........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 5, 2013

မရဏာ နုဿတိ ဟူသည်

လွန်ခဲ့တဲ့ (၆)နှစ်လောက်က ကျွန်တော်ဟာ ရန်ကုန်မြို့ရဲ့ ဆေးရုံကြီးတစ်ခုပေါ်မှာ သေမင်းနဲ့ စစ်ခင်းခဲ့ရဘူးပါတယ်။ အဲဒီ အချိန်ကတည်းက စပြီး ဘ၀နဲ့ပတ်သက်တဲ့ အတွေးအခေါ် တွေဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ အဲဒီမတိုင်ခင်က ကိုယ်လုံးဝ မစဉ်းစားခဲ့ဘူးတဲ့ တရားတစ်ခုကို နားလည် လာခဲ့ပါတယ်။
အဲဒါကတော့ “သေခြင်းတရား” ပါဘဲ။
တကယ်တော့ လူတွေနဲ့ အနီးကပ်ဆုံးအရာဟာ “သေခြင်းတရား” ပါ။ အချိန်မရွေးကျရောက်လာနိုင်ပါတယ်။ လူရဲ့ နောက်က အရိပ်လို လိုက်နေတာပါ။
မိတ်ဆွေ ?
“သေခြင်းတရား” ဟာ တစ်နေ့မှာ လူတိုင်းမလွဲမသွေ တွေ့ကြုံရမယ့် အလွန်ကြီးမားလှတဲ့ အရေးကိစ္စကြီး ဖြစ်ပေမယ့် ဒါကို လူတွေမေ့နေကြတယ်။
ဒါမှမဟုတ် မေ့ချင်ယောင် ဆောင်နေကြတယ် ။ လူဆိုတာ သေမျိုးဘဲဆိုတာ ဦးနှောက်သိသာ၊ သိကြပြီး နှလုံးသားထဲကနေ မသိကြတာက များပါတယ်။
“သေနေ့”
အဲဒီနေ့ဟာ ဘယ်နေ့လဲ ။ ဘယ်တော့ကြုံရမှာလဲဆိုတာ လူတွေ(သာမန်ပုထုဇဉ်တွေ) မသိနိုင်ကြပါဘူး။ လူတွေဟာ မသိခြင်း (၅)ပါးနဲ့ အသက်ရှင် နေကြတယ်တဲ့။
(၁) ကိုယ် ဘယ်ဘ၀ကနေရောက်လာတယ် (ဘယ်လိုလူဖြစ်လာတယ်) ဆိုတာကို မသိကြပါဘူး။
(၂) ပြီးရင် ဘယ်နေ့ ဘယ်ရက်မှာ သေကြရမယ်ဆိုတာကိုလည်း မသိကြပါဘူး။
(၃) ဘာရောဂါ၊ ဘယ်လို သေနည်းမျိုးနဲ့ သေကြရမယ်ဆိုတာကိုလည်း မသိကြပါဘူး။
(၄) ဘယ်မြို့ဘယ်ရွာ၊ ဘယ်နိုင်ငံ (ဘယ်သင်္ချိုင်း) မှာ သေကြရမယ်ဆိုတာကိုလည်း မသိကြပါဘူး။
(၅) သေပြီးရင် ဘယ်ဘုံ၊ ဘယ်ဘ၀၊ ဘယ်နေရာကို ရောက်ကြရမယ်ဆိုတာကိုလည်း မသိကြပါဘူး။
ဒီလို မသိခြင်း (၅)ပါးနဲ့ နေ နေကြပေမယ့် လူတွေဟာ စိုးရိမ်ကြောင့်ကြမှု ကင်းစွာနဲ့ဘဲ လူ့ဘ၀ကို ဖြတ်သန်း နေကြပါတယ်။
= လူ့ဘ၀ကို ပုံခိုင်းနှိုင်းပြရရင် မိုးအခါမှာ ရေပြည့်နေပြီး နွေရောက်လာရင် ရေခမ်းခြောက်တတ်တဲ့ ရေအိုင်ငယ်လေးတစ်ခုလိုပါဘဲ။
လူ့ဘ၀ သက်တမ်းဟာ ရေကန်ထဲက ရေနဲ့ တူပြီး လူတွေရဲ့ ဘ၀ကတော့ ရေအိုင်ထဲမှာ ပျော်မြူးနေကြတဲ့ ငါးကလေးတွေနဲ့ တူလှပါတယ်။
ဒီ ငါးလေးတွေဟာ အဟိတ်တိရိစ္ဆာန်ဖြစ်ကြလေတော့ ဒီရေအိုင်ဟာ တစ်နေ့ ခမ်းခြောက်တော့မယ်ဆိုတာ မသိနိုင်ကြပါဘူး။ငါးတို့ဘာဝ ရေအိုင်ထဲမှ ဟိုဟို ဒီဒီ ကူးခတ်ပျော်ပါးလိုက်ကြ၊ အစာရှာစားလိုက်ကြ၊ မျိုးဆက်ပွားများလိုက်ကြနဲ့ပေါ့။
ဒီရေအိုင်ဟာ နွေဦးပေါက်လာတာနဲ့အမျှ ရေခမ်းခြောက်စ ပြုလာပါတယ်။ မကြာခင် ရေခမ်းခြောက်သွားပြီး ဒီငါးလေးတွေဟာ “မရဏ” ဆိုတဲ့ ကျီး၊ ငှက်တို့ရဲ့ အစာဖြစ်ပြီး သေမင်းလက်တွင်း ကျဆင်းကြရတော့မှာ ဧကန်ပါဘဲ။
ဒါပေမယ့် သူတို့ကတော့ ပျော်ကောင်းကြတုန်းပါဘဲ။ ရေများစဉ်ကလည်း ပျော်၊ ရေနည်းလာတော့လည်း ပျော်။ ဒီရေအိုင်လေးထဲမှာဘဲ အစာရှာလိုက်၊ သွားလိုက် လာလိုက်၊ ပျော်ပါးလိုက်ကြနဲ့ပေါ့။
လူတွေရဲ့ ဘ၀ဟာလည်း ဒီလိုပါဘဲ။ အသက်ငယ်စဉ်ဘ၀ (ရေများစဉ်ကလည်း) ပျော်ကြ၊ အသက်ကြီးရင့်လာလို့ (ရေနည်းပြီး ခမ်းခြောက်စ ပြုလာတော့လည်း ) ပျော်လို့မော်လို့ ကောင်းကြဆဲပါဘဲ။ ကာမဂုဏ်အာရုံတွေနောက်ကို တစ်ကောက်ကောက်လိုက်ကြရင်းနဲ့ ရှုတ်ထွေးပွေလီလှတဲ့ လောကကြီးထဲမှာ တစ်ကယ်မရှိတဲ့ ချမ်းသာမှုကို ရှာနေကြပါတယ်။
ကိုယ့်ရဲ့ရှေ့မှာလည်း “ဟောတစ်ယောက်၊ ဟောတစ်ယောက်” နဲ့ သေဆုံး ကွယ်လွန်သွားကြတဲ့သူတွေလည်း မရေမတွက် နိုင်တော့ပါဘူး။ ဒါပေမယ့် ဘယ်တော့ ကိုယ့်အလှည့်လဲ လို့ကော တွေးကြည့်မိကြဘူးပါသလား။ အသုဘတစ်ခုကို လိုက်ပို့ရင်းနဲ့ ငါလည်း တစ်နေ့မှာ ဒီလိုဘဲ လူတွေရဲ့ လိုက်ပို့မှုကို ခံရပြီး လူတစ်ယောက်အဖြစ်ကနေပြီး အရိုးပြာအိုး တစ်အိုးအဖြစ်ပြောင်းလဲ ပျောက်ဆုံးသွားရမှာပါလားလို့ တွေးကြည့်မိဘူးပါသလား။
တွေးကြည့်ပါ မိတ်ဆွေ။ တွေးကြည့်စမ်းပါ။ သေခြင်းတရားကို နှလုံးသွင်းမှုဆိုတဲ့ (မရဏနုဿတိ) ကို မကြာခဏ ဆင်ခြင်ကြည့်ပါ။ မိတ်ဆွေရဲ့ လောဘတွေ၊ ဒေါသတွေ၊ သောကဗျာပါဒ တွေ နည်းလာပါလိမ့်မယ်။ လောကကြီးမှာ အဓိပ္ပါယ်ရှိတာနဲ့ မရှိတာတွေကို ခွဲခြားသိမြင်လာပါလိမ့်မယ်။ အဓိပ္ပါယ်မဲ့စွာနဲ့ အချိန်ဖြုန်းနေတာတွေ နည်းသွားပါလိမ့်မယ်။ ကာမဂုဏ် အာရုံတွေ နောက်ကို တစ်ကောက်ကောက်လိုက်ပါ ခံစားချင် စိတ်တွေ နည်းလာပါလိမ့်မယ်။ ငါတည်းဟူသော အတ္တ မာန်မာနတွေ နည်းပါးသွားပါလိမ့်မယ်။
ပြီးရင် ငါသေပြီးရင် ငါနဲ့အတူ ဘာတွေ ယူသွားနိုင် မှာလည်း ဆိုတာကို ဆက်ပြီး စဉ်းစားကြည့်စမ်းပါ။ ဥစ္စာဓနတွေလား၊ ရွှေတွေငွေတွေ၊ တိုက်တာ ခြံမြေတွေလား၊ ရာထူးဂုဏ်ဒြပ်တွေလား၊ တန်ခိုးသြဇာတွေလား၊ နာမည်ကျော်ကြားမှုတွေလား၊ အချွေအရံအသင်းအပင်းတွေလား။ ဒါတွေအားလုံးကို မိတ်ဆွေ ချန်ထားခဲ့ရမှာပါ။ “ဥစ္စာစု၊ ထိုက်သူဖို့” ဆိုတာလို သူနဲ့ ထိုက်ရာထိုက်ရာ ရသွားကြမှာပါ။ မိတ်ဆွေနဲ့ တစ်ခုမှ ပါလာမှာ မဟုတ် ပါဘူး။
တစ်ခုတော့ ပါလာလိမ့်မယ်။ အဲဒါက မိတ်ဆွေ အသက်ရှင်စဉ်မှာ လုပ်ခဲ့တဲ့ “ကံတရား” ။ အဲဒါကတော့ ပါလာလိမ့်မယ်။ ဒါကိုတော့ မိတ်ဆွေ ချန်ထားခဲ့လို့ မရပါဘူး။ မိတ်ဆွေနဲ့အတူ ယူဆောင်သွားရပါလိမ့်မယ်။
နောက်တစ်ခု မိတ်ဆွေ အသက်ကုန်ဆုံးခါနီးမှာ ဘယ်လိုမှ ပြုပြင်မရနိုင်တော့တဲ့ အရာတစ်ခုကိုလည်း ချန်ထားရလိမ့်မယ်။ အဲဒါကတော့ မိတ်ဆွေရဲ့ “နာမည်” ။ မိတ်ဆွေရဲ့  “သမိုင်း” ။
မိတ်ဆွေဟာ အသက်ရှင်နေထိုင်ခဲ့စဉ်အတွင်း ဘယ်လိုလူစားမျိုးလဲဆိုတာကို သမိုင်းစာမျက်နှာတစ်ခု ထားရစ်ခဲ့ရလိမ့်မယ်။ အဲဒီ သမိုင်းဟာ ဘယ်သူမှ ဖျောက်ဖျက် လို့မရတဲ့ အမှန်တရားတစ်ခုအဖြစ် ကျန်ခဲ့လိမ့်မယ် ။
စဉ်းစားကြည့်ပါ မိတ်ဆွေ။ တစ်နေ့သေရမှာခြင်းတူရင် “မာသာထရီဇာ” လို နာမည်မျိုးကို ချန်ထားခဲ့ချင်သလား။ “အိုက်ခ်မန်း” လို နာမည်မျိုးကို ချန်ထားခဲ့ ချင်သလား။ ဘယ်သူမှ “အိုက်ခ်မန်း” လို နာမည်မျိုးကို ချန်ထားခဲ့ချင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ် ။ အဲဒီတော့ မိတ်ဆွေဟာ ကိုယ်အသက်ရှင် နေထိုင်စဉ်အတွင်းမှာ ကိုယ်လုပ်နိုင်တဲ့အရာတွေထဲက လုပ်သင့်တဲ့အရာ နဲ့ မလုပ်သင့်တဲ့အရာကို ဆုံးဖြတ်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုမိပါတယ်။
အနေတတ်၊ အသေတတ်ခြင်းမှသည် – အနေကင်း၊ အသေကင်းရာဆီသို့ လှမ်းတက်နိုင်ပါစေ။
သရ၀ဏ်
မရဏာနုဿတိ ဟူသည်
December 11, 2009 at 5:19 pm (ဓမ္မဆောင်းပါး)

No comments:

Post a Comment