........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 2, 2012

သိကြားမင်း

သိကြားမင်း (သို့မဟုတ်) ဣန္ဒာသက္ကဒေ၀ရာဇာ (သို့မဟုတ်) သက္ကမင်း (သို့မဟုတ်) တာဝတိံသာ ဒေ၀ရာဇာလို့ အမည်များရတဲ့ “သိကြားမင်း”ကို အတွင်း (၃၇) မင်းနတ်များစာရင်းတွင် မည်သူက ပေါင်းထည့်ခဲ့သည် တော့မသိပါ။ သို့ပေမယ့် သိကြားမင်း (ဦးမာဃ)၏ အတ္ထုပ္ပတိအား မြတ်စွာဘုရားရှင် ဟောပြခဲ့တာကတော့ ဒီလိုပါ ………
ဒီလို သာသနာပ ကာလမို့လို့ တရားတော်တွေကို မနာကြားဖူးဘဲ မြေကြီးကို ခြေနဲ့ ယမ်းပြီး အမှိုက်ရှင်းရာကနေ မေတ္တာ ရဲ့ စွမ်းအားကို တွေ့လာတာကတော့ မောင်မာဃ ဆိုတဲ့ သက္ကမင်း ( မြန်မာ အခေါ် သိကြားမင်း ဖြစ်တယ်။)
ရှေးတုန်းက သာသနာပကာလ (ဘုရားမပွင့်သောအချိန်ကာလ)တွင် မဂဓတိုင်းမှာ မစလအမည်ရ တဲ့ ရွာလေးတစ်ရွာရှိပြီး အိမ်ခြေအားဖြင့် ၃၃ အိမ်ပဲရှိပါတယ်။ ထိုရွာကလေးမှာ မောင်မာဃ ဟာ မည်သည့် သက်ရှိသတ္တ၀ါ တစ်စုံတစ်ဦးကို မဆို ထိခိုက်နစ်နာစေမည့် အရာမှန်သမျှ ရှောင်ရှားပြီး သူတစ်ပါး ကောင်းစားရေအတွက် ကိုယ်ထိလက်ရောက် ကူညီပြုလုပ်ခြင်း ၊ အကျိုးရှိအောင်၊ နားချမ်းသာအောင်၊ စိတ်ချမ်းသာအောင် ပြောဆိုညွှန်ပြခြင်း နဲ့ မည်သို့မျှ မကူညီနိုင်ရင်တောင် အနည်းဆုံး ကိုယ့် စိတ်ထဲက သူတစ်ပါးကောင်းစားချမ်းသာစေလိုသော စိတ်ကို အထပ်ထပ် ဖြစ် ပေါ်အောင် မွေးမြူနေလေ့ရှိတဲ့ သူတော်ကောင်းစိတ်ဓာတ်ရှိသူ ကာလသားခေါင်းတစ်ဦး ဖြစ်ပါ တယ်။
ထိုရွာကလေးတွင် ရွာသူရွာသားများသည် ရပ်ရေးရွာရေးကိစ္စများရှိလျင် ရွာလယ်လမ်းခွဆုံမှာ စုဝေးတိုင်ပင်လေ့ရှိပါတယ်။ တစ်နေ့တွင် အရေးကိစ္စရှိ၍ လူစုတဲ့အခါ မောင်မာဃလည်း ထိုင်ဖို့ အတွက် မိမိရပ်နေတဲ့ နေရာက အမှိုက်တွေ ၊ ခဲတွေကို ခြေနဲ့ ယမ်းပြီး ဖယ်ရှားလိုက်တယ်။ အမှိုက် သရိုက်များကို ဖယ်ရှားလို့ သူတောင် မထိုင်ရသေးဘူး တခြားတစ်ယောက်က သူ့ကို တွန်းပြီး၊ သူရှင်းထားတဲ့နေရာမှာ ၀င်ထိုင်လိုက်တယ်။ မောင်မာဃလည်း စိတ်မဆိုးဘဲ နောက်ထပ် တစ်နေရာကို ရှင်းလိုက်တယ်။ ဒီလိုပဲ နောက်တစ်ယောက်က ၀င်ထိုင်သွားပြန်တယ်ရော ……. ဒီလိုနဲ့ သူကရှင်းလိုက် သူများက ၀င်ထိုင်သွားလိုက်နဲ့မို့ အစည်းအဝေး မစခင်မှာပဲ နေရာ တော်တော်များများကို ရှင်းလင်းလိုက်ပြီးမှ မောင်မာဃ အတွက် ထိုင်စရာနေရာ တစ်နေရာ ရတယ်။ မောင်မာဃမှာတော့ သူရှင်းလင်းလိုက်တဲ့ နေရာတွေကို သူများတွေ ၀င်ထိုင်သွားကြလို့ စိတ်မဆိုးတဲ့အပြင် “သြော် ……. ငါရှင်းလင်းပေးလိုက်လို့ သူတို့အတွက် နေရာထိုင်ခင်းကောင်း များ ရကြပေ၏ …..” လို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေတယ်။ နောက်ထပ်လည်း သူများတွေ ချမ်းသာအောင် ၊ ၀မ်းသာအောင် လုပ်ချင်စိတ်တွေ အရမ်းဖြစ်နေတယ်။
“ဘယ်လိုများလုပ်ပေးရင် ကောင်းမလဲ …….. ” လို့ စဉ်းစားတွေးတောရင်း အဖြေတစ်ခုကို ရှာဖွေ တွေ့ခဲ့ပါတယ် …….. အဲဒါကတော့ ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာစိတ်ပါပဲ …….
သူဟာသူ စဉ်းစားရင် မိမိအတွက်ကြောင့် တပါးသူတို့ ဒုက္ခမရောက်စေဖို့ ငါးပါးသီလကို အလိုလို စောင့်ထိန်းပြီးဖြစ်လာတယ် …… သာသနာပ ကာလဖြစ်တဲ့အတွက် ငါးပါးသီလရယ်လို့ အကျိုးအပြစ်တွေနဲ့တကွ သိခြင်းမျိုးတော့မဟုတ်ပါဘူး သူ့ရဲ့ ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာတရား ကိုပဲ အခြေခံပြီး စောင့်ထိန်းလာခဲ့တာပါ၊ သူ့အသက်ကိုမသတ်ခြင်းဖြင့် စောင့်ထိန်းခြင်း၊ သူ့ဥစ္စာ ကို မခိုးယူမပြစ်မှာခြင်းဖြင့် စောင့်ထိန်းခြင်း၊ သူတပါး အိမ်သူဇနီးမယား၊ သားသမီးတို့အား မကျူး လွန်မပြစ်မှားခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းအား ရှောင်ကြဉ်ခြင်း၊ သေရည်သေရက် သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း စတဲ့ ငါးပါးသော သီလတော်မြတ်တို့ကို ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဆင်ခြင်ဥာဏ်နဲ့ စောင့်ထိန်းခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ ရွာလည်ရှိ မြေကွက်ကိုသွားပြီး လူ (၃၀) ကျော် ကောင်းကောင်းနေလို့ ထိုင်လို့ရအောင် မြေညှိတယ်၊ မြေဖို့တယ်၊ သဲဖြူသန့်သန့်ခင်းတယ်။ ရပ်ထဲရွာထဲမှ အစည်းအဝေး တက်ရောက်လာသူတွေ စိတ်ချမ်းသာသွားတယ်ဆိုရင်ပဲ မောင်မာဃဟာ အလွန်အမင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး နောက်ရက်တွေမှာ အဲဒီမြေကွက် နေရာလေးမှာ မဏ္ဍပ်လေး ထိုးပေးပြီး သောက်ရေအိုးတစ်လုံးပါ ထားပေးလိုက်တယ်။ နောက်ပိုင်းတော့ အစည်းအဝေးရှိမှ ရယ်လို့ မဟုတ်တော့ဘူး ရပ်ရွာထဲက တော်တော်များများ အသက်ကြီးသူတွေရော ၊ ကလေးတွေ ရော ဒီမြေကွက်လပ်လေးမှာ လာထိုင်ကြတယ်။ ဒီလိုနဲ့ မောင်မာဃဟာ ဆောင်းတွင်းမှာ မနက်ပိုင်း လာထိုင်သူတွေ မီးလှုံရန်အတွက် ထင်းပါရှာပေးထားတယ်။ သူရဲ့ ကာယကံမြောက် စေတနာတွေ ပရဟိတ ဒါနကုသိုလ်တွေဟာ ကြီးမားလှပါတယ်။
နောက်တော့ မဏ္ဍပ်လေးအစား ဇရပ်လေးတစ်ဆောင် ဆောက်ရန်အတွက် တောကသစ်တွေ ကိုယ်တိုင်ခုတ်ပြီးဆောက်ပေးတယ်။ ဇရပ်ပေါ်မှာ အိပ်ရန်၊ ထိုင်ရန်စတဲ့ နေရာလေးတွေကိုပါ စီစဉ်ပေးလိုက်တယ်။
ဒီလိုနဲ့ မောင်မာဃဟာ စဉ်းစားမိလာတယ် … “လူတွေအတွက် နေချင့်စဖွယ်လေး တစ်ခုလောက် လုပ်ပေးတာတောင် လူတွေတော်တော်သဘောကျတာပဲ။ ငါလုပ်တာဟာ ကောင်းတဲ့ အလုပ်တွေ ပဲ။ ရှေ့တိုးပြီးလုပ်မှ တော်မယ်။ မြို့ပေါ်က ဘုရင် ၊ မူးမတ်တွေ၊ နေနတ်သား၊ လနတ်သားဆိုတာ တွေဟာလည်း ဒီလို ကောင်းမှုတွေကြောင့်သာ ဒီလိုစည်းစိမ်တွေရနေတာဖြစ်ရမယ်” လို့ စဉ်းစားမိ တယ်။ ဒီအခါမှာ ရှေ့ဘ၀၊နောက်ဘ၀ဆိုတာတွေ ၊ ကံ ဆိုတာတွေကိုလည်း ယုံလာတယ်။
အဲဒီ့နောက်မှာတော့ ရွာအတွင်းကလမ်းတွေ၊ ရွာအပြင်ကလမ်းတွေပြင်ဖို့ မိုးလင်းတာနဲ့ ဆန်ပြုတ်သောက်ပြီး အိမ်ကထွက်သွားပြီး တနေကုန်အောင် လမ်းပြင်၊ လမ်းဖေါက် ၊ ရှုပ်နေတဲ့ သစ်ကိုင်းခုတ် စတာတွေလုပ်ရင်း လမ်းကျယ်ကြီးတွေကိုရောက်ရင် နားနေဖို့ရာ တဲထိုး စတာတွေ လုပ်ရင်းလုပ်ရင်းနဲ့ နောက်ပိုင်းမှာ တံတာတွေထိုး၊ ရေကန်တွေတူး စတာတွေကိုပါ လုပ်လာတယ်။ မောင်မာဃဟာ ဒီလို ပရဟိတအလုပ်တွေနဲ့ပဲ နေထွက်မှ နေ၀င် အချိန်ကုန်နေတော့တယ်။
ဒီလိုနေ့စဉ်နဲ့အမျှလုပ်နေတဲ့ မောင်မာဃကို မြင်တော့ အခြားဘ၀တူရွာသားတွေက မေးကြတယ်။
“ကိုမာဃ ဘာလုပ်နေတာလဲ …”
“အချင်းတို့ ငါသည် ကောင်းမှုလုပ်နေခြင်းဖြစ်သည်၊ နတ်ပြည်သွားရန် လမ်းဖောက်နေခြင်းဖြစ်၏” လို့ ပြန်ဖြေပါတယ်။
ဒီတော့ ရွာသားများက ………..
“ကောင်းမှုဆိုတာဘာပါလဲ ကိုမာဃ ” လို့ မေးကြတဲ့အခါမှာ မောင်မာဃက သူသဘောပေါက် နားလည်တဲ့အတိုင်း မြို့ကလူတွေ ချမ်းချမ်းသာသာနဲ့နေရတာ ကောင်းမှုကြောင့်ပဲဆိုပြီး ရှင်းပြ တယ်။
“ဒါဆိုနတ်ပြည်လမ်းဖောက်နေတယ်ဆိုတာကရော ဘာလဲ” လို့ ထပ်မေးလိုက်တဲ့အခါ ……
နေနတ်သား၊ လနတ်သားဆိုတာတွေကို သက်သေပြုပြီး သူရှင်းပြတယ်. ဒီတော့ ရွာသားတွေက-
“အချင်း ကိုမာဃ ယခုကဲ့သို့သော ကောင်းမှုတွေနဲ့ နတ်ပြည်လမ်းဖောက်တဲ့ အလုပ်တွေကို ခင်ဗျားပဲ လုပ်လို့ရတာလား ကျွန်ုပ်တို့ရော လုပ်လို့ရသလား” မေးကြတဲ့အခါ …
“ရပါတယ်” လို့ ပြန်လည်ရှင်းပြလိုက်တဲ့အခါ ………
“ဒါဆိုရင် နောက်နေ့ ခင်ဗျား တောထဲသွားတော့မယ်ဆိုရင် ကျွန်တော်တို့ကိုလည်း အသံပြုပါဦး” လို့ ဆိုကြတယ်။ ဒီလိုနဲ့ လူပေါင်း ၃၃ ယောက်အထိဖြစ်လာတယ်။
အဲဒီ့ခေတ်ကာလက မစလရွာ၏ အခြေခံဥပဒေက သူတပါးအကျိုးဆောင်ရွက်လိုသူတွေ အားလုံးသဘောတူညီစွာ ငါးပါးသီလ စောင့်ကြတယ်။ နောက်တော့ ရွာလယ်ဇရပ်မှာ စည်းမျဉ်း (၇) ချက် ရေးဆွဲပြီး လိုက်နာဖို့သတိပေးတယ်။
(၁) ရာသက်ပန် မိဘကို လုပ်ကျွေးပြုစုရန်၊
(၂) လူကြီးသူမ များကို ရိုသေလေးစားရန် ၊
(၃) တစ်ဦးနှင့်တစ်ဦး ချိုချိုသာသာ သိမ်သိမ်မွေ့မွေ့ပြောဆိုရန်၊
(၄) ကုန်းချောခြင်း မပြုရန်၊
(၅) တရားသဖြင့် အိမ်ထောင်ကိုဦးစီးပြီး၊ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းရန် ၊
(၆) လိမ်လည်မပြောရန် ၊
(၇) မည်သည့် အကြောင်းကြောင့်မျှ တစ်ဦးနှင့်တစ်ဦး စိတ်မဆိုးရ ၊ အပြစ်မတင်ရ ၊ အကယ်၍ ဒေါသထွက်မိ ၊ အပြစ်တင်မိလျှင်လည်း ချက်ခြင်းဖြေဖျောက်ပစ်နိုင်ရန် မေတ္တာပွားရန်
စတဲ့အချက် ( ၇ )ချက်ပါဝင်တဲ့ အခြေခံစည်းမျဉ်းတွေဟာ မစလရွာသားတွေ မောင်မာဃနဲ့ ရွာသားများ သဘောတူထားကြတဲ့ အခြေခံဥပဒေ ဖြစ်လာပါတယ်။ မိုးလင်းတာနဲ့ တဖွဲ့လုံး တောထဲသွားပြီး ကောင်းမှုလုပ်ငန်းတွေပဲ ရှာလုပ်ကြတာပဲ။ ရွာသားယောက်ျားအားလုံး မိုးလင်းတာနဲ့ အိမ်ကထွက်သွားတယ်။ ညနေမိုးချုပ်မှ ပြန်ရောက်လာတယ်။ အိမ်မှာ ထင်းခွေ၊ ရေခပ် နဲ့ ယာလုပ်ငန်းတွေကအစ လစ်ဟာလာတယ်၊ နောက်တော့ အိမ်သူဇနီးတို့က သူတို့ရဲ့ ယောက်ျားများအပေါ် သံသယဖြစ်လာတယ်။ ဒီယောက်ျားတွေတောထဲ၊ တောင်ထဲမှာ ဖောက်ပြန် နေကြပြီလို့ ထင်လာကြတယ်။ အဲဒီမှာ သူတို့က ရွာလူကြီးတွေကို သွားတိုင်ကြတယ်။ အဲဒီကမှ ဒီရွာလေးတွေကို အုပ်ချုပ်တဲ့ ရွာစားကြီးဆီ ဒီပြဿနာရောက်သွားတယ်။ အုပ်ချုပ်တဲ့ ရွာစားကြီး က ဒီကောင်တွေ အရက်ချက်ပြီးရောင်းမယ်၊ သောက်မယ်၊ သားငါးလိုက်မယ်ဆိုရင် ငါက အကောက်ငွေလည်း ရမယ်။ ဒဏ်ရိုက်တာမျိုးနဲ့လည်း ငွေရမယ်၊ ခုတော့ တစ်ရွာလုံး အရက် မသောက်ကြေး ၊ သားမသတ်ကြေးဆိုတော့ ငါ့ ၀င်ငွေလဲ ထိခိုက်တယ် ဆိုပြီးတော့ စဉ်းစားတယ်။ ခေါ်မေးတော့လဲ …ကောင်းမှုလုပ်နေတာပါ၊ နတ်ပြည်လမ်းဖောက်နေတာပါ လို့ ဖြေကြတယ်။ ဒီတော့ အိမ်ရာထူထောင်သူတွေ ဒါမျိုးစိတ်မကူးသင့်ကြောင်း သတ်စရာရှိသတ်၊ သောက်စရာရှိ သောက်ရမှာ ဖြစ်ကြောင်း ပြောပြီးတားမြစ်တယ်။ မရတဲ့ အဆုံးမှာတော့ ရှင်ဘုရင်ဆီသွားပြီး တိုင်းပြည်ကို လုပ်ကြံမည့်သူများဖြစ်ကြောင်း ကုန်းချောသံတော်ဦးတင်လိုက်ပါတယ်။
ကိုမာဃနဲ့ ရွာသားအဖွဲ့က တနေကုန်တောထဲမှာ အလုပ်လုပ်ပြီးပြန်ရောက်တာနဲ့ ရွာလယ်ဇရပ်မှာ စုဝေးကြတယ်။ နောက်တစ်နေ့ လုပ်စရာတွေကို တိုင်ပင်ကြတယ်။ ကောင်းမှုစာရင်းမှာ နောက်ထပ်ဘာတွေထပ်တိုးသင့်ကြောင်းတွေ ဆွေးနွေးကြတယ်။ ထိုအခိုက်မှာပဲ ကြိုတင်စီစဉ် နေရာယူထားတဲ့ ရွာစားကြီးနဲ့ မဂဓဘုရင့်တပ်သားတွေက ဇရပ်ကို ၀ိုင်းဝန်းဖမ်းဆီးပြီး ဘုရင့်ဆီ ခေါ်ဆောင်သွားကြတယ်။ အဲဒီ့အခါ ကိုမဃတို့အဖွဲ့က ခုခံခြင်းမရှိ အသာတကြည်ပင် လိုက်သွား ကြတယ်။ သူတို့ မိန်းမတွေကလည်း မကျေမနပ်မဖြစ်ကြပဲ …အဖမ်းခံရတာပဲ၊ကောင်းတယ်။ တို့ကို လှည့်စားနေတာ ကြာပြီ ၊ ကောင်းမှုလုပ်တယ်ဆိုပြီး တနေကုန် တောထဲမှာ နေကြ ၊ မိုးချုပ်မှပြန် လာကြ ၊ အိမ်အတွက်လဲ ဘာအလုပ်မှလဲ မလုပ်ပေးကြဘူး။ ဘာစီးပွားမှာလည်း တိုးတက်မလာ ဘူး……ဆိုပြီး မြည်တွန်တောက်တီးပြီး ကျန်ခဲ့ကြလေရဲ့။
ကိုမာဃကတော့ … “အချင်းတို့ အားမငယ်ကြပါနဲ့ …. ကျွန်ုပ်တို့သည်ကား ပုန်ကန်မည့်သူများ လည်း မဟုတ်ပေ၊ ဒီမှန်ကန်တဲ့တရားကိုသာ သစ္စာပြုကြစို့ …….. မေတ္တာလည်း မပျက်ကြလင့်” လို့ အားပေးပြီး အဖမ်းခံ လိုက်ပါလာတယ်။
မောင်မာဃနှင့် သုံးကျိပ်သုံးယောက်သော ရွာသားတို့လည်း အဖမ်းခံရပြီး နန်းတော်သို့ရောက်လျှင် မဂဓဘုရင်သည် ဂုန်းချောစကားများကို ယုံစား၍ မမှန်သော တရားစီရင်ခြင်းဖြင့် မောင်မာဃတို့ တသိုက်အား ဆင်ဖြင့်နင်းသတ်ရန် အမိန့်ချလိုက်လေသည်။
ထိုအခါ မောင်မာဃနှင့် ရွာသားသုံးကျိပ်သုံးယောက်လည်း “ငါတို့သည် သူခိုးသူပုန် ဟုတ်ရိုးမှန်ရင် ဆင်ကြီးနင်းသတ်ပါစေ ၊မဟုတ်လျှင် မနင်းသတ်ပါစေနှင့်”ဟု သစ္စာပြုကြရန် တိုင်ပင်ကြ၏။
ထို့ပြင် မောင်မာဃမှ ရွာသားများအား ရွာမှာနေစဉ်က လိုက်နာကျင့်သုံးခဲ့ကြသော ကိုယ်ကျင့် တရားများ၊လုပ်ခဲ့ဖူးသော ကောင်းမှုများကို ပြန်လည်အမှတ်ရကြရန် တိုက်တွန်းလေသည် ……..
( တုမှေ သီလာနိ အာဝဇ္ဖေထ…)
ဒုတိယအနေဖြင့် ရာသက်ပန် ဘယ်သူကိုမှ အပြစ်မတင် ၊စိတ်မဆိုးပါဘူးဟူသော အချက်ကို မမေ့မလျော့ကြရန် …….. ( ယာဝဇီဝံ အက္ကောဓနော အဿံ..) မတော်တဆ စိတ်ဆိုးမိသွားလျင် ချက်ချင်းဖြေဖျောက်ရန် …….. ( သစေ ပိ မေကောဓော ဥပ္ပဇ္ဖေယျ ၊ ခိပ္ပမေ၀ နံ ပဋိဝိနေယျ ) ဟူသော ကျင့်ဝတ်များကို ပိုမိုလိုက်နာကြရန် သတိပေးလိုက်သည်။
မောင်မာဃမှ သုံးကျိပ်သုံးယောက်သော ရွာသားတို့အား အကောက်ကြံသော ရွာစားကြီး၊ မဂဓပြည့်ရှင် ဘုရင်ကြီးနှင့် နင်းသတ်ရန်လာနေသော ဆင်ကြီးများအား မိမိကိုယ်နှင့် တစ်ထပ် တည်း စိတ်ထားပြီး မေတ္တာပွားနေကြရန်သာ သတိပေးခဲ့လေသည်။
မကြာခင်မှာပင် အားလုံးကို ဆွဲခေါ်ချည်နှောင်သွားပြီး နန်းရင်ပြင်အလယ်မှာ တန်းစီပြီး ၀မ်း လျားမှောက်ခိုင်းထားကြတယ်။ ဆင်ဦးစီးများက ဆင်ရိုင်းများကို ညာသံပေးပြီး မာဃတို့ကို နင်းသတ်ရန် ခိုင်းကြ၊ မောင်းနှင်ကြတယ်။ဆင်ရိုင်းကြီးများက တစ်လှမ်း၊ နှစ်လှမ်းသွားပြီးတာနဲ့ ရှေ့မတိုးကြဘဲ အော်နေကြတယ်။လှံများ၊ မှိန်းများနဲ့ ဘယ်လောက်ပဲ ထိုးနှက်မောင်းနှင်ကြပေမယ့် ရင်ကွဲမတတ်အော်မြည်လျက် ထွက်ပြေးသွားကြတယ်။ ရွာစားကြီးနဲ့ တကွ နန်းရင်ပြင်မှာ ကြည့်နေကြတဲ့ မင်းပရိတ်သတ်အားလုံး အံ့အားသင့်နေကြတယ်။
အာဏာသားများမှ အကြောင်းရင်းကို မဂဓဘုရင်ကြီးကို သွားပြီး သံတော်ဦးတင်ကြတော့ အခြားဆင်ရိုင်းတွေနဲ့ လဲပြီး နင်းဖို့ အမိန့်ချတယ်။ နောက်ဆင်ရိုင်းတွေလည်း ဒီလိုပဲ ၊ အော်ပြီးပြေးကြတာပဲ၊ ဒီလိုနဲ့ ဆင်တင်းကုပ်က ဆင်ရိုင်းတွေ တစ်ကောင်ပြီး တစ်ကောင်သာ ကုန်သွားတယ်။ ကိုမာဃတို့ကို နင်းတယ်လို့ မရှိဘူး။ လူတွေကို မြင်နေရလို့ မနင်းရဲကြတာ ဖြစ်မယ် ဆိုပြီး လူတွေကို မှောက်၊ ဖျာလိပ်နဲ့ အုပ်ထားလိုက်ကြတယ်။ ပြီးမှ ဆင်တွေကို နင်းခိုင်းပြန်တယ်။ ဒါလည်း မရဘူး။ အော်ပြီးပြေးကြတာပဲ ။ မဂဓဘုရင်ကြီးကိုယ်တိုင် ဘာမှ မတတ်နိုင်တော့ဘူး။ အကြံခက်နေတယ်။ နောက်တော့ ဆေးမြစ်၊ ဆေးကောင်း၊ အဆောင်၊ မန္တာန် ရှိ၊ မရှိ တစ်ယောက်ဆီမှာ စစ်ခိုင်းတယ်။ ဘာအဆောင်မှ မတွေ့ဘူး။ တစ်စုံတစ်ရာသော အတတ်ပညာ၊ ဂါထာ မန္တာန်ကြောင့်လားလို့ မေးခိုင်းတယ်။ ဒီအခါမှ ကိုမာဃက ..
ဟုတ်ကဲ့ ၊ ကျွန်တော်တို့မှာ ရှိပါတယ်…. လို့ ဖြေတော့ ဘုရင်ဆီခေါ်သွားကြတယ်။
ဘုရင်ကြီးက မင်းတို့တတ်သိထားတဲ့ ဂါထာမန္တာန်ကို ပြောပြပါလို့ ဆိုတယ်။
ကျွန်တော်တို့တတ်ထားတာက - သူ့အသတ် မသတ်ခြင်း ၊ သူ့ဥစ္စာမခိုးခြင်း၊ သူ့အိမ်ရာ ဇနီးသားသမီးတို့ကို မကျူးလွန်ခြင်း၊ လိမ်ညာမပြောခြင်း၊ သေရည်သေရက် မသောက်သုံးခြင်း၊ မေတ္တာနဲ့ ကိုယ်ချင်းစာစိတ်ထားခြင်း၊ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းခြင်း၊ ကောင်းမှုမှန်သမျှ လုပ်ခြင်းနဲ့ နတ်ပြည်လမ်းဖောက်ခြင်းတို့ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဂါထာ မန္တာန်ပါပဲ လို့ သံတော်ဦးတင်လိုက်တယ်။
သစ္စာပြုကာ မေတ္တာပွားရင်း မြေတွင် မှောက်နေကြကြောင်းကိုလည်း သိရသောအခါ - မဂဓဘုရင်ကြီးမှ ……
“အမောင်တို့ အဟိတ်တိရစ္ဆာန် ဖြစ်သော ဆင်တွေကတောင် အမောင်တို့ရဲ့ ကျေးဇူးဂုဏ်နဲ့ မြင့်မြတ်မှုကို သိပေတယ်။ ငါကိုယ်တော်မြတ်က လူဖြစ်ပြီး မသိခဲ့ဘူး။ ငါ့ကို ခွင့်လွတ်ကြပါ …...” လို့ တောင်းပန်တယ်။
နောက်တော့ ကုန်းချောတဲ့ ရွာစားကြီးကို ရာထူးကချပြီး မစလ ရွာသားများရဲ့ အခိုင်းအစေ အဖြစ် အပြစ်ပေးလိုက်တယ်။ မစလရွာကိုတော့ ကိုမာဃတို့ စိတ်တိုင်းကျ လွတ်လပ်စွာ အုပ်ချုပ်နေထိုင် ကြရန် နဲ့ ဆုတော်ငွေ၊ ဆင်တွေကိုပါပေးလိုက်တယ်။ ဆင်ကို စီးပြီးပြန်လာကြတဲ့အခါ ကိုမာဃက …
“မိတ်ဆွေတို့ ……. နောက်ဘ၀အတွက်ရယ်လို့ ရည်စူးပြီး ငါတို့လုပ်ခဲ့တဲ့ ကောင်းမှုတွေက ဒီဘ၀ မှာတင် ရေမထွက်လာတဲ့ ကြာလို ချက်ချင်းလက်ငင်းခံစားနေကြရပြီ၊ ဒီထက်ပိုပြီး ကောင်းမှုတွေ လုပ်ကြစို့ ……… ဟု ရွာသားများကို သြ၀ါဒ ပေးခဲ့လေသည်။
မစလ ရွာလယ်က ဇရပ်လေးဟာလဲ ကြီးကျယ်တဲ့ မစလ သီးခြားလွှတ်တော်ကြီး တစ်ခု ဖြစ်လာ တယ်။ ဒီလိုနဲ့ ကိုမာဃနဲ့ သုံးကျိပ်သုံးယောက်သော ရွာသားတွေဦးဆောင်တဲ့ ရွာသူရွာသားများ သေလွန်တဲ့အခါ နတ်ပြည်ကိုရောက်သွားကြတယ်။ တာဝတိံသာနတ်ပြည်ဆိုတဲ့ ဒုတိယအဆင့် နတ်ဘုံမှာ စံမြန်းရတယ် ………

No comments:

Post a Comment