တစ်ခါက စာရေးသူတို့ကျောင်းတွင် ဒကာမများ ဘုရားပန်းလာလဲ (လှူ)ကြပါသည်။ ဒကာမများက ပန်းရေဆေး၊ ပန်းပြင်ပြီးသောအခါ ကိုရင်တစ်ပါးကို ပန်းကပ်ဖို့ရန် ပေးလိုက်ပါသည်။ ထိုအခါ ကိုရင်ဖြစ်သူမှာ ပန်းအိုးကို ဘုရားရှေ့တွင်ကပ်လှူရာ ပန်းခက်ရိုးတံများကို ဘုရားဘက်ထား၍ ပန်းပွင့်များကို လူမြင်ကွင်းဘက် လှည့်ထားပါသည်။ ထိုအခြင်းအရာကို ဦးဇင်းတစ်ပါးက မြင်၍ ” ကိုရင် မင်းဟာက ဘုရားကို ပန်းလှူတာလား၊ မြင်သူတွေ ချီးမွှမ်းခံရဖို့အတွက် ပန်းထိုးတာလား“ ဟု မေးလိုက်ပါသည်။
”ဘုရားကို ပန်းလှူတာပါဘုရား“
”ဘုရားကို ပန်းလှူတာပါဆိုရင် ဘုရားဘက်ကို ပန်းမျက်နှာ (ပန်းအလှ) ထားမှပေါ့။ အခုဟာက ဘုရားကို ပန်းလှူတာနဲ့ မတူဘဲ၊ မြင်တဲ့သူ သဘောကျအောင် ဘုရားမှားရှေ့မှာ ပန်းထိုးထားတာနဲ့ တူနေတယ်“
”ဒကာမတွေက ဒီလိုထားခိုင်းလို့ပါဘုရား“
ကိုရင်နှင့် ဦးဇင်း စကားပြောနေသည်ကို နားထောင်၍ ဒကာမများမှာ ရယ်နေကြပါသည်။ ဤကိစ္စ၌ အမှုမဲ့အမှတ်မဲ့ အဖြစ်မျိုးဖြစ်ပါသည်။ အမှားကြီးလား၊ အပြစ်ရှိသလားဟု မေးစရာရှိပါသည်။ မှားသည်ဟု ဆို၍မရသကဲ့သို့ အပြစ်ရှိသည်ဟုလည်း ဆို၍ မရနိုင်ပါ။ သို့သော် ဘုရားလှူသောပန်းသည် ဘုရားဘက်သို့ မျက်နှာမူ ကပ်လှူမှသာလျှင် ဘုရားရှင်တော်အပေါ်ပို၍ တန်ဖိုးထားခြင်း၊ အလေးထားခြင်း ဖြစ်သကဲ့သို့ မြင်ရသူများ အဖို့လည်း ဝမ်းသာကြည်နူးမှု ဖြစ်နိုင်ပါသည်။ ဘုရားရှင်တော်ရှေ့တွင် ပန်းလှူထားသည်ဟု ဆိုသော်လည်း ပန်းမျက်နှာမူရာက တစ်ခြားတစ်ဖက်သို့ မျက်နှာမူပြီး ပန်းရိုးများက ဘုရားဘက်သို့ ကျောပေးသလိုမျိုး ဖြစ်နေလျှင် မြင်ရသူများအဖို့ နှစ်သက်ကြည်နူးမှု မဖြစ်နိုင်ပါ။ စိတ်ထဲတွင် ဘ၀င်မကျ ဝမ်းမြောက်မှုမဖြစ်ဘဲ စိတ်လက်မကြည်မသာ ဖြစ်နိုင်ပါသည်။ အမြင်မှာလည်း အဆင်မပြေလှပါ။
တချို့ ကျောင်းဝန်းထဲ ဖိနပ်စီးခြင်း ကိစ္စဖြစ်ပါသည်။ ဤကိစ္စသည်လည်း ပြောကြဆိုကြ မပြီးနိုင်ကြပေ။ စီးသင့်သည်၊ မစီးသင့်ပါ စသည်ဖြင့် အမျိုးမျိုး ယူဆကြပါသည်။ တချို့ဆရာတော်၊ ဘုန်းတော်ကြီးများပင် စီးသင့်တယ်၊ မစီးသင့်ဘူးဟု ယူဆပုံ ကွဲလွဲလျှက်ရှိသည်ကို တွေ့မြင် ကြားသိရပေသည်။ တချို့က ဘုန်းတော်ကြီးကျောင်းသည် အများဆုံးကား သံဃိကကျောင်းဖြစ်၍ သံဃာပိုင်ပစ္စည်းများ ဖြစ်သဖြင့် ကျောင်းဝိုင်းထဲတွင် ဖိနပ်စီးခြင်းသည် သံဃာကို မရိုသေရာ ရောက်သဖြင့် မစီးသင့်ဟု ဆိုကြသည်။
တချို့ကား ဒီကျောင်းသည် ပုဂ္ဂလိကလှူထားသော ကျောင်းဖြစ်သဖြင့် ပိုင်ဆိုင်သူပုဂ္ဂိုလ်က ခွင့်ပြုလျှင် စီးကောင်းသည်ဟု ယူဆကာ စီးကြသည်လည်း ရှိပါသည်။ သံဃိကကျောင်းမှာပင် အမြင်နှစ်မျိုး ရှိသည်ကိုလည်း တွေ့ရပါသည်။ တချို့က သံဃိကကျောင်းဝိုင်းသည် မိမိတို့ တန်ဖိုးထား၊ အလေးအမြတ်ထားရာ ဗုဒ္ဓဘုရားရှင်၏ ကိုယ်စား ရုပ်ပွားတော်များနှင့် မိမိတို့ ကိုးကွယ်ရာ သံဃာတော်အရှင်မြတ်များ သီတင်းသုံး နေထိုင်ရာ ဖြစ်သဖြင့် ဖိနပ်မစီးသင့်၊ မစီးကောင်းဟု ယူဆကြပါသည်။ တချို့ ဒကာ/ဒကာမများကလည်း ထိုသို့ပင် ခံယူစိတ်ထားကာ ဘုန်းကြီးကျောင်းဝင်းတွင် ဖိနပ်စီးခြင်းကို အထူးရှောင်ကြဉ်ကြပါသည်။ ကျောင်းထိုင်ဆရာတော်က ဖိနပ်စီးလိုလျှင် စီးနိုင်ပါသည်ဟု ဆိုလျှင်ပင် မစီးကြပါ။ ဤနေရာတွင် စာရေးသူငယ်စဉ်က ဖြစ်ရပ်လေးတစ်ခု ကြုံခဲ့ဘူးပါသည်။
စာရေးသူသည် ကိုရင်ငယ်ဘ၀တွင် အမရပူရမြို့ တူမောင်းတိုက်တွင် ပညာသင် ခဲ့ပါသည်။ ညနေတိုင်း တူမောင်းဆရာတော်ကြီး ဘဒ္ဒန္တ္တမေဓိယနှင့် ရွှေဂူကြီးဘုရားဘက်သို့ လမ်းလျှောက်လိုက်ရပါသည်။ တစ်နေ့တွင် ရွှေဂူကြီးဘုရား စောင်းတန်းထဲ၌ ဒကာတစ် ယောက်က ဘုန်းကြီးကျောင်းဝိုင်းထဲ ဖိနပ်စီးရ မရ လျှောက်ထားပါသည်။ ထိုအခါ ဆရာတော်ကြီး စီးသင့်တယ်၊ မစီးသင့်ဘူး၊ ပြောမနေပါ။ အဖြစ်အပျက်လေးကိုသာ ပြောပြလိုက်ပါသည်။ ”ဘုန်းကြီးတို့ကျောင်းဝိုင်းထဲ
အကုသိုလ် ထပ်ပြီးလုပ်တာနဲ့ မတူဘူးလား။ ဘုန်းကြီးကတော့ စီးပါလို့လဲ မပြောလိုဘူး၊ မစီးပါနဲ့လို့လဲ မပြောလိုဘူး။ မိမိဘာသာ မိမိဆုံးဖြတ်“ ဟူ၍ ရှင်းပြဖူးသည်ကို မှတ်သားမိပါသည်။
တချို့ကား ဤကျောင်းတိုက်သည် သံဃာပိုင် သံဃိကကျောင်းဖြစ်သည်၊
ထိုသံဃာပိုင် သံဃိကကျောင်းများသို့ ဖိနပ်မစီးပဲ လာရောက်၍ ခြေထောက်တွင် ကပ်ပါလာသော ဖုန်မုန့် အညစ်အကြေးများနှင့် သံဃပစ္စည်းကျောင်းပေါ် တက်ရောက်လျှင် ကျောင်းလည်း ညစ်ပေသည်။ ထိုသူများလည်း အပြစ်များပေမည်ဟု ယူဆကြပါသည်။ ထိုကြောင့် ကျောင်းဝိုင်းထဲတွင် ဖိနပ်စီးရန် ခွင့်ပြု၍၊ တချို့ကား ဖိနပ်စီးရခြင်းကို သဘောကျပါသည်။
စာရေးသူတို့ကျောင်းသည် ဖိနပ်စီးခြင်းကို ခွင့်ပြုထားပါသည်။ တစ်ခါတစ်ရံ ကျောင်းဝိုင်းအတွင်း လာသူများသည် ဖိနပ်စီးကျသည်။ တချို့က စီးခွင့်ပြုထားမှန်း မသိ၍ မစီးကြ၊ တချို့ကား ခွင့်ပြုထားမှန်း သိသော်လည်း ဒို့က ဗုဒ္ဓဘာသာပဲ၊ ဘုန်းကြီးကျောင်းထဲ ဖိနပ်မစီးဟု ခံယူကာ မစီးကြပေ။ ဘာသာသာသနာကို အမှန်ပင် တန်ဖိုးထား၊ လေးစားသူများသည် ကျောင်းဝန်းထဲ ဖိနပ်စီးရန် မဆိုနှင့်ဦး စက်ဘီး၊ဆိုင်ကယ်စီး၍ပင် မ၀င်ကြပေ။ စာရေးသူသည် မနက်တိုင်း ကျောင်းရှေ့တွင် စာကြည့်နေတတ်သည်။ ထိုအခါ တစ်ရံတစ်ရံ ကျောင်းအတွင်းဖြတ်သန်း သွားသူများက ဖိနပ်စီး၍ ရသလားဟု မေးတတ်ပါ သည်။
ထိုအခါ စာရေးသူမှာ ဖြေရန်အလွန်ခက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် စာရေးသူအနေဖြင့်ဆိုလျှင် စီးပါဟု ခွင့်မပြုချင်ပါ။ ထိုကြောင့် မစီးရဟု တားမြစ်လိုက်ချင်ပါ သည်။ သို့သော် ထိုမေးလိုက်သူနှင့် မလှမ်းမကမ်းတွင် ကျောင်းတွင်းရှိကျောင်းသား သို့မဟုတ် တစ်ယောက်ယောက်က ဖိနပ်စီး၍ သွားလာလှုပ်ရှားနေသဖြင့် စီးရပါတယ်ဟုလည်း ပြောရန်အခက်ဖြစ်နေပါသည်။
စီးပါဟု ဆိုလျှင်လည်း စာရေးသူကိုယ်တိုင် စိတ်မကောင်းဖြစ်မိပါလိမ့်မည်။ မစီးရဟု ပြောလိုက်လျှင်လည်း မေးသူနှင့်မလှမ်းမကန်းက တစ်ယောက်သည် ဖိနပ်စီး၍ သွားနေသဖြင့်
(ဟိုလူတွေတော့ ဖိနပ်စီးလို့၊ ဒို့တော့မစီးရဘူးဟု) ထိုသူသည် စာရေးသူကို အပြစ်တင်ပေလိမ့်မည်။ ထိုသူလည်း အပြစ်ဖြစ်ရပေလိမ့်မည်၊ ထိုကြောင့် စာရေးသူမှာ အလွန်အခက်ကြုံရပါသည်။ ရှင်းပြရန်လည်း အချိန်မရခဲ့ပါ။ ဤနေရာ၌ ဖိနပ်စီးခြင်းကို အပြစ်ဖြစ်သည် မဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်တို့သည် ရှေးယခင်ကပင် ဘုန်းကြီးကျောင်း ဘုရားဝန်းအတွင်း ဖိနပ်မစီးခဲ့ကြရာ ဖိနပ်စီးသူများမြင်ရလျှင် စိတ်ထဲမှာ မမြင်ရိုင်းသကဲ့သို့ ဖြစ်နေပါသည်။ အမြင်မသင့်ဟု ဆိုလိုခြင်းပင်ဖြစ်ပါသည်။
အမြင်မသင့်သော အကြောင်းအရာတို့ကို တွေ့သောအခါ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်သည်လည်း အနှောက်အယှက်ပမာ ဖြစ်ကြရပါသည်။ ကျောင်းတိုက်တစ်ခုထဲတွင် ဘုရားတစ်ဆူကို ပန်းရန်ဆရာများ ပြုပြင်၍ တည်ဆောက်နေကြပါသည်။
ပန်းရံသမားတို့သည် ဘုရားပေါ်တွင် ဖိနပ်များစီးကာ လုပ်ငန်းကိစ္စများ ဆောင်ရွက်နေကြပါသည်။ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ အော် ဘုရားပေါ်တောင် ဖိနပ်စီး၍ လုပ်ဆောင်နေ ကြပါလားဟု စာရေးသူစိတ်ထဲတွင် အတော်စိတ်မကောင်း ဖြစ်သွားပါသည်။ ပန်းရံသမားများကား အကုသိုလ်ဖြစ်သည်ဟုလည်း တွေးမိမည်မထင်ပါ။
တွေးမိသော်လည်း လုပ်ငန်းခွင်မို့ စီးရသည်၊ ဘုရားစေတီကို ပြစ်မှားလိုစိတ် မရှိဟု ဆိုကြပါမည်။ ထုံး၊ ဘိလပ်မြေတို့ဖြင့် လုပ်ကိုင်နေရသည့်အတွက် ခြေလက်ပေါက်မှာစိုး၍ သူတို့ဖိနပ်စီးကြသည်ဟု စိတ်ကိုဖြေသော်လည်း ဖြေ၍မရပါ။ နောက်နေ့တွင် ကျောင်းဝေယျာဝစ္စ ဆောင်ရွက်ပေးသော ဒကာနှင့် စကားပြောဖြစ်သောအခါ စာရေးသူက ပန်းရံဆရာများ ဘုရားပေါ်တွင် ဖိနပ်စီး၍ ပန်းရံလုပ်ကိုင်နေသည်ကို မြင်ရသည်မှာ စိတ်မသက်သာကြောင်း ပြောဖြစ်ပါသည်။ ထိုဒကာကလည်း သူလည်းတွေ့ရပါကြောင်း မြင်ရသည်မှာ အဆင်မပြေဟုတော့ သိပါကြောင်း လျှောက်ထားပါသည်။ သို့သော်လည်း ဒကာက “အရှင်ဘုရားရယ်၊ နိဗ္ဗာန်ကုန်စုံဆိုင်က လူတွေကိုပဲ မြင်လိုက်ပါဘုရား၊ ဘုရားထုတဲ့ လူတွေကိုပဲ မြင်လိုက်ပါဘုရား၊ သူတို့လဲ လုပ်ငန်းခွင်မို့ လုပ်နေကြတယ်လို့ စိတ်ဖြေလိုက်ရင် သက်သာမှာပါ။ နိဗ္ဗာန်ကုန်စုံကလူတွေ၊ ဘုရားပန်းပုဆရာတွေလဲ ဖိနပ်တွေနဲ့ ဘုရားပေါ် ကျော်လိုက်ခွလိုက်လုပ်နေတာ တွေ့မယ်ထင်ပါတယ်ဘုရား“ ဟု လျှောက်ထားပါသည်။
”လုပ်ငန်းခွင်တော့ဟုတ်တယ်၊ မြင်ရတာတော့ တကယ်ကို အဆင်မပြေဘူး“ဟု ပြောကာ ဆက်မပြောဖြစ်တော့ပါ။ ဘယ်လိုလုပ်လျှင် ကောင်းမလဲဟု စာရေးသူ စဉ်းစားနေမိပါသည်။ ကျောင်းထိုင်ဆရာတော်နှင့် ရင်းနီးပါသည်။ အကြံတော့မပေးလိုပါ။ ဆရာလုပ်သည်ဟု အထင်ရှိမည် စိုးသောကြောင့် ဖြစ်ပါသည်။ သို့သော် စိတ်ထဲတွင် နေမရသည်နှင့် မတတ်နိုင်ဘူးလေ တစ်မျိုးထင်လည်း ထင်ပါစေတော့ဟု သဘောထားကာ ကျောင်းထိုင် ဆရာတော်ကို စကားစလိုက်ပါသည်။ ”ဆရာတော်၊ ဘုရားပြုပြင်နေတဲ့ ပန်းရံဆရာတွေက ဘုရားပေါ်မှာ ဖိနပ်တွေနဲ့ လုပ်ငန်းလုပ်ကိုင်နေကြတာ တွေ့မိပါတယ်။ အမြင်ကတော့ အတော်အဆင်မပြေ ဖြစ်နေပါတယ်။ ဆရာတော်တော့ သတိထားမိလား မသိပါဘူးဘုရား“ ” ဟုတ်တယ်
အရှင်ဘုရား၊ ဒီနေရာမှာ အရှင်ဘုရားနဲ့ တပည့်တော် အတွေးအကြံခြင်း အတော်တူနေတယ်။ တပည့်တော်ကလဲ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်နေတာဆိုတော့ ဘယ်လိုပြုပြင်ရမလဲ စဉ်းစားနေတာ။ တပည့်တော်အမြင်မှာလဲ အတော်အဆင်မပြေ ဖြစ်နေတာ။ ဘယ်လိုစီမံရရင် ကောင်းမလဲပေါ့“
”တပည့်တော်အမြင်ကတော့ ဘုရားပေါ် ဖိနပ်မစီးတာ အကောင်းဆုံးပေါ့ဘုရား။
ထုံးတွေ ဘိလပ်တွေကို လုပ်ကိုင်နေရလို့ စီးရမယ်ဆိုရင်လဲ ဆရာတော်ကိုယ်တိုင်ဖြစ်ဖြစ်၊ သူတို့ကိုယ်တိုင်ဖြစ်ဖြစ် တာယာဖိနပ်အသစ်တစ်ရံ ဝယ်ခိုင်းပြီး လုပ်ငန်းခွင် ဝင်ခိုင်းတာ ပိုကောင်းမယ်ထင်ပါတယ်ဘုရား။ ဒီဖိနပ်ပဲ နေရာတကာစီး၊ ဘုရားပေါ်မှာလည်း ဒီဖိနပ်ပဲစီးကြ ဆိုရင် လုပ်ငန်းခွင်ဆိုပေမဲ့ မြင်ရတာတော့ တကယ်ကို အဆင်မပြေဖြစ်မိပါတယ်ဘုရား”
လုပ်ငန်းခွင်မို့ (ဘုရားရင်ပြင်ပေါ်မဟုတ်) ဘုရားစေတီပေါ်တွင် ဖိနပ်စီးခြင်းသည် အပြစ်မဖြစ်ဟု မဆိုနိုင်ပါ။ တစ်နည်းကြည့်မည်ဆိုလျှင်ဖြင့် ဗုဒ္ဓအဂါရ၀၊ ဓမ္မအဂါရ၀ ဖြစ်သောကြောင့် အပြစ်ပင်ဖြစ်နိုင်ပါသည်။ ထိုသို့အပြစ်ဖြစ်လျှင် ထိုထိုပုဂ္ဂိုလ်တို့ ဘဝသံသရာ များစွာနစ်နာရပေမည်။ ထိုကြောင့် တချို့ကိစ္စများ အပြစ်မရှိဟု အထင်ရှိသော်လည်း (အပြစ်မရှိလျှင်ပင်) အပြစ်ရှိသော်လည်း လုပ်ငန်းခွင်ဖြစ်နေလျှင်ပင် အများအမြင်မသင့်ပါက ဗုဒ္ဒသာသနာ့ဂုဏ် ညိုးနွမ်းနိုင်ပါက ဆင်ခြင်သင့်ပါကြောင်း ……………။
အရှင်ဇဋိလ (နတ်မောက်)
၂၊၂၊၂၀၁၂
No comments:
Post a Comment