........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 16, 2012

မေတ္တသုတ် ကျင့်စဉ်

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

ဗုဒ္ဓဘာသာဝင်များအတွက် ၀ါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။
ဝါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်ခဲ့သည်။
ဝါဆိုလပြည့်နေ့မှာပင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူခဲ့သည်။
ထို့ပြင် ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့သည်။
ထိုမျှမက ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိများကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
( သန္ဓေ, တောထွက်, ဓမ္မစက်, ဟောမြွက်သံချို လ-၀ါဆို)
ထိုထိုအကြောင်းများကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဤနေ့ထူးနေ့မြတ်တွင် ပါဝင်သော ဓမ္မစကြာတရား ဟောတော်မူသည့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။
ဘုရားရှင်သည် ဓမ္မစကြာတရားတော်ကို မိဂဒါဝုန်တောရှိ ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့သည်။
ယင်းသို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့်အတူ နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍ ကျမ်းဂန်၌ ဆိုထားသည်။

ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖြားဖြား ဟောကြားတော်မူသော တရားဒေသနာတော် ဖြစ်သည်။ ဤဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များ၌ ဓမ္မစက္က ပ၀တ္တန သုတ္တန်ဟူ၍ ခေါ်ဆိုထားသည်။

ဓမ္မစကြာတရားတော်တွင် ရှေးဦးစွာ ၀ဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ရန် ဟောပြောထားသည်။ ၀ဲယာအစွန်းနှစ်ပါး ဟူသည် ကာမသုခလ္လိကာနုယောဂ တည်းဟူသော ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊
အတ္တကိလမထာနုယောဂ တည်းဟူသော မိမိကိုယ်ကို ဒုက္ခပေး၍ ကျင့်ကြံအားထုတ်ခြင်း၊
ယင်း ၂-ပါးတို့ကို ရှောင်ကြဉ်၍ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက်ကို မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်သော မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံအားထုတ်ရန် ညွှန်ပြတော်မူသည်။

မဂ္ဂင်ရှစ်ပါး ဟူသည်-
(၁) သမ္မာ ဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမြင်မှု။
(၂) သမ္မာ သင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။
(၃) သမ္မာ ၀ါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။
(၄) သမ္မာ ကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။
(၅) သမ္မာ အာဇီဝ=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။
(၆) သမ္မာ ၀ါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။
(၇) သမ္မာ သတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။
(၈) သမ္မာ သမာဓိ=ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု-တို့ ဖြစ်သည်။

ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။
သစ္စာလေးပါးကား-
(၁) ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ။
(၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ။
(၃) ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ။
(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာ-ဟူ၍ ဖြစ်ပါသည်။

ဘုရားရှင်က ဤတရားတို့ကို ပူဇော်မှု၊ ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်ရမည်ဟူ၍လည်း ညွှန်ပြထားတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤနေ့ထူးနေ့မြတ်ဖြစ်သော ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဓမ္မစကြာတရားတော်ကို ဆင်ခြင်သုံးသပ်၍ ကိုယ်တိုင် တတ်စွမ်းသမျှ ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ အထူးသဖြင့် သစ္စာလေးပါးတွင်
ဒုက္ခသစ္စာကို ပိုင်းခြား၍ သိရမည်။
သမုဒယသစ္စာကို ပယ်ရမည်။
နိရောဓသစ္စာကို မျက်မှောက်ပြု(ဆိုက်ရောက်)ရမည်။
မဂ္ဂသစ္စာကို ပွားများရမည်-ဟူသော အချက် ၄-ချက်ကို ခန္ဓာဉာဏ်ရောက် နှလုံးသွင်း၍ လေ့လာမှတ်သား ပြုကျင့်သင့်ပေသည်။

ဤသစ္စာလေးပါးတရားကို ခန္ဓာဉာဏ်ရောက် သိရှိနိုင်ရန်အတွက် ၀ိပဿနာတရားစခန်းများသို့ ၀င်ရောက်အားထုတ်ပြီးနောက် နေ့စဉ် အချိန်အားလပ်ခွင့်ရတိုင်း တရားအားထုတ် ရှုမှတ်သင့်သည်ဟုလည်း ကျွန်ုပ်တို့ ခံယူမိပါသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍ ကျွန်ုပ်တို့ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါသည်။ ဤသို့ကြိုဆိုရာမှ ဗုဒ္ဓနေ့ကို အကြောင်းပြု၍ ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်ကို အထူးအောက်မေ့ နှလုံးသွင်းလျက် ဗုဒ္ဓတရားတော်ကို ထာဝစဉ် ပိုမိုကျင့်ကြံအားထုတ်သင့်ကြောင်း ကျွန်ုပ်တို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဒုဋ္ဌဂါမဏိမင်း အဓိဋ္ဌာန်

အတ္တသုခါယ ၀ါယမော၊ နေသော မမ ကဒါစိပိ။
သမ္ဗုဒ္ဓ သာသနေဿဝ၊ ဌပနာယ အယံ မမ။ ( မဟာဝင်)

မမ=အမျိုးဘာသာ သာသနာနှင့် ပညာစီးပွား အကျိုးများကို တိုးပွားစေလို ဤငါ့ကိုယ်၏။

အတ္တသုခါယ=မိမိတွက်သာ တသက်လျှာမျှ ချမ်းသာသုခ ပြည့်ဝဖို့အကျိုးငှါ။

ဧသော ၀ါယမော=သို့ကလောက်ပြင်းပြ ဇွဲလုံ့လဖြင့် နေ့ညမအား လွန်ကြိုးစားခြင်းသည်။

ကဒါစိပိ= နေ့စဉ်မှန်မှန် ပြုဖို့ရန်များ မဆိုထားဘိ စိတ်အားဖြင့်ကြံ တခါတရံမျှလည်း။

န ဟောတိ=စင်စစ် မဖြစ်ပါချေ။

မမ=ငါ၏။

အယံ ၀ါယမော=ရှေးရှေးအလောင်း သူတော်ကောင်းတို့ ထုံးဟောင်းရည်မှန်း ဤကြိုးပမ်းခြင်းသည်။

သမ္ဗုဒ္ဓ သာသနဿ=ဗုဒ္ဓဘုရား တည်ထောင်ထားသည့် အများတွက်တာ သာသနာတော်ကြီးကို။

ဌပနာယ ဧ၀=မြဲမြံခိုင်ကြံ့ တည်တံ့စေခြင်း အကျိုးငှါသာလျှင်။

ဟောတိ=စိတ်ဖြင့်လည်းကြံ နှုတ်ဖြင့်အံလျက် အမှန်ပင် ဖြစ်ပါပေ၏။

ဗုဒ္ဓဃောသ ဆုတောင်း ၄-ချက်

စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရ၀ါ။
သဗ္ဗေပိ သတ္တာ ကာလေန၊ သမ္မာ ဒေဝေါ ပ၀ဿတု။

(၁)
သဒ္ဓမ္မော=ပရိယတ် ပဋိပတ် ပဋိဝေဓဟု သဒ္ဓမ္မတွင်ခေါ် သာသနာတော် သုံးရပ်သည်။

စိရံ=အနှစ်ငါးထောင် မြားမြောင်ရှည်ကြာ အခါကာလပတ်လုံး။

တိဋ္ဌတု=၀ိတဏ္ဍ၀ါဒီ ရန်မသီဘဲ လျှံခြည်ဝေရွှမ်း နေစက်ဝန်းသို့ တည်ထွန်းတောက်ပပါစေသတည်း။

(၂)
သဗ္ဗေပိ=ကြွင်းမဲ့ဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။

သတ္တာ=လူ နတ် ဗြဟ္မာ သတ္တ၀ါတို့သည်။

ဓမ္မေ=ရှင်စောဘုရား ဟောကြားမြွက်ဖော် တရားတော်၌။

သဂါရ၀ါ ဟောန္တု=ကိုးကွယ်ရာစစ် ဧကန်ဖြစ်ဟု နစ်နစ်ကာကာ ယုံကြည်စွာဖြင့် ပညာဆီမီး ထွန်းညှိသီး၍ ကျောက်ထီးအတူ အလေးမူကြပါစေကုန်သတည်း။

(၃)
ဒေဝေါ=လူသူအပေါင်း ပွားစည်းညောင်းအောင် ကြောင်းရင်းမှန်တုံ ကျေးဇူးပုံသား ပဇ္ဇုန်ခေါ်လျှင်း မိုးနတ်မင်းသည်။

ကာလေန=ရွာချိန်သင့်ရာ ညဥ့်အခါ၌။

ပ၀ဿတု=အရည်ထန်စွာ မြို့ပြည်ရွာတို့ သာယာတင့်မော စည်ပင်ပြောအောင် ဖြောဖြောဝှန်ဝှန် ရွာဖြိုးသွန်းပါစေသတည်း။

(၄)
ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေ၀ိမံ။
ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။

ပေါရာဏာ=ရှေးအထက်ကျော် အခါတော်က တေဇော်ထွန်းသစ် ဘုန်းရောင်လှစ်ကြကုန်သော။

သုရာဇာနော=မဟာသမ္မတ ဤသို့စသည့် ဘုရားအလောင်း ရှေးမင်းကောင်းတို့သည်။

ပဇံ=တိုင်းသားပြည်သူ ဗိုလ်လူအပေါင်းကို။

ဓမ္မေန=ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။

ရက္ခိံသု ယထာ=မိဘအရာ တည်နေကာဖြင့် ပြစ်ဆာမလိမ်း ရန်မာန်ငြိမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ကုန်သကဲ့သို့။

တထေ၀=ထိုဘုရားအလောင်း ရှေးမင်းကောင်းတို့ အတူသာလျှင်။

ရာဇာ=နှလုံးဉာဏ်ရည် လက်ရုံးရည်ဖြင့် မြန်ပြည်ထောင်စု စိုးမိုးပြုသား သမုတိနတ် တို့မင်းမြတ်သည်။

ဣမံ ပဇံ=မေတ္တာချည်နှောင် ညီနှင့်နောင်ဟု ပြည်ထောင်စုသား ဤလူများကို။

ဓမ္မေန=ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။

အတ္တနော ပဇံ ဣ၀=ရင်မှပေါက်ဖွား မိမိသားကဲ့သို့။

ရက္ခတု=မေတ္တာ ကရုဏာ ဖြန့်ချိကာဖြင့် သဒ္ဓါဆော်နှိုး ဗြဟ္မစိုရ်မိုးကို စွေဖြိုးသွန်ကာ တိုင်းရပ်သာအောင် ပညာဝုန်တောက် တံခွန်ဆောက်၍ စောင့်ရှောက်ချီးပင့်နိုင်ပါစေသတည်း။

( အဋ္ဌသာလိနီကျမ်း နိဂုံးမှ ဖြစ်၍ မဟာဗုဒ္ဓ၀င် ဆဋ္ဌမတွဲ ဒုတိယပိုင်းမှ အနက်ပြန် ဖြစ်ပါသည်။)

အောင်ခြင်း ဂါထာတော်

ဥုံ နမော တေ ၀ိဇေတုံ မေ၊ ဇယတော ဒဒတော ဇယံ။
နဋ္ဌထမ္ဘံ သဗ္ဗသန္တံ၊ ကရ မေ ဇယမင်္ဂလံ။

ဥုံ=အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်ကာ မယှဉ်သာအောင် မင်္ဂလာကြီး ဖြစ်ပါစေသတည်း။

နဋ္ဌထမ္ဘံ=ထောက်ပံ့မည့်သူ ကူညီမည့်နတ် ရံပတ်ဝဲယာ ဗြဟ္မာလည်း မရှိပါဘဲ။

သဗ္ဗသန္တံ=ကိုယ်နေရှိန်မပျက် တသိန်းထွက်ဖို့ ငြိမ်သက်ဖွေးဖြူ အေးအေးလူလူသာလျှင်။

ဇယတော=ပါရမီစက်ဟုန် လက်နက်စုံဖြင့် ချက်ကုန်မလွဲ ပွဲတိုင်းမရှောင် နွှဲတိုင်းပင် အောင်မြင်တော်မူပေထသော။

ဇယံ ဒဒတော=အောင်ရာစည်းကမ်း အောင်နည်းလမ်း၌ မှီးငြမ်းမလစ် အသစ်အဆန်း တစ်ဂဏန်းက မှန်းဆ၍မျှော် ပန်းရအောင်လည်း လမ်းပြပေးသနားတော်မူပေထသော။

တေ တ၀=မကိုဋ်ရောင်လျှံ ဥသျှောင်ပျံမှာ အောင်လံစွင့်စွင့် လွှင့်တလူလူ အောင်တော်မူ မြတ်ဘုရားအား။

မေ အမှာကံ=မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော် ဘုရားတပည့်တော်တို့၏။

ဝိဇေတုံ=မရှောင်ခပင်း အခေါင်နှင်း၍ အောင်ခြင်းကြီး အောင်ပါရခြင်း အကျိုးငှါ။

နမော=အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို အမျိုးစုံ မှန်းဆ၍ တမ်းတရှိခိုးပါ၏ဘုရား။

မေ အမှာကံ=မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော် ဘုရားတပည့်တော်တို့အား။

ဇယမင်္ဂလံ=အောင်ရန်အတိတ် အောင်နိမိတ်ဖြင့် အောင်ဘိသိက်သွင်း အောင်ဟိတ်ကျင်းလျက် အောင်ခြင်းဆင်ကာ မင်္ဂလာကို။

ကရ=သပြေအနု ငွေခရုဖြင့် ဇေယျတုပုံ မေရုတုန်အောင် အဖုံဖုံ အမှုအေးစေဖို့ ပြုပေးတော်မူပါ့ အောင်တော်မူ အရှင်မြတ်ကြီးဘုရား။

No comments:

Post a Comment