ကမ္မနိယာမ -ကမ္မအဓိပ္ပါယ် နှင့် အနှစ်သာရ
ကံဆိုသည်မှာ ကမ္မဟူသော ပါဠိမှဆင်းသက်လာသောမြန်မာဝေါဟာရဖြစ်သည်။
ကမ္မ ( ကရ်မ ဟုအသံထွက်ရွတ်ဆိုရပါမည်) ဆိုသည် ပြုလုပ်မှုပင် ဖြစ်သည်၊ အမှန်တွင် ကျမ်းဂန်နည်းကျ ပြောရလျှင် တစ်စုံတစ်ခုကို ကိုယ်ဖြင့်ပြုလုပ်မှု (ကာယက)ံ၊ နှုတ်ဖြင့်ပြောဆိုမှု ( ဝစီကံ) ၊စိတ်ဖြင့်ကြံစည်မှု ( မနောကံ ) တခုခုဖြင့်ပြုလုပ်သောအခါ စိတ်တွင်ပေါ်လာသော ”စေတနာ” စေတသိတ် ကိုဆိုသည်။
ကောင်းသောအလုပ်ဖြစ်စေ၊ မကောင်းသောအလုပ်ဖြစ်စေ စေတနာစေတသိက်သည် အာရုံအပေါ်မှာ ကိုယ်တိုင်ပါဝင်ခေါင်းဆောင်ပြုကာ အခြားသောစေတသိတ်များကိုလည်း တိုက်တွန်းစည်းရုံး ဆောင်ရွက် စေသည်။အများခေါ်ဝေါ်နေသော ကံဆိုသည်မှာ အလုပ်တခုပြုလုပ်ရာတွင် လူတစ်ဦး၏ စိတ်အတွင်း၌ပေါ် ပေါက်လာသောစေတနာ စေတသိက် ကလေးသာဖြစ်ပေသည်။
ကမ္မနိယာမ အားလုံး နားမလည်က စိတ်မပျက်ရ
ဗုဒ္ဓမြတ်စွာဘုရားရှင်သည်ဆရာသင်ပြလမ်းညွှန်မှုကို မခံယူရဘဲ သဗ္ဗညုတဘုရားရှင်ဖြစ်တော်မူမည့် ညသန်းခေါင်ယံကာလ တွင် ကိုယ်တော်တိုင် ထူးခြားလှစွာသော အသိဥာဏ်ထူးဖြင့် ကံနှင့်ပတ်သက်ပြီးအရာခပ်သိမ်းကို သိမြင်နားလည်ခဲ့ပေသည်။ ဗုဒ္ဓမြတ်စွာ၏ ဧတဒဂ်ရ အတော်ဆုံးတပည့်သာဝကများသည်ပင် ကံနှင့်ပတ်သက်ပြီးအလုံးစုံကို သိမြင်နားလည်ဘို့ ရန် စွမ်းနိုင်ခြင်းမရှိကြပေ။
ထို့ ကြောင့်ကံနှင့်ပတ်သက်သမျှ အလုံးစုံ နားမလည်က စိတ်မပျက်သင့်ပေ။
ကမ္မနိယာမ
ဗုဒ္ဓဘာသာတွင်အခြေခံကျသော အယူအဆမှာ ကမ္မနိယာမ ဖြစ်သည်။ ကောင်းသောအလုပ်စေတနာကံ သည်ကောင်းကျိုးပေး၍ မကောင်းမှုစေတနာကံသည် မကောင်းကျိုးပေးမည် ဟူသောသဘာဝနိယာမကို ကမ္မနိယာမဟုခေါ်ဆိုအပ်ပေသည်။
ကံ၏စွမ်းရည်-သတ္တိ
ရုပ် နှင့် နာမ်တို့ သည် ချက်ချင်းဖြစ်၍ချက်ချင်းချုပ်ပျောက်နေကြသည်။
ထို့ ကြောင့်နာမ်တရားဟူသောစေတနာ စေတသိက်သည် ဖြစ်ပေါ်ကာချုပ်ပျောက်ကြ၏၊ သို့ သော် တခြားနာမ်စေတသိတ် များနှင့် မတူသောအချက်မှာ ထိုစေတနာစေတသိက် ချုပ်ပျောက်သောအခါ စွမ်းရည်သတ္တိဓါတ်များကျန်ရစ်ခဲ့သည်။
ထိုစွမ်းရည်သတ္တိဓါတ်ကို ဘယ်နေရာတွင်သိမ်းထားလိုက်သည်ကို မသိနိုင် မပြောနိုင်၊ သို့ သော်အကျိုးပေးရန် အခွင့်သာလာသောအခါ ထိုကံစေတနာ၏ စွမ်းရည်သတ္တိ သည် အကျိုးအဖြစ်ပေါ်ပေါက်လာတော့သည်။ ကောင်းသောစေတနာကံသည် ကောင်းကျိုးပေး၍ မကောင်းစေတနာကံသည် မကောင်းကျိုးရစေသည်။
ကံထိုက်သော စေတနာ
ပြုလုပ်မှုအရာတွင် စေတနာစေတသိတ် သည်သာလိုရင်းပဓာဏဖြစ်သည်။ စေတနာပါရှိမှသာလျှင်အထ မြောက်ကံမြောက်သည်။
ဥပမာ- မိမိလမ်းလျောက်သွားသော် ခြေဖဝါးအောက်တွင် ဖိမိ၍အသက်သေသွားကြရသော ပိုးကောင် ပေါင်းများစွာရှိသော်လည်း သေစေလိုသော စေတနာနှင့်သတ်ခြင်းမဟုတ်၍ ပါဏာတိပါတ အသက်သတ်ခြင်း
ကံမမြောက်၊သို့ သော်ခြင်တကောင်ထဲကို သေစေလိုသောစေတနာဖြင့် သတ်လိုက်၍သေသွားသော် ပါဏာတိပါတသူများအသက်သတ်ခြင်းကံထိုက်သွားသည်။
ထို့ ကြောင့် ” စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” = စေတနာကို ကံဟု ငါဘုရားဟောတော်မူ၏ ဟုမြတ်စွာ ဘုရားဟောကြားခဲ့သည်။
ကံ၏သဘောသည် သိမ်မွေ့ ၏၊ အင်အားသတ္တိလည်းကြီးမားသည်။ ကမ္ဘာများစွာခြားသော်လည်းအကြောင်း တိုက်ဆိုင်လာသောအခါ ထိုကံမျိုးစေ့မှ အကျိုးပေးသဖြင့် ပဋ္ဌာန်းဒေသနာအရ ” နာနာက္ခဏိကကံ” ဟုခေါ်သည်။
အဘိဓမ္မာအရပြောရလျှင် ဝီထိစိတ်အစဉ်တွင် ၂၉ ပါးသောဇောစိတ်တို့ ၌ယှဉ်သည့် စေတနာသာလျှင် နောင်ဘဝ အတွက်အကျိုးပေးနိုင်စွမ်းရှိသော ကံသတ္တိဖြစ်သည်။ ထိုဇောစိတ်များသည် ပုထုဇဉ်၊ အရိယာအားလျော်စွာ
ဇောစိတ်( ၅၅ ) ပါးမှ လောကီကုသိုလ်ဇော (၁၇ ) ပါး - ( မဟာကုသိုလ် ၈ပါး နှင့် မဟဂ္ဂုတ်ကုသိုလ် ၉ ပါး)
နှင့် အကုသိုလ်ဇော (၁၂) ပါး ပေါင်း ၂၉ ပါးသည်သာ ကံဆိုသော စေတနာဖြစ်စေသည်။
အမှားဝါဒ ပယ်လိုက်ကြ
ကံသက်သက်ယုံသောအမှား ဝါဒ
ကံတခုတည်းကိုသာ လုံးလုံးယုံကာ မကောင်းလည်းကံ၊ ကောင်းလည်းကံ ဟုအတိတ်ကံကိုသာလုံးဝပုံချ လျှင်လည်းဒိဋ္ဌိအယူမှားပင် ( ပုဗ္ဗေကတဟေတုဒိဋ္ဌိ)
အတိတ်ကံတခုတည်းကိုသာ အားကိုးကာ ပစ္စုပ္ပန် ကံ၊ ဥာဏ်၊ ဝီရိယတို့ ကို လျစ်လျုရှုလိုက်ပါကမိမိကိုယ်
ကိုအားကိုး လိုစိတ်မရှိတော့ဘဲအတိတ်၏ကံအပြစ်များဟုသာဆိုနေရာ၏။ ကံကိုယုံ၍ ဆူးပုံမနင်းသင့်၊
ကျားရဲရာ ကြမ္မာမယိုးသာ ဟူသောစကားပုံများရှိခဲ့သည်၊ အယူမှားက (သို့ ) ကံအကြောင်းကိုနားမလည်
လျှင် လူကောင်းကို လူဆိုးလူညံ့ဟု၊ လူဆိုးကို လူတော်လူကောင်းဟု ထင်ယောင်မှားသွားတတ်သည်။
ဖန်ဆင်းရှင်ယုံသော အမှားဝါဒ
သတ္တဝါတွေတွေ့ ကြုံနေရသည့် ခံစားမှုအားလုံးသည် အစိုးရသော တန်ခိုးရှင် ( creater ) ကဖန်ဆင်း ထား၍သာဖြစ်သည်ဟုယူဆ ယုံကြည်လျှင် ဒိဋ္ဌိအယူမှားပင် ( ဣဿနိမ္မာန ဝါဒ)
ဖန်ဆင်းရှင် တန်ခိုးရှင်သည် သတ္တဝါများ ကို မတူအောင်အဘယ်ကြောင့်ဖန်ဆင်းရသနည်းဟုမတွေးတော့၊
မိမိကိုသူ့ အသက်သတ်သောသူ၊ သူ့ ဥစ္စာခိုးသူများ ဖြစ်အောင်အဘယ်ကြောင့် ဖန်ဆင်းရသနည်းဟုမစဉ်း စားတော့။ချမ်းသာသူနှင့်ဆင်းရဲသူ အဘယ်ကြောင့်ကွဲပြား၍ ဖန်ဆင်းရသနည်းဟုမမေးချင်တော့၊ တန်ခိုးရှင်၏ဖန်ဆင်းမှုတခုတည်းကိုယုံကြည်စွဲမှတ်ထားသူသည် အမှုတခုကို ကောင်းသည်၊ မကောင်းသည်၊
ပြုသင့် သည် မပြုသင့်သည် မစဉ်းစား ဥာဏ်နှင့် ဝီရိယကို မသုံးတော့ချေ။ ဖန်ဆင်းရှင် အလိုအတိုင်းဟုသာ
သတိလက်လွတ်မကောင်းမှု မှန်သမျှ ဆက်လုပ်နေမည်သာ။
ကျိုးကြောင်း မဲ့ ယုံသော အမှားဝါဒ
သတ္တဝါများ တွေ့ ကြုံခံစားနေရသော ဆင်းရဲမှု၊ ချမ်းသာမှုအားလုံးသည် အကြောင်းအထောက် အပံ့ မရှိဘဲ
သူ့ အလိုလို ဖြစ်ပေါ်လာသည်ဟု ယုံကြည်သော ဒိဋ္ဌိအယူမှား ( အဟေတု အပ္ပစ္စယ - ဝါဒ)
အယူမှန်မှ ကံကောင်းရ ၊ ကံ၊ဥာဏ်၊ဝီရိယ ယုံလိုက်ကြ။
ကောင်းကံလုပ်လျှင်- ကောင်းကျိုးပေးမည်။
မကောင်းကံလုပ်လျှင် - မကောင်းကျိုးပေးမည်။
ကံအကြောင်းကို သိလိုလျှင် ကမ္မနိယာမကို သိရမည်။
ကံ၏အကျိုးကို ယုံ၊ ဥာဏ်ဖြင့် ချင့်ချိန်၊ ကောင်းကံဖြစ်အောင် ဝီရိယစိုက်၊
မင်းကြောင့်၊ မင်းအပြစ်၊ မင်းအမှား ဟုသာပြောတတ်ကြသည်၊အမှန်စင်စစ် ကိုယ့်အပြစ် ဝိပါက် ကံဆိုးများသာ၊
ဆိုးကံကြုံက သူတစ်ပါး အပြစ်မတင်ရ ၊ အမှန်စင်စစ် ကိုယ့်အပြစ်
ကံဆိုသည် အကျိုးပေးတတ်သည့်အရာဟုနားလည်ထားပါက ကံဆိုးကြုံက သူတစ်ပါးကို အပြစ်ပုံချ နေစရာ
မလို။ ဤဘဝဆင်းရဲရခြင်း၊ အဆိုးကံနှင့်သာကြုံနေရခြင်း၊ အရှုံးနှင့်သာရင်ဆိုင်နေရခြင်း၊ ရောဂါဝေဒနာ
ဆိုးများခံစားနေရခြင်းသည် အမှန်စင်စစ် လွန်ခဲ့သောအချိန်များက မိမိသာပြုခဲ့မိသော ကံစေတနာအဆိုး
များကြောင့်ပင်။ အမှန်စင်စစ် မိမိအပြစ်များသာ၊
ကောင်းမှုလုပ်သော်လည်း ဘာကြောင့် ဆင်းရဲဒုက္ခရောက်ရသလဲဟူ၍ မေးခွန်းများစွာ ထုတ်တတ်ကြသည်။
ယခုဘဝတွင် ကောင်းမှုများလုပ်နေသော်လည်း အကုသိုလ်ဆိုးကံဆိုးများနှင့်သာကြုံတွေ့ နေရသူသည်
်အတိတ်က ဝိပါက်ကံဆိုးများအလှည့်ကျနေချိန်ကြောင့်ဟုဖြေရမည်။
မကောင်းမှုလုပ်သော်လည်း ဘာကြောင့် ချမ်းသာအောင်မြင်မှုတွေ ရနေရသလဲဟုမေးသော်
ယခုအချိန် အကုသိုလ်အလုပ်များဖြင့်အသက်မွေးမှုပြုနေသော်လည်း အတိတ်ကံကောင်း၏အကျိုးက
ရနေချိန်ကြောင့် ယခုချမ်းသာနေသေးသည်ဟု ယုံရမည်။ယခုလုပ်နေသော မကောင်းမှုတို့ ၏အကျိုး
ပေးချိန် ရောက်လာသော် မကောင်းမှုကံဆိုးများကြုံရမည်မှာ မလွဲပင်။
ကံကောင်းချင်လျှင်
ကံကောင်းချင်သည်ဟု အော်ဟစ်ကာ ဆုတောင်းနေရုံနှင့်မရ။
ကံကောင်းအောင် ဘယ်သို့ လုပ်ရမည်ကို ဥာဏ်ဖြင့်စဉ်းစားကာကောင်းကံကို ဝီရိယသုံးကာကြိုးစားပါ။
ဥပမာ- တောင်ပေါ်သို့ တက်ချင်လျှင် တက်ချင်သည်ဟု ဟစ်အော်ငိုကျွေးနေ၍ တောင်ပေါ်သို့ မရောက်။
ဥာဏ်ဖြင့် သက်သာသောလမ်းကို ရွေးကာ ဝီရိယအားထုတ်ပြီး တောင်ပေါ်သို့ တက်ရပေမည်။
ကံ၏အကျိုးပေးပုံလေ့လာလျှင် ပို၍အမြင်မှန်လာပေမည်။
ကံကိုယုံကြည်ရမည်။ကံအကျိုးပေးကိုယုံကြည်ရမည်။ ကံကျိုး၊ ဥာဏ်ကျိုးများကို ကွဲကွဲပြားပြား ခွဲခြားမြင်တတ်သည့် မှန်သောအယူရှိရမည်။
ကံစေတနာ အကျိုးပေးပုံ ဥပမာ
နေ + ရေ + မြေ တို့ ထောက်ပန့် မှုကြောင့် သရက်သီးများသီးရသည်။
သရက်ပင်တွင်အသီးမသီးခင်ကြည့်ကြစို့ ၊ အသီးတွေကို အဘယ်အရပ်တွင်သိမ်းဆည်းထားသည်ကို မပြောနိုင်၊
နေရောင်၊စိုထိုင်းမှု၊ ရေအစရှိသည့် အခြေအနေများ ပေါင်းဆုံမိကြသောအခါ သရက်သီးများ သီးပွင့်လာကြသည်။
ထိုနည်းအတိုင်းပင် မိမိပြုလုပ်သမျှ ကံစေတနာသည် နောင်ကာလတွင် အကျိုးတရားများ ပေးမည်ဟု ယုံကြည်လက်ခံ ထားရမည်။
ဖန်ဆင်းရှင်သည် ကံသာလျှင်
ငယ်ရွယ်စဉ်သေဆုံးခြင်း အသက်ကြီးမှသေဆုံးခြင်းအသက်တိုခြင်း၊ အသက်ရှည်ခြင်း၊
(သူတပါးအသက်သတ်ခဲ့၊ကြမ်းကြုတ်ရက်စက် ၊ သွေးစွန်းလက်များကအသက်တို၍ နဲက အသက်ရှည်ရသည်။)
ကျမ်းမာရခြင်း ရောဂါများခြင်းအနာရောဂါများခြင်း၊ နည်းခြင်း၊
(သတ္တဝါများကိုညှင်းပန်းနှိပ်စက် ရက်စက်မှုများများခဲ့လျှင် အနာရောဂါများ၍ မများခဲ့လျှင်ကျမ်းမာ၏။)
ရုပ်ချောသူ ရုပ်ဆိုးသူအဆင်းချောလှသူ၊ ရုပ်ဆိုးသူဖြစ်ရခြင်း၊
(အမျက်ဒေါသ မကြီးက မေတ္တာစိတ်အားများခဲ့က ချောလှရသလို အမျက်ဒေါသများ စိတ်တိုစိတ်မချမ်း
သာမှုများသူရုပ်ဆိုးရပေသည်၊)
ဆင်းရဲခြင်း ချမ်းသာခြင်းချမ်းသာခြင်း၊ ဆင်းရဲခြင်း၊
(ရဟန်း၊သူတော်ကောင်း ကိုအစားအစာ၊ အဝတ်အထည်၊ ယာဉ်ရထားပေးလှုခဲ့မှုကြောင့် ချမ်းသာရ၊
မပေးလှုခဲ့သူ ဆင်းရဲရ၏)
အမျိုးမြင့်သူ အမျိုးညံ့သူ
အမျိုးညံ့ ခြင်း၊ အမျိုးမြတ်ခြင်း၊
(ခက်ထန်မာနကြီးမားက အမျိုးညံ့ရာမွေးဖွားကာ မာန်မာနမကြီး ရိုသေသူကိုရိုသေတတ်သူ
အမျိုးမြတ် ဘဝမွေးဖွားရ၏)
ဥာဏ်ကောင်းသူ ဥာဏ်ထိုင်းသူဥာဏ်ထိုင်းခြင်း ၊ ဥာဏ်ကောင်းခြင်း၊
(ပညာရှိသူတော်ကောင်းများထံ မသိသည်များ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ၊ အပြစ်မရှိတရားများ၊ ပြုသင့်
မပြုသင့်အရာများကို လေ့လာချည်းကပ် မေးမြန်းစုံစမ်းမှုမပြုခဲ့က ဥာဏ်ထိုင်းရ၊ပြုခဲ့က ဥာဏ်ကောင်းရ၏)
ကံကောင်းလိုလျှင် ကံကိုပြင် ဖန်ဆင်းရှင်သည် ကံသာလျှင်
မိမိဘဝသံသရာတွင် သုခနှင့် ဒုက္ခကို စံစား ခံစားဘို့ ရာ မိမိတစ်ဦးတည်းသာလျှင် တာဝန်ရှိသည်ကို
နားလည်လာပါက---မကောင်းမှုမှန်သမျှကိုရှောင်ကာ---- ကောင်းမှုမှန်သမျှဆောင်စေရန် ကြိုးစားရ
ပေမည်၊
မိမိ၏အနာဂတ် ကောင်းမွန်ရေးအတွက် မိမိသည်သာစွမ်းဆောင်ရှင်။ မိမိတစ်ဦးတည်းသာ ဖန်ဆင်းရှင်ဖြစ်
တော့သည်။ သူတစ်ပါး မည်သူ အခြားသူတစ်ဦးဦးကိုမှ မှီခိုအားထားအားပြုစရာမလိုကြောင်းသိလာရသည်။
ကမ္မနိယာမသဘောတရားကို သိရှိနားလည်လာသူသည် မိမိဘဝကို မိမိကိုယ်တိုင် ရေးဆွဲနိုင်၊ ပုံသွင်းနိုင်စွမ်းရှိ
လာမည်။
ကံအကျိုးပေး ကာလ ၃ ပါး
ယခုမျက်မှောက်ဘဝ တွင် အကျိုးပေးသောကံ
နောက်ဒုတိယဘဝ တွင် အကျိုးပေးသောကံ
နောက် တတိယဘဝမှစ၍ သံသရာမှလွတ်မြောက်သွားသောကာလအထိ အကျိုးပေးတတ်သော ကံ
ကံကို ဥာဏ်ဖြင့်ပြင်
ကိလေသာမှန်သမျှသည် ကံကိုဖြစ်စေသည်။ ဥာဏ်ရှိက ဥာဏ်ကိုသုံးက ကံကိုပြတ်စေသည်။
ကာယကံ၊ ဝစီကံ၊ မနောကံ များကို ဖြစ်စေမည့်ကံစေတနာမှန်သမျှကို မနောထဲမှာဥာဏ် ထဲ့ ထဲ့သုံး၍
( သမာဒိဋ္ဌိဥာဏ်) ဖြင့် ကံကိုဖြတ်ဖြတ်သွားရမည်။
စေတနာကောင်းမှ ကံကောင်းမည်။ စေတနာဆိုးက ကံဆိုးပေမည်။ စေတနာမွဲလျှင် ကံမွဲပေမည်။
မည်သို့ ဥာဏ်ဖြင့်ဖြတ်ရမည်နည်း။
မြင်လျှင်မြင်သည်ဟု၊ ကြားလျှင်ကြားသည်၊ နံလျှင်နံသည်၊ စားလျှင်စားသည်၊ ထိလျှင်ထိသည်၊
တွေးလျှင် တွေးသည် ဟု မနောထဲတွင်ဥာဏ်ဖြင့် သိသိနေခြင်းသည် ကိလေသာဒုက္ခများကို မှန်ကန်သော
အသိရှိလိုက်တိုင်း ပယ်၍ပယ်၍ နေနေခြင်းမည်၏၊ ထိုသို့ သိတိုင်းသိတိုင်း မှတ်တိုင်းမှတ်တိုင်း မှတ်စရာ၊
သိစရာရုပ်ကတမျိုး၊ မှတ်သိနေသည့်နာမ်က တမျိုးဖြင့် ဒီရုပ်၊ ဒီနာမ် ဒီနှစ်ခုသာရှိပါလားဟု ကိုယ်ပိုင်ဥာဏ်
ဖြင့် ရှင်းရှင်းသိလာမည်။
ဥာဏ်ဖြင့်ရှုမှတ်ဖန်များလာသောအခါ သမာဓိအားကောင်းလာသည်နှင့်အမျှ ဤရုပ် ဤစိတ် မျက်စိ
တမှိတ်ခန့် မှာ တရိပ်ရိပ်နှင့်ဖြစ်ဖြစ်ပြီး တခဏချင်း ပျောက်ပျောက်သွားသည်ကို ဥာဏ်ယှဉ်ကာ
မြင်အောင်သိ၊ မြင်အောင်ကြည့် တတ် လာမည်။ မမြဲခြင်းကို သိနေသောဥာဏ်မရရအောင် အသိကို
သတိနှင့်ယူကြရမည်။
ကိုယ်ထဲ စိတ်ထဲတွင် အခံရခက်မှုများ ပိုပိုသိသိလာလေ ဥာဏ်ဖြင့်ဤသည်ကားဒုက္ခများပါတကား ဟု
သိမြင်တတ်ရမည်။
မှတ်သိသမျှ ရုပ်နာမ်များသည် ငါမပိုင်၊ငါ့အလိုအတိုင်းမဖြစ်ကြ၊ သူ့ သဘောအတိုင်းသူ ဖြစ်ပျက်နေကြပါ
ကလား ဟုဥာဏ်ဖြင့် သိသိလိုက်ခြင်းသည် ကိလေသာမဝင် ငါစွဲ ဒိဋ္ဌိစွဲ ပြုတ်မည့်လမ်းစဉ်ပင်။
အတိုချုန်းပြောရလျှင် ဝိပဿနာဥာဏ်ဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ နုပဿနာဥာဏ်များဖြင့် နေနေခြင်း
သည် ကံကို ဥာဏ်ဖြင့်ဖြတ်နေခြင်းပင်။
အချိန်ကောင်းကို ကုသိုလ်ဖြစ်ဘို့ အသုံးချ
ယခုရရှိနေသော အချိန်ကောင်း၊ ဘဝကောင်း၊ ကာလကောင်းတွင် အကောင်းဆုံးကျင့်စဉ်များကိုကျင့်နေ
ခြင်း၊ လောဘ၊ဒေါသ၊ မောဟ၊ မာန မခြံရံသော ကုသိုလ်ကာယကံ၊ ကုသိုလ်ဝစီကံ၊ ကုသိုလ်မနောကံများ
သဒ္ဓါ တရားရှိသောအခါ ပြုလုပ်အားထုတ်နေခြင်းသည် ကံမဦးခင် ဥာဏ်ဦးနေခြင်းပင်၊
ကံကောင်းချင်သောကြောင့် ကံကိုပြင်သည်တော့လက်ခံပါပြီ၊
အဘယ်ကြောင့် ကောင်းကံကိုပါ ဥာဏ်ဖြင့် ဖြတ်ရမည်နည်း၊
ကုသိုလ်ကောင်းမှုများကြောင့် နောက်ဘဝ ကောင်းသော လူ၊ နတ်၊ ဗြဟ္မဘဝရချင်သေးသည်။ ပါရမီ
ဖြည့်ဆဲပုဂ္ဂိုလ်များသည် မကောင်းသော အကုသိုလ်စေတနာကံများကို ရှောင်ကာ ကုသိုလ်ကောင်းမှု
လုပ်တိုင်းလုပ်တိုင်း ဥာဏ်ဖြင့်ယှဉ်ထားရမည်။
ကံပြုလုပ်နေသမျှ အိုနာသေ ထပ်ရအုံးမည်။ ၃၁ ဘုံတွင် ဒုက္ခပင်လယ်ဝေရပေအုံးမည်။
အဘိဓမ္မာအရပြောရလျှင် မဟာကုသိုလ်စိတ်များ ၊ မဟဂ္ဂုတ်စိတ်များ ဈာန်စိတ်များဖြင့်နေခြင်းသည်
ကောင်းပေသည်။သို့ သော် ခန္ဓာရခြင်းသည် ဆင်းရဲခြင်းပင်။ ဒုက္ခကိုတောင်းနေခြင်းပင်။
သံသရာမလွတ်သမျှ ဒုက္ခ
ဒုက္ခခန္ဓာကို မည်သည့်အတွက်ကြောင့်တောင်းတချင်ရသနည်း၊
ဒုက္ခခန္ဓာကို သုခထင်နေသူများ၊ ဒုက္ခခန္ဓာကိုဒုက္ခဟုမသိသူများအတွက် ဘဝကိုတောင့်တနေနေအုံးမည်သာ၊
ခလေးအသိမျှသာရှိသေးသူ၊ နားလေးနေသေးသူ၊ပါရမီအခွင့်လမ်း အမိမဖမ်းချင်သေးသူ၊ ကိလေသာကို
အဖော်လုပ်ကာ သုဿန်ပေါင်းများစွာသွားချင်နေသူဟုသာယူဆ၍ မသိသူကျော်သွား၊ သိသူဖော်စားဟု
သော စကားအရ ဘုရား၏ အဆုံးအမ တရားများအနားမှာရှိနေပါလျက် မမြင်သူ၊ မကြားသူ၊ မသိသူများ
မဖြစ်စေရန်ကြိုးစားသင့်သည်။
အရိယာတို့ သွားသောလမ်းနှင့်ပြုသောကံ
အရိယာသူတော်ကောင်းများ၊ စူဠသောတပန်များ၊ ကလျာဏပုထုစဉ်များသည် မိမိအတွက်ရော သူတပါး
အတွက်ပါ သံဝေဂဥာဏ်၊ တရားအသိ ဝိပဿနာအသိများ လူအားလုံးတွင်ကိန်းကြစေရန် ဘုရားစကား
တရားများကို ဆက်၍ဆက်၍ လေ့လာသင်ယူ မှတ်သားကာ ကျင့်ရင်းကြံရင်း အားထုတ်ရင်း၊ ပြောရင်း
ဟောရင်းရှေ့ ဆက်၍ သာ တကြောင်းတည်းသော မဂ္ဂင်လမ်းသို့ လျောက်ကြစေရန် တိုက်တွန်းနေမည်သာ။
ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ကံကိုယ်ရေး၊ သံသရာ့ဘေးမှ လွတ်အောင်ပြေး
သူတော်ကောင်းများဖြစ်က ကောင်းသောမဂ္ဂင်လမ်းကိုသာအချင်းချင်းကူညီအားပေးတိုက်တွန်းကြရ
မည်သာ ။
သင်သည်သူတော်ကောင်းဖြစ်ခဲ့သော် သူတော်မကောင်းများတွေ့ က တတ်နိုင်သမျှလမ်းညွှန်ပြပေးကာ တရား
စကား လက်မခံ မိမိအားရန် ပြုပြောဆိုမှုလုပ်လာလျှင် ဆိတ်ဆိတ်နေ သည်းငြီးခံ၍ အခွင့်သာကဆက်ဟော
ကြရင်းနေနေရမည်၊
ကိုယ့်ပိုင်ဥစ္စာသည် မိမိပြုသောကံသည်သာ။
ထိုကံသည်သာ သံသရာသို့ လိုက်မည်ဆိုသည့်အတွက်ကြောင့် မိမိကံကို မိမိပြင်၊ အသိဥာဏ်ဖြင့်ယှဉ်။
ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ကံကိုယ်ရေး၊ သံသရာဘေးမှ ပြေးထွက်မရသေးခင် တရားကို ဥာဏ်နှင့်
သာဆင်ခြင် နေကြပေတော့၊
ကံကိုဥာဏ်ဖြင့်ဖြတ်နေသူများ - အရိယာပုဂ္ဂိုလ် ၄ ဦး
သောတပန်၊ သကဒါဂမ်၊ အနာဂါမ်၊ ရဟန်းတာဟူသော အရိယာပုဂ္ဂိုလ် ၄ ဦးတို့ သည် ဤဘဝတွင် ဤ
ဒုက္ခခန္ဓာကြီးကို အသုံးချကာ ကံစေတနာကို အကုသိုလ်ဘက်မရောက်အောင်၊ ကိလေသာများဝင်ခွင့်
မရလေ အောင် ဥာဏ်ဖြင့်အသိကို ဥာဏ်ယှဉ်ထားကာ ကံဖြတ်နေသူများပင်ဖြစ်သည်။
ရဟန်းတာပုဂ္ဂိုလ် ကာယကံ၊ ဝစီကံ၊မနောကံများကို မနောဥာဏ်ဖြင့် အပြီးပယ်သတ်ဖြတ်ထားသူဖြစ်
သည်။ကိလေသာများဝင်ခွင့်မရတော့ချေ။ ကိလေသာအားလုံး၊ သံယောဇဉ်အားလုံး၊ အာသဝေါ
အားလုံး ကုန်ဆုံးအောင် ပယ်သတ် ထားနိုင်သူဖြစ်သည်။
အနာဂမ် ပုဂ္ဂိုလ်သည် ထို့ အတူပင် မနောတွင်ဥာဏ်စိုက်ကာထား၍ ဒေါသကို အပြီးတိုင်ပယ်သတ်ထား
သူ ဖြစ်သည်။
သကဒါဂမ် ပုဂ္ဂိုလ်သည် ကာမရာဂစိတ်များနဲသထက်နဲစေရန် သမာဒိဋ္ဌိဥာဏ်ကို မနောတွင်ဆင်ခြင်ကာ
ကိလေသာ ကြောင့်ဖြစ်မည့်အကုသိုလ်ကံများကို ပယ်သတ်နေသူဖြစ်သည်။
သောတာပန်ပုဂ္ဂိုလ်သည် သမာဒိဋ္ဌိဥာဏ်ကို မနောဥာဏ်အဖြစ်ဆင်ခြင်ကာ ကိလေသာအကုသိုလ်ကြောင့်
အပယ်ရောက်ရမည့် ကာယကံ၊ဝစီကံ၊မနောကံများကို ရှောင်ကြဉ်နေသူဖြစ်သည်။
သိ-ပယ်-ဆိုက်-ပွား၊ သိပွားပယ်ဆိုက်
သမာဒိဋ္ဌိဥာဏ်ကို ကာယဥာဏ်၊ ဝစီဥာဏ်၊ မနောဥာဏ်ထဲတွင် အသိဖြင့်အမြဲထည့်ထား ပွားများကျင့်သုံး
ပါက သမုဒယဆိုသော ဒုက္ခခန္ဓာဖြစ်ကြောင်းကို ပယ်ရာမည်၏၊ ဤသည်ကို ဝိဇ္ဖာဥာဏ်၊ ပညာဥာဏ်
ရသည်ဟုဆိုသည်။ထိုဥာဏ်ကြောင့်ကိလေသာမှလွတ်မြောက်ကြောင်းသိခြင်းကို ပညာဝိမုတ္တိ၊ သမာဓိဖြင့်
ကိလေသာမှ လွတ်မြောက်ခြင်း ကို စိတ္တဝိမုတ္တိ၊ ဟုဆိုသည်။
မကောင်းကံ ဒုစရိုက်ရှောင် ကောင်းကံ သုစရိုက်ဆောင်
ဒုစရိုက် ၁၀ ပါး
ကာယကံဒုစရိုက် ၃ ပါး
၁
|
ပါဏာတိပါတ
|
သူများအသက်ကိုသတ်ခြင်း၊
|
ဒေါသစိတ်
|
၂
|
အဒိန္နာဒါန
|
သူ့ ဥစ္စာကို ခိုးယူခြင်း၊
|
လောဘ+ဒေါသ
|
၃
|
ကာမေသုမိစ္ဆာစာရ
|
မိမိမပိုင်သော ဝတ္ထုကာမတို့ ၌ မှားယွင်းဖောက်ပြန်ကျုးလွန်ခြင်း၊
|
လောဘစိတ်
|
ဝစီကံ ဒုစရိုက် ၄ ပါး
၎
|
မုသာဝါဒ
|
လိမ်ညာပြောဆိုခြင်း
|
လောဘ+ဒေါသ
|
၅
|
ပိသုဏဝါစာ
|
ကုန်းတိုက်စကားပြောဆိုခြင်း၊
|
လောဘ+ဒေါသ
|
၆
|
ဖရုသဝါစာ
|
ကြမ်းတမ်းယုတ်မာတိုင်းထွာ ဆဲခြင်း၊
|
ဒေါသစိတ်
|
၇
|
သမ္ဖပ္ပလာပဝါစာ
|
အကျိုးမရှိ အနှစ်မရှိ သိမ်ဖျင်းသော စကားကိုပြောဆိုခြင်း၊
|
လောဘ+ဒေါသ
|
သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ = မူးရစ်စေတတ်သော သေရည်ကိုသောက်စားခြင်း
မနောကံ ဒုစရိုက်၃ ပါး
၈
|
အဘိဇ္ဈာ
|
သူတပါး၏စည်းစိမ်ကို မတရားရယူလိုမှု၊
|
လောဘစိတ်
|
၉
|
ဗျာပါဒ
|
သူတစ်ပါးပျက်စီးသေကြေရန် ကြံစည်မှု၊
|
ဒေါသစိတ်
|
၁၀
|
မိစ္ဆာဒိဋ္ဌိ
|
အယူမှားမှု၊
|
လောဘစိတ်
|
(သုစရိုက် ၁၀ ပါး)
ဒုစရိုက် ၁၀ ပါးကို ဝိရတိ ရှောင်ကြဉ်လျှင် သုစရိုက် ၁၀ ပါးပင်။
ကာယကံ သုစရိုက် ၃ ပါး
၁
|
ပါဏာတိပါတဝိရတိ
|
သူများအသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
|
သီလသိက္ခာ
|
၂
|
အဒိန္နာဒါနဝိရတိ
|
သူ့ ဥစ္စာကို ခိုးယူခြင်းမှ
ရှောင်ကြဉ်ခြင်း
|
သီလသိက္ခာ
|
၃
|
ကာမေသုမိစ္ဆာစာရဝိရတိ
|
မိမိမပိုင်သော ဝတ္ထုကာမတို့ ၌
မှားယွင်းဖောက်ပြန်ကျုးလွန်ခြင်း
မှရှောင်ကြဉ်ခြင်း
|
သီလသိက္ခာ
|
ဝစီကံ သုစရိုက် ၄ ပါး
၎
|
မုသာဝါဒဝိရတိ
|
လိမ်ညာပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း
|
သီလသိက္ခာ
|
၅
|
ပိသုဏဝါစာဝိရတိ
|
ကုန်းတိုက်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း
|
သီလသိက္ခာ
|
၆
|
ဖရုသဝါစာဝိရတိ
|
ကြမ်းတမ်းယုတ်မာဆဲခြင်းမှရှောင်ကြဉ်ခြင်း
|
သီလသိက္ခာ
|
၇
|
သမ္ဖပ္ပလာပဝါစာဝိရတိ
|
အကျိုးမရှိ အနှစ်မရှိ သိမ်ဖျင်းသော စကားကိုပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း
|
သီလသိက္ခာ
|
မနောကံ သုစရိုက် ၃ ပါး
၈
|
အနဘိဇ္ဈာ
|
သူတပါး၏စည်းစိမ်ကို မတ ရားရယူလိုမှုမှရှောင်ကြဉ်ခြင်း
|
သမာဓိသိက္ခာ(အလောဘ)
|
၉
|
အဗျာပါဒ
|
သူတစ်ပါးပျက်စီးသေကြေရန် ကြံစည်မှု မှရှောင်ကြဉ်ခြင်း
|
သမာဓိသိက္ခာ (အဒေါသ)
|
၁၀
|
သမာဒိဋ္ဌိ
|
အယူမှန်ခြင်း၊
|
ပညာသိက္ခာ (အမောဟ)
|
ပုညကြိယ ဝတ္ထု (၁၀) ပါး
အကျဉ်းချူံးရင် ဒါန၊သီလ၊ဘာဝနာ ၃မျိုးသာ။
ဒါနတွင် ၃ မျိုး
(၁) ဒါန= မိမိ၏ပစ္စည်းဥစ္စာကို လှုဒန်းပေးကမ်းမှု၊
(၂)ပတ္တိဒါန= မိမိရသော ကုသိုလ်ကို အမျှပေးဝေမှု၊
(၃)ပတ္တာနုမောဒန=သူတပါးပေးဝေသော ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု၊
သီလ တွင် ၃ မျိုး
(၄) သီလ= ၅ ပါး၊၈ ပါး၊၁၀ ပါး စသော သီလတို့ ကို ဆောက်တည်မှု၊
(၅) အပစာယန= အသက်၊သိက္ခာ၊ဂုဏ်ကြီးမြင့်သောသူတို့ အား ရိုသေမှု၊
(၆)ဝေယျာဝစ္စ=ရတနာသုံးပါး၊မိဘဆရာတို့၏အမှုကိစ္စများနှင့်ကုသိုလ်ရေးကိစ္စများတွင်
ပါဝင်ဆောင်ရွက်မှု၊
ဘာဝနာ တွင် ၄ မျိုး
(၇)ဘာဝနာ= သမထ နှင့် ဝိပဿနာ ဘာဝနာ စီးဖြန်းမှု၊
(၈) ဓမ္မဿဝန=သူတော်ကောင်းတရားကိုနာကြားခြင်း၊
(၉)ဓမ္မဒေသနာ=လာဘ်လာဘကို မငဲ့ဘဲ သူတော်ကောင်းတရားကို ဟောကြားမှု၊
(၁၀) ဒိဋ္ဌိဇုကမ္မ= အယူဖြောင့်မှန်စွာ ယူမှု၊
No comments:
Post a Comment