........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 16, 2012

ပါဠိတော် မြန်မာပြန်

အသျှင်အင်္ဂုလိမာလထေရ်၏ ဥဒါန်း

မြတ်စွာဘုရားရှင်ထံ ရဟန်းအဖြစ်ကိုရပြီး မြတ်သောအကျင့်၏ ဆုံးခန်းတိုင်မှုကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေပြီးသော မြတ်သောအကျင့်ကို ကျင့်သုံးပြီး ပြုဖွယ်မဂ်ကိစ္စကို
ပြုပြီးသော ရဟန္တာအသျှင် အင်္ဂုလိမာလသည် နံနက်အချိန်၌ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ရာ တပါးသောအရပ်သို့ပစ်သော ခဲ၊ တုတ်၊ လှံတံ၊ ကျောက်စရစ်တို့သည် အသျှင်အင်္ဂုလိမာလ၏ ကိုယ်ပေါ်သို့ ကျ၏၊ ထိုအခါ အသျှင်အင်္ဂုလိမာလသည် ကွဲသောဦးခေါင်း၊ ယိုစီးသော သွေး၊ ကွဲသော သပိတ်၊ စုတ်ပြတ်သော ဒုကုဋ်တို့ဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

မြတ်စွာဘုရားသည် အဝေးမှလာသော အသျှင်အင်္ဂုလိမာလကို မြင်တော်မူ၍
 “မကောင်းမှုကို အပပြုပြီးသော ရဟန်း၊ သင် သည်းခံလော့၊ 
မကောင်းမှုကို အပပြုပြီးသော ရဟန်း၊ သင်သည် ယင်းအကုသိုလ်ကံ၏ အကျိုးအပြစ်ဖြင့် နှစ် ရာပေါင်း၊
ထောင်ပေါင်းများစွာပတ်လုံး ငရဲ၌ ကျလေရာ၏၊ 
မကောင်းမှုကို အပပြုပြီးသော ရဟန်း၊ သင်သည် ထိုအကုသိုလ်အကျိုးကို ယခုဘဝ၌ပင် ခံစားရဘိ၏”ဟု မိန့်တော်မူ၏။ 
ထိုအခါ အသျှင်အင်္ဂုလိမာလသည် ဆိတ်ငြိမ်ရာသို့ကပ်၍ တပါးတည်း ကိန်းအောင်းလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစား၍ ဤဥဒါန်းကို ကျူးရင့်၏။

“ရှေးအခါကသာလျှင် မေ့လျော့၍ နောက်အခါ၌ မမေ့မလျော့သူသည် တိမ်တိုက်မှ လွတ်သော လ-ကဲ့သို့ ဤသတ္တလောကကို တောက်ပထွန်းလင်းစေ၏။
ပြုပြီးသော မကောင်းမှုကို ကုသိုလ်တရားဖြင့် ပိတ်ပင်တားဆီးသူသည် တိမ်တိုက်မှလွတ်သော လ-ကဲ့သို့ ဤသတ္တလောကကို ထွန်းလင်းတောက်ပစေ၏။
ငယ်ရွယ်စဉ်ကပင် မြတ်စွာဘုရား၏ သာသနာတော်၌ အားထုတ်သော ရဟန်းသည် တိမ်တိုက်မှလွတ်သော လ-ကဲ့သို့ ထွန်းလင်းတောက်ပစေ၏။
ငါ၏ရန်သူတို့သည် တရားနှင့်စပ်သော စကားကို ကြားနာကြာပါစေကုန်သတည်း၊ 
ငါ၏ရန်သူတို့သည် မြတ်စွာဘုရား သာသနာတော်၌ အားထုတ်ကြပါစေကုန်သတည်း၊ 
ငါ၏ရန်သူတို့သည် သူတပါးအား တရားကို ဆောက်တည်ကြစေသည့် သူတော်ကောင်းတို့ထံသို့ ချဉ်းကပ်ကြပါစေကုန်သတည်း။ 
ငါ၏ရန်သူတို့သည် သည်းခံခြင်းကို ဆိုလေ့ရှိကုန်သော၊ မဆန့်ကျင်မှု မေတ္တာကို ချီးကျူးလေ့ရှိကုန်သော သူတို့၏ တရားကို အခါခါ နာကြားနိုင်ကြပါစေကုန်သတည်း။
ထိုတရားကိုလည်း အစဉ်လိုက်နာကျင့်ကြံနိုင်ကြပါစေကုန်သတည်း။
ငါ၏ရန်သူတို့သည် စင်စစ် ငါ့ကို မညှဉ်းဆဲပါစေသတည်း၊ ငါမှတပါး အခြားသူကိုလည်း မညှဉ်းဆဲပါစေသတည်း၊ မွန်မြတ်သော နိဗ္ဗာန်သို့ရောက်၍ အမြဲတပ်မက်သော တဏှာကို စောင့်ရှောက်နိုင်ပါစေသတည်း။

ရေကို မြောင်းသွယ်သူတို့သည် ရေကို ဆောင်ယူကြကုန်၏၊ မြားသမားတို့သည် မြားကို ဖြောင့်ကြကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကို ဖြောင့်အောင် ရွေကြကုန်၏၊ ပညာရှိတို့သည် မိမိကိုယ်ကို ဆုံးမကြကုန်၏။
အချို့သူတို့သည် လှံတံဖြင့်၎င်း၊ ချွန်းကောက်ဖြင့်၎င်း၊ ကြိမ်လုံးတို့ဖြင့်၎င်း ဆုံးမကြကုန်၏၊ တာဒိဂုဏ် ရှိတော်မူသော မြတ်စွာဘုရားသည် တုတ် လှံတံ မရှိဘဲ၊ လက်နက်မရှိဘဲ ငါ့ကို ယဉ်ကျေးအောင် ဆုံးမတော်မူပြီ။

ငါသည် ရှေးအခါက ညှဉ်းဆဲတတ်သူဖြစ်လျက် “အဟိံသက”အမည် ရှိခဲ့၏၊ ငါသည် ယနေ့မှစ၍ တစုံတယောက်ကိုမျှ မညှဉ်းဆဲတတ်သောကြောင့် မှန်ကန်သောအမည် ရခဲ့ပြီ၊ ငါသည် ရှေးအခါက အင်္ဂုလိမာလ-ဟူ၍ ထင်ရှားကျော်စောသော ခိုးသူကြီး ဖြစ်ခဲ့၏၊ ကြီးစွာသော သံသရာသြဃ၌ နစ်မျောသည်ဖြစ်၍ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့ပါ၏။
ငါသည် ရှေးအခါက အင်္ဂုလိမာလ-ဟူ၍ ထင်ရှားကျော်စောသော၊ သွေးစွန်းသော လက်ရှိသော သူသတ်ယောက်ျား
ဖြစ်ခဲ့၏၊ ကိုးကွယ်ရာနိဗ္ဗာန်ကို မြင်သည်ဖြစ်၍ ဘဝနှောင်ကြိုးနှင့်တူသော တဏှာကို နုတ်ပယ်ခဲ့ပြီ။
အကြိမ်များစွာ အပါယ်ရွာကို လားစေတတ်သော အကုသိုလ်ကံကို ပြုခဲ့သော်လည်း ယင်းကံကို ရှို့မြိုက်တတ်သည့် မဂ်စေတနာ တွေ့ထိအပ်သောကြောင့် မကောင်းကျိုး ကြွေးမြီကင်းသည်ဖြစ်၍ ဘောဇဉ်ကို ငါ သုံးဆောင်ရပေပြီ။

ပညာမဲ့ငြား လူမိုက်များတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊ ပညာရှိယောက်ျားသည် မမေ့မလျော့မှုကို မြတ်သောဥစ္စာကဲ့သို့ စောင့်ရှောက်၏၊ မေ့လျော့ခြင်းကို အားမထုတ်ကြကုန်လင့်၊ မမေ့မလျော့ဘဲ ရှုဆင်ခြင်သူသည်သာ ပြန့်ပြောသော နိဗ္ဗာန်ချမ်းသာသို့ ပေါက်ရောက်နိုင်၏။
ငါ၏ သာသနာဘောင်သို့ ရောက်လာခြင်းသည် ကောင်းသောရောက်လာခြင်းပေတည်း၊
ငါ၏ ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသော ပြောဆိုခြင်းမဟုတ်၊ ကောင်းစွာ ဝေဖန်ဟောကြားအပ်သော တရားတို့တွင် အမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်ပြီ၊ ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်ရောက်ခဲ့ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုအပ်ပြီးပေပြီ။

(မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြတ်မာပြန်၊ ရာဇဝဂ်၊ အင်္ဂုလိမာလသုတ

ပျက်စီးခြင်း လေးပါး နှင့် တရားလေးပါး

ထုလ္လကောဋ္ဌိက နိဂုံးမှ အမျိုးကောင်းသား ရဋ္ဌပါလသည် မြတ်စွာဘုရား အထံ၌ ရှင်အဖြစ်၊ ရဟန်းအဖြစ်ကို ရပြီး ပြင်းစွာအားထုတ်လျက် ရဟန္တာဖြစ်တော်မူသည်။ ထိုရဟန္တာအသျှင် ရဋ္ဌပါလသည် ထုလ္လကောဋ္ဌိက နိဂုံး ကောရဗျမင်း၏ မိဂဓီရဥယျာဉ်တွင် သီတင်းသုံးတော်မူစဉ် ကောရဗျမင်းသည် ချဉ်းကပ်ဖူးမြော်ပြီး အသျှင်ရဋ္ဌပါလအား---

“အသျှင်ရဋ္ဌပါလ---အိုမှုဟူသော ပျက်စီးခြင်း၊ နာမှုဟူသော မျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ဆွေမျိုးပျက်စီးခြင်း ဟူသော ပျက်စီးခြင်းလေးပါးနှင့် ပြည့်စုံသောသူ အချို့တို့သည်သာ ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီး လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏။ ထိုလေးပါးသော ပျက်စီးခြင်းတို့သည် အသျှင်ရဋ္ဌပါလ၌ မရှိကုန်၊ အသျှင်သည် အဘယ်အကျိုးကိုသိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း”ဟု လျှောက်၏။

မင်းကြီး---သိတော်မူ မြင်တော်မူ၍  ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် လေးပါးသောတရားအကျဉ်း တို့ကို ညွှန်ပြတော်မူ၏၊ ငါသည် ယင်းတရားတို့ကို သိ၍ မြင်၍ ကြား၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ အဘယ်လေးပါးတို့နည်း ဟူမူ---
မင်းကြီး---အိုခြင်း သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟူ၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိဟူ၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်လွှတ်၍ သွားရ၏-ဟူ၍ လူအပေါင်းတို့သည် အလိုမပြည့်၊ ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှု မရှိ၊ တဏှာ၏ကျွန်တည်း-ဟူ၍ ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ညွှန်ပြ၏”ဟုဆိုပြီး 

---“နှစ်ဆယ် အစိတ်အရွယ်က သင်မင်းကြီးသည် ဆင်စီး မြင်းစီး ဓားလှံ လေးအတတ်တို့ တတ်မြောက်ပြီး၍ စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအား ရှိခဲ့ဖူးသည် မဟုတ်ပါလော၊ ယခု ထိုစွမ်းအား ရှိသေး၏လော” ဟုမေး၏၊
---“အရှင်ရဋ္ဌပါလ၊ မဖြစ်နိုင်တော့ပါ၊ ယခုအခါ အိုမင်းကြီးမြင့်၍ နောက်ဆုံးအရွယ်ရောက်ပါပြီ၊ ရှစ်ဆယ်အရွယ် ရှိပါပြီ”ဟု လျှောက်၏၊
“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ အိုခြင်း၊ သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟု ဟောတော်မူ၏”
“မင်းကြီးသည် သက်သာရာ မရအောင် နာကျင်သော အနာတစုံတခု ဖြစ်ဖူး၏လော”ဟုမေး၏၊
“ဖြစ်ဖူးပါ၏”ဟု လျှောက်၏၊
“သင်မင်းကြီးသည် အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို အမောင်တို့ ငါခံစားရသည့် ဝေဒနာ ပေါ့ပါးသက်သာအောင် သင်တို့သည် ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ ရပါလတံ့လော”
“အသျှင်ရဋ္ဌပါလ မရနိုင်ပါ”
“မင်းကြီး---မြတ်စွာဘုရားသည် ဤသို့သဘောရှိသောအကြောင်းကို ရည်ရွယ်၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိ-ဟု ဟောတော်မူ၏၊
“သင်မင်းကြီးသည် ယခုဘဝ၌ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားဘိသကဲ့သို့ တမလွန်လောက၌လည်း ထို့အတူသာလျှင်စံပယ်ခံစားရအံ့ဟု သင်မင်းကြီး ရနိုင်ပါမည်လော၊ ထိုသို့မဟုတ် တပါးသောသူတို့သည် ဤစည်းစိမ်ကို သုံးဆောင်၍ သင်မင်းကြီးမှာမူ ကံအားလျော်စွာ သွားရမည် မဟုတ်ပါလော။
“အသျှင်ရဋ္ဌပါလ-ကျွန်ုပ်မှာ ကံအားလျော်စွာသာ သွားရပါမည်”
“မင်းကြီး မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာတို့ကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏ဟု ဟောတော်မူ၏။

“မင်းကြီးသည် စည်ပင်ဝပြောသော ကုရုတိုင်းကို စိုးအုပ်၍နေသည် မဟုတ်ပါလော”
“အသျှင် မှန်ပါ၏”
ယုံကြည်သင့်၍ ခိုင်လုံသော စကားရှိသော ယောက်ျားတယောက် တယောက်တို့သည် အရှေ့ အနောက် မြောက် တောင်အရပ်မှ သမုဒ္ဒရာတဖက်ကမ်းမှလာ၍ သင်မင်းကြီးအား ချဉ်းကပ်ပြီး ထိုအရပ်တို့၌ ပြည့်လည်းပြည့်စုံ၍ စည်ပင်ဝပြောကာ ဆင်-မြင်း-ရထား-ခြေသည် သူရဲအပေါင်းများကုန်သော၊ ဥစ္စာ စပါး ရွှေငွေ ပေါများသော သိမ်းယူသင့်သော မိန်းမလည်း ပေါများသော နယ်ပယ်ကြီးများ ရှိပါ၏၊ စစ်သည် ဗိုလ်ပါ ရဲမက်အနည်းငယ်မျှဖြင့် အောင်မြင်နိုင်ပါသည်ဟု ဆိုလျှင် သင်မင်းကြီး အသို့ပြုရာသနည်း”
“အသျှင် ထိုနယ်ပယ်တို့ကိုလည်း ကျွန်ုပ် သိမ်းပိုက်စိုးအုပ်နေကုန်အံ့”

“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် အလိုမပြည့် ယုတ်လျက်သာ ရှိ၏၊ မရောင့်ရဲနိုင်၊ တဏှာ၏ကျွန်တည်း-ဟု ဟောတော်မူ၏”ဟု ဆို၏၊
ထို့ပြင် အသျှင်ရဋ္ဌပါလသည် ဤဂါထာများကို ဟောကြားပြန်၏၊
မင်းကြီး-လောက၌ ဥစ္စာရှိသူတို့ကို ငါမြင်ရသည်မှာ မောဟဖက်၍ ရပြီးဥစ္စာကို မလှူရက်ကြသည့်ပြင် လောဘတက်၍ ဥစ္စာသိမ်းဆည်းမှုကိုသာ ပြုကြကုန်၏၊ ကာမဂုဏ်တို့ကို တိုး၍တိုး၍သာ ပြုကြကုန်၏။

မင်းသည်၎င်း အခြား လူအများသည်၎င်း တပ်မက်မှု မကင်းခြင်းဖြင့်သာ သေခြင်းသို့ ရောက်ကြကုန်၏၊ လောက၌ ကာမဂုဏ်တို့ဖြင့် ရောင့်ရဲမှု မရှိသည်သာတည်း၊
အသက်ရှည်မှုကို ဥစ္စာပေး၍ မရနိုင်၊ စည်းစိမ်းပေးသဖြင့်လည်း အိုခြင်းကို မပယ်ဖျောက်နိုင်ကြကုန်၊ ပညာရှိတို့သည် ဤအသက်ကား နည်းငယ်တိုလှ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏ဟု ဆိုကြကုန်၏၊ လူမိုက်သည်ကား တုန်လှုပ်ချောက်ချားကာ သေရာညောင်စောင်း၌ လျောင်းအိပ်ရ၏၊ ပညာရှိသည်သာ သေခြင်းအတွေ့ဖြင့် တွေ့သော်လည်း မတုန်လှုပ်၊
ထို့ကြောင့် ပညာသည်သာ ဥစ္စာထက် မြတ်၏၊ ပညာဖြင့် ကိစ္စအားလုံး ပြီးဆုံးရာ အရဟတ္တဖိုလ်ကို ရနိုင်၏၊ မိုက်မဲတွေဝေသူတို့သည် (ကိစ္စအားလုံး) မပြီးဆုံးသေးသောကြောင့်သာလျှင် ဘဝကြီးငယ်တို့၌ ယုတ်မာမှု အကုသိုလ်ကို ပြုမိကြကုန်၏။

မင်းကြီး-ကာမဂုဏ်ငါးပါးတို့သည် ဆန်းကြယ်ကုန်သည်သာတည်း၊ သာယာဖွယ်၊ မွေ့လျော်ဖွယ် ကဲ့သို့ ဖြစ်ကုန်၏၊ အထူးထူးသော သဘောဖြင့် စိတ်ကို မွှေနှောက်တတ်၏၊ ကာမဂုဏ်တို့၌ အပြစ်ကို မြင်သောကြောင့် ငါသည် ရဟန်းပြု၏၊ 

မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန် ရာဇဝဂ် ရဋ္ဌပါလသုတ်

ပျက်စီးခြင်း လေးပါး နှင့် တရားလေးပါး

ထုလ္လကောဋ္ဌိက နိဂုံးမှ အမျိုးကောင်းသား ရဋ္ဌပါလသည် မြတ်စွာဘုရား အထံ၌ ရှင်အဖြစ်၊ ရဟန်းအဖြစ်ကို ရပြီး ပြင်းစွာအားထုတ်လျက် ရဟန္တာဖြစ်တော်မူသည်။ ထိုရဟန္တာအသျှင် ရဋ္ဌပါလသည် ထုလ္လကောဋ္ဌိက နိဂုံး ကောရဗျမင်း၏ မိဂဓီရဥယျာဉ်တွင် သီတင်းသုံးတော်မူစဉ် ကောရဗျမင်းသည် ချဉ်းကပ်ဖူးမြော်ပြီး အသျှင်ရဋ္ဌပါလအား---

“အသျှင်ရဋ္ဌပါလ---အိုမှုဟူသော ပျက်စီးခြင်း၊ နာမှုဟူသော မျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ဆွေမျိုးပျက်စီးခြင်း ဟူသော ပျက်စီးခြင်းလေးပါးနှင့် ပြည့်စုံသောသူ အချို့တို့သည်သာ ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီး လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏။ ထိုလေးပါးသော ပျက်စီးခြင်းတို့သည် အသျှင်ရဋ္ဌပါလ၌ မရှိကုန်၊ အသျှင်သည် အဘယ်အကျိုးကိုသိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း”ဟု လျှောက်၏။

မင်းကြီး---သိတော်မူ မြင်တော်မူ၍  ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် လေးပါးသောတရားအကျဉ်း တို့ကို ညွှန်ပြတော်မူ၏၊ ငါသည် ယင်းတရားတို့ကို သိ၍ မြင်၍ ကြား၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ အဘယ်လေးပါးတို့နည်း ဟူမူ---
မင်းကြီး---အိုခြင်း သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟူ၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိဟူ၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်လွှတ်၍ သွားရ၏-ဟူ၍ လူအပေါင်းတို့သည် အလိုမပြည့်၊ ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှု မရှိ၊ တဏှာ၏ကျွန်တည်း-ဟူ၍ ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ညွှန်ပြ၏”ဟုဆိုပြီး 

---“နှစ်ဆယ် အစိတ်အရွယ်က သင်မင်းကြီးသည် ဆင်စီး မြင်းစီး ဓားလှံ လေးအတတ်တို့ တတ်မြောက်ပြီး၍ စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအား ရှိခဲ့ဖူးသည် မဟုတ်ပါလော၊ ယခု ထိုစွမ်းအား ရှိသေး၏လော” ဟုမေး၏၊
---“အရှင်ရဋ္ဌပါလ၊ မဖြစ်နိုင်တော့ပါ၊ ယခုအခါ အိုမင်းကြီးမြင့်၍ နောက်ဆုံးအရွယ်ရောက်ပါပြီ၊ ရှစ်ဆယ်အရွယ် ရှိပါပြီ”ဟု လျှောက်၏၊
“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ အိုခြင်း၊ သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟု ဟောတော်မူ၏”
“မင်းကြီးသည် သက်သာရာ မရအောင် နာကျင်သော အနာတစုံတခု ဖြစ်ဖူး၏လော”ဟုမေး၏၊
“ဖြစ်ဖူးပါ၏”ဟု လျှောက်၏၊
“သင်မင်းကြီးသည် အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို အမောင်တို့ ငါခံစားရသည့် ဝေဒနာ ပေါ့ပါးသက်သာအောင် သင်တို့သည် ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ ရပါလတံ့လော”
“အသျှင်ရဋ္ဌပါလ မရနိုင်ပါ”
“မင်းကြီး---မြတ်စွာဘုရားသည် ဤသို့သဘောရှိသောအကြောင်းကို ရည်ရွယ်၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိ-ဟု ဟောတော်မူ၏၊
“သင်မင်းကြီးသည် ယခုဘဝ၌ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားဘိသကဲ့သို့ တမလွန်လောက၌လည်း ထို့အတူသာလျှင်စံပယ်ခံစားရအံ့ဟု သင်မင်းကြီး ရနိုင်ပါမည်လော၊ ထိုသို့မဟုတ် တပါးသောသူတို့သည် ဤစည်းစိမ်ကို သုံးဆောင်၍ သင်မင်းကြီးမှာမူ ကံအားလျော်စွာ သွားရမည် မဟုတ်ပါလော။
“အသျှင်ရဋ္ဌပါလ-ကျွန်ုပ်မှာ ကံအားလျော်စွာသာ သွားရပါမည်”
“မင်းကြီး မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာတို့ကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏ဟု ဟောတော်မူ၏။

“မင်းကြီးသည် စည်ပင်ဝပြောသော ကုရုတိုင်းကို စိုးအုပ်၍နေသည် မဟုတ်ပါလော”
“အသျှင် မှန်ပါ၏”
ယုံကြည်သင့်၍ ခိုင်လုံသော စကားရှိသော ယောက်ျားတယောက် တယောက်တို့သည် အရှေ့ အနောက် မြောက် တောင်အရပ်မှ သမုဒ္ဒရာတဖက်ကမ်းမှလာ၍ သင်မင်းကြီးအား ချဉ်းကပ်ပြီး ထိုအရပ်တို့၌ ပြည့်လည်းပြည့်စုံ၍ စည်ပင်ဝပြောကာ ဆင်-မြင်း-ရထား-ခြေသည် သူရဲအပေါင်းများကုန်သော၊ ဥစ္စာ စပါး ရွှေငွေ ပေါများသော သိမ်းယူသင့်သော မိန်းမလည်း ပေါများသော နယ်ပယ်ကြီးများ ရှိပါ၏၊ စစ်သည် ဗိုလ်ပါ ရဲမက်အနည်းငယ်မျှဖြင့် အောင်မြင်နိုင်ပါသည်ဟု ဆိုလျှင် သင်မင်းကြီး အသို့ပြုရာသနည်း”
“အသျှင် ထိုနယ်ပယ်တို့ကိုလည်း ကျွန်ုပ် သိမ်းပိုက်စိုးအုပ်နေကုန်အံ့”

“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် အလိုမပြည့် ယုတ်လျက်သာ ရှိ၏၊ မရောင့်ရဲနိုင်၊ တဏှာ၏ကျွန်တည်း-ဟု ဟောတော်မူ၏”ဟု ဆို၏၊
ထို့ပြင် အသျှင်ရဋ္ဌပါလသည် ဤဂါထာများကို ဟောကြားပြန်၏၊
မင်းကြီး-လောက၌ ဥစ္စာရှိသူတို့ကို ငါမြင်ရသည်မှာ မောဟဖက်၍ ရပြီးဥစ္စာကို မလှူရက်ကြသည့်ပြင် လောဘတက်၍ ဥစ္စာသိမ်းဆည်းမှုကိုသာ ပြုကြကုန်၏၊ ကာမဂုဏ်တို့ကို တိုး၍တိုး၍သာ ပြုကြကုန်၏။

မင်းသည်၎င်း အခြား လူအများသည်၎င်း တပ်မက်မှု မကင်းခြင်းဖြင့်သာ သေခြင်းသို့ ရောက်ကြကုန်၏၊ လောက၌ ကာမဂုဏ်တို့ဖြင့် ရောင့်ရဲမှု မရှိသည်သာတည်း၊
အသက်ရှည်မှုကို ဥစ္စာပေး၍ မရနိုင်၊ စည်းစိမ်းပေးသဖြင့်လည်း အိုခြင်းကို မပယ်ဖျောက်နိုင်ကြကုန်၊ ပညာရှိတို့သည် ဤအသက်ကား နည်းငယ်တိုလှ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏ဟု ဆိုကြကုန်၏၊ လူမိုက်သည်ကား တုန်လှုပ်ချောက်ချားကာ သေရာညောင်စောင်း၌ လျောင်းအိပ်ရ၏၊ ပညာရှိသည်သာ သေခြင်းအတွေ့ဖြင့် တွေ့သော်လည်း မတုန်လှုပ်၊
ထို့ကြောင့် ပညာသည်သာ ဥစ္စာထက် မြတ်၏၊ ပညာဖြင့် ကိစ္စအားလုံး ပြီးဆုံးရာ အရဟတ္တဖိုလ်ကို ရနိုင်၏၊ မိုက်မဲတွေဝေသူတို့သည် (ကိစ္စအားလုံး) မပြီးဆုံးသေးသောကြောင့်သာလျှင် ဘဝကြီးငယ်တို့၌ ယုတ်မာမှု အကုသိုလ်ကို ပြုမိကြကုန်၏။

မင်းကြီး-ကာမဂုဏ်ငါးပါးတို့သည် ဆန်းကြယ်ကုန်သည်သာတည်း၊ သာယာဖွယ်၊ မွေ့လျော်ဖွယ် ကဲ့သို့ ဖြစ်ကုန်၏၊ အထူးထူးသော သဘောဖြင့် စိတ်ကို မွှေနှောက်တတ်၏၊ ကာမဂုဏ်တို့၌ အပြစ်ကို မြင်သောကြောင့် ငါသည် ရဟန်းပြု၏၊ 

မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန် ရာဇဝဂ် ရဋ္ဌပါလသုတ်

ပယ်အပ်သောတရား

ရဟန်းတို့-ကိုယ်ဖြင့်ပယ်၍ နှုတ်ဖြင့် မပယ်အပ်ကုန်သော တရား၊
နှုတ်ဖြင့် ပယ်၍ ကိုယ်ဖြင့် မပယ်အပ်ကုန်သော တရား၊
ကို်ယ်ြဖင့် နှုတ်ဖြင့်  မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်သောတရားတို့သည် ရှိကုန်၏။

ရဟန်းတို့-ကိုယ်ဖြင့်ပယ်၍  နှုတ်ဖြင့် မပယ်အပ်သော တရားတို့ဟူသည်-
ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ဖြင့် အကုသိုလ်(အာပတ်)အစု တခုခုသို့ ရောက်၏၊ ထိုရဟန်းကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ “အသျှင်သည်ကား ကိုယ်ဖြင့် အကုသိုလ်(အာပတ်) အစု တခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ကာယဒုစရိုက်ကိုယ်ပယ်၍ ကာယသုစရိုက်ကို ပွားများပါလော”ဟု ပြောဆိုကုန်၏။ ထိုရဟန်းသည် သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့်သက်ဝင်၍ ပြောဆိုသည်ဖြစ်ရကား ကာယဒုစရိုက်ကိုပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ 
ဤတရားတို့ကို ကိုယ်ဖြင့်ပယ်၍ နှုတ်ဖြင့် မပယ်အပ်သော တရားတို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့-နှုတ်ဖြင့်ပယ်၍ ကိုယ်ဖြင့် မပယ်အပ်သော တရားတို့ဟူသည်-
ဤသာသနာတော်၌ ရဟန်းသည် နှုတ်ဖြင့် အကုသိုလ်(အာပတ်)အစု တခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏။ “အသျှင်းသည်ကား နှုတ်ဖြင့် အကုသိုလ်(အာပတ်)အစု တခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ဝစီဒုစရိုက်ကိုပယ်၍ ဝစီသုစရိုက်ကို ပွားများပါလော့” ဟု ပြောဆိုကုန်၏။ ထိုရဟန်းသည် ဝစီဒုစရိုက်ကိုပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ ဤတရားတို့ကို နှုတ်ဖြင့်ပယ်၍ ကိုယ်ဖြင့် မပယ်အပ်သော တရားတို့ဟု ဆိုအပ်၏။

ရဟန်းတို့-ကိုယ်ဖြင့် မပယ်အပ်၊ နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်သော တရားတို့ဟူသည်-
လောဘကို ဒေါသကို မောဟကို အမျက်ထွက်မှုကို ရန်ငြိုးဖွဲ့မှုကို သူ့ကျေးဇူးချေဖျက်မှုကို ဂုဏ်ပြိုင်မှုကို ဝန်တိုမှုကို
ယုတ်ညံ့သောငြူစူမှုကို ကိုယ်ဖြင့် မပယ်အပ်၊ နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်၏။

ရဟန်းတို့-ယုတ်ညံ့သော ငြူစူမှုဟူသည် ဤလောက၌ သူကြွယ်အား၎င်း၊ သူကြွယ်သားအား၎င်း၊ ဥစ္စာ စပါး ရွှေငွေနှင့် ပြည့်စုံ၏၊ ထိုသို့ ပြည်စုံရာ၌ အခြားသော ကျွန်အား၎င်း၊ ကပ်ရပ်နေသူအား၎င်း၊ ဤသူကြွယ် သူကြွယ်သားအား ဥစ္စာ စပါး ရွှေငွေနှင့် မပြည့်စုံပါမူ ကောင်းလေစွ-ဟု အကြံဖြစ်ရာ၏၊ သမဏသည်၎င်း၊ ဗြာဟ္မဏသည်၎င်း သင်္ကန်း ဆွမ်း ကျောင်း ဆေး အသုံးအဆောင်ကို ရသူဖြစ်၏၊ ထိုသို့ရရာ၌ အခြားသော သမဏအား၎င်း၊ ဗြာဟ္မဏအား၎င်း “ဤအရှင်သည် သင်္ကန်း ဆွမ်း ကျောင်း ဆေး အသုံးအဆောင်ရသူ မဖြစ်ပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏၊ ရဟန်းတို့-ဤတရားကို ယုတ်ညံ့သော ငြူစူမှုဟု ဆိုအပ်၏။

ရဟန်းတို့-ယုတ်ညံ့သော အလိုကို ကိုယ်ဖြင့် မပယ်အပ်၊ နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်၏၊ ယုတ်ညံ့သောအလို ဟူသည် ဤလောက၌ အချို့သောသူသည် သဒ္ဓါမရှိသူဖြစ်လျက် သဒ္ဓါရှိသူဟု ငါ့ကိုသိကြပါစေဟု အလိုရှိ၏။ 
သီလမရှိသူဖြစ်လျက် သီလရှိသူဟု ငါ့ကိုသိကြပါစေ၊ 
အကြားအမြင်နည်းသူဖြစ်လျက် အကြားအမြင်များသူဟု ငါ့ကို သိကြပါစေ၊ 
အပေါင်းအဖော်၌ မွေ့လျော်သူဖြစ်လျက် အပေါင်းအဖော်မှ ကင်းဆိတ်သူဟု ငါ့ကိုသိကြပါစေ၊ 
ပျင်းရိသူဖြစ်လျက် ထက်သန်သော လုံ့လရှိသူဟု ငါ့ကိုသိကြပါစေ၊ 
သတိလွတ်ကင်းသူဖြစ်လျက် သတိထင်သူဟု ငါ့ကိုသိကြပါစေ၊ 
မတည်ကြည်သူဖြစ်လျက် တည်ကြည်သူဟု ငါ့ကိုသိကြပါစေ၊ 
ပညာမဲ့သူဖြစ်လျက် ပညာရှိသူဟု ငါ့ကိုသိကြပါစေ၊
အာသဝေါတရား မကုန်သူဖြစ်လျက် အာသဝေါတရား ကုန်သူဟု ငါ့ကိုသိကြပါစေ-ဟု အလိုရှိ၏၊
ရဟန်းတို့-ဤတရားကို ယုတ်ညံ့သောအလိုဟု ဆိုအပ်၏၊ ဤတရားတို့ကို ကိုယ်ဖြင့် မပယ်အပ်၊ စိတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့်မြင်၍ ပယ်အပ်သောတရားတို့ဟု ဆိုအပ်ကုန်၏။

ရဟန်းတို့-လောဘသည်၊ ဒေါသသည်၊ မောဟသည်၊ အမျက်ထွက်သူသည်၊ ရန်ငြိုးဖွဲ့သူသည်၊ သူ့ကျေးဇူးကို ချေဖျက်မှုသည်၊ ဂုဏ်ပြိုင်မှုသည်၊ ဝန်တိုမှုသည်၊ ယုတ်ညံ့သော အလိုသည်၊ အကယ်၍ ထိုရဟန်းကို လွှမ်းမိုး၍ ဖြစ်ပါမူ “ဤအသျှင်သည် လောဘ၊ ဒေါသ၊ မောဟ၊ အမျက်ထွက်မှု၊ ရန်ငြိုးဖွဲ့မှု၊ သူ့ကျေးဇူးကို
ချေဖျက်မှု၊ဂုဏ်ပြိုင်မှု၊ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု၊ ယုတ်ညံ့သောအလို မဖြစ်မည့်အခြင်းအရာတို့ကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သောအလိုသည် လွှမ်းမိုး၍ ဖြစ်၏”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ရဟန်းတို့-လောဘသည်၊ ဒေါသသည်၊ မောဟသည် ၊ပ၊ ယုတ်ညံ့သော အလိုသည် အကယ်၍ ထိုရဟန်းကို လွှမ်းမိုး၍ မဖြစ်ပါမူ၊ “ဤအသျှင်သည် လောဘ၊ ဒေါသ၊ မောဟ ၊ပ၊ ယုတ်ညံ့သောအလို မဖြစ်မည့် အခြင်းအရာတို့ကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သောအလိုသည် လွှမ်းမိုး၍ မဖြစ်”ဟု ထိုရဟန်းကို သိအပ်သည်ဖြစ်ရာ၏ဟု မိန့်တော်မူ၏။

အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ မဟာဝဂ်၊ ကာယသုတ်မှ ကောက်နုတ်ရေးသားသည်။

မှီခိုရာ

ရဟန်းတို့-မှိခိုရာရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှိခိုရာမရှိမူ၍ မနေကြကုန်လင့်၊
ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏၊ ရဟန်းတို့ မှီခိုရာကို ပြုတတ်သော တရားတို့သည် ဤ ၁၀-မျိုးတို့တည်း။
ရဟန်းတို့-ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက်နေ၏၊ အကျင့်“အာစာရ”၊ ကျက်စားရာ“ဂေါစရ”နှင့် ပြည်စုံ၏။ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက်တည်၍ ကျင့်၏၊ ရဟန်းသည် ယင်းသို့သီလရှိ၏၊ “---ပ---သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သောတရားတည်း။

ရဟန်းတို့-ရဟန်းသည် အကြာူအမြင်များ၏၊ အကြားအမြင်ကို ဆောင်နိုင်၏၊ ဆည်းပူး၏၊ အစ-အလယ်-အဆုံး
 ကောင်းခြင်းရှိကြ၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ုပြည့်စုံသော အလုံးစုံ ပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတတ်သော တရားတို့ကို များစွာသင်ကြားအပ်ကုန်၏။ ဆောင်အပ်ကုန်၏၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိအပ်ကုန်၏၊ ယင်းသို့များစွာ သင်ကြားအပ်ပါ၏၊ ---ပ---ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိအပ်ကုန်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွှတ်၏၊ အဆွေခင်ပွန်း အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွတ်၏၊ဟူသော ဤတရားသညလည်း မှိခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် ဆိုဆုံးမလွယ်ကြောင်း တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေခံယူတတ်၏၊ ယင်းသို့ ဆိုဆုံးမလွယ်၏၊ ---ပ---အဆုံးအမကို အရိုအသေ ခံယူတတ်၏၊ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်း-ဟု ဆိုအပ်သော အာုတ်အမြတ်ဖြစ်သော အမဥကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုအမှုကိစ္စတို့၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စီရင်ရန် စွမ်းနိုင်၏၊ ယင်းသို့ပြုလုပ်ရန် စီရင်ရန် စွမ်းနိုင်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရား၌ များစွာမြတ်နိုးခြင်း ရှိ၏၊ ယင်းသို့ တရားတော်ကို အလိုရှိ၏---ပ---လွန်မြတ်သော သုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရား၌ များစွာမြတ်နိုးခြင်းရှိ၏ ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန်၊ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိ၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊
ကုသိုလ်တရားတို့၌ တာဝန်ကို ပယ်ချထားခြင်း မရှိ၊
.ယင်းသို့ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန်ထက်သန်သော လုံ့လရှိနေ၏၊
---ပ---ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် ရတတ်သမျှသော သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ သူနာ၏အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏၊ ယင်းသို့ ရောင့်ရဲ၏ဟူသော ဤတရားသည်လည်း မှိခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် သတိနှင့် ပြည့်စုံ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့်ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကို၎င်း၊ ပြောပြီးသော စကားကို၎င်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အော်ကမေ့နိုင်၏၊ ယင်းသို့ သတိနှင့် ပြည့်စုံ၏၊ ---ပ---အဖန်တလဲလဲ အော်ကငမေ့နိုင်၏ ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။

ရဟန်းတို့-ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကိုသိသော ကိလေသာကို ဖောက်ခွဲနိုင်သော ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည်စုံ၏၊ ယင်းသို့ ပညာရှိ၏၊ မြတ်သောပညာနှင့် ပြည့်စုံ၏ဟူသော တရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်းဟု မိန့်တော်မူ၏။

(အင်္ဂုတ္တိုရ် ပါဠိတော် မြန်မာပြန်၊ နာထဝဂ်၊ ပထမနာထသုတ်)

သတိပဋ္ဌာန်လေးပါး ပွားများအပ်၏

ရဟန်းတို့ အကျင့်သိက္ခာ၏ အားနည်းကြောင်းတို့ကား ဤငါးမျိုးတို့တည်း၊
သူ့အသက်သတ်ခြင်း၊ အရှင်မပေးသည်ကို ယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်၊ မဟုတ်မမှန် ပြောခြင်း၊ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းတို့တည်း။
ဤအကျင့်သိက္ခာ၏ အားနည်းကြောင်း ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်၏။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်၌ ကိုယ်ဟုရှုကာ၊ ဝေဒနာ၌ ဝေဒနာဟု ရှုကာ၊ စိတ်၌ စိတ်၏ ရှုကာ၊ သဘောတရားတို့၌ သဘောတရားဟု ရှုကာ ပြင်းစွာအားထုတ်လျက် ဆင်ခြင်ဉာဏ်(သမ္ပဇဉ်)၊ အောက်မေ့မှု(သတိ)ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ နေ၏၊ ရဟန်းတို့ ဤသတိပဋ္ဌာန်တရား လေးပါးတို့ကို ပွားများအပ်ကုန်၏။

ရဟန်းတို့ အပိတ်အပင် (နီဝရဏ)တို့သည် ဤငါးမျိုးတို့တည်း။
ကာမဂုဏ်တို့၌ လိုချင်တပ်မက်မှု အပိတ်အပင်(ကာမစ္ဆန္ဒ နီယရဏ)၊
သူတပါးအကျိုးမဲ့ ကြံစည်မှု အပိတ်အပင် (ဗျာပါဒ နီဝရဏ)
ထိုင်းမှိုင်းမှု အပိတ်အပင် (ထိနမိဒ္ဓ နီဝရဏ)
ပျံ့လွင့်မှု နောင်တတဖန် ပူပန်မှု အပိတ်အပင် (ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ)
မဆုံးဖြတ်နိုင်မှု အပိတ်အပင် (ဝိစိကိစ္ဆာ နီဝရဏ) တို့တည်း။
ဤနီဝရဏငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်၏။

ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးမျိုးတို့တည်း။

အလိုရှိအပ်ကုန်, နှစ်သက်အပ်ကုန်, နှလုံးကို ပွားစေအပ်ကုန်, ချစ်ဖွယ်သဘောရှိကုန်, ကာမနှင့်စပ်ကုန်, တပ်စွန်းဖွယ် ဖြစ်ကုန်သော စက္ခုဝိညာဉ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၊
သောတဝိညာဉ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့၊
ဃာနယိညာဉ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့၊
ဇီဝှါဝိညာဉ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့၊
ကာယဝိညာဉ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌာဗ္ဗာရုံတို့တည်း။
ဤကာမဂုဏ် ငါးပါးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်၏။

ရဟန်းတို့ ဥပါဒါနက္ခန္ဓာတို့သည် ဤငါးမျိုးတို့တည်း။
ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနာပါဒါနက္ခန္ဓာ၊ သညာုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ တို့တည်း။
ဤဥပါဒါနက္ခန္ဓာ ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်ကုန်၏။

ရဟန်းတို့ အောက်ပိုင်းသံယောဇဉ်တို့သည် ဤငါးမျိုးတို့တည်း။
ထင်ရှားရှိသောကိုယ်၌ အယူမှားမှု (သက္ကာယဒိဋ္ဌိ)
မဆုံးဖြတ်နိုင်မှု (ဝိစိကိစ္ဆာ)
သီလအကျင့်ကို အမှားသုံးသပ်မှု (သီလဗ္ဗတ ပရာမာသ)
ကာမကို လိုချင်မှု (ကာမစ္ဆန္ဒ)
သူတပါးအကျိုးမဲ့ကို ကြံစည်မှု (ဗျာပါဒ) တို့တည်း။
ဤအောက်ပိုင်း သံယောဇဉ်ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးကို ပွားများအပ်၏။

ရဟန်းတို့ လားရာဂတိတို့သည် ဤငါးမျိုးတို့တည်း။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူဘုံ၊ နတ်ဘုံ တို့တည်း။
ဤလားရာဂတိ ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်၏။

ရဟန်းတို့ ဝန်တိုမှု (မစ္ဆရိယ) တို့သည် ဤငါးမျိုးတို့တည်း။
နေရာ၌ ဝန်တိုမှု (အာဝါသ မစ္ဆရိယ)
အမျိုး၌ ဝန်တိုမှု (ကုလ မစ္ဆရိယ)
လာဘ်၌ ဝန်တိုမှု (လာဘ မစ္ဆရိယ)
အဆင်း၌ ဝန်တိုမှု (ဝဏ္ဏမစ္ဆရိယ)
ပရိယတ်တရား၌ ဝန်တိုမှု (ဓမ္မ မစ္ဆရိယ) တို့တည်း။
ဤဝန်တိုမှု ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်၏။

ရဟန်းတို့ အထက်ပိုင်းသံယောဇဉ်တို့သည် ဤငါးမျိုးတို့တည်း။
ရူပဘုံ၌ တပ်မက်မှု (ရူပရာဂ)
အရူပဘုံ၌ တပ်မက်မှု (အရူပရာဂ)
အထင်ကြီးမှု (မာန)
ပျံ့လွင့်မှု (ဥဒ္ဓစ္စ)
မသိမှု (အဝိဇ္ဇာ) တို့တည်း။
ဤအထက်ပိုင်းသံယောဇဉ် ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်၏။

ရဟန်းတို့ စိတ်၏ ငြောင့်တံသင်းတို့သည် ဤငါးမျိုးတို့တည်း။
ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတောယုံမှား၏၊  မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။
တရားတော်၌၊ သံဃာတော်၌၊ အကျင့်သိက္ခာ၌ ယုံမှား၏။
သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သောစိတ် ရှိ၏၊ထိပါးစိတ် ရှိ၏၊ ငြောင့်တံသင်းဖွယ်ဖြစ်၏၊
ဘုရား၌၊ တရားတော်၌၊ သံဃာတော်၌၊ အကျင့်သိက္ခာ၌ တွေးတောယုံမှားသော၊ မဆုံးဖြတ်နိုင်သော၊ သီတင်းသုံးဖော်တို့၌ အမျက်ထွက်သော။ မနှစ်သက်သော၊ ထိပါးသောစိတ် ရှိသော၊ ငြောင့်တံသင်းသဖွယ် ဖြစ်သော ရဟန်း၏စိတ်သည် အားထုတ်ရန် ၊ အကြိမ်ကြိမ် အားထုတ်ရန်၊ မပြတ် အားထုတ်ရန်၊ လွန်စွာ အားထုတ်ရန် မညွတ်၊ ဤသို့ စိတ်မညွတ်ခြင်းသည် စိတ်၏ ငြောင့်တံသင်းတည်း။
ဤစိတ်၏ငြောင့်တံသင်း ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်လေးပါးတို့ကို ပွားများအပ်၏။

ရဟန်းတို့ စိတ်ကို နှောင်ဖွဲ့တတ်သော တရားတို့သည် ဤငါးမျိုးတို့တည်း။
ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌၄င်း၊ ကိုယ်၌၄င်း၊ ရုပ်၌၄င်း၊ မကင်းသော တပ်စွန်းမှု ရှိ၏၊ အလိုဆန္ဒ ရှိ၏၊ ချစ်ခင်မှု ရှိ၏၊ မွတ်သိပ်မှု ရှိ၏၊ ပူလောင်မှု ရှိ၏၊  စွဲမက်မှု ရှိ၏၊ ထိုရဟန်း၏စိတ်သည် လုံ့လပြုရန်၊ အဖန်ဖန် အားထုတ်ရန်၊ မပြတ်အားထုတ်ရန်၊ ဆောက်တည်ရန် မညွတ်၊
ရဟန်းသည် အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ အိပ်မှုချမ်းသာ၊ တပြောင်းပြန်ပြန် လူးလဲမှုချမ်းသာ၊ ငိုက်မျဉ်းမှု ချမ်းသာကို အားထုတ်၍နေ၏၊ ရဟန်းသည် “ငါသညါ ဤသီလဖြင့်၎င်း၊ ဤကျင့်ဝတ်ဖြင့်၎င်း၊ ဤခြိုးခြံမှုဖြင့်၎င်း၊ ဤမြတ်သော အကျင့်ဖြင့်၎င်း၊ နတ်မင်းမူလည်း ဖြစ်ရလို၏၊ နတ်သားမူလည်း ဖြစ်ရလို၏”ဟု တပါးပါးသော နတ်၏အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်၏။ထိုရဟန်း၏စိတ်သည် အားထုတ်ရန်၊ အကြိမ်ကြိမ် အားထုတ်ရန်၊ မပြတ်အားထုတ်ရန်၊ လွန်စွာ အားထုတ်ရန် မညွတ်၊ ဤစိတ်မညွတ်ခြင်းတို့သည် စိတ်ကိုနှောင်ဖွဲ့တတ်သော တရားတို့တည်း။
ဤအနှောင်အဖွဲ့ငါးမျိုးတို့ကို ပယ်ရန် သတိပဋ္ဌာန်တရားလေးပါးတို့ကို ပွားများအပ်ကုန်၏-ဟု မိန့်တော်မူ၏။

(အင်္ဂုတ္တိုရ် ပါဠိတော် မြန်မာပြန် သတိပဋ္ဌာနသုတ်၊ သိက္ခာဒုဗ္ဗလျသုတ်မှ
 စေတသော ဝိနိဗန္ဓသုတ်အထိ ကောက်နုတ်ချက်)

ကြည်ညိုဖွယ်တရား ၁၀-ပါး

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးခါစဖြစ်သော အခါတပါး၌ အသျှင်အာနန္ဒာသည် မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ရာ အလွန်စောသေး၍ ဂေါပကမောဂ္ဂလာန်မည်သော ပုဏ္ဏားရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွဟု အကြံဖြစ်ပြီး ပုဏ္ဏားရှိရာသို့ ချဉ်းကပ်၏။ ဂေါပကမောဂ္ဂလာန် ပုဏ္ဏားလည်း အသျှင်အာနန္ဒာအား ခရီးဦးကြိုပြု နေရာထိုင်ခင်းပေးကာ သင့်လျော်ရာ၌ထိုင်ပြီးလျှင် “အသျှင်ဘုရား အာနန္ဒာ၊ အကြင်တရားတို့နှင့် ပြည့်စုံသောကြောင့် ထိုအသျှင်ဂေါတမသည် ပူဇော်အထူးကို ခံတော်မူတိုက်သော ဘုရားဖြစ်တော်မူ၏၊ ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံသော ရဟန်းတပါးမျှ ရှိသလော”ဟု လျှောက်ထား၏။
အသျှင်အာနန္ဒာသည် “ပုဏ္ဏား ထိုတရားတို့နှင့် အချင်းခပ်သိမ်း လုံးဝပြည့်စုံတော်မူသော ရဟန်းတပါးမျှ မရှိသည်သာတည်း”ဟု မိန့်တော်မူ၏။

ထိုအခါ မဂဓမင်း အဇာတသတ်၏အမတ်ကြီး ဝဿကာရပုဏ္ဏားသည် ရာဇဂြိုဟ်ပြည်၌ အလုပ်တို့ကို အစဉ်လှည့်လည်စစ်ဆေးလျက် ဂေါပကမောဂ္ဂလာန်ပုဏ္ဏား၏ အလုပ်လုပ်ရာဌာန အသျှင်အာနန္ဒာသို့ ချဉ်းကပ်ပြီး “အသျှင်အာနန္ဒာ ယခုအခါ သင်တို့ဆည်းကပ် နေကြရမည်ဖြစ်သော ဤရဟန်းသည် ငါကွယ်လွန်သောအခါ၌ သင်တို့ကိုးကွယ်ရာ ဖြစ်လတ္တံ့ဟု ထိုအသျှင်ဂေါတမ ထားခဲ့သော ရဟန်းတပါးမျှ ရှိသလော”ဟု လျှောက်၏။
“ပုဏ္ဏား၊ ရဟန်းတပါးမျှ မရှိ”ဟု မိန့်ဆို၏။

“အသျှင်အာနန္ဒာ၊ မြတ်စွာဘုရား ကွယ်လွန်တော်မူသောအခါ၌ ငါတို့ကိုးကွယ်ရာ ဖြစ်လတံ့ဟု များစွာသော မထေရ်ကြီး ရဟန်းတို့တင်ထားသော ရဟန်းတပါးမျှ ရှိသလော”
“ပုဏ္ဏား၊ များစွာသော မထေရ်ကြီး ရဟန်းတို့တင်ထားသော ရဟန်း တပါးမျှ မရှိ”

“အသျှင်အာနန္ဒာ ဤသို့ကိုးကွယ်ရာ မရှိပါဘဲလျက် ညီညွတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း”
“ပုဏ္ဏား၊ ငါတို့သည် ကိုးကွယ်ရာ မရှိကုန်သည် မဟုတ်၊ ကိုးကွယ်ရာ ရှိကုန်၏၊ ပုဏ္ဏား၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် ကြည်ညိုဖွယ်ရာ တရား ၁၀-ပါးတို့ကို ဟောကြားတော်မူ၏။ အကြင်ပုဂ္ဂိုလ်၌ ဤ ၁၀-ပါးသော တရားတို့သည် ရှိကုန်၏။ ထိုတရားရှိသော ပုဂ္ဂိုလ်ကို ယခုအခါ ငါတို့ အရိုအသေ ပြုကြကုန်၏။ အလေးပြုကြကုန်၏။ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏၊ အရိုအသေ အလေးအမြတ်ပြု၍ မှီနေကြကုန်၏၊ ကြည်ညိုဖွယ်ရာ ၁၀-ပါးတို့သည်ကား---

၁။ ပုဏ္ဏား၊ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ပါတိမောက္ခသံဝရ သီလကို စောင့်ရှောက်လျက်ရှိ၏၊ အာစာရသီလ ဂေါစရသီလနှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ကြောက်မက်ဖွယ်ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌လည်း ကောင်းစွာဆောက်တည်၍ ကျင့်၏။
၂။ အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ စုဆောင်း၏၊ အစ အလယ် အဆုံး ကောင်းခြင်းရှိသော အနက်သဒ္ဒါနှင့် ပြည့်စုံသော ထက်ဝန်းကျင်ပြည့်စုံလျက် စင်ကြယ်သော မြတ်သောအကျင့်ကို ဟောပြတတ်သော တရားတို့ကို များစွာကြားနာထူး၏၊ နှုတ်ဖြင့် ဆောင်ဖူး၏၊ လေ့ကျင့်ဖူး၏၊ စိတ်ဖြင့် ဆင်ခြင်ဖူး၏၊ ပညာဖြင့် ထိုးထွင်း၍ သိဖူး၏။
၃။ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးတို့ဖြင့် ရောင့်ရဲလွယ်၏။
၎။ အထူးစင်ကြယ်သော စိတ်၌အပါအဝင်ဖြစ်ကုန်သော မျက်မှောက်သော ကိုယ်၌ ချမ်းချမ်းသာသာနေမှုဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏။ မငြိုမငြင် ရ၏၊ မပင်ပန်းဘဲ ရ၏။
၅။ ထိုရဟန်းသည် တပါးမက များသောတန်ခိုး ဖန်ဆင်းခြင်းကို ပြီးစေ၏၊
တယောက်တည်းဖြစ်လျက် အများအပြား ဖြစ်သွား၏၊ အများအပြားဖြစ်လျက်လည်း တယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေ၏၊ ကိုယ်ကို ပျောက်ကွယ်စေ၏၊ နံရံတဖက်၊ တံတိုင်းတဖက်၊ တောင်တဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မြေကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ လ-နေ-တို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာပြည်တိုင်အောင်လည်း မိမိအလိုရှိတိုင်း ဖြစ်စေ၏။
၆။ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သော နတ်တို့၏နာါ်နှင့်တူသော ဒိဗ္ဗသောတဉာဏ်ဖြင့် နတ်၌လည်း ဖြစ်ကုန်၊ လူ၌လည်း ဖြစ်ကုန်သော၊ ဝေးသည်၊ နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသောအသံတို့ကို ကြားရ၏။
၇။ ထိုရဟန်းသည် တပါးသောပုဂ္ဂိုလ်၊ သတ္တဝါတို့၏စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍သိ၏၊ တပ်မက်ခြင်းရာဂနှင့်တကွသော စိတ်ကိုလည်း တပ်မက်ခြင်းရာဂနှင့်တကွသော စိတ်၏သိရ၏၊ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသောစိတ်ဟု သိ၏၊ ထို့အတူ အမျက်ထွက်ခြင်း၊ ဒေါသစိတ်၊ ဒေါသ ကင်းသောစိတ်၊ တွေဝေခြင်း မောဟစိတ်၊ မောဟကင်းသော စိတ်၊ ကျုံ့သော သံခိတ္တစိတ်၊ ပျံ့သောဝိစိတ္တစိတ်၊ မြတ်သည်၏အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်စိတ်၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော အမဟဂ္ဂုတ်စိတ်၊ သာလွန်သော တရားရှိသော သဥတ္တရစိတ်၊ သာလွန်သော တရားမရှိသော အနုတ္တရ စိတ်၊ တည်ကြည်သော သမာဟိတစိတ်၊ မတည်ကြည်သော အသမာဟိတစိတ်၊ လွတ်မြောက်သော ဝိမုတ္တစိတ်၊ မလွတ်မြောက်သော အဝိမုတ္တစိတ် တို့ကိုလည်း သိ၏။
၈။ ရဟန်းသည် များစွာသော ရှေးဘဝကဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏၊ ခန္ဓာအစဉ်ဟူသည် တဘဝကို၎င်း၊ နှစ်ဘဝ၊ သုံးဘဝ၊ လေးဘဝကို၎င်း၊ ဘဝတရာ၊ ဘဝတထောင်၊ ဘဝတသိန်းတို့ကို၎င်း၊ များစွာသော ပျက်ကပ်၊ ဖြစ်ကပ်တို့ကို၎င်း၊ အစဉ်လျှောက်၍ အောက်မေ့နိုင်၏၊ ဤမည်သောဘဝ၌ ငါသည် ဤသို့သောအမည် ရှိခဲ့၏၊ အနွယ်ရှိခဲ့၏၊ အဆင်းရှိခဲ့၏၊ အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊  ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှသေခဲ့သော် ဤမည်သောဘဝ၌ ပြန်ဖြစ်၏၊ ဤသို့ အချင်းအရာနှင့်တကွ ညွှန်းပြဖွယ် အမည်အနွယ်နှင့်တကွ များစွာသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏။
၉။ ထိုရဟန်းသည် နတ်တို့၏ မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သေဆဲ သတ္တဝါ၊ ဖြစ်ပေါ်ဆဲ သတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော၊ မလှသော သတ္တဝါ၊ ကောင်းသော လားရာဂတိရှိသော၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါကို သိ၏။
၁၀။ အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ် သမာဓိကို၊ အရဟတ္တဖိုလ် ပညာကို၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဝင်စားနေ၏”ဟု ဟောတော်မူ၏။

(ဥပရိပုဏ္ဏာသ ပါဠိတော် မြန်မာပြန်၊ ဒေဝဒဟဝဂ်၊ ဂေါပကမောဂ္ဂလာနသုတ်)

No comments:

Post a Comment