စာရှုသူတို့တော့ ထင်မှာပဲ.. ဒီ ဖိုးသား ကတော့ ဘာသာရေး ဘလော့လည်း ရေးသေး အချစ် အကြောင်း တွေလည်း ပြောသေးလို့။ ထင်ချင်သလို ထင်နိုင်ပါသည်။ ပြဿနာ မရှိပါ။ ဆရာတော် အရှင် ဆန္ဒာဓိက တို့၊ ဆရာတော် အရှင် ရာဇိန္ဒ (ရဝေနွယ်- အင်းမ) တို့ကို အားကျပါသည်။ အချစ် အကြောင်းမှ တရား လမ်းကြောင်း ပေါ်သို့ ဆွဲခေါ် သွားတတ်၍ ဖြစ်ပါသည်။ ဥပမာ အားဖြင့် ဆရာတော် အရှင်ဆန္ဒာ ဓိက၏ *အချစ်ကံ ခေပေမယ့် အနှစ်ကျန် စေရမယ်*၊ ဆရာတော် ရဝေနွယ်၏ *အချစ်နှင့် ၀ိပဿနာ* ဟူသည့် စာအုပ်မျိုးကို တော်တော် သဘော ကျပါသည်။
ဖြစ်သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဤလောကီ လူသားတိုင်း အချစ်နှင့် မကင်းနိုင် ကြပါ။ ချစ်ပုံ ချစ်နည်းတွေ ကွာကောင်း ကွာနိုင် သော်လည်း လူတိုင်း ချစ်တတ် ကြသည်။ အမိအဖ၊ ဆွေမျိုး သားချင်း၊ ရောင်းရင်း သူငယ်ချင်း ကဲ့သို့ လူအချင်း ချင်းလည်း ချစ်ကြသည်။ ကြောင်ကလေးတွေ၊ ခွေးကလေးတွေ ကဲ့သို့သော သတ္တ၀ါတွေ အပေါ်မှာလည်း ချစ်သည်။ ချစ်နည်း ချစ်ဟန် တွေကလည်း မျိုးစုံပါသည်။
ဤသို့ ချစ်သည်ကား ကျွန်တော် မပြောလိုပါ။ ကျွန်တော်လည်း ချစ်တတ် ပါသည်။ သို့သော် ကျွန်တော် ပြောလို သည်ကား…
လူသားတို့သည် ကိုယ်ချစ်သော သူနှင့် အတူနေရ၊ ပေါင်းဖက် ရသောအခါ ရရှိလာသည့် ပျော်ရွှင်မှု ရသကိုတော့ ကြိုက်ကြသည်။ ကိုယ်ချစ်သော သူနှင့် အတူတကွ မနေရသော အခါမျိုး၊ ကိုယ့်ကို ခွဲခွါ သွားသော အခါမျိုးတွင် မပူဆွေး မ၀မ်းနည်း မကြေကွဲသူ ကတော့ တော်တော် ရှားမည် ထင်ပါသည်။ ပျော်ရွှင် ၀မ်းနည်း၊ တွေ့ဆုံ ကြုံကွဲ ဤသည်မှာ လောကနိယာမ၊ ဖြစ်မြဲ ဓမ္မာတာပင် ဖြစ်သည်။ သို့အတွက်ကြောင့် ဤသည်ကိုလည်း ကျွန်တော် မပြောလိုပါ။ သို့သော် ဤသို့ အချစ်နှင့် ပတ်သတ်၍ ထိတွေ့ ခံစား လာကြရင်းဖြင့် ကိုယ့်စိတ်နှင့် မကိုက်သည့် အခါ မျိုးတွင် အချစ်ကို ဝေဖန် လာကြသည်။ အချစ် ၀င်ရာမှ အပြစ် မြင်လာကြသည်။ အပြစ်တင် လာကြသည်။
ကျွန်တော် စဉ်းစား ကြည့်မိသည်။ အချစ်မှာ အပြစ် ရှိပါသလား.. ဟူ၍။ ထားပါ။ ဤသည်ကို အရင် မပြောခင် ကျွန်တော် ချစ်သော သူများ အကြောင်း နည်းနည်း ပြောချင်ပါသည်။ ကျွန်တော် အမေ့ကိုလည်း ချစ်သည်။ အဖေ့ကို လည်းချစ်သည်။ ကြောင်လေး တွေ၊ ခွေးလေးတွေ ကဲ့သို့သော သတ္တ၀ါ တွေကိုလည်း ချစ်သည်။ အွန်စော ကဲ့သို့ အချော အလှလေးတွေ မြင်လျင်လည်း ချစ်သည်။ အမျိုးသမီး တွေကိုလည်း ချစ်သည်။ အမျိုးသားတွေ ကိုလည်း ချစ်သည်။ (တစ်မျိုး မထင်ပါနှင့်ဦး၊ ထပ်ရှင်း ပါမည်။) ချစ်စရာ ကောင်းသော အရာလေးများ မြင်လျင်လည်း ချစ်ပါသည်။
အချစ်မှာ အပြစ်ရှိ သလား ဟူသည့် မေးခွန်း၏ အဖြေကို အမေးလေး တွေနှင့် ကျွန်တော် မေးကြည့် ချင်ပါသည်။ စာရှုသူများ ယင်း မေးခွန်းလေး များကို ဖတ်ရင်း အဖြေကို အနည်းငယ် စဉ်းစားကြည့် စေချင်ပါသည်။
၁) အဖေ အမေကို ချစ်သော အချစ်တွင်အပြစ် ရှိပါသလား။
၂) သတ္တ၀ါတွေကို ချစ်သော အချစ်တွင်အပြစ် ရှိပါသလား။
၃) ဆန့်ကျင်ဘက် လိင်ကို ချစ်သော အချစ်တွင် အပြစ် ရှိပါသလား။
၎) လိင်တူချင်း ချစ်သော အချစ်တွင် အပြစ် ရှိပါသလား။
မေးခွန်းတွေ ကတော့ မေးချင်လျှင် မေးချင် သလောက် ထွက်လာ ပါဦးမည်။ ဒီလောက်ကိုပဲ အရင်ဆုံး စဉ်းစား ဆင်ခြင်ရင်း အဖြေ ညှိကြည့် ရအောင်။
နံပါတ် တစ်ကို မဖြေခင် နောက်ထပ် အမေးတစ်ခု မေးချင် ပါသေးသည်။ သင်သည် ယခု မိဘနှင့် အဝေး တစ်နေရာတွင် ရောက်ရှိနေပါက သင့်မိတို့အား လွမ်းဆွတ် သတိရနေ မည်လားဆိုလျှင် သင်မည်သို့ အဖြေ ပေးမည်နည်း။ ကျွန်တော် ဖြေရလျှင်တော့ မိဘတို့အား သတိ ရသင့်ပါသည်။ သတိ ရရပါမည်။ ကျွန်တော်လည်း သတိရပါသည်။ သို့သော် စွဲလမ်းမှု ကင်းသော၊ တမ်းတမှု မပါသော ချစ်ခြင်း မျိုးဖြင့် သတိရခြင်းမျိုး ဖြစ်သင့်ပါသည်။ ဖြစ်လည်း ဖြစ်ရပါမည်။ အဘယ် ကြောင့်ပါနည်း။
ဤနေရာတွင် ဘာသာရေး အသိ အနည်းငယ် ရှိပြီး သူများ အဖို့ အချစ်တွင် အပြစ် မရှိကြောင်း ရိပ်ဖမ်း သံဖမ်း သိလောက်ပြီ ထင်ပါသည်။ ထပ်ရှင်း ပါဦးမည်။
ကျွန်တော်၏ အမေသည် တစ်ဦး တည်းသော သားဖြစ်သော ကျွန်တော့်ကို ချစ်ပါသည်။ မျက်စေ့ အောက်မှ အပျောက် မခံချင် လောက်အောင် ချစ်ပါသည်။ ကျွန်တော် ယခုလို အမိမြေနှင့် အဝေး တစ်နေရာ ရောက်နေ သော်လည်း ကျွန်တော့် အမေသည် ကျွန်တော့် အသံအား နေ့စဉ် မပြတ် ကြားချင် နေပါလိမ့်မည်။ ကျွန်တော့် ရုပ်ရည်ကိုလည်း နေ့စဉ် နီးပါး မြင်ချင် နေပါလိမ့်မည်။ စားကောင်း သောက်ကောင်းများ စားရသော အခါတွင်လည်း ကျွေးချင် နေပါလိမ့်မည်။ ဤသည်ကို မိဘ မေတ္တာဟု ဆိုလျှင် ကျွန်တော် မငြင်းပါ။ သို့သော်…
ကျွန်တော့် အမေအကြောင်း ကျွန်တော် သိပါသည်။ သားကို ချစ်သော အချစ်တွင် တွေ့ချင် မြင်ချင်သော၊ အသံကြား ချင်သော တဏှာ စွဲလမ်းမှုများ ရောပြွမ်း နေပါသည်။ ဤနေရာတွင် တဏှာ ဟူ၍ စကားလုံး ကြီးသွားသည်ဟု စာရှုသူတို့ ထင်ကောင်း ထင်နိုင်ပါသည်။ သို့သော် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိ စရာ၊ ကြံတွေးစရာ တို့ အပေါ် နှစ်သက်ခြင်း ကို တဏှာဟု ဆိုထားလေရာ ကျွန်တော့်အား အမေ မြင်ချင် တွေ့ချင်နေမှု၊ ကျွန်တော်က အမေ့အား တွေ့ချင် မြင်ချင်နေမှု ဤသည်တို့သည် တဏှာပင် ဖြစ်၍ ကျွန်တော် သုံးနှုန်း လိုက်ပါသည်။ ဆိုလိုသည်မှာ စွဲလမ်းမှု မကင်းသော ချစ်ခြင်းဖြင့် ကျွန်တော့်အား ချစ်နေ ခြင်းပင် ဖြစ်ပါသည်။
ဤသို့ ဆိုလျှင် အမေ ကျွန်တော့် အပေါ်ချစ်သော အချစ်သည် အပြစ်ရှိသလား၊ မရှိပါ။ အချစ်မှာ ရာနှုန်းပြည့် အပြစ် မရှိပါ။ ထိုအချစ် အပေါ် စိုးမိုး ထားသည့်၊ အရောင်ခြယ် ထားသည့် စွဲလမ်းမှု တွင်သာ အပြစ် ရှိပါသည်။ ဤတွင် နံပါတ်တစ် အဖြေ ပြေလည် လောက်ပါပြီ။ နံပါတ် နှစ် သတ္တ၀ါ တွေအပေါ် ချစ်ခြင်း တွင်လည်း အပြစ်မရှိကြောင်း နံပါတ်တစ်ကို ကြည့်၍ လုံလောက်ပြီ ထင်ပါသည်။
နံပါတ် သုံးနှင့် နံပါတ်လေး လိင်တူ လိင်ကွဲ ချစ်ခြင်းတွင်လည်း အချစ်မှာ အပြစ် မရှိကြောင်း၊ စွဲလမ်းမှု တွင်သာ အပြစ်ရှိကြောင်း ပေါ်လွင်လောက် ပါပြီ။ လိင်တူ လိင်ကွဲ ချစ်ခြင်းဟု ကျွန်တော် ဆိုခဲ့၍ အဓိပ္ပါယ်ကောက် လွဲနိုင်ပါသည်။ အနည်းငယ် ထပ်ရှင်းပါမည်။
ကျွန်တော်က လိင်တူ ဖြစ်သော အဖေ့ကို ချစ်သည်။ ပြဿနာ မရှိ။ မောင်လှက လိင်တူ ဖြစ်သော သူ့အစ်ကိုကို ချစ်သည်။ ဒါလည်း ပြဿနာ မရှိ။ ကျွန်တော်က ကိုဝင်းမြင့်ကို ချစ်သည်။ ကိုဝိမုတ္တိ သုခကို ချစ်သည်။ ကိုဥပါ သကာကို ချစ်သည်။ ဤနေရာ တွင်လည်း တကယ်တန်း သေသေ ချာချာ စဉ်းစားလျှင် ပြဿနာ မရှိပါ။ သို့သော် ငြားလည်း ချစ်သည် ဆိုသော စကားလုံး၏ ရှေ့တွင် ကြိယာ ၀ိသေသနပုဒ် တစ်ခု ထပ်ပေါင်းဖို့ လိုလာပါပြီ။ အဘယ်ကဲ့သို့ ချစ်သနည်း ဆိုသည့် ကြိယာပုဒ်။
ထိုသူ သုံးယောက် လုံးအား ကျွန်တော် အစ်ကို သဖွယ် ချစ်ပါသည်။ မိတ်ဆွေ ကဲ့သို့ တန်ဖိုးထား ချစ်ခင်ပါသည်။ သွန်သင် ဆုံးမ လမ်းညွှန် ပြသသော ဆရာတွေ လိုလည်း ချစ်ပါသည်။ သို့သော် ကျေးဇူးတရား၊ သွန်သင် ဆုံးမခဲ့မှု တို့အား သတိရ မိတိုင်း၊ ထိုသူတို့အား မြင်ချင် တွေ့ချင် နေသော စွဲလမ်းမှု ကင်းပျောက်အောင်၊ တမ်းတမှု မပါသည့် ချစ်ခြင်း မျိုးဖြင့် ချစ်တတ် အောင်တော့ တော်တော် အားထုတ် ရပါသည်။ ဘာကြောင့် လည်းဟု မေးလာလျှင် အဖြေ အဆင်သင့် ရှိပါသည်။ ယင်း အဖြေမှာ *ကျွန်တော်သည် ပုထုဇဉ် တစ်ယောက် ဖြစ်သောကြောင့်*။ သည်တွင်လည်း လိင်တူ ချစ်ခြင်း ပြဿနာ ပြေလည်သလို အချစ်မှာ အပြစ် မရှိကြောင်းလည်း ပေါ်လွင် ပါပြီ။ မစွဲ လမ်းသော ချစ်ခြင်း ဖြစ်ဖို့သာ လိုပါသည်။
ဆန့်ကျင်ဘက် လိင်တို့အား ချစ်ခြင်းဟူသော နံပါတ် လေးတွင်လည်း.. ကျွန်တော် ပြောခဲ့ပါသည်။ အွန်စောကဲ့သို့ ချစ်စရာ လေးများ မြင်လျှင် ကျွန်တော် ချစ်ပါသည်။ သို့သော် စွဲလမ်းမှု တဏှာ ပါမပါ ကိုတော့ ကျွန်တော့်ကိုယ် ကျွန်တော်သာ အသိဆုံး ဖြစ်ပါ၍ ထည့်မရေး တော့ပါ။ စာရှုသူလည်း ယောက်ျား လေးဖြစ်လျှင် ထိုသို့ ချစ်စရာ ကောင်းသော မိန်းမပျိုလေး များအား မြင်ပါက ချစ်မိ သွားနိုင်ပါသည်။ သို့သော် ထိုသို့ ချစ်မိသည့် အခါမျိုးတွင် လိုချင် တပ်မက်သည့် လောဘ၊ လိုချင်တာ မရ၍ အလို မကျသည့် ဒေါသများ ရောယှက် လာပါက အချစ်ကို အပြစ် မတင်ပါနှင့်။ အချစ်မှာ အပြစ် မရှိပါ။ ထိုအချစ်ကို အသုံးချ၍ ဖြစ်တည် နေသော စွဲလမ်းမှု တဏှာ၊ ဥပါဒါန် တို့ အပေါ်တွင်သာ အပြစ် ရှိပါသည်။
ချစ်စရာ လေးများ မြင်၍ ချစ်ခြင်းသည် အပြစ် မရှိကြောင်း၊ ထို အရာလေး များကို စွဲလမ်းနေသော တဏှာ၊ ဥပါဒါန် အပေါ်တွင်သာ အပြစ် ရှိကြောင်း ကိုလည်း ဘုန်းဘုန်း ဦးကောသလ္လ တရား တစ်ပုဒ်မှာ ဟောကြား ဖူးပါသည်။ ထိုတရားထဲမှာပင် ထင်ပါသည်။ ဘုန်းဘုန်းက သုံးစွဲ ဟူသည့် စကား လုံးလေးအား ခွဲခြား ပြသွားခဲ့ပါသည်။ သုံး တော့သုံးပါ၊ မစွဲပါနှင့်.. ဟူ၍။
မှန်ပါသည်။ ကျွန်တော် တို့တတွေသည် လူ သတ္တ၀ါ၊ အသုံးကျမည့် အရာတွေ အပေါ် ချစ်ခင်မှု၊ တပ်မက်မှု၊ စွဲလမ်းမှုတို့ ဖြင့် အသုံးချနေ၊ အသုံးပြု နေကြသည်။ ထိုသို့ သုံးနေရင်းမှလည်း စွဲလမ်း သွားတတ် ကြပါသည်။
ဥပမာ ဆောင်ပါဦးမည်။ ယခု ကျွန်တော်သည် http://sonesiyar.blogspot.com/ (အဖြူရောင် မေတ္တာ) ဟူသော အမည်ဖြင့် ဘာသာရေး ဆန်ဆန် ရေးခဲ့သည်မှာ ၇-လ ကျော်ခဲ့ ပါပြီ။ ကျွန်တော့် ဘလော့ လေးအား ကျွန်တော် ချစ်ပါသည်။ တန်ဖိုး ထားပါသည်။ ထိုသို့ တန်ဖိုးထား ချစ်ခင်ရာမှ ထိုဘလော့ လေးအား တစ်နေ့ တစ်ခေါက်မှ မမြင်ရလျှင် မနေ နိုင်အောင် ကျွန်တော် စွဲလမ်း နေမိ ပါသည်။ ဤသည် ကိုလည်း ကျွန်တော် သိပါသည်။ သိသိကြီးနှင့် ထိုစွဲလမ်းမှု အသိသည် ပုထုဇဉ် ပီပီ ဖျောက်ရ ခက်နေပါသည်။ ဖျောက်ရ ပါဦးမည်။ ထိုသို့ ဘလော့ လေးအား စွဲလမ်း ချစ်ခင်ရာတွင် အချစ်မှာ အပြစ် မရှိကြောင်း ကိုတော့ ကျွန်တော် ကောင်းကောင်း သဘော ပေါက်ပါသည်။
စာရှုသူတို့လည်း အချစ်မှာ အပြစ် မရှိကြောင်း သဘော ပေါက်လောက် ပြီဟု ယုံကြည် ပါသည်။ ထို့ပြင် ကျွန်တော့်လို ချစ်ရာမှ စွဲလမ်းမှု ဘက်သို့ ကူးသွား သူများလည်း ရှိမည်မှာ မြေကြီး လက်ခတ် မလွဲပါ။ သို့သော် ကျွန်တော်တို့ တတွေသည် ထိုကဲ့သို့ အချစ်မှ တဆင့် စွဲလမ်းလာ မှုတို့အား တဖြေးဖြေးနှင့် ပျောက်အောင် ဖျောက်ရပါမည်။ ပြတ်အောင် ပယ်သတ် ရပါမည်။
ကျွန်တော်က ဤကဲ့သို့ ပယ်သတ် ရမည် ပြော၍ စာရှုသူတို့က ပယ်သတ်ဖို့ ခက်သည်ဟု ဆိုကောင်း ဆိုနိုင် ပါသည်။ ကျွန်တော် မငြင်းပါ။ ဘ၀ အဆက်ဆက်မှ အထုံ ပါလာသော ထို စွဲလမ်းမှုသည် ပျောက်အောင် ဖျောက်ဖို့ ပယ်သတ်ဖို့တော့ အကျင့် မရှိသေး သူများ အဖို့ တော်တော် ခက်ပါမည်။ သို့သော် သံသရာ လည်ကြောင်း ဖြစ်သော ထို စွဲလမ်းမှုအား ကျွန်တော်တို့ တတွေ ခက်ခက် နှင့်ပင် တဖြေးဖြေး ပယ်သတ် သွားရပါမည်။ မဖြစ်နိုင်သည့် ကြားကပင် ဖြစ်အောင် လုပ်သွား ရပါမည်။ ကိုဝင်းမြင့်က ကျွန်တော့်အား “မဖြစ်နိုင်သည့် ကြားက ဖြစ်အောင် လုပ်နိုင်တာလည်း အရည်အချင်း တစ်ရပ်ပဲ” ဟူ၍လည်း ပြောဖူးပါသည်။
ကျွန်တော်လည်း ဟိုလျှောက်ရေး၊ ဒီလျှောက်ရေးနှင့် များသွားပြီ ထင်ပါသည်။ အချစ်မှာ အပြစ် မရှိကြောင်း၊ စွဲလမ်းမှု တွင်သာ အပြစ် ရှိကြောင်းလည်း ပေါ်လွင် လောက်ပါပြီ။ ထို စွဲလမ်း တမ်းတမှုအား ပယ်သတ်ခြင်းနှင့် စပ်လျဉ်း၍ ဆရာတော် ဦးကောသလ္လ၏ ဆုံးမစကား တစ်ခွန်းဖြင့် ကျွန်တော့် ရေးသားမှုအား အဆုံးသတ်ပါမည်။
http://mmmathematics.blogspot.com
No comments:
Post a Comment