သူတော်ကောင်းတို့ ၏ တရားစစ်တရား မှန်ကို အလွန်တရာ ကြားနာရခဲခြင်း၊
ဘုရားသာသနာနဲ့ကြုံမှ ရှင်တော်ဗုဒ္ဓဟောကြားထားတဲ့ ပရမတ္ထတရားတော်တွေ ဟာ အပြည့်အစုံ ရှိနိုင်တယ်။ ဘုရားမပွင့်တဲ့ကာလ သာသနာအပြင်ပမှာ ပြည့်ပြည့်စုံစုံ မရှိနိုင်ဘူး၊
ဂေါတမမြတ်စွာဘုရားဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်သာသနာတော်ကြီးရှိတဲ့ သင်္ဘောကြီး တွေ့ နေ ရပြီ။ သင်္ဘောကြီးထွက်တော့မယ်။ နိဗ္ဗာန်ဆိုတဲ့တဖက်ကမ်းကို ရောက်ဘို့ ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ကုသိုလ် တွေရှိမှ သင်္ဘောပေါ်တက်ခွင့်ရလိမ့်မယ်။သာသနာတော်ကြီးကွယ်တော့မယ်၊့ ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ကုသိုလ်တွေအချိန်ရှိတုံးသာသနာတော်နဲ့ ဆုံတုံးရအောင်ကြိုးစားကြပါ၊
အဘိဓမ္မာ ဟူသည်
ဘုရားတရားနဲ့ ပတ်သက်လာရင် သေသေချာချာသိမှကောင်းတယ်။
မြတ်စွာဘုရားဟာ (၇)ဝါမြောက်မှာ တိတ္ထိတွေ ရဲ့ မာန်စွယ်ကိုချိုးဖို့ ဆိုပြီး လူ့ ပြည်မှာရေမီးအစုံ အစုံတန်ခိုး ပြာဋိဟာ ပြတော်မူပြီးတော့ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့ မှာ တာဝတိံသာနတ်ပြည်မှာ ကြွရောက်ပြီး ဝါဆိုပါ တယ်။ သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်မှာ သီတင်းသုံးပြီးတော့  တစ်သောင်းသော စကြဝဋ္ဌာ တိုက်ကနေ ရောက်ရှိလာကြတဲ့ နတ်ဗြဟ္မာတွေကို အဘိဓမ္မာတရား ဟောကြား တော်မူပါတယ်။
ဝါတွင်း (၃)လပတ်လုံး အသံမစဲ တနေ့ မှမနားဘဲ အသေးစိတ်အကျယ်ဝန်းဆုံးနည်းဖြင့် ဟောကြားခဲ့ပါတယ်၊ ဆွမ်းခံချိန်မှာ မြောက်ကျွန်းကိုကြွပြီး ဆွမ်းခံတယ်။ ဘုရားကိုယ်တော်မြတ်ဆွမ်း ခံကြွတော်မူတဲ့အချိန်မှာ ကိုယ်တော်မြတ်နဲ့ ပုံတော်တူ နိမ္မိတမြတ်စွာဘုရားကို ဖန်ဆင်းပေးပြီး စိတ် တော်နဲ့  ဤကိုယ်ပွားဘုရားသည် အဘိဓမ္မာတရားတော်ကို ဒီအပိုင်း ဒီကဏ္ဍမှ ဒီအပိုင်း ဒီကဏ္ဍ တိုင်အောင် ဟောစေသတည်းလို့  အဓိဋ္ဌာန်ထား ခဲ့တယ်။ မြောက်ကျွန်းမှာဆွမ်းဘုန်းပေးရာတွင် အရှင်သာရိပုတ္ထ သည်ဝတ်ကြီးဝတ်ငယ်ပြုစုပေးခဲ့၏။ ဆွမ်းကိစ္စပြီးတော့ လူ့ ပြည်မှာပဲ စန္ဒကူးတော ထဲမှာ အရှင်သာရိပုတ္ထထံ အား
“သာရိပုတ္ထ ငါဘုရားဟာ တာဝတိံသာနတ်ပြည်မှာ ဒီတရားကို ဒီလိုဟောခဲ့တယ်လို့  အကျဉ်းချုပ် ဟောပြ လိုက် တယ်။ အရှင်သာရိပုတ္ထက အကျယ်ချဲ့ ပြီး သိတော်မူတဲ့ ဥာဏ်ရှိပါတယ်။
အရှင်သာရိပုတ္ထ ကိုဟောပေးပြီးတော့ မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်ကို ပြန်ကြွတော်မူခဲ့ပါတယ်။
အဘိဓမ္မာတရားတော်တွေဟာ သိမ်မွေ့ လွန်းတဲ့အတွက်ကြောင့် လူ့ ပြည်မှာမဟောဘဲ နတ်ပြည်မှာ သာ ဟောတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္ထသည် သူ၏တပည့် ရဟန်း (၅၀၀)တို့ အားမကျဉ်း မကျယ် နည်းဖြင့် ပြန်လည်ဟောကြားပေးခဲ့တယ်။ ရဟန်း တပည့်အစဉ်အဆက်ကိုဟောပြောပေးခဲ့လို့  ဘုန်းကြီးတို့ ကလဲ တစ်ဆင့်ပြန်လည် သင်ကြားပို့ ချနိုင်တာပေါ့။
အဘိဓမ္မာ ဆိုတာ လွန်ကဲထူးမြတ်တဲ့ သဘော။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက်မှာ့ မြတ်စွာဘုရားဟောထားပြီးတဲ့တရားတော်တွေကို အရှင်မဟာကဿပ အမှူးရှိတဲ့ ရဟန္တာ အရှင်မြတ်တွေက သံဂါယနာတင် (စုပေါင်းရွတ်ဆိုမှု) ပြုကြ တယ်။ အဲဒီလို စုပေါင်းရွတ်ဆိုမှုပြုခဲ့တဲ့ တရားတော်တွေကို မပျောက်မပျက်သွားရအောင် စုပေါင်းပြီး ထည့်ထားတဲ့ ခြင်းတောင်းနဲ့ တူတယ့် ( ပါဋ္ဌိလို) ပိဋကတ်လို့ ခေါ်တယ်။ အဲဒီလို ခြင်းတောင်းနဲ့ တူတဲ့အတွက်ကြောင့် သံဂါယနာတင်ထားတဲ့ တရားတော်တွေကိုလည်း ပိဋကလို့  ခေါ်လာကြတယ်။ အဲဒီ ပိဋကတ်တွေကို သဘောတူရာအုပ်စုလိုက် သုံးစု သုံးပုံ ခွဲထားခဲ့တယ်။
ပိဋကတ် (၃) ပုံ
(၁)ဝိနည်းပိဋကတ်= ရှင်ရဟန်းများလိုက်နာကျင့်သုံးရမယ့်၊ရှောင်ကြဉ်ရမယ့်အရာတွေကို စည်းကမ်း တကျသတ်မှတ်ပြီး ပညတ်ဟောကြားထားတဲ့တရားများ၊
ရှင်တော်ဗုဒ္ဓ ဟောကြားထားတဲ့ တရားစကားစုကလေးတွေ (ဓမ္မက္ခန္ဓာ )နှစ်သောင်းနဲ့ တစ်ထောင် ရှိတယ်၊
(၂)သုတ္တန်ပိဋကတ်=ရှင်တော်ဗုဒ္ဓ ဟောကြားထားတဲ့ အတိုင်း လိုက်နာကျင့်သုံးသူတို့  ကောင်းကျိုး ချမ်းသာရပုံ၊ မလိုက်နာ မကျင့်သုံးသူတို့ ဆင်းရဲဒုက္ခရောက်ပုံတွေကို အကျယ်တဝင့် ဖော်ပြထားတဲ့ တရားများ၊
သုတ္တန်ပိဋကတ် ထဲမှာလဲ ရှင်တော်ဗုဒ္ဓ ဟောကြားထားတဲ့ တရားစကားစုကလေးတွေ နှစ်သောင်းနဲ့ တစ်ထောင် ရှိတယ်၊
(၃)အဘိဓမ္မာ ပိဋကတ်= လောကလူသားတွေရဲ့ အခေါ်အဝေါ် အမည်ပညတ်တွေကို အဓိကမထားဘဲ မဖောက်မပြန် အဟုတ်အမှန်တည်ရှိတဲ့ အနက်သဘောတွေကို ဖော်ပြထားတဲ့ တရားများ၊
အဘိဓမ္မာ ပိဋကတ် ထဲမှာတော့ ရှင်တော်ဗုဒ္ဓ ဟောကြားထားတဲ့ တရားစကားစုကလေးတွေ လေးသောင်း နဲ့ နှစ်ထောင် ရှိတယ်၊
ဓမ္မက္ခန္ဓာ ရှစ်သောင်းနဲ့ လေးထောင် ဆိုတာ ကြားဘူးတယ်မဟုတ်လား၊
အဘိဓမ္မာ ဟူသည် = လွန်ကဲတဲ့သဘော
အဘိဓမ္မာ ပိဋကတ်မှာ ဓမ္မက္ခန္ဓာ အရေအတွက် အများဆုံး ပါရှိလို့ ၊လွန်ကဲတဲ့ အဓိပ္ပါယ် ရတယ်။
အဘိဓမ္မာ ဟူသည် = ထူးမြတ်တဲ့ သဘော။
(၁)အဘိဓမ္မာ ပိဋကတ်တော်မှာ ဘုရားသာသနာနဲ့ကြုံမှ ရှင်တော်ဗုဒ္ဓဟောကြားထားတဲ့ ပရမတ္ထတရားတော်တွေ ဟာ အပြည့်အစုံ ရှိနိုင်တယ်။ ဘုရားမပွင့်တဲ့ကာလ သာသနာအပြင်ပမှာ ပြည့်ပြည့်စုံစုံ မရှိနိုင်ဘူး၊ ဒါဟာ အဘိဓမ္မာရဲ့  ထူးမြတ်တဲ့အနက်ပါပဲ။
(၂)အဘိဓမ္မာ ပိဋကတ်တော်မှာ အမည်ဝေါဟာရသုံးနှုန်းပုံဟာ သုတ္တန်တို့ဝိနည်းတို့မှာ နဲ့မတူဘူး၊ သူ့လက္ခဏာ သဘောကိုစိစစ်ပြီးမှ အမည်ပေးထားတာဖြစ်တယ်။ အဲဒါကိုက သုတ္တန်ဝိနည်းတို့နဲ့မတူတဲ့ ထူးခြားမှု ထူးမြတ်မှု တစ်ခုပါဘဲ။
ဥပမာ- အဘိဓမ္မာမှာ- အာရုံကိုလိုချင်မှု ကပ်ငြိတွယ်တာမှုရှိတဲ့တရားကို “လောဘ” လို့ ခေါ်တယ်။ကံနဲ့ကံရဲ့  အကျိုးရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေအပေါ်ယုံကြည်သက်ဝင်ခြင်း ကို “သဒ္ဓါ”လို့ ခေါ်တယ်။
ဝိနည်းသုတ်တန်တို့မှာ အဲဒီ့လိုမဟုတ်ဘူး၊ သုပ္ပိယ ဆိုတာ သိပ်ပြီးချစ်စရာကောင်းသူ လို့ အဓိပ္ပါယ် ရှိပေမဲ့ ကိုယ်ရောနှုတ်ရောစိတ်ရော ကြမ်းတမ်းသူ ချစ်ဖွယ်မကောင်းသူကို သုပ္ပိယ လို့ အမည်ပေးထားတာတွေ ကို ဝိနည်းသုတ္တန်တွေမှာတွေ့ ရလိမ့်မယ်။
(၃)အဘိဓမ္မာ တရားတော်တွေဟာ ရှင်တော်ဗုဒ္ဓကိုယ်တော်မြတ် သိထားသမျှ တရားတွေကို သဗ္ဗညုတဥာဏ် (အလုံးစုံကိုသိသောဥာဏ်) အစွမ်းကို အကုန်ထုတ်ပြီး ဟောထားသော တရား ဖြစ်တယ်။ ဒါဟာ အဘိဓမ္မာရဲ့  ထူးမြတ်တဲ့အနက်တခုပါပဲ။
သုတ္တန်တရားတော်တွေကျတော့ ရှင်တော်ဗုဒ္ဓကိုယ်တော်မြတ် သဗ္ဗညုတဥာဏ် (အလုံးစုံကိုသိသောဥာဏ်) အစွမ်းကို အကုန်ထုတ်ပြီး ဟောထားသောတရားမဟုတ်ဘူး။ တရားနာနေကြတဲ့ ဝေနေယျသတ္တဝါတွေရဲ့  ဝါသနာစရိုက်တွေနဲ့  ကိုက်ညှိချိန်ဆပြီး သုတ္တန်မှာဟောထားတာ။
(၄) အဘိဓမ္မာ ဒေသနာတော်မှာ ဝေနေယျ သတ္တဝါတွေရဲ့ အလို အကြိုက် ဝါသနာတွေကို မကြည့်ဘဲ ဟောကြားထားးတာဟာ လဲ အဘိဓမ္မာ တရားတော် ရဲ့  ထူးမြတ်မှုတစ်ခုဖြစ်တယ်။
-----------------------------------------------------------------------------------------------------------
ယခုအချိန်သည် အလွန်ကြုံခဲသော သာသနာတော်နှင့် ကြုံတွေ့ နေကြရ ပြီး အလွန် ရခဲလှသောလူ့ ဘုံ ဌာန လူ့ ဘဝ ကိုလဲရထားပြီ ။ အမျိုးသားတွေအတွက် သာသနာတော်အတွင်းမှာ ရှင်သာမဏေ ရဟန်းပဉ္စင်းလဲ ပြုခွင့်ရနိုင်တယ်၊သဒ္ဓါတရားတွေလဲရှိနေကြပြီ၊ သူတော်ကောင်းဆရာသမားကောင်းတို့ ၏ တရားစစ်တရားမှန်များကိုလဲ နာကြားနိုင်တယ်၊ သဒ္ဓါတရားက သူ့ ဟာသူနေတို့ ရှိရင်အားမ ကောင်းဘူး၊ တရားတွေနာကြားလို့ ရှိရင် တစ်လုံးမှတ်မိမှတ်မိ၊နှစ်လုံးမှတ်မိမှတ်မိ၊ တစ်လုံးသဘော ကျ၊နှစ်လုံးသဘောကျနဲ့  သဘောကျသွားတာဟာလဲ အင်မတန်အဖိုးတန်တယ်၊ ဟောတဲ့ပုဂ္ဂိုလ်တွေကလဲဉာဏ်ပေါ်သလောက်ဟောသွားတာအများကြီးဘဲ၊ အများကြီးအကုန်လုံး ဘယ်မှတ်မိနိုင်မှာလဲ၊ မှတ်မိနိုင်သလောက်ကိုယ်ဉာဏ်မှီသလောက် သဘောကျတာလေးတွေ မှတ်ရင်းမှတ်ရင်းနဲ့ သဒ္ဓါတရားတွေ ပိုပိုအားကောင်းလာပြီး ကုသိုလ်ကောင်းမှုလုပ်ချင်တဲ့ စိတ်တွေ၊ တရားအားထုတ်ချင်တဲ့ စိတ်တွေ ဖြစ်လာလိမ့် မယ်၊
ကိုယ့်ရဲ့ ရှေးရှေးသောဘဝ ရှေးရှေးသောကာလတွေက ရှိခဲ့ တဲ့ ပြုခဲ့တဲ့သဒ္ဓါ၊ဝီရိယ၊သတိ၊သမာဓိ၊ ပညာတွေ ကြောင့်ရခဲလှတဲ့ လူ့ ဘဝရောက်နေရပြီး သာသနာနဲ့ ကြုံနေရတဲ့အပြင် သူတော်ကောင်း တရားတွေနာကြားနေရတဲ့ အခွင့်ကောင်းတွေ ရှိနေတုံးမှာ ဘုရားနဲ့ တရားနဲ့ မဝေးကြပါစေနဲ့ လို့ သတိပေးချင်ပါတယ်၊
ဒါနပြုခြင်းဖြင့် ဦးစွာကောင်းကံကို ဆယ်ယူကြပါ၊
သီလစောင့်ထိန်းခြင်းဖြင့် ဆိုးကံများကို ဖယ်ထုတ်ပြစ်ကြပါ၊
ဉာဏ်ကောင်းအောင် တရားဓမ္မတွေလေ့လာရင်းပါရမီဖြည့်ကြစမ်းပါ၊
ဒါ့ ကြောင့် ဘုရားနှင့်ဝေးသူ၊ တရားနှင့်ဝေးသူ မဖြစ်သင့် ကြပါ၊
တရားမြင်မှ ဘုရားကိုမြင်တယ်၊ တရားကိုမြင်မှ သဒ္ဓါတရားတွေလဲ ပိုမိုခိုင်မြဲလာမယ်၊
No comments:
Post a Comment