေါ်လာလေသည်။
ကမ္ဘာဦးလူတို့သည် ထိုသလေးဆန်တို့ကိုသာ ညစာအဖြစ် ညအခါမှ ယူငင်၍လည်းကောင်း၊ နံနက်စာအဖြစ် နံနက်အခါမှ ယူငင်၍လည်းကောင်း စားသုံးကြရတော့သည်။ ညအခါ ရိတ်ယူအပ်သော သလေးပင်တို့သည် သီးပြီး မှည်းပြီး၊ နံနက်အခါ၌ ရိတ်သိမ်း ယူအပ်သော သလေးပင်တို့သည်လည်း ညအခါ၌ သီးပြီးမှည့်ပြီး ရိတ်သိမ်းစားသုံးရန် အဆင်သင့်ဖြစ် လျက်ရှိ၏။ ရိတ်သိမ်းထား သည့် ရိုးပြတ်ဟူ၍ မရှိပေ။
No comments:
Post a Comment