........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 20, 2012

အရှင်ရဋ္ဌပါလမထေရ် (သို့မဟုတ်) လောကသဘော နောကျေအောင်သိသူ

မောဟအမိုက်အမှောင်ကြီး အတိပြီးတဲ့ ကမ္ဘာလောကရဲ့ ကောင်းကင်ယံမှာ ရှင်တော်ဘုရားရဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးဟာ တန်ဆာင် မုန်းလရဲ့ လပြည့်လညပမာ ရွှန်းရွှန်းမြမြ ထွန်းပ သာယာလျက် ရှိပါတယ်။ ရှင်တော်ဘုရား တည်းဟူသော လမင်းကြီးဟာ အအေးဓာတ် အလင်း ဓာတ်တွေကို ဆောင်တဲ့ တရားတည်းဟူသော အရောင်အ၀ါတွေကို ဆောင်တဲ့ တရားတည်းဟူသော အရောင်အ၀ါတွေ ဖြာထွက်နေရုံသာမက သံဃာတော်တည်းဟူသော ကြယ်တာယာတွေပါ ခြံရံကာ တည်နေတော် မူတာမို့ လွန်စွာမှ သပ္ပာယ် တင့်တယ်တော် မူလှပါပေတယ်။ အရှင်ရဋ္ဌပါလ ဟာ ရှင်တော်ဘုရားကို ခြံရံပြီး တည်နေတော်မူတဲ့ ကြည်သံဃာတွေထဲက ထူးခြား တောက်ပတဲ့ ကြယ်တစ်ပွင့် ဖြစ်တော်မူပါတယ်။
အရှင်ရဋ္ဌပါလဟာ ကုရုတိုင်း၊ ထုလ္လကောဋ္ဌိလ နိဂုံးရွာကြီးက ရဋ္ဌပါလသူဌေးကြီးရဲ့ တစ်ဦး တည်းသော သားရတနာ ဖြစ်ပါတယ်။ ‘ရဋ္ဌပါလ’ဆို တဲ့ နာမည်ဟာ အမျိုးအနွယ်ကိုစွဲပြီး ဖြစ်ပေါ်လာတဲ့ အမည်ဖြစ်သလို ပဒုမုတ္တရ ရှင်တော်ဘုရား လက်ထက်ကတည်းက ရရှိခဲ့တဲ့ အမည်တစ်ခုလည်း ဖြစ်ပါတယ်။ ရဋ္ဌပါလဆိုတာ “ပျိုကွဲပျက်စီးသွားတဲ့ တိုင်းနိုင်ငံကို ပြန်လည် တည်ဆောက် ထိန်းသိမ်း စောင့်ရှောက်နိုင်သူ”လို့ အဓိပ္ပါယ်ရပါတယ်။
အရှင်ရဋ္ဌပါလရဲ့ ပါရမီခရီးဟာ ပဒုမုတ္တရ ရှင်တော်ဘုရား လက်ထက်တော်က အစပြုခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒိတုန်းက သိကြားမင်းဖြစ်ခဲ့တဲ့ အရှင်ရဋ္ဌပါလ လောင်းလျာဟာ သူငယ်ချင်း မိတ်ဆွေ ဖြစ်သူ(အရှင်ရာဟုလာလောင်း)နဂါးမင်းရဲ့ တိုက်တွန်းစကားကြောင့် ပဒုမုတ္တရရှင်တော်ဘုရားရဲ့ ခြေတော်ရင်းမှာ သဒ္ဓါတရားနဲ့ သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုလာသူတွေထဲမှာ အမြတ်ဆုံးဧတဒဂ်ဆုကို တောင်းကာ ကောင်းမှုတွေ အမြောက် အမြား ပြုခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး နောက်ဆုံးဘ၀ ရောက်ခဲ့တဲ့အထိ ဘ၀သံသရာမှာ အရှင်ရာဟုလာနဲ့ ချစ်ကျွမ်းဝင်သူ မိတ်ဆွေရင်းတွေ ဖြစ်လာ ခဲ့ကြ ပါတယ်။
ဒီကမ္ဘာကနေ ပြန်ပြီးရေတွက်ရင် လွန်ခဲ့တဲ့(၉၂)ကမ္ဘာထက် ဖုဿရှင်တော်ဘုရား လက်ထက် တော်တုန်းကလည်း မဟိန္ဒမင်းကြီးရဲ့ ဖအေတူ အမေကွဲ ညီနောင်မင်းသား(၃)ဦးရဲ့ လူယုံတော်အ ဖြစ်နဲ့ အရှင်ရဋ္ဌပါလလောင်းလျာ အမျိုးကောင်းသားဟာ ဖုဿရှင်တော်ဘုရားနဲ့တကွ သံဃာတော် အပေါင်းကို ၀ါတွင်း(၃)လပတ်လုံး ဆွမ်းကွမ်း ဝေယျာဝစ္စ လိုလေသေးမရှိအောင် ရိုသေလေးမြတ်စွာ ပြုစုလုပ်ကျွေးခွင့် ရခဲ့ပါတယ် ။ အဲဒီတုန်းက ဆန်ရေစပါး ရအောင် အားထုတ်ရသူဟာ နောက်ဆုံး ဗိမ္ဗိသာရမင်းကြီး ဖြစ်လာပြီး စနစ်တကျ ချိန်တွယ်ချက်ပြုတ် ရသူဟာ ၀ိသာခသူဌေးဖြစ်လာပါ တယ်။
အဲဒီလို ရှေးကောင်းမှုတွေနဲ့ ပြည့်စုံသူဖြစ်တာကြောင့် အရှင်ရဋ္ဌပါလ နောက်ဆုံးဘ၀ ထုလ္လကောဋ္ဌိက နိဂုံးမှာ လူလာဖြစ်တဲ့အခါ သူဌေးမိဘနှစ်ပါးက ချစ်ခင် ယုယစွာ ပိုက်ထွေးပြီး မွေးမြူအပ်သူ၊ ချမ်းသာစွာ ကြီးပြင်းစေအပ်သော တစ်ဦးတည်းသော သူဌေးသား၊ အခြွေအရံ ပရိသတ် များပြားသူ၊ ချောမောလှပသော ဇနီးမယားတို့ရဲ့ ချစ်လှစွာသော ခင်ပွန်းယောက်ျား၊ ဆင်းရဲ ဒုက္ခဆိုတာ ဘာမှ မသိရသူ ဖြစ်လာပါတယ်။ ဒီလို လောကီ စည်းစိမ် ချမ်းသာတွေနဲ့ ပြည့်စုံကြွယ်ဝလှတဲ့ ရဋ္ဌပါလ အမျိုးကောင်းသားရဲ့ ဘ၀ဟာ ရှင်တော်ဘုရား ကုရုတိုင်း၊ ထုလ္လကောဋ္ဌိက နိဂုံးကို ဒေသစာရီ ကြွချီ ရောက်ရှိတော် မူလာတဲ့အခါမှာတော့ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေ ဖြစ်ပေါ်ခဲ့ပါတော့တယ်။
ရှင်တော်ဘုရား သီတင်းသုံးတော်မူရာကို တခြားရွာသားတွေနဲ့အတူ ရောက်လာခဲ့တဲ့ ရဋ္ဌပါလ အမျိုးကောင်းသားဟာ ရှင်တော်ဘုရား ဟောကြားတော်မူတဲ့ တရားတော်ကို နာယူပြီးတဲ့နောက် “လူ့ဘ၀ဟာ မီးဖိုချောင် အခန်းကျဉ်းကလေးထဲမှာ နေရတဲ့သူလို ကျဉ်းမြောင်းကျပ်တည်း ပူလောင် ညစ်နွမ်းရပြီး၊ ရဟန်းဘ၀ကတော့ လွင်တီးခေါင်မှာ နေရသလိုပဲ။ လွတ်လပ်ပွင့်လင်းပြီး အေးချမ်းစင် ကြယ်ရတာကို”သိမြင် သဘော ပေါက်သွားတဲ့အခါ ရှင်တော်ဘုရားထံမှာ ရှင်ရဟန်း အဖြစ်ကို တောင်းခံပါတယ်။ ရှင်တော်ဘုရားက “အမိအဖတွေက ခွင့်မပြုသေးသူကို ရဟန်းခံပေး တော်မမူ ဘူး”လို့ မိန့်တော်မူတဲ့အခါ အိမ်ပြန်လာပြီး မိဘတွေထံမှာ ရဟန်းပြုခွင့်ပေးဖို့ အရေးဆိုပါတယ်။
မိဘနှစ်ပါးစလုံးက ရဋ္ဌပါလကို ရဟန်းပြုခွင့်မပေးကြပါ။ တစ်ဦးတည်းသော သားချစ်ကို သေကွဲကွဲ ရရင်တောင် မတတ်သာလို့ ခွဲခွာရတာဖြစ်ပြီး အသက်ရှင်ရက်နဲ့တော့ ရင်ခွင်ထဲက ဆွဲအထုတ်မခံနိုင်ကြောင်း ပြောပြငြင်းဆိုကြပါတယ်။ တစ်သက်တာ စားလို့မကုန်၊ သုံးလို့မလျော့နိုင် တဲ့ စီးပွားဥစ္စာတွေပေါ်မှာ ထိုင်ပြီး ကုသိုလ်ကောင်းမှုတွေပြုကာ လူ့ဘ၀မှာပဲ မွေ့လျော်ပျော်ပါးဖို့ ဖျောင်းဖျကြပါတယ်။ (၃)ကြိမ် (၃)ခါ ခွင့်တောင်းလို့ မလိုက်လျောတဲ့အခါ ရဋ္ဌပါလအမျိုးကောင်း သားဟာ “ရဟန်းပြုခွင့် ရရင်ရ မရရင် ဒီနေရာမှာပဲ သေမယ်”လို့ ပြောဆိုကာ အခင်းမရှိတဲ့ မြေ ပြင်ပေါ် မှာပဲ လှဲအိပ်ချလိုက်ပါတယ်။
မြေကြီးပေါ်မှာ လှဲအိပ်ယုံသာမက အစာရေစာ လုံးဝမစားဘဲ (၇)ရက်တိုင်တိုင် အစာငတ်ခံကာ ဆန္ဒပြ တောင်းဆိုပါတယ်။ မိမိကိုယ်တိုင် ဖျောင်းဖျပြောဆိုလို့ မရတဲ့အခါ မိခင်ဖခင်တွေဟာ ရဋ္ဌပါလရဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတို့ကိုပါ အိမ်ကိုခေါ်လာပြီး သူတို့သား ရဋ္ဌပါလကို ချော့ မော့ ပြောဆိုစေကြပါတယ်။ ဒါပေမယ့် ရဋ္ဌပါလရဲ့ ပြတ်သားခိုင်မာတဲ့ သန္နိဋ္ဌာန်ကြောင့် သူငယ်ချင်းမိတ် ဆွေများက လက်လျှော့လိုက်ကြကာ ရဋ္ဌပါလရဲ့ မိခင်ဖခင်တွေကိုပဲ “ဦးလေးတို့ အဒေါ်တို့ ရဋ္ဌပါလကို ရဟန်းပြုခွင့်သာ ပေးလိုက်ပါ။ ဦးလေးနဲ့ အဒေါ်တို့ကသာ ရဟန်းပြုခွင့်မပေးရင် ရဋ္ဌပါလ ဟာ အဲဒီနေရာမှာပဲ သေပွဲဝင်ပါလိမ့်မယ့်။ တကယ်လို့ ဦးလေးနဲ့အဒေါ်တို့က ရဟန်းပြုခွင့်ပေးလိုက် ရင် ဦးလေးတို့ အဒေါ်တို့ရဲ့သားကို ရဟန်းဝတ်နဲ့ မြင်ကြရအုံးမယ့်အပြင် သူမပျော်လို့ လူထွက်လာ ရင်လည်း မိဘအိမ်ကလွဲလို့ သူ့မှာ တခြားသွားရာ မရှိပါဘူး။ ဒါကြောင့် ရဋ္ဌပါလကို ရဟန်းပြုခွင့် ပေးလိုက်ပါ’လို့ ပြန်ပြီး ဖျောင်းဖျပြောဆိုကြပါတယ်။
အဲဒီအခါ ရဋ္ဌပါလရဲ့ မိဘတွေဟာ “ကောင်းပါပြီ ရဋ္ဌပါလကို ငါတို့ ရဟန်းပြုခွင့်ပေးပါ့မယ်။ ဒါပေမယ့် ရဟန်းပြုပြီးတဲ့နောက်မှာ မိဘတွေနဲ့ အတွေ့ခံရမယ်”လို့ တောင်းဆိုပြီး ရဟန်းပြုခွင့် ပေးလိုက်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေက ရဋ္ဌပါလထံလာပြီး မိဘတွေက ရဟန်းပြုခွင့် ပေးပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။ ရဋ္ဌပါလဟာ ၀မ်းမြောက်ဝမ်းသာ မြေကြီးပေါ်က အားယူထကာ အစာအာဟာရတို့ကို ဖြည့်တင်းပြီး မျက်၇ည်တွေကျနေတဲ့ အမိ အဖ ဆွေမျိုးတွေကို ရိုသေစွာ ဦးချ ကန်တော့ နှုတ်ဆက်ကာ ရှင်တော်ဘုရားထံ ရှင်ရဟန်းအဖြစ်ကို လျှောက်ထားတောင်းပန်ပါတယ်။
ရှင်တော်ဘုရားက ရဟန်းတော်တွေကို ရဋ္ဌပါလ အမျိုးကောင်းသားကို ရှင်ရဟန်းပြုပေးစေ ပါတယ်။ ရဟန်းပြုပြီးလို့ (၁၅)ရက်ခန့်အကြာမှာ အရှင်ရဋ္ဌပါလဟာ ရှင်တော်ဘုရားနဲ့အတူ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတောကို လိုက်ပါသွားတော်မူခဲ့ပါတယ်။ သာဝတ္ထိပြည် ရောက် တော်မူတဲ့အခါ အရှင်မြတ် ရဋ္ဌပါလဟာ “ဒီနေ့ပဲ ရဟန္တာဖြစ်စေရမယ်လို့ ဆိတ်ငြိမ်ရာအရပ်ကို ချဉ်းကပ်ပြီး ကမ္မဋ္ဌာန်းတရားကို မပြတ်ကြိုးစားပြီး အားထုတ်ပေမယ့် (ဥဂ္ဃါဋိတညူပုဂ္ဂိုလ်) ၀ိပဉ္စိတညူ ပုဂ္ဂိုလ်၊ နေယျပုဂ္ဂိုလ် ၃ -မျိုးထဲမှာ) နေယျပုဂ္ဂိုလ်ဖြစ်တာမို့ ၁၂-နှစ်ကြာ ၁၂ ၀ါရှိမှ ရဟန္တာဖြစ်တော် မူပါတယ်။ အရှင်မြတ်ဟာ ၁၂-နှစ်တာကာလအတွင်းမှာ တစ်ကြိမ်တစ်ခါမှ ခုတင်ညောင်စောင်းပေါ် မှာ ကျောဆန့်ပြီး မအိပ်မလျောင်းဖူးပါဘူး။ မထေရ်မြတ်ဟာ ဆန္ဒကို အကြီးအမှုးပြုပြီး လောကုတ္တရာတရားကို ဖြစ်စေတဲ့ ပုဂ္ဂိုလ်ထူးတစ်ပါး ဖြစ်တော်မူပါတယ်။
အရှင်ရဋ္ဌပါလမထေရ်မြတ်ဟာ ရဟန္တာဖြစ်တော်မူပြီးတဲ့နောက် မိဘများကို အတွေ့ခံရန် ရှင်တော် ဘုရားထံ ခွင့်ပန်တော်မူပြီး ဇာတိရပ်ရွာ ထုလ္လကောဋ္ဌိကနိဂုံးကို ရောက်တဲ့အခါ ကောရဗျဘုရင်မင်း မြတ်ရဲ့ “မိဂစိရ”မည်တဲ့ ဥယျဉ်တော်မှာ သီတင်းသုံး နေထိုင်တော်မူပါတယ်။ မနက်ခင်းမှာ ထုလ္လကောဋ္ဌိကနိဂုံးရွာအတွင်း အိမ်စဉ်အတိုင်းရပ်ပြီး ဆွမ်းခံကြွတော်မူရာ မထေရ်မြတ်ရဲ့ မိဘနေအိမ်ရှေ့သို့ ရောက်တော်မူပါတယ်။ အလယ်တံခါးမုခ်ဦးမှာ ဆံပင်တွေရှင်းနေတဲ့ အရှင်ရဋ္ဌပါလရဲ့ ခမည်းတော်ဟာ အရှင်ရဋ္ဌပါလကို “သားရဟန်း”ရယ်လို့ မမှတ်မိဘဲ”ဒီကတုံးယုတ် တွေဟာ ငါ့ရဲ့ အသည်းနှလုံး တစ်ယောက်တည်းသော သားကို ခေါ်ဆောင်သွားလေတယ်”လို့ မကျေမနပ် ပြောဆို ရေရွတ်ပါတယ်။
အရှင်ရဋ္ဌပါလဟာ ဖခင်ရင်းရဲ့ အိမ်တော်က ဆွမ်းတစ်ဇွန်းကိုဝေးလို့ “ကန်တော့ဆွမ်း”တောင်မှ မရဘဲ ဆဲရေးကြိမ်းမောင်းတာပဲ ခံတော်မူရပါတယ်။ ဒါပေမယ့် တစ်ညဥ့်လွန်လို့ ပုပ်သိုးနေတဲ့ မုယော မုန့်ကို စွန့်ပစ်ဖို့လာတဲ့ ကျွန်မထံက အလှူခံကာ ပြန်လာခဲ့ပါတယ်။ မုယောမုန့်သိုး လောင်းလှူလိုက်တဲ့ ကျွန်မဟာ သူ့အရှင် သခင်ဟောင်းဖြစ်တဲ့ အရှင်ရဋ္ဌပါလရဲ့ လက်ခြေနဲ့ အသံတော်ကို မှတ်မိပြီး သူဌေးကြီး ဇနီးမောင်နှံကို “အရှင်သား ရဋ္ဌပါလ ပြန်ရောက်နေကြောင်း” သံတော်ဦး တင်တဲ့အတွက် အရှင်ရဋ္ဌပါလရဲ့ မယ်တော် ခမည်းတော်တွေဟာ အရှင်ရဋ္ဌပါလနောက် အလျင်အမြန်လိုက်ကာ အိမ်ကိုကြွဖို့ ဆွမ်းဖိတ်ကြပါတယ်။ ဒါပေမယ့် အမြတ်ဆုံး ဧကာသနိက် ဓုတင်နဲ့ သပဒါနစာရိက ဓုတင် ဆောင်တော်မူတဲ့ အရှင်ရဋ္ဌပါလ မထေရ်မြတ်ဟာ “ဒီနေ့စာအတွက် ဆွမ်းကိစ္စပြီးပြီ”မို့ နက်ဖြန်အတွက် ပင့်ဖိတ်တာကိုပဲ လက်ခံပြီး မဂစိရ ဥယျာဉ်တော်ကို ပြန်ကြွ လာခဲ့ပါတယ်။
သားတော်မောင် ရဟန္တာဖြစ်နေမှန်း မသိကြတဲ့ မိခင် ဖခင်တွေဟာ နက်ဖြန်နံနက် အရှင်မြတ် အိမ်ကို ကြွလာတော်မူရင် လူဝတ်လဲစေရန် စီမံထားကြပါတယ်။ အရှင်ရဋ္ဌပါလရဲ့ ဖခင်ဟာ ဆွမ်းဆက်ကပ်မယ့် ဧည့်ခန်းထဲမှာ မိသားစုပိုင် ရွှေငွေ ရတနာတွေကို အစုလိုက် ပုံပြထားသလို ချွေးမတော်တွေ ကိုလည်း အလှပဆုံးဖြစ်အောင် ၀တ်စားဆင်ယင် ထားကြရန်လည်း စီစဉ်ထား ပါတယ်။ အိမ်တော်စောင့် အမှုထမ်းတွေကိုလည်း တံခါးမုခ်တွေကို လုံခြုံအောင် အစောင့်ခိုင်း ထားပြီး အရှင်ရဋ္ဌပါလ ပြောဆိုလို့မရ အိမ်တော်ထဲက ထွက်ကြွလာလို့ရှိရင် အတင်းအကြပ် သင်္ကန်းတွေ ဆွဲချွတ်ပြီး လူဝတ်လဲပေးရန် အမိန့်ထုတ် ပြန်ထားပါတယ်။
နံနက်ခင်းရောက်လို့ အရှင်ရဋ္ဌပါလကို ပင့်ဆောင်ပြီး နေရာခင်းထားတဲ့ ဧည့်ခန်းမဆောင်မှာ ထိုင် စေတော် မူပြီးတဲ့အခါ အရှင်ရဋ္ဌပါလရဲ့ ဖခင်ဟာ ရွှေပုံ ငွေပုံတွေကို ဖွင့်ပြကာ “ဒီဥစ္စာဓနတွေဟာ အရှင်ဘုရားရဲ့ မယ်တော်ဖက်က ပါလာတဲ့ ပစ္စည်းတွေပါ။ ခမည်းတော်ဖက်ကနဲ့ ဘိုးဘွားတွေဖက်က ပါလာတဲ့ ဥစ္စာတွေဟာ ဒီထက်မက ပိုများပါတယ်။ အရှင်ဘုရားဟာ ဒီဥစ္စာဓနတွေနဲ့ ကုသိုလ်ကောင်းမှုပြုပြီး လူ့ဘ၀မှာ ပျော်ပျော်ကြီး နေပါဘုရား”လို့ လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်ရဋ္ဌပါလက “ဒကာကြီး ငါပြောတဲ့အတိုင်း လိုက်နာမယ်ဆိုရင် ဒီဥစ္စာတွေကို ဂင်္ဂါမြစ်လယ်မှာ သွားပြီး စွန့်ပစ်လိုက်ပါ။ ဒါမှသာ ဒီဥစ္စာဓနတွေနဲ့ ပတ်သက်တဲ့ ဆင်းရဲပင်ပန်းရမှုတွေက ဒကာကြီး လွတ်မြောက်နိုင်မှာ”လို့ ပြန်ပြီး အမိန့်ရှိတော်မူပါတယ်။
ခမည်းတော်ကြီး ကိုယ်တိုင် နားချလို့ မရတော့တဲ့အခါ ချွေးမတော်တွေက အရှင်ရဋ္ဌပါလကို ခြေ ထောက်တော်တွေကို ကိုင်ဆွဲကာ “အရှင်သား နတ်သမီးတွေကို ရလိုလို့ တရားကျင့်တယ်ဆိုရင် နတ်သမီးတွေက ဘယ်လောက်တောင် လှသလဲဘုရား” လို့ မေးမြန်းပြောဆိုကြပါတယ်။ အရှင်ရဋ္ဌ ပါလက “ညီမတို့ ငါဟာ နတ်သမီးရလိုလို့ ရဟန်းဝတ်တာမဟုတ်”လို့ မိန့်တော်မူပါတယ်။ အရှင် ရဋ္ဌပါလက တစ်အူတုံဆင်း မောင်နှမအရင်း သဘောမျိုးနဲ့ “ညီမတို့”လို့ ခေါ်ဝေါ်ပြောဆိုတာကို ခံလိုက် ရတဲ့အခါ လူ့ဘ၀တုန်းက ဇနီးဟောင်းအမျိုးသမီးတွေဟာ အဲဒီနေရာမှာမှာပဲ မူးမေ့ပြီး လဲကျကုန်ပါတယ်။
နောက်ဆုံးတော့ “ဒကာကြီး ဆွမ်းကပ်မယ်ဆိုလည်း ကပ်လှူပါ၊ ဥစ္စာ၊ မိန်းမ အထွေထွေပြပြီး မညှဉ်းဆဲပါနဲ့”လို့ အရှင်ရဋ္ဌပါလက မိန့်တော်မူမှ မွန်မြတ်တဲ့ ခဲဖွယ်ဘောဇဉ်တွေနဲ့ ဆွမ်းဆက်ကပ် လှူဒါန်းကြပါတယ်။ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ အရှင်ရဋ္ဌပါလဟာ တရားအနည်းငယ်ဟောပြီး “မုဆိုးဟာ ကျော့ကွင်းကို လုံးဝမထိဘဲ ချထားတဲ့ အစာကိုသာ ဘေးကင်းစွာစားပြီး မုဆိုးမည်တမ်း နေစဉ်မှာပဲ ထွက်ခွာသွားလေတယ်”လို့ ရွတ်ဆိုကာ အိမ်အမိုးကို ဖောက်ထွက်ပြီး ကောင်းကင်ခရီးနဲ့ မိဂစိရ ဥယျာဉ်တော်ကို ပြန်ကြွသွားတော်မူပါတယ်။
တစ်နေ့တော့ ကောရဗျမင်းကြီးဟာ တောကစားထွက်ရင်း ဥယျာဉ်တော်အလှကို ကြည့် ရှုမယ်လို့ စိတ်ကူးပြီး မိဂစိရ ဥယျာဉ်တော်ကို ပြင်ဆင်မွမ်းမံဖို့ ဥယျာဉ်မှုး မဂ၀ကို တာဝန်ပေးတော်မူ ပါတယ်။ ဥယျာဉ်မှုး မဂ၀ဟာ ဥယျာဉ်တော်ကို ပြင်ဆင်မွမ်းမံတဲ့အခါ ဥယျာဉ်တော်အတွင်း မှာ အရှင် ရဋ္ဌပါလမထေရ်မြတ်ကို ဖူးတွေ့ရတာမို့ ကောရဗျ မင်းကြီးထံ “ဥယျာဉ်တော် ပြင်ဆင်ပြီး ကြောင်းနဲ့ ဥယျာဉ်တော်အတွင်းမှာ အရှင်ရဋ္ဌပါလမထေရ်မြတ်လည်း သီတင်းသုံးတော် မူလျက်ရှိ ကြောင်း”ကို သံတော်ဦးတင်စေပါတယ်။
အဲဒီအခါ ကောရဗျမင်းကြီးက ဥယျာဉ်တော် အလှကြည့်ရှုဖို့ အစီအစဉ်ကို ဖျက်သိမ်းစေပြီး အရှင် မြတ် ရဋ္ဌပါလကိုပဲ မင်းပရိသတ် အစုံအလင်နဲ့ ဖူးမြင်ဖို့ စီစဉ်စေပါတယ်။ ကောရဗျမင်းကြီးဟာ ကြီး ကျယ်တဲ့ မင်းရဲ့ ကျက်သရေ၊ ခန့်ညားတဲ့ မင်းခမ်းမင်းနားနဲ့ ဥယျာဉ်တော်တံခါးဝအထိ ယာဉ်ရထား စီးသွားပြီး အရှင်မြတ်ကို အရိုအသေပြုတဲ့ အနေနဲ့ ယာဉ်မှဆင်းကာ ခြေကျင်လျှောက်ပြီး အရှင်ရဋ္ဌပါလ မထေရ်မြတ်ကို ချဉ်းကပ်ဖူးမြော်ပါတယ်။ ၀မ်းမြောက်ဝမ်းသာ ပဋိသန္ဓာရစကား လျှောက်ထားပြီး “အရှင်ဘုရား လောကမှာ လူတွေဟာ များသောအားဖြင့် ပျက်စီးခြင်းလေးပါးနဲ့ ကြုံမှသာ ရသေ့ရဟန်း ပြုတတ်ကြပါတယ်။ အရှင်ဘုရားမှာတော့ အိုခြင်း၊ နာခြင်း၊ စည်းစိမ်ပျက်ခြင်း၊ ဆွေမျိုးပျက်ခြင်းလို့ဆိုတဲ့ ပျက်စီးခြင်းလေးပါး မရှိပါဘဲ ဘယ်လိုအကျိုးထူးတရား ကို သိမြင်ကြားသိရလို့ အခုလို ငယ်ရွယ်စဉ် ကျန်းမာရေး ကောင်းတုန်းမှာ ချမ်းသာကြွယ်ဝတဲ့ ဆွေမျိုးမိဘတွေကို ပယ်စွန့်ကာ ရဟန်းပြုတော်မူရပါလဲ”လို့ မေးမြန်းလျှောက်ထားတော်မူပါတယ်”။
အဲဒီအခါ အရှင်ရဋ္ဌပါလက “မင်းကြီး (၁) သေမင်းဟာ အိုခြင်းဆိုတဲ့ကြိုးနဲ့ တုတ်နှောင်ပြီး လူအပေါင်းကို ဆွဲဆောင်ခေါ်ငင်နေတာမို့ ဘ၀ဆိုတာ မတည်မြဲဘူး၊ မခိုင်မာဘူး။ (၂) တကယ့်အ ရေး တကယ့်ဘေူးနဲ့ ကြုံလာရင် လူသားတွေမှာ(တရားကလွဲလို့)ခိုကိုးရာ၊ အားထားရာ၊ ပုန်းအောင်း မှီခိုစရာ မရှိဘူး။ (၃) ကွယ်လွန်ချိန်မှာ လူတိုင်းဟာ အရာအားလုံးကို စွန့်ပစ်ပြီး သွားရတယ်။ တမလွန်လောကကို ယူဆောင်သွားနိုင်တဲ့ ကိုယ်ပိုင်ဥစ္စာဓန ဆိုတာ(တရားကလွဲလို့) ဘာမှမရှိဘူး။(၄) လူသားတွေရဲ့ အလိုဆန္ဒကိုတာ ပြည့်ဝသွားတယ်လို့ မရှိဘူး။ တဏှာရဲ့ကျေးကျွန် ဘ၀နဲ့ အမြဲတမ်း ဆာလောင်မွတ်သိပ်နေတယ်။ ရောင့်ရဲမှု မရှိဘူး။ အဲဒီလို ရှင်တော်ဘုရားကိုယ် တော်တိုင် အမှန်အတိုင်းသိမြင်ပြီး ဟောကြားတော်မူတဲ့ လောကရဲ့ နိယာမ၊ ဓမ္မဥပဒေသလေးမျိုးကို နားလည်သဘောပေါက်လို့သာ ငါဟာ လူ့ဘောင်ကို ခွာရှောင်ပြီး၊ ရဟန်းဘောင် ၀င်လာခဲ့တာဖြစ် တယ်”လို့ သူတော်ကောင်းတရားနဲ့ အတိပြီးတဲ့ “ဓမ္မနှလုံးသား”ကို လှစ်ဟဖော်ထုတ်ပြတော်မူ ပါတယ်။ ကောရဗျမင်းကြီးဟာ အကျယ်တ၀င့် ရှင်းလင်းဟောကြားတော်မူတဲ့ အရှင်ရဋ္ဌပါလရဲ့ တရားတော်အဆုံးမှာ ၀မ်းမြောက်ဝမ်းသာ ကောင်းချီးနုမော် သာဓုခေါ်တော်မူပါတယ်။
အရှင်ရဋ္ဌပါလဟာ ရှင်တော်ဘုရားရဲ့ တရားဒေသနာကို ကြားနာရတဲ့အခါ သဒ္ဓါတရားအထူးဖြစ် ပွားကာ ထမင်း ၁၄-နပ်(၇)ရက် အစာငတ်ခံပြီး မိဘတွေထံက ရဟန်းပြုခွင့်ရဖို့ ခဲခဲယဉ်းယဉ်း ဆောင် ရွက်ခွင့် ရခဲ့ပါတယ်။ ဒီဖြစ်ရပ်ကလေးကို အခြေခံပြီး အတိတ်ဘ၀တုန်းက ပန်ဆင်ခဲ့တဲ့ ဆုတောင်းနဲ့အညီ ရှင်တော်ဘုရားဟာ အရှင်ရဋ္ဌပါလကို “သဒ္ဓါပဗ္ဗဇ္ဇိတ=သဒ္ဓါတရားကြီးမားစွာဖြင့် ရဟန်းပြုတဲ့နေရာမှာ”အသာလွန် အမြင့်မြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး အပ်နှင်းတော်မူပါတယ်။ အရှင် ရဋ္ဌပါလဟာ ဇာတိကုလပုတ္တ၊ အာစာရကုလပုတ္တ နှစ်မျိုးထဲမှာ ဇာတိကုလပုတ္တ=(ပဋိသန္ဓေအားဖြင့် အမျိုးကောင်းသားဖြစ်သူ)ဖြစ်တော်မူပါတယ်။
အရှင်ရဋ္ဌပါလဟာ မသာဝကရှစ်ကျိပ် စာရင်းဝင် ဖြစ်ပြီး လက်ဝဲတော်ရံ ရဟန္တာမထေရ်မြတ်(၄၀) ထဲမှာ (၉)ပါးမြောက် ဖြစ်တော်မူပါတယ်။ ရှင်တော်ဘုရားရဲ့ ကိုယ်စား နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမလိုကြောင်း လျှောက်တင်တော်မူခဲ့တဲ့ မထေရ်မြတ်လည်း ဖြစ်တော်မူပါတယ်။ ခုဒ္ဒကနိကာယ် လာ ရဋ္ဌပါလတ္ထေရအပါဒါန၊ ရဋ္ဌပါလထေရဂါထာနဲ့ မဇ္ဈိမနိကာယ်လာ မဇ္ဈိမပဏ္ဏာသပါဠိ၊ ရဋ္ဌပါလသုတ္တန်တွေဟာ အရှင်ရဋ္ဌပါလမထေရ်မြတ်ရဲ့ သူတော်ကောင်းနှလုံးသားကို အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြတဲ့ တရားတော်တွေဖြစ်ပါတယ်။
ရှင်တော်ဘုရားရဲ့ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးဟာ အံဖွယ်ရှစ်ဖြာနဲ့ပြည့်စုံတဲ့ သမုဒ္ဒရာကြီးတစ်ခု လို ကျယ်ဝန်းနက်ရှိုင်းလှပါတယ်။ သမုဒ္ဒရာကြီးထဲကို စီးဝင်ကြတဲ့ မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာက ရေတွေဟာ သမုဒ္ဒရာထဲကို ရောက်တာနဲ့ နာမည်တစ်မျိုး၊ အရသာတစ်မျိုးတည်း ဖြစ်ပေါ်ပေါင်းဆုံ သွားကြသလို ဗုဒ္ဓမြတ်စွာသာသနာတော်တွင်းကို ၀င်ရောက်လာတော်မူကြတဲ့ အမျိုးကြီး ၄-ပါးက အမျိုးကောင်းသားတွေဟာလည်း သာသနာတော်ထဲကို ရောက်သွားကြတာနဲ့တစ်ပြိုင်နက် ရှင်တော် ဘုရားရဲ့သား “ရဟန်းသံဃာတော်”ဆိုတဲ့ နာမည်တစ်မျိုး “နိဗ္ဗာန်ချမ်းသာ”ဆိုတဲ့ အရသာ တစ်မျိုး တည်းကိုသာ ရနိုင်ကြတာပါ။
ဒါပေမယ့် ငယ်ရွယ်တဲ့သူတွေ၊ အမျိုးမြတ်သူတွေ၊ ပညာတတ်သူတွေနဲ့ ချမ်းသာကြွယ်ဝသူတွေ ဟာ သူတို့ရဲ့ ပြည့်စုံကြွယ်ဝမှုကို စွန့်လွှတ်ပြီး သာသနာတော်အတွင်း ၀င်ရောက်လာတဲ့အခါမှာတော့ သူတို့ရဲ့ စွန့်လွှတ်စွန့်စားရဲမှု ဂုဏ်တွေက သာသနာတော်ရဲ့ အရှိန်အ၀ါကို တစ်နည်းတစ်ဖုံနဲ့ တောက်ပ လာစေတာကတော့ အမှန်ပဲဖြစ်ပါတယ်။ တကယ်တော့ အရှင်ရဋ္ဌပါလ မထေရ်မြတ်ဟာ အင်အားကြီးမားတော်မူတဲ့ သဒ္ဓါတရားနဲ့သာမက လောကရဲ့ နိယာမနဲ့ ဓမ္မရဲ့ဥပဒေသတွေကို အမှန် အတိုင်း သိမြင်နိုင်တဲ့ နက်နဲသိမ်မွေ့တဲ့ ပညာတရားနဲ့ပါ ရှင်တော်ဘုရားရဲ့ သာသနာတော် မြတ်ကြီးကို လေးမြတ်ကော်ရော်ပူဇော်တော်မူခဲ့တာ ဖြစ်ပါတယ်။
သဒ္ဓါ၊ ပညာ သူတော်ကောင်းနှလုံးသား ကြီးမားတော်မူတဲ့ အရှင်မြတ်ကိုလည်း ဒီဆောင်းပါး တိုလေးနဲ့ပဲ ရိုသေဦးခိုက်ပြီး ရှိခိုးပူဇော်လိုက်ပါတယ်။
ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ် အဋ္ဌကထာ (ပထမတွဲ)
၂။ ထေရဂါထာ အဋ္ဌကထာ (ဒုတိယတွဲ)
၃။ အပါဒါန် အဋ္ဌကထာ (ဒုတိယတွဲ)
၎။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ
၅။ မဟာဗုဒ္ဓ၀င်ကျမ်း (ဆဋ္ဌမတွဲ)
တော်ဝင်နွယ်
မှတ်ချက်=မေတ္တာဥယျာဉ်ဆိုဒ်မှကူးယူတင်ပြသည်

No comments:

Post a Comment