တစ်လောက စာဖတ်ပရိတ်သတ် ဒကာလေးတစ်ယောက်နဲ့ အွန်လိုင်းမှာတွေ့တော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တပည့်တော် ဒိအသက်ဒီအရွယ်အထိ ဥပုသ်တစ်ခါမှ မစောင့်ဖူးဘူးဘုရား၊ စောင့်ရကောင်းမှန်းလည်း မသိဘူး။ ဘယ်လိုစောင့်ရတယ်ဆိုတာလည်း မသိဘူး။ ပြောရရင် ဥပုသ်ဆိုတဲ့ အဓိပ္ဗါယ်ကိုတောင် ကောင်းကောင်းမသိဘူးဘုရား။ အဲဒါကြောင့် တပည့်တော်ကို ဥပုသ်စောင့်တာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပါဘုရား” ဆိုပြီး မေးလျှောက်လာပါတယ်။ ဒါနဲ့ သူ့အမေးနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းက သိသင့်တာလေးတွေ ရှင်းပြပေးဖြစ်ခဲ့ပါတယ်။
တကယ်တော့ ဥပုသ်ဆိုတဲ့ စကားလုံးက ဥပေါသထဆိုတဲ့ ပါဠိကို မြန်မာမှု ပြုထားတာပဲ ဖြစ်ပါတယ်။ ဥပေါသထဆိုတာ စောင့်ထိန်းခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုလုပ်ခြင်းပဲ ဖြစ်ပြီး ကိုယ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေ၊ နှုတ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေကို သီလသိက္ခာပုဒ်တွေနဲ့ ထိန်းသိမ်းနေထိုင်ခြင်းမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် လတစ်လရဲ့ လဆန်း (၈)ရက်၊ လဆုတ် (၈)ရက်နဲ့ လပြည့်၊ လကွယ်နေ့တွင်မှာ ပုံမှန်စောင့်ထိန်းနေကျဖြစ်တဲ့ ငါးပါးသီလထက် ကျော်လွန်ပြီး ရှစ်ပါး၊ ကိုးပါးစတဲ့ သီလတွေကို စောင့်ထိန်းနေထိုင်ခြင်းမျိုးကို ဥပုသ်စောင့်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
မှန်ပါတယ်။ သာမန်ပုထုဇဉ်တွေ အနေနဲ့ ကောင်းတဲ့အလုပ်တွေထက် မကောင်းတဲ့ အလုပ်တွေမှာ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုမကောင်းတဲ့ အလုပ်တွေကို လက်တွေ့ကျူးလွန်တဲ့ အထိဖြစ်မသွားရအောင် သီလသိက္ခာပုသ်များနဲ့ အထိန်းအကွပ် ပြုပြီး နေထိုင်ကြရတာ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်ဆိုတာ စိတ်နဲ့တောင် မကျူးလွန်မိတာ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို အခြေအနေမျိုးအထိ မထိန်းနိုင်တာတောင်မှ စိတ်ထဲရှိတဲ့ အကုသိုလ်ကို နှုတ်နဲ့ကျူးလွန်တဲ့အထိ မဖြစ်လာအောင်၊ ကိုယ်ထိလက်ရောက် လုပ်လိုက်တဲ့အထိ ဖြစ်မသွားရအောင် သီလတရားတွေနဲ့ အထူးပြု စောင့်ထိန်းကြရခြင်း ဖြစ်ပါတယ်။ ဒီလို စောင့်ထိန်းရာမှာလည်း အပါယ်ကို လားစေနိုင်တဲ့ အပြစ်ကြီးတွေ မဖြစ်ရအောင် ဗုဒ္ဓဘာသာတွေအနေနဲ့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံအောင် ထိန်းသိမ်းကြဖို့ ညွန်ပြကြတာဖြစ်ပြီး နေ့စဉ်စောင့်ထိန်းနေတဲ့ ငါးပါးသီလကို အထူးပြုပြီး ကာမဂုဏ်မေထုန်အမှုကို မလုပ်ဖြစ်အောင်၊ ကိလေသာဖြစ်စေနိုင်တဲ့ အာရုံတွေအပေါ်မှာ သာယာလုပ်ဆောင်မှု မဖြစ်ရအောင် အပိုသီလတွေ စောင့်ထိန်းစေဖို့ ဥပုသ်သီလစောင့်ထိန်းစေကြတာ ဖြစ်ပါတယ်။
အရာရာမှာ စိတ်ကသာ အဓိကကျတယ်ဆိုပေမယ့် ကိုယ့်စိတ်ကို ကိုယ့်စိတ်တိုင်းကျ အနိုင်မယူနိုင်၊ မထိန်းသိမ်းနိုင်သေးတဲ့ သာမန်ပုထုဇဉ်တွေ အနေနဲ့ကတော့ စိတ်မှာရှိနေတဲ့ အကုသိုလ်၊ ကိလေသာတွေကို လက်တွေ့ကျူးလွန်တဲ့အထိ မဖြစ်အောင် သီလတရား၊ ကိုယ့်ကျင့်တရားတွေနဲ့ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ နှုတ်ကိုစောင့်စည်းခြင်း၊ ကိုယ်ကိုစောင့်စည်းခြင်း သီလတွေကို လုံခြုံအောင် ထိန်းထားလာနိုင်ရင် စိတ်မှာလည်း ယုံကြည်မှုတွေတိုးလား၊ စိတ်သန့်ရှင်းမှုတွေ ရှိလာမှာဖြစ်တဲ့အတွက် စိတ်နဲ့ကျူးလွန်နိုင်တဲ့ မနောကံကိုလည်း တဖြည်းဖြည်း ထိန်းသိမ်းလာနိုင်ကြမှာ ဖြစ်ပါတယ်။ သီလလုံရင် စိတ်လည်းလုံနေမှာဖြစ်ပြီး စိတ်လုံနေရင် သမာဓိလည်း အဖြစ်လွယ်ကာ သမာဓိတည်ရင် ပညာလည်း ဖြစ်ဖို့အားကောင်းလာကာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ကိလေသာကုန်ရာ မဂ်ဖိုလ်ပညာများအထိ ရရှိစေနိုင်တဲ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ သီလစောင့်ခြင်းကို သံသရာမှ လွတ်မြောက်လိုသူတိုင်း ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
ဆိုတော့ကား ဥပုသ်စောင့်ထိန်းခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကာယကံမြောက် ကျူးလွန်နိုင်တဲ့ အကုသိုလ်အလုပ်တွေ၊ ဝစီကံမြောက် လွန်ကျူးနိုင်တဲ့ အကုသိုလ်အလုပ်တွေနဲ့ ကိလေသာတိုးပွားစေနိုင်တဲ့ အပြုအမူတွေကို မလုပ်ဖြစ်အောင် သီလသိက္ခာပုဒ်များကို အထူးပြု စောင့်ထိန်းခြင်း ဖြစ်တဲ့အတွက် ဘဝမှာ အကုသိုလ် အလုပ်တွေမှာသာ အချိန်ကုန်များနေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေအပေါ်မှာ ကောင်းတဲ့ထိန်းသိမ်းမှုတွေ ဖြစ်လာအောင် ဥပုသ်စောင့်ခြင်း၊ သီလထိန်းခြင်း စတဲ့ ကောင်းမှုတွေကို အရင်က တစ်ခါမှ မလုပ်ဘူးရင်လည်း လုပ်ဖြစ်အောင် လုပ်ကြည့်ကြရမှာ ဖြစ်သလို ပုံမှန်ဥပုသ်စောင့်နေကျ သူတွေအနေနဲ့လည်း မပျက်မကွက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment