........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

ပအိုဝ်;စာပေနှင့် ယဉ်ကျေးမူ

ပအိုဝ်းတိုင်းရင်းသားတို့တွင် ကိုယ်ပိုင်စာပေသီးခြားရှိသည်။ သီးခြားစာပေရှိသော်လည်း ဖတ်တတ်သူနည်းလှသည်။ ပအိုဝ်းစာပေသည် ကရင်စာပေထက်ပင် ရှေးဦးကျသည်ဟုဆို၏။

ပအိုဝ်းစာပေဗြဟ္မီအက္ခရာပွားဖြင်ပြီး၊ ရှေးဟောင်းမြန်မာအက္ခရာအသတ်၊ အစပ်များနှင့် နီးစပ်သည်။ စာမူမှာ (၂) မျိုးကွဲလျက် ရှိ၏။ ၎င်းတို့မှာ ရှမ်းပြည်မူ (တောင်ကြီး) နှင့်အလံတစ်ရာမူ (သထုံကြီး) တို့ဖြစ်သည်။ စာအားဖြင့် ရေးသားခြင်းထက် လင်္ကာဖြင့်ရေးသားခြင်းကိုပို၍နှစ်သက်ကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့တွင် အက္ခရာအထူးအခြား မရှိပေ။ မြန်မာအက္ခရာကိုသာယူပြီးသုံးစွဲခဲ့၏။ အက္ခရာတီထွင်မှု မပြုဘဲ နှစ်ပေါင်း ကြာရှည်စွာ သုံးစွဲခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်၏။

မြန်မာဗျည်းသရများကိုပင် သုံးစွဲသည်။ သရများကို ပအိုဝ်းအသံထွက်နှင့်ညီအောင် ပြန်လည် တီထွင်၍ သုံးစွဲကြသည်။ ထို့ပြင် ပအိုဝ်းစာပေသည် မြန်မာစာပေ ပင်မမှ ခွဲထွက်သော

စာပေအခက်အလက်တစ်ခုဟုဆိုနိုင်သည်။ သို့သော် “သ၊စ၊ရ” တို့သည် မြန်မာအသံထွက်နှင့် မတူပေ။ ပအိုဝ်းတိုင်းရင်းသား တို့က၊  “သ” ကို “စ” ဟုလည်းကောင်း၊ “စ” ကို “ကျ” ဟုလည်းကောင်း၊ အသံထွက်လေသည်။ ထို့ကြောင့် မွန် အသံထွက်ပုံနှင့်တူလေသည်။ “ရ” ကို (ျွေ) သံဖြင့် ပြောကြရေးကြ၏။

ပအိုဝ်းစာပေတွင် လောကုတ္တရာစာပေက ပို၍များ၏။ လူမှုရေးစာပေနည်းလေသည်။ သို့သော်လောကီဆိုင်ရာ ကျမ်းများ၊ ဗေဒင်၊ နက္ခတ်၊ စီးပွားရေး၊ ပညာရေးစာပေများကိုလည်း ပအိုဝ်းစာပေတွင်တွေ့နိုင်ပေသည်။ လောကုတ္တရာနှင့် ပတ်သက်သောကောင်းနိုးရာရာ ပါဠိ စာများကို ဘုန်းတော်ကြီးများက ပအိုဝ်းဘာသာသို့ပြန်ဆိုရေးသားကြ၏။ ထို့ကြောင့် ပအိုဝ်းစာပေကို ဘုန်းတော်ကြီးများ၊ ဦးပဉ္စင်းများ၊ ရဟန်း လူထွက်များကသာ အများဆုံး ရေးသားပြုစုကြပေသည်။ ဘုန်းကြီးကျောင်းထွက် သာမန်အရပ်သားများ၊ စာပေလိုက်စားသော အရပ်သားများလည်း ရေးသားပြုစုကြ၏။ ပအိုဝ်းစာဟော ဆရာများ၊ သာမန်အရပ်သားများသည် စတိုလင်္ကာသွားဖြင့်သာ ရေးသားဖွဲ့ဆိုကြသည်။ ယခုအခါ ကျေးဇူးရှင် အလံတရာ ဆရာတော်ဘုရားသည် ပိဋိကတ်သုံးပုံကို ပအိုဝ်းဘာသာသို့အားထုတ်ပြန်ဆိုနေသည်။

တောင်တွင်းမြို့ ပထမတောင်ကျောင်းကြီးတွင် ရှမ်းပြည်မူ (တောင်ကြီး) စာကိုပုံနှိပ်သော ပအိုဝ်းစာပေပုံနှိပ်စက်ရှိ၏။ ထိုပုံနှိပ်စက် သည် ပအိုဝ်းစာပေသာမက မြန်မာ၊ ရှမ်းဘာသာများဖြင်လည်း ပုံနှိပ်ပေးလေသည်။ ရှေးကမူ ပအိုဝ်းစာကို ပေ၊ ပရပိုက်များပေါ်တွင်ရေးကြ၏။ နောင်တွင် ရှမ်းစက္ကူကိုခေါက်၍ နှစ်ဘက်စလုံးတွင်ရေးကြ၏။ ပအိုဝ်းစာပေကို ခေတ်သုံးခေတ်ပိုင်းခြားနိုင်သည်။ ပထမခေတ်မှာ သထုံပြည် မင်းဆက်များ ထွန်းကားချိန်ဖြစ်၏။ ဒုတိယခေတ် မှာ သထုံကလေးခေါ်ရှမ်းပြည်နယ်ဆီဆိုင်မြို့ကို ပြန်လည်အစပျိုးချိန်ဖြစ်၏။ တတိယခေတ်မှာ မျက်မှောက်ခေတ်ကာလ ပင်ဖြစ်သည်။

ပထမခေတ်
ပအိုဝ်းစာပေမှာ အနော်ရထာမင်းနှင့် အပြိုင်သထုံဘုရင်မနူဟာမင်းဆက်များ လက်ထပ်ကပင် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ သို့သော် ထိုခေတ်က စာပေအထောက်အထားများကို အလွယ်တကူ မတွေ့နိုင်တော့ပေ။ ပအိုဝ်းသက်ကြီးဝါကြီးများ၏ အဆို အရ ပအိုဝ်းစာပေ ပထမခေတ်သည် မနူဟာမင်းဆက် ပြတ်သွားသည်မှစ၍ ဖရိုဖရဲဖြစ်ကာတိမ်ကောသွားရသည်ဟုဆို၏။

ဒုတိယခေတ်
သက္ကရာဇ် (၄၁၉) ခုနှစ်တွင် သထုံပြည်ကိုအနော်ရထာမင်းလာရောက်တိုက်ခိုက်၍ သထုံပြည်ပျက်သွား၏။ သထုံပြည် ပျက်သွားသောအခါ ပအိုဝ်းလူမျိုးများသည် အထက်မြန်မာပြည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ရှမ်းပြည်တောင်ပိုင်းသို့ အများ ဆုံး ပျံ့နှံ့ရောက်ရှိကြ၏။ အချို့လည်း နယ်စပ်ကိုကျော်လျက်ယိုးဒယားသို့ဝင်သွားကြ၏။ သထုံတစ်ဝိုက်၊ ဖားအံတကြောတွင် ကျန်ရစ်သည်လည်း ရှိကြသည်။

၎င်းတို့အနက် ရှမ်းပြည်ရောက် အုပ်စုများမှာ ပအိုဝ်းစာပေ ဒုတိယခေတ်ကို တည်ထောင်သူများပင် ဖြစ်ကြသည်။ ဤအုပ်စု သည် ရှမ်းပြည်တောင်ပိုင်းတွင် သထုံကလေး (ယခုဆီဆိုင်မြို့) ကိုတည်ထောင်ခဲ့ကြ၏။ သထုံကလေးခေါ် ဆီဆိုင်မြို့ကို တည်ထောင်ရာတွင် ပအိုဝ်း ဘာသာဖြင့် ကမ္ပည်းစာတမ်းများရေးထိုးခဲ့ကြသည်ဟုဆိုသည်။ သို့သော်ထိုစာတမ်းများ၊ ကမ္ပည်း များ၊ မှတ်တမ်းများကို ယခုအခါ မတွေ့ရ တော့ချေ။ ၎င်းတို့ကိုတွေ့ရပါမူ ပအိုဝ်းစာပေသမိုင်း ကို ဖော်ထုတ်နိုင်မည်ဖြစ်ပေ သည်။

ပအိုဝ်းစာပေ ဒုတိယခေတ်ကို စတင်ပျိုးထောင်ပေးသူမှာ အင်းလေးဒေသ နန်းပန်ရွာတောင်ဘက်ရှိ ကျေးဇူးရှင် မိုင်းပျိုး ဂိုဏ်းချုပ် ဆရာတော်ဘုရားကြီးပင်ဖြစ်သည်။

မိုင်းပျိုဂိုဏ်းချုပ်ဆရာတော်ဘုရားသည် (ယခုအခါ ပျံလွန်တော်မူပြီး) သာသနာရေးနှင့်နွယ်၍ ပအိုဝ်းစာပေ ပြန်လည် ထွန်းကားရေးကို ဆောင်ရွက်တော်မူခဲ့သည်။ ဆရာတော်သည် မိမိ၏အလှူဒါယကာ  ဒါယိကာမများအား သေချာရှင်းလင်းစွာ သဘောပေါက် နားလည်စေလို၏။ ထို့ကြောင့် အခါကြီးနေ့ကြီးများတွင် ကျောင်းတက်လာသော ပအိုဝ်းတိုင်းရင်းသားများ အား၊ ဒါနအကျိုးကို ပအိုဝ်း ဘာသာ၊ ပအိုဝ်းစာဖြင့်ဟောကြားတော်မူသည်။ ဤသို့ဖြင့် လူအများသည် ကုသိုလ်ရေးကို နွယ် လျက် ပအိုဝ်းစာပေမျိုးစေ့ကျခြင်းပင်တည်း။

ဆရာတော်သည် ပအိုဝ်းတိုင်းရင်းသားတို့တွင် “ စာပေ ” ဟူ၍ တသီးတသန့်ရှိကြောင်း သထုံပြည်ကြီး ပျက်သောအခါ စာပေ ပျောက်ကွယ် တိမ်ကောရကြောင်း၊ စာပေသည် လူမျိုးတစ်မျိုးအတွက် အရေးတကြီး လိုအပ်ကြောင်းနှင့် ပအိုဝ်းစာ ကို ပြန်လည်လေ့လာသင်ကြား ရန်လိုကြောင်း စသည်ဖြင့် အမြဲတမ်းဟောကြားတော်မူလေ့ရှိသည်။ ဤသို့ဖြင့် ပအိုဝ်းစာပေ မျိုးစေ့သည် အညှောက်ပေါ်လာသည်။

မိုင်းပျိုဂိုဏ်းချုပ်ဆရာတော်ဘုရား ပျိုးခဲ့သော စာပေမျိုးစေ့ကို ဆက်လက်မြေတောင်မြှောက်ပေးသူမှာ ဆီဆိုင်မြို့အနီးတွင် ရှိသော နောင်ဟိုင်းရွာမှ နောင်းဟိုင်းဆရာတော်ဘုရားပင်ဖြစ်သည်။

နောင်ဟိုင်းဆရာတော်ဘုရားသည် ပအိုဝ်းဘာသာဖြင့် ဘာသာရေးဆိုင်ရာ စာပေများကို ရေးသားပြုစု ခဲ့သည်။ လောကုတ္တရာ စာပေကိုသာ အရေးများပြီး လောကီရေးရာစာပေများကို ရေးသားခြင်းမရှိလှဟု သိရသည်။ ဆရာတော် ရေးသားပြုစုခဲ့သော စာများမှာလည်း ခေတ်အဆက်ဆက် ထိန်းသိမ်းမှုမရှိခြင်းကြောင့် ယခုအခါ မတွေ့ရတော့ပေ။ သို့သော်ဆရာတော်ကြိုးစား
အားထုတ်သင်ပြမှုကြောင့်နောက်လူတို့ အတော်များများ ပအိုဝ်းစာကို တတ်မြောက်လာကြသည်။

ဤသို့ဖြင့် ပအိုဝ်းစာပေတည်းဟူသော သစ်ပင်သည်တဖြည်းဖြည်းရင်သန်ကြီးထွားခဲ့၏။ တောင်ကြီးခရိုင်တောင်ဘက်ပိုင်း မှ တောင်ကြီးခရိုင်အနောက်ပိုင်းရှိ အောင်ပန်း၊ ဟဲဟိုးတ၀ိုက်သို့တဖြည်းဖြည်းပျံ့နှံ့သွားသည်။ တစ်ဖြည်းဖြည်းနှင့် ဆက်၍ ပြန့်ပွားလာရာ တောင်ကြီးခရိုင်တစ်ခုလုံးတွင် ပအိုဝ်းစာကို အတော်များများ တတ်မြောက်လာကြသည်။ “ မော် ” ဟုခေါ်သော ပအိုဝ်းစာဟောဆရာများအတွက် စာဟောရာတွင် အထောက်အကူရစေရန် ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ် ဇာတ်၊ နိပါတ်တော်များကို ပအိုဝ်းဘာသာဖြင့် ရေးသားပြန် ဆိုကြသည်။

ထို့ကြောင့်ဒုတိယစာပေခေတ်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ ပညာရေးကိုသာမက ဘာသာရေးကိုပါ တိုးတက်လာစေ သည်။ “ မော် ” ခေါ် ပအိုဝ်းစာဟောဆရာများသည် ပအိုဝ်းစာပေတည်းဟူသော သစ်ပင်၊ ဆက်လက်ရှင်သန် ကြီးထွားအောင် မြေသြဇာ ကျွေးသူများ ဟု ဆိုနိုင်ပေသည်။

နောင်ဟိုင်းဆရာတော်၏နောက်တွင် ဆရာတော်၏တပည့်ဖြစ်သည့် ဆောင်းပလောင်းဆရာတော်က ပအိုဝ်းစာပေအပင်ငယ် ကို ဆက်လက်ရေလောင်းပေးသည်။ ဆောင်းပလောင်းရွာမှာ ပင်လောင်းမြို့၏တောင်ဘက်တွင် ရှိ၏။ ဆောင်းပလောင်း ဆရာတော်သည်လည်း နောင်ဟိုင်းဆရာတော်နည်းတူ ပအိုဝ်းစာပေများကိုရေးသားပြုစုခဲ့သည်။
ဆောင်းပလောင်းဆရာတော် ပြီးနောက်တွင် ဆောင်းပလောင်းရွာအနီးတွင်ရှိသော ဘန်းပုံရွာမှာ ဘန်းပုံဆရာတော် ဦးသီလ၀ံသက ဆက်လက်ဦးဆောင်ခဲ့သည်။ ဘန်းပုံဆရာတော်ရေးသားသော စာများကိုလည်း ယခုအခါအစရှာမရတော့ပေ။ ဂျပန်ခေတ်အတွင်းက ပျက်စီး ကုန်သည်။

ဘန်းပုံဆရာတော်၏ နောက်တွင်ပအိုဝ်းစာပေ ဖခင်တစ်ဦးဟု ဆိုနိုင်သော ပအိုဝ်းစာဟောဆရာ “ မော်ပုညလုံး ” က စာဟောခြင်းဖြင့်လည်းကောင်း၊ စာရေးခြင်းဖြင့်လည်းကောင်း၊ ပအိုဝ်းစာပေ ဆက်လက်ပြန့်ပွားအောင် ကြိုးစားခဲ့ သည်။ မော်ပုညလုံးသည် လင်္ကာများ၊ အတိတ်တဘောင်များကို ရေးသားခဲ့သည်။ ၎င်းရေးသားခဲ့သော စာများကို ယနေ့ တိုင်တွေ့နိုင်ပေသေးသည်။

အထက်ပါ ပုဂ္ဂိုလ်ကြီးလေးဦးသည် ညှိုးမှိန်သွားခဲ့သောပအိုဝ်းစာပေပင်စည်ကြီးကို၊ တစ်ဖန်ပြန်လည်လန်းဆန်းအောင် ပျိုးထောင် မြေတောင်မြှောက်ပေးခဲ့ကြသည်။ ဤပုဂ္ဂိုလ်ကြီးတို့၏ ကျေးဇူးကြောင့် ယခုအခါပအိုဝ်းစာပေပင်စည်ကြီးသည် အကိုင်း၊ အခက်၊ အရွက်၊ အဖူး၊ အညွန့်ဝေေ၀ဆာဆာဖြင့်ပြန်လည်ရှင်သန်လျက်ရှိနေပေသည်။

ထိုအချိန်မှစ၍ ပအိုဝ်းစာကို ပအိုဝ်းတိုင်းရင်းသားတို့က ကောင်းစွာလက်ခံသုံးစွဲခဲ့ကြသည်။ လူထုက လက်ခံသုံးစွဲခဲ့သော် လည်း ၎င်းစာတွင်ပျော့ကွက်၊ ဟာကွက်များရှိနေသည်။ တီထွင်မှုဟူရာတွင် ချွတ်ယွင်းချက်များရှိစမြဲပင်ဖြစ်သည်။ ထိုစာ၏ပျော့ကွက်၊ ဟာကွက်မှာ စာလုံးတစ်လုံးကိုဖတ်ရာတွင် အသံလေးငါးမျိုးထွက်နေခြင်း၊ အဓိပ္ပာယ်လည်း အမျိုးမျိုး ထွက်နေခြင်းတို့ကြောင့်ပင်ဖြစ်၏။

ဤသို့ အသံအမျိုးမျိုး၊ အဓိပ္ပာယ်အမျိုးမျိုး ထွက်နေသဖြင့် ပအိုဝ်းစာကို မကျွမ်းကျင်သေးသူများအတွက် အခက်အခဲ သဖွယ် ဖြစ်နေပေသည်။ သုံးစွဲရာတွင်လည်းတိကျမှုမရရှိပေ။

ထို့ကြောင့် ဤအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စာပေပညာရှင်များ၊ သံဃာတော်များက ပို၍ ကောင်းမွန်မည့် အများ လက်ခံ အသုံးပြုနိုင်မည့် စာမူသစ်တစ်ခုကိုတီထွင်ရန်ကြိုးပမ်းခဲ့ကြသည်။

တတိယခေတ်
ယခုတောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး ကျောင်းတိုက်ရှိ၊ ပအိုဝ်းစာပုံနှိပ်တိုက်မှ ရိုက်နှိပ်နေသောစာမူကို တတိယ စာပေခေတ် ဟု ခေါ်နိုင်ပေသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများ ပုံနှိပ်နေသော ပထမတောင်ကျောင်းကြီးရှိ ယခုစာမူကို ၁၃၁၂ ခု၊ ကဆုန် လပြည့်ကျော် ၄ ရက်၊ ကြာသပတေးနေ့တွင် တောင်ကြီးမြို့၊ ကံဦးကျောင်း၌၊ ပအိုဝ်းစာပေ မူသေဖြစ်မြောက်ရေးအဖွဲ့ကိုအောက်ပါဆရာတော် များပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ဆုံးဖြတ်ခဲ့ကြသည်။ ပအိုဝ်းစာပေ မူသေဖြစ်မြောက်ရေးအဖွဲ့ တွင် ပါဝင်သောဆရာတော်များမှာ -
(၁) ပထမတောင်ကျောင်းကြီးဆရာတော်ဘုရား၊
(၂) စဲစဲဆရာတော်ဘုရား၊
(၃) ပါမိုးနဲဆရာတော်ဘုရား၊
(၄) ထီသိမ်ဆရာတော်ဘုရား၊
(၅) ဆီဆိုင်မြို့မဆရာတော်ဘုရား၊
(၆) မူးရားဆရာတော်ဘုရား၊
(၇) မောက်ဝေါက်ဆရာတော်ဘုရား၊
(၈) ပင်စုံတောရဆရာတော်ဘုရား၊
(၉) ထန်းဖရားဆရာတော်ဘုရား၊
(၁၀) ကံဦးကျောင်းဆရာတော်ဘုရားတို့ဖြစ်ကြသည်။

အထက်ပါဆရာတော်ဘုရား ၁၀ ပါးကို “ ပအိုဝ်းစာပေမူသေဖြစ်မြောက်ရေးအဖွဲ့ ” ဟူသောအမည်ဖြင့် သဘောတူ ဖွဲ့စည်းခဲ့ကြ၏။ ဤစာပေမူသေဖြစ်မြောက်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း ၁၃၁၂ ခု၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ တနင်္လာနေ့ နံနက် ၈ နာရီအချိန်တွင် တောင်ကြီးမြို့၊ ပထမတောင်ကျောင်းကြီး၌ ပအိုဝ်းစာပေမူသေ ကို ရှေးဦး စွာ ဖြစ်မြောက် ပေါ်ထွက်အောင် အဘက်ဘက်မှ ညှိနှိုင်းတိုင်ပင် ဆွေးနွေးဆုံးဖြတ်ချက်ချခဲ့ကြ၏။
ထိုအစည်းအဝေးသို့ ကြွရောက်တော်မူကြသော ပုဂ္ဂိုလ်များမှာ-
(၁) ပထမတောင်ကျောင်းကြီးဆရာတော်ဘုရား၊
(၂) ပါမိုးနဲကျောင်းဆရာတော်ဘုရား၊
(၃) စဲစဲကျောင်းဆရာတော်ဘုရား၊
(၄) ထန်းဖလားကျောင်းဆရာတော်ဘုရား၊
(၅) ပင်စုံကျောင်းဆရာတော်ဘုရား၊
(၆) မောက်ဝေါက်ကျောင်းဆရာတော်ဘုရား၊
(၇) ကံဦးကျောင်းဆရာတော်ဘုရား တို့ဖြစ်ကြသည်။

အထူးကြွရောက်၍ အားပေးကူညီတော်မူခဲ့ကြသော ဧည့်သည်တော်ပုဂ္ဂိုလ်များမှာ-
(၁) သထုံဆီဆိုင်စော်ဘွားအိုကြီး သခင်တကာခွန်စိန်း၊
(၂) ဦးဟန်
(၃) ဦးသင်
(၄) ပအိုဝ်းဝန်ကြီး ဦးဘိုးခင်တို့ဖြစ်ကြသည်။

အာဂန္တသံဃာတော်များမှာ-
(၁) နောင်ကားကျောင်းဦးပဉ္စင်း ၀ါရိန္တ၊
(၂) ဟိုးနားဦးပဉ္စင်းတို့ဖြစ်ကြသည်။
စာပေခေတ်သုံးခေတ်
ထိုအစည်းအဝေးမှ အောက်ပါအချက်များကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
၁။ ပအိုဝ်းစာပေမူသေဖြစ်မြောက်ရေးတွင် မြန်မာစာ၊ ယိုးဒယားစာ၊ သီဟိုဠ်စာ၊ အင်္ဂလိပ်စာ၊ သက္ကတဘာသာစသည်ဖြင့် ဘာသာစာပေ အမျိုးမျိုးအထွေထွေရှိသည်တို့တွင် ရှေးဦးစွာမြန်မာစာပေကိုသာ မူတည်ထုတ်ဝေရန်။
၂။ ထိုကဲ့သို့မူတည်ထုတ်ဝေရာတွင် ပါဠိဘာသာနည်းနာစဉ်အတိုင်း ကဂိုဏ်း၊ ပယတ်၊ ဌာန်စသော သဒ္ဒါနည်းတို့ကို မှီး၍ရှေးဟောင်း ပအိုဝ်းစာပေများကိုလည်း ပျက်စီးပပျောက်ခြင်းမရှိစေဘဲ အသံစုံစုံလင်လင်နှင့်ထုတ်ဝေရန်။
အသံစုံလင်ရေးနှင့် ပတ်သက်၍ မြန်မာစာသင်ပုန်းကြီးအက္ခရာတိုင်း၌ အောက်ပါပုံစံအတိုင်း သင်္ကေတနှစ်ခုတိုး၍ ထုတ်ဝေရန်။

၁။ က က က
၂။ ကာ ကာ ကာ ကာ့ ကား
၃။ ကိ ကိ ကိ
၎။ ကီ ကီ ကီ ကီ့ ကီး
၅။ ကု ကု ကု
၆။ ကူ ကူ ကူ ကူ့ ကူး
၇။ ကေ ကေ ကေ ကေ့ ကေး
၈။ ကဲ ကဲ ကဲ ကဲ့ ကဲး
၉။ ကော ကော ကော ကော့
၁၀။ ကော် ကော် ကော် ကော့် ကပ်
၁၁။ ကံ ကံ ကံ ကံ့ ကံး
၁၂။ ကာ ကား ကား

အထက်ပါဥပမာအတိုင်း အသံစုံလင်အောင်ပြုလုပ်လိုက်သဖြင့် အသံပို၍စကားလိုလာ၏။ အသံလို၍ စကားပိုအဖြစ်သို့ မရောက်နိုင် ကြောင်းယူဆကြသည်။ အင်္ဂလိပ်ဘာသာ “ ကော်မာ ” ခေါ် ဖွတ်နုတ် (၀ါ) ပဲပင်ပေါက် ပုံသဏ္ဍာန်သင်္ကေတဖြင့် အသံနှစ်မျိုးတိုးလိုက်ခြင်းအား ဖြင့် စာဟောင်းမပျက်ခြင်း၊ အသံစုံလင်ခြင်း၊ ပုံနှိပ့်ရန်လွယ်ခြင်းစသော  အကျိုးကျေးဇူး များ ဖြစ်ပေါ်လာမည်ဟု ယူဆကြ၏။ ယခုရှေးဦးစွာ စာပေ မူသေထားရှိရေးအတွက် အထက်ပါဥပမာအတိုင်း ပုံနှိပ့်ထုတ်ဝေရန် ဆုံးဖြတ်တော်မူခဲ့ကြသည်။

အထက်ပါ စာပေမူသေပုံစံအတိုင်း ပုံနှိပ့်ဖြစ်မြောက်ဖြန့်ဝေရေးနှင့် အစိုးရအသိအမှတ်ပြုရေးအတွက် ၀န်ကြီးဦးဘိုးခင် ပါဝင်သော အောက်ပါ အဖွဲ့ကို အာဏာကုန်လွှဲအပ်လိုက်၏။

အာဏာကုန်လွှဲအပ်ခြင်းခံရသောအဖွဲ့တွင်ပါဝင်သော ပုဂ္ဂိုလ်များမှာ-
၁။ ပါမိုးနဲဆရာတော်ဘုရား၊
၂။ ထီသိမ်ဆရာတော်ဘုရား၊
၃။ ထန်းဖရားဆရာတော်ဘုရား၊
၎။ ပင်စုံတောရဆရာတော်ဘုရား တို့ဖြစ်ကြသည်။ ဤဆရာတော်ဘုရားများအပြင်၊ ပအိုဝ်းဝန်ကြီးဦးဘိုးခင်လည်းပါဝင်၏။
ဤအဖွဲ့မှရေးဆွဲသော ပအိုဝ်းစာပေမူသည် ပထမစာပေမူအဖြစ် အသိအမှတ်ပြု၍သင်ကြား၏။ ဤစာပေမူကို ကျောက်ပုံ ရိုက်နှိပ်ပေးရေးအတွက် ကံဦးကျောင်းဆရာတော်ဘုရားအား တာဝန်ပေးအပ်ညွှန်ကြားတော်မူခဲ့ကြသည်။
အလံတစ်ရာစာမူ
အလံတစ်ရာစာမူကို တီထွင်ရေးသားသည့် ပုဂ္ဂိုလ်မှာသပြေတန်းကျောင်းမှ ဆရာတော်ဦးနန္ဒ၀ံသဖြစ်၏။ ဤအလံတစ်ရာစာမူ မူလပအိုဝ်းသင်ပုန်းကြီး စာမူ၌ သံပြည့်သရ ၁၆ လုံး၊ သံဝက်ဗျည်း ၃၃ လုံးရှိ၏။ ထို့ပြင် အသံထွက်ထူးခြားစေသည့် အမှတ် သင်္ကေတ ၄ မျိုး တို့ကို မူတည်ထားသေး၏။ စာလုံးများ၊ စာတန်းများရှေ့နောက်အစီအစဉ်ထားရာ၌လည်းကောင်း၊ အခန်းကဏ္ဍ များ ဖွဲ့စည်းရာ၌လည်းကောင်း သရများ၊ ဗျည်းများ၏ရှေ့နောက်အစီအစဉ်အတိုင်းခွဲခြားထားသည်။
ဤစာမူသည် ပအိုဝ်းဘာသာစကားအသုံးအနှုန်းနှင့် အသံထွက်ဟူသမျှကို ရေးသားနိုင်၏။ စာလုံးတစ်မျိုးတည်းနေရာဌာနကို လိုက်၍ အသံထွက်နှစ်မျိုး၊ သုံးမျိုးကွဲပြားခြင်းမရှိပေ။

ထို့ကြောင့် ခန့်မှန်းအသံထွက်၍ ဖတ်ရသည့် ချွတ်ယွင်းမှုမှ လုံးဝကင်းရှင်းလေသည်။
အခြေခံသရများ အ အာ ဣ ဤ ဥ ဥု ဥ ဥု အို အို အဲ အဲ ဧ သြ သြ
အံ

အမှတ်သင်္ကေတများ
- . -း -၊

ဂဏန်းများ
၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀

အခြေခံသရများတွင် “ က ” ဗျည်း သွင်းထားသည့်ပုံစံ
က က ကာ ကာ့ ကား ကာ၊
ကိ ကိ ကီ ကီး ကီး ကီ၊
ကု ကု ကူ ကူ ကူး ကူ၊
ကု ကု ကူ ကူ ကူး ကူ၊
ကို့ ကို့ ကို ကို ကိုး ကို၊
ကို့ ကို့ ကို ကို ကိုး ကို၊
ကဲ့ ကဲ့ ကဲ ကဲ ကဲး ကဲ၊
ကဲ့ ကဲ့ ကဲ ကဲ ကဲး ကဲ၊
ကေ့ ကေ့ ကေ ကေ ကေး ကေ၊
ကော့ ကော့ ကော ကော ကေား ကော၊
ကော့ ကော့ ကော ကော ကေား ကော၊
ကံ့ ကံ့ ကံ ကံ ကံး ကံ၊
ယခုအခါ ပအိုဝ်းတိုင်းရင်းသားတို့၏ ပအိုဝ်းစာမူသည် “ အလံတစ်ရာစာမူ ” ၊ “ တောင်ကြီးစာမူ ” ဟူ၍ စာမူနှစ်မျိုး ကွဲပြားနေ သည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားပညာတတ်လူငယ်များက မြေပြန့်နေ ပအိုဝ်းတိုင်းရင်းသားရော၊ တောင်ပေါ်နေ ပအိုဝ်း တိုင်းရင်းသားများပါ ပအိုဝ်းစာမူတစ်ခုတည်း ရှိရေးအတွက်ညှိနှိုင်းဆွေးနွေးရေးကိုစိုင်းပြင်းလျက်ရှိသည်။ ပုရပိုက်စာ
ပအိုဝ်းတိုင်းရင်းသားတို့တွင် ကိုယ်ပိုင်စာပေရှိ၏။ ပအိုဝ်းစာမှာ မြန်မာဗျည်းသရများကို အခြေခံ၍၊ ပအိုဝ်းအသံဖြင့် တီထွင်ရေး သားထားခြင်းဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားစာဆိုတို့သည် ဗုဒ္ဓဘာသာနှင့်ဆိုင်သော အကြောင်းမှတ်သားစရာ၊ လိုက်နာစရာ များကို ပအိုဝ်းဘာသာသို့ ပြန်ဆို၍ လင်္ကာသွားဖြင့် ရေးသားမှတ်တမ်းတင်ထားကြ၏။
ဗုဒ္ဓဘာသာဆိုင်ရာစာများသာမက ရှမ်းပုံပြင်ရာဇ၀င်များ၊ မိမိတို့တိုင်းရင်းသားအကြောင်းဆိုင်ရာ ပုံပြင်ရာဇ၀င်များကိုလည်း၊ ပုရပိုက်ပေါ်တွင် ရေးသားမှတ်တမ်းတင်ထား၏။ သို့သော်အများအားဖြင့် ဇာတ်တော်၊ နိပါတ်တော်များကို ရေးသားထား သည်က များလေသည်။

ပအိုဝ်း ပုရပိုက်စာများကိုရေးသားသူများမှာ ပအိုဝ်းတိုင်းရင်းသားစာဆိုများပင်ဖြစ်၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် အကြောင်း အရာတစ်ခုကို ရိုးရိုးစကားပြေဖြင့် ရေးသားသူကနည်းပြီး လင်္ကာသွားဖြင့် ရေးသည်ကများလေသည်။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့သည် ကဗျာ၊ လင်္ကာကို ခုံမင်နှစ်သက်သူများဟု ဆိုနိုင်သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ပုရပိုက်စာ အရေးအသားကို လေ့လာတင်ပြလိုပါသည်။
“ ဇေယျတုသဗ္ဗမင်္ဂလံ၊ နမောတဿ၊ ဘဂ၀တော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ၊ တိသရဏံ၊အဟံဝန္ဒေ သန္ဒာမိ၊ ရှစ်ခိုးပါ၏ ဘုရား။ ဟန်သလိင်ခါယို၊ ခွေသွန်းရိုပ်ဝ်သေ၊ ကိုဝ်တွယ်ငါရီးရီး၊ ဘုရား၊ တရား၊ ပါတွံသံင်္ဃာ၊ ဇိနဗွန်တိုဝ်၊ လူလိုဝ် ဆရာ ဗြဟ္မာ အအေ့ဖြော့တန်တှဲဖါ၊ တီပါကျွန်ဦ၊ ဘုံတူအရဟံ၊သွံတန် ရတ္တနာ၊ ဘုရာနောဝ်အစ ”
ဤအပိုဒ်မှာ ပအိုဝ်းစာဆိုတစ်ဦးရေးသားသော ပုရပိုက်တစ်ဆူမှ အချီးစကား တစ်ပိုင်းတစ်စဖြစ်ပါသည်။ ဤအချီစကားကို ကြည့်လျှင် ပအိုဝ်းစာဆိုတို့သည် စာရေးရာတွင် ရှေးမြန်မာကျောက်စာများနည်းတူရတနာသုံးပါးကို ဦးထိပ်ထား၍ ရေးသား ထားသည်ကို တွေ့ရ၏။ ထို့ နောက် စာဆိုသည် မိမိအဘယ်ကြောင့် ဤဇာတ်တော်၊ နိပါတ်တော်ရေးရသည်ဟူသည့် သူ၏ ရည်ရွယ်ချက်ကိုရေးသားလေ့ရှိသည်။ မြန်မာစာအုပ်များတွင်ပါရှိတတ်သည့် အမှာအချီးစကား၊ နိဒါန်းမျိုးပင်ဖြစ်၏။

ထို့နောက် အကြောင်းအရာများကို ကဏ္ဍအလိုက်ခွဲ၍ရေး၏။ မြန်မာပျို့များကဲ့သို့ပင်ဖြစ်၏။ သို့သော် အချို့နေရာများတွင် စာဆို၏ ဥာဏ်ကွန့်မြူးမှုကိုတွေ့ရ၏။ ဥပမာ။ ။ ကလေးချော့ခန်းတွင် မိခင်၏ကလေးချော့ဟန်များ၊ ကလေးချော့ရာတွင် မိခင် သီဆိုသောသီချင်းကို စာဆိုသည် သူဥာဏ်ကွန့်မြူးနိုင်သလောက် ရေးထားသည်ကိုတွေ့ရသည်။

ပအိုဝ်းစာဆိုတို့သည် ပုရပိုက်စာကိုရေးရာတွင် လေးလုံးစပ်လင်္ကာဖြင့် ရေးထားသည်ကိုတွေ့ရ၏။ ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဌသာရ စသည့် စာဆိုတို့သည် ဇာတ်တော်ကိုမှီး၍လေးလုံးစပ်လင်္ကာဖြင့် ရေးထားသော လင်္ကာရှည်ကြီးကို ပျို့ ဟုခေါ်လျှင်၊ ပအိုဝ်းစာဆိုတို့ သည် ဇာတ်တော်၊ နိပါတ်တော်ကိုမှီး၍ ရေးထားသော ပုရပိုက်စာလင်္ကာရှည်ကြီးကိုလည်း ပအိုဝ်းပျို့ဟုခေါ်နိုင်သည်။ ခေါ်သင့်၏။ ပုရပိုက်စာ ကို လေးလုံးစပ်လင်္ကာဖြင့် ကာရန်အချိတ်အဆက်မိအောင်ရေးထားကြောင်း သာဓက ဆောင်ပါသည်။

“ အုံအောင်လယ် (ဗါ) တ (ခြာ) အဇူ
(ထူ) ထာမှဲဤ (ဟောင်) ငါ (အောဝ်) အံမ
ဒု(က္ခ) ကပါ (ဆာ) သပါမှဲ ”
ကွင်းဖြင့်ပြထားသော စကားလုံးများမှာ ကာရန်တူ အသံတူများပင်ဖြစ်ပါသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားစာဆိုတို့ ယနေ့တိုင် ရေးသားနေကြသောလင်္ကာအရေးအသားသည်

မြန်မာကဗျာလင်္ကာအရေးအသားကို အတုယူလေသလောဟု စဉ်းစားဖွယ်ရာပင်ဖြစ်ပါသည်။

သို့သော် ပအိုဝ်းတိုင်းရင်းသားတို့သည် လူပျိုလှည့်သောအခါတွင် အမျိုးသား၊ အမျိုးသမီးတို့သည် လင်္ကာသွားဖြင့် စကား အပြန်အလှန်ပြော ဆိုကြသည်။ ဤသည်ကိုထောက်လျှင်

ပအိုဝ်းတိုင်းရင်းသားတို့သည် လင်္ကာသွားဖြင့်စာမရေးမီကပင် လင်္ကာနှောသောစကားကို ပြောဆိုကြ ပြီးဖြစ်လေသည်။

ပုရပိုက်စာ၏ အဆုံးတွင် ဆုတောင်းစာဟန်မျိုးကိုတွေ့ရ၏။ ထိုဆုတောင်းစာဟန်ကိုဖော်ပြပါအံ့ -
“ တရာတော်လိတ်ယိုဝ်၊ ဟောဝ်ရိုဝ်ထေ၀်းသိဝ်ဂွိုဝ်၊ တွယ်တွိုင့်ကောလှူ၊ စိတ်ဖြူသဗွာ၊ နောင်ခါမော့လင်၊ ပကျောင်ပကျောင်ဝါရိန္တ၊ ရပ်မခင် လံးအုံ၊ ဒုံတန်ကျောက်တန်၊ ရျည်လင်ပူဇော်ဗါ၊ ပါတွံဟမူ၊ မျည်စူမိန်ကျောင်ဖြူ၊ ကလှူဗါ လိတ်ယို၊ အကျိုဝ်နောဝ်ရာ၊ အာယုဝဏ္ဏ၊ သို့က္ခဗါလ၊ ပတိဘာန၊ ကာယသုက္ခ၊ စိတ္တသုက္ခံ၊ မှံမှံယဲကလ၊ မီတွိုင်ဘ၀ ငါ၊ ဗွေ ဘုရာမိတေ၊ ဝေဗွေမီပွင်၊ ကံဂေါ်ပင်တျ-ပလ္လင်မြတကီ-ဧဟိဘိက္ခူ-တူထွာရဟန်၊ သင်္ကန်-မက ကြီဗါထေရ်ရ၊ အာမတ္တ ၀ိန်ခံ၊ ကြွစံနိဗ္ဗာန်၊ မှံမှံယံဖေ၊ စာတကာတတမာဝါ၊ ကလဗါကွိုင်နဲဗွေသြာ၊ သာဓု သာဓု သာဓု ”
မြန်မာလိုအဓိပ္ပာယ်မှာ “ ဤတရားစာမှာအလောင်းတော်စောင်းစိန်ပို့အကြောင်းဖြစ်ပါသည်။ ဤစာကိုစိတ်ထားဖြူစင်စွာဖြင့် လှူဒါန်း ကြသော ကျောက်တန်းရွာနေဦးကျောင်းဝါရိန္တ၊ ဇနီးကျောင်းအစ်မဖြူတို့သည် ဤစာကိုလှူရသဖြင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း၊ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ကိုအမှန်ရပါစေသတည်း။

နောင်ဘ၀တွင်လည်း ကံ့ကော်ပင်အောက်ရှိ ပတ္တမြားပလ္လင်တွင် ပွင့်တော်မူမည့် အရိမေတ္တယျမြတ်စွာဘုရားကို ဖူးမြော်ရပါစေ သတည်း။ စာတကာ လင်မယားသည် နိဗ္ဗာန်သို့ ရောက်ပါစေသတည်း ဟူ၍ဖြစ်ပါသည်။

ဤဆုတောင်းစာမျိုးကို ပုရပိုက်စာ၏အဆုံးတွင်တွေ့တတ်၏။ ပုရပိုက်စာကိုရေးသားသူ ပအိုဝ်းစာဆိုသည် မိမိထံပုရပိုက်စာကို ၀ယ်ယူ သောသူအား ဤသို့ဆုတောင်းပေးတတ်ကြပါသည်။

ပုရပိုက်စာကို ၀ယ်ယူ၍ လှူဒါန်းသူကလည်း ဤအကျိုးများရပါစေဟူသော ရည်ရွယ်ချက်ဖြင့် ၀ယ်ယူလှူဒါန်းကြပါသည်။ ပုဂံကျောက်စာများတွင် တွေ့ရသောအလှူရှင်၏ ဆုတောင်းပုံမျိုးနှင့်တူပေသည်။

အချို့ပုရပိုက်အိမ်တွင်ဝယ် ယူပူဇော်ထားရှိကြ၏။ သို့သော်ယခုအခါဤအယူအဆအလေ့အထများမရှိတော့ပြီ။

ကျေးလက်တောရွာများတွင် အလုပ်အားချိန်များ၌လည်းကောင်း၊ ဥပုသ်နေ့များ၌လည်းကောင်း ပုရပိုက်စာကို စာဖတ်တတ်သူ အား ဖတ်စေပြီး၊ ကျန်သူများက စိတ်ဝင်စားစွာနားထောင်ကြသည်။

ပုရပိုက်စာဖတ်သူကလည်း သံနေသံထားဖြင့်ဖတ်ရ၏။ ၀မ်းနည်းစရာအခန်းများတွင် ၀မ်းနည်းမှုခံစားကြရသည်။ သံဝေဂ ယူစရာ အခန်းများတွင် သံဝေဂယူကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ပုရပိုက်စာများသည် ပအိုဝ်းတိုင်းရင်းသားတို့၏ စာပေအရေးအသား၊ ပအိုဝ်းတိုင်းရင်းသားတို့ ဗုဒ္ဓဘာသာ အပေါ်သက်ဝင်ယုံကြည်မှုတို့ကိုဖော်ပြနေသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ စာပေအရေးအသားဖော်ပြနေသော ပအိုဝ်းပုရပိုက်စာများကို ခေတ်ပညာတတ် ပအိုဝ်းတိုင်းရင်းသား လူငယ်များက ရှာဖွေစုဆောင်းသင့်ကြပေသည်။
ပအိုဝ်းနှင့်လင်္ကာ ပအိုဝ်းတိုင်းရင်းသားတို့သည် စာပေတွင် စကားပြော အတွေ့ရနည်းပြီး၊ လင်္ကာဖြင့် ရေးသားကြသည်ကို တွေ့ရသည်။ စကားပြောရာတွင်လည်း လင်္ကာညှပ်၍ ပြောတတ်ကြသည်။ ပအိုဝ်းနှင့် လင်္ကာသည်ခွဲခြား၍ မရစကောင်းချေ။ ပအိုဝ်းလင်္ကာ သည် မြန်မာကဗျာ လင်္ကာကဲ့သို့ပင် လေးလုံးငါးလုံးစပ်ဖြင့် ကာရန်မိအောင် ရေးဖွဲ့ရွတ်ဆိုကြလေသည်။

ပအိုဝ်းလင်္ကာကို အသံထွက်၍ဖတ်လျှင် သုတိသာယာရှိလှ၏။ စကားပုံများ လူသားတို့၏ အသိဥာဏ်ဖွံ့ဖြိုးရေးနှင့် အတွေးအခေါ်အဆင်အခြင်ထက်သန်ရေး၊ ကျွမ်းကျင်မှု၊ နားလည်မှု တိုးပွားရေး အတွက်၊ နည်းပြ လမ်းညွှန်မှု အမျိုးမျိုးရှိ၏။ ထိုအထဲတွင် စကားပုံများလည်း ပါဝင်ပါသည်။ စကားပုံများသည် လူတို့၏ အသိအမြင်ထက်သန်စေရေးတွင် ထိရောက်သော လမ်းညွှန်နီတိပင်ဖြစ်၏။ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ လူမျိုးအသီးသီးတွင် စကားပုံများ ရှိကြ၏။

မြန်မာလူမျိုးတို့တွင်လည်း ရှိ၏။ တိုင်းရင်းသားအသီးသီးတွင်လည်းရှိ၏။

ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း စကားပုံများရှိ၏။ စကားပုံများကို ပအိုဝ်းတိုင်းရင်းသားတို့က “ ငေါင်းတွိုင် ” (ပုံခိုင်းစကား) ဟု ခေါ်သည်။ ပအိုဝ်းစကားပုံများသည် ပအိုဝ်းတိုင်းရင်းသားတို့၏နေထိုင်ရာဒေသ၊ ဆက်ဆံရသည့် ပတ်ဝန်းကျင်၊ နေထိုင် စားသောက်မှု၊ ဓလေ့ထုံးစံ၊ အတွေးအခေါ်၊ ရိုးရာယဉ်ကျေးမှုတို့အပေါ် အခြေတည်၍ပေါ်ပေါက်လာခဲ့၏။

အချို့ပအိုဝ်းစကားပုံများသည် ၀တ္တုပုံပြင်များမှ လည်းကောင်း၊ ကဗျာလင်္ကာများမှလည်းကောင်း၊ လူပျိုလှည့်စကားများမှ လည်းကောင်း၊ ဆင်းသက်ပေါက်ဖွားလာကြသည်။ အချို့မှာနှုတ်ဆော့၍ ပြောဖန်များရာမှ စကားပုံများအဖြစ် ကူးပြောင်းသည် များလည်းရှိပါသည်။

ပအိုဝ်းစကားပုံများသည် ၎င်းတို့၏လူနေမှုစနစ်ကိုလည်းကောင်း၊ ဓလေ့ထုံးစံကိုလည်းကောင်း၊ အတွေးအခေါ် အယူအဆကို လည်းကောင်း၊ လုပ်ခင်းကိုင်ခင်းနှင့်ပတ်သက်သည့် အကြောင်းအရာကို လည်းကောင်း ဖော်ပြနေကြသည်။ ပအိုဝ်း စကားပုံများသည် “ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ” ဆိုသကဲ့သို့ စိတ်ဝင်စားဖွယ်လည်းကောင်း၏။ ပအိုဝ်းစကားပုံများကို လေ့လာဗဟုသုတရနိုင်စေရန် စုဆောင်းရရှိသမျှ ပအိုဝ်းစကားပုံများကို မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုဖော်ပြလိုက်ပါသည်။

(၁) မြေအိုးနှင့်ကြေးအိုး တိုက်လျှင်၊ မြေအိုးသာကွဲမည်။
(၂) ငါးကြောင်ဟင်းကို စားပြီးလျှင်၊ ခရုဟင်းရည်ပြယ်ကိုစားချင်မည်မဟုတ်။
(၃) ရွာပြင်မှ ကြွေပန်ကန်ကို ထည့်စားသော်လည်း၊ ရွာတွင်းမှမြေခွက်ကိုမမှီ။
(၄) နည်းနည်းစားလျှင် ရေရှည်စားရသည်။ များများစားလျှင်ရေရှည်မစားရ။
(၅) ညစ်ပတ်ပေရေနေသည်ကိုရေက သန့်စင်ပေးသည်။ ကျွန်ုပ်တို့ကိုကောင်းအောင်သွန်သင်ညွှန်ပြသည်မှ သက်ကြီးရွယ်အို များဖြစ် သည်။
(၆) ရလေ၊ လိုလေ၊ အိုတစ္ဆေ မရှိလေလေဂရုမစိုက်လေလေ။
(၇) ကမ္ဘာ့မီးလောင်သော်လည်း ညောင်ပင်ကြီးခုနစ်ပင် မြင်နိုင်သည်။
(၈) တံစဉ်ကဲ့သို့ကောက်ကွေ့သည်။
(၉) ကုတ်ကူငှက်ကဲ့သို့ကျင့်သည်။
(၁၀) ယုန်က ကျားကိုညာသည်၊ မြင်းကက ကျွဲကိုညာသည်။
(၁၁) ရေထဲသို့မ၀င်ခင် တုတ်ချောင်းနှင့် အရင်တိုင်းကြည့်ပါ။
(၁၂) လောကတွင် အကောင်းချည်းသက်သက်ဟူ၍မရှိနိုင်။
(၁၃) မိုးနဲရောက်ရောက် ငါ့လှေငါလှော်မည်။
(၁၄) ရေလိုအေး၍ စမ်းရေလိုပေါ့ပါးစေ၏။
(၁၅) ကျီးအာသီးမှာ အခွံသာလှ၏။
(၁၆) ကြက်ဥကျောက်တုံးပေါ်ကျက ကြက်ဥကွဲသည်။ ကျောက်တုံးပေါ်ကြက်ဥကျလျှင်လည်း ကြက်ဥကွဲသည်။
(၁၇) စာပေသည် လူတို့၏မျက်စိလည်းမည်၏။ သူငယ်ချင်းကောင်းလည်းဖြစ်၏။
(၁၈) ထိုသူသေသွားလျှင် ထိုသူမကောင်းသည့်အကြောင်းကိုမပြောပါနှင့်။
(၁၉) ဆင်းရဲကျပ်တည်းသည့်နေရာတွင် ကြာရှည်စွာမနေပါနှင့်၊ စီးပွားရှာလွယ်သည့် နေရာကိုရှာ၍နေပါ။
(၂၀) ကိုယ်ပေါ်တွင် တရားရှိမှ သူတော်ကောင်းစာရင်းတွင်ဝင်နိုင်သည်။
(၂၁) ၀ီရိယသည် ပျင်းရိခြင်းကိုနိုင်၏။ ပျင်းလျှင်လည်းဆင်းရဲသည်ဟု မညည်းညူပါနှင့်။
(၂၂) လူ့ဘ၀သည် အဖိုးတန်၏။ ဆင်ဆင်ခြင်ခြင်ဖြင့် နေသင့်သည်။
(၂၃) ယထာဝါဒီတရားက ပြောသည့်အတိုင်းလုပ်သွားပါ။
(၂၄) တစ်နေ့လျှင် တစ်တောင် (၂ပေ) မဲနယ်တောင် ဘယ်သွားမလဲ၊ တစ်နေ့နည်းနည်းကြိုးစား၍ လုပ်သွားပါ။ ပြီးစီး ပါလိမ့်မည်။ ( မဲနယ်တောင်မှာ ဟိုပုံးမြို့နယ်တွင်ရှိသည်။
(၂၅) ပစ္စည်းဥစ္စာရှုံးလျှင် ပြန်ရနိုင်သည်။ လူရှုံးပါကပြန်မရပါ။
(၂၆) ပညာဗဟုသုတရှာရာတွင် ငွေကုန်မှာ မနှေမြောပါနှင့်။
(၂၇) မည်သည့်အရပ်သို့သွားသွား ဂုဏ်ငါးပါးကိုမမေ့ပါနှင့်။
(၂၈) ချမ်းသာကြွယ်ဝသော်လည်း မာနမထောင်လွှားပါနှင့်။
(၂၉) မည်မျှဆင်းရဲပါစေ၊ သစ္စာတည်တည်ထားပါ။
(၃၀) စည်းကမ်းဟူသည် ကျွန်ုပ်တို့လူသားတို့၏ တန်ဖိုးဖြစ်သည်။
(၃၁) စည်းကမ်းကောင်းမှချမ်းသာနိုင်သည်။
(၃၂) စည်းကမ်းမရှိလျှင် စာပေ၊ ဥာဏ်ပညာကိုရှာဖွေဆည်းပူသော်လည်း တတ်မည်မဟုတ်။
(၃၃) စည်းကမ်းကိုရိုသေပါ၊ အလုပ်သည်အချိန်ကိုရိုသေ၏။
(၃၄) အရေးကြီးသော အလုပ်ကိစ္စကိုဖြည်းဖြည်းစဉ်းစားပြီးမှသေချာစွာလုပ်ပါ။
(၃၅) ငွေဖြုန်းတီးခြင်းသည် အတတ်ပညာမဟုတ်။
(၃၆) မာနကြီးခြင်းနှင့် ကြောက်ရွံခြင်းကို ကုစားခြင်းကို ကုစားရန်မရှိ။
(၃၇) မြေကိုဝယ်လိုလျှင် ချက်ချင်းဝယ်ပါ၊ မိန်းမယူလျှင် ဖြည်းဖြည်းစဉ်းစားပါ။
(၃၈) လူတိုင်းသည် နေ့စဉ်နေ့တိုင်း အကောင်းကိုလုပ်သွားပါက နေကုန်သွားလျှင်နေ့ကောင်း နေ့မြတ်ပင်ဖြစ်သည်။
(၃၉) ကံ-ကံဟုဆိုသည်မှာ အခြားမဟုတ်၊ အလုပ်ပင်ဖြစ်သည်။
(၄၀) အများကောင်းမှ အကျိုးရသည်။
(၄၁) စပါးဖျင်းမှ ဖျာပြင်ထွက်သည်။
(၄၂) စကားဖြောင့်ကြားရခက်၊ သစ်ပင်ဖြောင့်တက်ရခက်။
(၄၃) ဦးပဉ္စင်းလူထွက်သည် ဘာမျှနားမလည်၊ ဘုန်းကြီးလူထွက်သည် အသည်းနုံသည်။
(၄၄) စည်းကမ်းမရှိလျှင် ကျန်းမာသန်စွမ်းမှု ရနိုင်မည်မဟုတ်။
(၄၅) ကုန်းမြင့်ရေမတင်၊ ဂုဏ်မြင့်လူမခင်။
ဤစကားပုံများမှာ စာရေးသူလေ့လာစုဆောင်းရသမျှသာဖြစ်ပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် စကားပြောသည့်အခါ စကားပုံများကို အတော်များများ ထည့်သွင်းသုံးနှုန်း၍ ပြောဆိုသည်ကိုလေ့လာတွေ့ရှိရပါသည်။ ပအိုဝ်းစကားပုံများကို ပအိုဝ်း ဘာသာဖြင့်လေ့လာပါက စကားပုံမည်ကာ မတ္တမဟုတ်ပဲ ကာရန်အချိတ်အဆက်ပါသည်ကိုလေ့လာတွေ့ရှိရပါသည်။

စကားပုံများသည် စာရေးသားရာတွင်လည်းကောင်း၊ စကားပြောဆိုရာတွင်လည်းကောင်း၊ အသုံးဝင်လှ၏။ အချို့စကားပုံများ မှာ လူတို့အား အမှားမှသည်အမှန်သို့ရောက်အောင် သွန်သင်ညွှန်ပြပေးလေသည်။ ထို့ကြောင့် စကားပုံများကို ဆုံးမစကား များဟု ဆိုနိုင်လောက် ၏။ အချို့စကားပုံများမှာ လောကသဘာဝအကြောင်းခြင်းရာများကို ဖော်ပြရာအသိပညာ ဗဟုသုတ ကိုလည်း ရစေပါသည်။

ပအိုဝ်းစကားပုံများကို လေ့လာရခြင်းအားဖြင့်၊ စကားပြောရာတွင်လည်းကောင်း၊ စာရေးရာတွင်လည်းကောင်း အထောက်အကူ ရစေ နိုင်သည့်အပြင် စာဖတ်သူတို့ဖို့တစ်ဘက်တစ်လမ်းမှ အသိပညာဗဟုသုတများရနိုင်ပါသည်။ စကားထာများ စကားထာသည် မိမိတို့ပတ်ဝန်းကျင်ရှိ၊ သက်ရှိသက်မဲ့အရာဝတ္တုတစ်ခုခုကို တစ်ဘက်သား အစဉ်းစားခက်အောင် အဓိပ္ပာယ် ၀ှက်၍ မေးခွန်းထုတ်သော စကားများပင်ဖြစ်သည်။ စကားထာသည် လူ့ပတ်ဝန်းကျင်ကို ဂရုပြုလေ့လာစေသော ဥာဏ်စမ်း ကစားနည်း တစ်မျိုးပင်ဖြစ်၏။

စကားထာကို ကလေးသူငယ်များသာ၊ အများဆုံးဝှက်ကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း၊ စကားထာဝှက်သည့်ဓလေ့ ရှိသည်။ စကားထာဝှက်သည်ကို ပအိုဝ်းတိုင်းရင်းသားတို့က “ ငေါင်းတတ်လို့ဝမ် ” ဟုခေါ်၏။ စကားထာကိုမူ “ ငေါင်းတတ်ဟု ” ခေါ်သည်။ ပအိုဝ်း ကလေးသူငယ်များသည် ကလေးအချင်းချင်းသာ စကားထာဝှက်တမ်းကစားလေ့ ရှိကြ၏။ တစ်ခါတစ်ရံ လူကြီးများက ကလေးများ၏ ဥာဏ်ကို စမ်းလိုသည့်အခါ စကားထာဖြင့် မေးကြလေသည်။
ပအိုဝ်းတိုင်းရင်းသားကလေးများ ၀ှက်ကြသော စကားထာများကို လေ့လာရရှိသမျှဖော်ပြပါအံ့။

(၁) အပင်မှာသစ်သား အခွံမှာငါးကြေးခွံ အရွက်မှာအပ်။ (ထင်းရူးပင်)
(၂) အပင်မှာဝါးအရွက်ဓား။ (ကြံပင်)
(၃) ၀မ်းရောင်တဲ့ ကလေးငချွတ် အကျီတိုလေးဝတ်။ (ခရမ်းသီး)
(၄) ငယ်တုန်းကတော့ အကျီဝတ်၊ ကြီးလာအကျီချွတ်။ (၀ါးပင်)
(၅) အရွက်မှာတစ်ရုံ အသီးမှာတစ်လုံး။ ( နာနတ်သီး)
(၆) အစားကျွေးလေ ပိန်လေလေ။ (စဥ့်တီတုံး)
(၇) ဂျိုကောက်ကောက်နဲ့နွား အိမ်မပြန်ဘူး။ (ဂျီ)
(၈) ခါးကုန်းကုန်းနဲ့အဘွား တစ်နှစ်တစ်ခါလယ်ထဲသွား။ (တံစဉ်)
(၉) ကလေးနှစ်ယောက် သူနိုင်ငါနိုင် အပြေးပြိုင်။ (ခြေထောက်)
(၁၀) အရင်းကအပေါ်မှာ အဖျားကအောက်မှာ။ (နွားမြီး)
(၁၁) လက်ကောက်ချိုင့်ထဲမှာရှိသည်။ (နွားခြေရာ)
(၁၂) အတိုအရှည် တစ်ထွာလောက်နောက်မှာအမွေပေါက်။ (နွားဦးချို)
(၁၃) နွားနီတစ်ကောင်သည် နွားမည်းစအိုလျက်၏။ (အိုးနှင့်မီး)
(၁၄) ကြံမည်းတစ်ရုံခုတ်၍မကုန်။ (ဆံပင်)
(၁၅) အဘိုးအိုတစ်ယောက်ဘယ်သွားသွားရေထဲမှာဘဲနေ၏။ (ကျွဲ)
(၁၆) အနီးကလေးရှိသော်လည်း အဝေးကိုမြင်ရသည်။ (မျက်စိ)
(၁၇) မြင်တော့ အနီးကလေးတူးတော့ အနက်ကြီး။ (မြေ)
(၁၈) တစ်လှမ်းသွားလဲ ကျွံ နှစ်လှမ်းသွားလဲကျွံ။ (ကြပ်ခိုးစင်)
(၁၉) လူသေကလူအရှင်ကိုထမ်း။ (ပဲစင်)
(၂၀) လည်ပင်းကိုညှစ်ပြီးသွေးစုပ်လို့ရသည်။ (ရေဘူး)
(၂၁) အပင်ကသစ်ပင် အသီးက လွယ်အိတ်စုတ်။ (ပိန္နဲသီး)
(၂၂) အပင်မှာနွယ် အသီးမှာပူဖောင်း။ (ဘူးသီး)
(၂၃) ခေါင်းကိုတီးလျှင် စအိုဝကမြည်၏။ (အိုးစည်)
(၂၄) ရေနည်းနည်းလေးမှာ ဖားကလေးတစ်ကောင်တည်း။ (လျှာ)
(၂၅) နောက်ကိုသွားလဲချေးယိုရှေ့ကိုသွားလဲချေးယို။ (လွှ)
(၂၆) အခွံသုံးထပ်ရှိပြီး အတွင်းမှာရေရှိ၏။ (အုန်းသီး)
(၂၇) တုတ်တစ်ချောင်း အပေါက်တစ်ဘက်ထဲ ရှိပေမည့်၊ နှစ်ဘက်လုံးထိုးလို့ရ၏။
(၂၈) တစ်ခွက်စားလျှင် တစ်ဘက်ကျန်။ (ခရုခွံ)
(၂၉) အပင်မှာဝါး အသီးမှာရွှေ။ (စပါးပင်)
(၃၀) အမေတက်ခေါက်တော့ သားကပြေး၏။ (မြှား)
(၃၁) ဆင်ဖြူရွာထဲဝင်လာတော့ မှောင်သွားသည်။ (မြူ)
(၃၂) ကြည့်လေ၊ ဝေးလေ။ (နားရွက်)
(၃၃) ကြည့်တော့နက်မယောင်၊ ၀င်တော့အတိမ်လေး။ (စမ်းချောင်း)
(၃၄) ဗျိုင်းဖြူတစ်ကောင် တစ်နှစ်တစ်ခါ လယ်ထဲဆင်းသည်။ (ထယ်သွား)
(၃၅) မြင်နေလျက်က၊ ယူမရ။ (အရိပ်)
(၃၆) အောက်ပြေက အမျိုးသမီး၊ ကလေးကျောပိုးပြီးတက်လာသည်။ (ပြောင်းဖူးသီး)
(၃၇) အောက်မှာရေ အပေါ်မှာမီး။ (ရေနံဆီ မီးအိမ်)
(၃၈) တီးလိုက်တော့လည်၊ ကြိုးကိုဆွဲတော့ငို။ (ကြေးစည်)
(၃၉) အပင်မှာသစ်သား၊ အခက်မှာဝါး၊ အရွက်မှာမြက်။ (အိမ်)
(၄၀) ခဲထက်လေးပြီး၊ ဂွမ်းထက်ပေါ့၏။ (လေယာဉ်ပျံ)
(၄၁) အောက်ပြည်ကအဘိုး၊ ဂွမ်းစောင်ကိုခြုံလာ၏။ (မာလာဖူး)
(၄၂) အနီးကကြည့်တော့ဘုရားနှင့်တူ၊ အဝေးကကြည့်တော့ စေတီနှင့်တူ။ (မျှစ်စို့)
(၄၃) ကိုယ်ကတော့မြွေ၊ ခေါင်းကတော့ကြွေ။ (အပ်ချည်နှင့်ကြယ်သီး)
(၄၄) ပါးစပ်က လန်လန်နဲ့၊ ချုံပုတ်ကို ကိုက်ထား၏။ (ပန်းအိုး)
(၄၅) အဘိုးအို တောင်ကိုတတ်တဲ့အခါညည်း၏။ တဒက်ဒက်တက်ခေါက်၏။ (တောမီးလောင်)
(၄၆) ဆုံကိုဖယ်တော့ ကျည်ပွေ့ကျန်။ (ငါးဥသီး)
(၄၇) “ခေါပုတ်” တစ်တုံး၊ တစ်ရွာလုံး သုံးလို့မကုန်။ (ဓါးသွေးကျောက်)

ဤစကားထာများမှာ စာရေးသူ လက်လှမ်းမီသမျှသာ တင်ပြရခြင်းဖြစ်သည်။ ပအိုဝ်းဘာသာမှ မြန်မာဘာသာသို့ ဆီလျော်အောင် ကြိုးစား၍ ပြန်ဆိုထား၏။ ဤစကားထာများကိုလေ့လာလျှင် ပအိုဝ်းကလေးသူငယ်တို့၏ဥာဏ်ရည်ကို အကဲခတ်နိုင်ပေသည်။

စကားထာများသည် ကလေးတို့အားဥာဏ်သွက်စေသောကစားနည်းဖြစ်၏။ ပျော်ရွှင်မှုကိုလည်းရစေ၏။ အခြားပြည်ထောင်စု တိုင်းရင်းသားများတွင်လည်း စကားထာများရှိကြပေလိမ့်မည်။

အခြားတိုင်းရင်းသားများ၏ စကားထာများကို လေ့လာဖော်ထုတ်သင့်ကြပေသည်။ ပုံပြင် ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း စိတ်ဝင်စားဖွယ်ကောင်းသောရိုးရာပုံပြင်လေးများရှိပါသည်။

“ ဂုဏ်ဖော်ချင်သောသူ ”
တစ်ခါကရွာတစ်ရွာတွင် မရှိသော်လည်း ရှိယောင်ဆောင်ကာ ဂုဏ်ဖော်ကြွားဝါချင်သော သူတစ်ယောက်ရှိ၏။ ထိုသူ၏ အိမ်ဘေးတွင် အသုဘအိမ်ရှိ၏။ ထိုသူသည်အသုဘအိမ်မှ ထမင်းဟင်းများကို ယူပြန်လာ၏။ အိမ်သို့လည်း မိတ်ဆွေ များကို ခေါ်လာသည်။
မိတ်ဆွေများကို ထမင်းကျွေးရန်ဟုဆိုပြီး ဇနီးအားအိမ်အောက်သို့ဆင်း၍ ထမင်းပန်ကန်၊ ဟင်းပန်ကန်များကိုယူရန်ပြော၏။ အိမ်တွင် အိုးခွက်ပန်ကန်များ မရှိသဖြင့် အိမ်လှေကားတွင်မှီ၍ မည်သို့လုပ်ရမည်နည်းဟု ကြံစည်နေသည်။ အချိန် အတော်ကြာ ရပ်နေသဖြင့် လင်ယောက်ျားဖြစ်သူက ဇနီးအားလက်ဖြင့်ကုတ်လိုက်၏။ ဇနီးကနာလွန်းသဖြင့်ငိုလာ၏။
ထိုအခါ လင်ဖြစ်သူက ဧည့်သည်မိတ်ဆွေများ ကြားလောက်အောင် “ ငါ့မိန်းမက ပန်ကန်တွေယူခိုင်းတာ သွားလဲမယူဘူး၊ ငါသွားယူတော့လဲ ငါ့နောက်လိုက်ပြီးငိုနေတယ် ” ဟုပြောပြီး အိမ်နီးနားချင်းအိမ်သို့ ပန်ကန်သွားပြီး ငှားသတဲ့။

“ ပအိုဝ်းလူလည် ”
တစ်ခါက ရွာတစ်ရွာတွင်ပအိုဝ်းလင်မယားနှစ်ယောက်ရှိ၏။ လင်ကရန်ကုန်သွားဖို့ရှိ၏။ ထိုအခါမယားက ရန်ကုန်သူ၊ ရန်ကုန် သားများသည် ဈေးရောင်းရာ၌ ဈေးနှုန်းကြီးစွာတောင်းတတ်သဖြင့် ပစ္စည်းဝယ်ရင်တစ်ဝက်လောက်ဆစ်ဟု မှာလိုက်၏။
ရန်ကုန်ရောက်သောအခါ ဗိုလ်ချုပ်ဈေးကုလားဆိုင်တစ်ဆိုင်တွင် အကျီဝယ်ရန်ဈေးမေး၏။ ဆိုင်ရှင်ကုလားက ၁၀၀ ကျပ် ဟု ဈေးပြော၏။ သူက မိမိမယားပြောသည့်အတိုင်း ၅၀ ကျပ်ဆစ်၏။

ကုလားက ၀ယ်သွားဟုပြော၏။ သူက ၂၅ကျပ်ပြန်ဆစ်၏။ ကုလားက စိတ်တိုလာ၍ “အလကားယူသွား” ဟုပြော၏။ ထိုအခါ သူက “ နောက်ထပ်တစ်ထည်အဆစ်ပေးပါလား” ဟုပြောသတဲ့။

“ ထမ်းဖိုးနှင့်ကွတ်ကွတ် ”
တစ်ခါက လင်မယားနှစ်ယောက် ရှိ၏။ တစ်နေ့တွင် မယားလုပ်သူက လင်ယောက်ျားထံ ထမင်းပို့သွား၏။ မယားကခြံစည်းရိုး ကို ကျော်၍သွား၏။ အသံကြားရာသို့ လင်ယောက်ျားဖြစ်သူက မိမိတွင်ရှိသော တူမီးသေနတ်ဖြင့် ပစ်လိုက်၏။ သေနတ်ဖြင့် ပစ်လိုက်သောအခါ တစ်စုံတစ်ယောက် လဲသွားသည်ကိုတွေ့၏။ ပြေးကြည့်ရာ မိမိမယားသည်သေနတ်ဒဏ်ရာဖြင့် လဲနေ သည်ကိုတွေ့ရ၏။

မယားလုပ်သူသည် သေနတ်ဒဏ်ရာဖြင့် မိမိလင်ယောက်ျားအား “ နာသကွတ် ” (နင်သိပ့်ကောက်ကျစ်တယ်နော်) ဟုပြော ၏။ လင်ယောက်ျားက “ ခွေထမ်းဖိုး ” (ငါနွားထင်လို့)ဟုပြန်ပြောလေ၏။

လင်ယောက်ျားသေသွားသောအခါ လင်ယောက်ျားက “ ထမ်းဖိုး ” (ပအိုဝ်းအခေါ်) ဟုခေါ်သောငှက်ဖြစ်၏။ မယားက “ ကွတ်ကွတ် ” ဟုခေါ်သော ငှက်ဖြစ်၏။ (ပအိုဝ်းအခေါ်) “ ကွတ် ” ဟုမြည်သော ငှက်မှာ အမဖြစ်ပြီး “ ထမ်းဖို ” ဟုမြည်သော ငှက်မှာ အထီးဖြစ်သည်ဟု ပအိုဝ်းတိုင်းရင်းသားတို့ကပြောစမှတ်ပြုကြသတဲ့။

“ သရက်သီးစားချင်လျှင် ပအိုဝ်အကသင်ထားကြ ”
တစ်ခါက ပအိုဝ်းအကအဖွဲ့တစ်ဖွဲ့သည် အိမ်တစ်အိမ်၏သရက်ပင်အောက်တွင် စုဝေးပြီးကနေကြသည်။ ထိုအချိန်မှာ သရက်သီး သီး ချိန်ဖြစ်၏။ သရက်ပင်တွင် သရက်သီးများ ကိုင်းလုံးညွှတ်မျှ သီးလျှက်ရှိသည်။ ထိုသရက်ပင်မှာ သိပ့်မမြင့် လှချေ။ အကအဖွဲ့သည် ထိုသရက်ပင် အောက်တွင် အချိန်အတန်ကြာရပ်၍ကနေကြလေသည်။

အကအဖွဲ့ ထွက်သွားသောအခါ လက်လှမ်းမီသည့် သရက်ကိုင်းတွင်ညွှတ်ကျနေသော သရက်သီးများ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် အကအဖွဲ့မှကကြသူများသည် ၀ဲယာလက်တစ်ဘက်ကိုမြှောက်ကာကရင်း သရက်သီးများကို အပျော် သဘောဖြင့် ခူးဆွတ်သွားကြ သောကြောင့်တည်း။
(ဝတ်စားဆင်ယင်မှု) တိုင်းရင်းသားလူမျိုးများဖြစ်ကြသည့် ရှမ်း၊ ကချင်၊ အင်းသား၊ တောင်ရိုး၊ ကယား၊ ၀နှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ၀တ်စုံမှာ နည်းနည်း စီဆင်းလာသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာကဲ့သို့ ၀တ်ဆင်ကြလေသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အနက်ရောင်ဝတ်စုံကို အများဆုံးဝတ်ဆင်ကြသည်။ အနက်ရောင်ကို ၀တ်ဆင် ကြခြင်းမှ အနက်ရောင်သည် အပူကိုစုတ်ယူနိုင်ခြင်း၊ အေးမြသောရာသီဥတုဒဏ် ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်းမှု သက်သာခြင်း စသည်တို့ကြောင့်ဖြစ်မည်ဟု ယူဆရပေသည်။

ရာသီဥတုဒဏ်ကို ခံနိုင်သည်ဟုဆိုသဖြင့် ပအိုဝ်းတိုင်းရင်းသားတို့သာမက အခြားတိုင်းရင်းသားများပါ အရောင်ကို မ၀တ်ဆင် ကြသလောဟု မေးစရာ ရှိပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည်
ပိုမိုမြင့်မားသော တောင်ထိပ်များတွင် နေထိုင်ကြသောကြောင့် တောင်ပေါ်ဒေသသည် မြေနိမ့်အရပ်ထက် အနွေးဓာတ် နည်းပါး၏။ ထို့ကြောင့်အနက်ရောင်ရှိသော အ၀တ်အစားများကိုဝတ်ဆင်ကြခြင်းဖြစ်မည်ဟုယူဆရပေ သည်။ ရှမ်းပြည်နယ် တွင် အနက်ရောင်အ၀တ်အစားကို ၀တ်ဆင်ကြသူများမှာ ပအိုဝ်း၊ တောင်ရိုး၊ လီရှောစသည့် တိုင်းရင်းသားများပင်ဖြစ်သည်။ အရောင်တူသော်လည်း ၀တ်စားဆင်ယင်ပုံချင်းကွာလေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ခြံလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းတို့ဖြင့် အသက်မွေးကြသဖြင့် အေးမြသော တောင်ပေါ်ဒေသတွင် နေ့စဉ်ရွှံ့များ၊ မြေများပေကျံမှုကိုတွေ့ကြုံကြရ၏။
အနက်ရောင်ကို ၀တ်ဆင်ထားခြင်းဖြင့် ပေရေမှုကိုသက်သာစေသည်။ အနက်ရောင်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ မူပိုင် အရောင်သဖွယ်ဖြစ်နေပေသည်။
ပွဲနေပွဲထိုင် ၀တ်စုံများကိုလည်းအနက်ရောင်ဖြင့်သာ ချုပ်လုပ်ဝတ်ဆင်ကြ၏။ ၀တ်ဆင်ရာတွင်လည်း အဖိုးထိုက်တန်သော အမျိုးအစားများကိုသာ ၀တ်ဆင်ကြသည်။ အထူးသဖြင့် သက္ကလပ်အနက်များကို ၀တ်ဆင်ကြ၏။ ရှေးက အနက်ရောင်ရှိသော ပိုး၊ ဖဲများကိုပင်ဝတ်ဆင်ခဲ့ ကြ၏။ အမျိုးသားဝတ်စုံသည် ကာလတန်ဖိုးအားဖြင့် ကျပ် ၅၀၀၊ အမျိုးသမီးဝတ်စုံသည် ကျပ် ၇၀၀
လောက်ရှိ၏။ ဤမျှတန်ဖိုးရှိသော ပွဲနေပွဲ ထိုင်ဝတ်စုံမျိုးကို ဆင်ရဲနွမ်းပါးသူများပင် တစ်စုံစီရှိအောင် ၀ယ်ထားကြ၏။
အမျိုးသားရော အမျိုးသမီး ၀တ်စုံများကိုပါမိမိတို့ကိုယ်တိုင်မချုပ် လုပ်တတ်သဖြင့် ၀ယ်ယူကြလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည်အနက်ရောင်ကိုညီညာစွာဝတ်ဆင်ကြသဖြင့်ဂုဏ်တုဂုဏ်ပြိုင်များကင်းသည်ကိုတွေ့ရပေသည်။
ရှေးအခါက ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ဝတ်ဆင်သော အ၀တ်အစားအနက်ကို ကိုယ်တိုင်ရက်လုပ် ၀တ်ဆင်ခဲ့ကြ သည်။ ၀ါကို ကိုယ်တိုင်စိုက်၍ ကိုယ်တိုင်ဖန်ကာကိုယ်တိုင်ဗိုင်းငင်ရသည်။
ဝါချည်ဖြင့်ပင်အထည်ရက်လုပ်ကြသည်။ဝါချည်ဖြင့်ရက်လုပ်ထားသောအဖြူရောင်ချည်ထည်ကိုအနက်ရောင်ဆိုးယူကြသည်။

အနက်ရောင်ဆိုးပုံမှာ မဲနယ်ပင်၏အရွက်များကိုခူးယူ၍ ပုံးသို့မဟုတ် အိုးထဲတွင်ထည့်ကာ လေးငါးည စိမ်ထားရသည်။ မဲနယ် ရွက်များ ပုပ်လာသောအခါ ထုံးဖြင့်ရော၍ချေရသည်။

ချေပြီးသော မဲနယ်ရွက်ကိုမူပစ်လိုက်သည်။ ထုံးနှင့်မဲနယ်ရွက်တို့ရောနယ်ထားသော အရည်ကို အဖြူရောင် အမြှုပ်ထွက်သည် အထိမွှေပေးရသည်။ ထိုနောက် အနည်ထိုင်အောင်ထားပြီး၊

အပေါ်မှ အရည်ကြည်ကိုသွန်ထုတ်လိုက်သည်။ ကျန်ရှိသောအနယ်မှာ အနက်ရောင်ရှိလေသည်။
တစ်ဖန် ပအိုဝ်းအခေါ်မုံးရွက် (အမွေးရှိသော အရွက်တစ်မျိုး) ကိုပြာဖြင့်ရောပြီး သုံးညခန့် စိမ်ရသည်။ ဤမုံးရွက် ကို ပြာဖြင့် ရောပြီး သုံးညခန့်ရေစိမ်ရသည်။ သုံးညခန့်ရေစိမ်ပြီးနောက်

မုံးရွက်များကို အရည်ရအောင် ညှစ်ယူ၏။ ထိုအရည်ကိုစောစောကပြုလုပ်ထားသော အနည်းဖြင့် သုံးညခန့်ပြန်စိမ်ရသည်။

ထိုအရည်ကိုတုတ်ချောင်းဖြင့်မွှေ၍အ၀ါရောင်အရည်ဖြစ်လာပါကဆေးဆိုနိုင်လေသည် ။ ထိုသို့တုတ်ချောင်းဖြင့်မွှေရာတွင် အရည် မှာအ၀ါရောင်ရှိသော်လည်း အမြှုပ်မှာအပြာရောင်ရှိလေသည်။

တုတ်ချောင်းဖြင့်မွှေရာတွင် အမြှပ်မထွက်ပါက အရောင်းဆိုး၍မရသေးပေ။ ဤအရည်ကို ရသောအခါ ရက်လုပ်ထားသော အဖြူရောင်အထည်ကို ရေဖြင့်လျှော်ပြီး အနက်ရောင် ဆေးဆိုးနိုင်သည်။
တစ်ကြိမ်ဆိုးပြီးတိုင်းရေဖြင့်လျှော်ရ၏။ ထိုနောက် နေလှန်းရ၏။ ခြောက်လာသောအခါ ညနေတွင် တစ်ခါပြန်ဆိုးပြီး၊ ရေဖြင့်လျှော်ကာ နေတစ်ဖန်ပြန်လှန်းရသည်။ ဤသို့ဖြင့်တစ်နေ့လျှင် နှစ်ကြိမ်ဖြင့် လေးရက်ရှစ်ကြိမ် ဆိုးရပေသည်။

အနက်ရောင်အထည်ကိုရပြီးဖြစ်သော်လည်းဆေးဆိုးသည့်လုပ်ငန်းမပြီးသေးချေ။ ပအိုဝ်းအခေါ် “ စွံ ” ပင်၏အခေါက်ကိုယူ၍၊ သုံးရေ တစ်ရေရအောင် ကျိုရသည်။ ထိုအရည်ကိုအအေးခံပြီး အနက်ရောင်ဆိုးပြီးသောအထည်ကို ဆိုးရသည်။ အခြောက် လှန်းပြီးနောက် ကျွဲသားရေ ကိုအရည်ကျိုပြီး၊ ထိုကျွဲသားရေရည်ဖြင့်ဆိုးရပြန်သည်။ ကျွဲသားရေရည်ဖြင့်မစိမ်ခင်၊ သဲမပါသော အရောင်မွဲသည့် ရွှံ့ထဲတွင်နစ်ပြီးမှ ကျွဲသားရေ ရည်ဖြင့် ဆိုးပါကပို၍နက်သောအရောင်ကိုရရှိသည်။
အနက်ရောင်အထည်ကိုရပြီးသည့်နောက် ထိုအထည်ကိုရေနွေးငွေဖြင့်ပေါင်းခံရသည်။ ရေနွေးငွေ့ဖြင့်ပေါင်းခံပြီး အခြောက် လှန်းရ၏။ ခြောက်လာသောအခါ ပထမဆုံးအနက်ရောင်စဆိုးသည့်

အရည်ဖြင့် သုံးကြိမ်ဆိုးရသေးသည်။ တစ်ခါဆိုးပြီးတိုင်း အခြောက်လှန်းကာ သုံးကြိမ် ဆိုးရသည်။ ဤအကြိမ်မှာ နောက်ဆုံး အကြိမ် ဖြစ်၏။ ဤအကြိမ်ဆိုးပြီးသောအခါ ပိတုန်းရောင်ကဲ့သို့သော အနက်ရောင်အထည်ကို ရရှိလေသည်။

ရှေးအခါက မိမိတို့ဝတ်ဆင်ရန် အထည်များကို လက်ဖြင့် ချုပ်လုပ်ဝတ်ဆင်ကြ၏။ အထည်ချုပ်ရန် ချည်များကိုလည်း ကိုယ်တိုင် ငင်ယူ ကြသည်။ ပအိုဝ်းအမျိုးသမီးတို့ ဗိုင်းငင်ထားသောချည်များကို ယခုခေတ်အပ်ချုပ်စက်ဖြင့်ပင် ချုပ်နိုင်သည်။ ထို့ကြောင့်ရှေးအခါက ပအိုဝ်းတိုင်းရင်းသားတို့ အနက်ရောင်အထည်များကိုဝတ်ဆင်နိုင်ရေးအတွက်ပင်ပန်းစွာ  အဆင့်ဆင့်ဆေးဆိုး ယူရပေသည်။ ယခုအခါတွင်မူ ရှေးကကဲ့သို့ ပင်ပန်းစွာ ဆေးဆိုးမယူရတော့ဘဲ အနက်ရောင် အထည်များကို အလွယ်တကူဝယ်ယူရရှိနိုင်သည်။

ရှမ်းပြည်ရှိပအိုဝ်းတိုင်းရင်းသားတို့သည်ဝတ်စားဆင်ယင်မှု၊ဓလေ့ထုံးစံ၊ယဉ်ကျေးမှု၊စာပေနှင့်ဘာသာစကားမှာတစ်နေ့တခြားမှုန် ၀ါးပျောက်ကွယ်နေသည်။ မြေပြန့်နေပအိုဝ်းတိုင်းရင်းသားတို့တွင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ လွှမ်းမိုးလျက် ရှိနေပေသည်။
အမျိုးသားဝတ်စုံ
 အမျိုးသားများသည် ဘောင်းဘီပွ၊ အပေါ်အင်္ကျီ(တိုက်ပုံအင်္ကျီ) ကိုဝတ်ဆင်ကြ၏။ ဘောင်းဘီမှာ ရှမ်းဘောင်ဘီနှင့် တူလေ သည်။ ရှေးက ပေါင်းအောက်တွဲပြီး အလွန်ပွသော ဘောင်းဘီကိုဝတ်ခဲ့ကြ၏။

ယခုခေတ်တွင် သွားလာမှုလွယ်ကူစေရန် ဘောင်းဘီကို ခပ်ကျဉ်းကျဉ်း ၀တ်လာကြသည်ကို တွေ့ရသည်။ အတွင်းတွင် အဖြူရောင်ရှိသော ရှပ်အင်္ကျီကို အများဆုံးဝတ်ဆင်ကြ၏။

အခြားအရောင်ကို ၀တ်ဆင်ခြင်းများ လည်းရှိပေသည်။ ခါးပတ်ပတ်ပြီး ကွမ်းအစ်ထည့်ထားသော လွယ်အိတ်ကိုလည်းကောင်း၊ ပလိုင်းပြားကိုလည်းကောင်း လွယ်လေ့ရှိကြသည်။

ခေါင်းပေါင်းကိုလည်းပေါင်းကြ၏။ ရှေးကဖဲခေါင်းပေါင်းကို ၀တ်ဆင်ကြသည်။ အမျိုးသားများပေါင်းသောခေါင်းပေါင်းမှာ အရှည် ၁၀ တောင်မှ ၁၂ တောင်ခန့်အထိရှိလေသည်။ ယခုအခါ ရှေးကျသော လူကြီးအချို့နှင့် စာဟောဆရာများသာပေါင်းကြတော့၏။ ယခုအခါခေါင်း ပေါင်းအဖြစ် ဖူးစောင်များကိုပေါင်းကြသည်။ အနီ၊ အ၀ါစသည့် ကွက်ကျားအဆင်မျိုးကို နှစ်သက်ကြသည်။ အခြားအဆင်များကိုလည်း ဆင် ယင်သုံးစွဲကြလေသည်။

ယခုအခါ အ၀ါရောင်ကို အများဆုံးနှစ်သက် အသုံးပြုကြသည်ကို တွေ့ရ၏။ ခေါင်းပေါင်းစကို အောက်စိုက်ထားပြီး ပေါင်းလေ့ ရှိသည်။ အမျိုးသားများသည် ပွဲလမ်းသဘင်သို့သွားသောအခါ ဘော (၀ါ) ငွေဖြင့်ပြုလုပ်ထားသော တစ်ပေခန့်ရှိ သည့် ငွေဓားလွယ်ကို ခါးပတ်တွင် ထိုးထားကြသည်။ ငွေဓားလွယ်၏ အရိုးကိုဆင်စွယ်ဖြင့် ပြုလုပ်ထားကြသည်။ ထိုငွေဓားလွယ်ကို တိုက်ပုံအင်္ကျီ၏ အပြင်ဘက်တွင် ထုတ်ထားကြသည်။ အချို့မှာ ထိုငွေဓားလွယ်ကို ပိုးကြိုးအစမ်းကိုကျစ်၍ ချည်နှောင်ကာ ပခုံးတွင်သိုင်း၍လွယ်ထားကြ၏။ အမျိုးသမီးဝတ်စုံ အမျိုးသားဝတ်စုံသည် ရှမ်းနှင့်တူသော်လည်း အမျိုးသမီးဝတ်စုံမှာ ရှမ်းအမျိုးသမီးဝတ်စုံများနှင့် မတူပေ။ တစ်မူထူးခြားနေ၏။ ပအိုဝ်း တိုင်းရင်းသားတို့သည် အဖ၀ိဇ္ဇာ၊ အမိနဂါးမမှ ဆင်းသက်လာသည်ဟု ယုံကြည်ထားကြသဖြင့် ယခုထက်တိုင် ဆင်ထုံးဖွဲ့နေသောအမျိုးသမီး ၀တ်စားဆင်ယင်ပုံသည် နဂါးနှင့်တူလှပေသည်။

ပအိုဝ်းအမျိုးသမီးဝတ်စုံတွင် ခေါင်းပေါင်းအပါအ၀င် အင်္ဂါငါးရပ် ရှိလေသည်။ အနက်ရောင်အပေါ် သင်တိုင်းအင်္ကျီ၊ အင်္ကျီ လက်ရှည် အနက်၊ လက်မောင်းစွပ်အနက်၊ ထဘီအနက်၊ ခြေသလုံးပတ်အနက် စသည်ဖြင့် အဆင်သင့်ဝတ်ဆင်ကြ သည်။ ခြေသလုံးမှ မျက်စိအထိနှစ် ဘက်လုံးတွင် အနက်ရှိသောအ၀တ်ဖြင့် ပတ်ထားလေသည်။

ယင်း၏အထက်တွင်ထဘီအနက်ကိုဒူးအောက်နားအထိလည်းကောင်း၊ လုံချည် အပေါ်တွင်သင်တိုင်းကိုထပ်၍လည်းကောင်း၊ အပေါ်ဆုံးတွင် ခါးတိုအင်္ကျီအနက်ကိုလည်းကောင်း အဆင့်ဆင့် ၀တ်ဆင်ထားပေသည်။ ဤသို့ အထပ်ထပ် ၀တ်စား ဆင်ယင်မှု သည် နဂါး၏အကြေးခွံအသွင်ကိုဆောင်သည်ဟုဆိုလေသည်။

ဆံထိုးအ၀ိုင်းနှင့် အချွန်နှစ်ခုအနက်အချွန်မှာ နဂါးမ၏အမောက်နှင့်တူစေရန်ဖြစ်၏။ ဆံထိုးအ၀ိုင်းမှာ နဂါးမ၏မျက်စိနှင့် တူစေရန်ပင်ဖြစ်၏။

အမျိုးသမီးများ၏ ဦးခေါင်းထက်တွင်ဆံပင်ကို အလယ်တည့်တည့်တွင်လည်းကောင်း၊ အနည်းငယ်စောင်း ၍လည်းကောင်း ထုံးထားကြ ၏။ ဤသို့ ထုံးခြင်းမှာ ဘုရား၊ တရားကို ဦးထိပ်ထားသည့် သဘောပင်ဖြစ်၏။ ဦးခေါင်းကို တဘက် ဖူးစောင်ဖြင့် ပေါင်းထားကြသည်။ ရှေးကမူ ပိုးထည်ကို သုံးကြ၏။ ပိုးထည်တဘက်ကို ပွဲလမ်းသဘင်များ၌ သာပေါင်းတတ်ကြ သည်။

ထိုပိုးထည်တဘက်မှာ အရှည်ငါးတောင်ခန့်ရှိ၏။ ရှေး က အညိုရင့်ရောင် ကတ္တီပါတဘက်များကိုလည်းကောင်း၊ သိုးမွှေးဖြင့် ရက်လုပ်ထားသော တဘက်ကိုလည်းကောင်း သုံးခဲ့ကြသည်။ ယခုအခါ အဆင်အမျိုးမျိုးရှိ ပေါ်ပင်တဘက်များကို အသုံးပြုလေသည်။

ဦးခေါင်းပေါ်တွင်ခေါင်းပေါင်း၊ တဘက်ပေါင်းထားသည့်ပြင်၊ “ ကတူဆဲ့ ” ခေါ် ဆံထိုးနှစ်ခုကိုလည်း စိုက်ထိုးထားကြသည်။ တစ်ခုမှာ ငှက်ပျောဖူးပုံသဏ္ဍာန်ဆောင်၍ တစ်ခုမှာ ကွမ်းသီးအရွယ်ရှိ အလုံးဖြစ်လေသည်။ ငှက်ပျော်ဖူးပုံသဏ္ဍာန်ဆံထိုးကို မိခင်နဂါးမ၏အမောက်သဖွယ်အဖြစ် လည်းကောင်း၊ ကွမ်းသီးလုံးပုံဆံထိုးကိုနဂါးမ၏မျက်လုံးအဖြစ်လည်းကောင်း ရည်ရွယ်၍
ဆင်ယင်ကြခြင်းဖြစ်လေသည်။ ဆံထိုးကို ပွဲလမ်းသဘင်ရှိသောအခါမှသာ ဆံထိုးတွင်ထိုးစိုက်ဆင်ယင်ကြသည်။ ဆံထိုးကို ပန်းခက်ပန်းနွယ်များဖြင့်ဖော်ထား၏။

ရှေးကငွေဆံထိုးကိုဝတ်ဆင်ကြ၏။ ငွေဆံထိုးမှာအလေးချိန်နှစ်ကျပ်သားခန့်ရှိသည်။ ငွေဆုံထိုးကိုငွေကြေးမတတ်နိုင်သူများက ၀တ်ဆင်ကြသည်။

ယခုအခါတွင်ရွှေဆံထိုးများကိုသာ ၀တ်ဆင်ကြတော့၏။ ငှက်ပျော်ဖူးပုံသဏ္ဍာန်ဆံထိုးအချွန်ရွှေအလေးချိန် သုံးကျပ်သားမှ သုံးကျပ်ခွဲအထိ ရှိလေသည်။ ကွမ်းသီးလုံးပုံ ဆံထိုးမှာ ရွှေငါးမူးသားခန့် ရှိလေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ငှက်ပျောဖူး သဏ္ဍာန်ရှိ သော ဆံထိုးကို “ ဆံထိုးရှည် ” ဟုလည်းကောင်း၊ ကွမ်းသီးလုံးပုံသဏ္ဍာန်ရှိဆံထိုးကို “ ဆံထိုးတို ” ဟု လည်းကောင်းခေါ်လေသည်။ ဆုံထိုးများကိုရွှေအနီရောင်တင်ထားလေသည်။

ပအိုဝ်းအမျိုးသမီးများ၏ နားတွင် ရွှေနားတောင်း၊ ရွှေပြားလိပ်နားတောင်းတို့ကို ပန်ဆင်ထားကြ၏။ “ နားတောင်း ” ကို ပအိုဝ်း တိုင်းရင်းသားတို့က “ ပေလာထူ ” ဟုခေါ်သည်။ “ ပေလာ ” ခေါ် နားတောင်းကို အချို့ကရွှေပြားဖြင့်ပြုလုပ်ပြီး၊ အချို့က ရွှေပြားလိပ့်သဏ္ဍာန် အပွပြုလုပ်ကြသည်။ ရွှေပြားမှာ အလျားတစ်ပေခန့်ရှိပြီး၊ အနံ တစ်လက်မခန့်ရှိလေ သည်။ ရှေးအခါက အမျိုးသမီးများသည် နားပေါက်ကျယ်သဖြင့် ရွှေပြားလိပ်နားတောင်းကို ပန်ဆင်ကြ၏။ နားပေါက် ကျဉ်းသူများမှာ နားသန်သီးကိုသာပန်ဆင်ကြ၏။

“ ပေလာထူ ” ခေါ် နားတောင်းကိုပြုလုပ်ကြသောရွှေမှာ ပုရပိုက်ရွှေဖြစ်သည်။ နားတောင်းတစ်ဘက်လျှင် ခြောက်ကျပ်သား ခန့်ရှိ လေသည်။ အချို့ကနားတောင်းအောက်တွင် နားသန်သီးကို ဆက်ဆွဲကြသေး၏။ နားသန်သီးမှာ နှစ်ကျပ်သားခန့် ရှိလေသည်။ အချို့ငွေကြေး ချမ်းသာသူများမှာ နားတစ်ဘက်လျှင် နားသန်သီးသုံးခုအထိ ဆွဲတတ်ကြသည်။

ထို့ကြောင့်နားတောင်းက ခြောက်ကျပ်သား၊ နားသန်သီးသုံးခုက ခြောက်ကျပ်သား၊ ပေါင်းဆယ်နှစ်ကျပ်သားခန့် ဆွဲကြ သည်။ လေးလံလွန်းသဖြင့် အနေအထိုင်ကျဉ်းကျပ်စေ၏။

သို့သော်လည်း မြတ်စွာဘုရား၏ တရားတော်ကို နားမှအစဉ်ပန်ဆင်သည့် သဘောဖြင့် အမြတ်တနိုး ပန်ဆင်ကြသည်။

ဤသို့ရွှေလိပ်နားတောင်းများ၊ နားသန်သီးများဝတ်ဆင်ထားခြင်းသည် အနေအထိုင်ကျဉ်းကျပ်စေသဖြင့် ပေလိပ်သဏ္ဍာန် အပွနား တောင်းကိုသာ ၀တ်ဆင်ကြတော့သည်။ အချို့မှာ နားရွက်အပေါက်ဟောင်းလောင်း ဖြစ်နေသဖြင့် မြို့ပေါ်ဆေးရုံ များသို့ တက်၍ပြန်ချုပ်ကြ၏။

ရှေးကအမျိုးသမီးများသည် ငွေလက်ကောက်များကိုဝတ်ဆင်ကြ၏။ ငွေလက်ကောက်မှအလုံးရောအပြားပါရှိလေသည်။ ရှေးက လက်နှစ်ဘက်စလုံးတွင် တစ်လက်မခန့်ရှိသော ငွေလက်ကောက်ကိုဝတ်ဆင်ကြသည်။ လက်တစ်ဘက် လျှင် လေးခုခန့် ၀တ်ဆင်လေသည်။ ထို့ကြောင့်အမျိုးသမီးများ စပါးထောင်းလျှင် ငွေလက်ကောက်များကို ထိခိုက်ပွတ်တိုက်သံကို ကြားနေရ  တတ်သည်။ ယခုအခါငွေလက်ကောက် ၀တ်ဆင်ခြင်းကိုမတွေ့ရတော့ချေ။ ငွေလက်ကောက် အစား ရွှေလက်ကောက်များ  ၀တ်ဆင်လာသည်ကိုတွေ့ရသည်။

ရှေးအခါက အမျိုးသမီးများသည်ခြေသလုံးအထက်ဒူးဆစ်အောက်နားတွင် “ တောင်ခံ ” ခေါ် ဘော်ခြေကျင်းများကို ၀တ်ဆင် ကြ၏။ တောင်ခံမှာ တစ်လက်မခန့်ရှိသောငွေ (၀ါ) ဘော်ဖြင့်ပြုလုပ်ထားသောအကွင်းဖြစ်၏။ ထိုငွေကွင်းမှာ တစ်ကွင်းလျှင် ငါးမတ်သားမှ နှစ်ကျပ်သားခန့်အထိရှိ၏။ ထိုငွေကွင်းများကို ကြိုးဖြင့်သီကာ ၀တ်ဆင်ကြလေသည်။ ခြေတစ်ဘက်လျှင် ကြိုးဖြင့်သီထားသောကွင်းတစ်ကွင်းမှ နှစ်ကွင်းထိဝတ်ဆင်ကြ၏။ ယင်းခြေကျင်းများ မှာ ခြေနှစ်ဘက် လျှင် နှစ်ပိဿာ မှ နှစ်ပိဿာခွဲအထိ ရှိလေသည်။ တောင်ခံခေါ် ငွေခြေကျင်းများကို ၀တ်ဆင်ထားလျှင် လမ်းလျှောက်ရာ၌ လေးလံပြီး ခရီး ကြန့်ကြာစေ၏။

ထို့ကြောင့် ခေတ်သစ် ပအိုဝ်းအမျိုးသမီးများသည် လေးလံလွန်း၍ ၀တ်ဆင်ခြင်း မပြုကြတော့ပေ။ ငွေခြေကျင်း အစား ဒန်ခြေကျင်းနှင့် “ ဗိုလ်ပွားကြိုး ” ခေါ်ချည်ကြိုးကိုသာဝတ်ဆင်ကြတော့၏။

တောင်ခံကိုရှေးကျသော ကျေးရွာများ၌လည်းကောင်း၊ ပွဲလမ်းသဘင်ရှိသောအခါများ၌လည်းကောင်း အချို့ဝတ်ဆင်နေ ကြ ပေသေးသည်။ မှုန်နံ့သာလိမ်းခြယ်ခြင်း ပအိုဝ်းအမျိုးသမီးများ၏ မျက်နှာလိမ်းခြယ်မှု အလှအပအတွက် အသုံးပြုမှုများမှာ မထူးခြားလှပေ။ ခြယ်သမှုအလှထက် သဘာဝ အလှကိုသာ မက်မောကြဟန်တူသည်။ နှုတ်ခမ်းနီဆိုးဆေးနှင့် မိုးပွင့် (စနိုး) မိတ်ကပ်များလောက်ကိုသာ သုံး၏။ နှုတ်ခမ်းနီ ဆိုးဆေးဖြင့် ပါးအို့များ နီနေအောင်ဆိုးထားတတ်ကြသည်။ ပါနီဆိုးခြင်းကို ပင်လုံ၊ လွိုင်လင်ဒေသပတ်ဝန်းကျင်ရှိ ပအိုဝ်း အမျိုးသမီးများသည် နှစ်ခြိုက်စွာပြုလုပ်ကြသည်။ အပျိုဖော်ဝင်စကပင် စတင်၍ အမြဲမပြတ် ပါးနီဆိုးကြသဖြင့် အသက် သုံးဆယ်နီးပါးတိုင် ပါးအို့များ နီနေတတ်လေသည်။ ယုဝတီပုံစံ ပအိုဝ်းအမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ “ ယုဝတီ ” ပုံစံဟုခေါ်သော ခေတ်သစ်ပုံစံသည် (၁၉၆၆) ခုနှစ် လောက်တွင် တီထွင်ပေါ်ပေါက်ခဲ့ဖူးသည်။ ခေတ်သစ်ယုဝတီပုံစံတွင် အင်္ကျီအရောင်မှာ အနက်ပင်ဖြစ်၏။ သို့သော် ကိုယ်ရောလက်ရောရှည်ပြီး ရှပ်အင်္ကျီပုံစံနှင့် တူသယောင်ယောင်ရှိလေသည်။ ကြယ်သီးအဖြူများကို ရင်ကွဲရှေ့တည့်တည့်တွင် တပ်ဆင်ထား၏။

ထဘီမှာအနက်ရောင်ပင်ဖြစ် လေသည်။ မိရိုးဖလာသင်တိုင်း၊ ထဘီများကိုသာ ၀တ်ဆင်ကြသဖြင့် ခေတ်သစ်ယုဝတီပုံစံ သည် ခေတ်ဟောင်း ရိုးရာပုံစံကိုမထိုးဖောက်နိုင်ဘဲ တဖြည်းဖြည်းပျောက်ကွယ်သွား၏။

အမျိုးသားများ၏ ၀တ်စားဆင်ယင်မှုမှာကွာခြားချက်မရှိသော်လည်း အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုမှာမျိုးနွယ်အလိုက် အနည်းငယ် ကွာခြားမှုရှိလေသည်။ မိုင်ကိုင်မြို့နယ် “ ခေးအုံရွာ ” ရှိငွေတောင်သူခေါ် ပအိုဝ်းမျိုးနွယ်စုများရှိ၏။ ငွေတောင်သူ ပအိုဝ်း အမျိုးသမီးများ၏ ခေါင်းပေါ်တွင် ရစ်ပတ်ထားသော တဘက်(ခေါင်းပေါင်း)၏ အနားစွန် တွင် ငွေထည်များကို ချိတ်ဆွဲ ထားလေသည်။

ငွေတောင်သူ ပအိုဝ်းအမျိုး သမီးများသည် အင်္ကျီလက်ရှည်မ၀တ်ဘဲ သီးခြားပြုလုပ်ထားသော လက်မောင်းစွပ်ကိုစွပ်၍ ကြိုးဖြင့် ချည်နှောင်ထားသည်။ လက်ဝတ်ရတနာ များကိုလည်း ငွေများဖြင့်သာ ပြုလုပ်လေ့ရှိသည်။ ငွေတောင်သူများမှာ အမည်နှင့် လိုက်အောင် ငွေထည်များကိုသာမက်မက်မောမောဆင်ယင် သုံးစွဲကြလေသည်။ လက်ဝတ်ရတနာ
ပအိုဝ်းတိုင်းရင်းသားတို့သည် လက်ဝတ်ရတနာများကိုလည်း ၀တ်ဆင်ကြ၏။ အထူးသဖြင့် ပွဲလမ်းသဘင်များရှိသောအခါတွင် ပို၍ ၀တ်ဆင်ကြသည်ကို တွေ့ရပေသည်။ ကျောက်နီ၊ ပတ္တမြားစသည့် ရတနာများကိုနှစ်ခြိုက်စွာဝတ်ဆင်ကြ၏။
အမျိုးသမီးများသည် ရွှေလက်ကောက်၊ ငွေလက်ကောက်များကို ပုံစံအမျိုးမျိုးဖြင့်ဝတ်ဆင်ကြသည်။ လက်စွပ်များကိုမူ အမျိုး သား ရော၊ အမျိုးသမီးပါဝတ်ဆင်ကြသည်။

လက်စွပ်များကို တစ်ကွင်း၊ နှစ်ကွင်းမှ သုံးကွင်းအထိ ၀တ်ဆင်ကြလေသည်။ ကြွားဝါသည်ဟု ဆိုနိုင်သော်လည်း စင်စစ်သော် ကား ၎င်းတို့၏ ယဉ်ကျေးမှုပင်ဖြစ်ပေသည်။ ပွဲလမ်းသဘင်များတွင် ရွှေထည်၊ ငွေထည်များကို အများမြင်သာအောင်ဝတ်  ဆင်ကြသော်လည်း ဓားပြတိုက်မှုများ၊ ခိုးမှုများပေါ်ပေါက်ခြင်းမရှိပေ။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ရိုးသားဖြောင့်မတ် ကြသည်ဟု ဆိုရပေမည်။
အခြားဝတ်စားဆင်ယင်မှု အမျိုးသားများသည် ညှပ်မိနပ်စီးသူနည်း၍ ဘွတ်ဖိနပ်၊ ရှုးဖိနပ်များကိုသာ စီးကြလေသည်။ ပင်လုံမြို့နယ်၊ စန်းသန်းတောင် တွင် နေထိုင်ကြသော ပအိုဝ်းအမျိုးသမီးအချို့မှာ ဘွတ်ဖိနပ်ကို စီးတတ်ကြသည်။ အမျိုးသားရော၊ အမျိုးသမီးပါ မိမိတို့ စီးနင်းသော ဖိနပ်များအောက်တွင် သံဘုလုံးငယ်လေးများကိုရိုက်ထားတတ်ကြသည်။ ဖိနပ်တွင် သံဘုလုံးငယ်များ ရိုက်ထား ခြင်းဖြင့် ဖိနပ်အောက်ခံသည် အလွယ်တကူမ ကုန်နိုင်ပေ။

ထို့ပြင် ရွံ့နွံထူထပ်သော တောင်ပေါ်ဒေသတွင် တစ်နေရာမှ တစ်နေရာသို့ သွားလာရန် အထူးကောင်းမွန် ၏။ ချောမွေ့သောေ မြပြင်တွင်လည်း သံချွန်များ ကုပ်တွယ်ထားသဖြင့် မချော်လဲနိုင်ပေ။
ပအိုဝ်းတိုင်းရင်းသားတို့ စီးလေ့ရှိသော “ ခံဖာကရောက် ” ခေါ်သစ်သားခုံဖိနပ်တစ်မျိုးလည်းရှိလေသည်။ ယင်းကို ချယ်ရီ သားဖြင့် အများဆုံးပြုလုပ်လေ့ရှိ၏။ သစ်တုံးကိုထွင်းထုထားခြင်းဖြင့် အမြင့်သုံးလက်မခန့်ရှိလေသည်။ ထိုခုံဖိနပ်သဲကြိုး ကိုမူ မော်တော်ကားတာယာ (၀ါ) သားရေတစ်မျိုးမျိုးကိုသုံးကြ၏။ ဤဖိနပ်များအောက်တွင်လည်း သံဘုလုံးငယ်လေးများကို ရိုက်ထားတတ်ကြသည်။

ဤသစ်သားခုံဖိနပ် ကို မိုးရာသီ၌သာအသုံးများ၏။ မိုးရာသီဈေးနေ့များတွင် ယင်း “ ခံဖာကရောက် ” ခေါ် ခုံဖိနပ်ရောင်းသူ များနှင့် ပြုပြင်သူများကိုပါ တွေ့ရတတ် လေသည်။ ဤ “ ခံဖာကရောက် ” ခေါ် သစ်သားခုံဖိနပ်မျိုးကို အမျိုးသားရော၊ အမျိုးသမီး ပါ စီးနင်းကြလေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် ဦးထုပ်များကိုဆောင်းလေ့ဆောင်းထ မရှိတတ်ကြပေ။ အမျိုးသားများသာ အချို့ဆောင်းကြ၏။ အများအားဖြင့် ၀ါးခမောက်ကိုသာဆောင်းကြလေသည်။

ဝါးခမောက်မှာလည်း မိမိတို့ကိုယ်တိုင်ပြုလုပ်တတ်ကြ၏။
ပအိုဝ်းအမျိုးသားများသည် တောင်ယာသွားသောအခါတွင်လည်းကောင်း၊ ဈေး၊ ခရီးသွားသောအခါတွင်လည်းကောင်း “တောင်ပြား” ခေါ် ပလိုင်းပြားကို စလွယ်သိုင်း၍ လွယ်ထားတတ်ကြသည်။

အမျိုးသမီးများကမူ “ ဖော့ ” ခေါ် ပလိုင်းအလုံးများကိုခေါင်းပေါ်တွင်ချိတ်၍ လည်းကောင်း၊ စလွယ်သိုင်း၍လည်းကောင်း လွယ်ကြသည်။ အမျိုးသား၊ အမျိုးသမီးအသုံးပြုကြသော ပလိုင်းများသည်လည်း မိမိတို့ကိုယ် တိုင်ရက်လုပ်ကြသည်။ အမျိုးသား များသာ ရက်လုပ်ကြ၏။
လက်မှုပညာနှင့်ဗိသုကာပညာ ပအိုဝ်းတိုင်းရင်းသားတို့သည် လက်မှုပညာအနေဖြင့်နေ့စဉ်သုံးပစ္စည်းများကိုသာ ပြုလုပ်ကြသည်။ လယ်ယာခြံမြေသုံး ပစ္စည်း များကို ထုတ်လုပ်ခြင်း၊ နွားလှည်းပြုလုပ်ခြင်း၊ အိမ်ဆောက်လုပ်ခြင်း၊ အိမ်တွင်းသုံးဖြစ်သောတောင်း၊ ပလုံး၊ ပလိုင်း၊ ထရံများ၊ မီးဖိုဆောင်သုံးမြေအိုး မြေခွက်များကိုဒေသရပ်ရွာအလိုက်ပြုလုပ်ကြသည်။ ဒေသသုံးအတွက်သာ အများအားဖြင့် ထုတ်လုပ် ကြ၏။ စီးပွားဖြင့် တင်ပို့ရောင်းချရန်အတွက် မလုပ်ကိုင်ကြပေ။

ပအိုဝ်းတိုင်းရင်းသားတို့ လက်မှုပညာဖြစ်သည့် ပန်းထိမ်မှာလည်း အလွန်လက်ရာမြောက်လှသည်ကိုတွေ့ရ၏။ ပန်းထိမ်ပညာ ကို ရှေးဘိုးဘေးစဉ်ဆက်ကပင် တက်မြောက်ခဲ့ကြသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ပန်းထိမ်လက်ရာကို ဆံထိုး၊ နားတောင်း၊ လက်စွပ်၊ လက်ကောက် စသော လက်ဝတ်ရတနာများကို ကြည့်ခြင်းအားဖြင့် အကဲခတ်နိုင်သည်။ ဆံထိုး၊ လက်ကောက်၊ လက်စွပ်များပေါ်တွင် ဖော်ထား သည့် ပန်းခက် ပန်းလက်များ၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားတန်ဆောင်းတို့တွင်ပြုလုပ်ထားသည့် ပန်းခက်ပန်းလက်များကို အံ့ဘနန်း တွေ့  မြင်နိုင်ပေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် ဗိသုကာပညာလည်းတတ်မြောက်ကြောင်း၊ တစ်ချိန်က၎င်းတို့နေထိုင်ခဲ့သည်ဟုယူဆသော သုဝဏ္ဏ ဘုမ္မိသထုံမြို့ရိုးပျက်ကြီးက သက်သေခံနေပေသည်။

စေတီပုထိုးကိုလည်း တည်ဆောက်နိုင်ကြသည်။ ဆီဆိုင်မြို့ခေါ် သထုံလေးတွင် ခွန်မောင်သာနှင့် ခွန်နိုင်ညီအစ်ကိုနှစ်ဦး၏  သင်္ချိုင်းအုတ်ဂူသည်လည်း၊ လက်ရာမြှောက်လှသည်ကို ယနေ့တိုင်တွေ့နိုင်ပေသည်။ ပအိုဝ်းတိုင်း ရင်းသားတို့ အနုပညာ မှန်သမျှ၏ နောက်ခံပုံရိပ်သည် သုဝဏ္ဏဘုမ္မိသထုံပြည်ဖြစ်သည်ဟုဆိုက မှားမည်မထင်ပေ။

ရှေးအခါက မိမိတို့ဝတ်ထားသော အ၀တ်အစားများကို ကိုယ်တိုင်လက်ဖြင့်ရက်လုပ်ကြသည်။ ကိုယ်တိုင်ဝါဖန်သည်။ ကိုယ်တိုင် ဗိုင်းငင်သည်။ ကိုယ်တိုင်ရက်သည်။ ကိုယ်တိုင်ဆေးဆိုးသည်။

ကိုယ်တိုင်လက်ဖြင့်ချုပ်သည်။ လွယ်အိတ်၊ အမျိုးသမီးများ ခေါင်းပေါ်တွင်ပေါင်းသည့် တစ်ဘက်စသည်များကိုလည်း လက်ဖြင့်ပင် ရက်လုပ်ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် လက်မှုပညာ၌လည်း ကျွမ်းကျင်တတ်မြောက် သည်ဟု ဆိုနိုင်ပေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် ပန်းထိမ်လုပ်ငန်းကိုလည်း လုပ်ကိုင်ကြ၏။ သို့သော်နည်းလေ သည်။ ရွှေထည်ရော၊ ငွေထည် ပစ္စည်းများကိုပါ လုပ်ကိုင်ကြလေသည်။ ငွေထည်ပစ္စည်းများတွင် ငွေဖလား၊ ငွေထုံးဘူး၊ ဘာသာရေး ဆိုင်ရာ ငွေထည်ပစ္စည်း များလောက်ကိုသာ ပြုလုပ်ခိုင်းကြ၏။ ငွေထည်ပစ္စည်းများကို ခြူးပန်းနွယ်ပန်း၊ ကနုတ်ပန်း၊ ယိုးဒယားပန်းများ ပါအောင် ပြုလုပ် နိုင်ကြသည်။

ရွှေထည်များတွင် အမျိုးသမီးဆံထိုးများ၊ လက်စွပ်များ “ ပေလာ ” ခေါ်နားတောင်းများ၊ လက်ကောက် များ လောက်ကို သာ ပြုလုပ်ကြ၏။ ပအိုဝ်းပန်းထိမ်များသည် အများအားဖြင့် အမျိုးသမီးများ၏ အဆင်တန်ဆာဖြစ်သောဆံထိုးများ၊ နားတောင်းများ၊ လက်စွပ်များလောက်ကိုသာ ပြုလုပ်ကြလေသည်။ အမျိုးသမီးဆံထိုးများ ပြုလုပ်ရာတွင် အထူး လက်ရာ မြောက်လှ၏။

အခြားပန်းထိမ်ဆရာများ ပြုလုပ်နိုင်စွမ်းရှိကြပေ။ ဆံထိုးများပြုလုပ်ရာ၌ ကျွမ်းကျင်သူများပင် ဆံထိုးတစ်ခုကို ငါးရက်ခန့်ကြာ ၏။ ရွှေထည်များကို အများအားဖြင့် အနီရောင် တင်ထားကြသည်။

လက်သမားအလုပ်ဖြင့် အသက်မွေးသူဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ အိမ်များ၊ တဲများ ဆောက်တော့မည်ဆိုပါက မိသားစု စိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းဆောက်လုပ်ကြသည်။

No comments:

Post a Comment