ဓမ္မပဒဆိုသည်မှာ ပိဋကတ်သုံးပုံ၌ပါရှိသော ခုဒ္ဒကနိကာယ်လာ ပါဠိတော်ပင်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် အခါအားလျော်စွာ ဟောကြားတော်မူအပ်သော တရားတော်တို့မှ လိုရင်းအချက်များကို ဂါထာဖြင့် အကျဉ်းချုံး၍ သီကုံးဖော်ပြထားသော တရားတော်များ ဖြစ်သည်။
ဓမ္မပဒပါဠိတော်တွင် မဂ်တရား ဖိုလ်တရားတို့ဆိုင်ရာ တရားတော်များသာမက လူ့လောကီကျင့်စဉ်တရား များနှင့် သင်ခန်းစာများလည်း ပါဝင်သည်။ ယင်းတို့ကို ဥပမာ ဥပမေယျတို့ဖြင့် ဖော်ပြထားသည်။ ဂါထာပေါင်း ၄၂၃-ပုဒ် ပါဝင်သည်။
ဓမ္မပဒသည် တန်ဖိုးမဖြတ်နိုင်ပေ။ အသောကမင်းကြီးသည် နိဂြောဓသာမဏေ ရွတ်ဆိုဟောကြားသော အပ္ပမာဒေါ အမတံ ပဒံ-အစချီသည့် ဓမ္မပဒဂါထာကို ကြားနာရခြင်းကြောင့် ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည် လာခဲ့သည်။ ထင်ရှားသော သာသနာပြုဧကရာဇ် ဘုရင်တပါး ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ပုဂံအနော်ရထာမင်းသည် မွန်ရဟန္တာ ရှင်အရဟံ ရွတ်ဆိုဟောကြားသော အဆိုပါ အပ္ပမာဒေါ အမတံ ပဒံ-အစချီသည့် ဓမ္မပဒဂါထာကိုပင် ကြားနာရခြင်းကြောင့် အရည်းကြီးအယူကို စွန့်ခဲ့သည်။ ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ပြီးလျှင် သာသနာပြုခဲ့သည်။
ခရစ်ယာန်ဘာသာဝင်များအဖို့ သမ္မာကျမ်းစာသည် အထွတ်အမြတ်ဖြစ်သည်။
အစ္စလာမ်ဘာသာဝင်များအဖို့ ကိုရန်ကျမ်းစာသည် အထွတ်အမြတ်ဖြစ်သည်။
ဟိန္ဒူများအဖို့ ဝေဒကျမ်းများသည် အထွတ်အမြတ်ဖြစ်သည်။
ထို့အတူ ဗုဒ္ဓဘာသာဝင်များအဖို့ ဓမ္မပဒသည် အထွတ်အမြတ်ဖြစ်သည်။
ထို့ကြောင့် ဓမ္မပဒပါဠိတော်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ သီဟိုဠ် (သီရိလင်္ကာ)ဘာသာ၊ ဟိန္ဒီဘာသာ၊ လက်တင်ဘာသာ၊ အီတလီဘာသာ စသည်တို့ဖြင့် ပြန်ဆိုကြသည်။
အီတာလျံလူမျိုး သိပ္ပံပညာရှင် ဆာဗာတိုရေစီအိုဖီ(၁၈၉၇-၁၉၆၆) သည် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသော ဓမ္မပဒစာအုပ်ကို ဖတ်မိခဲ့သည်။ ဓမ္မပဒတွင် ပါရှိသော-
စိတ်သည် ရုပ်တရား၊ နာမ်တရားတို့၏ ရှေ့ဆောင်ကြီးမှူး ဖန်တီးသူ ဖြစ်သည်။
အကြင်သူသည် မကောင်းယုတ်မာသောစိတ်ဖြင့် ပြောသော်၎င်း၊ ပြုသော်၎င်း၊ လှည်းဘီးသည် နွားခြေရာနောက်သို့ လိုက်သကဲ့သို့ ဆင်းရဲခြင်းသည် ထိုသူ၏နောက်သို့ ထက်ကြပ်မကွာ လိုက်လေ၏-ဟူသော အပိုဒ်ကို ဖတ်ရှုမိသည်။ ထိုသို့ ဖတ်ရှုမိရာမှ ဗုဒ္ဓအယူဝါဒကို စိတ်ဝင်စားကာ နှစ်သက်ယုံကြည်လာခဲ့သည်။ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ဗုဒ္ဓဘာသာရဟန်းတော် ဖြစ်လာခဲ့သည်။ အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထအမည်ဖြင့် ထင်ရှားခဲ့သည်။ ကမ္ဘာတွင် ဗုဒ္ဓအယူဝါဒ ပြန့်ပွားရေးကို တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
ဦးလောကနာထက ကျွန်ုပ်သည် ထိုဓမ္မပဒစာအုပ်ကို ၁၉၂၂-ခုနှစ်တွင် စတင်ဖတ်ရှုမိသည်။ ပထမဆုံး ဖတ်ရှုမိခြင်းဖြစ်သော်လည်း ကျွန်ုပ်၏စိတ်၌ အသစ်အဆန်းဟု မထင်မိ၊ နှစ်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာက ရင်းနှီးမှုရှိခဲ့၍ ကွဲကွာနေခဲ့သော အဆွေခင်ပွန်းလို ဖြစ်သည့် စာအုပ်ဟောင်းကို ပြန်လည်ဖတ်ရှုရသည်ဟု ခံစားနေမိသည်။ ကျွန်ုပ်အဖို့ ထိုစာအုပ်ကို ဖတ်ရသည်မှာ အရသာအရှိဆုံး ဖြစ်နေပေသည်-ဟူ၍ ဆိုခဲ့ပေသည်။
အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် ချားလ်(စ်)ဟင်နရီ အယ်လင်ဘင်းနက် (၁၈၇၂-၁၉၂၃) သည်လည်း ဗုဒ္ဓအယူဝါဒကို နှစ်သက်ယုံကြည်၍ ရဟန်းပြုခဲ့သည်။ အင်္ဂလိပ်ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျ အမည်ဖြင့် ထင်ရှားခဲ့သည်။ သာသနာပြုခဲ့သည်။ အရှင်အာနန္ဒာမေတ္တေယျသည် ဤဓမ္မပဒကို အလွန်မြတ်နိုးသည်။ သူသည် -
မကောင်းမှုဟူသမျှ မပြုရာ၊
ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံစေရာ၏၊
မိမိ၏ စိတ်ကို ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတည်း-
ဟူသော ဓမ္မပဒလာ ဗုဒ္ဓ၏အဆုံးအမကို ဦးထိပ်ထားသည်။ ထိုအဆုံးအမသည် လူသားတို့အတွက်
ကျင့်စဉ်အချုပ်ဟု ခံယူသည်။
သူရေးသားခဲ့သော စာတမ်းတစောင်တွင် -ထိုအဆုံးအမအတိုင်း လူသားတို့သည် ပြုကျင့်သင့်သည်။ မကောင်းမှုကို မပြုရာဆိုရာ၌ ငါးပါးသီလဖြစ်သော သူ့အသက် မသတ်ခြင်း၊ သူ့ဥစ္စာ မခိုးခြင်း၊ သူ့သားမယား မပြစ်မှားခြင်း၊ မုသားစကား မပြောခြင်း၊ သေရည်သေရက် မသောက်ခြင်း တို့ဖြစ်သည်။ ဤငါးချက်တို့သည် ရှောင်ရန်ဖြစ်သည်။
ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံရမည်ဆိုရာ၌ ပေးကမ်းစွန့်ကြဲခြင်းနှင့် သတ္တ၀ါများအပေါ် မေတ္တာထားခြင်းတို့ ဖြစ်သည်။ ဤအချက်နှစ်ချက်သည် ဆောင်ရန်ဖြစ်သည်။
စိတ်ကိုဖြူစင်စေရန်အတွက်မူ ဗုဒ္ဓနည်းအတိုင်း ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်းပင် ဖြစ်ပေသည်-ဟူ၍ ဖော်ပြ ဖားပေသည်။
ဤသို့လျှင် ဓမ္မပဒသည် လူမျိုး ဘာသာ မရွေး အလင်းရောင်ပေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဓမ္မပဒကို တန်ဖိုးမဖြတ်နိုင်သော စာမြတ်စာမွန်အဖြစ် ခံယူသင့်သည်။ ဓမ္မပဒကို လက်စွဲပြုလျက် ဆင်ခြင်၊ စဉ်းစား၊ သုံးသပ်၊ ကျင့်ကြံအားထုတ်ကာ ဘ၀ခရီးကို ရဲဝံ့စွာ လျှောက်လှမ်းသင့်ကြပေသည်။
No comments:
Post a Comment