Sin ကို အပြစ် ဟု ဆိုကြသည်။ ယင်းမှ ဆက်၍ အပြစ်ဟူသည် အမှား အယွင်း ပြုမူ မိခြင်း ဟု နားလည် ကြသည်က များသည်။ အမှားလုပ်မိလျှင် အပြစ် ဖြစ်သည် ဟု ဆိုတတ်၏။ သို့ဆိုလျှင် မည်သည့် အရာ သည် အမှန် ဖြစ် ပါ သနည်း၊ အမှန် ကို မည်သို့ ပြုမူ ရပါမည် နည်း ဟု မေးခွန်း ပေါ်ပေါက် လာ ပါလိမ့် မည်။ အမှန် ဟူသည် အဘယ်နည်း ဟူသော မေးခွန်းဖြင့် – ဒဿန၊ ဝါဒ၊ အယူ အဆ များ – များစွာ ငြင်းခုံ ကြရသည့် အလျောက်၊ ယဉ်ကျေးမှု အစဉ် အလာ များ တစ်ခုနှင့် တစ်ခု ယှဉ်ပြိုင် တွန်းတိုက် ခဲ့ကြ ရသည်။
စင်စစ် Sin ၏ မူရင်း အဓိပ္ပာယ်မှာ အမှားပြုမိခြင်း မဟုတ်ပေ။ ၎င်း၏ မူရင်း ဇစ်မြစ် မှာ – To miss the mark – လွဲချော်ခဲ့ခြင်း (ဝါ) To be forgetfulness မေ့လျော့ ခဲ့ခြင်း သာ ဖြစ်၏။ အဘယ် အရာ ကို မေ့လျော့ ခဲ့ ပါ သနည်း ဆို လျှင် – မိမိ အဖြစ် ကို၊ မိမိ သန္တာန် ကို၊ မိမိ ဘဝ ကို မေ့လျော့ ပြု မူ မိခြင်း ဖြစ် သည်။ ထို့ကြောင့် Sin ကို အပြစ်ဟု ဆိုပါလျှင် မေ့လျော့ခြင်း သည် သာ အပြစ် ဖြစ် သည်။ ဒေါသ ရှိနေ သူ၊ လောဘ ရှိနေသူ၊ မာန်မာန တက်နေသူ စသဖြင့် တို့ အဖြစ် ကို စောင့်ကြည့်နိုင် ပါလျှင် – ယင်း သို့ ဒေါသ၊ လောဘ၊ မာန် မာန ရှိနေသည့် ခဏ၌ မိမိ အဖြစ် ကို မိမိ တို့ မေ့လျော့နေ မိခြင်းသာ ဖြစ် သည်။ ယင်း မေ့လျော့မှု ကြောင့်သာ ပြစ်မှု အစဉ်အဆက် တို့ ဆက်လက် ပေါ်ပေါက် ကြသည် ချည်း ဖြစ်၏။
အသူရာ၊ သေရည်သည်လည်းကောင်း၊ အသူရာ သေရည်ကဲ့သို့ ယစ်မူးစေ သည့် (ဝါ) မေ့လျော့စေ တတ် သည့် စိတ်စေတသိက် တို့ သည် လည်းကောင်း – ယင်း မေ့လျော့ မှု ပမာဒကို အခြေတည်၍ သာ မောက်မှား ကြောင်း အကြောင်း ရင်းခံ ဖြစ်သည်။ ထို့ကြောင့် မေ့လျော့ မှု ပမာဒ ၏ အခြား တစ်ဘက် မှ — မမေ့ မလျော့သော သတိ အပ္ပမာဒ ကို ဘာသာတရား တိုင်း၌ လိုအပ် ကြောင်း ဆရာ့ ဆရာ တို့ ညွှန်ပြ တတ်ကြခြင်း ဖြစ်သည်။ အပ္ပမာဒ သည် ဖြူစင်မှု (ဝါ) အပြစ် ကင်းမှု ဆီသို့ လျောက်သော လမ်းလည်း မည်သည်။ အကြောင်းမူ – မမေ့လျော့ သော သတိ သည်သာ အပြစ် ကင်းရခြင်း၏ အကြောင်း ဖြစ် သောကြောင့် ဖြစ်၏။
No comments:
Post a Comment