မြတ်ဗုဒ္ဓသည် စုန္ဒ၏၀က်ပျိုသားကို ဘုဉ်းပေးတော်မူသဖြင့် ၀မ်းတော်လားကာ ပရိနိဗ္ဗာန်စံရသည်-ဟု အစဉ်အလာ ပြောဆိုလာခဲ့ကြခြင်း၏ အကြောင်းရင်းကို စဉ်းစားကြည့်ရာ (၁) ၀ိပါက်တော် ၁၂-ပါး အကြောင်းကို မသိကြခြင်း (၂) လူတို့၏ သဘာဝတွင် ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော- အရ မိမိတို့ချစ်ခင် နှစ်သက်အပ်သော ပုဂ္ဂိုလ်,သတ္တ၀ါ , သင်္ခါရ-တို့နှင့် ခွဲခွာကွေကွင်းရသောအခါ မကျေမနပ် အလိုမကျဖြစ်ကာ တရားခံ, လက်သည်ရှာတတ်ခြင်း စသော အကြောင်းတို့ကိုတွေ့ရ၏။
ဝိပါက်တော် (၀ါ) ၀ဋ်တော် ၁၂-ပါးတွင် ဧကာဒသမ၀ဋ်တော်အကြောင်းကို မဟာဗုဒ္ဓ၀င်၌ ဤသို့ပြဆိုထားပါသည်။
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀၀ယ် ဆေးဆရာဖြစ်ခဲ့၍ ဆေးဖိုးဝါးခ မပေးလိုသော သူဌေးသား တစ်ယောက်ကို ၀မ်းလာဆေး တိုက်ကျွေးခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး ပစ္ဆိုမဘ၀ ဘုရားဖြစ်တော်မူ၍ ယခု ပရိနိဗ္ဗာန် စံတော်မူခါနီး အခါ ၀မ်းသွေးသွန်သည့် ရောဂါဝေဒနာ ကိုယ်တော်မြတ်မှာ စွဲကပ်လာရလေသည်။
[ မဟာဗုဒ္ဓ၀င်- ၅၊၄၀၀။ ခု၊ ၃၊ ၃၄၆]
ဤကဲ့သို့ ရှောင်လွှဲမရနိုင်သည့် ၀ဋ်တော်, ၀ိပါက်တော်ကြောင့် ၀မ်းတော်လားရခြင်း၊ အချိန်တန်၍ ပရိနိဗ္ဗာန် စံရခြင်း ဖြစ်ရကား အစဉ်အလာ ပြောဆိုလာခဲ့ကြသော စကားရပ် မမှန်ဟုမှတ်အပ်၏။
စင်စစ်ကား စုန္ဒ၏ဆွမ်းသည် ဥပါဒ် မဖြစ်စေသည့် အပြင် အကျိုးများပုံကို မဟာဗုဒ္ဓ၀င်၌ ဤကဲ့သို့ မှတ်ချက်ရေးထား၏။
`စုန္ဒရွှေပန်းထိမ်သည်သား၏ ဆွမ်းကို ဘုဉ်းပေးတော်မူခြင်းကြောင့် မြတ်စွာဘုရားမှာ ၀မ်းသွေးသွန်သော ရောဂါဖြစ်သည်မဟုတ်၊ စင်စစ်ကား ဆွမ်းဘုဉ်းပေးပြီးသော အခါ၌ ၀မ်းသွေးသွန်သော ရောဂါဖြစ်သည်ကိုသာ ဆိုလိုသည်။ အကယ်၍ ထိုဆွမ်းကို မဘုဉ်းပေးရမီ ထိုဝမ်းသွေးသွန်သည့် ရောဂါဖြစ်ပွားခဲ့လျှင် ယခုအခြေအနေထက်ပင် မသွားနိုင် မလာနိုင်အောင် အလွန့် အလွန် ရောဂါဝေဒနာ ကြမ်းတမ်းလေရာ၏။ ယခုမူ ထိုပြေပြစ် နူးညံ့သော စုန္ဒ၏ တောဝက်သားဆွမ်းကို ဘုဉ်းပေးတော်မူရသောကြောင့် သက်သာတန်သလောက် သက်သာစွာ ရောဂါဝေဒနာ ဖြစ်ပွားလေသည်။ ထို့ကြောင့်ပင် ကုသိနာရုံပြည်သို့ ရောက်အောင် ခြေလျင်ကြွတော်မူနိုင်လေသည်။ [ မဟာဗုဒ္ဓ၀င်- ၅၊ ၃၉၃]
[ ဇိနတ္ထပကာသနီ၊ ၆၈၄ ၊ သုတ်မဟာဝါ အဋ္ဌကထာ- ၊၄င်းဘာသာဋီကာ.ဒု.အုပ် နှာ. ၁၇၉. တို့၌လည်းကြည့်။]
သို့ရာတွင် လူတို့၏ သဘာဝ အထင်လွဲကာ အပြစ်ဆိုကြမည်ကို ကြိုတင် သိမြင်တော်မူသော မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား ဤသို့ မှာကြားတော်မူခဲ့ရသည်။
`ချစ်သားအာနန္ဒာ… တစ်စုံတစ်ယောက်သောသူသည် `အချင်းစုန္ဒ သင်၏ ဆွမ်းကိုနောက်ဆုံး ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရ၏။ ထို့ကြောင့် သင်အဖို့ရာ လာဘ်မကောင်းလေစွာ့၊ အရမကောင်းလေစွာ့´ ဟု ပြောဆိုလျက် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြစ်စေသော်မူ ဖြစ်စေပေလိမ့်မည်။
ချစ်သားအာနန္ဒာ… ထိုသို့ဖြစ်စေခဲ့လျှင် သင်ချစ်သားတို့သည် စုန္ဒ၏ နှလုံးမသာခြင်းကို ဤသို့ဖြေဖျောက်ကြရမည်…
`ဒကာ စုန္ဒ… သင်၏ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏။ ထို့ကြောင့် သင့်အဖို့ရာ လာဘ်ကောင်းလေစွာ့၊ အရကောင်းလေစွ။ ဒကာစုန္ဒ…. မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ငါတို့ကြားနာရ ခံယူလိုက်ရ၏။ အဘယ်သို့ ခံယူလိုက်ရသနည်းဟူမူ….
`အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်လျက် အချင်းချင်းတူမျှ၍ အကျိုး ၀ိပါက်တူမျှကုန်သော ဤဆွမ်းနှစ်မျိုးတို့သည် ရှိကုန်၏။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ-
(၁) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏။ ဤဆွမ်းလည်းတစ်မျိုး၊
(၂) အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော= အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏၊ ဤဆွမ်းလည်း တစ်မျိုး၊ အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားကုန်လျက် အချင်းချင်းတူမျှ၍ အကျိုး ၀ိပါက်တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ ဟူသည် ဤဆွမ်းတို့ပင်တည်း။´…
[ မဟာဗုဒ္ဓ၀င် -၅ -၄၁၁]
[ ဆွမ်းနှစ်မျိုးတို့ အကျိုးပေးတူမျှခြင်း အကြောင်းကို -နှာ ၄၁၃- ၌ ကြည့်နိုင်သည်]
သူကရမဒ္ဒ၀ ပုဒ်၏ အဓိပ္ပါယ်
သူကရမဒ္ဒ၀ ပုဒ်၏ အဓိပ္ပါယ်ကို မဟာပရိဗ္ဗာနသုတ် အဋ္ဌကထာ၌ (၁) မူလ၀ါဒ (၂) ဧကေ၀ါဒ (၃) ကေစိဝါဒ- ဟု ၀ါဒ (၃)မျိုး ပြထား၏။
(၁) မူလ၀ါဒ= အဋ္ဌကထာ ဆရာအလို သူကရမဒ္ဒ၀- ဟူသည် မငယ်လွန်း မကြီးလွန်းသော တောဝက်တစ်ကောင်၏ နူးညံ့သိမ်မွေ့သော အသားတည်း။
(၂) ဧကေ၀ါဒ= အချို့ဆရာတို့အလို သူကရမဒ္ဒ၀- ဟူသည် နွားမှဖြစ်သော နွားနို့၊ နို့ချဉ်၊ ထောပတ်၊ ရက်တက်၊ ဆီဦးတို့၏ အနှစ်အဆီဖြင့် ချက်နည်းအစဉ်ကျအောင် ချက်အပ်သော နူးညံ့သော ထမင်း၏ အမည်ဖြစ်၏။
(၃) ကေစိဝါဒ= အချို့ဆရာတို့အလို သူကရမဒ္ဒ၀- ဟူသည် ရသာယန ဆေးကျမ်း၌ လာသော ရသာယန ဆေးကျမ်း၏ အစီအစဉ် အတိုင်း စီမံအပ်သော စားဖွယ်တစ်မျိုးဖြစ်၏။
[ ဒီ- ဋ္ဌ၊ ၂၊ ၁၅၈ ၊ ၄င်းဘာဋီ ၊ ဒု၊ ၄၂၉]
ဆက်လက်၍ ပါမောက္ခ `လလစ်မိုဟန်ကား´ ၏ အလို၊ ဘာသာဋီကာ ဆရာတော်တို့၏ အလိုကို သုတ်မဟာဝါ ဘာသာဋီကာ၌ လာသည့်အတိုင်း ပြဆိုပါဦးမည်။
အင်္ဂလိပ်မဂ္ဂဇင်း တစ်စောင်၌ ပါမောက္ခ `လလစ်မိုဟန်ကား´ ရေးသားအပ်သော ၀ါဒကား…..
(က) မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခြင်း အကြောင်းကို ရေးသားအပ်သော တရုပ်စာပေများ၌ လည်းကောင်း၊ တိဗက်စာပေများ၌လည်းကောင်း။ မြတ်စွာဘုရား၏ နောက်ဆုံး အာဟာရနှင့် စပ်သော ၀က်သားကို ဖော်ပြခြင်းမရှိကြ။
(ခ) မဟာယာနဂိုဏ်း ကျမ်းစာများဝယ် မဟာပရိနိဗ္ဗာန် အကြောင်းကို ရေးသားထားရာ၌လည်းကောင်း၊ သာဝက၀ိနယ ကျမ်းဝယ် စုန္ဒ၏ ဆွမ်းလှူပွဲကို ဖော်ပြရာ၌လည်းကောင်း `၀က်သား´ ဟူသော ပုဒ်ကို ဖော်ပြခြင်း မရှိပေ။
(ဂ) သူကရသဒ္ဒါသည် `၀က်´ ဟူသော အနက်ကိုသာ ဟော၏။ `၀က်၏အသား´ ဟူသော အနက်ကိုမဟော၊ `၀က်၏အသား´ ဟူသော အနက်ကို `သောကရ´ ပုဒ်ကသာဟောသည်။ [ သူကရဿ ဣဒံ မံသံ သောကရံ ]
(ဃ) မဒ္ဒ၀- သဒ္ဒါလည်း `အသား´ ဟူသော အနက်ကိုမဟော၊ `မုဒုနော ဘာဝေါ မဒ္ဒ၀ံ´ နှင့်အညီ နူညံ့သော အရာဝတ္ထု၏ ဖြစ်ကြောင်းဖြစ်ရာ `နူးနူး ညံ့ညံ့ ပျော့ပျော့ ပျောင်းပျောင်း´ ဟူသော အနက်ကိုဟော၏။ ထို့ကြောင့် သူကရ မဒ္ဒ၀ နှစ်ပုဒ်ပေါင်းသော်လည်း `၀က်သား´ ဟူသော အနက်မဖြစ်ပါ။
(င) `သူကရကဏ္ဍ´ ဟု ခေါ်ဝေါ်အပ်သော သစ်ဥ သစ်ဖု တစ်မျိုးရှိ၏။ ထိုသစ်ဥ သစ်ဖုကို `တောဝက်´ ဟူသော အမည်ဖြင့် များစွာခေါ်ဝေါ်ကြ၏။
(စ) ဥတ္တရဒေသတွင် `ကဏ္ဍ ကဏ္ဍမူလဖလ´ ဟု ခေါ်ဝေါ်အပ်သော သစ်ဥတစ်မျိုးရှိသေး၏။ အိန္ဒိယနိုင်ငံ၌ သူတော် သူမြတ်တို့၏ အစာဖြစ်၏။ အမွှေးထူ၍ ညိုမှောင်သော အရောင်ရှိသဖြင့် မြေကြီးမှ ထွက်လာသောအခါ ၀က်နှင့်တူ၏။ ထို့ကြောင့် သူကရ- ဟု ခေါ်ကြဟန်တူသည်၊ ပါဝါမြို့ တည်ရှိခဲ့ရာ `ပဒြောန´ နယ်မြေတွင် အနှံ့အပြားပေါက်၏။ ရောဂါဘယကို ဓာတ်စာဖြင့်ကုသော ဟိန္ဒူဆေးဆရာတို့သည် ထိုဥကို အလွန်ချီးမွမ်းကြ၏။ အရည် ကျဲကျဲကြို၍ ၀မ်းမီးညံ့သူများကို တိုက်ရ၏။
(ဆ) စုန္ဒ ဒါယကာသည် မြတ်စွာဘုရားအား လှူသော သစ်ဥ သစ်ဖု သို့မဟုတ် သစ်မြစ်ကို အရသာရှိအောင် များစွာ အမွှမ်းတင်၍ ပြင်ဆင်ထားပေလိမ့်မည်။ ထို့ကြောင့် ထိုဥတစ်မျိုးကို နွားနို့နှင့် ပြစ်အောင်ကြို၍ စီရင်အပ်သော ပါယသ (နို့ဃနာ) တစ်မျိုးသည် `သုကရမဒ္ဒ၀´ ပင် ဖြစ်သင့်ပါသည်။
ထပ်မံစဉ်းစားဖွယ်
ဘာသာဋီကာဆရာတော်၏ ထပ်မံ စဉ်းစားဖွယ်ဟူသော ခေါင်းစဉ်ဖြင့် ဆက်လက်ပြအပ်သော ၀ါဒကား….
သီဟစစ်သူကြီးသည် ဘုရားအထံတော်မှ တရားနာရ၍ သောတာပန် ဖြစ်ပြီးနောက် နက်ဖန် မြတ်စွာဘုရားကို ရဟန်းသံဃာများနှင့် တကွ ဆွမ်းဘုဉ်းပေးကြွဖို့ရန် ဖိတ်မံ၍ ပြန်လာပြီးလျှင် ထိုသူမရောက်မီ ဖြစ်နှင့်သော အသားများကို ၀ယ်ယူဖို့ရန် တပည့်တစ်ယောက်ကို ဈေးသို့စေလွှတ်၏။ ထို့နောက် ညနေကပင် ချက်ပြုတ်တန်သမျှ ချက်ပြုတ်၍ နံနက်အခါ၌ ဆွမ်း ခဲဖွယ် ဘောဇဉ်အားလုံး စီစဉ်ပြီးလျှင် ဆွမ်းဘုဉ်းပေးချိန် တန်ကြောင်း လျှောက်ထားပုံကို `ပဟူတံ ခါဒနီယံ ဘောဇနီယံ ပရိယာဒါပေတွာ ဘဂ၀တော ကာလံ အာရောစာပေတိ´ ဟုသာ ကျမ်းဂန်၌ဆို၏။ အသားဟင်း ပါသော်လည်း ထိုအသားဟင်း သည် ဘောဇဉ်ငါးပါးတွင် ပါဝင်ပြီး ဖြစ်သောကြောင့် အထူးမဆိုတော့ချေ။
[ ဘောဇဉ်ငါးပါး = ဩဒန-ထမင်း၊ ကုမ္မာသ- မုယောမုန့်၊ သတ္တု- မုန့်လုံး၊ မစ္ဆ-ငါး၊ မံသ- အသား။]
(၂) ဤ၌ကား `ပဏီတံ ခါဒနီယံ ဘောဇနီယံ ပဋိယာဒါပေတွာ´ (မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကို စီရင်စေပြီး၍ ) ဟုဆိုပြီးနောက်၊ `ပဟူတဉ္စ သူကရမဒ္ဒ၀ံ´ ( များစွာသော သူကရမဒ္ဒ၀ မည်သော စားဖွယ်ကိုလည်း စီရင်စေပြီး၍) ဟု ဆိုပြီးမှ၊ ဘဂ၀သော ကာလံ အာရောစာပေတိ´ (မြတ်စွာဘုရားအား ဆွမ်းစာချိန်ကို လျှောက်ထားစေ၏) ဟုဆိုသည်။ ဤသို့သီးခြား ဆိုသဖြင့် `သူကရမဒ္ဒ၀´ သည် ဘောဇနီယံ အရ ဘောဇဉ်ငါးပါးတွင် ပါဝင်သော မံသ - အသား မဟုတ်ဟု ကောက်ချက်ချစရာရှိ၏။
(၃) ထို့အပြင် နတ်တို့သည် `သူကရမဒ္ဒ၀´၌ `နတ်ဩဇာကိုထည့်ကြ၏´ဟု ဆို၏။ အခြားဆွမ်းလှူပွဲများ၌ နတ်ဩဇာထည့်လျှင် ဆွမ်း၌သာ ထည့်လေ့ရှိ၏ ။ စုန္ဒဒါယကာ၏ ဆွမ်းအလှူဝယ် ဆွမ်း၌ မထည့်ပဲ ဤ `သူကရမဒ္ဒ၀´၌ နတ်ဩဇာကို ထည့်ကြကုန်၏။ နတ်ဩဇာကို စားကြကုန်သော နတ်များသည် အသားမစားကြ။ မြတ်စွာဘုရား၏ နောက်ဆုံး အာဟာရသည် ၀က်သားဖြစ်လျှင် အသားမစားပဲ နတ်ဩဇာကိုသာ စားနေသော နတ်တို့သည် ဤ၀က်သားဟင်း၌ နတ်ဩဇာ ထည့်ဖို့ရန် ကြံစည်မည်ပင် မဟုတ်ပါ။ အသားဟင်း မဟုတ်သောကြောင့်သာ `နတ်ဩဇာထည့်ကြသည်´ ဟု ယူဆဖွယ်ရှိ၏။
(၄) သံဃာတော်များနှင့် တကွ ဗုဒ္ဓမြတ်စွာသည် ဆွမ်းဘုဉ်းပေးဖို့ရာ ကြွလာတော် မူသောအခါ `ငါဘုရားကို သူကရမဒ္ဒ၀ဖြင့် ပြုစုလုပ်ကျွေး၍ ရဟန်း သံဃာများကို အခြားခဲဖွယ် ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေးလော့´ ဟု မိန့်တော်မူပြီးလျှင် ဘုရားရှင်သည် `သူကရမဒ္ဒ၀´ ကိုသာ ဘုဉ်းပေးတော်မူ၏။ ဆွမ်းကို ဘုဉ်းပေးတော် မမူ၊ ၀က်သားဟင်း ဖြစ်လျှင် `ဘုရားရှင်သည် နောက်ဆုံးအချိန်၌ ၀က်သားကိုချည်း ဘုဉ်းပေးတော်မူသည်´ဟု ပြောစရာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် - သူကရမဒ္ဒ၀ က အားကောင်းလျှက်ရှိပါသည်။
ဤသို့လျှင် သူကရမဒ္ဒ၀- ပုဒ်၏ ဆိုလိုရင်းကို သာဓက အထွေထွေ ရောနှောက်မွှေလျှက် ဆရာမြတ်တို့ ရှင်းပြခဲ့ကြသည့် အတိုင်း ကူယူ ရှင်းပြလိုက်ရပေသည်။
အရှင်ဝိစိတ္တ(မနာပဒါယီ)
No comments:
Post a Comment