အော်--သင်္ကြန်အကြိုနေ့ကိုတောင်
ရောက်နေပြီကို။ မြန်မာပြည်ကြီး တစ်ခုလုံးသင်္ကြန် ရေတွေ လွှမ်းမိုးတော့မှာပါလား။ အားလုံးသောပြည်သူတွေလဲ ကိုယ်စီကိုယ်စီ
ပျော်နေ ကြရောပေါ့။ ပြည်တွင်းက ပြည်သူတွေရော၊ ပြည်ပကပြည် သူတွေရော ၂၀၁၂ အတာသင်္ကြန်ရဲ့ အရသာကို
အားရပါးရ ခံစားကြတော့မယ်လေ။ အလွှာမျိုးစုံကို တွေ့ရမှာပါ။ ပျော်သူတွေက ပျော်၊ ကဲ သူတွေ
က-ကဲ၊ ကခုန်သူတွေက ကခုန်၊ သီဆိုသူတွေက သီဆို၊ ရေကစားသူတွေက ရေကစား၊ ကြည့်သူတွေက ကြည့်
ပေါ့လေ။။ နောက်-သူတို့နဲ့အပြိုင် သင်္ကြန်မှာ ဘုရားကျောင်းသွားသူတွေက သွား၊ ရိပ်သာဝင်သူတွေက
ဝင်၊ သီလစောင့်သူတွေက စောင့်၊ တရားနာသူတွေက နာ၊ အလှူဒါန ပေးသူတွေက ပေး၊ ဘုရား-ကျောင်းမှာ
ဝေယျာဝစ္စ ကုသိုလ်တွေကို ယူသူတွေက ယူ၊ ဆွမ်းလောင်းသူတွေက လောင်း၊ ကောင်းမှုကုသိုလ်တွေကို
ပြုသူတွေက ပြု၊ ပုတီးစိပ်သူတွေက စိပ် ပေါ့လေ။
ဒါတင်
ဘယ်ဟုတ်မလဲ--ရှိပါသေးတယ်။ ပြောခဲ့သော နှစ်မျိုးလုံးထဲမှာ မပါဝင်နိုင်သော သူတွေကလဲ ရှိသေး။
ကျန်းမာရေးမကောင်းလို့၊ လုံးဝကို မအားလို့၊ အဆင်မေပြေလို့ စသော အကြောင်းအမျိုးမျိုးကြောင့်ဆိုပါတော့။
ဘာပဲဖြစ်ဖြစ် ဒါတွေက သဘာဝတရားတွေပဲ မဟုတ်လား။ သဘာဝတရား ရှိနေမှတော့ ပျော်သူတွေကပျော်၊
ငိုသူတွေကငို၊ ကောင်းမှုလုပ်သူတွေက လုပ်၊ မကောင်းမှုလုပ်သူတွေကလုပ်ပေါ့လေ။
ဒါပေမဲ့လဲ
ပြောလိုက်ချင်သေးတယ်လေ--ကုသိုလ်လုပ်ရင်း အကုသိုလ်ဖြစ်တတ်ပုံ၊ ကောင်း ကျိုးထက် အပြစ်ကပိုများပုံလေး။
ရှေ့အခါကပေါ့- ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ်က ဆိုပါတော့ ပုဏ္ဏားတစ်ဦးက သေသူအတွက်
ရည်မှန်းဆွမ်း လှူဒါန်းပွဲအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် တပည့်တွေကို ဆိတ်လေးကို
ရေချိုးပေးဖို့ မြစ်ဆိပ်ကို လွန်လိုက်တယ်။ ရေချိုးပြီး ဆိပ်ကမ်းမှာ ခဏလေး ချည်ထားတဲ့အခါ
ဆိပ်က ဟက်ဟက်ပက်ပက် ရယ်မောပြီး တစ်ဖန်ငိုကြွေးလိုက် သည်။ ပြန်ရောက်တဲ့အခါ ဆရာပုဏ္ဏားကို
ပြောပြကြတယ်။ ဆရာကြီးက ဘာကြောင့် ငိုလည်းငို ရယ်လည်းရယ်သလဲ မေးတဲ့အခါ ဆိတ်ကြီးက “ အသင်
ပုဏ္ဏား ရှေ့အခါက ငါလည်း သင်ကဲ့သို့ ဆိတ်တစ်ကောင်ကို သတ်ပြီး ဆွမ်းလှူဒါန်းခြင်း မတကဘတ်ကို
ပြုလုပ်ခဲ့ဖူးတယ်။ အဲ့ဒီ အကုသိုလ်ကံကြောင့် ငါဟာ လေးရာကိုးဆယ့်ကိုးဘ၀လုံး ခေါင်းဖြတ်အသတ်ခံရပြီး
ယခု ဘ၀မှာ ငါးရာမြောက် နောက်ဆုံးဘ၀ဖြစ်တယ်။ ယခု ဒီဝဋ်ဆင်းရဲမှ လွတ်မြောက်တော့မည် ဖြစ်သောကြောင့်
ရယ်ရပါသည်။ အသင်ကား ငါ့ကို သတ်ပြီး ငါကဲ့သို့ပင် ဘ၀ငါးရာ အသတ်ခံရမည်ကို တွေးကာ သနားသောကြောင့်
ငါငိုရပါတယ်”လို့ ပြောပြလေသည်။
ထိုအခါ
ပုဏ္ဏားက သင့်ကို ငါမသတ်တော့ဟု ပြောသော် ၊ သင်မသတ်လည်း ငါသည် ယနေ့ သေခြင်းမှ မလွတ်နိုင်
ဟု ဆိတ်ကြီးက ပြန်ပြောလေသည်။ ပုဏ္ဏာားကြီးက မည်သူမှ မသတ်စေရန် အစောင့်ရှောက်ထားလွတ်လိုက်သော်လည်း
ဆိတ်ကြီးသည် ကျောက်ဖျာပေါ်တွင် ပေါက်နေသော ချုံဖုတ်မှ သစ်ရွက်များကို စားမည်လုပ်စဉ်
မိုးကြိုး ပစ်ခတ်မှုကြောင့် လွှင့်ထွက် လာသော ကျောက်လွှာတစ်ခုသည် ဆိတ်ကြီး၏ လည်ပင်းကို
ထိမှန်ပြီး ဆိတ်ကြီး အဲ့ဒီနေရာမှာပင် လည်ပြတ်သေဆုံးသွားရရှာသည်။
ထိုဖြစ်ရပ်ကို
လူများကု လာရောက်ကြည့်ကြသည်။ ထိုအခါ ရုက္ခစိုးဖြစ်နေသော ဘုရားလောင်က “သင်တို့သည် မကောင်းမှု၏
အကျိုးကို သိမြင်ကြရကုန်ပြီ၊ ဒါကြောင့် သစ်တစ်ပါးအသက်ကို မသတ်ကြကုန်လင့်” ဟု တရားဟောကာ
သီလ၊ ဒါန၊ ဘာဝနာအမှုတို့ကို ပြုလုပ်စေပါသည်။
ဒီဇာတ်လမ်းကို
အကြောင်းပြုပြီး ယနေ့မျက်မှောက်ခေတ်တွင် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ လို့ ဆိုရိုးပြုနေကြပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်များလည်း
“ မင်းလုပ်တာက ကုသိုလ်တစ်ပဲ ငရဲတစ်ပဿာ ဖြစ်နေပြီ” လို့ နေ့စဉ်လိုလို ပြောနေ-ကြားနေရပါသည်။
တကယ်တော့ ဒီဇာတ်တော်မှာ ပုဏ္ဏားကြီးသည် လှူဒါန်းမှုကို အကြောင်ပြုပြီး ဆိတ်ကိုသတ်မည်လုပ်၏။
ဝဋ်မှာအမြဲ ငရဲမှာ အပ၊ ၀ိပါတ်ကြမ္မာ မပြေးသာ၊ ပြုသူ အသစ် ဖြစ်သူအဟောင်းဆိုသည့် ဆိုရိုးစကားအတိုင်း
မိမိတို့ပြုလုပ်သည့် အကုသိုလ်သည် တစ်ဖန်ပြန်ပြီး ခံရမည်ဖြစ်ကြောင်း၊ ကုသိုလ်ပြုသောအခါမှာလည်း
အကုသိုလ်ခြံရံပြီး မပြုလုပ်ရန်။ နောက်-မည်သည့်အကြောင်းကြောင့် ဖြစ်စေ ကောင်းမှုပြုလျှင်
ကောင်းကျိုးခံစားရမည်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးခံသစာရမည် ဖြစ်ကြောင်း။ နောက်-ကုသိုလ်တစ်ပဲ
ငရဲတစ်ပိဿာ မဖြစ်ရန် သန့်ရှင်းစွာ ကုသိုလ်ပြုတတ်ရန် နှင့် ကုသိုလ်ယောင်ယောင်နဲ့ အကုသိုလ်ဖြစ်နေသော
ကိစ္စရပ်များကို စဉ်းစားဆင်ခြင် တွေးတောကာ ရှောင်ရှားတတ်ရန် ဖော်ပြလိုက်ရပါသည်။
နှစ်သစ်သင်္ကြန်မှာ
ပျော်ရွှင်သူ အပေါင်း ဘေးကင်းစွာဖြင့် ပျော်ရွှင်ကြည်နူးနိုင်ပြီး အတာရေသင်္ကြန်အရသာကို
ပြည့်ဝစား ခံစားနိုင်စေရန်နှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူ အပေါင်းလည်း ကုသိုလ်တစ်ပဲ
ငရဲတစ်ပိဿာ မဖြစ်မိစေရန် ဆုတောင်းမေတ္တာပို့သရင်းဖြင့်----အမေ့မေတ္တာ အရှင်-။ အားလုံး
တက်သစ်နေ၀န်း၊ ထွန်းသစ်လမင်း၊ ပွင့်သစ်ပန်းကဲ့သို့ ရွှင်လန်းချမ်းမြေ့ သာယာကြည်နူးနိုင်ကြပါစေ--။
No comments:
Post a Comment