........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 8, 2012

သုံးချက်သိမှာတတိယာ(အာနာပါနသမထဘာဝနာအဆက်)


ယောဂီပုဂ္ဂိုလ်သည် မိမိရရှိခဲ့သော အလင်းနိမိတ်ကို ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့စေလျှက် ထွက်လေ၊ ၀င်လေကို ဖြစ်စေ၍ အားထုတ်ရခြင်းသည် တတိယအဆင့် အာနာပါနအားထုတ်နည်းပင် ဖြစ်ပါသည်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးကလည်း ဤအဆင့်ကို “လုံးစုံလင်းရာ တ-၌သာ”ဟု မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်ပါသည်။
ဖော်ပြပါ ရုပ်ပုံနံပါတ် ၁၇-ပုံတွင် ပြဆိုထားသည့်အတိုင်း ဗဟိဒ္ဓနည်းဖြင့် နိမိတ်စားရပုံကို ပြဆိုပါမည်။ ဤနည်းဖြင့် ခန္ဓာကိုယ်ကို မိမိရရှိခဲ့ပြီးသော အဿာသပဿာသပဋိဘာဂအလင်းနိမိတ်ဖြင့် ကျေသုံးပျောက်ပျက်ခြင်းဖြစ်အောင် စားရခြင်းသည် ငါးဆင့်မြောက်ဝိပဿနာအားထုတ်ရာတွင် အကျိုးကျေးဇူးအလွန်များသည်။ နိမိတ်စားခြင်းသည် ၀ိပဿနာသို့ဆိုက်အောင် အားထုတ်မည့်ယောဂီအတွက် အလွန်ကို အရေးကြီးပါသည်။ မိမိ၏ခန္ဓာကိုယ်တစ်ခုလုံး သုညတသဘောဆိုက်ကာ ကွယ်ပျောက်သွားသည့်တိုင်အောင် နိမိတ်နှင့်တိုက်ဖျက်ပစ်ခြင်းကို နိမိတ်စားသည်ဟု ဆိုရပါသည်။ ထိုနိမိတ်စားခြင်းမှာလည်း ဒေါင်လိုက်စားနည်း၊ အလျားလိုက်ကန့်လန့်စားနည်းဟု နှစ်မျိုးရှိသည်။
နံပါတ် ၁၇-ရုပ်ပုံသည် ဒေါင်လိုက်စားနည်းအစကို ပြသထားခြင်းဖြစ်သည်။ အားထုတ်ရမည့်အစီအစဉ်မှာ နိမိတ်ကို လက်ညှိုးခန့်အတုတ်ကိုဖြစ်စေပြီး မိမိ၏ ငယ်ထိပ်တည့်တည့်မှ အရှည် ၆-တောင်ခန့် မှုတ်လေနှင့်မှုတ်၍ ထုတ်လိုက်ရမည်။ ထွက်လေမဆုံးမီ မိမိ၏ငယ်ထိပ်တည့်တည့်မှ ဖန်မီးချောင်းကြီး ဒေါင်လိုက်စိုက်ထားသကဲ့သို့ တလက်လက်တထိန်ထိန် ထွန်းလင်းတောက်ပနေပေလိမ့်မည်။ အစွမ်းကုန် လင်းပြီး အရောင်များတောက်ပနေပါစေ။ စေ ၈-ချက်ပိုင်လျှင် အလွန်လွယ်ကူပါသည်။

နံပါတ် ၁၈-ရုပ်ပုံသည် နံပါတ် ၁၇-တွင်ပြခဲ့သော လက်ညှိုးခန့်နိမိတ်ကို ရာဝင်အိုးကြီးခန့် (ကြီးစေ အားထုတ်နည်းအတိုင်း) အကြီးချဲ့ရပုံကို ပြသထားခြင်း ဖြစ်ပါသည်။ အကြီးချဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်ကြီးကို အလင်းနိမိတ်ဖြင့် တိုက်ဖျက်ရာတွင် တစ်ကိုယ်လုံးကို လွယ်လွယ်နှင့် ငုံမိစေရန် ဖြစ်ပါသည်။ အရှည် ၆-တောင်ခန့်သာ ထားရခြင်းမှာလည်း အထက်အောက် ဆွဲချ၊ ဆွဲတင်ပြုလုပ်အားထုတ်သောအခါ ထုတ်လေ၊ မှုတ်လေတို့နှင့် မြန်မြန်ကိုက်မိစေရန် မပင်ပန်းစေရန်သာ ဖြစ်ပါသည်။
နံပါတ် ၁၈-ပုံအတိုင်း ချဲ့ပြီးသောအလင်းနိမိတ်ကြီးသည် မိမိ၏ဦးခေါင်းပေါ်တွင် အလွန်လင်းသောပြာသာဒ်ကြီးကို ရွက်ထားသကဲ့သို့လည်းကောင်း၊ မီးကြည်တိုင်ကြီးကို ရွက်နေရသကဲ့သို့လည်းကောင်း၊ ဦးခေါင်းပေါ်တွင် မီးတိုင်မီးတောင်ကြီး ရှိနေသကဲ့သို့လည်းကောင်း ထင်မြင်ပေလိမ့်မည်။
နံပါတ် ၁၇၊ ၁၈-ပုံများအတိုင်း နိမိတ်ထုတ်ရခြင်း၊ အကျယ်ချဲ့ပေးရခြင်းတို့မှာ ထုတ်လေတစ်မျိုးတည်းနှင့်သာ ထုတ်ရချဲ့ရပေသည်။ ထိုသို့ထုတ်၍ထားသောနိမိတ်ကို အကျယ်ချဲ့ရာ၌လည်း ရာဝင်အိုးခန့်ထုတ်သော နိမိတ်ကြီးတစ်ခုလုံးကို အရောင်အလင်းညီမျှအောင် သတိပြုအားထုတ်ရမည်။ မလင်းသေးလျှင်လည်း လင်းလာအောင် စိတ်ကပြုပြင်ဖန်တီး၍ အားထုတ်နိုင်သည်။ မှိန်မှိန်မှေးမှေးသာဖြစ်နေသေးသော အာရုံနိမိတ်များနှင့် မရှုမှတ်ရ။ လင်းအောင်အားထုတ်ပြီးမှသာ ညွှန်ကြားချက်အတိုင်း အားထုတ်ရမည်။ လိုအပ်သောအတိုင်းအတာရှိမှသာ အောက်ဖော်ပြပါ နံပါတ် ၁၉၊ ၂၀၊ ၂၁-ပုံများအတိုင်း အားထုတ်ရမည်။
အချို့ပရိယတ္တိသမား(စာပေသမား)များက ဤကဲ့သို့ နိမိတ်စားခြင်းသည် ဘုရားမဟော၊ ကျမ်းဂန်တွင် မပြ၊ အပိုအလုပ်များဟု ဆိုကြသည်။ သို့သော်လည်း ဘာဝေတဗ္ဗ၊ သမ္ဗန္ဓာဟာရ၊ ၀ိတက္ကာဟတဟု ကျယ်ဝန်းစွာ ဟောထားသောကြောင့် အပိုအလုပ်မဟုတ်၊ ၀ိပဿနာဉာဏ်အမြင် ကြည်လင်သန့်ရှင်းစေရန်နှင့် အထက်အထက်တက်နိုင်စေရန် ညွန်ပြအားထုတ်စေရခြင်း ဖြစ်ပါသည်။
ဤနိမိတ်စားရခြင်းနှင့် သုံးချက်ရှုရခြင်းတို့သည် သတောဒုက္ကရကာရီအဆင့်ဖြစ်သောကြောင့် သတိကို မြဲမြဲမြံမြံ ခိုင်ခိုင်မတ်မတ်ထားပြီး ငြိုငြင်စွာ အားထုတ်ရပါသည်။ အနီးကပ်ညွှန်ပြသူ ဆရာရှိမှသာ အဓိပ္ပာယ်ရှင်းလင်းလွယ်ကူပြီး အားထုတ်မှ ပို၍အဆင်ပြေနိုင်ပါသည်။ ဤကျမ်းတွင် ပြဆိုပြီး၊ ပြဆိုဆဲ၊ ပြဆိုလတံ့ဖြစ်သော ရုပ်ပုံများအရ လိုက်နာအားထုတ်နေခြင်းသည် ဘာဝနာပွားနေခြင်းပင် ဖြစ်ပါသည်။ အကြိမ်ကြိမ်အထပ်ထပ် အားထုတ်နိုင်လေလေ ဘာဝနာကုသိုလ်ရလေလေ ဖြစ်သည်။ တစ်နည်းအားဖြင့် အဓိစိတ္တမဂ္ဂင်၊ အဓိစိတ္တသိက္ခာအလုပ်ကို ကျင့်ဆောင်နေခြင်းလည်း ဖြစ်ပါသည်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင် ၆-ပါးကို ထူထောင်နေခြင်းဟုဆိုလည်း မမှားနိုင်ချေ။ ထိုအကျင့်ဖြင့် ယောဂီပုဂ္ဂိုလ်တို့၏သန္တာန်၌ ကုသိုလ်စိတ်တို့သည် လွန်ကြူးကုန်၏။ ထိုကဲ့သို့ လွန်ကဲသော ဘာဝနာကုသိုလ်ရှင်၊ သမာဓိရှင်ဖြစ်နေသော ယောဂီပုဂ္ဂိုလ်သည် စိတ်တန်ခိုးကြီးမားလှရကား မည်ကဲ့သို့ပွားများပွားများ ခဲခဲယဉ်းယဉ်း မရှိနိုင်တော့။ လွယ်လွယ်နှင့်သာ ပြီးမြောက်နိုင်ပေတော့သည်။
သို့ဖြစ်၍ ဖော်ပြပါ ၁၉၊ ၂၀၊ ၂၁-ရုပ်ပုံများအတိုင်း ရှိုက်လေနှင့်နိမိတ်ပါလာပုံ၊ အာရုံညွှတ်၍ရလာပုံများမှာ ၁၇၊ ၁၈-ပုံတို့တွင်ပြထားသည့်အတိုင်း အကြီးချဲ့ပြီးနောက်တစ်ဆက်တည်း ရှိုက်လေနှင့် မိမိအောက်သို့အရောက် ဆွဲပြီး သိမ်းလိုက်ရပုံများ ဖြစ်ပါသည်။ ဆွဲစ၊ ဆွဲလယ်၊ ဆွဲဆုံး၏နောက်တွင် နံပါတ် ၂၁-ပါပုံအတိုင်း အလင်းနိမိတ်က အောက်ကဖြစ်၍ နေပါလိမ့်မည်။
ထိုပုံများအတိုင်း ဆွဲချလိုက်ပြီးသောအခါ မီးလုံးကြီး မိမိ၏ကိုယ်ပေါ်သို့ ကျလာသကဲ့သို့လည်းကောင်း၊ သက်တံ့ကြီးကျလာသကဲ့သို့လည်းကောင်း။ ရေတံခွန်ကြီး ခန္ဓာကိုယ်ပေါ်သို့ ကျလာသကဲ့သို့လည်းကောင်း ထင်မြင်လာတတ်ပါသည်။ နံပါတ် ၂၁-ပုံပါအတိုင်း ဖန်ကြည်မှန်ကြည်တိုင်ကြီး၏အပေါ်တွင် ထိုင်နေရသကဲ့သို့ နိမိတ်၏အပေါ်တွင် ထိုင်နေရပုံကို ထင်မြင်လာပေလိမ့်မည်။
နံပါတ် ၁၈-ပုံအတိုင်း ချဲ့ပြီးသောနိမိတ်ကို ရှိုက်လေနှင့်တစ်ချက်တည်း နံပါတ် ၂၁-ပုံအတိုင်းပြီးသွားအောင် ဆွဲချလိုက်ရပါမည်။ အစတွင် ယောင်ဝါးဝါးဖြစ်နေတတ်ပါသည်။ သို့သော်လည်း သဘောပိုင်သောအခါ မုဆိုးစိုင်သင်ဆိုသကဲ့သို့ အကြိမ်များစွာအားထုတ်ဖန်များပြီး ကမ္မဋ္ဌာန်းပါးဝလာလျှင် အစဉ်ချောကာ အားထုတ်၍ အဆင်ပြေလာပါလိမ့်မည်။
တင်ပြသူ = အရှင်ကုသလသာမိ

အထက်တွင် ဖော်ပြခဲ့ပြီးသော နံပါတ် ၁၈-ပုံအတိုင်း အကျယ်ချဲ့ထားပြီးသော နိမိတ်အလင်းကြီးကို ရှိုက်လေနှင့်ဆွဲ၍ချရပုံကို ပြဆိုခဲ့ပေပြီ။ ယခုတစ်ဖန် ထုတ်လေနှင့် သူ့နေရာအထက်သို့ ပြန်ရောက်အောင် ဆွဲယူရပေဦးမည်။ အောက်ဖော်ပြပါ နံပါတ် ၂၂၊ ၂၃၊ ၂၄-ပုံများသည် မိမိအောက်သို့ရောက်နေသော အလင်းတုံးကြီးကို ထုတ်လေဖြင့် အထက်ပြန်ရောက်အောင် တင်ပို့ရပုံကို ပြထားခြင်းဖြစ်သည်။ ယောဂီ၏စိတ်က အလင်းတုံးကြီး ထုတ်လေနှင့်တစ်ကိုက်တည်း ရိပ်ရိပ်ရိပ်ရိပ်နှင့်တက်လာသည်ကို သိရပေလိမ့်မည်။ ထုတ်လေဆုံးလျှင် ၂၄-ပုံအတိုင်း နိမိတ်အလင်းကြီး မိမိ၏ဦးခေါင်းထိပ်သို့ ပြန်ရောက်လာတော့သည်။
ဤကဲ့သို့ ထုတ်လေနှင့်အထက်တက်၊ ရှုလေနှင့်အောက်ပြန်ဆင်းအောင် အားထုတ်ခြင်းအားဖြင့် မြန်မြန်အာရုံပြု၊ မြန်မြန်ရှုရှိုက်ကာ အားထုတ်ရမည်။ နိမိတ်အလင်းကြီးသည် မိမိ၏ကိုယ်ပေါ်၌ဖြတ်လျှက် တက်တုံသက်တုံ (တက်လိုက်ဆင်းလိုက်)ဖြစ်နေသည်ကို တွေ့လာပေလိမ့်မည်။ ကြာသောအခါ အထက် ၆-တောင်၊ အောက် ၆-တောင်အားဖြင့် နိမိတ်ဆက်မိကာ တစ်ဆက်တည်းဆက်နေသည်ဟု ထင်မြင်လာပေလိမ့်မည်။
ထိုအခါ မိမိ၏ခန္ဓာကိုယ်သည် အလင်းနိမိတ်ကြီး၏ အလယ်တွင် တဖြည်းဖြည်း မှေးမှိန်လာရလေသည်။ မှန်တိုင်ကြီး၏ အလယ်တွင်သွင်းထားသော ရွှေဆင်းတုလေးကဲ့သို့ မိမိကိုယ်ကို တွေ့မြင်လာပေလိမ့်မည်။ မီးစတစ်စကို ကိုင်၍ အထက်အောက်မြန်မြန် ရမ်းကြည့်သောအခါ မီးတန်းကြီးတစ်ဆက်တည်းဖြစ်နေသကဲ့သို့ မှုတ်လေထွက်သက်နှင့် အထက်ရောက်၊ ရှုလေ၀င်သက်နှင့်အောက်ရောက်အားဖြင့် ဖော်ပြလတံသော နံပါတ် ၂၅-ပုံအတိုင်း နိမိတ်ချင်းဆက်သွားသည်ကို သတိပြုနိုင်သည်။
အထူးအားဖြင့် နံပါတ် ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄-ပုံများမှာ ၆-မျိုးခွဲခြားပြီးပြသထားသော်လည်း အခိုက်အတန့်ကလေးအရသာ ဖြစ်ပါသည်။ ရှုလေတစ်ချက်တည်းနှင့် ၁၉၊ ၂၀၊ ၂၁ ပုံများ၊ ထုတ်လေတစ်ချက်တည်းနှင့် ၂၂၊ ၂၃၊ ၂၄-ပုံများ ဖြစ်သွားပေလိမ့်မည်။ အကြိမ်ကြိမ်သဘောပေါက်အောင် စဉ်းစားပြီးမှ ရှုမှတ်လျှင် ပို၍လွယ်ကူပေလိမ့်မည်။ အကျယ်ကို ရှုမှတ်လိုပါက အာနာပါနပါရဂူကျမ်းတွင် ကြည့်ရှုနိုင်ပါသည်။

ပြဆိုပြီးသည့်အတိုင်း အထက်အောင် အလင်းနိမိတ်ချင်း သန္တတိစပ်၍တစ်ချောင်းတည်း၊ တစ်ခုတည်းကဲ့သို့နေသောအခါ ခန္ဓာကိုယ်ပျောက်ကွယ်သွားရသည်ဟု ဆိုရာတွင် နံပါတ် ၂၅-ပုံကဲ့သို့ အလင်းတိုင်ကြီး၏အလယ်တွင် မိမိကိုယ်ကလေးတဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံး၌ ရိပ်ခနဲ ပျောက်ကွယ်သွားတတ်ပေသည်။ ထိုသို့ပျောက်ကွယ်ပြီးနောက် နံပါတ် ၂၆-ပုံအတိုင်း တဖျက်ဖျက်ဖြင့် သက်တုံတက်တုံဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ထိုသို့တဖြည်းဖြည်း သေးငယ်သွားပြီး ပျောက်ကွယ်သွားသည်ကို အာနာပါနပါရဂူကျမ်းတွင် အကျဉ်းပျောက်ဟူ၍ ပြဆိုထားပေသည်။ အကျဉ်းပျောက်ဟုဆိုသဖြင့် အကျယ်ပျောက်လည်း ရှိရပေမည်။ အကျယ်ပျောက်ဟူသည်မှာ - ပူဖောင်းကို မှုတ်လိုက်သောအခါ ပူဖောင်းသည် တဖြည်းဖြည်းကြီး၍ကြီး၍ နောက်ဆုံးတွင် ပေါက်ကွဲပျောက်ပျက်သွားပေသည်။ ထိုဥပမာကဲ့သို့ပင် တဖြည်းဖြည်း ကြီးလာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားရပေသည်။ ထိုကဲ့သို့ ကြီးလာပြီးပျောက်ပျက်သွားခြင်းကို အကျယ်ပျောက်ဟု ဆိုရပေသည်။
အထက်တွင် ဖော်ပြခဲ့သောနည်းများအတိုင်း အားထုတ်ရခြင်းမှာ ရည်ရွယ်ချက်များစွာ ရှိပါသည်။ မိမိအားထုတ်မှုအားကြီးသည်ထက် အားကြီးလာစေနိုင်သည်။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိမရှိကိုလည်း အကဲခတ်နိုင်ပါသည်။ ဤအဆင့်၌ပင် နိမိတ်ကို အဇ္ဈတ္တကာယသို့ သွတ်သွင်းရှုမှတ်သောအခါ တည်ငြိမ်သောသမာဓိရှိမရှိကိုလည်း စမ်းသပ်နိုင်ပါသည်။ ထို့အပြင် ရုပ်နာမ်တို့ကို ၀ိပဿနာဉာဏ်စိုက်၍ ရှုမှတ်လိုက်သောအခါ နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ရှုနိုင်စွမ်းရှိမရှိတို့ကိုလည်း ခန့်မှန်းသိနိုင်ပါသည်။ ထိုအကျိုးများကို ရည်ရွယ်၍ နိမိတ်စားခြင်းဖြင့် အားထုတ်စေရခြင်း ဖြစ်ပါသည်။
အထူးမှတ်ထားသင့်သည်မှာ အာနာပါနအလုပ်ကို ကျကျနနပြသသူ ဆရာမရှိဘဲ၊ အားထုတ်နည်းပြ ဤကဲ့သို့သောကျမ်းစာများကို မဖတ်ဖူးဘဲ စာတွေ့စိတ်ထင်နှင့် အားထုတ်လျှင် အချိုးကျကျ အဇ္ဈတ္တ၊ ဗဟိဒ္ဓရှုမှတ်နည်းများကို ပွားများအားထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ အားမထုတ်ဖူးပါကလည်း ဤကျမ်းတွင် ဖော်ပြထားသောရုပ်ပုံများ၏ သဘောသဘာဝကို သိမြင်နားလည်လိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။ ထိုသို့ နားမလည်သည့်အပြင် အကန်းကို အရုပ်ရေးပြသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ “အလကားဟာတွေပါ”ဟု မပြောကြလျှင် တော်သေး၏ဟု ဆိုရပေမည်။ ကိုယ်တွေ့ဒိဋ္ဌသိရှိကြရအောင် ဆရာနှင့် အမြန်ဆုံး သွားရောက်အားထုတ်ကြည့်စေလိုပါသည်။

နိမိတ်စားရပုံ နည်းတစ်နည်းကို ဆက်လက် ပြဆိုပါအုံးမည်။ အလျားကန့်လန့်စားနည်းဟု ခေါ်ပါသည်။ ပြဆိုခဲ့ပြီးသောနည်းမှာ အထက်နှင့်အောက် မုန့်ထောင်းသလို တိုက်ဖျက်ရသောကြောင့် ဒေါင်လိုက်စားနည်းဟု ခေါ်သည်။ အခုစားနည်းမှာ ကန့်လန့်လွှဆွဲသကဲ့သို့သော စားနည်းဖြစ်လေသည်။ ဤမျှသာထူးပါသည်။ အကျိုးသဘောကား အတူတူပင် ဖြစ်ပါသည်။
ဖော်ပြပါ နံပါတ် ၂၇-ပုံသည် ကန့်လန့်နိမိတ်စားရန် နားတစ်ဖက်မှ မှုတ်သောထွက်လေနှင့် နိမိတ်ထုတ်ထားရပုံကို ပြသထားခြင်းဖြစ်ပါသည်။ ထုတ်ပုံမှာ မှုတ်သောလေနှင့် ငါ၏နားတစ်ဖက်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့် လင်းလင်းနှင့် အဖျားညီညီထုတ်၍ ထားအံ့။ ထိုကဲ့သို့ ထုတ်လိုက်လျှင် ဖန်မီးချောင်းကြီး ခလုတ်ကို ဖွင့်ထားလိုက်သကဲ့သို့ လင်းခနဲ ပေါ်ထွက်လာပေလိမ့်မည်။ ပေါ်သည်ဆိုသော်လည်း ဦးစွာ စိတ်က ညွှတ်၍ ပေါ်ပေးရသည်။ စိတ်မညွှတ်ဘဲ နိမိတ်သက်သက်ကိုသာ အပြေးအပြန်စသည်ဖြင့် နိမိတ်ကစားလျှင် မရနိုင်ဟု အချို့ယောဂီများ ထင်မြင်နေတတ်ကြသည်။
အဓိစိတ္တ၊ စိတ္တ၀ိသုဒ္ဓိတို့၏သဘောကား ပြိုင်ဘက်မရှိသော တန်ခိုးသတ္တိရှိလေသည်။ ဤကဲ့သို့ ဥပစာရနိမိတ်သဘောကို မဆိုထားဘိ။ သာမန်စိတ်သည်ပင် စကြာဝဠာအနန္တကို မျက်တောင်တစ်ခတ်မျှနှင့် လှည့်ပတ်ကြည့်ရှုနိုင်လေသည်။ ဤကဲ့သို့ အဓိစိတ္တအလုပ်မျိုးကို အစိုးရသော ယောဂီအနေဖြင့် အဘယ်မှာ ရှုမှတ်၍ မရဘဲ ရှိနိုင်ပါမည်နည်း။ နေရာတကျ ရှုတတ်ဖို့သာ အရေးကြီးသော အချက်ဖြစ်ပါသည်။
ပုဏ္ဏကဘီလူးမင်း စီးနင်းသော အဿဓိုရ်နတ်မြင်းသည် အလွန်လျင်မြန်စွာ ပြေးသွားနိုင်ပေသည်။ ကောရပ္ပနတ်မင်းအား မြင်း၏အစွမ်းကို ပြ၏။ အဿဓိုရ်နတ်မြင်းတို့၏သဘောသည် အရှိန်ဖြင့်ပြေးသွားရာ၌ မီးစကို ကြိုးချည်၍ အားစိုက်ရမ်းသောအခါ မီးကလာပ်ချင်းဆက်စပ်လျှက် မီးဝိုင်းကြီးဖြစ်နေသည်ဟု ထင်မြင်ရသကဲ့သို့ မြင်းများအတန်းလိုက်ပြေးနေသည်ဟု ထင်မြင်လာရတတ်သည်။ အလွန်လျင်မြန်သော်လည်း အာရုံတစ်ခုနှင့်တစ်ခုပေါ်သို့ ကျော်၍ပြေးလွှားနေသော စိတ်၏လျင်မြန်ခြင်းကိုကား မမှီနိုင်။ လျင်မြန်သောအရာတို့တွင် စိတ်သည် တန်ခိုးအကြီးဆုံးနှင့် အလျင်မြန်ဆုံးဖြစ်ပေသည်။ စိတ်နှင့်တူသောလျင်မြန်ခြင်းဟူ၍ မရှိနိုင်ပေ။
တစ်နည်းအားဖြင့် သင်ဓုန်းဓားသွားတစ်ထောင်တပ်ဆင်ထားသော လျှပ်စစ်စက်ဝိုင်းအတွင်း၌ အရှိန်မပြတ်ဒရစပ်လည်နေစဉ် ဂုမ္ဘာန်နတ်ယောက်သည် ကျွမ်းဘားအကကို ကလျှက် ထိုသင်ဓုန်းဓားသွားတစ်ထောင်ကို လွတ်အောင် ကပြနိုင်၏။ အလွန်လျင်မြန်လှပေသည်။ ထို့ထက် စိတ်၏လျင်မြန်ခြင်းသည် ပို၍ လျင်မြန်သည်။ စိတ်သည်လည်း ထိုစက်ဝိုင်းအတွင်း၌ အလှည့်ခိုင်းလျှင် ဂုမ္ဘာန်နတ်၏ကျွမ်းဘားအကနှင့်သော်လည်းကောင်း၊ သင်ဓုန်းဓားသွားတစ်ထောင်နှင့်လည်းကောင်း ဘာနှင့်မျှ မထိရအောင် ပြေးနိုင်ရှောင်တိမ်းနိုင်သော အစွမ်းသတ္တိရှိပါသည်။

ဤမျှတန်ခိုးကြီးလှသော ယောဂီ၏စိတ်ဖြင့် နံပါတ် ၂၈-ပုံတွင် ပြသထားသော လက်ညှိုးခန့်အကျယ်ချဲ့ရန်၊ နိမိတ်စားရန် ခက်ခဲတော့မည် မဟုတ်ပေ။ ထိုမျှလောက်တန်ခိုးသတ္တိရှိသော သမ္မာသမာဓိစိတ်ရှိပါလျှက် အားထုတ်၍မရဟုဆိုလျှင် ခြောက်လုံးပြူးသေနတ်ကိုင်ထားသူကို သားရေလေးဂွနှင့်လူက ပစ်သတ်၍သေရသောသူဥပမာကဲ့သို့ ထိုယောဂီထက်ညံ့သောသူ ဘယ်မှာရှာ၍ တွေ့ပါတော့အံ့နည်း။

အထက်တွင် ဖော်ပြထားသော ရုပ်ပုံနံပါတ် ၂၉၊ ၃၀၊ ၃၁-ပုံတို့သည် ရုပ်ပုံနံပါတ် ၂၇၊ ၂၈-ပုံတို့တွင် ထွက်လေနှင့်မှုတ်ထား၊ ချဲ့ကားထားသော တစ်ဘက်နားအပြင်ဘက်ရှိ အလင်းနိမိတ်တုံးကြီးကို ရှုလေ၊ ရှိုက်လေတို့နှင့်ဆွဲယူလိုက်ပြီး ကျန်နားတစ်ဘက်တွင် တည်လာပုံကို ပြဆိုထားခြင်း ဖြစ်ပါသည်။ တစ်ဖန် ထုတ်သောလေနှင့် တစ်ဘက်နား၊ ရှိုက်သောလေနှင့်တစ်ဘက်နားအားဖြင့် ထုတ်ချည်မှုတ်ချည် အပြန်အပြန်အလှန်လှန် တရစပ်ကြိုးစားအားထုတ်ရမည်။ အလင်းနိမိတ်တုံးကြီးသည် လှေများလွန်းထိုးပြေးသွားနေသကဲ့သို့ ပြေးချည်ပြန်ချည် အရောက်တလက်လက်၊ တဖျပ်ဖျပ် တရိပ်ရိပ်၊ ဟိုဘက်ဒီဘက် ကူးသန်းနေပါလိမ့်မည်။
ဥပမာအားဖြင့် ပုခုံးအထက်တွင် ကန့်လန့်ဖြတ် မီးရဲနေသောသံတုံးကြီးနှင့် ဆောင့်နေ တိုက်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ တစ်နည်းအားဖြင့် အရောင်လင်းသော တိမ်တိုက်ကြီး တိမ်လုံးကြီး အုပ်ဖုံး၍ အုပ်ဖုံး၍သွားသော လ၀န်းနေ၀န်းကြီးများပမာ မိမိ၏ဦးခေါင်းပေါ်သို့ အလင်းတုံးကြီး အုပ်ဖုံးပြီး ပျောက်၍ပျောက်၍ နေရှာပေလိမ့်မည်။ မီးစကို ကန့်လန့်အနေအထားဖြင့် မြန်မြန်ရမ်းလျှင် မီးတန်းကြီးတစ်ဆက်တည်း မြင်ရထင်ရသကဲ့သို့ နိမိတ်ကြီး ဆက်လာပေလိမ့်မည်။
အကယ်၍ နိမိတ်တုံးကြီး လိုသလောက် အလင်းကို မရလျှင် နေပူပူတွင် မှန်ထောင်ပြီး ကြည့်ပါ။ မကြည့်ရဲလောက်အောင်သောအလင်းကို တွေ့ရပေလိမ့်မည်။ နောက် မျက်စိကိုမှတ်၍ အဆိုပါ အလင်းမျိုး ငါ၏နိမိတ်လင်းစေရမည်ဟု စိတ်ကမှန်း၍ အားထုတ်ပေးရမည်။ အချို့ယောဂီများသည် အားထုတ်ရင်းအားထုတ်ရင်း မှိတ်ထားသောမျက်စိမှ မျက်ရည်များ စီးကျလာတတ်သည်။ အဘယ်ကြောင့်ဟု မေးသောအခါ မိမိအားထုတ်လိုက်သောနိမိတ်က မျက်စိစူးလို့ပါဟု ဖြေတတ်ကြသည်။ အဆိုပါနိမိတ်မျိုးကား အတိုင်းထက်အလွန် လင်းလှပေသည်။
အထက်ပါနည်းအတိုင်း အားထုတ်သောအခါ ရုပ်ပုံနံပါတ် ၂၉၊ ၃၀၊ ၃၁-ပုံများအတိုင်း အလင်းနိမိတ်တန်းကြီး တစ်ဆက်တည်းကဲ့သို့ ဖြစ်လာပေလိမ့်မည်။ အစပထမတွင် ဦးခေါင်းအလယ်၌ ရေးရေးသာမြင်ရသော်လည်း နောက်ပိုင်းတွင် ရုပ်ပုံနံပါတ် ၃၂-အတိုင်း ဦးခေါင်းပြတ်လျှက် ပခုံးနှစ်ဘက်ပေါ်တွင် ဖန်ကြည်မှန်ကြည်တုံးကြီး တင်ထားသကဲ့သို့ ထင်မြင်လာပေလိမ့်မည်။
နောက်တစ်ဖန် အလင်းတုံးကြီးကို ခါးက အထက်ပိုင်း တဲ့တဲ့ချိန်လျှက် တစ်ဖန်ထုတ်လေ၊ ရှူလေတို့နှင့် ဆွဲပြန်တွန်းပြန်သဖြင့် အထက်တွင် ပြထားသည့်အတိုင်း နိမိတ်ဆက်မိသောအခါ တင်ပလ္လင်ခွေအပြတ်ကြီးသာ ကန်တော့လျှက် ထိုတင်ပလ္လင်ခွေ၏အထက်တွင် ဖန်တုံးကြီးတင်ထားသကဲ့သို့ ရုပ်ပုံနံပါတ် ၃၃-အတိုင်း မြင်လာပေလိမ့်မည်။
ထို့နောက် ကျန်အပြတ်ကြီးကို ဆက်လက်တိုက်ဖျက်ပါက နံပါတ် ၃၄-တွင်ပြထားသည့်အတိုင်း တစ်ကိုယ်လုံးပျောက်လျှက် အလင်းတုံးကြီးသာ ကျန်နေပေတော့မည်။ ဤကား ၀ိပဿနာသို့ ဆက်လက်ရှုမှတ်ပွားများလိုသော ယောဂီများအတွက် အလွန်အကျိုးများသော နိမိတ်စားနည်းတို့ ဖြစ်ပါသည်။ ဤနည်းကို အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ ကာယေ ကာယာနုပဿီ ဟူသောပါဠိတော်အရ ဗဟိဒ္ဓသုံးချက်ရှုနည်းပင် ဖြစ်ပါသည်။ အဇ္ဈတ္တသုံးချက်ရှုနည်းမှာ နောက်တွင် ထင်ရှားပါလိမ့်မည်။

ခန္ဓာကိုယ်ပြင်ပအားဖြင့် နိမိတ်စားရခြင်း၊ အာရုံနိမိတ်အဆုံးအပိုင်းအခြားမရှိ လွှတ်ရခြင်းဟူသော ဗဟိဒ္ဓသုံးချက်ရှုနည်းများကို သိရှိခဲ့ရပြီးဖြစ်သည်။ ယခုအခါ အဇ္ဈတ္တအတွင်းသက်သက်အားဖြင့် သုံးချက်ရပုံ၊ ပဋိဘာဂနိမိတ်သွင်းထုတ်ရပုံကို ပြဆိုပါဦးမည်။
အထက်တွင်ဖော်ပြထားသော နံပါတ် ၃၅-ပုံသည် ယောဂီ၏နိမိတ်ကို အဇ္ဈတ္တဖြစ်သော မိမိ၏၀မ်းခေါင်းအတွင်းသို့ သွင်းရန်ပြသထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အစအလယ်အဆုံးသတ်မှတ်ထားသောလေတို့၏ သက်ချည်တက်ချည်ဖြစ်နေပုံကို ပြသထားခြင်း ဖြစ်ပါသည်။ နံပါတ် ၁၇-တွင်ပြသထားသကဲ့သို့ပင် ဖြစ်သည်။ ဤ၌ ထူးသည်မှာ မှုတ်သောလေနှင့် မိမိ၏ငယ်ထိပ်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့်မှတ်ပြီး ထုတ်ရမည်။ ပြီးလျှင် အလွန်လင်းအောင် ပြုလုပ်ရမည်။ အကျယ်ချဲ့ပြောရန် လိုတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှိုက်သောလေနှင့် ၀မ်းဗိုက်အတွင်းသို့ ရှုသွင်းရန်ဖြစ်သောကြောင့် ဖြစ်ပါသည်။
နံပါတ် ၃၆-ပုံကို အသေအချာ စဉ်းစဉ်းစားစား သဘောပေါက်အောင် တရားကွက်ပိုင်အောင် အထပ်ထပ် ဖတ်၊ အထပ်ထပ် ကြံစည်စဉ်းစားဖို့ လိုပါသည်။ သို့မှသာ အခက်အခဲမရှိ ဖြစ်ပါလိမ့်မည်။ အဇ္ဈတ္တသုံးချက်ရှုမှတ်ကြရာတွင် အချို့ယောဂီများမှာ မျက်စိကို အသုံးပြုသဖြင့် အဇ္ဈတ္တမဖြစ်ဘဲ ဗဟိဒ္ဓဖြစ်နေတတ်ကြပါသည်။ အာရုံမှန်မှန်နှင့်အတွင်းဘက်ဖြစ်ရန်ကား နောက်ကျောဘက်မှ ရှုမှတ်က လွယ်လွယ်ကူကူဖြင့် အတွင်းသဘောမှန်ကန်အောင် ရှုမှတ်နိုင်ပေလိမ့်မည်။ သို့အတွက်ကြောင့် ကျောဘက်မှ ရှုမှတ်ပုံကို ပြသထားခြင်း ဖြစ်ပါသည်။ အားထုတ်တိုင်း အားထုတ်တိုင်း မိမိတို့၏ စိတ်ကလေးကို နောက်ကျောဘက်မှသာ စိတ်ကို ထား၍ ရှုမှတ်ကြပါလေ။
အားထုတ်ရှုမှတ်ရပုံမှာ ၃၅-ပုံတွင် ထုတ်လေနှင့်ထုတ်ထားခဲ့ပြီးသော အလင်းနိမိတ်ကို ၃၆-ပုံတွင် ငယ်ထိပ်မှမြားလမ်းအတိုင်း ရှိုက်သောလေနှင့် ရှိုက်လိုက်ရမည်။ ၀င်လေဆုံးသောအခါ ချက်နှင့်တဲ့တဲ့ဖြစ်သော ၀မ်းခေါင်းကြီးထဲတွင် အရောင်များ တလဲ့လဲ့ဖြာထွက်လျှက် သံပရာသီးလုံးခန့်၊ လိမ္မော်သီးလုံးခန့် ပဋိဘာဂနိမိတ်အလုံးကြီး ကွန့်မြူးစမ္ပာယ်နေသည်ကို ထင်ရှားစွာ တွေ့မြင်ရပေလိမ့်မည်။
ထိုကဲ့သို့ အဇ္ဈတ္တသို့ ရှိုက်၍ဆွဲချလိုက်ရာတွင် ၃၅-ပုံအတိုင်း ထုတ်၍ထားသောအလင်းချောင်းသည် ပုတိုလျှက်ဝင်သွားသည်ကို ပုလင်းဖြူဖြူကြီးထဲ ပြဒါးရေများ လောင်းချလိုက်သောအခါ မြင်တွေ့ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ချက်အရပ်တည့်တည့်တွင် အဘယ့်ကြောင့် တည်ရသနည်းဟုဆိုလျှင် ၀င်လေသည် နှာသီးဝမှစပြီး ရင်လယ်ကို ဗဟိုပြုကာ ချက်အရပ်တွင် လေအဆုံးသတ်သောကြောင့် ဖြစ်လေသည်။ အလုံးမှိန်မှိန်နှင့်ရှုလျှင် စိတ်ကြည်လင်မှု မဖြစ်နိုင်သောကြောင့် အလွန်လင်းအောင် အားထုတ်ရပါမည်။
ထှို့နောက် နံပါတ် ၃၆-တွင် ပြခဲ့သည်အတိုင်း ရှုမှတ်ပြီး လေဆုံးရာအရပ် ချက်တည့်တည့်တွင် အလင်းနိမိတ် ထွန်းပနေပုံကို သိခဲ့ရပြီ။ ယခုအခါတွင် အဆိုပါ ချက်အရပ်မှာ တည်နေသောအလင်းနိမိတ်ကို ပြန်ထုတ်ရပုံကို ပြလို၍ နံပါတ် ၃၇၊ ၃၈-ပုံများကို ပြရပြန်လေသည်။ အထူးမှတ်ရန်မှာ ၀င်လေသည် နှာသီးဝအစ၊ ရင်အလယ်၊ ချက်အဆုံး။ တစ်ဖန် ထွက်လေသည် ချက်အစ၊ ရင်အလယ်၊ နှာသီးဝအဆုံးဟု သိထားရမည်။ အတွင်းရှုနည်းဖြင့် ရှုရာတွင် အလင်းနိမိတ်ကို အပြင်ပသို့ မရောက်ရအောင် အထူးဂရုစိုက်ရမည်။ ၃၇-ပုံသည် ထွက်လေ၊ ၀င်လေတို့၏အလယ်ဖြစ်သော ရင်လယ်တွင် ထွန်းပနေပုံကို ပြသထားခြင်းဖြစ်သည်။ ၃၈-ပုံသည် ထွက်လေ၏အဆုံးဖြစ်သော နှာသီးဝတည့်တည့် လည်ချောင်းအခေါင်းတည့်တည့်တွင် ထွန်းပတည်နေပုံကို တွေ့မြင်ရပုံ ဖြစ်ပေသည်။
အချို့က ထိုကဲ့သို့ ရှုမှတ်ရာတွင် ပကတိလေကိုသာ ရှုမှတ်ရမည်ဟု ဆိုတတ်ကြသည်။ အမှန်အားဖြင့် ပကတိလေကို ရှုမှတ်၍ မရ။ လေနှင့်အတူတကွ ဖြစ်ပေါ်လာသော အလင်းပဋိဘာဂနိမိတ်ကိုသာ သုံးချက်ရှု၍ ဖြစ်နိုင်သည်။ ထိုကဲ့သို့ ရှုမှတ်ရာတွင် ….
၁။ အစတစ်ချက်ကိုသာ မြင်သော အာဒိလဒ္ဓပုဂ္ဂိုလ်
၂။ အလယ်တစ်ချက်ကိုသာ မြင်သော မဇ္စျေလဒ္ဓပုဂ္ဂိုလ်
၃။ အဆုံးတစ်ချက်ကိုသာ မြင်သော အန္တောလဒ္ဓပုဂ္ဂိုလ်
၎။ အစ၊ အလယ်၊ အဆုံး သုံးမျိုးလုံးကို မြင်သော တယောလဒ္ဓပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ထိုတွင် အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို မြင်သော တယောလဒ္ဓပုဂ္ဂိုလ်ဖြစ်အောင် ပွားများကြရပါမည်။

အထက်ပါ အားထုတ်နည်းတို့ကို သဘောပိုင်အောင် ဥပမာဖြင့် ပြဆိုပါဦးမည်။ သံပြားတစ်ချပ်တွင် လူရုပ်ပုံရေးထားပြီး ချက်နေရာတွင် (၃)လက်မခန့်အပေါက်ဝိုင်းတစ်ခု၊ ရင်ဘတ်အလယ်ကလည်း တစ်ခု၊ နှာခေါင်းပေါက်တည့်တည့်တွင် တစ်ခု သုံးပေါက် ဖောက်ထားပါ။ ပြီးလျှင် ကျောဘက်မှ မီးသီးတစ်လုံးကို အပေါက်များနှင့်တည့်တည့်ချိန်ပြီး ဖြည်းဖြည်းချင်း လျှောချပါ။ နှာခေါင်းပေါက်တည့်တည့်ရောက်လျှင် မိမိကြည့်နေသောဘက်က မြင်ရပေလိမ့်မည်။ မည်သည့်အပေါက်တွင် ရောက်နေသနည်းဟု မေးလျှင် နှာသီးတည့်တည့်ရောက်နေသည်ဟု ဖြေပေလိမ့်မည်။ ဆက်ပြီးလျှောချလျှင် ရင်ဘက်အပေါက်တည့်တည့်ရောက်လျှင် လင်းခနဲ မြင်ရပေလိမ့်မည်။ ဆက်ပြီးလျှောချလာသောအခါ ချက်ပေါက်တည့်တည့်သို့ရောက်သောအခါ လင်းခနဲ တစ်ခါမြင်ရပေလိမ့်မည်။ ထို့အတူပင် အလင်းနိမိတ် အစနှာသီးဖျား၊ အလယ်ရင်ဘက်နှင့် အဆုံးချက်သုံးဌာနလုံး ထင်ရှားလာအောင် အားထုတ်ရပါလိမ့်မည်။ အားထုတ်ခါစတွင် အခက်အခဲရှိနိုင်သော်လည်း အရှုကျင်လည်သွားသောအခါ လွယ်ကူစွာ ရှုမှတ်နိုင်ပါလိမ့်မည်။
အဇ္ဈတ္တသုံးချက်ရှုနည်းတွင် ဘုံကျဉ်းရှုနည်း၊ ဘုံလတ်ရှုနည်းနှင့် ဘုံကျယ်ရှုနည်းဟု သုံးမျိုးကွဲပြားသည်။ နှာသီးဝ၊ ရင်လယ်၊ ချက် သို့မဟုတ် ချက်၊ ရင်လယ်၊ နှာသီးဝဟု သုံးချက်ရှုရခြင်းသည် အကျဉ်းအားဖြင့်သာ ရှုရခြင်းဖြစ်၍ ဘုံကျဉ်းရှုနည်းမည်ပါသည်။
အထက်ဖော်ပြပါ နံပါတ် (၄၁) ရုပ်ပုံသည် ဘုံလတ်ရှုနည်းကို ပြဆိုထားပေသည်။ ဦးထိပ်၊ ရင်လယ်၊ ဒွါရ သို့မဟုတ် ဒွါရ၊ ရင်လယ်၊ ဦးထိပ်ဟူသော သုံးဌာနကို ရှုမှတ်ရသည်။
နံပါတ် (၄၂) ပုံမှာ ဘုံကျယ်ရှုနည်းကို ပြသထားသည်။ ဘုံကျယ်ရှုနည်းအရ သုံးဌာနမှာ ဦးထိပ်၊ ရင်လယ်၊ ခြေဖျားတို့ ဖြစ်သည်။ ဘုံကျယ်ရှုနည်းကို မတ်တပ်ရပ်၍လည်းကောင်း၊ ပက်လက်လှန်လျှက်လည်းကောင်း အားထုတ်ရသည်။
ဤနေရာတွင် ဥပဋ္ဌာနသုံးမျိုးကို သိသင့်ပါသည်။ ၎င်းတို့မှာ ….
၁။ မဏ္ဍလုပဋ္ဌာန
၂။ ဥပဎ္ဋုပဋ္ဌာန
၃။ သကလုပဋ္ဌာန တို့ဖြစ်ပါသည်။ ထို့တွင် ဘာဝနာအာရုံသန်လှသဖြင့် အားထုတ်ရှုမှတ်လေတိုင်း မိမိ၏ ၀မ်းခေါင်းအတွင်း၌ မှန်တိုင်ကြီးစိုက်ထူ၍ထားသကဲ့သို့ ထင်လာမူကား မဏ္ဍလုပဋ္ဌာနမည်၏။ ကိုယ်တစ်ပိုင်းတစ်ခြမ်းသာ ထင်လာလျှင် ဥပဎ္ဋုပဋ္ဌာနမည်၏။ တစ်ကိုယ်လုံးထင်လာမူကား ဥပဎ္ဋုပဋ္ဌာနမည်ပါသည်။
ဘုံကျယ်ရှုနည်းဆိုသည့်အတိုင်း မိမိတစ်ကိုယ်လုံး အင်္ဂါအစိတ်အပိုင်းတိုင်း၌ သုံးချက်သုံးချက် ရှုရပုံကို နံပါတ် (၄၃)ပုံကို ကြည့်သောအားဖြင့် ဉာဏ်ရှင်းစရာ ရှိလောက်ပေပြီ။ ထို့ကြောင့် ဤအဆင့်၌ “သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမိ၊ ပဿသိဿာမီတိ သိက္ခတိ = အလုံးစုံသော ခန္ဓာကိုယ်အတွင်း၌ အလိုလို လင်းစေလျှက် ထွက်လေကို ထုတ်အံ့၊ ၀င်လေကို သွင်းအံ့ဟူ၍ ကျင့်၏”ဟု ဟောတော်မူခြင်း ဖြစ်ပါသည်။
ပုံ (က)အတိုင်း ရှုမှတ်လိုလျှင် လက်ဖျား၊ လက်လယ်၊ လက်ရင်းဟု ၀င်လေသုံးချက် သို့မဟုတ် လက်ရင်း၊ လက်လယ်၊ လက်ဖျားဟု ထွက်လေသုံးချက် အပြန်ပြန်အလှန်လှန် ထုတ်ချည်သွင်းချည် ရှုမှတ်ရပါမည်။ ပုံ (ခ)အတိုင်း ရှုမှတ်လိုလျှင်လည်း ပြထားသည့်အတိုင်း ရှုမှတ်ပါ။ ပုံ (ဂ)အတိုင်း ရှုမှတ်လိုလျှင် ခြေဖျား၊ ခြေလယ်၊ ခြေရင်းဟု ၀င်လေသုံးချက်၊ ခြေရင်း၊ ခြေလယ်၊ ခြေဖျားဟု ထွက်လေသုံးချက်အားဖြင့် အပြန်ပြန်အလှန်လှန် ရှုမှတ်နိုင်ပါသည်။
ဆက်လက်ဖော်ပြပါမည်....

No comments:

Post a Comment