မေး။ ။ လူတို့ ပဋိသန္ဓေ (အမိဝမ်း၌) နေသည့်အခါ ပဋိသန္ဓေစိတ်သည် သန္ဓေစတင်ရာ ကလလရေကြည် စတင်ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာချင်း အတူတကွ ဖြစ်ပါသလား။ (ကလလရေကြည်နှင့် တပြိုင်နက် ဖြစ်ပါသလား)။
အချို့ဆရာတို့ အဆိုအရ ခက်မငါးဖြာစုံသောအခါ ၄၉-ရက်ကြာမှ (ဟဒယ ဝတ္ထုရုပ်အတွင်း နှလုံးစတင်ခုန်သောအခါမှသာ) ပဋိသန္ဓေစိတ် စတင်ဖြစ်ပေါ်သည်ဟု ဆိုကြပါသည်။
အရပ်ထဲ၌ ကိုယ်ဝန်ဆောင်ဖူးသူ အမျိုးသမီးများ၏ အဆိုအရမူ ၃-လ ကျော်မှ သန္ဓေသား ကလေးငယ်မှာ လှုပ်ရှားလာကြောင်း သိရပါသည်။ ပဋိသန္ဓေ အခါ ဖြစ်သောစိတ်ဟု သာမာန်မျှ ဆိုထားခြင်းကြောင့် ကျွန်တော်တို့အတွက် မရှင်းခြင်း ဖြစ်ပါလိမ့်မည်။
ဦးခင်မောင်နိုင်နှင့် ဓမ္မမိတ်ဆွေများ
ဖြေ။ ။ ဘုရားရှင်လက်ထက်တော်က အတ္တဝါဒအယူရှိသော ဣန္ဒကမည်သော ဘီလူးသည် အတ္တက ပြုပြင်စီမံလို့သာ ခန္ဓာကိုယ်သည် အမိဝမ်းထဲ၌ တဖြည်းဖြည်း ကြီးထွားလာပြီး ရှင်သန်ရပ်တည်နိုင်၏-ဟု ယူဆသည့်အတွက် မြတ်ဗုဒ္ဓအား ဤသို့ လျှောက်ထားခဲ့ဖူး၏။
“အရှင်ဘုရား၊ မြတ်စွာဘုရားတို့သည် ရုပ်ကို ဇီဝဟူ၍ ဟောတော်မမူကုန်၊ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် ဤကိုယ်ကို ရသနည်း၊ ထိုသတ္တဝါအား အရိုးစု အသားစိုင်သည် အဘယ်မှ ရောက်လာသနည်း၊ အဘယ် အကြောင်းကြောင့် ဤသတ္တဝါသည် အမိဝမ်း၌ ကပ်ငြိသနည်း”
“ဘီလူး၊ ရှေးဦးစွာ ကလလရေကြည် ဖြစ်၏။ ကလလရေကြည်မှ အမြှုပ်ဖြစ်၏။ အမြှုပ်မှ အသားတစ်ဖြစ်၏။ သားတစ်မှ အခဲဖြစ်၏။ အခဲမှ ခက်မငါးဖြာတို့ ဖြစ်ကုန်၏။ ဆံ အမွေး ခြေသည်း လက်သည်းတို့လည်း ဖြစ်ကုန်၏။
ဤသတ္တဝါတို့၏ အမိသည် အကြင်ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း စား၏။ အမိ၏ဝမ်း၌ တည်သော ထိုသတ္တဝါသည် ထို(အမိစားသော)အစာဖြင့် မျှတ၏”ဟု (မိန့်တော်မူ၏)။ (ယက္ခသံယုတ်၊ ဣန္ဒကသုတ်)
အထက်ပါဟောကြားတော်မူချက်တွင် “ပဌမံ ကလလံ ဟောတိ = ရှေးဦးစွာ ကလလရေကြည် ဖြစ်၏” ဟူသည်ကို အဋ္ဌကထာဖွင့်ရာတွင် “တတ္ထ ပဌမန္တိ ပဌမေန ပဋိသန္ဓိဝိညာဏေန သဒ္ဓိံ = ထိုတွင် ရှေးဦးစွာ -ဟူသည် ရှေးဦးစွာသော ပဋိသန္ဓေဝိညာဉ်နှင့်အတူ- စသည်ဖြင့် ဖွင့်ဆို၏။
ဆိုလိုသည်မှာ ပဋိသန္ဓေဝိညာဉ်နှင့်အတူ မောင်ဖြူ မောင်မဲ စသည် ဖြစ်လာမည့်သူများ ကိုယ်လက်အင်္ဂါ အပြည့်အစုံဖြင့် မိခင်ဝမ်းတိုက်တွင် ဖြစ်နေသည်မဟုတ်၊ ရှေးဦးစွာ ပဋိသန္ဓေဝိညာဉ်ဖြစ်သည်နှင့် တပြိုင်နက် ဖြစ်သော၊ သေးငယ်သော အပ်ဖျားထိပ်၌ တည်သော၊ ဆီပေါက်ပမာဏမျှ လောက်သော ကလလရေကြည်အဖြစ်ဖြင့် ၇-ရက်ခန့်ကြာ၏။ ထို့နောက်မှ အမြှုပ်-သားတစ် စသည်ဖြင့် တဖြည်းဖြည်း ကြီးထွားလာ၏။
ထိုသို့ တဖြည်းဖြည်း ကြီးထွားလာခြင်းသည်လည်း အတ္တကြောင့်မဟုတ်၊ ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းလေးမျိုးကြောင့် ကြီးထွားလာခြင်း ဖြစ်၏။ မှန်၏။ လူသားတစ်ယောက်အဖြစ် ဘဝသစ်၌ ပဋိသန္ဓေစိတ် စဖြစ်သည်နှင့် တစ်ပြိုင်နက် ထိုစိတ်နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာသော စေတသိက်များ၊ ရုပ်ခန္ဓာအဖြစ်တည်ဆောက်မည့် ကာယဒသကကလာပ်၊ ဖိုမခွဲခြားမည့် ဘာဝဒသကကလာပ်၊ ပဋိသန္ဓေစိတ်နှင့် စေတသိက်ဟူသော နာမ်တရားများ မှီ၍ဖြစ်ဖို့ရာ ဝတ္ထုဒသကကလာပ်ဟူသော ကမ္မဇကလာပ်စည်း သုံးစည်းသည် အဝိဇ္ဇာ တဏှာ အရင်းခံသော ကံတရားကြောင့် ဖြစ်ပေါ်လာ၏။ ထိုကမ္မဇကလာပ်စည်း သုံးစည်းကိုပင် ကလလရေကြည်ဟု ခေါ်၏။
ထိုကမ္မဇကလာပ်ရုပ်များ ပဋိသန္ဓေစိတ် ဥပါဒ်ခဏမှ စ၍ ခဏတိုင်း ခဏတိုင်း ဆက်လက်ဖြစ်ပေါ်နေကြ၏။ ပဋိသန္ဓေစိတ်၏ ဌီခဏမှ စ၍ ဥတုဇရုပ်များ စ၍ဖြစ်ကြ၏။ အမိဝမ်း၌ တည်သော သတ္တဝါတို့အား မိခင်စားသမျှ အစာသည် တစ်သတ္တာဟ နှစ်သတ္တာဟ (၁၄-ရက်ခန့်) လောက်ကြာလျှင် သူငယ်၏ကိုယ်၌ ပျံ့နှံ့၏။ ထိုအခါမှစ၍ အာဟာရဇရုပ်များ စ၍ဖြစ်ကြ၏။ (ချက်ကြိုးမှတဆင့် ပျံ့နှံ့သည်ဟု ဆိုပါသည်။)
ဗုဒ္ဓဝါဒီတို့ လက်ခံထားသော သုံးဆယ်တစ်သားများကို ရုပ်သက်သက်ဖြင့် ပဋိသန္ဓေနေသော ဘုံသား၊ နာမ်သက်သက်ဖြင့် ပဋိသန္ဓေနေသော ဘုံသား၊ ရုပ်နာမ် နှစ်ပါးစုံဖြင့် ပဋိသန္ဓေနေသော ဘုံသားဟု သုံးစုခွဲနိုင်၏။ ထိုတွင် အသညသတ်ဘုံသားများသည် ရုပ်သက်သက်ဖြင့် ပဋိသန္ဓေနေကြရ၏။
တစ်ဘဝလုံး ရုပ်တုံးရုပ်ခဲကြီး သက်သက်ဖြင့်သာ နေထိုင်ကာ ဘဝဆုံးကြရ၏။ အရူပဘုံသားတို့ကား နာမ်သက်သက်ဖြင့် ပဋိသန္ဓေနေကာ နာမ်သက်သက်ဖြင့် ဘဝတစ်ခု အဆုံးသတ်ကြရ၏။ လူအပါအဝင် ကြွင်းဘုံသားတို့ကား ရုပ်နာမ် နှစ်ပါးစုံဖြင့် ပဋိသန္ဓေနေကာ ရုပ်နာမ်နှစ်ပါးစုံဖြင့်ပင် အသက်ရှင်ရပ်တည်ကြပြီး ဘဝအဆုံးတွင်လည်း ရုပ်နာမ်နှစ်ပါးလုံး ပျက်သုဉ်းကြရ၏။
ပဋိသန္ဓေကိစ္စနှင့် ပတ်သက်၍ ဗုဒ္ဓဝါဒ ဗုဒ္ဓစာပေတွင် အာစရိယဝါဒ၊ အဋ္ဌကထာ+ဋီကာဝါဒ စသည်ဖြင့် ကွဲပြားခြားနားချက် လုံးဝမရှိပါ။ “သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ” စသော ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” စသော ပဋ္ဌာန်းဒေသနာတော်များမှာ ခိုင်မာသော အထောက်အထားများ ဖြစ်ပါသည်။
ဝိနည်းဒေသနာတော်တွင်လည်း ကလလရေကြည် အခိုက်အတန့်တွင်ပင် ရဟန်းတစ်ပါးသည် ကိုယ်ဝန်ကျဆေး ပေးကာ ဖျက်ဆီးခိုင်းလျှင် လူသတ်မှုမြောက်ကာ ပါရာဇိကကျသည်ဟု ဆုံးဖြတ်ပါသည်။
ဘာသာဋီကာဆရာတော်၏ အခြေပြုပဋ္ဌာန်းတရားတော်မှ မေးခွန်းနှင့် သက်ဆိုင်သော အကြောင်းအရာတို့ကို ကောက်နှုတ်ဖော်ပြပါဦးမည်။
ခန္ဓာကိုယ်ဖြစ်ပေါ်ပုံ။ ။ (ဒီမိဘသွေးသားက) ကိုယ်ကလေးဖြစ်ဖို့ရန် ကြီးကျယ်သော အထောက်အပံ့ဖြစ်တယ်ဆိုတာကတော့ မှန်တယ်။ ကိုယ်ကလေးဖြစ်လာတာကတော့ ပထမနေ့တုန်းက ပြောတဲ့အတိုင်း ဟိုဘဝက လွန်ခဲ့တဲ့ဘဝက ကံ ကမ္မနိမိတ်တွေ ထင်လို့၊ ပဋိသန္ဓေဖြစ်ဖို့ရန် ကံတစ်ခုခုက ရှေးရှုလို့၊ အဲဒီကံရဲ့အစွမ်းကြောင့် ခုနက မိဘနှစ်ပါးရဲ့ သွေးသားတည်ရှိတယ် ဆိုပါတော့၊
သားအိမ်ထဲမှာ ပထမဝိညာဏ်စိတ်ရယ်၊ စေတသိက် သုံးဆယ့်သုံးပါး လောက်ရယ် ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်စည်းရယ်၊ ဒါပဲ စခဲ့တယ်။ ဒါ အမိအဖ သွေးသားမဟုတ်ဘူး၊ ခန္ဓာကိုယ်လေးရဲ့ အစဟာ ဒီတရားပဲ ပထမဆုံး။
ထပ်ပြောမယ်နော်၊ စိတ်ဝိညာဏ်၊ စိတ်ဝိညာဏ်နဲ့ အတူဖြစ်တဲ့ စေတသိက်၊ ဆိုပါတော့ သုံးဆယ့်သုံးပါးလောက်၊ ဒါပဲ၊ ဒါနာမ်တရားခေါ်တယ်။ ဒီစိတ်ဝိညာဏ်နဲ့ စေတသိက်ကို နာမ်ခန္ဓာခေါ်တယ်။ ပြီးတော့ ဒီရုပ်ကလာပ်က အထည်ကိုယ် ခန္ဓာကိုယ် ဖြစ်ဖို့ရန် ကာယဒသကကလာပ်၊ ဒီကလာပ်တစ်ခု ပါတယ်။ ရုပ်ဆယ်ခု စုနေတဲ့ ကလာပ်တစ်ခုပါတယ်။ တစ်ခါ စိတ်ဝိညာဏ်ရဲ့ တည်တံ့ဖို့ရန် ဘုန်းကြီးတို့ ဟို `ဝတ္ထုပုရေဇာတနိဿယ’ တို့ ဘာတို့နဲ့ ကျေးဇူးပြု ဖို့ရန် ယခုတော့ သဟဇာတနိဿယ-နှင့် ကျေးဇူးပြုဖို့ရန် ဝတ္ထုဒသကကလာပ် တစ်ခု၊ ဟဒယဝတ္ထုပါတဲ့ ရုပ်ဆယ်ခု စုနေတဲ့ ကလာပ်တစ်ခု၊ ယောက်ျားဖြစ်လို့ ရှိရင်လည်း ယောကျာ်းနှင့်ဆိုင်တဲ့ ပုရိသဘာဝရုပ်ကလာပ်တစ်ခု၊ ကာယ-ဘာဝ- ဝတ္ထု ဟောဒီ ကလာပ်သုံးစည်း ရှိတယ်။ အဲဒီ ပဋိသန္ဓေစိတ်၊ စေတသိက်၊ ရုပ်ကလာပ်သုံးစည်းဟာ တစ်ပြိုင်နက် ဖြစ်တာပဲ။ (စာ-၂၇၈)
ကလလရေကြည် ၇-ရက်။ ။ အဲဒီ ပထမဆုံးဖြစ်တဲ့ ရုပ်ကလာပ်လေးတွေ ပြောကြစို့၊ ရုပ်ကလာပ်လေးတွေ သုံးစည်းရှိတယ်၊ ယောက်ျား မိန်းမ ဒီမှာ ကွာသွားပြီနော်၊ နောက်တော့ ဒီလိုနဲ့ နေလိုက်တာ ဒါကလေးက ဘာခေါ်တုန်းဆိုတော့ ဗုဒ္ဓမြတ်စွာက ကလလရေကြည်တဲ့ ၊ ပုံသဏ္ဌာန်လေးက နည်းနည်း အချိန်ကြာလာလို့ရှိရင် ရေကြည်လေးသဘောပဲ ရှိတယ်။ ခန္ဓာကိုယ် ကလေးဟာ အဲဒီရေကြည်လေးသဘောနဲ့ ဘယ်လောက်ကြာကြာ နေတုံးဆိုတော့--
“ပဌမံ ကလလံ ဟောတိ” ခုနစ်ရက်လုံး ကလလရေကြည်လေး ဖြစ်နေတယ်။ အဲဒီ ရေကြည်လေးပေါ်လာရင်တော့ ဟိုလောကဓါတ် ဆရာဝန်တို့ မှန်ပြောင်းက မြင်ကောင်း မြင်လိမ့်မယ်ထင်တယ်။ စောစောက ဘုန်းကြီးပြောနေ တဲ့ ရုပ်ကလာပ်သုံးစည်းကိုတော့ မမြင်နိုင်ပါဘူး။ သူတို့ မှန်ပြောင်းတင် မဟုတ်ဘူး၊ အဏုမြူမြင်နိုင်တဲ့ မှန်ပြောင်းလည်း မမြင်နိုင်ပါဘူး။
အဲဒါတွေ တော်တော်လေးများမှ ၊ ဆိုပါတော့ တစ်ရက် နှစ်ရက်လောက် ကြာလို့ ရုပ်ကလေးတွေက အစုလေးတွေ တော်တော်လေး အစိုင်အခဲစုမိမှ မြင်မယ်။ မှန်ပြောင်းကလည်းပဲ ဟို ပထမဆုံးတည်တဲ့ ရုပ်ကလာပ်သုံးစည်းတုန်း ကတော့ မှန်ပြောင်းလည်း မမြင်နိုင်ပါဘူး။ စိတ်ဝိညာဏ်နဲ့ စေတသိက်ဆိုတာ ကတော့ ဝေးလို့ ဝေးလို့ ဝေးလို့။ ခုကို မှန်ပြောင်းနဲ့ လာကြည့် ဘုန်းကြီး ဘာစိတ် ဖြစ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ (စာ-၂၈၀)
ဤမျှဖြင့် မေးခွန်းရှင်များ ကျေနပ်လောက်ပြီ ထင်ပါသည်။ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကြီးဖြင့် သိရှိတော်မူသည့်အတိုင်း ဟောထားတော်မူခြင်း ဖြစ်ပါသည်။ ထိုသို့ မသိမမြင်နိုင်ကြသဖြင့် နှလုံးခုန်မှ ကလေးလှုပ်ရှားမှ မိမိတို့ ထင်မြင်ချက်အတိုင်း ရမ်းသမ်းပြောရသော ဆရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ ၏ စကားနှင့် မြတ်ဗုဒ္ဓ၏ ဟောပြောချက်များကို နှိုင်းယှဉ်စဉ်းစားဖွယ် မရှိပါ။
No comments:
Post a Comment