ကမ္ဘာမြေကြီး၏ အပြင်ဘက်တွင် အသက်ဇီဝကို တွေ့ရှိခြင်းသည် ကျနော်တို့၏ သိပံ္ပပညာကိုသာမက ဘာသာတရား၊ ယုံကြည်မှုစနစ်နှင့်တကွ ကျနော်တို့၏ ကမ္ဘာ့အမြင်တစ်ရပ်လုံးကိုပါ အသွင်ပြောင်း သွားစေနိုင်သည်။
အမှန်ပြောရလျှင် ကမ္ဘာမြေ၏ အပြင်ဘက်တွင် အသက်ဇီဝကို လိုက်လံရှာဖွေခြင်းသည် ကျနော်တို့ကိုယ်တိုင် ကျနော်တို့ လိုက်လံရှာဖွေခြင်းပင် ဖြစ်သည်။ ကျနော်တို့သည် မည်သူတွေလဲ၊ စကြဝဠာကြီး၏ ကြီးကျယ်ခမ်းနားသော လှုပ်ရှားမှုကြီးထဲတွင် ကျနော်တို့၏နေရာသည် ဘယ်နေရာလဲဆိုသည့် ပြဿနာများကို လိုက်လံရှာဖွေနေခြင်းပင် ဖြစ်သည်။
စကြဝဠာကြီးထဲတွင် မှီတင်းနေထိုင်သူသည် ကျနော်တို့ တစ်ဦးတည်းမဟုတ်ဟူသော အယူအဆသည် အများ၏အမြင်နှင့် ဆန့်ကျင်ဖီလာကျလျက် ရှိ၏။ သို့ရာတွင် ထိုအမြင်သည် ယခုမှ ပေါ်လာသည့် အသစ်အဆန်း အယူအဆ တစ်ခုမဟုတ်ပါ။
ဒဿနိကဗေဒပညာရပ်ကဲ့သို့ပင် ဟောင်းနွမ်းအိုမင်းနေသည့် အယူအဆဖြစ်ပါသည် ထိုအယူအဆသည် ရှေးဟောင်းခေါမ ဒဿနပညာရှင် ဒီမိုကရစ်တပ်စ်၏ အဏုမြူသဘောတရားတွင် အခြေခံခြင်း ဖြစ်သည်။ ထိုအယူအဆအရ ပထမအားဖြင့် သဘာဝနိယာမတရားများသည် ဘယ်နေရာမှဖြစ်ဖြစ် အတူတူသာ ဖြစ်သည်။ တစ်နည်းပြောရလျှင် စကြဝဠာနှင့်ဆိုင်သော အမှန်တရားဖြစ်သည်။
ဒုတိယအားဖြင့် ကမ္ဘာမြေကြီးနှင့် ပက်သက်၍လည်း သီးခြားတရားမရှိ။ အထူးအခွင့်ရ တရားမရှိ။ တတိယအားဖြင့် တစ်စုံတစ်ရာဖြစ်နိုင်သော အရာမှန်သမျှကို သဘာဝနိယာမ တရားကြီးက ဖြစ်အောင်လုပ်ပေးသော သဘောရှိသည်။ ယင်းတို့မှာ အဏုမြူ သဘောတရား၏ အနှစ်ချုပ်ဖြစ်သည်။
ဒဿနိကဗေဒသည် တစ်ကိစ္စဖြစ်၍ ထိုအယူအဆထဲတွင် ရုပ်ပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို အံဝင်ခွင်ကျဖြစ်အောင် ထည့်ပေးရေးသည် အခြားကိစ္စတစ်ခု ဖြစ်သည်။ နက္ခတ္တဗေဒပညာရှင်များစွာတို့က စကြဝဠာထဲတွင် ဇီဝဗေဒသဘောအားဖြင့် မိတ်ဖက်ကျသည့် ဂြိုဟ်နက္ခတ်များ အများအပြားရှိနိုင်သည်ဟု ယူဆ နေကြသည့်တိုင် အသက်ဇီဝကို ဖြစ်ပေါ်စေနိုင်သော ဓာတုဗေဒဆိုင်ရာ အချက်အလက်များမှာ ယခုတိုင် လျှို့ဝှက် နက်နဲသည့် သဘောကို ဆောင်နေကြဆဲ ရှိသေးသည်။
အသက်ဇီဝသည် ဒုလ္လဘတစ်ခု ဖြစ်သည်။ ပရမာအဏုမြူများ စုစည်းပေါင်းဆုံကြရာမှ ကုဋေကုဋာပုံလျှင် တစ်ပုံမျှသာ ဖြစ်နိုင်ဖွယ်ရှိသော တိုက်ဆိုင်မှုဖြစ်သည်ဟု ဇီဝဗေဒပညာရှင်များက အစဉ်အလာ ယူဆခဲ့ပါသည်။
ထို့ကြောင့် အလွန်တရာအပြောကျယ်လှသော စကြဝဠာကြီးထဲတွင် အလားတူပရမာအဏုမြူမှုန်များ စုစည်းတိုက် ဆိုင်ဖို့ဆိုသည်မှာ အလွန့်အလွန်ကို ဖြစ်တောင့်ဖြစ်ခဲသည့် ကိစ္စဟု ဆိုလိုသည့်သဘော ဖြစ်သည်။ ဤအယူအဆ သည် သာမိုဒိုင်းနမစ် ဒုတိယနိယာမပေါ်ထွက်လာခြင်း ဖြစ်သည်။
ယင်းအဆိုအရ စကြဝဠာသည် သေဆုံးနေဆဲ ဖြစ်ပြီး ဖရိုဖရဲဖြစ်မှုကြီးဆီသို့ တဖြည်းဖြည်း မရှောင်မလွှဲသာ ပြောင်းသွားနေသည်ဟူသော အယူအဆဖြစ်သည်။ ထိုအဆိုသည် စာရင်းအင်းဆိုင်ရာ တွက်ချက်မှုသာ ဖြစ်သည့်အတွက် ဘဝက ထိုအချက်ကို ငြင်းဆိုသည်။
ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ထိုတွေးခေါ်နည်း အတိုင်းပင်ဖြစ်သည်။ သမားရိုးကျ အမြင်အတိုင်း ဆိုလျှင် ဒါဝင်၏ သဘာဝရွေးချယ်မှု သဘောတရားသည် လုံးဝ မျက်ရမ်းမှန်းဆဖြစ်သည်ဟု ယူဆသည်။ မိုက်ကရုတ်ပိုးမွှား မှသည် လူအထိ ဆင့်ကဲကူးပြောင်းမှု ဖြစ်စဉ်သည် တိုးတက်မှု ဖြစ်သည်ဆိုသည့် အယူ အဆသည် ကျနော်တို့ လူသားဘက်က အသာစီးယူထားသည့် အမြင်ဖြစ်သည်။ အမှန်အားဖြင့် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းသည် ဖြစ်နိုင်ခြေရှိသော နယ်ပယ်ထဲသို့ ခြေဦးတည့်ရာ လျှောက်သွားနေခြင်းသာ ဖြစ်သည်။
ထိုအတိုင်းမှန်လျှင် သဘာဝ၏ ဖြစ်ပေါ်တိုးတက်မှု၌ မည်သည့် ဦးတည်ချက်မျှ မရှိနိုင်။ တိုးတက်မှု အတွက် အတွင်းလှုံ့ဆော်မှုဆို၍ ဘာမျှမရှိနိုင်။ ရှေ့သို့တိုးတက်နေသော အသိစိတ်နှင့် အသိဥာဏ်တရား ဆိုသည် တို့သည် မရှိနိုင်။
အကယ်၍သာ ကမ္ဘာမြေကြီးကို ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက ဝင်တိုက်မိပြီး အဆင့်မြင့် သက်ရှိ သတ္တဝါများအားလုံး၊ အသိဥာဏ်ရှိသည့် သတ္တဝါများအားလုံး သေဆုံးပျောက်ပျက်သွားခဲ့သည် ဆိုလျှင်နောက် တစ်ချီတွင် အဆင့်နိမ့်သော လူသားမျိုးနွယ် တစ်ခုပင် ပေါ်ပေါက်လာတော့မည် မဟုတ်။
သို့ရာတွင် ဆန့်ကျင်ဘက်အမြင်တစ်ခုရှိသေးသည်။ ထိုအယူအဆသည် အားကောင်းလာလျက်ရှိပြီး သမားရိုးကျ ဇီဝဗေဒပညာရပ်ကို စိမ်ခေါ်လျက်ရှိ၏။ ယင်းမှာ မိမိကိုယ်ကိုယ် ပြန်လည်ဖွဲ့စည်းမှု ဖြစ်စဉ်မှတစ်ဆင့် ရှုပ်ထွေး ဆန်းကြယ်သည့်အဖြစ် တစ်ခုသည် အလိုအလျှောက် ပေါ်ပေါက်လာနိုင်သည် ဆိုသည့် အယူအဆဖြစ်သည်။ ရှုပ်ထွေးဆန်းကြယ်သော ဖွဲ့စည်းမှုထဲတွင် ရုပ်နှင့် စွမ်းအင်တို့ ဒွန်တွဲပါရှိလာခဲ့ပါက အသက်ဇီဝနှင့် အသိ ဥာဏ်တရား ဖြစ်စဉ်ကို ဖျက်ဆီးချေမှုန်းနေကြသည့် အရာများ၏ သက်တမ်းသည် တိုတောင်းသွားမည်ဆိုသည့် အယူအဆဖြစ်သည်။
ဇီဝဗေဒတွင် မိမိကိုယ်ကိုယ်မိမိ ပြန်လည်ဖွဲ့စည်းမှုရှိ မရှိဆိုသည့်အချက်။ ယင်းသည် ဇီဝဗေဒနှင့် သက်ဆိုင်ခြင်းရှိ မရှိဆိုသည့်အချက်နှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားနေကြသည်။ စကြဝဠာကြီးသည် သေဆုံး ကြေပြုန်းနေသည့်တိုင် သဘာဝ၏ အခြေခံဂုဏ်သတ္တိထဲ၌ တိုးတက်ပြောင်းလဲနေသည် ဆိုသည့် ဆန့်ကျင် ဘက်သဘောသည် တည်ရှိကောင်းတည်ရှိနိုင်သည်။
ကမ္ဘာမြေ၏ အပြင်ဘက် အာကာသထဲတွင် အသက်ဇီဝ အထူးသဖြင့် အသိဥာဏ်ရှိသော သတ္တဝါရှိသည်ဆိုသည့် ပြဿနာသည် ထိုဆန့်ကျင်ဘက် အယူအဆများ မှန်မမှန်ကို စမ်းသပ်စစ်ဆေးရာတွင် သော့ချက်ဖြစ်နေသည်။
ထိုပြဿနာများသည် အစဉ်အလာလက်ခံလာခဲ့ကြသည့် ဘာသာတရား အဆုံးအမနှင့် ထိပ်တိုက်လာ၍ တိုးမိနေကြသည်။
အသက်ဇီဝ၏ မူလအစအတွက် ဘုရားသခင်၏ ထူးခြားသည့် လုပ်ဆောင်ချက်လိုသည်ဟု လူတော်တော်များများက လက်ခံထားခဲ့ကြသည်။
သို့ရာတွင် ကမ္ဘာမြေပြင်မှ ဘဝသည် ထူးခြားခြင်းမရှိဟုဆိုလျှင် ထူးခြားဆန်းကြယ်သည့် လူ၏ မူလအစအတွက် ပြောဆိုနေခြင်းသည်လည်း ဘာမျှအဓိပ္ပာယ်ရှိမည် မဟုတ်။ အင်္ဂါဂြိုဟ်ပေါ်တွင် အနိမ့်ကျဆုံးသော ဘက်တီးရီးယား ပိုးမွှားတစ်မျိုး တွေ့ရှိခဲ့ပြီး ထိုဘက်တီးရီးယားပိုးမွှား သည် ကမ္ဘာမြေမှ ဘဝနှင့် သီးခြားကင်းလွတ်စွာ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လျှင် အသက်ဇီ ဝသည် သဘာဝအလျှောက် ဖြစ်ပေါ်နိုင်သည် ဆိုသည့်အဆိုကို ထောက်ခံပြီးသား ဖြစ်ပေလိမ့်မည်။
သမိုင်းအရပြောရလျှင် အခြားသော ဂြိုဟ်များပေါ်တွင် သက်ရှိသတ္တဝါရှိသည်ဆိုသည့် အယူသည် တိတ္တိတက္ကတွန်းတို့၏ အယူဖြစ်သည်ဟု ဗရင်ဂျီသာသနာက ယူဆသည်။ ၁၆၀၀ ခုနှစ်က ဒဿနပညာရှင် ဂျီအော် ဒါနို ဘရူနိုကားစင်တင်၍ ဖိုကျင်ထိုး အသတ်ခံရခြင်းမှာ အခြားသော ကမ္ဘာများတွင်လည်း သက်ရှိသတ္တဝါတို့ရှိနိုင် သည် ဆိုသည့်အချက်လည်း တစ်ကြောင်း အပါအဝင်ဖြစ်သည်။
လူမျိုးနွယ်ကြီးသည် ထာဝရဘုရားသခင်နှင့် အထူးဆက်သွယ်မှုတစ်ခု ရှိသည်ဆိုသည့် အယူသည် တစ်ဆူတည်းသော ဘုရားသခင်ရှိသည်ဆိုသည့် ဘာသာ တရားများ၏ အချက်အချာကျသော အယူအဆဖြစ်သည်။ အခြားသော ဂြိုဟ်များတွင် သက်ရှိသတ္တဝါများရှိသည် ဆိုသော အယူအဆ၊ အထူးသဖြင့် သူတို့သည် လူသားများထက် အသိဥာဏ်တရား အရလည်းကောင်း၊ စိတ်ဓါတ် အရလည်းကောင်း မြင့်မားနိုင်သည်ဆိုသည့် အယူအဆသည် ဘာသာတရားတို့၏ အထက်ပါ လုံခြုံအေးချမ်းသည့် အမြင်ကို ဖြိုဖျက်ပစ်လိုက်ရာ ရောက်သည်။
လူဝင်စား အယူအဆနှင့် ပတ်သက်၍ ခရစ်ယာန်ဘာသာဝင်တို့တွင် ထူးခြားသည့်ပြဿနာ တစ်ရပ်နှင့် ရင်ဆိုင်နေကြရသည်။ သာသနာကဆုံးမသည့်အတိုင်း လူဝင်စားသည် ဤကမ္ဘာမြေပြင် တစ်နေရာတွင်သာရှိ သည့် ထူးခြားချက်လော။
သို့တည်းမဟုတ် ထာဝရဘုရားသခင်သည် အခြားသော ဂြိုဟ်ပေါ်မှ သက်ရှိသတ္တဝါများတွင်လည်း သွား၍ ဝင်စားသလော။ ခရစ်တော်သည် လူသားတို့အတွက်သာ ကယ်တင်ရှင်ဖြစ်သလော။ သို့မဟုတ် အခြားသော နဂါးငွေ့တန်း၊ အခြားသော ဂြိုဟ်များတွင်ရှိသည့် သက်ရှိသတ္တဝါများအတွက်လည်း ကယ်တင်ရှင်ဖြစ်သလော။
ထိုအယူအဆများနှင့် ယှဉ်ပြိုင်နေသော အယူအဆမှာ အခြားသော ဂြိုဟ်များတွင်လည်း သက်ရှိသတ္တဝါဟူ၍ ရှိနိုင်သည်ဆိုသော အယူအဆနှင့် အခြားသော ဂြိုဟ်များတွင်လည်း သိစိတ်ရှိသော သတ္တဝါ၊ အသိဥာဏ်ရှိသော သတ္တဝါဟူ၍ ရှိနိုင်သည်ဆိုသော စကြဝဠာကြီး၏ ရုပ်ပုံလွှာသစ်ဖြစ်လေသည်။ စကြဝဠာကြီးသည် မူလအစ တုန်းက အသေဖြစ်ပြီး နောက်ကျမှ စွမ်းအင်တွေ ပြည့်တင်းလာကာ ပေါက်ကွဲမှုကြီးဖြစ်ပြီး ပြန့်ကားလာသည်။
ထိုမှတစ်ဆင့် ရှုပ်ထွေးသော ဓာတုဖြစ်စဉ်များအရ အသက်ဇီဝဟူ၍ ရှိလာသည်။ ထိုမှ အသိဥာဏ်၊ ထိုမှ ယဉ်ကျေးမှု စသည်တို့ရှိလာကာ လူသတ္တဝါသည် ထိုအရာအားလုံးတို့၏ အဓိပ္ပါယ်ကို စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိလာသည်ဆိုသည့် အယူအဆသည် လေးနက်စွာ စဉ်းစားတွေးခေါ်စရာတွေ အများကြီးပါသည်။ ထိုဖြစ်ပေါ်တိုးတက်မှုသည် ထာဝရဘုရား၏ စွက်ဖက်မှုမပါဘဲ သဘာဝအတိုင်း အလိုအလျှောက် ပေါ်ပေါက်လာသည် ဆိုသည့်အချက်သည် ပင်လျှင် အံ့ဖွယ်ကြီးတစ်ခု ဖြစ်နေသည်။
သာမိုဒိုင်းနမစ်၏ ဒုတိယနိယာမအရ စကြဝဠာကြီးသည် သေဒဏ်စီရင်ချက် ချခံထားရသည်ဆိုလျှင် လူ့ ဘဝကြီးသည်လည်း ဘာမျှ အဓိပ္ပါယ်ရှိတော့မည်မဟုတ်ဟု ဘာထရန်ရပ်ဆဲက ကန့်ကွက်ချေပခဲ့သည်။ ကျနော် တို့၏ အောင်မြင်စွမ်းဆောင်မှုများ၊ ကျနော်တို့၏ တိုက်ပွဲများနှင့် (သူ့အဆို) လူ့ပါရမီဥာဏ်၏ မွန်းတည့်ချိန် တောက်ပ လင်းထိန်မှုတို့သည် နောက်ဆုံးတွင် ဘာမျှ အဓိပ္ပါယ်ရှိတော့မည် မဟုတ်ဟု သူကပြောခဲ့သည်။
ဘာထရန်ရပ်ဆဲ၏ စိတ်ပျက်လက်ပျက်အသံကို ခေတ်ပြိုင်တွေးခေါ်ရှင်များ အားလုံးလောက်ကလည်း ပဲ့တင်ထပ်ခဲ့ကြသည်။ နိုဘယ်ဆုရ ပြင်သစ်ဇီဝဗေဒပညာရှင် မိုးနော့က နောက်ဆုံး၌ ခံစားချက်ကင်းမဲ့သော စကြဝဠာကြီး၌ မိမိတစ်ဦးတည်းသာလျှင် ရှိကြောင်း၊ မိမိသည် ထိုစကြဝဠာထုကြီးထဲမှာ မတော်တဆ ပေါ်ပေါက် လာရခြင်း ဖြစ်ကြောင်းကို လူသားသည် သိရှိလာခဲ့ပေသည်ဟု ရေးခဲ့သည်။
သာမိုဒိုင်းနမစ် ဒုတိယနိယာမက မည်သို့ဆိုစေ၊ ပျက်စီးယိုယွင်းမှုနှင့်အတူ တိုးတက်မှုလည်း ရှိသည်ဟု ဆိုလျှင် မည်သို့ရှိမည်နည်း။ ရုပ်ကမ္ဘာမှ အပ အခြားသောနေရာ၌ ရည်ရွယ်ချက်တစ်ခု၊ အဓိပ္ပါယ်တစ်ခုရှိသည်ဟု မျှော်လင့် ယုံကြည်နေသူများအဖို့ ကမ္ဘာမြေ၏အပြင်၌ သက်ရှိသတ္တဝါများ ရှိနေသည်ဟူသော အယူအဆသည် အားတက်စရာ ဖြစ်ပါသည်။
သဘောမှာ ကျနော်တို့သည် ဆိုး၍ ဆိုး၍လာနေသော စကြဝဠာကြီးထဲတွင် အသက် ရှင်နေခြင်းမဟုတ်ဘဲ ကောင်း၍ ကောင်း၍လာနေသော စကြဝဠာကြီးထဲတွင် အသက်ရှင်နေကြခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် ဤလူ့ဘုံအပြင် တစ်ခြားဘုံများစွာရှိသေးသည်ဆိုသည့် သဘောသက်ရောက်နေသော ကြောင့်ပင် ဖြစ်သည်။
No comments:
Post a Comment