မြတ်ဗုဒ္ဓက နိုင်ငံရေး၊ စစ်ပွဲနှင့်ငြိမ်းချမ်းရေး
အကြောင်းတွေနဲ့ပက်သက်လို့ ရှင်းလင်း တိကျစွာ ပြောခဲ့ ဟောခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ စကြာဝဠာ၊
ကမ္ဘာ လောကကြီးနှင့်ဆိုင်သော သဘောတရားအမြင်က အကြမ်းဖက်မှုကင်းပြီး၊ ငြိမ်းချမ်းမှု ရရှိဖို့ပါ။
နောက် အကြမ်းဖက်မှုတွေ ဘ၀အသက် ဖျက်ဆီးခြင်းတွေကိုလဲ အားမပေးခဲ့ပါဘူး။ ဗုဒ္ဓဘာသာအလိုအရ
မျှတသောစစ်ပွဲ =Just War ဆိုတာ မရှိပါဘူး။ တကယ်တော့ သူတို့သုံးနေတဲ့ မျှတသော စစ်ပွဲ
(Just War) ဆိုသည်မှာလဲ မှားယွင်းစွာတီထွင်ထားသော ဝေါဟာရတစ်ခုရယ်ပါ။ သူတို့ရဲ့ စိတ်ဆန္ဒတွေ
ကျေနပ်မှုတွေကို ပြည့်စေဖို့ ဒီဝေါဟာရကို ၀ါဒဖြန့်ပြီး
ဒေါသတွေ၊ ရက်စက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရက်စက်စွာ သတ်ဖြတ်မှုတွေကို ဖန်းတီးနေခြင်းရယ်ပါ။
မျှတမှု၊ မမျှတမှု ရှိ-မရှိဆိုတာကို ဘယ်သူက
ဆုံးဖြတ်မှာလဲ။ မျှတခြင်းရှိသော စစ်ပွဲ၊ မျှတမှု ကင်းသောစစ်ပွဲ ဟု ဆုံးဖြတ်သောသူကလည်း
ပြောပါလိမ့်မယ်။ အင်းအားကြီးပြီး အောင်နိုင်သောသူက မျှတ=Just ဖြစ်ပြီး။ အင်အားနည်းပြီး
ရှုံးနိမ့်သောသူက မမျှတ= Unjust လို့။ ဗုဒ္ဓဘာသာက ဒီအနေအထား၊ ဒီအယူအဆကို လက်မခံပါဘူး။
မြတ်ဗုဒ္ဓက အကြမ်းဖက်မှုကင်းခြင်း၊ ငြိမ်းချမ်းမှုရှိခြင်းကို
ဟောယုံသာ ဟောခဲ့သည်မဟုတ်ပါ။ ဗုဒ္ဓကိုယ်တိုင် လက်တွေ့ ဖြေရှင်းပေးခဲ့ပါတယ်။ ဘုရား လက်ထက်တော်အခါက
ရောဟနီမြစ်ရေနဲ့ ပက်သက်လို့ အချင်းများ ခိုက်ရန်ဖြစ်လုနီးဖြစ်သော သကျတိုင်းသားတွေနဲ့
ကောလိယတိုင်းသားတွေ အထံကို ကိုယ်တော်တိုင်ကြွပြီး ရန်ပွဲ စစ်ပွဲကို တားမြစ်ကာ ဖြေရှင်းပေးခဲ့ပါတယ်။
နောက် ၀ဇ္ဇီတိုင်းနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်မည် လုပ်သော အဇာတသတ်မင်းကိုလည်း တားမြစ်ခဲ့သော
သာဓကတွေ ရှိခဲ့ပါသေးတယ်။
တကယ်တော့ မြတ်ဗုဒ္ဓခေတ်အခါတုန်းကလည်း ယနေ့မျက်မှောက်ခေတ်
ကာလကဲသို့ တိုင်းနိုင်ငံတွေကို မမျှမတ အုပ်ချုပ်ခဲ့သော ဘုရင် အစိုးရခေါင်းဆောင်တွေ
ရှိခဲ့ပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ တိုင်းသား ပြည်သူတွေဟာ မတရား ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်။ ဥပဒေနှင့်မညီသော၊ ပမာဏထက်ပိုလွန်သော အကောက်ခွန်တွေကိုလည်း
တင်သွင်းခဲ့ရပါတယ်။ နောက် ရက်စက် ကြမ်းကြုတ်သော ပြစ်ဒဏ်တွေကိုလည်း ခံခဲ့ရပါတယ်။ မြတ်ဗုဒ္ဓက
ဒီလူသား မဆန်သော ပြုလုပ် မှုတွေ အုပ်ချုပ်မှုတွေကို လေးလေးနက်နက် ဖယ်ရှားခဲ့ပါတယ်။
မြတ်ဗုဒ္ဓက အစိုးရကောင်း၊ ဘုရင်းကောင်းရဲ့ ပြဿနာနဲ့ပက်သက်လို့
သူရဲ့ သဘော ဆန္ဒကိုလဲ ဖော်ပြထားပါသေးတယ်။ ဗုဒ္ဓလက်ထက်က လူမှုဆက်ဆံရေး၊ စည်းပွားရေး၊ နိုင်ငံရေးနောက်ခံ သမိုင်းတွေ
အပေါ်မှာ ထားခဲ့သော ဗုဒ္ဓရဲ့ အမြင်းတွေက တကယ်ကို ကျေနပ် နှစ်သက် စရာပါ။ နောက် မြတ်ဗုဒ္ဓက
အစိုးရခေါင်းဆောင်တွေ၊ ဘုရင်တွေ၊ ၀န်ကြီးတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိတွေက အကျင့်ပျက်၊
စာရိတ္တတွေ ပျက်ပြားပြီး၊ မမှန်မကန်၊ မမျှမတဖြစ်သောအခါ တစ်နိုင်ငံလုံး၊ နိုင်ငံသူ-နိုင်ငံသားတွေ
အားလုံးကလည်း အကျင့်တွေပျက်၊ စာရိတ္တတွေ ပျက်ပြားလာနိုင်ပုံ ဖော်ပြခဲ့ပါတယ်။ နိုင်ငံတစ်ခု၊
တိုင်းပြည်တစ်ခု ပျော်ရွှင်စေချင်တယ်ဆိုရင် မျှတမှန်ကန်သော ဘုရင်၊ အစိုးရ ရှိကိုရှိရပါမည်။
အစိုးရကောင်း၊ ဘုရင်ကောင်း၊ ခေါင်းဆောင်းကောင်း
တစ်ယောက်ဖြစ်ဖို့ ဘယ်လိုနားလည် သဘောပေါက် လို်က်နာကျင့်သုံးရမယ်ဆိုတာကို မြတ်ဗုဒ္ဓက
ဇာတကမှာ မင်းကျင့်တရား ဆယ်ပါး= Ten Duties of the King (ဒသရာဇ ဓမ္မ) ကို ရှင်းပြဟောပြထားခဲ့ပါတယ်။
ယနေ့မျက်မှောက်ခေတ်မှာတော့ King=ရာဇ ဆိုတဲ့ ဝေါဟာရအစား Government လို့ပြောင်းလဲ ခေါ်ဝေါ်သင့်ပါတယ်။
ဒါကြောင့် မင်းကျင့်တရားဆယ်ပါးကို ယနေ့ မျက်မှောက်ခေတ် အစိုးရတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊
ဝန်ကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဥပဒေအရာရှိတွေ၊ အုပ်ချုပ်ရေး ခေါင်းဆောင်တွေအားလုံး
အသုံးပြု လိုက်နာသင့်ပါတယ်။
မင်းကျင့်တရားဆယ်ပါး- Ten Duties of the
King ဆိုသည်မှာ:
၁။ စာနာခြင်း၊ ရက်ရောကျင်နာခြင်း၊ ပေးကမ်းလှူဒါန်း
စွန့်ကြဲ ခြင်းဟူသော ဒါနတရား ရှိရခြင်း။ နိုင်ငံ့ခေါင်းဆောင် တစ်ဦးဆိုတာ ပစ္စည်းဥစ္စာ
ရွှေ ငွေရတနာတွေ အပေါ်မှာ တွယ်တာ တပ်မက်မှု မဖြစ်သင့်၊
မဖြစ်ထိုက်ပါဘူး။ လူသားတွေကောင်းကျိုး၊ နိုင်ငံသူ- သားတွေကောင်းကျိုး (ပရဟိတ) အတွက် သူပိုင်ဆိုင်ထားသော
စည်းစိမ်ဥစ္စာ၊ ရတနာတွေကို ပေးဝေသင့်၊ စွန့်ကြဲသင့်ပါတယ်။
၂။ မြင့်မားသောကိုယ်ကျင့်တရား ဟူသော သီလ
(Morality) ရှိခြင်း။ နိုင်ငံကိုအုပ်ချုပ်မင်း လုပ်နေသော ခေါင်းဆောင်တစ်ဦးက အသက်တွေ၊
ဘ၀တွေကို ဘယ်တော့မှ မသတ်ဖြတ်၊ မဖျက်ဆီးသင့်ပါဘူး။ ဘယ်တော့မှ ပြည်သူ-သားတွေ၊ လူသားတွေအပေါ်မှာ
မလိမ်ညာသင့်ပါဘူး။ ဘယ်တော့မှ သူတစ်ပါး၊ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာရတနာတွေကို မတရားသဖြင့်
ခိုးယူ၊ မသိမ်းပိုက်သင့်ပါဘူး။ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ သူများသားသ္မီးကို မတရားသဖြင့်
စော်ကားမှု၊ သိမ်းပိုက်မှုတွေကိုလဲ ဘယ်တော့မှ မကျူးလွန်သင့်ပါဘူး။ မှားယွင်းသော၊ မဟုတ်မမှန်ကန်သော
စကားကိုလဲ ဘယ်တော့မှမပြောရပါဘူး။ အရက်၊ဘီယာ၊ ဘိမ်းစသော မူးယဇ်ဆေးဝါးများကိုလဲ ဘယ်တော့မှ
မသောက်သင့်၊ မသုံးစွဲသင့်ပါဘူး။ ဒါကြောင့် နိုင်ငံခေါင်းဆောင် တစ်ယောက်မည်သည် အနည်းဆုံး
သာမန်လူသားတွေ ကျင့်သုံးစောင့်ထိန်းနေသော ငါးပါးသီလကို ကျင့်သုံး လိုက်နာ၊ စောင့်ထိန်းရမှာပါ။
၃။ နံပါတ်သုံးစဉ်းမျဉ်းကတော့ သူတော်ကောင်း၊
သူတော်စင် ပုဂ္ဂိုလ်များအတွက် အရာရာတိုင်းကို စွန့်ခြင်းပေး ကမ်းခြင်းဆိုသော ပရိစ္စာဂ ဖြစ်ပါတယ်။
ဆိုလိုတာက ဘုရင် ၊နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဟာ လူသားတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့
ဆန္ဒတွေပြည့်စေဖို့ သူ့ရဲ့ ပုဂ္ဂလိကဆိုင်ရာ ဇိမ်ခံမှုတွေ နာမည်ကျော်ကြားမှုတွေ၊ နောက်ဆုံး
သူ့ဘ၀ အသက်ကိုတောင် ပေးဆပ်ဖို့ စွန့်လွတ်ဖို့ အမြဲတမ်း ပြင်ဆင်ထားရမှာပါ။
၎။ နံပါတ်လေး မင်းကျင့်တရားမှာ… ရိုးသားဖြေင့်မတ်မှု
(အဇ္ဇ၀) ရှိခြင်းပါ။ ဆိုလိုတာက နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဆိုတာ သူရဲ့အလုပ်တာဝန်ခန့်မှု၊
ထုတ်ပယ်မှုတွေမှာ အဂတိတရား ကင်းရပါမယ်။ သူရဲ့ ရည်ရွယ်ချက်တွေက အမြဲတမ်း ရိုးသားဖြေင့်မတ်
မှန်ကန် တိကျနေရမှာပါ။ နောက်..ပြည်သူတွေကိုလဲ ဘယ်တော့မှ မလှည့်စား၊ မလိမ်ညာ၊ မဖြားယောင်းရပါ။
၅။ နံပါတ်ငါးမင်းကျင့်တရားမှာ..ကြင်နာခြင်း၊
နုညံ့သိမ်မွေ့ခြင်း(မဒ္ဒ၀) ရှိရပါမယ်။
နုညံ့သိမ်မွေ့သော၊
ကြင်နာတတ်သော စရိုက်လက္ခဏာ ရှိရပါမည်။
၆။ နံပါတ်ခြောက် မင်းကျင့်တရားကတော့ ခြို့ခြံသော
အကျင့်၊ အပြုအမူ (တပ) ရှိရပါမည်။ နိုင်ငံ့ခေါင်းဆောင် ရှင်ဘုရင်တစ်ဦးဟာ ရိုးရှင်သော
ဘ၀ကို ဦးတည်နေရပါမယ်။ ကာမဂုဏ်၊ ကာမအာရုံတွေကို မလိုက်စား၊ မပျော်ပါးသင့်ပါဘူး။ မိမိကိုယ်ကို
အမြဲတမ်းထိန်းချုပ်မှုရှိရပါမည်။
၇။ နံပါတ် ခုနစ် မင်းကျင့်တရားမှာ…အမုန်းအဃာတ
အမျက်ဒေါသ၊ ရန်ငြိုးမရှိခြင်း (အက္ကောဓ) ဖြစ်ပါသည်။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဟာ
တိုင်းသား ပြည်သူတွေ အပေါ်မှာ ရန်ငြိုးထားခြင်း၊ အမုန်းပွားခြင်း မရှိရပါဘူး။
၈။ နံပါတ် ရှစ် မင်းကျင့်တရားကတော့.. အကြမ်းဖက်မှုကင်းခြင်း
(အ၀ိဟိံသ) ရှိရပါမည်။ ဆိုလိုသည်မှာ နိုင်ငံအုပ်ချုပ် မင်းလုပ် သူဟာ အသက်ပေါင်း များစွာ၊
ဘ၀ပေါင်း များစွာကို သေကြေပျက်စီးစေခြင်း၊ အကြမ်းဖက်ခြင်းကို ဖြစ်ပေါ်စေ တတ်သော စစ်ပွဲတွေကို ရှောင်ရှား တားမြစ်ပြီး
နိုင်ငံသူ-သားတွေအားလုံးကို သာယာငြိမ်းချမ်းစေရပါမည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေရ၊ မပျက်စီး စေရပါဘူး။
၉။ နံပါတ်ကိုး မင်းကျင့်တရားမှာ..ပြည်သူ-သားတွေအပေါ်မှာ
သည်းခံစိတ်ရှိခြင်း၊ နားလည်မှု ပေးခြင်း (ခန္တီ) ရှိရပါမည်။ ရှင်ဘုရင်၊ အစိုးရ၊ သမ္မတ
တစ်ဦးဟာ တိုင်းသား -ပြည်သူတွေရဲ့ အခက်အခဲ၊ နိုင်ငံရဲ့ အခက်အခဲတွေကို သည်းခံစိတ် မွေးနိုင်ရပါမယ်။
နောက်..ဒေါသ မထွက်ပဲ ဖြေရှင်းကိုင်တွယ်နိုင်ရပါမည်။
၁၀။ ဆယ်ခုမြောက် နောက်ဆုံး မင်းကျင့်တရားကတော့
ပိတ်ဆို့တားမြစ်မှု၊ ဆန့်ကျင်မှုကင်းခြင်း
(အ၀ိရောဓ) ရှိရပါမည်။ ရှင်ဘုရင်၊ အစိုးရဆိုတာ ပြည်သူ-သားတွေရဲ့ ဆန္ဒကို မဆန့်ကျင်ရပါဘူး။
နောက်..လူသားတွေ၊ ပြည်သူ-သားတွေရဲ့ အကျိုးစီးပွားကို ဖြစ်စေတတ်သော လုပ်ရပ် နည်းလမ်းများကိုလည်း
မတားဆီး၊ မပိတ်ဆို့ရပါဘူး။
တနည်းပြောရမယ်ဆိုရင်..ရှင်ဘုရင်၊ အစိုးရ၊ သမ္မတဟာ
ပြည်သူ-သားတွေနှင့်အတူ ညီညီညွတ်ညွတ် အုပ်ချုပ်သင့်ပါတယ်။ နိုင်ငံတစ်နိုင်၊တိုင်းပြည်
တစ်ပြည်ဟာ အထက်ပါ မင်းကျင့်တရားဆယ်ပါးနှင့် အညီအုပ်ချုပ်နိုင်ပါက ပျော်ရွှင်၊ ငြိမ်းချမ်းပါလိမ့်မည့်ဆိုတာကို
ပြောစရာ မလိုပါဘူး။ တကယ်တော့ ဒါဟာ စိတ်ကူးယဉ်မဟုတ်ပါဘူး။ ရှေ့အခါက အိန္ဒိယနိုင်ငံရဲ့
ဘုရင်အသောကလို မင်းကျင့်တရားဆယ်ပါးကို ရင်ဝယ်မှာထားပြီး တိုင်းပြည် နိုင်ငံတည်ထောင်ခဲ့သော
ဘုရင်တွေ ရှိခဲ့ပါတယ်။
တကယ်တော့ ယနေ့မျက်မောက်ခေတ် လူသားတွေရဲ့ ဘ၀တွေက
ကြောက်ရွံ့မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက်၊ မိသားစု တစ်ခုနဲ့တစ်ခု၊ အဖွဲ့စည်းတစ်ခုနဲ့တစ်ခု၊
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးတစ်ခုနဲ့ တစ်ခု ယုံကြည်မှု ကင်းမဲ့စွာဖြင့် နေထိုင်နေကြရပါတယ်။
အမှန်တော့.. တိုင်းပြည် နိုင်ငံတစ်ခု မငြိမ်းချမ်းဘူး၊ မတိုးတက်ဘူးဆိုတာ။ စစ်ပွဲတွေ၊
ပဋိပက္ခတွေ၊ အငြင်း အခုံတွေ ဖြစ်ရတယ်ဆိုတာ။ ပြည်သူနဲ့ ဘုရင်အကြား တင်းမားမှုတွေ၊ ဆန္ဒပြ မှုတွေ၊
တောင်းဆိုမှုတွေ မကြာ ခဏဖြစ်တယ်ဆိုတာ။
နောက်.. အခုလို ပြည်တွင်းမှာ ပါတီပွဲတွေ၊
နိုင်ငံရေး အတိုက်အခံတွေ၊ အုံးအုံးကြွကြွ ဆူညံမှုတွေ ဖြစ်ပေါ်နေရ တယ်ဆိုတာ။
နောက်.. ပြည်သူတွေဆင်းရဲနေရတယ်၊ စိတ်ဆင်းရဲနေရတယ်ဆိုတာ။
အသိဥာဏ် အတွေးအခေါ်၊ ဗဟုသုတတွေ နည်းတယ်ဆိုတာ။ ခေတ်နောက်ကျ၊ သူများနောက်ကျတယ်ဆိုတာ အုပ်ချုပ်သူ
ဘရင် အစိုးရက မင်းကျင့်တရားဆယ်ပါးကို မလိုက်နာ မကျင့်သုံး၊ မစောင့်ထိန်းလို့ ဖြစ်ရတာပါ။
တကယ်လို့.. တိုင်းပြည်တစ်ခု ၊ နိုင်ငံတစ်နိုင်ငံ အေးချမ်းသာယာ လှပစည်ပင်၊ တိုးတက်အောင်မြင်
စေချင်တယ်ဆိုပါက မင်းကျင့်တရား ဆယ်ပါးနှင့်အညီ အုပ်ချုပ်သော ရှင်ဘုရင် အစိုးရမျိုးကိုလိုအပ်ပါတယ်။
ထို့ထက်..လူသားတွေ၊
သတ္တ၀ါတွေအားလုံး လှပ၊ ငြိမ်းချမ်းစေချင်တယ်ဆိုပါက မြတ်ဗုဒ္ဓဟောကြား သိင်္ဂါလောဝါဒ သုတ်လာ တရားဒေသနာများနှင့်
အညီ လူသားအားလုံး နေထိုင်၊ ပြုမူ၊ ကျင့်သုံး အုပ်ချုပ်သင့်ပါကြောင်း……။
No comments:
Post a Comment