အင်း။ သေခြင်း (၄)မျိုးကတော့
၁။ အသက်ကုန်၍ သေခြင်း။ ဥပမာ- မီးဇာကုန်၍ မီးခွက်ငြိမ်းသလို သေရမည့် သက်တမ်းကုန်၍ သေခြင်း။
၂။ ကံတရားကုန်၍ သေခြင်း။ ဥပမာ- မီးခွက်တွင်းရှိ ဆီကုန်၍ မီးခွက်ငြိမ်းသလို မိမိ၏ ရှေးကုသိုလ် ကံသည် ဤအရွယ်လောက် နေရမည့်ကံပါ၍ သေဆုံးခြင်း။
၃။ အသက်ရော ကံတရားရောကုန်၍ သေခြင်း။ ဥပမာ- မီးခွက်တွင်းရှိ ဆီရော မီးဇာရော နှစ်ပါးလုံး ကုန်၍ မီးခွက်ငြိမ်းသလို လူတို့သက်တမ်းကလည်း ဤမျှလောက်ပဲ နောက်ဆုံး သက်တမ်းဖြစ်၍ လည်းကောင်း မိမိ၌ပါလာသော ကံတရားကလည်း ဤမျှနဲ့ပဲ နိဂုံးသတ်ရန် အချိန် ကျရောက်လာသောကြောင့် လည်းကောင်း သေခြင်း။
၎။ လူတို့သက်တမ်းလည်း မပြည့်သေး၊ ကံတရားကလည်း အသက်ရှည်ရန် ရှိနေပါသော်လည်း မိမိ၏ ဘ၀ပေါင်းများစွာ၌ တစ်ခုခုသောဘ၀မှာ သူတစ်ပါးကို မထင်မှတ်ဘဲ သတ်ခြင်းစတဲ့ ဥပစ္ဆေဒကကံရှိနေ၍ ရုတ်တရက် ကားတိုက်ခြင်းစသည့် သေဆုံးခြင်းမျိုးဖြင့် သေခြင်း။ ဥပမာ- မီးခွက်၌ မီးဇာရော ဆီပါရှိနေသော်လည်း အပြင်က ရုတ်တရက်တိုက်လာသော လေကြောင့် မီးခွက်ငြိမ်းသွားသလို မိမိ၌ လူသက်တမ်းလည်း မပြည့်သေး၊ ကံတရားကလည်း မကုန်သေးဘဲ ရုတ်တရက်ကပ်၍ဖြတ်ကာ သေစေ တတ်သော ကားတိုက်းခြင်း၊ ကားမှောက်ခြင်း၊ ဓါးထိုးခံရခြင်းစသည့် မထင်မှတ်ဘဲ ရုတ်တရက်သေခြင်းမျိုးဖြင့် သေဆုံးခြင်းဟူ၍ သေခြင်း(၄)မျိုး ရှိပေသည်။
ထိုတွင် နံပါတ်(၁)သည် လူတို့ (၇၅)နှစ် သက်တမ်း၌ မွေးဖွားလာလျှင် (၇၅)နှစ်ပြည့်၍ သေခြင်း။ နံပါတ်(၂)သည် သက်တမ်း(၇၅)နှစ်တွင် မွေးဖွားပါသော်လည်း မိမိ၏ ရှေးကုသိုလ်ကံ နည်းပါးမှုကြောင့် မိမိကံတရားကပါလာသည့်အချိန်ရောက်လျှင် သေခြင်း။ နံပါတ်(၃)သည် သက်တမ်းကလည်း (၇၅)နှစ်ပြည့်၊ ကံတရားကလည်း ဒီချိန်သေရမည့်ကံပါလာ၍ သေခြင်း။ နံပါတ်(၄)သည် မိမိ၏ ရှေးရှေးသော ဘ၀ပေါင်းများစွာက ဥပစ္ဆေဒကကံကြောင့် ရုတ်တရက်မထင်မှတ်ဘဲ သေခြင်းတို့ပင် ဖြစ်ပေသည်။
တကယ်တော့ မိမိကိုယ်ကို သတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံရမည်ဟု မြတ်စွာဘုရားရှင်က တိုက်ရိုက်ဟောထားခြင်း မတွေ့ရပေ။ သို့သော် ရခဲ့လှစွာသော ကုသိုလ်ကောင်းမှု ပြုလုပ်၍ အကောင်းဆုံးဖြစ်သော လူ့ဘ၀လေးကို ရရှိလာတဲ့အချိန်မှာ လူ့ဘ၀ကို လွယ်လွယ်ကူကူနဲ့ အဆုံးမသတ်ကြဖို့ရန် ရှေးရှေးလူတွေက ထွင်၍ပြောခဲ့ခြင်း ဖြစ်နိုင်ပေသည်။
လူ့ဘ၀သည် အလွန်တရာမှ ရခဲလှပါသည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင်က လူ့ဘ၀ကို ရဖို့ရာမှာ ဗြဟ္မာ့ပြည်က အပ်တစ်ချောင်း အောက်ကိုချလိုက်လျှင် မြေကြီးပေါ်မှာ ထောင်ထားသော အပ်နှင့်ဗြဟ္မာပြည်က ကျလာသောအပ်တို့ ထိပ်တိုက်ထိဖို့ရန်ကမှ လွယ်ပေအုန်းမည်၊ ဖြစ်နိုင်ပေအုန်းမည်။ လူ့ဘ၀ကို ရဖို့ရန်သည် ထိုထက် ခဲယဉ်းလှသည်ဟု မိန့်တော်မူခဲ့ပါသည်။
တစ်ခါ မြတ်စွာဘုရားရှင်က လူ့ဘ၀ကနေ လူပြန်ဖြစ်သော သတ္တ၀ါနှင့်အပါယ်ဘုံသို့ ကျရောက်သတ္တ၀ါ မည်သူက များသနည်းဆိုသည့် ပြဿနာကို ကမ္ဘာမြေပေါ်၌ရှိသော သဲများနှင့် မြတ်ဗုဒ္ဓ၏လက်ဝါးပေါ်၌ရှိသော သဲအရေအတွက်နဲ့ နှိုင်းယှဉ်ပြခဲ့ပါသည်။ လက်ဝါးပေါ်မှာရှိသော သဲများက လူ့ဘ၀ကနေသေပြီး လူပြန်ဖြစ်တဲ့သတ္တ၀ါတဲ့။ ကျန်တဲ့မြေကြီးပေါ်မှာရှိတဲ့ သဲများကတော့ လူ့ဘ၀ကနေသေပြီး အပါယ်ဘုံသို့ ဖြစ်ကြတဲ့သတ္တ၀ါများဖြစ်သည်ဟု မိန့်ခဲ့ပါသည်။
ထို့ပြင် စဉ်းစားကြည့်လျှင် လူ့ဘ၀၏ ရခဲပုံကို သိနိုင်ပေလိမ့်မည်။ မိမိ၏ ပတ်ဝန်းကျင်မှာရှိသော တိရစ္ဆာန်များနှင့်လူများကို နှိုင်းယှဉ်ကြည့်လျှင် မည်သူက ပိုများသနည်း၊ လူ့ဘ၀ကိုရဖို့ရန် မည်မျှခက်ခဲသနည်းဆိုတာကို သိနိုင်ပေလိမ့်မည်။ အပါယ်(၄)ဘုံဖြစ်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုသည့် (၄)ဘုံထဲမှ ကျန်သည့်(၃)ဘုံကို အသာထားပါ။ တိရစ္ဆာန်ဘုံနှင့်လူ့ဘုံနှိုင်းယှဉ်ကြည့်လျှင်ပင် ဘယ်ဘုံက ရရှိဖို့ရန် ခဲယဉ်းသည်ကို သိနိုင်ပေသည်။
တိရစ္ဆာန်ဘုံတောင်မှ မြစ်ပင်လယ်ချောင်းများ၌ရှိနေသော တိရစ္ဆာန်တွေ တောတောင်များနေသော တိရစ္ဆာန်တွေကို မကြည့်ပါနဲ့အုန်း။ မိမိတို့နေ့စဉ်မြင်တွေ့ နေရသည့် ခြင်၊ ယင်၊ ပုရွက်ဆိတ်စသည့် တိရစ္ဆာန်များနဲ့ လူသားတို့ နှိုင်းယှဉ်ကြည့်လျှင်ပင် လူ့ဘ၀ကရဖို့ရန် ပို၍ခက်ခဲလှပါသည်။ သို့ဖြစ်၍ ရခဲလှတဲ့လူ့ဘ၀လေးရလာတဲ့အခါမှာ မိမိကိုယ်ကို သတ်သေသောသူသည် အဘယ်မျှလောက် မိုက်မဲမည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပါလိမ့်မည်။
၎င်းပြင် လူ့ဘုံသည် အခြားသောဘုံတွေထက် ကောင်းမှုပြုရန် ပို၍လွယ်ကူသော ကြောင့် ဘုရားလောင်းများသည်ပင် လူ့ဘ၀ရရှိတဲ့အချိန်များ၌ ပါရမီများကို ဖြည့်ကျင့်ရပေသည်။ လူ့ဘ၀သည် ကောင်းမှုကုသိုလ်ပြုလုပ်၍ ထိပ်ဆုံးရောက်အောင် လုပ်နိုင်သလို မကောင်းမှုအကုသိုလ်လုပ်၍ အောက်ဆုံးအထိရောက်အောင် ပြုလုပ်နိုင်သော ဘုံဘ၀ဖြစ်ပေသည်။
ထို့ကြောင့် မိမိကိုယ်ကို သတ်မသေကြရန်အတွက် မိမိကိုယ်ကိုသတ်သေရင် အဖန်ငါးရာငါးကမ္ဘာခံရသည်ဟု ရှေးလူကြီးများက ပြောခဲ့ကြခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ ရခဲလှစွာသော လူ့ဘ၀လေးမှာ ပြုလုပ်သင့်သည် ကောင်းမှုများကို နေ့စဉ်ပြုလုပ်ကာ တန်ဖိုးရှိတဲ့လူ့ဘ၀မှာ တန်ဖိုးရှိသောလူ့တစ်ယောက်ဖြစ်ကာ တန်ဖိုးရှိသောလူ့ဘ၀ကို အသုံးချနိုင်အောင် ကြိုးစားကြရန် အထူးအထူးပင် လိုအပ်ပါပေသည်။
No comments:
Post a Comment