........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 3, 2013

သီလ၏ ကောင်းကျိုး ဆိုးကျိုးများ နှင့် လူတော်လူကောင်း=တက္ကသိုလ် နန္ဒာ

သီလ၏ ကောင်းကျိုး ဆိုးကျိုးများ
သီလစောင့်ထိန်းခြင်း၏ ကောင်းကျိုးရပုံများ၊ သီလမရှိခြင်း၏ ဆိုးကျိုးရပုံတို့ များစွာရှိပါသည်။ ကောင်းကျိုးဆိုးကျိုးများသည် စောင့်ထိန်းသောသီလ၊ လွန်ကျုးသောသီလတို့အပေါ်၌ မူတည်ပြီး အကျိုးတရားများ ရရှိခံစားကြရပါသည်။ ထို့ကြောင့် သီလတစ်ခုချင်း၏ ကောင်းကျိုးဆိုးကျိုးများကို ရေးသားတင်ပြလိုက်ပါသည်။
ပါဏာတိပါတကံ၏ အကျိုးများ
သူတစ်ပါးအသက်ကို ညှင်းဆဲသတ်ဖြတ်သောသူသည် သေသောအခါ၌ ငရဲဘုံအစရှိသော အပါယ်လေးဘုံသို့ ကျရောက်ပြီး ဆင်းရဲဒုက္ခမှန်သမျှတို့ကို ခံစားရပါသည်။ အကယ်၍ ရှေးကောင်းမှုကုသိုလ်ကံကြောင့် အပါယ်ဘုံမှလွတ်မြောက်ပြီး လူ့ဘ၀ကိုရခဲ့လျှင်လည်း.......
၁။ အသက်တိုခြင်း။
၂။ အနာရောဂါများ၍ ကျန်းမာမှုနည်းခြင်း။
၃။ အားအင်မရှိခြင်း။
၎။ ကြောက်ရွံ့တတ်ခြင်း။
၅။ စိုးရိမ်ပူပန်စိတ်များခြင်း။
၆။ သူတစ်ပါး၏ နှိပ်စက်မှုကို ခံရခြင်း။
၇။ သူတစ်ပါးသတ်၍လည်းကောင်း၊ မိမိကိုယ်တိုင်ပြန်သတ်၍လည်းကောင်း သေရခြင်း။
၈။ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊
၉။ ခန္ဓာကိုယ်ပြေပြစ်မှုမရှိခြင်း။
၁၀။ မိမိချစ်ခင်သောသူများနဲ့ ကွဲကွာရခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။
စောင့်ထိန်းသောသူသည် သုဂတိဘုံသို့ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာ သုခတို့ကို ခံစားရပါသည်။
ထို့ကြောင့် လူတစ်ယောက်ကိုကြည့်လျှင် ပါဏာတိပါတကံအစရှိသော သီလရှိခဲ့မရှိခဲ့ သိနိုင်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် အသိဉာဏ်ပညာကြီးမားသော လူသားပီပီ “လူကောင်း”တစ်ယောက်ဖြစ်အောင် ဤသီလတို့ကို စောင့်ထိန်းလိုက်နာကြရန် လိုပါသည်။

အဒိန္နာဒါနကံ၏ အကျိုးများ
ပစ္စည်းဥစ္စာပိုင်ရှင်က ကိုယ်နှုတ်ဖြင့် ကြည်ဖြူစွာ မပေးသောဥစ္စာတို့ကို မည်သည့်နည်းနဲ့မဆို ယူသောသူသည် သေသောအခါ၌..........
၁။ အပါယ်လေးဘုံသို့ ရောက်ရခြင်း။
၂။ ဆင်းရဲမွဲတေခြင်း။
၃။ ပစ္စည်းဥစ္စာရအောင် မရှာဖွေနိုင်ခြင်း။
၎။ ရှိသောပစ္စည်းများလည်း ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း။
၅။ လိုအပ်သောပစ္စည်းဥစ္စာမှန်သမျှ မရရှိခြင်း။
၆။ ဆင်းရဲစွာနေရပြီး အစာငတ်မွတ်ခြင်းစသော ဆိုးကျိုးများ ခံစားရပါသည်။
စောင့်ထိန်းသောပုဂ္ဂိုလ်သည် သုဂတိဘုံသို့ရောက်ပြီး ထိုဆိုးကျိုးများ၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။ အပြစ်ကြီးငယ်တို့မှာ ဥစ္စာပိုင်ရှင်၏ ဂုဏ်သိက္ခာ အကျင့်သီလ ဥစ္စာတန်ဖိုးအားလျော်စွာ အပြစ်ရပါသည်။ဤနေရာ၌ အဒိန္နာဒါနကံ ကျုးလွန်သည်ဆိုသည်မှာ သူတစ်ပါးမသိအောင် အလေးခိုး၍ ဈေးရောင်းခြင်း၊ ခြင်းတောင်းတို့ဖြင့် ခိုးဝှက်၍ ရောင်းခြင်းများ၊ ပစ္စည်းဝတ္ထုများ အနာအဆာပါသည်ကို တစ်စုံတစ်ခုဖြင့်ဖုံးပြီး ရောင်းချခြင်းအစရှိသည်တို့သည်လည်း အဒိန္နာဒါနကံနဲ့ မလွတ်ကင်းသော ပြစ်မှုများ ဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရကံ၏ အကျိုးများ
ဤကံကို ကျူးလွန်သောသူသည် သေသောအခါ၌........
၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။
၂။ လူဖြစ်လျှင် မိန်းမ(သို့) အခြောက်ဖြစ်ရခြင်း။
၃။ အများက မုန်းတီးရွံရှာခြင်း။
၎။ ရန်သူများခြင်း။
၅။ စိုးရိမ်ကြောင့်ကြများခြင်း။
၇။ ချမ်းချမ်းသာသာ မနေရခြင်း။
၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။
၉။ မျက်နှာမကြည်လင်ခြင်း။
၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။
စောင့်ထိန်းသောပုဂ္ဂိုလ်သည် သုဂတိဘုံသို့ ရောက်ရ၍ ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးတရားများကို ခံစားရပါသည်။
ဤမေထုန်အမှု ပြစ်မှားကျုးလွန်သောသူကို လောကလူသားတို့ အမုန်းဆုံးဖြစ်ပါသည်။ သို့သော်လည်း ယခုခေတ်၌ များစွာလွန်ကျုးနေကြသည်ကို တွေ့မြင်ကြားသိနေရပါသည်။ မေထုန်အမှုကို ပုထုဇဉ်လူသားတို့အနေဖြင့် ထိန်းချုပ်ရန်ခက်သည်ဟု ထင်ကြပါလိမ့်မည်။ အကယ်၍ မိမိသည်တစ်ဘ၀လုံး မထိန်းချုပ်နိုင်ပါက တရားဝင်လက်ထက်ယူပြီး မေထုန်မှီဝဲလို့ ရပါသည်။ ဤမျှနဲ့အားမရဘဲ တွေ့တိုင်းသောမေထုန်အမှုကို လွန်ကျုးနေမည် ဆိုပါက လောကကြီးသည် ပျက်စီးရုံသာ ရှိပါတော့သည်။ ယခုခေတ်၌ HIV ပိုးဆိုသော AIDS ဖြစ်လာရခြင်းမှာလည်း ထိုကဲ့သို့ ထိန်းချုပ်မှုမရှိဘဲ တွေ့တိုင်းသော မေထုန်အမှုတို့ကို မှီဝဲသောကြောင့် ဖြစ်လာရခြင်း ဖြစ်ပေသည်။
ကမ္ဘာဦးကာလ ဗြဟ္မာတို့သည်လည်း လူဘ၀ကို ရောက်ခါစ၌ အစားအသောက်များ မြေပြင်ကနေ ခူးယူစားသောက်၍ရအောင် ပေါများနေပါသည်။ ထိုအစားအသောက် အ၀တ်အစားများသည် ဗြဟ္မာပြည်က လူသားစဖြစ်သော ဗြဟ္မာလူသားများ ဤမေထုန်အမှုကို လွန်ကျူးသောကြောင့် အစားအစာများ ပျောက်ကွယ် သွားသဖြင့် ဒုက္ခများစွာနဲ့ ရင်ဆိုင်ခဲ့ရပါသည်။
သီလကို မစောင့်ထိန်းသောသူ၊ စောင့်ထိန်းရမှန်းမသိသော နိုင်ငံတို့၌ ဤမေထုန်အမှုကို ရှက်ရမှန်းမသိအောင်ဖြစ်ပြီ လွန်ကျုးနေသောကြောင့် ဘေးဆိုးကြီးများနဲ့ ရင်ဆိုင်နေရသည် မဟုတ်ပါလော။ ယခုခေတ်လူငယ် မိန်းမငယ်လေးများသည် ဤမေထုန်အမှုကို ဘုရားစေတီ၊ ပန်းခြံအစရှိသော လူပေါများသော နေရာတို့၌ မရှက်မကြောက်ဘဲ ပြုလုပ်နေကြသည်မှာ ပြုလုပ်နေသောသူတို့တော့မသိ၊ တွေ့ရသောသူများမှာ ရှက်စရာကောင်းသကဲ့သို့ ရိုင်းစိုင်းသည်ဟု ထင်မြင်မိပါသည်။
ထိုသူများသည် အသိဉာဏ်ပညာ ကင်းမဲ့သော တိရစ္ဆာန်များနဲ့ ထူးမခြားနားဖြစ်နေသည်ကို သတိထားဖို့ ကောင်းပါသည်။ မိမိကိုယ်မိမိ အသိဉာဏ်ရှိသော လူလား၊ အသိဉာဏ်မရှိသော တိရစ္ဆာန်လားဆိုတာ ခွဲခြားသိဖို့ လိုပါသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် ရှက်စရာကောင်းသည်ဟု အသိဉာဏ်လေးရှိဖို့၊ သတိတရားထားဖို့ လိုအပ်လှပါသည်။ မိမိတို့မှာ တရားဝင်ယူပြီး ကျုးလွန်၍ရနေသော အခွင့်အရေးရှိပါလျက် ထိုကဲ့သို့ပြုလုပ်ခြင်းသည် တရားလက်မဲ့နိုင်လွန်သည်ဟု ထင်ပါသည်။
မြတ်စွာဘုရားရှင်က ရဟန်းများကို ဆုံးမခဲ့သော စကားရှိပါသည်။ ထိုစကားမှာ “ရဟန်းတို့ မိန်းမများကိုမြင်လျှင် မိမိထက်အသက်ကြီးပါက ကိုယ့်အမရင်းသဖွယ် သဘောထားပြီး မိမိထက်ငယ်သောသူကို ကိုယ်နှမရင်းသဖွယ် သဘောထားပြီးဆက်ဆံဖို့ရာ ဆုံးမခဲ့သောစကားမှာ ရဟန်းများသာမက လူသားများပါ လိုက်နာစောင့်ထိန်းပါက မုဒိမ်းမှုစသည်တို့ ဖြစ်လာတော့မည် မဟုတ်ပေ။
လူသားများသည် ရဟန်းသံဃာများကိုကြည့်ပြီး စောင့်ထိန်းလျှင် ပို၍စောင့်ထိန်းနိုင်ပြီး ပိုမို၍ကြည်ညိုခြင်းများ ဖြစ်လာပေလိမ့်မည်။ လူသားတို့၌ တရားဝင်ယူပြီး ကျုးလွန်ခွင့်ရှိပါသည်။ ရဟန်းသံဃားများသည် ထိုမေထုန်အမှုကို သတ္တ၀ါမှန်သမျှတို့နဲ့ ကျုးလွန်ခွင့်မရှိပါ။ ရဟန်းသံဃာများသည် ထိုသို့မည်သည့် သတ္တ၀ါနဲ့မျှ မကျုးလွန်ဘဲ နေနိုင်သေးလျှင် လူသားတို့သည် ရဟန်းသံဃာတို့ထက် မိမိတရားဝင်ယူထားသော ယောက်ျား မိန်းမများကို ကျုးလွန်ခွင့်ရှိသောကြောင့် ကျန်သောသူများကို မကျုးလွန်မိအောင် စောင့်ထိန်းသင့်ပါသည်။
ဤနေရာ၌ မင်းတုန်းမင်းကြီးပြောသော စကားကို အမှတ်ရမိပါသည်။ မင်းတုန်းမင်းကြီးကို မှုမတ်များက ရဟန်းသံဃာများ ပွဲလမ်းသဘင်ကြည့်နေသည်ကို တားမြစ်ပိတ်ပင်ဖို့ရာ လျှောက်ထားကြသောအခါ မင်းတုန်းမင်းကြီးက “ငါသည် မိန်းမမယူဘဲ နေနိုင်တာ တစ်ခုတည်းနဲ့ပင် ရဟန်းသံဃာများကို ကြည်ညိုလှပါသည်”ဟု ပြောဆိုပြီး မှုမတ်များ၏ လျှောက်တင်ချက်ကို ငြင်းပယ်ခဲ့သည်ဟူသော စကားကို ကြားဖူး၍ အမှတ်ရမိပါသည်။
ထို့ကြောင့် လူသားများသည် မေထုန်အမှုကို လုံးဝရှောင်ကြဉ်သော ရဟန်းတော်တို့ကို အတုယူကာ စောင့်ထိန်းကြရန် လိုပါသည်။ ဤမေထုန်အမှုသည် စောင့်ထိန်းရခက်မည်ဟု ထင်ရသော်လည်း မိမိ၏စိတ်သာ အဓိကကျပါသည်။ ကမ္ဘာပေါ်ရှိ သတ္တ၀ါများသည် အဓိကကျသော ဤမေထုန်အမှုကို မရှောင်ကြဉ်နိုင်သောကြောင့်သာ ဒုက္ခများနဲ့ ရင်ဆိုင်နေရပါသည်။ ထို့ပြင် သံသရာမှ မလွတ်မြောက်ဘဲ ကျင်လည်နေရသည်မှာလည်း ဤမေထုန် အမှုကြောင့်ပင် ဖြစ်ပါသည်။
မုသာဝါဒကံ၏ အကျိုးများ
သူတစ်ပါး၏ အကျိုးစီးပွားကို ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုဟူသမျှသည် ဆိုးကျိုးရစေနိုင်သော ကံမြောက်သည့်မုသာဝါဒ ဖြစ်ပါသည်။ နှုတ်ဖြင့်မပြောဘဲ ကိုယ်အမှုအရာဖြင့် လိမ်ညာလျှင်လည်း မုသာဝါဒပင် ဖြစ်ပါသည်။
သူတစ်ပါး၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ တစ်စုံတစ်ယောက် အကျိုးရစေလို၍ ပရိယာယ်သုံး၍ပြောဆိုခြင်း၊ အမှားကိုအမှန် သိစေလို၍ ပြောဆိုခြင်း၊ ဂုဏ်ပြုလို၍ ပြုမှုပြောဆိုခြင်းများမှာလည်း မုသာဝါဒပင် ဖြစ်ပါသည်။ သို့သော်လည်း သူတစ်ပါး၏ အကျိုးစီးပွားကို မပျက်စီး မထိခိုက် ဆိုးကျိုးရစေနိုင်လောက်အောင် မပြုလျှင် ကံမမြောက်၍ အပြစ်နည်းပါသည်။ ထိုသို့အပြစ်နည်းသော်လည်း ဤသီလကို လုံခြုံအောင် စောင့်ထိန်းသင့်ပါသည်။ လူသားတို့သည် အများအားဖြင့် “မုသားမပါ လင်္ကာမချော”ဟူသောစကားကို လက်သုံးစကားအဖြစ် ပြောဆိုပြီး မုသာဝါဒကံကို အလွယ်တကူဖြင့် ကျုးလွန်နေကြသည်ကို တွေ့ရှိရပါသည်။ ထိုစကားသည် လိမ်နေကြလူတို့ ပြောဆိုနေသော စကားသာ ဖြစ်ပါသည်။
မြတ်စွာဘုရားသည်ပင် သစ္စာဆိုသည့်အမှန်တရားကို ရရန်အတွက် ပါရမီဖြည့်သောအခါ ဤမုသာဝါဒကို လုံးဝရှောင်ကြဉ်ခဲ့ရပါသည်။
သူတစ်ပါးအကျိုးစီးပွားပျက်စီးအောင် လိမ်ညာပြောဆို လှည့်ပတ်မှုမှန်သမျှကို ပြုလုပ်ခဲ့သောသူသည် သေသောအခါ၌.......
၁။ အပါယ်ဘုံသို့ရောက်ရခြင်း။
၂။ မျက်စိနားစသော ဣနြေ္ဒများ မကြည်လင်ခြင်း။
၃။ စကားမပီခြင်း၊ ပလုံးမထွေးပြောဆိုတတ်ခြင်း။
၎။ သွားမညီခြင်း။
၅။ ပါးစပ်အနံ့ပုပ်ခြင်း။
၆။ အသားအရေ မစိုပြေဘဲ မွဲခြောက်ခြင်း။
၇။ ကိုယ်ခန္ဓာအချိုမကျခြင်း။
၈။ သူတစ်ပါးအပေါ် သြဇာအာဏာမညောင်းခြင်း။
၉။ နှုတ်ကြမ်းလျှာကြမ်းဖြင့် ပြောဆိုတတ်ခြင်း။
၁၀။ စိတ်ကြည်လင်မှုမရှိခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။
စောင့်ထိန်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရှိရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာတို့ကို ခံစားရပါသည်။
သုရာမေရယကံ၏ အကျိုးများ
မူးယစ်စေတတ်သော အရည်ဆေးဝါးမှန်သမျှကို ကျန်းမာရေးအတွက် မဟုတ်ဘဲ သောက်သုံးသောသူသည် သုရာမေရယကံပျက်၏။ ကာမေသုမိစ္ဆာစာရကံကဲ့သို့ ဤသီလသည် အပြစ်ကြီးသော မိစ္ဆာစာရတစ်မျိုးဖြစ်သည်ဟု ကျမ်းဂန်တို့၌ ပြဆိုထားပါသည်။ ထို့ကြောင့် ဤသီလကို ကျုးလွန်ခြင်းမှာ အပြစ်ကြီးသည်ဟု တစ်ထစ်ချမှတ်ယူ၍ ရပါသည်။
သို့သော် မည်မျှလောက် အပြစ်ရှိသည်ကို ထပ်မံ၍ စစ်ဆေးကြည့်လျှင် ယခုခေတ်၌ အချို့သော ဆေးရည်ဆေးဝါးများတွင် မထင်မရှား အရက်ပါတတ်ပါသည်။ သုရာမေရယသိက္ခာပုဒ်၌ ဟင်းလျာကောင်းစေလိုသဖြင့် ဟင်း၌သေရည် အနည်းငယ်မျှ ခတ်၍ချက်ရာဝယ် သေရည်အနံ့မထင်ရှားလျှင် ထိုဟင်းကို သံဃာတော်များပင် သုံးဆောင်ကောင်းသည်ဟု မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့ပါသည်။
ထို့ကြောင့် (၁)မထင်မရှား အရက်ပါသောဟင်းများကို စားသောက်မှု၊ (၂)မလွဲသာ၍ ဆေးဝါးအဖြစ် အနည်းအကျဉ်းသောက်သုံးမှု၊ (၃)တကယ့်ကို အရက်သီးသန့် သောက်သုံးမှုဟု (၃)မျိုးရှိသည်ကို တွေ့ရှိရပါသည်။
ထို့တွင် ပထမဦးဆုံးအချက်သည် အပြစ်မရှိပါ။ ဒုတိယအချက်သည် အရက်စစ်ဖြစ်လျှင် ဤသီလပျက်၏။ သို့သော် အပြစ်ကြီးလှသည် မဟုတ်ပါ။ နောက်ဆုံးအချက်သည် သောက်ပြီး သူတစ်ပါးအကျိုးစီးပွား ပျက်စီးအောင်လုပ်မှု၊ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မှု၊ ပတ်ဝန်းကျင်နှောက်ယှက်မှု၊ မူးယမ်းပြီး အော်ဟစ်နေမှုစသော အပြစ်တစ်စုံတရာ မလုပ်ဘဲနေပါက ဤသီလပျက်ပြီး ကုသိုလ်ကောင်းမှုပြုလုပ်ရန် မေ့လျော့မှု၊ စီးပွားပျက်မှု၊ အိမ်ထောင်ရေးပျက်စီးမှုစသော မျက်မှောက် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
တစ်ချို့သောသူများက အရက်သောက်ပြီး သူတစ်ပါးကို မနှောက်ယှက်လျှင် အပြစ်မရှိမှုဟု မှတ်ထင်နေကြပါသည်။ အပြစ်ရှိပါသည်။ ထိုအပြစ်များမှာ ကုသိုလ်ကောင်းမှုမလုပ်ဖြစ်သောအပြစ်၊ ဉာဏ်ထိုင်သောအပြစ်၊ စီးပွားရေးထိခိုက်စေသောအပြစ်၊ အိမ်ထောင်ရေး အဆင်မပြေနိုင်စေသောအပြစ်အစရှိသော အပြစ်တို့ ရရှိပါသည်။
ထို့ပြင် ဤသီလကို ကျုးလွန်ပြီးနေသောသူသည် မျက်မှောက်ဘ၀၌ အထက်၌ဖော်ပြခဲ့သော သူတစ်ပါးမထိခိုက်အောင် နေနိုင်သောသူမှလည်း ထိုသို့သောအပြစ်များရရှိသည်ကို ထောက်ဆလျှင် သူတစ်ပါးထိခိုက်အောင် ပြုလုပ်သောသူသည် ပို၍ပင် အပြစ်များရရှိမည်ကို မှန်းဆကြည့်လျှင် သိနိုင်ပေလိမ့်မည်။
ထို့ကြောင့် ကျုးလွန်သောသူသည် အသိဉာဏ်ကင်းမဲ့ပြီး မူးမိုင်းနေသောကြောင့် အထက်ပါလေးပါးသောသီလတို့ကို ကျုးလွန်မိရန် လွယ်ကူသည်ဟု ပြောဆိုသောစကားမှာ မှန်ကန်ကြောင်း သိသာထင်ရှားလှပါသည်။
ဤနေရာ၌ စာရေးသူ ကြားဖူးသော ပုံပြင်လေးတစ်ခုကို အမှတ်ရ၍ ရေးသားတင်ပြချင်ပါသည်။ အရက်သမားတစ်ယောက်ကို မိဘများက အရက်မသောက်အောင် ဘယ်လိုမှသွန်သင် ချော့မော့ပြီး ပြောဆိုမရသောကြောင့် ဘုန်းကြီးတစ်ပါးထံ အရက်ပျက်အောင် ကျောင်းမှာထားပြီး ဆုံးမခိုင်းသော်လည်း အရက်သမားသည် အရက်မပျက်ခဲ့ပါပေ။ တစ်နေ့သောအခါ အရက်သမားသည် သူ၏သူငယ်ချင်းများနဲ့ အရက်ဝိုင်းမှာ အမြည်းမျိုးစုံဖြင့် ၀ိုင်းဖွဲ့ကြနေချိန်တွင် အနားမှလမ်းဖြတ်သွားသောအရူးကို အရက်သောက်ရန် လှမ်းခေါ်သောအခါ အရူးက “အရင်က အမူးတောင် မပြေသေးဘူး၊ နောက်ထပ် မမူးချင်တော့ပါဘူး“ဟု ပြန်ပြောလိုက်ပါသည်။ “အရူးပြောသည့် အဓိပ္ပါယ်က အရင်ဘ၀က အရက်သောက်ခဲ့တဲ့ ဆိုးကျိုးကြောင့် ယခုဘ၀မှာ အရူးဖြစ်နေရတယ်။ ဒီဘ၀မှာ ထပ်သောက်ရင် နောင်ဘ၀မှာလည်း ထပ်ရူးနေမှာပေါ့လို့ ပြောဆိုခြင်းဖြစ်ပါသည်“။ မိဘဆရာသမားများ ဆုံးမသွန်သင်၍ အရက်မပျက်ခဲ့သော အရက်သမားသည် အရူးသမား ချွတ်လိုက်သောအခါ ထိုအချိန်မှစ၍ အရက်ကို လုံးဝမသောက်ဘဲ အရက်ပျက်သွားခဲ့ပါသည်။
အထက်၌ ဖော်ပြခဲ့သော အပြစ်များသည် မျက်မှောက်ဘ၀၌ ရရှိသောဆိုးကျိုးများသာ ဖြစ်ပါသည်။ ဤသီလကို ကျုးလွန်သောသူများသည် ဖြစ်လေရာဘ၀တို့၌......
၁။ သတိကင်းလွတ်ခြင်း။
၂။ အရှက်မရှိခြင်း။
၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။
၎။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။
၅။ မကောင်းသောသတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။
၆။ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊
၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ် မပြည့်ခြင်း။
၈။ လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်ခြင်း။
၉။ နောင်ဘ၀တို့၌ အရူးဖြစ်ရခြင်း။
၁၀။ သေရည်အရက်သောက်မှု များပြီး ကုသိုလ်ကောင်းမှုမလုပ်ဘဲ သေပါကနောင်ဘ၀တွင် အပါယ်ဘုံသို့ ကျရောက်ခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။ စောင့်ထိန်းလိုက်နာသောသူသည် သုဂတိဘုံသို့ ရောက်ရပြီး ထိုဆိုးကျိုးတို့၏ ပြောင်းပြန်ဖြစ်သော ကောင်းကျိုးချမ်းသာများကို ခံစားရပါသည်။
ထို့ကြောင့် အရက်သောက်ခြင်းသည် မျက်မှောက် တမလွန်တို့၌ မကောင်းသောဆိုးကျိုးတို့ကိုသာ ခံစားရ၍ လုံးဝရှောင်ကြဉ်ရန် လိုအပ်ပါသည်။
ဤဖော်ပြခဲ့သော ငါးပါးသီလတို့သည် သူတစ်ပါး ဆင်းရဲဒုက္ခမရောက်အောင် မိမိလည်း လူသားပီသပြီး သံသရာအတွက် ဆင်းရဲဒုက္ခမရောက်အောင် စောင့်ထိန်းရမည့် သီလများ ဖြစ်ပါသည်။ ငါးပါးသီလသည် လူသားတိုင်း စောင့်ထိန်းလိုက်နာရမည့် လူကျင့်ဝတ်များဖြစ်သောကြောင့် လူသားတိုင်းစောင့်ထိန်းရန် အထူးလိုအပ်ပါသည်။
ရှစ်ပါးသီလသည် မိမိစိတ်ကို မြင့်မြတ်အောင် အမှန်စင်စစ် စောင့်ထိန်းရသော သီလမျိုးဖြစ်သောကြောင့် “အရိယဥပုသ်”ဟု ခေါ်ပါသည်။ ထိုအရိယဥပုသ်သည် စောင့်ထိန်းသောသူသည် သီလဆောက်တည်ပြီးနောက် ဘုရားတရားသံဃာစသော ဂုဏ်တော်တစ်ပါးပါးကိုဖြစ်စေ၊ မိမိ၏ဒါနကုသိုလ်၊ သီလကုသိုလ်တစ်မျိုးမျိုးကိုဖြစ်စေ အာရုံပြု၍ တရားဘာဝနာ ပွားများနေရပါသည်။
သို့မှသာလျှင် မိမိစိတ်ဝယ် လောဘ၊ ဒေါသ၊ မောဟ၊ မာနစသော အကုသိုလ်စိတ်များ နည်းသည်ထက် နည်းပါး၍ စိတ်နေစိတ်ထား မြင့်မြတ်လာပါလိမ့်မည်။ ထို့ကြောင့် ဥပုသ်စောင့်သည်ဆိုသည်မှာ သီလမည်ရုံသာမက ဘာဝနာနဲ့လည်း အပေါင်းအဖော် ဖြစ်ပါသည်။ ဥပုသ်စောင့်သောအခါ ကဲ့ရဲ့ခံရမည်ကို ကြောက်သောကြောင့် လည်းကောင်း၊ အိမ်နီးချင်း ရိုသေမှု ရချင်သောကြောင့်လည်းကောင်း၊ သူများတကာ ဥပုသ်စောင့်သည်ကိုမြင်၍ ယောင်ဝါးဝါးလိုက်စောင့်ခြင်းစသည်တို့ မဖြစ်ရန်လိုပါသည်။
ဤနေရာ၌ ရှစ်ပါးသီလသည် သူတော်ကောင်းဥစ္စာ(၇)ပါး၌ပါဝင်သော သီလနဲ့မဆိုင်ပါ။ “လူကောင်း”တစ်ယောက်ဖြစ်အောင် စောင့်ထိန်းရမည့် သီလသည် ငါးပါးသီလပင်ဖြစ်သော်လည်း လူအများ စောင့်နေကြသော ရှစ်ပါးသီလတွင် ပါဝင်သော ကျန်သောသီလတို့၏ အကျိုးတရားများ သိရှိနားလည်အောင် အနည်းငယ်မျှ ရေးသားတင်ပြလိုက်ပါသည်။
သီလ၏ အဓိပ္ပါယ်
သီလဆိုသည်မှာ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းမှုမရှိစေဘဲ နူ့ညံ့သိမ်မွေ့အောင် ကောင်းစွာထားတတ်သောကြောင့်လည်းကောင်း၊ ကုသိုလ်တရားတို့ကို အဆင့်ဆင့်တိုးပွားအောင် ကောင်းစွာ လုပ်ဆောင်တတ်သောကြောင့်လည်းကောင်း သီလဟု ခေါ်ဆိုပါသည်။
တစ်နည်းအားဖြင့် သီသ-ဦးခေါင်းဟူသော စကားမှ ဆင်းသက်ရွေ့လျောလာ၍ သီသမှသီလဟု ပြောင်းလဲ လာခဲ့သည်။ သတ္တ၀ါများ ဦးခေါင်းပြတ်သွားလျှင် တစ်ကိုယ်လုံးပျက်စီးသွားသကဲ့သို့ လူတစ်ယောက်မှာ သီလတရားပျက်စီးသွားလျှင်လည်းကောင်း၊ သီလတရားမရှိလျှင်လည်းကောင်း ကုသိုလ်ဟူသမျှ မရရှိနိုင်တော့၍ အလုံးစုံပျက်စီးသွားတော့သည်ဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် လောက၌ အပူအေးငြိမ်းခြင်းကို “သီတလ”ဟု ခေါ်ကြ၏။ ထို“သီတလ”မှ အလယ်အက္ခရာ (တ၀မ်းပူ)ဖြုတ်၍ သီလဟု ခေါ်ကြပါသည်။ သတ္တ၀ါ တို့၏ သန္တာန်၌ ကိလေသာအပူဟူသမျှတို့ကို ငြိမ်းအေးအောင် ပြုလုပ်ပေးတတ်သောကြောင့် သီလဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။
ထို့ပြင် သီလဆိုသည်မှာ ကောင်းသောအကျင့်ဟု ဆိုလိုပါသည်။ ကောင်းသောအကျင့်ဆိုသည်မှာလည်း.....
၁။ မိမိ၏စိတ်ကို ကောင်းစွာထားရှိခြင်း။
၂။ မိမိလုပ်သောအလုပ်သည် ကောင်းသောအလုပ်သာဖြစ်ခြင်းဟု နှစ်မျိုးရှိပါသည်။
မိမိ၏စိတ်ကို ကောင်းစွာထားရှိခြင်း
မိမိ၏စိတ်ကို ကောင်းစွာထားရှိခြင်းဆိုသည်မှာ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ကို ဖရိုဖရဲမရှိစေရန် ထိန်းသိမ်းခြင်းကို ဆိုလိုပါသည်။ သီလမစောင့်ထိန်းသောသူ၏ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့သည် အထိန်းမရှိသောချည်းကဲ့သို့ ဖရိုဖရဲဖြစ်နေတတ်ပါသည်။ သီလစောင့်ထိန်းထားမှသာ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ကို ဖရိုဖရဲမဖြစ်အောင် ထိန်းနိုင်ပါလိမ့်မည်။
စိတ်နေစိတ်ထား ခက်ထန်ကြမ်းတမ်းသူ တစ်ယောက်သည် သီလစောင့်ထိန်းထားပါက အခြားသောသူများ သည်းမခံနိုင်လောက်အောင် လာရောက်ပြောဆို ရန်စပါသော်လည်း သီလစောင့်ထိန်းထားသောကြောင့် အတုန့်အပြန်လက်စားချေလိုသော ကာယကံမှု၊ ၀စီကံမှု၊ မနေကံမှု သောင်းကျန်းးမှုများမဖြစ်အောင် ကောင်းစွာ ထိန်းနိုင်ပါလိမ့်မည်။ အကယ်၍ ထိုသို့မဟုတ်ဘဲ သီလဆောက်တည်မထားပါက ထိုသူ၏ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့သည် တားမရဆီးမရဖြစ်ပြီး ဖရိုဖရဲ သောင်းကျန်းမှုများ ပြုလုပ်မည်မှာ သေချာသလောက် ဖြစ်ပေသည်။
မိမိအလုပ်သည် ကောင်းသောအလုပ်ဖြစ်ခြင်း
ကုသိုလ်တရားမှန်သမျှသည် သီလနဲ့မကင်းသောကြောင့် သီလရှိသောသူသည်သာလျှင် ကောင်းသောကုသိုလ် အလုပ်တို့ကို လုပ်ဖြစ်ပါလိမ့်မည်။ သီလသည် ကုသိုလ်တရားတို့၏ မူလအကြောင်းရင်းဖြစ်၍ သီလကိုအခြေခံပြီး ကောင်းသောအလုပ်တို့ကို လုပ်ကြရပါသည်။ သီလမရှိသောသူသည် ကောင်းသောအလုပ်တို့ကို လုပ်ဖြစ်ပါသော်လည်း ထိုလုပ်သောကောင်းမှုကုသိုလ်တို့သည် သီလရှိပြီးလုပ်သောသူလောက် အကျိုးပေးထက်သန်မှု မရှိပေ။
ထို့ကြောင့် ဒါန သီလ ဘာဝနာဟူသော အကျင့်လမ်းစဉ်၌ ဒါနကိုရှေ့၌ထား၍ ဖော်ပြထားသော်လည်း သီလကိုအခြေခံ၍ပြုလုပ်သော ဒါနကုသိုလ် ဘာဝနာကုသိုလ်တို့သည် ပိုမို၍အကျိုးပေးထက်သန် စည်ပင်ပြန့်ပြောပါသည်။ သို့ဖြစ်၍ အလှူအတန်းများ၌ ရေစက်မချမီ ငါးပါးသီလ၊ ရှစ်ပါးသီလတစ်ခုခု ခံယူဆောက်တည်ပြီးမှ အလှူဒါနကို ရေစက်ချပေးခြင်းသည် ထိုအလှူဒါနအား အကျိုးပေးထက်သန်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။
ဒါနထက် သီလမြတ်ပုံ
ဒါနထက် သီလမြတ်သည်ဟုပြောလျှင် သာမန်တွေးတောကြည့်ပါက ၀န်ခံရန် ခဲယဉ်းပေးလိမ့်မည်။ သို့သော် လေးလေးနက်နက်စဉ်းစားကြည့်ပါက ခိုင်မာသောအကြောင်းအရာ အချက်အလက်တို့ကို တွေ့ရပါလိမ့်မည်။ ကောင်းမှုကုသိုလ် အလုပ်မှန်သမျှတို့သည် သူတစ်ပါးမဆင်းရဲအောင် စောင့်ရှောက်သောအလုပ်နှင့် သူတစ်ပါးချမ်းသာအောင် ကူညီသောအလုပ်များ ဖြစ်ပါသည်။
ဒါနအလုပ်နှင့် သီလအလုပ်နှစ်မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုလုပ်ပေးသော အလုပ်ဖြစ်၍ သီလအလုပ်သည် သူတစ်ပါးဆင်းရဲဒုက္ခမရောက်အောင် စောင့်ရှောက်သောအလုပ် ဖြစ်ပေသည်။ ထိုဒါနအလုပ်နှင့် သီလအလုပ်တို့ကို နားလည်အောင် ရှင်းပြမှသာလျှင် ဘယ်အရာက ပိုမြတ်ကြောင်းကို သိသာထင်ရှားပြီး နားလည်လိမ့်မည်ဖြစ်သောကြောင့် ထိုနှစ်မျိုး၏အကျယ်ကို အနည်းငယ်ရှင်းပြလိုပါသည်။
ဒါနအလုပ်ဆိုသည်မှာ
ဒါနအလုပ်ဆိုသည်မှာ “ဘယ်သူမပြု မိမိမှု”ဟု ဆိုသည့်အတိုင်း သတ္တ၀ါတစ်ဦးတစ်ယောက်သည် သူကံအားလျော်စွာ ဆင်းရဲနေသူကို မိမိကကူညီထောက်ပံ့ခြင်း၊ စွန့်ကြဲပေးကမ်းခြင်းသည် ဒါနအလုပ် ဖြစ်ပါသည်။ ထို့အတူ ပစ္စည်းလေးပါးရှားပါးသော ရဟန်းသာမဏေတို့အား လှူဒါန်းခြင်းသည်လည်း ကူညီရာရောက်သော ဒါနအလုပ်ပင် ဖြစ်ပါသည်။ ဘုန်းကံကြီးမား၍ ပစ္စည်းလေးပါးပေါများသော ရဟန်း သာမဏေတို့အား ထိုရဟန်းသာမဏေတို့ထံ၌ မရှိသေးသော ပစ္စည်းအရာဝတ္ထုများကို လှူဒါန်းခြင်းသည်လည်း ကူညီရာရောက်သော ဒါနအလုပ်ပင် ဖြစ်ပါသည်။
ထို့ကြောင့် ဒါနအလုပ်ဟူသမျှသည် ဆင်းရဲသူများမှအစ ရဟန်းသံဃာအားလုံးအပါအ၀င် ကမ္ဘာပေါ်မှာရှိသော သတ္တ၀ါအားလုံးတို့အား ချမ်းသာအောင် ကူညီစောင့်ရှောက်သော အလုပ်ကောင်းတစ်မျိုးဖြစ်ပါသည်။
သီလအလုပ်ဆိုသည်မှာ
သီလအလုပ်ဆိုသည်မှာ သူတစ်ပါးဆင်းရဲဒုက္ခမရောက်အောင် စောင့်ရှောက်ထိန်းသိမ်းသော အလုပ်ဖြစ်ပါသည်။ ပါဏာတိပါတာဝေရာမဏိစသော သီလသိက္ခာပုဒ်များကို မစောင့်ထိန်းဘဲ တွေ့သမျှသတ္တ၀ါတို့အား လိုက်၍ သတ်နေလျှင် အသတ်ခံရသော ပုဂ္ဂိုလ်သတ္တ၀ါများ မည်မျှဆင်းရဲ ဒုက္ခရောက်မည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။ “ပါဏာတိပါတ”သိက္ခာပုဒ်မစောင့်ထိန်းဘဲ သတ်ချင်းတိုင်း သတ်နေကြသည့်အတွက် မြစ်, ပင်လယ်, ချောင်းများ၌ရှိသော ငါးစသောသတ္တ၀ါများ၊ မြို့ရွာတို့၌ရှိသော နွား၊ ကျွဲ၊ ဆိတ်၊ ကြက်၊ ၀က်၊ ငှက်အစရှိသော သတ္တ၀ါများ အသတ်ခံရ၍ မည်မျှဆင်းရဲရှာကြမည်ကိုလည်းကောင်း၊ လူအချင်းအချင်း ညှင်းပန်းနှိက်စက်ပြီး ရက်စက်စွာသတ်ဖြတ်မှုမှစ၍ စစ်အကြီးအကျယ်ဖြစ်ပြီး သွေးယိုစီးကျအောင် သတ်နေကြသည်ကိုလည်းကောင်း၊ ကမ္ဘာအရပ်ရပ်ဝယ် စစ်ဖြစ်တော့မည်ဟုကြားရလျှင် လူသားများ မည်မျှစိတ်ဆင်းရဲရသည်ကိုလည်းကောင်း စဉ်းစားကြည့်ပါက ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ “ပါဏာတိပါတ” သီလတစ်ပါးကို မစောင့်ထိန်းနိုင်သောကြောင့် တစ်ယောက်နှစ်ယောက်ကစ၍ ကမ္ဘာပေါ်မှာရှိသော သတ္တ၀ါ အားလုံး ဆင်းရဲဒုက္ခရောက်နေကြရသည် မဟုတ်ပါလော။
“ပါဏာတိပါတ”သီလကို စောင့်ထိန်း၍ ရှောင်ကြဉ်လိုက်နာကြပါမှု သတ်ပုတ်ရိုက်နှက် ညှင်းပန်းနှိက်စက်ခံရ၍ မျက်ရည်တလည်လည်းနဲ့ အားငယ်ကြရသောဆင်းရဲ၊ မချိမဆံ့ခံစားကြရသောဆင်းရဲများမှ ကယ်ဆယ်ရာ ရောက်သောကြောင့် ဤသီလကို စောင့်ထိန်းသင့်ပါသည်။ တစ်ယောက်စောင့်ထိန်းလျှင် တစ်ယောက်အတွက်၊ နှစ်ယောက်စောင့်ထိန်းလျှင် နှစ်ယောက်အတွက်စသည်ဖြင့် ကမ္ဘာပေါ်ရှိသတ္တ၀ါအားလုံး စောင့်ထိန်းလျှင် သတ္တ၀ါအားလုံးအတွက် ထိုဆင်းရဲမျိုးမခံစားရတော့ဘဲ တွေ့မြင်သမျှသော သတ္တ၀ါတို့အပေါ်၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများထားလျှင် အလွန်ကျက်သရေရှိ၍ စိုစိုပြေပြေနဲ့ ပျော်ရွှင်စရာကောင်းသော ကမ္ဘာကြီး ဖြစ်နေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
ဒါနနှင့်သီလ နှိုင်းယှဉ်ချက်
အထက်၌ဖော်ပြခဲ့သော “ပါဏာတိပါတ”သီလတစ်ပါးတည်းနဲ့ပင် ဒါနနှင့်နှိုင်းယှဉ်ကြည့်လျှင် သီလက သာလွန်မြင့်မြတ်ကြောင်း သိသာထင်ရှားလှပါသည်။ သူတစ်ပါးက တစ်စုံတစ်ရာပေး၍ စိတ်ချမ်းသာနေသူ တစ်ယောက်နှင့် အသတ်ခံရမည့်ဆဲဆဲမှ လွတ်မြောက်လာ၍ စိတ်ချမ်းသာနေသူ တစ်ယောက်၏ ချမ်းသာသုခ ခံစားရပုံချင်း နှိုင်းယှဉ်ကြည့်လျှင် တစ်စုံတစ်ခုရ၍ ချမ်းသာမှုထက် အသတ်ဘေးမှ လွတ်မြောက်လာသူ၏ ချမ်းသာမှုက အဆရာထောင်မက သာလွန်မည်ကို စဉ်းစားကြည့်သူတိုင်း သိမြင်ပါလိမ့်မည်။
အစာမစားရလျှင် သေရတော့မည့်သူကို အစာကျွေးလိုက်သဖြင့် စိတ်ချမ်းသာမှုရသောသူသည် အသတ်ခံရတော့မည့်ဘေးမှ လွတ်မြောက်ခွင့်ရခဲ့သူ၏ စိတ်ချမ်းသာမှုကို မီနိုင်လိမ့်မည် မဟုတ်ပါ။
ထိုမှတစ်ပါး “အဒိန္နာဒါန”သီလကို စောင့်ထိန်းကြလျှင် ကမ္ဘာပေါ်မှာ သို့မဟုတ် မိမိ၏ပတ်ဝန်းကျင်မှာ ခိုးယူတိုက်ဖျက်လုယက်မှုများကင်း၍ စိတ်ချမ်းသာစွာဖြင့် နေရပါလိမ့်မည်။ “ကာမေသုမိစ္ဆာစာရ”သီလကို စောင့်ထိန်းကြလျှင် သူတစ်ပါး၏ သားမယားကို ဖျက်ဆီးမှု၊ မုဒိမ်းမှု၊ လင်ခိုး မယားခိုး နောက်မီးလင်းခြင်းများကင်းပြီး စိတ်ချမ်းသာစွာဖြင့် နေရပါလိမ့်မည်။ “မုသာဝါဒ”သီလကို စောင့်ထိန်းကြလျှင် မိတ်ပျက်ခြင်းစသည့်တို့ကင်းပြီး တစ်ဦးကိုတစ်ဦး ချစ်ခင်မှုများဖြစ်ကြပြီး စီးပွားပျက်သော အခြေအနေများ မဖြစ်ကြရ၍ စိတ်ချမ်းသာစွာဖြင့် နေရပါလိမ့်မည်။ “သုရာမေရယ”သီလကို စောင့်ထိန်းကြလျှင် မူးရူးပြီးမိုက်မဲစွာဖြင့် အော်ဟစ်ဆဲရေးသောင်းကျန်းမှုများ၊ ပတ်ဝန်းကျင်ကို နှောက်ယှက်မှုများ၊ ရန်ဖြစ်မှုများ ဖြစ်၍ ရုံးရောက်တတ်မှုများ ကင်းဝေး၍ အားလုံးသောပုဂ္ဂိုလ်များ စိတ်ချမ်းသာမှုများ ရရှိပါလိမ့်မည်။
` ဤကဲ့သို့ အခြားသောသီလတို့ကို စောင့်ထိန်းလျှင် မည်သို့မည်မျှ ချမ်းသာမှုရမည်ကို စဉ်းစားကြည့်လျှင် သိနိုင်ပေလိမ့်မည်။ ဤနေရာ၌ “ပါဏာတိပါတသီလ”၏ အကျယ်ကို သိရလျှင် ကျန်သောအဒိန္နာဒါနအစရှိသော သီလတို့၏ အကျယ်ကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားကြည့်ကြပါကုန်။
ကူဋဒန္တပုဏ္ဏားကြီးက အလှူဒါနအကြီးအကျယ်ပေးလို၍ အဘယ်ကဲ့သို့ ပြုလုပ်ရမည်နည်းဟု မြတ်စွာဘုရားရှင်ကို လျှောက်ထားသောအခါ ဘုရားရှင်က သူများကို ချမ်းသာအောင် အလှူဒါနပေးလှူခြင်းထက် သူတစ်ပါး ဆင်းရဲဒုက္ခမရောက်အောင် ငါးပါးသီလအစရှိသော သီလတို့ကို စောင့်ထိန်းခြင်းက သာ၍မွန်မြတ်ကြောင်း ဟောကြားခဲ့ပါသည်။
သို့ဖြစ်၍ အနည်းဆုံး ငါးပါးသီလကို မိမိကိုယ်တိုင်စောင့်ထိန်း သူတစ်ပါးတို့ကိုလည်း စောင့်ထိန်းအောင် နည်းပေးလမ်းညွှန်မှု ပြုလုပ်ပေးပြီး သတ္တ၀ါအားလုံးတို့အပေါ်၌ မေတ္တာ ကရုဏာထားနိုင်မည်ဆိုလျှင် ထိုသူသည် ”လူကောင်း”တစ်ယောက် အရည်အချင်းနဲ့ ပြည့်စုံသောကြောင့် “လူကောင်း” တစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။
သုမနပန်းသည်၏ သဒ္ဓါတရား ကောင်းမွန်ပုံ
သုမနပန်းသည်သည် ဗိမ္ဗိသာရမင်းကြီးကို နေ့စဉ်မပြတ် နံနက်တိုင်း ပန်းဆက်သရပါသည်။ ထို့သို့ဆက်သလျှင် တစ်နေ့ကို အသပြာရှစ်ကျပ်ရလေသည်။ တစ်နေ့ဝယ် သုမနပန်းသည်သည် မင်းကြီးကို ဆက်သရန် မြတ်လေးပန်းတို့ကို ယူဆောင်လာစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာသော ဘုရားရှင်နဲ့တွေ့၍ ဖူးမြင်ရသောအခါ ကြည်ညိုသောသဒ္ဓါတရားများ တဖွားဖွား ဖြစ်ပေါ်လာသဖြင့် လှူရန်ပစ္စည်းလိုက်ရှာကြည့်သောအခါ တစ်စုံတစ်ခုသောဝတ္ထုကိုမျှ မမြင်ဘဲ ဖြစ်နေပါသည်။
ထိုအခါ သုမနပန်းသည်သည် ”ယခု ငါယူလာခဲ့သော မင်းကြီးအား ဆက်သရမည့်ပန်းတို့ကို လှူဒါန်းပူဇော်မည်။ မင်းကြီးသည် သူ့ကို ဆက်သရမည့် ပန်းတို့ကို မဆက်သ၍ ငါ့ကိုဖမ်းချင်လည်း ဖမ်းပါစေ၊ သတ်ချင်လည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်ထုတ်ချင်လည်း နှင်ထုတ်ပါစေ၊ ထိုမင်းကို ဆက်သလျှင် ငါ့အား တစ်ဘ၀စာ လုံလောက်ရုံမျှသော ဥစ္စာများကိုသာ ပေးလိမ့်မည်။ ဘုရားရှင်အား လှူဒါန်းလျှင် တစ်သံသရာလုံး၌ ချမ်းသာမည့်အပြင် အမြတ်ဆုံး အချမ်းသာဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း ရောက်ပေလိမ့်မည်” ဟု ယုံကြည်ခြင်းသဒ္ဓါတရား လွန်ကဲစွာဖြင့် မိမိအသက်ကို ပဓာနမထားဘဲ မတွန့်မဆုတ်သော သဒ္ဓါတရားဖြင့် မြတ်လေးပန်းတို့ကို လှူဒါန်းပူဇော်လေသည်။
သုမနပန်းသည် လှူဒါန်းသော ပန်းတို့သည် ဘုရားရှင်၏ ဦးထိပ်အထက် လက်ဝဲလက်ယာ ခြံရံလျက် လိုက်ပါကြလေသည်။ စိတ်မရှိသော ပန်းတို့သည် စိတ်ရှိသော ဘုရားရှင်ကို အမှီပြု၍ စိတ်ရှိသကဲ့သို့ ဘုရားရှင်နဲ့အတူတကွသာလျှင် တည်နေကြ၏။ ဘုရားရှင်ကြွတော်မူလျှင် လိုက်ပါသွားပြီး ဘုရားရှင်ရပ်တော်မူလျှင် ရပ်နေကြကုန်၏။ သုမနပန်းသည်သည် မိမိလှူသောပန်းတို့နှင့် မြတ်စွာဘုရားရှင်၏ တင့်တယ်ခြင်းတို့ကို မြင်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး၌ ပီတိများဖြင့် ပြည့်နေလေသည်။
သုမနပန်းသည်သည် ဘုရားရှင်ကို ရှိခိုးပြီးလျှင် ပန်းမရှိသောခြင်းကိုကိုင်ပြီး အိမ်သို့ပြန်လာလေသည်။ အိမ်ရောက်သောအခါ သူ့၏မယားအား ဘုရားရှင်ကို ပန်းတို့ဖြင့် ပူဇော်ခဲ့ကြောင်း ပြောပြရာတွင် မယားဖြစ်သူက ထိတ်လန့်ခြင်းများဖြစ်ပြီး ”ထိုပန်းတို့ကို ဘုရားရှင်အားလှူဒါန်းခဲ့လျှင် မင်းကြီးအား ဆက်သရန် မည်ကဲ့သို့လုပ်မည်နည်း”ဟု မေးလေသည်။
ထိုအခါ သုမနပန်းသည်က ”ချစ်နှမ ငါသည် ငါ့အသက်ကို ပဓာနမထားဘဲ ငါ့အသက်ကိုစွန့်လွှတ်ပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မင်းကြီးသည် ငါ့အား ပေးချင်သည့်ပြစ်ဒဏ်ပေးပါစေ အသင်ချစ်နှမသည် လူအပေါင်းတို့ ကြွေးကြော်သော အသံကို မကြားဘူးလား၊ ထိုအသံသည် ငါပန်းပူဇော်ရာ၌ အံ့ဖွယ်သရဲဖြစ်၍ ကြွေးကြော်ကြသော အသံဖြစ်ပေသည်”ဟု ပြောလေသည်။ မိုက်မဲတွေဝေလှသော သုမနပန်းသည်၏ မယားသည် ဤသို့အံ့ဖွယ်ဖြစ်သော အလှူဒါန၌ ကြည်ညိုနှစ်သက်ခြင်းမဖြစ်ဘဲ လင်ဖြစ်သူအား “မင်းတို့မည်သည် တစ်ကြိမ်ဖြစ်သောအမှုဖြင့် လက်ခြေတို့ကိုဖြတ်ခြင်း အစရှိသော အကျိုးစီးပွါးမဲ့အောင် ပြုလုပ်တတ်ကုန်၏။ အသင်ပြုသော အမှုသည် ငါ့နဲ့မဆိုင်”ဟု ဆဲဆိုပြီးလျှင် ကလေးများကိုခေါ်၍ မင်းနန်းတော်သို့သွားပြီး မင်းကြီးအား သူမ၏လင် သုမနပန်းသည်ပြုလုပ်သော အမှုကိစ္စသည် သူနဲ့မပတ်သတ်ကြောင်း ကြိုတင်လျှောက်ထားလေသည်။
အမှာစာ=ထိုကဲ့သို့ ဇနီးမောင်နှံနှစ်ယောက်သည် စိတ်ဓာတ်ချင်း မတူပါက ပစ္စုပ္ပန်ဘ၀တွင်သာ ဒုက္ခရောက်သည်မဟုတ်၊ သံသရာတစ်လျှောက်လုံးပါ ဒုက္ခရောက်နိုင်ပါသည်။ ဇနီးမောင်နှံနှစ်ယောက်တွင် တစ်ဦးက ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုများကို လုပ်ချင်သော်လည်း ကျန်တစ်ဦးက မလုပ်ချင်၍ တားမြစ်ပိတ်ပင် ချောက်တွန်းမည်ဆိုလျှင် ကောင်းမှုကုသိုလ် လုပ်ချင်သောသူသည် မျက်မှောက်တမလွန် နှစ်ဖြာလုံးပါ ဒုက္ခနဲ့ရင်ဆိုင်ရမည်မှာ သေချာပါသည်။ ထို့ကြောင့် အိမ်ထောင်ပြုသည်ဆိုသည်မှာ မျက်မှောက်ဘ၀ကိုသာကြည့်၍ အိမ်ထောင်မပြုသင့်ပါ။ တမလွန်အတွက်ပါကြည့်ပြီး ဇနီးမောင်နှံရွေးချယ်သင့်ပါသည်။
မိမိနှင့်အိမ်ထောင်ပြုမည့်သူသည် မိမိကဲ့သို့သော စိတ်သဘောထား၊ ဘာသာတူမတူ၊ ဘာသာရေးလိုက်စားမှုရှိမရှိစသော အချက်အလက်တို့ တူညီမှုရှိရန် အထူးလိုအပ်ပါသည်။ သို့မှသာ မျက်မှောက်ဘ၀၌လည်း သာယာပျော်ရွှင်အောင်၊ စီးပွားရေးတိုးတက်အောင်၊ အိမ်ထောင်ရေးအဆင်ပြေအောင် နေနိုင်မည့်အပြင် တမလွန်အတွက်လည်း ကောင်းမှုကုသိုလ်ပြုလုပ်သောအခါ နှစ်ဦးသဘောတူ ပြုလုပ်ရ၍ စိတ်ပျော်ရွှင်မှုရရှိပြီး ချမ်းသာသုခမှန်သမျှတို့ကို မျက်မှောက်တမလွန်နှစ်ဖြာလုံး၌ ရရှိမည်ဖြစ်ပါသည်။
ထိုသို့မဟုတ်ဘဲ စိတ်ထားမတူ၊ ဘာသာမတူ၊ ဘာသာရေးလိုက်စားမှု မတူညီသောသူတို့ အိမ်ထောင်ကျလျှင် ထိုအိမ်ထောင်ရေးသည် မျက်မှောက်ဘ၀၌ ချမ်းသာစွာနေခဲ့ရလျှင်တောင်မှ တမလွန်ဘ၀အတွက် စိတ်အေးရမည် မဟုတ်ပေ။
ယခုခေတ်ကာလ၌ အိမ်ထောင်ပြုနေကြသူများကို လေ့လာကြည့်သောအခါ ငွေကြေးဥစ္စာနှင့် ရာထူးဂုဏ်သိက္ခာတို့ကို ကြည့်၍လည်းကောင်း တဏှာကို ဦးစားပေး၍လည်းကောင်း အိမ်ထောင်ပြုနေကြသည်က များနေသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ အိမ်ထောင်ပြုကြသူတို့သည် အသိဉာဏ်ဗဟုသုတ နည်းပါးသောကြောင့်လည်းကောင်း၊ ဘာသာရေးစိတ်ဓာတ် နည်းပါးသောကြောင့်လည်းကောင်း မိုက်မဲစွာဖြင့် အိမ်ထောင်ပြုကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။
ဇနီးမောင်နှံနှစ်ယောက်တွင် အနည်းဆုံးတူညီရမည့် အချက်တို့မှာ စိတ်သဘောထား၊ ဘာသာနှင့် ဘာသာရေးးလိုက်စားမှု၊ နားလည်ပေးမှုတို့ရှိမှသာလျှင် မျက်မှောက် တမလွန်နှစ်ဖြာလုံး၌ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် နေနိုင်လိမ့်မည်ဟု ထင်မြင်မိပါသည်။
မိမိသည် ယခုအခါ လူ့ဘ၀ကို ရရှိနေသောကြောင့် ယခုဘ၀ထက် တမလွန်ဘ၀ကို ဦးစားပေး၍ ဘယ်ကိစ္စမဆို ပြုလုပ်ရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခု မိမိသည် လူ့ဘ၀ကို ရရှိနေပြီးဖြစ်သည့်အတွက် ထမင်းမစားရလို့ ငတ်သေရင်တောင် အကုသိုလ်မလုပ်မိပါက စိုးရိမ်ပူပန် ကြောက်လန့်စရာ မရှိပါ။ နောင်ဘ၀တွင် အကုသိုလ်မကောင်းမှု မရှိသောကြောင့် ကောင်းသောဘ၀မှာဖြစ်ရပြီး ကောင်းကျိုးများကို ခံစားရမည်မှာ သေချာပါသည်။ ထို့ပြင် မိမိသည် အရင်ဘ၀က ကောင်းမှုကုသိုလ်ရှိခဲ့သောကြောင့် အသိဉာဏ်ရှိသော လူ့ဘ၀မှာ ရောက်လာပြီး ဖြစ်သည့်အတွက် ဒီဘ၀သည် နောက်ဘ၀လောက် ပူပန်းစရာ မလိုပါ။ နောက်ဘ၀မှာ မိမိသည် ဒီထက်နှိမ့်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုသည့် အပါယ်လေးဘုံများ ရောက်မည်လား၊ ဒီထက်မြင့်သည့် နတ်ဘုံ၊ ဗြဟ္မာ့ဘုံများ ရောက်မည်လားဆိုတာ မသေချာသေးပါ။ ထို့ကြောင့် ယခုရနေတဲ့ လူ့ဘ၀အတွက်ထက် နောက်ဘ၀ကောင်းစားအောင် ကုသိုလ်ကောင်းမှုလုပ်ရန် အဓိကဦးစားပေး လုပ်ဆောင်သင့်ပါသည်။
အဆက်= ဗိမ္ဗိသာရမင်းကြီးသည် ရှေးဦးစွာ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရစဉ်ကပင် သောတာပန်တည်ခဲ့သူ ဖြစ်၏။ “ဤမိန်းမသည် အလွန်မိုက်မဲတွေဝေလေစွ၊ ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတို့၌ နှစ်သက်ကြည်ညိုခြင်းကို မဖြစ်ဘဲ အပြစ်မြင်နေသည်မှာ အံ့သြဖွယ်ကောင်းလေစွ”ဟု မင်းကြီးသည် စဉ်းစားပြီးနောက် “အသင်ပန်းသည်မ ယခုအခါ သင်သည် သုမနပန်းသည်ကို စွန့်လွှတ်လိုက်ခြင်းသည် အလွန်ကောင်းပေစွ၊ သုမနပန်းသည်သည် ငါ့ကိုဆက်သရမည့် ပန်းတို့ကို ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ခြင်းကြောင့် ငါ့အကြောင်းကို သိစေရမည်”ဟု သုမနပန်းသည်ကို အမျက်ထွက်သည့်ဟန်ဖြင့် ပြောဆိုပြီး ပန်းသည်မကို ပြန်ခိုင်းလိုက်လေ၏။ ထိုမိန်းမသည် သူ့ကို အမှုမပတ်တော့သဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး ပြန်သွားလေသည်။
ဗိမ္ဗိသာရမင်းကြီးသည် သုမနပန်းသည်ကို ခေါ်ခိုင်းပြီး ရောက်လာသောအခါ “ငါ့အားဆက်သရန် ယူဆောင်လာသော ပန်းတို့ကို အဘယ်သို့နှလုံးသွင်းပြီး ဘုရားရှင်အား လှူဒါန်းပူဇော်လိုက်ပါသလဲ”ဟု မေးသောအခါ သုမနပန်းသည်က “အရှင်မင်းကြီးသည် အကျွန်ုပ်အား သတ်လိုလည်း သတ်ပါစေ၊ တိုင်းပြည်မှ နှင်းထုတ်မှုလည်း နှင်းထုတ်ပါစေဟု အသက်ကိုစွန့်ပြီး လှူဒါန်းပူဇော်ခဲ့ပါသည်”ဟု လျှောက်ထားလေသည်။ ထိုကဲ့သို့ သုမနပန်းသည် ဖြေကြားပြီးသောအခါတွင် မင်းကြီးသည် သုမနပန်းသည်ကို ဆုတော်လာဘ်တော်များ ပေးလိုက်လေသည်။
သုမနပန်းသည်၏ အလှူဒါနသည် အံ့သြဖွယ်ကောင်းသောကြောင့် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်အား ဘယ်လိုသောအကျိုးကျေးဇူးများ ရလိမ့်မည်နည်းဟု မေးလေ၏။ ထိုအခါ ဘုရားရှင်က “သုမနသည်သည် ငါ့ဘုရားအား ကြည်ညိုသောသဒ္ဓါတရား ပြင်းထန်စွာဖြစ်ပြီး အသက်ကိုစွန့်လွှတ်၍ လှူဒါန်းပူဇော်ပူဇော်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး အပါယ်လေးပါးသို့ မကျရောက်ရဘဲ သုမနမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်။ အကြင်သို့သော ကောင်းမှုကုသိုလ်ကို ပြုအပ်သည်၏အဖြစ်ကြောင့် နောင်တတဖန် ပူပန်ကြေကွဲဆင်းရဲခြင်း မဖြစ်၊ အောက်မေ့တိုင်း အောက်မေ့တိုင်းခဏ၌ နှစ်သက်ဝမ်းသာခြင်း ပီတိသောမနဿသာလျှင် ဖြစ်၍နေ၏။ ထိုကဲ့သို့ နောင်တတဖန် မပူပန်ရသော နှလုံးပီတိတို့ဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်၍ ဆည်းပူးကြိုးကုတ် အားထုတ်အပ်သော ကောင်းမှုကုသိုလ်၏ အကျိုးတရားသည် မျက်မှောက်တမလွန်နှစ်ဖြာလုံး၌ ကောင်းမွန်သောချမ်းသာသုခတို့ကိုသာ ခံစားရလိမ့်မည်”ဟု မိန့်ကြားတော်မူလေသည်။
ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ကောင်းမှုကုသိုလ်ပြုလုပ်ခွင့်ရသော ဘုရားသာသနာနဲ့လည်း တွေ့ကြုံနေချိန်၊ လူ့ဘ၀ကိုလည်း ရရှိနေချိန်၊ ကောင်းမှုမကောင်းမှုကို ခွဲခြားတတ်သော ဗုဒ္ဓရဲ့အသိဉာဏ်ရှိနေချိန်တွင် ကောင်းမှုကုသိုလ်ကို မပြုလုပ်ပါက ထိုသူထက်မိုက်သောသူ အဘယ်မှာရှိတော့မည်နည်း။ ကောင်းမှုကုသိုလ်ပြုလုပ်သောအခါ၌လည်း သုမနပန်းသည်ကဲ့သို့ အသက်ကိုစွန့်ပြီး ယုံကြည်သောသဒ္ဓါတရား မဖြစ်နိုင်စေကာမှု သဒ္ဓါတရားအပြည့်အ၀ဖြင့် ယုံကြည်ပြီး လှူဒါန်းကြရန် လိုပါသည်။
သို့မှသာလျှင် သုမနပန်းသည်ကဲ့သို့ မျက်မှောက်ဘ၀မှာလည်း ချမ်းသာပြီး တမလွန်ဘ၀မှာလည်း နိဗ္ဗာန်သို့မရောက်သေးသမျှ ကာလပတ်လုံး ချမ်းသာသုခခံစားရာအမှန် လူ့ဘ၀၊ နတ်ဘ၀တို့သို့သာ ရောက်ရှိခံစားရမည် ဖြစ်ပါသည်။
လူတော်လူကောင်း အဆက်
တစ်ဖန် သဒ္ဓါတရားသည် ငွေကြေးဥစ္စာနဲ့လည်း တူပါသည်။ ငွေကြေးဥစ္စာသည် မိမိလိုရာကို လဲလှယ်၍ရသကဲ့သို့ ဥစ္စာပိုင်ရှင်ကိုလည်း အရှိန်အ၀ါ ကြီးမားမြင့်တက်သွားစေပြီး နှစ်သက်ရွှင်ပြုံစေခြင်းနှင့် ချမ်းသာသုခကိုလည်း ဖြစ်စေပါသည်။ ထို့အတူ သဒ္ဓါဟူသော ဥစ္စာရှိလျှင်လည်း လိုအပ်သော တရားစွမ်းအားများကို လဲလှယ်ယူနိုင်ပါသည်။ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်ကို ပီတိသောမနဿများဖြင့် အရှိန်အ၀ါ ကြီးမားစေပြီး မြင့်တက်သွားစေပါသည်။ သဒ္ဓါတရားရှိနေသောကြောင့် နှစ်သက်ရွှင်ပြုံချမ်းသာနေမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပါသည်။
လောကတွင် ငွေကြေးဥစ္စာ အမြောက်အများရှိသော ပုဂ္ဂိုလ်သည် သဒ္ဓါတရားမရှိပါက ရတနာသုံးပါးကို ယုံကြည်ခြင်း၊ ကိုးကွယ်ခြင်းအစရှိသော ကောင်းမှုကုသိုလ်တို့ကို ပိုင်ဆိုင်ခွင့်မရှိသောကြောင့် ဘ၀သံသရာအတွက် ရင်လေးစရာ ကောင်းလှပါသည်။ ထို့ကြောင့် သဒ္ဓါတရားဟူသော ငွေကြေးဥစ္စာရှိဖို့က လောကလူသားတို့မှာ ပို၍အရေးကြီးလှပါသည်။ သို့မှသာလျှင် သံသရာခရီး ဖြောင့်ဖြူစွာဖြင့် ဖြတ်သန်းနိုင်မည် ဖြစ်ပါသည်။
နောက်တစ်မျိုးအားဖြင့် သဒ္ဓါတရားသည် မျိုးစေ့နဲ့လည်း တူပါသည်။ လောကမှာ ရေမြေကောင်းမွန် ပြည့်စုံပေမဲ့ စိုက်ပျိုးစရာ မျိုးစေ့မရှိလျှင် အပင်ပေါက်အောင် မလုပ်နိုင်ပါ။ မျိုးစေ့ရှိမှသာ အပင်ပေါက်အောင် စိုက်ပျိုးနိုင်ပါသည်။ ထို့အတူ ယုံကြည်လက်ခံမှု သဒ္ဓါတရားမျိုးစေ့မရှိလျှင် ဘုရားသာသနာနဲ့တွေ့နေပေမဲ့၊ ဘ၀ကောင်း နေရာကောင်းမှာ နေရပေမဲ့၊ ကောင်းမှုကုသိုလ်များ တိုးပွားအောင် မလုပ်နိုင်ပါ။ သဒ္ဓါတရားဟူသော မျိုးစေ့ရှိမှသာလျှင် ကုသိုလ်ကောင်းမှုများ လုပ်နိုင်၍ တရားစွမ်းအားများ ကုသိုလ်စွမ်းအားများ တိုးပွားလာသောကြောင့် မျက်မှောက် တမလွန်နှစ်ပါးလုံး၌ ကိုယ်စိတ်ချမ်းသာစွာဖြင့် နေသွားရပါလိမ့်မည်။
အများအားဖြင့် စိတ်အစဉ်ကို သဒ္ဓါတရားနဲ့ တံခါးဖွင့်မပေးလျှင် စိတ်ထဲမှာ ဟာတာတာဖြစ်လာတိုင်း မကောင်းမှုဒုစရိုက်အမှိုက်တွေ၊ အရက်သေစာမူယစ်ဆေးဝါးတွေကို ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းမိတတ်ပါသည်။ ထိုသို့ ထည့်သွင်းသော်လည်း စိတ်ဟာတာသည် ထင်သလိုပြေပျောက်မသွားဘဲ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေးများ ထိခိုက်ပြီး ဆုံးရှုံးနစ်နာမှုများဖြင့်သာ ရင်ဆိုင်ကြရပါသည်။
ထို့ကြောင့် မိမိ၏စိတ်ကို မိမိဘာသာထိန်းနိုင်ရန် တရားဓမ္မရှိရန် လိုပါသည်။ တရားဓမ္မရှိမှသာလျှင် မှန်ကန်သောအသိပညာနဲ့ ထိန်းနိုင်သောကြောင့် အမှားများမပြုလုပ်မိ၍ ဆုံးရှုံးနစ်နာမှုများဖြင့် မတွေ့ကြုံရမည် ဖြစ်ပါသည်။ ဆုံးရှုံးနစ်နာမှုများနဲ့ မတွေ့ကြုံရအောင် စိတ်ထဲမှာ ဟာတာတာဖြစ်လာတိုင်း တရားများကို အာရုံပြု အသိဉာဏ်နဲ့ဆင်ခြင်တက်ဖို့ရန်အတွက် သဒ္ဓါတရားတံခါးကို အစဉ်ဖွင့်ပေး ထားရပါမည်။
သဒ္ဓါတရား တံခါးဖွင့်မလွဲရန်လည်း ဂရုစိုက်ရပါမည်။ သဒ္ဓါတရား တံခါးဖွင့်လွဲသွားရင် မဟုတ်မမှန်သော နေရာတို့၌ယုံကြည်ပြီး သဒ္ဓါတရားကောင်းသွားလျှင် မိမိကောင်းသော သဒ္ဓါ တရားသည် မကောင်းဘက်မှာ လုပ်မိသောကြောင့် စိုးရိမ်ပူပန်မှု နောင်တရမှုစသော အပူအခိုးအငွေ့တွေ ၀င်လာတတ်ပါသည်။ သဒ္ဓါတရားသည် ကောင်းသောနေရာတို့၌ ထားတက်မှသာလျှင် စိတ်၏ငြိမ်းချမ်းမှုများ ရရှိပြီး ကောင်းသော သုခများ ခံစားရပါလိမ့်မည်။
ထို့ပြင် သဒ္ဓါတရားသည် သံသရာခရီးသွားတို့၏ အဖော်ကောင်းလည်း ဖြစ်ပါသည်။ အကြောင်းမှာ ကောင်းမှုတရားစွမ်းအင်ဖြစ်သော မိတ်ဆွေကောင်းများနဲ့ တွေ့ဆုံပေါင်းသင်းရင်းနှီးမှုရအောင် သဒ္ဓါတရားက မိတ်ဆက်ပေးသောကြောင့် ဖြစ်ပါသည်။ သဒ္ဓါတရားသည် ကောင်းမှုကုသိုလ်နဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်ပါသည်။ ကောင်းမှုကုသိုလ်ပြုလုပ်ရန် သဒ္ဓါတရားက မိတ်ဆက်ပေးသောကြောင့် ဒါန သီလ ဘာဝနာစသော ကောင်းမှုကုသိုလ်များ လုပ်ဖြစ်ပါသည်။ သဒ္ဓါတရားက မိတ်ဆက်မပေးပါက ကောင်းမှုကုသိုလ်လုပ်လျှင် အကျိုးရှိမှန်း၊ လုပ်ရမည့်အရာ၊ လူကောင်းတို့၏ အလုပ်ဖြစ်သည်ဟု သိမည်မဟုတ်ပါ။
တစ်ခါ သဒ္ဓါတရားသည် စိတ်ကိုအအေးပေးသော ကိရိယာလည်း ဖြစ်ပါသည်။ လူတစ်ယောက်၏စိတ်ထဲမှာ ခြစ်ခြစ်တောက် ပူလောင်နေသောအခါ ရေတို့လေတို့က ပကတိရုပ်ပိုင်းဆိုင်ရာကိုသာ အေးအောင် လုပ်ပေးနိုင်ပြီး သဒ္ဓါတရားကသာလျှင် စိတ်ကိုအေးအောင် ပြုလုပ်ပေးနိုင်ပါသည်။ သဒ္ဓါတရားကောင်းသလောက် အေးမြကြည်လင် ပျော်ရွှင်မှုကို ခံစားရပါလိမ့်မည်။
ဥပမာ-မိမိရဲ့စိတ်ထဲမှာ ပူလောင်မှုတစ်ခုခုဖြစ်လာလျှင် ဘုရားကိုအာရုံပြုခြင်း၊ ဘုရားဂုဏ်တော် ရွတ်ပွားခြင်း၊ တရားနာခြင်း၊ တရားစာအုပ်ဖတ်ခြင်းစသော ကောင်းမှုကုသိုလ် တစ်ခုခုကို ပြုလုပ်ပေးလျှင် မိမိရဲ့ စိတ်ခံစားမှုများ အေးမြကြည်လင်သွားပါလိမ့်မည်။ ထို့သို့မဟုတ်ဘဲ အပူပေါ်အပူဆင့်ပြီး မကောင်းတာလုပ်လျှင် မိမိစိတ်သည် ပို၍ပူလောင်မှာ သေချာပါသည်။ ချက်ခြင်းမပူလောင်လျှင်သော်မှ ထိုမကောင်းမှုအပူသည် မကြာခင် ခံစားလာရပါလိမ့်မည်။
ထို့ကြောင့် လူသားတို့သည် သဒ္ဓါတရားရှိပြီး သူ့နေရာနဲ့သူ အသုံးချတတ်မည့်ဆိုလျှင် ကောင်းမှုကုသိုလ်များ တိုးပွားပြီး ဘ၀သံသရာမှာ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် နေရပြီး သန္တိသုခနိဗ္ဗာန်ကိုလည်း မလွဲဧကန် အမှန်ပင် လျင်မြန်စွာ ရောက်ရှိရပါလိမ့်မည်။
အထက်၌ ဖော်ပြခဲ့သော သဒ္ဓါတရားသည် (၄)မျိုး ရှိပါသည်။ ထို(၄)မျိုးမှာ
(၁) အာဂမသဒ္ဓါ-ဘုရားလောင်းတို့၏ သဒ္ဓါတရားသည် အာဂမသဒ္ဓါ။
(၂) အဓိဂမသဒ္ဓါ-အရိယာတို့၏ သဒ္ဓါတရားသည် အဓိဂမသဒ္ဓါ။
(၃) သြကပ္ပနသဒ္ဓါ-ပုထုဇဉ်ပုဂ္ဂိုလ် အာသောကမင်း၊ အဇာတသတ်မင်းတို့၏ သဒ္ဓါတရားကဲ့သို့ ရတနာသုံးပါး အပေါ်၌ မတုန်မလှုပ် ယုံကြည်သောသဒ္ဓါတရားသည် သြကပ္ပနသဒ္ဓါ။
(၄) ပသာဒသဒ္ဓါ-ယုံကြည်ခြင်း သဒ္ဓါကို အာရုံမပြုဘဲ လှူဒါန်းသော သဒ္ဓါတရားသည် ပသာဒသဒ္ဓါ။
သဒ္ဓါတရား(၄)မျိုးရှိသော်လည်း ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သဒ္ဓါတရားသည် သြကပ္ပနသဒ္ဓါနှင့် ပသာဒသဒ္ဓါ (၂)မျိုးသာ ရှိပါသည်။ ထို့တွင် ပသာဒသဒ္ဓါ မဖြစ်ရန် အရေးကြီးပါသည်။ မိမိလှူသောအလှူသည် ပသာဒသဒ္ဓါ ဖြစ်ခဲ့ပါက လှူရကျိုးမနပ်ဘဲ ဖြစ်နေပေလိမ့်မည်။ သြကပ္ပနသဒ္ဓါဖြင့် ပေးလှူမှသာလျှင် မိမိလိုသော အကျိုးတရားများကို အပြည့်အ၀ ရရှိမည်ဖြစ်ပါသည်။ သြကပ္ပနသဒ္ဓါဖြစ်ရန် အထက်၌ဖော်ပြခဲ့သော သဒ္ဓါအကြောင်းကို သေချာနားလည်အောင် လေ့လာပြီး မိမိ၏စိတ်ကို ပြုပြင်ပေးထားရန် လိုအပ်လှပါသည်။
သဒ္ဓါနဲ့ပတ်သက်၍ သာဓကအနေဖြင့် တင်ပြရမည်ဆိုလျှင် အဇာတသတ်မင်းတို့၏ သဒ္ဓါတရား၊ အသောကမင်းတို့၏ သဒ္ဓါတရားအစရှိသည်ဖြင့် သဒ္ဓါတရားကောင်းမွန်သော ပုဂ္ဂိုလ်တို့ များစွာရှိပါသည်။ ဤနေရာ၌ အတုယူဖွယ်ကောင်းသော သဒ္ဓါတရားကို အသက်နဲ့လဲလှယ်ခဲ့သော ယောက်ျားလေး သုမနပန်းသည်၏ သဒ္ဓါတရားကောင်းပုံကို တင်ပြပေးချင်ပါသည်။
လူတော်လူကောင်း အဆက်
သဒ္ဓါအစစ် အတု ခွဲခြားပုံ
သဒ္ဓါအစစ်ဆိုသည်မှာ သဒ္ဓါ၏အကျယ်ဖွင့်ဆိုချက်၌ ဖော်ပြခဲ့သော အချက်အလက်တို့ကို အမှန်တကယ် တတ်သိနားလည်၍ ယုံကြည်ခြင်း၊ ကောင်းမွန်မှန်ကန်သော အကြောင်းအရာတို့ကို ယုံကြည်ခြင်း၊ အပြစ်ကင်းစင်၍ သန့်သန့်ရှင်းရှင်း ယုံကြည်ခြင်းတို့သည် သဒ္ဓါအစစ်ပင် ဖြစ်ပါသည်။
သဒ္ဓါအတုဆိုသည်မှာ ဘုရားက ရောင်ခြည်တော်မလွှတ်ပါဘဲ ”ရောင်ခြည်တော်လွှတ်သည်”ဟု ပြောဆိုပြီး ဘုရားကို မှီခိုစားနေသူတို့က လိမ်ပြောသည်ကို ယုံကြည်ခြင်း၊ ဓာတ်တော်အစစ် မဟုတ်ပါဘဲ ဓာတ်တော်အစစ်ဟု လိမ်ပြောသည်ကို ယုံကြည်ခြင်း၊ မိစ္ဆာအယူရှိသူများသည် မိမိတို့အယူဝါဒကို ယုံကြည်ခြင်းအစရှိသော လွဲမှားသော ယုံကြည်မှုများသည် သဒ္ဓါအစစ်မဟုတ်ပါ။ ရိုးအညံ့ဖျင်း အသိဉာဏ်မရှိသော မောဟအကုသိုလ်သာ ဖြစ်ပေသည်။
ထို့ပြင် အပြောကောင်း၊ အသံကောင်း၊ အကျိုးဆောင်ကောင်း၊ ဆေးကောင်း ၀ါးကောင်းပေးခြင်း၊ ဗေဒင်ဟောပေးခြင်း၊ ချဲထီတွက်ပေးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးသော ရဟန်းတော်များကို ”ကြည်ညိုလှပါသည်”ဟု ပြောဆိုကြသော မိန်းမများနှင့် အချို့သော ယောက်ျားများ၏ ကြည်ညိုလှူဒါန်းမှုများသည် သဒ္ဓါအစစ် မဖြစ်နိုင်ပါ။ ရင်းနှီးမှုတဏှာပေမ-မကင်းသော မောဟအကုသိုလ်ပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော သဒ္ဓါအတုကို ကျန်းဂန်တို့၌ ”မုဒ္ဓပန္န-ဖျင်းသောကြည်ညိုမှု”ဟု ပြဆိုထားပါသည်။
ထို့ကြောင့် ထေရ၀ါဗုဒ္ဓဘာသာ အစစ်အမှန်ဖြစ်သော ပုဂ္ဂိုလ်များသည် သဒ္ဓါအစစ်ဖြင့် ပေးကမ်းလှူဒါန်းတက်ရန် အရေးကြီးလှပေသည်။ ထိုသို့မဟုတ်ဘဲ သဒ္ဓါအတုဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းပါက လိုအပ်သောအကျိုးထူးများ မရရှိဘဲ ဖြစ်နေပေလိမ့်မည်။ ယခုခေတ်ကာလသည် အညာအဖြန်းပေါသော ကာလဖြစ်သောကြောင့် သဒ္ဓါအစစ်ဖြင့် ပေးလှူတက်ရန် အထူးသတိထားပြီး ဆင်ခြင်စဉ်းစားမှုဖြင့် ပေးလှူမှသာလျှင် အကျိုးရှိသော သဒ္ဓါအစစ်ဖြစ်ရကား လိုအပ်သော အကျိုးထူးတရားများကို ရရှိပေလိမ့်မည်။
ယခုခေတ်၌ ဘာသာခြားတို့၏ သွေးဆောင်ဖြားယောင်းသည်ဘက်သို့ လိုက်သွားသူများလည်း ရှိပါသည်။ ထိုသူများသည် မိမိကိုယ်ပိုင်ဉာဏ်၌ သဒ္ဓါတရား အစစ်မရှိသောကြောင့် ဖြစ်ပေသည်။ ထိုသို့ ဘာသာခြားများက ဖြားယောင်းနေသည့်ခေတ်တွင် ဗုဒ္ဓဘာသာဆိုသူတို့အတွင်းမှာ တရားအဆန်း၊ ကမ္မဋ္ဌာန်အဆန်း၊ ဆေးဝါးအဆန်းတို့ဖြင့် လှည့်စားဖြားယောင်းသူများလည်း ရှိသေး၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို ပေးကမ်းလှူဒါန်းရာ၌လည်း သဒ္ဓါပေးမဟုတ်၊ တဏှာ-အချစ်ပေး အဖျင်းအနပေးသာ ဖြစ်ပေသည်။
ထိုအဆန်းအပြားဉာဏ်သမားများကို ပညာရှိသူတော်ကောင်းများနှင့် တာဝန်ရှိသူများသည် ”အရေးမစိုက်လောက်ဘူး”ဟု လျစ်လျူရှု့ထားသည့်အတွက် ထိုကဲ့သို့သော အဆန်းသမားများသည် အိမ်ဦးတက်လျက် ရှိကြပေသည်။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ တရားဘက်ဆိုင်ရာဝယ် မိန်းမသားများက ခေါင်းဆောင် လုပ်နေကြသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မည်သည့်ကိစ္စမဆို ယုံသင့် မယုံသင့် နှိုင်းချင့်ဖို့ရာ လိုပေသည်။ ထို့ပြင် ဘာသာရေးနှင့်ဆိုင်သော အသိဉာဏ်ပညာများကို ယခုလက်ရှိအခြေအနေထက် တိုးတက်ပြန့်ပွားရန် မိန်းမသားများက စပြီး အားလုံးကြိုးစားကြရန် လိုပေသည်။
သဒ္ဓါနှင့်ချစ်ခြင်းပေမ ရောနှောနေပုံ
ယခုခေတ်တွင် အချို့သော “လူတော်လူကောင်း”များ၌ သဒ္ဓါနှင့်ချစ်ခြင်းပေမ ရောနှောနေသည်ကို တွေ့ရပါသည်။ အနေအထိုင်နှင့်အပြော အဟော အဆုံအမ ကောင်းမွန်သော ပုဂ္ဂိုလ်ပေါ်တွင် အနေအထိုင် အပြောအဟော ကောင်းသည့်အတွက် ကြည်ညိုပြီး သဒ္ဓါတရား ဖြစ်ကြပါသည်။ မိမိကို သွန်သင်ဆုံးမသည့်အတွက် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်ကြ၏။ ထိုကဲ့သို့ ကြည်ညိုခြင်းသည်ကား သဒ္ဓါ-ချစ်ခင်ခြင်းသဘော ပေမရင်းနှီးခြင်းသာ ဖြစ်ပါသည်။
ဘုရားရှင်ကြည်ညိုသော ၀က္ကလိသည်ပင် ဘုရားရှင်ကို ချစ်ခင်နှစ်သက်သော ကြည်ညိုခြင်းဖြင့် ကြည်ညိုသောကြောင့် ချစ်ခြင်းပေမသာဖြစ်ခဲ့၏။ သဒ္ဓါအစစ်ဖြင့် ကြည်ညိုခြင်း မဟုတ်ပေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်က “ငါ၏ ခန္ဓာကိုယ်နှင့်ငါ့ကို သံယောဇဉ်ဖြင့် ချစ်ခင်ခြင်းဖြင့် တရားမရနိုင်၊ ငါဟောကြားသွန်သင်သော တရားတို့ကို လိုက်နာကျင့်ကြံမှသာလျှင် တရားထူးရရှိပြီး ငါ့ကိုချစ်ရာရောက်ပေမည်”ဟု မိန့်ကြားတော်မူခဲ့ပါသည်။ ထို့အတူ ဘုရားရှင်၏ ငယ်ကျွန်ရင်း ဆန္နအမတ်မထေရ်သည်လည်း ဘုရားရှင်အပေါ်၌ သခင်ချစ်ဖြင့် ချစ်ခင်ကြည်ညိုနေသည်မှာ သဒ္ဓါအစစ်မဟုတ်ဘဲ ချစ်ခြင်းပေမဖြင့်သာ ကြည်ညိုခဲ့လေသည်။ ထို့ကြောင့် ဆန္နအမတ်မထေရ်ကိုလည်း ရှေးနည်းတူစွာ ဟောပြောဆုံးမသောကြောင့် ဘုရားရှင်နားမှ ခွဲခွာပြီး တရားအားထုတ်မှသာလျှင် တရားထူးရခဲ့ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည် သဒ္ဓါနှင့်ပေမခွဲခြားပြီး ကြည်ညိုတက်ရန် လိုအပ်သကဲ့သို့ လှူဒါန်းပေးကမ်းတက်ရန်လည်း လိုပါသည်။ ပုထုဇဉ်လူသားမှန်သမျှသည် မိမိကို တစ်စုံတစ်ခု နှစ်သက်သဘောကျအောင် လုပ်ဆောင်ပေးသော ပုဂ္ဂိုလ်ကို ချစ်ခင်နှစ်သက်ခြင်းမှာ ဓမ္မတာဖြစ်နေ၏။ သို့သော်လည်း မိမိက ပေးကမ်းလှူဒါန်းသောအခါ သဒ္ဓါယုံကြည်ခြင်း အပြည့်အ၀ဖြင့် လှူဒါန်းမှသာလျှင် ကုသိုလ်အစစ်ဖြစ်ပြီး လိုအပ်သောအကျိုးတရားတို့ကိုလည်း အပြည့်အ၀ ရရှိပေမည်။ မိမိက ပေးကမ်းလှူဒါန်းမည်ဆိုလျှင် ထိုပုဂ္ဂိုလ်၏ မိမိအပေါ်၌ရှိသော ကျေးဇူးတရား နှစ်သက်ခြင်းသဘောတရားများကို ဖယ်ခွာပြီးလျှင် မိမိလှူဒါန်းရခြင်း အကျိုးကျေးဇူးသည် ဒုက္ခဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ရောက်ဖို့ဖြစ်သည်ဟု အာရုံပြုပြီး လှူဒါန်းကြရန် လိုပါသည်။
တခြားဆုများကို တောင်းတနေစရာ မလိုပါ။ နောက်ဆုံးပန်းတိုင်ကို ရောက်ဖို့ပြုလုပ်နေသူသည် အလယ်ကဖြတ်သန်းသွားရမည့် ရောက်ရမည့်နေရာကို မလိုချင် မဖြစ်ချင်လည်း သူ့အလိုလိုဖြစ်လာမည့် ရောက်လာမည့် အရာများဖြစ်ပါသည်။ နောက်ဆုံး ပန်းတိုင်ကို ရောက်မည်ဆိုမှတော့ ခြားက နေရာများသည် မရောက်ချင်လည်း ရောက်ပါလိမ့်မည်။ ဥပမာ- မန္တလေးမြို့မှ ရန်ကုန်ကို သွားမည့်လူသည် သူ၏ပန်းတိုင်ဖြစ်သော ရန်ကုန်ကို ရောက်မည်ဆိုလျှင် ရောက်အောင် သွားနေလျှင် မိမိဖြတ်သန်းကျော်လွှားရမည့် နေပြည်တော်မြို့၊ ပျောဘွယ်မြို့၊ ပဲခူးမြို့တို့ကို မရောက်ချင်လျှင်လည်း ရောက်ရပါလိမ့်မည်။ ထို့အတူ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို ဆုတောင်းပြီး ရောက်အောင် လုပ်နေလျှင် ခြားကဖြတ်သွားရမည့် လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ်များကို တောင်းတနေစရာမလိုပါ။
သဒ္ဓါနှင့်ပေမ ရောနှောနေလျှင် သဒ္ဓါသဘောက ကုသိုလ်အစစ်ဖြစ်သော်လည်း သံယောဇဉ်ပေမမှာ အကုသိုလ်ဖြစ်၏။ ထိုသို့သော သံယောဇဉ်များဖြစ်ပြီး ပုဂ္ဂိုလ်ခင်၍ တရားမင်ကာ အသိအလိမ္မာနှင့် ကုသိုလ်ပါရမီတိုးပွားမှု “အကုသလောဓမ္မော-အကုသိုလ်တရားသည်၊ ကုသလဿဓမ္မဿ-ကုသိုလ်တရားအား၊ ဥပနိဿယပစ္စယေန-ပကတူပနိဿယဟု ခေါ်သော ပဋ္ဌာန်းပစ္စည်းတစ်မျိုးဖြင့်၊ ပစ္စယော-ကျေးဇူးပြုနိုင်၏”ဟူသော ပဋ္ဌာန်းပါဠိတော်နှင့်အညီ အကုသိုလ်ကလေးက များစွာသောကုသိုလ်အား ကျေးဇူးပြုရန် အကြောင်းကောင်းဖြစ်သော်လည်း ဆရားသမားဖြစ်သူက စေတနာရင်းဖြင့် ဟောပြောဆုံးမပြီး တပည့်ဖြစ်သူကလည်း ဟောပြောသမျှ လိုက်နာစောင့်ထိန်းမှသာလျှင် ကုသိုလ်ရရန် အကြောင်းကောင်းဖြစ်ပြီး အကျိုးရပေမည်။ ပေးကမ်းလှူဒါန်းမှုပြုလုပ်တက်ရန် ပေးကမ်းလှူဒါန်းမှုနဲ့ပတ်သတ်ပြီး အကျယ်ကို စာဂ-ဒါနခန်းတွင် ရေးသား တင်ပြပေးပါမည်။
သဒ္ဓါနဲ့တူသော ဥပမာများ
လောက၌ ပို့ဆောင်ရေး သေချာနိုင်ရန် ဆက်သွယ်ရေးကောင်းဖို့ လိုပါသည်။ ထို့အတူ ဓမ္မနယ်ပယ်မှာလည်း တရားဒေသနာများ တိုးတက်အောင် ဆက်သွယ်ရေးကောင်းရန် လိုပါသည်။ ဓမ္မနယ်ပယ်မှာ ဆက်သွယ်ရေးတာဝန်ကို သဒ္ဓါတရားက ဆက်သွယ်ပေးပါသည်။ အကြောင်းအကျိုးပြပြီး ကောင်းမှုတရားတွေနှင့်စိတ်ကို သဒ္ဓါတရားက ဆက်သွယ်ပေးနေပါသည်။ သဒ္ဓါတရားသည် စိတ်ကိုယုံကြည်လာအောင်၊ လက်ခံနိုင်အောင်၊ ခံယူချက် ပြတ်သားနိုင်အောင် လုပ်ပေးပါသည်။ ထို့ပြင် ဘ၀ခန္ဓာနှင့်စိတ်အစဉ်ကို အညွှန့်တလူလူနဲ့ လွှင့်ထူပေးပါသည်။ စိတ်အစဉ်ကိုလည်း တံခါးဖွင့်ပေးပါသည်။
ထို့ကြောင့် သဒ္ဓါတရားကို “စိတ်ရှင်းကိရိယာ”လို့ ဆိုလျှင်လည်း မှန်ပါသည်။ ရှုပ်နေသောစိတ်ကို ရှင်းသွားစေသည်။ နောက်ကျူနေသောစိတ်ကို ကြည်လင်သွားစေသည်။ ပူနေသောစိတ်ကို အေးသွားစေသည်။ ခြောက်ကပ်ကပ်ဖြစ်နေသောစိတ်ကို စိုပြေလန်းဆန်း သွားစေသည်။
ထို့ပြင် သဒ္ဓါတရားသည် လက်နှင့်လည်း တူပါသည်။ လောကအသုံးအဆောင်ပစ္စည်းမှန်သမျှကို ပကတိလက်နဲ့ ကောက်ယူ၍ရသကဲ့သို့ ကောင်းမှုတရားမှန်သမျှကိုလည်း သဒ္ဓါတရားနဲ့ နှစ်သက်ကြည်ဖြူစွာ ကောက်ယူ၍ရပါသည်။ ပကတိလက်သည် မီးခဲကဲ့သို့ ပူသောအရာများကို မကိုင်ချင်ပေ။ အညစ်အကြေးရှိသော ပစ္စည်းများကိုလည်း မကိုင်ချင်ပါ။ အေးသောပစ္စည်း သန့်ရှင်းသောအရာမျိုးကိုသာ ကိုင်ချင်ပါသည်။ ထို့အတူ သဒ္ဓါတရားသည် မိမိကို ပူလောင်ညစ်နွမ်းစေတက်သော မကောင်းမှုဒုစရိုက်များကို မပြုလုပ်ချင်ပါ။ မိမိ၏စိတ်ကို အေးမြင်ကြည်လင် သန့်ရှင်းစင်ကြယ်စေတက်သော ကောင်းမှုတရားတို့ကို ပြုလုပ်ချင်ပါသည်။
သီလနဲ့ပတ်သတ်သော အကြောင်းအရာများ
ငါးပါးသီလကို ဆောက်တည်လျှင်ဖြစ်စေ၊ မဆောက်တည်လျှင်ဖြစ် ကျုးလွန်သောသူသည် အပါယ်လေးဘုံသို့ ရောက်ရခြင်းစသော ဆိုးကျိုးများကို မည်သူမဆို ရရှိမည်ဖြစ်သောကြောင့် လူသားစသောသတ္တ၀ါများ အမြဲစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများ ဖြစ်ပါသည်။ ၀ိကာလဘောဇနစသော သီလများကား မဆောက်တည်နိုင်လျှင် အပြစ်မရှိသကဲ့သို့ အပါယ်ဘုံသို့ ကျရောက်ခြင်းစသော ဆိုးကျိုးများကိုလည်း မခံစားရပါ။ သို့သော် ဆောက်တည်လျှင်ကား ဆောက်တည်သောသီလကို အကြောင်းပြု၍ အကုသိုလ်ဖြစ်ခွင့်နည်းပြီး ကုသိုလ်တရား တိုးဖွယ်ရာသာရှိသောကြောင့် ဆောက်တည်နိုင်လျှင် အကျိုးများစွာ ရရှိပါသည်။
အဗြဟ္မစရိယကံ၏ အကျိုးများ
မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်သောသူသည် ကုသိုလ်တရားများကို ပိုမို၍လုပ်ဆောင်နိုင်ပါသည်။ အရိယာသူတော်ကောင်းတို့သည် ဤမေထုန်အမှုကို အပြစ်မြင်၍ တောထွက်ပြီး တရားအားထုတ်ကျင့်ကြံသောကြောင့် နိဗ္ဗာန်ကို ရရှိခဲ့ကြပါသည်။
ရဟန်သံဃာများကို မေထုန်အကျင့် ရှောင်ကြဉ်ရန် သိက္ခာပုဒ် ပညတ်တော်မူခဲ့ခြင်းမှာ မေထုန်အမှုသည် အကုသိုလ်တိုးပွားအောင် လုပ်ဆောင်တတ်သောကြောင့် ဖြစ်ပါသည်။ သီလပျက်စီးအောင် တရားဘာဝနာအားထုတ်မှု ပျက်စီးအောင် လုပ်ဆောင်တတ်သော မေထုန်အမှုသည် သံသရာမှထွက်မြောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နေသော ရဟန်းသံဃာများ၏ ဆန့်ကျင်ဘက် ရန်သူဖြစ်သောကြောင့် မြတ်စွာဘုရားက တားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါသည်။
လူသားစသော သတ္တ၀ါများသည် မေထုန်အမှုကို မရှောင်ကြဉ်နိုင်ကြ၍ သံသရာဝဲသြဃထဲ၌ ကျင်လည်နေကြရပါသည်။ ဤမေထုန်အမှုကြောင့် လူသားများသည် သူများအသက်သတ်ခြင်း၊ သူတစ်ပါးဥစ္စာခိုးယူခြင်း၊ မုဒိမ်းမှုဖြစ်ရခြင်း၊ မုသားပြောပြီး စီးပွားရှာနေရခြင်း၊ တစ်ဦးနှင့်တစ်ဦး ဆဲရေးတိုင်းထွာ ရန်ဖြစ်ရခြင်း၊ သားသမီးဇနီးမယားအတွက် မနေမနား စီးပွားရှာနေရခြင်းအစရှိသော ဆင်းရဲဒုက္ခမှန်သမျှကို ခံစားနေရသည်မှာ မေထုန်အမှုကို မရှောင်ကြဉ်နိုင်သောကြောင့် ဖြစ်ပါသည်။
ဝိကာလဘောဇနကံ၏ အကျိုးများ
နေ့လွဲညစာ မစားသောသူသည် ညစာစားရန် ချက်ပြုတ်မှုစသော အလုပ်တို့ကို မလုပ်ရ၍ တရားအားထုတ်ရန် အချိန်ပိုမိုရပါသည်။ ထို့ပြင် လူများသည် နံနက်စာနှင့်ညစာတွင် ညစာကို အထူးချက်ပြုတ် စားသောက်လေ့ရှိကြပါသည်။ ထို့ကြောင့် စားသောက်ဆိုင်များ၌ ညစာသည် မနက်စာထက် ပိုမို၍ ရောင်းရသကဲ့သို့ ညစာကပို၍ တန်ဖိုးများသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ ညစာကို အထူးချက်ပြုတ်စားရခြင်း၏ အကြောင်းနှင့်ညစာကို လူအများက ဈေးကြီးမှန်းသိလျက် စားသောက်ဆိုင်တို့၌ သွားရောက်စားသောက်ခြင်းတို့၏ အကြောင်းတို့ကို စဉ်းစားကြည့်သောအခါ “ကောင်းမွန်သောအစားများကိုစားပြီး ကောင်းမွန်စွာပျော်ပါးလိုသောကြောင့်ပင် ဖြစ်သည်၏”ဟု ခန့်မှန်း၍ သိနိုင်ပါသည်။ ညစာစားခြင်းသည် ကာမအာရုံတို့ကို အားပေးပါသည်။ ဗိုက်ထဲမှာ အစာပြည့်နေပါက စိတ်သည် ကာမအာရုံဘက်သို့ ညွတ်နေတတ်ပါသည်။
ထို့ကြောင့် သံဃာတော်များနှင့် ဥပုသ်စောင့်သောသူများသည် ညစာမစားလျှင် အလုပ်မရှုပ်၍ တရားအားထုတ်ရန် အချိန်ပိုရခြင်း၊ လောကီအာရုံကာမဂုဏ်ဘက်သို့ စိတ်မညွတ်နိုင်ခြင်းစသော အကျိုးတရားများ ရရှိအောင် ညစာရှောင်ကြဉ်ရခြင်း ဖြစ်ပါသည်။ ညစာစားကောင်းလေ ကာမအာရုံကို ပို၍ အားပေးရာရောက်လေဖြစ်၏။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်က ညစာစားခြင်းကို ရှောင်ကြဉ်ခိုင်းခြင်း ဖြစ်ပါသည်။
တစ်ချို့ ညစာမစားခိုင်းခြင်းသည် အစာငတ်ခံခိုင်းခြင်း ဖြစ်သည်ဟု ယူဆကြပါသည်။ အငတ်ခံခိုင်းခြင်း မဟုတ်ပါ။ ညစာမစားခြင်းသည် ကျန်းမာရေးအတွက်လည်း ပိုမိုကောင်းမွန်စေပါသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ပါတ်မှ တစ်ရက်သာ ဥပုသ်စောင့်သောသည် နေ့စဉ် မနက်ရောညပါ အစားတွေ စားထားသဖြင့် အစာအိမ်ထဲမှာ အစာတွေကို ချေပေးနေရသော အစာချက်စက်လေးသည် အစာကို အမြဲချက်နေရသောကြောင့် အစာဟောင်း အစာသစ်တို့၏ အညစ်အကြေးများဖြင့် ပြည့်နေပါသည်။ ညစာတစ်ရက်လောက် မစာသောအခါ အစာချက်လည်း အနာရ၍ အညစ်အကြေးများလည်း ကင်စင်သောကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ကောင်းမွန်ပါသည်။ အကယ်၍ မနေနိုင်အောင် ဆာနေပါက အစာပြေအောင် ဖျော်ရည်၊ စတုမဓု၊ ဂျင်းသုတ်စသည်တို့ကို စားသောက်၍ ရပါသည်။
နစ္စဂီတစသောကံ၏ အကျိုးများ
ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကိုယ်တိုင်သော်လည်းကောင်း၊ သူတစ်ပါးတို့အား ပြုလုပ်ခိုင်းခြင်းတို့သည်လည်းကောင်း၊ ပန်းအစရှိသော မွှေးစေတတ်သော အရာမှန်သမျှတို့ကို လိမ်းခြင်း ပန်ခြင်းတို့သည်လည်းကောင်း ကာမစိတ်တိုးပွားခြင်း၏ အကြောင်းဖြစ်သောကြောင့် ရှောင်ကြဉ်ရပါမည်။
သို့သော်လည်း ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို မိမိဘာသာနေ့စဉ် မြင်လောက်ကြားလောက်သော အရပ်သို့လာ၍ ကခြင်းစသည်တို့ ပြုလုပ်သည်ကို ကြည့်ရှု့နားထောင်မိလျှင်၊ အဝေးတစ်နေရာသို့ အလုပ်ကိစ္စဖြင့် သွားရင်းလာရင်းတွေ့မြင်၍ မလွဲသာမရှောင်သာ ကြည့်ရှု့နားထောင်မိလျှင် သီလမပျက်ပါ။ သို့သော် မမြင်မြင်အောင် တမင်တကာလှည့်၍ မကြည့်ရပါ။ TV Video စသည်တို့ကိုလည်း မမြင်မြင်အောင် မကြည့်ရပါ။
နံ့သာခဲများကို အနာရောဂါရှိလျှင် လိမ်းကောင်းပါသည်။ ရေမွှေးဆပ်ပြာခဲများကို ကိုယ်နံ့မကောင်းလျှင် ကာကွယ်သည့်အနေဖြင့် သုံးကောင်းပါသည်။
ပန်းနံ့သာအစရှိသော အမွှေးတို့ကို သီလမယူခင် ပြုလုပ်ကောင်းသော်လည်း သီလယူသည်နဲ့တပြိုင်နက် ထိုမွှေးစေတက်သော အရာမှန်သမျှတို့ကို ဖျက်ဆီးပစ်ရပါမည်။ ယခုခေတ် ဥပုသ်စောင့်သောသူများသည် သီလမယူခင် ပြုလုပ်ထားသောအရာဖြစ်သောကြောင့် အပြစ်မရှိဟု ထင်နေကြပါသည်။ ထိုကဲ့သို့ မွှေးစေတတ်သော အရာဝတ္ထုတို့သည် ကာမစိတ်ကို ဖြစ်စေတတ်သောကြောင့်လည်းကောင်း၊ မိမိက သီလယူသောအခါ ပန်ခြင်းလိမ်းခြင်း အစရှိသည်တို့ကို မပြုလုပ်ပါဟု ၀န်ခံထားသောကြောင့်လည်းကောင်း ထိုအရာဝတ္ထုတို့ကို ပြုလုပ်ထားပါက အပြစ်ရှိသောကြောင့် ဖျက်ဆီးပစ်ရပါမည်။ သို့မှသာလျှင် မိမိမှာ ထိုကာမစိတ်များမဖြစ်ဘဲ တရားကို ကောင်းမွန်စွာ စောင့်ထိန်းကျင့်ကြံနိုင်ပါလိမ့်မည်။
ဥစ္စာသယန မဟာသယနကံ၏ အကျိုးများ
တစ်တောင်ထွာထက်မြင့်သော အိပ်ရာ နေရာ၊ အလွန်ကောင်းမွန် ခမ်းနားသော အိပ်ရာနေရာတို့၌ အိပ်ခြင်း၊ ထိုင်းခြင်းတို့သည် ထိုနေရာတို့၌ သာယာသောအတွေ့အထိ တဏှာလောဘ ကာမစိတ်များဖြစ်သောကြောင့် ရှောင်ကြဉ်ရပါမည်။
ထို့ကြောင့် သီလဆောက်တည်ထားသောသူသည် မိမိထက်ကြီးသောသူရှိမှသာလျှင် ထိုနေရာတို့၌ မထိုင်ရ မအိပ်ရခြင်း မဟုတ်ပါ။ တစ်တောင်ထွာထက်မြင့်သော ထိုင်ခုံအိပ်ရာတို့၌လည်းကောင်း၊ ကောဇောမွေ့ရာ စသည်တို့ဖြင့်ခင်း၍ ပြုလုပ်ထားသော ထိုင်ခုံအိပ်ရာတို့၌သော်လည်းကောင်း ထိုနေရာတို့၌ သာယာမိသောလောဘစိတ် ဤကဲ့သို့သောနေရာကို ငါမှနေနိုင်သည်ဟူသော မာနစိတ်များ ဖြစ်တတ်ပါသည်။ သီလဆောက်တည်ထားသော ဥပုသ်သည်များသည် သီလကို အသေးစားဖြစ်သော အကုသိုလ်များသော်မှမဖြစ်အောင် စောင့်ထိန်းရမည်ဖြစ်သော ကြောင့် ရှောင်ကြဉ်ရပါသည်။
သို့မှသာလျှင် မိမိစိတ်သည် စင်ကြယ်နေသောကြောင့် မိမိစောင့်သောဥပုသ်နေ့မှာ သီလစင်ကြယ်နေ၍ ကုသိုလ်တရားများ တိုးပွားအောင်ပြုလုပ်နေမှသာလျှင် ဥပုသ်စောင့်ရကျိုးနပ်သော ဥပုသ်သည်ဖြစ်ပါလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သီလယူထားပြီး သီလမယူသောသူ၊ သီလမရှိသောသူတို့နဲ့ တန်တူနေထိုင်ပါက ဥပုသ်စောင့်ရကျိုး မနပ်၍ ဥပုသ်သည်မပီသဘဲ ဖြစ်နေပေလိမ့်မည်။
ယခုခေတ်လူများသည် ဥပုသ်နေ့တိုင်းကို ဥပုသ်မစောင့်ကြသောသူများ ပေါများပါသည်။ သို့ဖြစ်၍ မိမိတို့သည် ဥပုသ်သီလကို စောင့်ထိန်းရန်နှင့် မိမိစောင့်သော ဥပုသ်သီလကိုလည်း မည်သည့်နည်းနဲ့မျှ မကျိုးမပေါက်အောင် စောင့်ထိန်းကြရန် လိုပါသည်။
တစ်ချို့က မအား၍ဥပုသ်မစောင့်ခြင်းဖြစ်သည်ဟု ပြောဆိုကြပါသည်။ မိမိလုပ်သော တစ်နေ့တာအလုပ်သည် မိမိဘ၀အတွက် မည်မျှထိကောင်းအောင် ပြုလုပ်ပေးနိုင်မည်နှင့် ဥပုသ်စောင့်၍ ရရှိသောအကျိုးတရားသည် မိမိအတွက် မည်မျှအကျိုးရမည်ကို နှိုင်းယှဉ်ကြည့်နိုင်ရန် လိုပါသည်။
သုမနပန်းသည်ကဲ့သို့ တစ်နေ့တာအတွက် ရရှိမည့်အကျိုးနှင့်မရေမတွက်နိုင်သောဘ၀တို့၌ ရရှိမည့်အကျိုးတရားတို့ကို စဉ်းစားပြီး ဒါနအမှုလုပ်ရန်လိုသကဲ့သို့ သီလစောင့်ထိန်းရန်လည်း လိုအပ်ပါသည်။ ထိုကဲ့သို့ စဉ်းစားတက်မှသာလျှင် “လူကောင်း”တစ်ယောက်၏ အရည်အချင်းများနဲ့လည်း ပြည့်စုံပါလိမ့်မည်။
သီလနဲ့ပတ်သတ်၍ ဤမျှလောက်ဖော်ပြလျှင် သီလ၏ကောင်းကျိုးဆိုးကျိုးများကို သိမြင်လောက်ပြီဟု ယူဆမိပါသည်။ သီလနဲ့ပတ်သတ်သော အကြောင်းအရာများ သီလစောင့်ထိန်းခြင်းအကျိုး သီလပျက်စီးခြင်း၏ အကျိုးတရားတို့ များစွာရှိပါသည်။
အနာထပိဏ်သူဌေး၏ ကျွန်လုပ်သားတစ်ယောက်သည် နေ့ဝက်ဥပုသ်ကို မကျိုးမပေါက်အောင် စောင့်ထိန်းရသော သီလကုသိုလ်ကံကြောင့် ဘုန်းတန်ခိုးကြီးမားသော ရုက္ခစိုးနတ်ဖြစ်ခဲ့ရပါသည်။ သီလနဲ့ ပတ်သတ်သော ကောင်းကျိုးဆိုးကျိုးသာဓကတို့ များစွာရှိသော်လည်း ရှေ့ဆက်ရေးသားရမည့် အကြောင်းအရာတို့ ရှိနေသေးသည့်တွက် ဥပုသ်သီလကို နေ့ဝက်ကလေးမျှ စောင့်ထိန်းရသောကုသိုလ်ကံကြောင့် ဘုန်းတန်ခိုးကြီးသော ရုက္ခစိုးနတ်ဖြစ်ရသည်ဟူသော သာဓကကိုထောက်ဆ၍ သီလစောင့်ထိန်းရခြင်း၏ အကျိုးတရားများကို မှန်းဆ၍ သိကြပါလေ။
ဟိရီသြတ္တပ္ပ အဓိပ္ပါယ်
ဤနေရာ၌ ဟိရီနှင့်သြတ္တပ္ပ နှစ်ခုကို တစ်ခုစီခွဲပြီး မရေးတော့ဘဲ ပေါင်းပြီး ရေးသားတင်ပြလိုက်ပါသည်။ ဟိရီနှင့်သြတ္တပ္ပဆိုသည်မှာ မကောင်းမှုပြုလုပ်ရာ၌ ရှက်ခြင်းနှင့်ကြောက်ခြင်း ဖြစ်ပါသည်။
ဟိရီဆိုသည်မှာ ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါးတို့ကို ပြုလုပ်ရာ၌ ရှက်ခြင်းကို ဆိုလိုပါသည်။ ရှက်သည်ဟူရာ၌ “မိကောင်းဖခင် သားသမီးဖြစ်သော အမျိုးကောင်းမှ မွေးဖွားသောငါသည် မကောင်းမှု ပြုလုပ်နေလျှင် ရှက်စရာကောင်းသည်”ဟု မိမိအမျိုးဂုဏ်သိက္ခာကြောင့် ရှက်သူလည်းရှိ၏။
ထို့ပြင် “ငါသည် ပညာတတ်သူ တစ်ယောက်ဖြစ်သောကြောင့် ပညာမရှိသူ ဘာမှအသိဉာဏ်မရှိသော နလပိန်းတုံးများရဲ့ အလုပ်ဖြစ်သည်“ဟု မိမိပညာဂုဏ်ကြောင့် ရှက်သူလည်းရှိ၏။ တဖန် အစွမ်းသတ္တိနှင့် ပြည့်စုံသောသူသည် “မကောင်းမှုကို ပြုလုပ်သောသူသည် သတ္တိမရှိသောသူတို့၏ အလုပ်ဖြစ်သည်“ဟု စဉ်းစားကြံဆ၍ မကောင်းမှုပြုလုပ်ရမည်ကို ရှက်သူလည်းရှိ၏။
ဤနေရာ၌ သတ်ဖြတ်မှုစသည်ကို ပြုလုပ်ရဲခြင်းသည် အစွမ်းသတ္တိရှိသူ မဟုတ်ပေ။ မိုက်မဲခြင်းသာ ဖြစ်ပေသည်။ တစ်ချို့က “မင့်ဒါလေးကို မလုပ်ရဲဘူးလား မင့်မလုပ်ရဲရင် ငါလုပ်မည်“ဟု ပြောပြီး သတ်ဖြတ်မှု စသည်ကို ပြုလုပ်ခြင်းသည် အစွမ်းသတ္တိရှိခြင်းမဟုတ် မိုက်မဲခြင်းသာ ဖြစ်ပေသည်။ သတ္တိရှိခြင်းဆိုသည်မှာ အများအတွက် လုပ်ဆောင်သောအမှုကိစ္စ၊ ကောင်းသောအမှုကိစ္စတို့ကို လုပ်ရဲခြင်းသည်သာ သတ္တိရှိခြင်း ဖြစ်ပေသည်။
ထို့ပြင် အသက်သိက္ခာကြီးမားသောပုဂ္ဂိုလ်၊ သီလရှိသော ပုဂ္ဂိုလ်များသည်လည်း မိမိရဲ့ အသက်သိက္ခာ သီလသိက္ခာတို့ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုလုပ်ရမည်ကို ရှက်သောသူများလည်း ရှိပါသည်။ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်းသည် ဟိရီပင်ဖြစ်ပါသည်။
သြတ္တပ္ပဆိုသည်မှာ ကာယဒုစရိုက်၊ ၀စီဒုစရိုက်တို့ကို ပြုလုပ်ခြင်း၌ ကြောက်ခြင်းပင် ဖြစ်ပါသည်။ မိမိမကောင်းမှု ပြုလုပ်နေသည်ကို သူတစ်ပါးသိမှာ ကြောက်ခြင်းကို ဆိုလိုပါသည်။ ကြောက်သည်ဆိုရာဝယ် ငါတစ်ယောက်က မကောင်းမှုပြုလုပ်လျှင် ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့ဆရာသမားများ သူတစ်ပါးတို့၏ ကဲ့ရဲ့ခြင်းကိုခံရ၍ “တံထွေးခွက်ထဲ ပက်လက်မျောကာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရလိမ့်မည်”ဟု မိမိနဲ့ သက်ဆိုင်သောသူများကို ငဲ့ညှာထောက်ထားပြီး မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းမျိုး ဖြစ်ပါသည်။
ထိုသြတ္တပ္ပနှင့်ဟိရီကို နှိုင်းယှဉ်ကြည့်လျှင် ဟိရီက မိမိကိုယ်ကိုရှက်ခြင်း၊ သြတ္တပ္ပက သူတစ်ပါးသိမည်ကို ကြောက်ခြင်းဖြစ်၍ သြတ္တပ္ပထက် ဟိရီက ပိုမိုမြင့်မြတ်ကြောင်း တွေ့ရပါသည်။
ဟိရီနှင့်သြတ္တပ္ပနှစ်ပါးရှိလျှင် မိမိကိုယ်ကိုလည်းရှက် သူတစ်ပါးသိမည်ကိုလည်း ကြောက်သောကြောင့် မကောင်းမှုပြုလုပ်ရန် ရှောင်ကြဉ်နိုင်ပါလိမ့်မည်။ ထိုနှစ်ပါးမရှိပါက မကောင်းမှုပြုလုပ်ခြင်းသည် ရှက်စရာ ကြောက်စရာမှန်းးမသိ၍ ပြုလုပ်ချင်တိုင်း ပြုလုပ်နေမည်မှာ သေချာလှပါသည်။ သို့ဖြစ်၍ ဤဟိရီနှင့်သြတ္တပ္ပ တရားနှစ်ပါးသည် အကုသိုလ်လုပ်ငန်းများမှ ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုပြုလုပ်ရန် အကြောင်းမူလ တရားများပင် ဖြစ်ပါသည်။
ဤဟိရီသြတ္တပ္ပတရားနှစ်ပါးကို “လောကပါလ-ကမ္ဘာစောင့်တရားဟုလည်းကောင်း၊ သုက္ကဓမ္မ-ဖြူစင် သန့်ရှင်းသောတရား”ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။ အကြောင်းမှာ လူနှင့်တိရစ္ဆာန် ကွဲပြားခြားနားအောင် ဤတရားနှစ်ပါးက စောင့်ရှောက်ပေးသောကြောင့် ဖြစ်ပါသည်။ ဤတရားနှစ်ပါးမရှိလျှင် သားနဲ့အမိ၊ အဖနဲ့သမီး၊ မောင်နဲ့နှမ ဖောက်ပြန်မှုများဖြစ်ပြီး တိရစ္ဆာန်များနဲ့ တူကုန်ပါလိမ့်မည်။
တစ်ချို့နိုင်ငံများတွင် ဤတရားနှစ်ပါးမရှိသောကြောင့် ဖြစ်ချင်တိုင်းဖြစ်နေကြပြီး တိရစ္ဆာန်များနဲ့ ထူးမခြားနား ဖြစ်နေကြပါသည်။ ထို့ကြောင့် ဤတရားနှစ်ပါးရှိရန် လူသားတိုင်းတွင် အလွန်အရေးကြီးပါသည်။
ယခုခေတ်၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများ ၀တ်ဆင်လာကြသည်ကို တွေ့မြင်နေရပါသည်။ ထိုကဲ့သို့ ၀တ်ဆင်သောသူများသည် မိမိကိုယ်ကို ခေတ်မှီသောလူတစ်ယောက်၊ လှပသောလူတစ်ယောက်၊ ၀တ်ဆင်နိုင်သောလူတစ်ယောက်ဟု အထင်ကြီးနေကြပါသည်။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သောသူများသည် တိရစ္ဆာန်များနဲ့ ထူးမခြားသောကြောင့် မိမိကိုယ်ကို အမြှီးပေါက်နေသည်ကိုတော့ သတိမထားမိကြပေ။ ထိုကဲ့သို့ အမြှီးပေါက်နေသောသူများကို အတုယူပြီး ၀တ်ဆင်ခြင်းသည် မြန်မာရိုးရာ ပျက်စီးခြင်း၊ ဟိရီသြတ္တပ္ပ ကင်းမဲ့ခြင်းများသာ ဖြစ်ပါသည်။ ထို့ကြောင့် အမြှီးမပေါက်ရန် ရှောင်ကြဉ်သင့်ပါသည်။ သို့မှသာလျှင် “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။
တစ်ချို့နိုင်ငံများ၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများကို ၀တ်ဆင်ခြင်းသည် သူတို့ယဉ်ကျေးမှုနဲ့ သူတို့ဝတ်ဆင်ခြင်းဖြစ်သော်လည်း လူသားဖြစ်သည့်အတွက် သူတစ်ပါးအကုသိုလ်မဖြစ်အောင် ရှောင်ကြဉ်ရပါ လိမ့်မည်။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစား အပြောအဆို အနေအထိုင်တို့ကြောင့်လည်း သူတို့တွင် ကာမရာဂနဲ့ပတ်သတ်သော အကုသိုလ်များ အလွယ်တကူ ဖြစ်နေကြပါသည်။ မိမိတို့မှာ အကုသိုလ်ဆိုသည်ကို မသိသောကြောင့် ထိုကဲ့သို့ ၀တ်ဆင်ခြင်းဖြစ်သည်ဟု အကြောင်းပြပါကလည်း မိမိလုပ်သောကံသည် မိမိကိုယ်တိုင် ခံစားရမည့် သဘောတရားရှိနေသည့်အတွက် မည်သည့်သတ္တ၀ါမဆို အကုသိုလ်မဖြစ်အောင် ရှောင်ကြဉ်ရပါလိမ့်မည်။ လူသားဖြစ်သောသူများမှာ အသိဉာဏ်ရှိသောကြောင့် ပို၍ပင် မကောင်းမှုမဖြစ်အောင် ရှောင်ကြဉ်သင့်ပါသည်။
ဟိရီ သြတ္တပ္ပ အတု
ရှက်မှု၊ ကြောက်လန့်မှုကို ဟိရီသြတ္တပ္ပဟုဆိုသော်လည်း တွေ့ကရာကို ရှက်ကြောက်ခြင်းသည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပေ။ ဒုစရိုက်မကောင်းမှုများကို ပြုလုပ်ရမည်မှ ရှက်ခြင်း ကြောက်ခြင်းသည်သာ ဟိရီသြတ္တပ္ပ အစစ်ဖြစ်ပါသည်။
ထို့ကြောင့် “ဥပုသ်စောင့် တရားနာ ဘုရားသွားရမည်ကို ရှက်မှု၊ ပရိသတ်အလယ်၌ စာဖတ် စကားပြောရမည်ကို ရှက်မှု၊ အလုပ်လက်မဲ့နဲ့ တေလေလုပ်နေသည်ကို မရှက်ဘဲနဲ့ အောက်ကျသည်ဟုထင်ရသော အလုပ်တစ်ခုခုလုပ်ရမည်ကို ရှက်မှု၊ ယောက်ျားနှင့်မိန်းကလေးတို့ အချင်းအချင်း တွေ့သောအခါ ရှက်ကြောက်နေမှုများသည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပါ။ ပရိယာယ်မာယာများခြင်း၊ ဟန်ကြီးပန်ကြီး လုပ်ခြင်းသာ ဖြစ်ပါသည်။ အဘိဓမ္မာ-အလိုအားဖြင့် တဏှာသဘောပင် ဖြစ်ပါသည်။
ထို့ပြင် မရှက်မကြောက်ရမည့် နေရာများမှာ-
၁။ ရောင်းဝယ်ဖေါက်ကား အတိုးအပွါး ပေးသောအခါ၊
၂။ ဆရာ့ထံသို့ ချဉ်းကပ်၍ ပညာသင်ယူသောအခါ၊
၃။ အစာစားသောအခါ၊
၎။ သမီးရည်းစား စကားပြောသောအခါတို့၌ မရှက်မကြောက်ရဟု လောကနီတိကျမ်း၌ ပြဆိုထားပါသည်။
တရားရုံးစသည်တို့၌ အရာရှိများကို ကြောက်ခြင်း၊ ရထား သင်္ဘောပေါ်၌ အပေါ့အပါးသွားချင်သည်ကို မသွားဝံ့အောင် ကြောက်ခြင်း၊ လူတစ်ယောက်နှင့်တစ်ယောက်ကြောက်ခြင်း၊ ခွေးစသော တိရစ္ဆာန်များကို ကြောက်ခြင်း၊ တစ္ဆေသရဲများကို ကြောက်ခြင်း၊ မရောက်ဖူးသောအရပ်သို့ ခရီးသွားရမည်ကို ကြောက်ခြင်းတို့သည် သြတ္တပ္ပအစစ် မဟုတ်ပါ။ သတ္တိညံ့ဖျင်းမှု၊ သူရဲဘောကြောင်မှုပင် ဖြစ်ပါသည်။
မကောင်းမှုလုပ်ရမည်ကို ရှက်ကြောက်ပြီး မရှက်မကြောက်သင့်သော နေရာတို့၌ မရှက်မကြောက်အောင် သတိထားပြီး နေသောသူသည်သာ “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။ နေရာတိုင်း၌ ရှက်ကြောက်နေသောသူကို “လူကောင်း”ဟု ခေါ်ဝေါ်ပြောဆိုမရသကဲ့သို့ နေရာတိုင်း၌ ဟိရီသြတ္တပ္ပကင်းမဲ့ နေလျှင်လည်း “လူမိုက်”ဖြစ်သွားပါလိမ့်မည်။
ဤဟိရီသြတ္တပ္ပတရားများသည် လူသားမှန်လျှင် မရှိမဖြစ်လိုအပ်သော တရားများဖြစ်သောကြောင့် လိုက်နာစောင့်ထိန်း ကျင့်ကြံကြရန်အတွက် ဟိရီသြတ္တပ္ပအကြောင်းကို မိမိသိသလောက် ရေးသားတင်ပြလိုက်ပါသည်။
သုတ အဓိပ္ပါယ်
သုတဆိုသည်မှာ အကြားအမြင် ဗဟုသုတရှိခြင်းကို ဆိုလိုပါသည်။ အကြားအမြင် ဗဟုသုတဆိုသည်မှာ..........
၁။ အကြားအမြင် ဗဟုသုတကို ဆောင်ရခြင်း၊
၂။ အတတ်ပညာကို ဆည်းပူးလေ့လာခြင်းတို့ ဖြစ်ပါသည်။
ထိုပညာတို့သည် အစ အလယ် အဆုံး သုံးပါးလုံးကောင်းမွန်ပြီး အကျိုးရှိ၍ လူအများချီးမွမ်းသော ပညာတို့ ဖြစ်ရပါမည်။
သုတဟူသောပညာကို သူတစ်ပါးသင်ပေး၍သော်လည်းကောင်း၊ ကြားမြင်၍သော်လည်းကောင်း၊ စာအုပ်စာပေ ဖတ်ရှု့လေ့လာ၍သော်လည်းကောင်း ရရှိနိုင်ပါသည်။
အတတ်ပညာသည် ကောင်းသောအတတ်ပညာရှိသကဲ့သို့ မကောင်းသော အတတ်ပညာများလည်း ရှိပါသည်။ ဤနေရာ၌ သုတဟူသောအတတ်ပညာသည် ကောင်းသော အတတ်ပညာကို ယူရပါမည်။ ကောင်းသောအတတ်ပညာ ဆိုသည်မှာ ကံ ကံ၏အကျိုးကို သိတတ်သောပညာ၊ စာပေကျမ်းဂန်တို့၏ အဓိပ္ပါယ်မှန်ကိုသိသောပညာ၊ ဒါန သီလ ဘာဝနာတို့၏ အကျိုးတရားကို သိသောပညာ ကောင်းကျိုးမကောင်းကျိုးကိုသိသောပညာ၊ အများအကျိုးကို ဖြစ်စေနိုင်သော ပညာရပ်တို့ ဖြစ်ပါသည်။
မကောင်းသော အတတ်ပညာဆိုသည်မှာ ပါးနပ်သူဟုခေါ်သော ပရိယာယ်မာယာများသောပညာ၊ သတ်နည်း ဖြတ်နည်း တိုက်ခိုက်နည်းများကို သိသောပညာ၊ လက်နက်တို့ကို လုပ်တက်သောပညာတို့သည် မိမိအတွက် အကျိုးရှိနိုင်သော်လည်း သူတစ်ပါးအတွက် အကျိုးမဲ့စေနိုင်သော အတတ်ပညာများဖြစ်သောကြောင့် မကောင်းသော ပညာများဖြစ်ပါသည်။
ထိုမကောင်းသော အတတ်ပညာများ တတ်သိနားလည်သောသူကို “လူကောင်းတစ်ယောက်”ဟု သတ်မှတ်၍မရပါ။ ကောင်းသောအတတ်ပညာများကို တတ်သိနားလည်သော သူကိုသာလျှင် “လူကောင်း”ဟု သတ်မှတ်ရပါမည်။
မကောင်းသော အတတ်ပညာများဖြစ်သော ပါးနပ်မှုစသည်တို့သည် ထုံထိုင်းဖျင်းအသော သူတို့မှာ ထိုသို့သော အသိပညာများမရှိပါ။ ပင်ကိုယ်က ပညာဓာတ်ခံပါသူ အတွေ့အကြုံ အကြားအမြင် ဗဟုသုတများသူတို့၌သာ ရှိနိုင်ပေသည်။
ထိုကဲ့သို့ ပင်ကိုယ်ပညာဓာတ်ခံပါသူတို့သည် ကောင်းသောလုပ်ငန်းကုသိုလ်လမ်း၌ အမြင့်ဆုံးရောက်အောင် အားထုတ်စွမ်းဆောင်နိုင်သကဲ့သို့ မကောင်းသောလုပ်ငန်း အကုသိုလ်လမ်း၌လည်း ကမ်းကုန်အောင် အစွမ်းကုန် ဆိုးသွမ်းကြပေသည်။
ထို့ကြောင့် ပင်ကိုယ်ပညာဓာတ်ခံပါသူများသည် လမ်းမှားသို့ မရောက်အောင် မိမိကိုယ်ကို စောင့်ထိန်းကြရန် လိုပါသည်။ မိဘဆရာသမားစသော နီးကပ်သောသူများကလည်း ထိုကဲ့သို့ ပညာဓာတ်ခံပါသူများကို ကောင်းသောဘက်၌ ထိပ်တန်းရောက်အောင် စောင့်ရှောက်ထိန်းသိမ်း ပေးကြရန်လိုပါသည်။
ပညာဓာတ်ခံသည် ပဋိသန္ဓေတည်စဉ်ကပင် ပါလာသောပညာဖြစ်ပေသည်။ ပညာဓာတ်ခံမပါသောသူသည် ပညာများကို သင်ယူရာ၌ ပင်ပင်းစွာကြိုးစားသင်ယူရပြီး ပညာဓာတ်ခံပါသူသည် အလွယ်တကူဖြင့် သင်ယူ၍ရပါသည်။ ပညာဓာတ်ခံပါသူများသည် လောကီပညာများကို သင်ယူရာ၌သာ အလွယ်တကူဖြင့် တတ်မြောက်သည်မဟုတ် တရားအားထုတ်ရာ၌လည်း ဈာန်မဂ်ဖိုလ်ရအောင် အလွယ်တကူဖြင့် အားထုတ်နိုင်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပညာ ဓာတ်ခံပါဖို့ရန်အတွက် ယခုဘ၀ကပင် ကြိုးစားအားထုတ်ကြရန် လိုပါသည်။ မည်ကဲ့သို့ အားထုတ်ရမည်နည်းဟုဆိုသော်..........
၁။ ပညာထက်မြတ်ချင်သူ ဖြစ်ရမည်။
၂။ ပညာတိုးပွားကြောင်း ရေးသားထားသော စာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှု့ရမည်။
၃။ ပညာရှိနဲ့ဆက်ဆံ၍ အကြံကောင်းများကို မေးမြန်းမှတ်သားထားရမည်။
၎။ သူတစ်ပါးတို့အား တရားစကား ဟောပြောပေးရမည်။
၅။ အပြစ်ကင်းစင်သော အတတ်ပညာတို့ကို သင်ပေးရမည်။
၆။ တရားဟောဓမ္မကထိကတို့၏ တရားစကားကို ရိုသေစွာ နာယူမှတ်သားရမည်။
၇။ ဒါနကောင်းမှုတို့ကို ပြုလုပ်သောအခါတို့၌ နောင်သံသရာဝယ် ပညာရှိဖြစ်ရပါလို၏ဟု ဆုပန်ရမည်။
ဤမျှလောက်ပြုလုပ်လျှင် နောင်သံသရာအတွက် ဉာဏ်ပညာ အထုံပါသွားပါလိမ့်မည်။ သို့သော် သည်ထက်မက ဉာဏ်ပညာပွင့်လင်းရန် မိမိကိုယ်ကို သန့်သန့်ရှင်းရှင်းနေပြီး အ၀တ်အစား၊ အိပ်ရာနေရာတို့ကိုလည်း သန့်ရှင်းအောင် လုပ်ရမည်။ ထို့ပြင် ရဟန်းသံဃာများကို လှူဒါန်းသောအခါ “စာပေများကို သင်ယူနိုင်ပို့ချ ရေးသားနိုင်သော ပုဂ္ဂိုလ်ဖြစ်ရပါစေ“ဟု စိတ်စေတနာထားပြီး လှူဒါန်းရမည်။ တတ်နိုင်ပါက စာသင်တိုက်များ ဆောက်လုပ်လှူဒါန်းခြင်း၊ စာသင်ကျောင်းများ ထောက်ပံ့ပေးခြင်းစသော ပညာရေးဆိုင်ရာတို့၌ ထောက်ပံ့လှူဒါန်းပေးပါ။ ထို့သို့ ပြုလုပ်သောသူသည် သံသရာဝယ် ပဋိသန္ဓေပညာဓာတ်ခံပါ ပညာရှင်ကြီးဖြစ်မည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပါသည်။
သုတဟူသော အတတ်ပညာသည် လူသားတိုင်းရှိရန် အရေးကြီးလှပေသည်။ လူတို့ အသက်ရှင်ရန်အတွက် နှလုံးသည်းမွတ်သည် အရေးအကြီးဆုံးဖြစ်သကဲ့သို့ ပစ္စုပ္ပန်သံသရာနှစ်ဖြာ ကြီးပွားရေးအတွက်လည်း ပညာသည် အရေးအကြီးဆုံး နှလုံးသည်းပွတ်ပင် ဖြစ်ပေသည်။ ဒါနသီလဘာဝနာတို့၏အကျိုးကို ပညာရှိသောသူသည်သာ သိမြင်၍ ပညာကြောင့်သာ ရရှိခြင်းဖြစ်ပေသည်။
လောက၌ အိမ်တွင်းရေး ငြိမ်းချမ်းမှုသည် မိဘတို့၏ အသိအလိမ္မာပညာပေါ်မှာ မူတည်နေသကဲ့သို့ ထို့အတူ “လူကောင်း”တစ်ယောက်ဖြစ်ရန်မှာလည်း သုတဟူသော အသိပညာရှိရမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ထို့ပြင် ကံ ကံ၏အကျိုးကိုသိသော အသိပညာ၊ ဒါနသီလဘာဝနာစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ရမည်ဟု သိသောအသိပညာ၊ သူတစ်ပါးအကျိုးရှိသော အလုပ်တို့ကိုလုပ်ပါက အကျိုးရှိ၏ဟုသိသော အသိပညာ၊ သူတော်ကောင်းတို့ကို ချဉ်းကပ်၍ ကောင်းသောဗဟုသုတ အတတ်ပညာများကို သင်ကြားရမည်ဟု သိသော အသိပညာတို့ သိရှိရန်မှာလည်း မူလကပညာရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ထိုကဲ့သို့ ပညာရှိမှသာ ကောင်းသော အရာတို့ကို လုပ်သောကြောင့် “လူကောင်း”တစ်ယောက် ဖြစ်လာပေလိမ့်မည်။
စာဂ အဓိပ္ပါယ်
စာဂဆိုသည်မှာ သန့်ရှင်းစင်ကြယ်သော စိတ်ရှိရမည်။ တွန့်တိုမှုမရှိသော ပေးကမ်းစွန့်ကြဲမှုရှိရမည်။ လှူဒါန်းမှုနဲ့မပြတ်သော လက်ရှိရမည်။ လှူဒါန်းမှု၌ မွေ့လျော်ရမည်။ အလှူခံပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲမှုရှိရမည်။ ဤအချက်များနှင့် ပြည့်စုံသောသူကို စာဂနဲ့ပြည့်စုံသောသူဟူ၍ ခေါ်ပါသည်။
“စာဂ” စွန့်ကြဲပေးကမ်းသည်ဆိုသည်မှာ ဒါနအမှုကို ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ ဒါနကုသိုလ်ပြုလုပ်ရာတွင် စေတနာဒါန ၀တ္ထုဒါနဟု နှစ်မျိုးရှိပါသည်။ ဆွမ်းသင်္ကန်းစသော လှူဖွယ်ပစ္စည်းများသည် ၀တ္ထုဒါနဖြစ်၏။ ထိုဝတ္ထုများကို စွန့်ကြဲပေးကမ်းလှူဒါန်းနေသောအခါ မိမိ၏စိတ်သန္တာန်၌ ဖြစ်ပေါ်နေသော စေတနာသည် စေတနာဒါနဖြစ်ပါသည်။
မိမိလှူဒါန်းသော ကောင်းမှုကုသိုလ်ကံက အကျိုးပေးသောအခါ မိမိစိတ်သန္တာန်၌ဖြစ်ပေါ်နေသော စေတနာဒါနအားလျော်စွာ အကျိုးကျေးဇူးခံစားရပါသည်။ ဆွမ်းစသော လှူဖွယ်များနှင့် ရဟန်းသံဃာစသော အလှူခံပုဂ္ဂိုလ်များသည် အလှူဒါနကို စေတနာထက်သန်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လှူဒါန်းမှုပြုလုပ်သောအခါ ပစ္စည်းဝတ္ထုမွန်မြတ်လေ စိတ်စေတနာမွန်မြတ်အောင် ထားနိုင်ခြင်း ဖြစ်ပါသည်။
ဥပမာ- သာမန်ရိုးရိုးဆွမ်းလှူသောအခါနှင့် အထူးတလည် စီမံချက်ပြုတ်၍ ဆွမ်းလှူသောအခါ နှစ်မျိုးတို့တွင် ရိုးရိုးသူများစီမံပေးသောဆွမ်းကို အာရုံပြုရသောစေတနာသည် ကိုယ်တိုင်ချက်ပြုတ်ပြီး လှူဒါန်းရသော စေတနာလောက် ထက်သန်ခြင်း မရှိလှပေ။
ထို့ပြင် ပစ္စည်းနည်းနည်းကိုလှူရန်နှင့် ပစ္စည်းများစွာဖြင့် ကြီးကျယ်ခမ်းနားစွာလှူရန် အားထုတ်ရာ၌လည်း အားထုတ်မှုလုံးလချင်း မတူသကဲ့သို့ စေတနာဖြစ်မှုလည်း မတူညီနိုင်ပါ။ နည်းနည်းလှူရန် အားထုတ်သောအခါ တစ်ခဏမျှသာ အားထုတ်ရသောကြောင့် မလှူမီပစ္စည်းဝတ္ထုများကို စုဆောင်းစဉ်၌ဖြစ်သော ပုဗ္ဗစေတနာ၊ လှူဒါန်းနေသောအခါ၌ဖြစ်သော မုဉ္စစေတနာ၊ လှူဒါန်းပြီးနောက် မိမိအလှူကို ၀မ်းမြောက်ဝမ်းသာဖြစ်သော အပရစေတနာတို့သည် တခဏမျှသာ ဖြစ်ရပါသည်။ များများလှူရန် အားထုတ်သောအခါ အလှူဝတ္ထု များသလောက် အချိန်ကြာအောင် အားထုတ်ရသောကြောင့် စေတနာဖြစ်မှုကလည်း အချိန်ကြာမြင့်စွာ ဖြစ်နိုင်ပါသည်။
သို့သော် အချို့သောပုဂ္ဂိုလ်များသည် အကြီးအကျယ်လှူဒါန်းနေပါသော်လည်း ၀မ်းမြောက်ဝမ်းသာမဖြစ်ဘဲ လှူဒါန်းသူများလည်း ရှိပါသေးသည်။ ထိုသို့သောပုဂ္ဂိုလ်များကို လှူဖွယ်ဝတ္ထုများ၍ စေတနာဖြစ်မှု များမည်ဟု မဆိုနိုင်ပါ။ အချို့သောပုဂ္ဂိုလ်များသည် စေတနာဖြစ်နေစဉ် လှူရသောကြောင့် လှူဖွယ်ဝတ္ထုနည်းသော်လည်း စေတနာဖြစ်မှုများသော ပုဂ္ဂိုလ်များလည်းရှိပါသည်။
ထိုကဲ့သို့ စေတနာအမျိုးမျိုးဖြင့် ပေးလှူသော စွန့်ကြဲမှုကို စာဂဟုခေါ်နိုင်သော်လည်း စင်ကြယ်သောစိတ်၊ တွန့်တိုမှုမရှိသောစိတ်၊ လှူဒါန်းပေးကမ်းမှု၌ မွေ့လျော်သောစိတ်တို့ဖြင့် ပေးကမ်းစွန့်ကြဲသောသူကိုသာလျှင် စာဂနဲ့ပြည့်စုံသော “လူကောင်း”ဟု ခေါ်ဆိုနိုင်ပါသည်။
စာဂနဲ့ပြည့်စုံသော လူကောင်းတစ်ယောက်သည် စွန့်ကြဲပေးကမ်းရာ၌လည်း မိမိပေးကမ်းမည့် အလှူခံ ပုဂ္ဂိုလ်တို့ကို ရွေးချယ်လှူဒါန်းတက်သောကြောင့် အကျိုးများစွာ ရရှိပါသည်။ ရွေးချယ်တတ်ပုံမှာ မိမိလှူမည့် အလှူခံပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာရှိမရှိကိုကြည့်ပြီး လှူဒါန်းပေးကမ်းပါသည်။ ထို့အတူ သံဃာကို လှူဒါန်းလျှင်လည်း ပုဂ္ဂိုလ်စွဲ ဂိုဏ်းစွဲမထားဘဲ သံဃိကဒါနဖြစ်အောင် လှူဒါန်းပါသည်။ ထိုသို့လှူဒါန်းမှသာလျှင် အကျိုးပို၍ များမည်ဟု သိရှိပါသည်။
လှူဒါန်းပေးကမ်းသောပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာကြီးမားသော ရဟန်းရှင်လူတို့ကို လှူဒါန်းလျှင် ပို၍အကျိုးများပေသည်။ သီလ သမာဓိ ပညာနည်းသော ရဟန်းရှင်လူတို့ကို လှူဒါန်းလျှင် အကျိုးရရှိမှု နည်းပါသည်။ ထိုကဲ့သို့ အကျိုးများမှု အကျိုးနည်းမှုတို့နဲ့ ပတ်သတ်၍ ပေတ၀တ္ထုပါဠိတော်၌ “အလှူခံပုဂ္ဂိုလ်သည် လယ်ယာနဲ့တူ၏။ အလှူရှင်တို့သည် လယ်ယာလုပ်သူနဲ့တူ၏။ လှူဖွယ်ဝတ္ထုများသည် မျိုးစေ့နဲ့တူ၏။ နောင်သံသရာ၌ ရရှိမည့်အကျိုးတရားတို့သည် မျိုးစေ့မှအပင်ပေါ်က်၍ အသီးသီးခြင်းနဲ့တူ၏”ဟု ဥပမာဖြင့် ပြဆိုထားပါသည်။
၁။ လယ်ယာမြေကောင်း မကောင်းလိုက်၍ အသီးအပင်ကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ် သီလရှိမရှိလိုက်၍ အကျိုးပေး ကွာခြားနိုင်ပါသည်။
၂။ မျိုးစေ့အောင် မအောင်လိုက်၍ အသီးအပင်ကွာခြားသကဲ့သို့ တရားသဖြင့်ရသောပစ္စည်း ဟုတ်မဟုတ်နှင့် အနည်းအများပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။
၃။ လယ်ယာလုပ်သူက နားလည်မလည်၊ လုံးလ၀ီရိယ ရှိမရှိလိုက်၍ အသီးအပင်ကွာခြားသကဲ့သို့ အလှူရှင်က ယုံကြည်ခြင်း သဒ္ဓါတရား အပြည့်အ၀ရှိပြီး အားတက်သရောနှင့် ၀မ်းမြောက်ဝမ်းသာဖြစ်မှု မုဉ္စစေတနာ ဖြစ်မဖြစ်ပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။
၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်ခြင်းရှိမရှိလိုက်၍ အသီးအပင် ကွာခြားသကဲ့သို့ မိမိပုဗ္ဗစေတနာ ထက်သန်အောင် ပြုမပြုပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။
၅။ မျိုးစေ့စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်းခြင်းစသည်တို့ ပြုမပြုပေါ်မူတည်၍ အသီးအပင်ကွာခြားသကဲ့သို့ လှူဒါန်းပြီးနောက် မိမိပြုသောကုသိုလ်ကို ထပ်မံ၍ သတိရမှု ၀မ်းမြောက်မှုဟူသော အပရစေတနာ ဖြစ်မှုမဖြစ်မှုပေါ်မူတည်၍ အကျိုးပေးကွာခြားနိုင်ပါသည်။
၆။ မျိုးစေ့စိုက်ပျိုးပြီးနောက် ဒေါသထွက်ပြီး အပင်များကို ဖျက်ဆီးလိုက်သကဲ့သို့ လှူဒါန်းပြီးနောက် “ငါလှူမိတာ ကုန်တာပဲ အဖတ်တင်သည်”ဟု စိတ်ပျက်မှုဖြစ်လျှင် စေတနာပျက်စီးခြင်းကြောင့် မိမိလှူခဲ့သော အလှူဒါနသည် အကျိုးမရဘဲ ပျက်စီးဖွယ်ရှိပါသည်။
၇။ မျိုးစေ့စိုက်သောအခါ စိုက်ပျိုးသင့်သောအချိန် စိုက်မှသာလျှင် အသီးအပင်ဖွံ့ဖြိုးသကဲ့သို့ အလှူခံပုဂ္ဂိုလ်လိုအပ်သော အရာဝတ္ထုကို လှူတက်မှသာလျှင် အကျိုးများစွာ ရဖွယ်ရှိပါသည်။
ထို့ကြောင့် စာဂမှုကိုပြုသောသူသည် အထက်ပါအချက်တို့ဖြင့် ပြည့်စုံအောင် လှူဒါန်းတတ်ရန် လိုပါသည်။ ထို့ပြင် သံဃာတော်များကို လှူဒါန်းရာ၌ ပုဂ္ဂလိကဒါနအဖြစ် မလှူဒါန်းဘဲ သံဃိကဒါနဖြစ်အောင် လှူဒါန်းတတ်ရန်လည်း လိုပါသည်။ သို့မှသာလျှင် စာဂနဲ့ပြည့်စုံသော “လူကောင်း”တစ်ယောက်ဖြစ်ပါလိမ့်မည်။ သံဃိကဒါနဆိုသည်မှာ မည်သို့မည်ပုံ လှူဒါန်းရသနည်းဟု မသိသေးသောသူများအတွက် သံဃိကဒါနဖြစ်အောင် လှူပုံလှူနည်းကို အနည်းငယ် ရေးသားတင်ပြပေးပါမည်။
သံဃိကဒါနဖြစ်အောင် လှူပုံလှူနည်း
သံဃိကဒါနဆိုသည်မှာ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းသောဒါနဖြစ်ပါသည်။ မိမိလှူမည့် ဆွမ်းသင်္ကန်းစသော ပစ္စည်းများကို သာသနာတော်၌ရှိသမျှ သံဃာအားလုံးကို ရည်မှန်း၍လှူဒါန်းလျှင် ရဟန္တာပုဂ္ဂိုလ်များမှအစ ပုထုဇဉ်ရဟန်းသံဃာများပါမကျန် သံဃာအားလုံးကို လှူဒါန်းရာရောက်လေ၏။ ထိုလှူသော ပစ္စည်းဝတ္ထုများကို အနီးအနားမှာရှိသော သံဃာများသုံးဆောင်လို့ ရပါသည်။ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းထားခြင်းဖြစ်သော်လည်း သံဃာအားလုံးကို လိုက်ပြီးဝေငှရန် မလိုပါ။
ထိုကဲ့သို့ သံဃိကဒါနဖြစ်အောင် လှူဒါန်းရာတွင် စိတ်ကလည်း သံဃာအားလုံးသို့ညွတ်၍ လှူဒါန်းမှသာလျှင် သံဃိကဒါနအစစ် ဖြစ်ပါသည်။ နှုတ်က သံဃဿဒေမ-သံဃာအားလုံးအား လှူဒါန်းပါ၏ဟု ဆိုနေပါသော်လည်း စိတ်က မိမိကြည်ညိုနေသော ကျောင်းတိုက်သံဃာ၊ ကိုယ်ကြည်ညိုနေသော ဘုန်းကြီးကိုသာ လှူချင်စိတ်ဖြစ်နေပါက သံဃိကဒါန အစစ်မဖြစ်နိုင်ပါ။
ထို့ကြောင့် မိမိတို့သည် ရဟန်းသံဃာများကို မည်သည့်ပစ္စည်းဝတ္ထုကိုမဆို လှူဒါန်းရာ၌ နှုတ်ကလည်းဆို စိတ်ကလည်း သံဃာအားလုံးကို အာရုံပြု၍ လှူဒါန်းကြရန် လိုပါသည်။
စာဂနဲ့ပြည့်စုံသော “လူကောင်း”တစ်ယောက်သည် လှူဒါန်းမှုတို့ကို ပြုသောအခါ၌ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတို့ကို မတောင်းတပါ။ နိဗ္ဗာန်ချမ်းသာ တစ်ခုတည်းကိုသာ ရရန်အတွက် ရည်မှန်း၍ လှူဒါန်းပါသည်။ လူချမ်းသာ၊ နတ်ချမ်းသာတို့သည် ကောင်းမှုကုသိုလ်ပြုသည့်အလျောက် အကျိုးတရား ခံစားရမည်ဖြစ်သောကြောင့် ဆုတောင်းစရာမလိုဘဲ ပြည့်စုံသောကြောင့်လည်းကောင်း၊ ဤကာမချမ်းသာတို့သည် ၀ဋ်ဒုက္ခမှ မလွတ်မြောက်သေး သောကြောင့်လည်းကောင်း မတောင်းတခြင်း ဖြစ်ပါသည်။
စာဂနဲ့ပြည့်စုံ၍ လှူဒါန်းပူဇော်သူတို့သည် နောင်သံသရာတို့၌ ဆုတောင်းစရာမလိုဘဲ ဧကန်ရရှိမည့် အကျိုးတရား (၇)ပါးရှိပါသည်။ ၎င်းတို့မှာ......
၁။ သိကြားမင်းစည်းစိမ်၊
၂။ မာရ်နတ်စည်းစိမ်၊
၃။ ဗြဟ္မာစည်းစိမ်၊
၎။ စကြာမင်းစည်းစိမ်၊
၅။ သာဝကပါရမီဉာဏ်၊
၆။ ပစ္စေကဗောဓိဉာဏ်၊
၇။ အဘိသမ္ဗောဓိဉာဏ်တို့ကို အကျိုးတရား အားလျော်စွာ ရရှိပါသည်။
ထို့ပြင် မျက်မှောက် တမလွန်ဘ၀တို့၌ရရှိမည့် အကျိုးတရားများလည်း ရှိပါသေးသည်။ ယင်တို့မှာ မျက်မှောက်ဘ၀၌..........
၁။ များစွာသော ရဟန်းရှင်လူတို့၏ ချင်ခင်မှုကို ခံရခြင်း၊
၂။ သူတော်ကောင်းတို့၏ ချဉ်းကပ်မှုကို ခံရခြင်း၊
၃။ ကောင်းသောကျော်စောသတင်း ပျံ့နှံ့ခြင်း၊
၎။ ပရိသတ်အလယ်သို့ ရဲဝင့်စွာ သွားလာရဲခြင်းစသော အကျိုးတရားများ ရရှိပါသည်။ ထို့ပြင် နောင်ဘ၀၌ နတ်ပြည်သို့ရောက်ရခြင်း အကျိုးတရားလည်း ရရှိပါလိမ့်မည်။
စာဂ-စွန့်ကြဲပေးကမ်းမှုပြုရာ၌ ပေးကမ်းလှူဒါန်းပုံ (၃)မျိုးဖြင့် ပေးလှူလေ့ရှိကြပါသည်။ ယင်းတို့မှာ..........
၁။ ဒါနဒါသ-ပေးကမ်းစွန့်ကြဲသူသည် မိမိကကောင်းသော အရာဝတ္ထုတို့ကို သုံးဆောင်ခံစား၍ သူတစ်ပါးတို့အား ကျေးကျွန်ကဲ့သို့ သဘောထားပြီး မကောင်းသောအရာဝတ္ထုတို့ကို ပေးကမ်းစွန့်ကြဲသောသူ။
၂။ ဒါနသဟာယ-မိမိသုံးဆောင်ခံစားသော အရာဝတ္ထုကိုပင် သူတစ်ပါးတို့အား သူငယ်ချင်းကဲ့သို့ သဘောထားပြီး ပေးကမ်းစွန့်ကြဲသောသူ။
၃။ ဒါနပတိ-မိမိက သင့်လျော်ရုံသာဖြစ်သော ပစ္စည်းဝတ္ထုတို့ကို သုံးဆောင်ခံစား၍ သူတစ်ပါးတို့အား အရှင်သခင်ကဲ့သို့ သဘောထားပြီး ကောင်းမွန်သော အရာဝတ္ထုတို့ကိုသာ ပေးကမ်းစွန့်ကြဲသောသူတို့ ဖြစ်ပါသည်။
ထိုကဲ့သို့ ပေးကမ်းစွန့်ကြဲမှု (၃)မျိုးတို့ဖြင့် ပေးကမ်းလှူဒါန်းတတ်ကြရာတွင် “လူကောင်း” တစ်ယောက်ဖြစ်ရန်အတွက် စာဂမှုကိုပြုသောအခါ ဒါနပတိဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းရန် လိုပါသည်။ သို့မှသာလျှင် ယခုဘ၀မှာလည်း အလှူခံပုဂ္ဂိုလ်တို့ ၀မ်းမြောက်ဝမ်းသာဖြစ်ရသကဲ့သို့ လှူရသောမိမိတို့မှာလည်း ၀မ်းသာမှုများဖြစ်ပြီး နောင်ဘ၀တို့၌လည်း ကောင်းမွန်သော ချမ်းသာသုခတို့ကို ရရှိမည်ဖြစ်ပါသည်။
ဤကဲ့သို့ မိမိတို့သည် စာဂ-စွန့်ကြဲပေးကမ်းမှုကို ပြုခဲ့မှသာလျှင် ဖြစ်လေရာဘ၀တို့၌ ကျန်ရှိသောပါရမီတို့ကို ဖြည့်ကျင့်နိုင်ပါလိမ့်မည်။ ဒါန-ကောင်းမှုသည် ပါရမီအားလုံးတို့၏ အခြေခံဖြစ်ပါသည်။ ထိုကဲ့သို့ ဒါနအမှုသည် ပါရမီအားလုံးတို့၏ အခြေခံဖြစ်သောကြောင့် မြတ်ဗုဒ္ဓသည်ပင် ဒါနပါရမီကို ရှေးဦးစွာ ဖြည့်ကျင့်ခဲ့ခြင်း ဖြစ်ပါသည်။
ဒါန-စွန့်ကြဲပေးကမ်းမှုကိုပြုလျှင် သတ္တ၀ါတို့ကို လွှမ်းမိုးအုပ်စိုးနိုင်ပါသည်။ ပေးကမ်းသောသူ၏စကားကို ပေးကမ်းခံရသောပုဂ္ဂိုလ်က နားထောင်တတ်ကြပါသည်။ ပေးကမ်းမှုပြုလျှင် မယဉ်ကျေးသောသူကို ယဉ်ကျေးစေနိုင်သကဲ့သို့ မုန်းသူသည်ပင် မိမိအလိုသို့ ပါလာနိုင်ပါသည်။ ၀မ်းမြောက်ဝမ်းသာဖြင့် ပေးကမ်းစွန့်ကြဲနေရ ခြင်းသည် အလွန်ပျော်ရွှင်စရာကောင်းသကဲ့သို့ သံသရာဝယ် ကြီးကျယ်ခမ်းနားပေါများလေသမျှသည်လည်း ဒါန၏ အကျိုးများပင် ဖြစ်ပါသည်။
“အူမတောင့်မှ သီလဆောက်တည်နိုင်မည်”ဟု ပြောဆိုနေကြသည့်အတိုင်း ဒါနမရှိလျှင် သီလပါရမီကို ဖြည့်ကျင့်ရန် ခဲယဉ်းပါသည်။ ထို့အတူ ပညာပါရမီဖြည့်ကျင့်ဖို့ရာ၊ ပညာရှာဖို့ရာမှာလည်း ဒါနချို့တဲ့ ပစ္စည်းမဲ့သူများမှာ ဖြစ်သလိုပညာသင်ကြား ဖြည့်ကျင့်ရပါသည်။ ပစ္စည်းမရှိလျှင် မိမိက ရိုးရိုးသားသား ပြောသောစကားကိုပင် အထင်လွဲခံရတတ်ရ၍ ခန္တီပါရမီဖြည့်ကျင့်ရန်မှာလည်း မလွယ်ကူလှပေ။ “ဥစ္စာမရှိ ကတိမတည်”ဆိုသည့်အတိုင်း ကတိသစ္စာဟူသော သစ္စာပါရမီဖြည့်ရန်လည်း ၀န်လေးလှပေသည်။ မိမိ၌ ဥစ္စာပစ္စည်းမရှိ၍ မိမိထက်သာသောသူကို မြင်လျှင်လည်း “ကိုယ့်ထက်သာ မနာလို”ဆိုသည့်အတိုင်း တွေ့သမျှလူများ၊ သတ္တ၀ါများပေါ်မှာ မေတ္တာပါရမီ ထားတတ်ရန်မှာလည်း ဝေးကွာလှပေသည်။
ထို့ကြောင့် ဒါနပါရမီသည် ပါရမီအားလုံး၏ အခြေခံဖြစ်သည်ဟု ဆိုရခြင်း ဖြစ်ပေသည်။ ထို့ကြောင့်လည်း မြတ်စွာဘုရားသည် ပါရမီဖြည့်စဉ် အလောင်းတော်ဘ၀၌ ဒါနပါရမီကို ရှေးဦးစွာ ဖြည့်ကျင့်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ဒါန-ပေးကမ်းစွန့်ကြဲခြင်း၏ အရေးပါပုံကိုသိသော ကျွန်ုပ်တို့လူသားများသည် စာဂမှုကိုပြုလုပ်လျှင် “လူကောင်း”တစ်ယောက် ဖြစ်ရုံသာမက သံသရာအတွက်ပါ အကျိုးတရားများကို ရရှိမည်ဖြစ်သောကြောင့် စာဂမှုကို အမြဲတစေ ပြုလုပ်ကြရန် လိုအပ်လှပါသည်။
ပညာ၏ အဓိပ္ပါယ်
သူတော်ကောင်းဥစ္စာ၌ပါဝင်သော ပညာဆိုသည်မှာ.........
၁။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကိုသိသော ၀ိပဿနာပညာနဲ့ပြည့်စုံခြင်း။
၂။ ကိလေသာအညစ်အကြေးကင်းစင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။
၃။ လောဘ ဒေါသ မောဟစသော ကိလေသာ အတုံးအခဲများကို ဖြိုးခွဲနိုင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။
၎။ ၀ဋ်ဆင်းရဲ ကိလေသာဆင်းရဲတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။
အထက်ပါ အချက်အလက်တို့နဲ့ ပြည့်စုံ၍ ပညာရှိသောသူကို မြတ်စွာဘုရားက အရိယာသူတော်ကောင်းဟူ၍ မိန့်ကြားခဲ့ပါသည်။ ယခုခေတ်၌ ထိုပညာများနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့မှာ ရှားပါးလှပါသည်။ ထိုကဲ့သို့ အရိယာသူတော်ကောင်းများ နည်းပါးမှုကြောင့် ထိုပညာများနဲ့ပြည့်စုံမှသာလျှင် “လူကောင်း”ဟု သတ်မှတ်ပါက ယခုခေတ်၌ အလွန်ပင်ရှားပါးနေသောကြောင့် “လူကောင်း”ဟု သတ်မှတ်ခေါ်ဆိုရန် မလွယ်ကူပါ။
သို့သော်လည်း ထိုပညာများကို ထိုးထွင်းမသိမြင်ပေမဲ အားထုတ်ရမည်ဟု သိသောပုဂ္ဂိုလ် လက်တွေ့ အားထုတ်နေသောပုဂ္ဂိုလ်တို့ကို ယခုခေတ်၌ “လူကောင်း”တစ်ယောက်ဟု သတ်မှတ်ခေါ်ဝေါ်နေကြပါသည်။ ၀ိပဿနာပညာ မဂ်ပညာတို့၏ သဘောလက္ခဏာကို မသိသောပုဂ္ဂိုလ် တရာဘာဝနာ အားမထုတ်သောပုဂ္ဂိုလ် အားထုတ်ရမှန်း မသိသောပုဂ္ဂိုလ်တို့နှင့် ယှဉ်ကြည့်ပါက သိသောပုဂ္ဂိုလ် အားထုတ်နေသောပုဂ္ဂိုလ်တို့ကို “လူကောင်း”ဟု သတ်မှတ်နိုင်ပါသည်။ သို့သော် အထက်၌ဖော်ပြခဲ့သော အင်္ဂါ(၆)ပါးနှင့် ပြည့်စုံရပါမည်။
ထိုဝိပဿနာပညာ မဂ်ပညာဟူသော အကြောင်းအရာကို မကြားဖူးသေးသောပုဂ္ဂိုလ် ကြားဖူးသော်လည်း မည်ကဲ့သို့အားထုတ်ရမည်ဟု မသိသေးသောပုဂ္ဂိုလ်များ သိရှိနားလည်၍ လိုက်နာကျင့်ကြံပြီး “လူကောင်း”များ ဖြစ်လာရန်အတွက် ၀ိပဿနာပညာ မဂ်ပညာတို့၏ အကြောင်းကို ရေးသားတင်ပြလိုက်ပါသည်။
ဝိပဿနာပညာ
ဝိပဿနာပညာဆိုသည်မှာ ခန္ဓာကိုယ်ကြီးဟာ အမြဲဖြစ်လိုက် ပျက်လိုက်ဖြစ်နေသောကြောင့် မမြဲခြင်း အနိစ္စ တရားပါလား။ ခန္ဓာကိုယ်ကြီးအတွက် နေ့ညမပြတ် ဆောင်ရွက်ပေးနေရသောကြောင့် ဆင်းရဲခြင်း ဒုက္ခတရား ပါလား။ ခန္ဓာကိုယ်ကြီးဟာ မည်သို့ပင် ဆောင်ရွက်ပေးပါသော်လည်း မိမိအလိုသို့ မလိုက်ဘဲ ဖြစ်ချင်းတိုင်း ဖြစ်နေတဲ့အတွက်ကြောင့် အစိုးမရခြင်း အနတ္တ့တရားပါလားဟု ဖြစ်ပျက်နေသော သင်္ခါရတရားတို့ကို ပညာ ဉာဏ်ဖြင့် ရှု့ခြင်း၊ အကြောင်းအားလျော်စွာ မကြံစည်ဘဲ ဖြစ်ပေါ်လာသည်ကို သိခြင်း၊ ပျက်သွားသည်ကို သိမြင်ခြင်းတို့ ဖြစ်ပါသည်။
ဝိပဿနာပညာကို အားထုတ်သောအခါ လယ်ကတွတ်ပေါက်၌ ငါးကို စောင့်နေသော ဗျိုင်းကဲ့သို့ အားထုတ် ရှု့မှတ်ရပါမည်။ လယ်ကတွတ်ပေါက်၌ ငါးကို စောင့်နေသော ဗျိုင်းသည် ငါးပေါ်လာအောင်လည်း မကြံစည် ပေါ်လာသည့်ငါးကိုလည်း ပျောက်သွားအောင် လုံးလမပြုဘဲ ပေါ်လာသောငါးကိုသာ မိအောင် ဖမ်းသကဲ့သို့ ၀ိပဿနာဉာဏ်ရအောင် အားထုတ်သောပုဂ္ဂိုလ်သည် ဖြစ်ပေါ်လာသော ရုပ်နာမ်အမူအရာ သွားခြင်း ရပ်ခြင်းစသော ဣရိယာပုတ်တို့ကို “သွားတယ်၊ ရပ်တယ်”စသည်ဖြင့် မှတ်ရမည်။ သူ့အလိုလို ဖြစ်ပျက်နေသော သွားခြင်း၊ ရပ်ခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ အသက်ရှုခြင်းစသော အခြင်းအရာတို့ကို စိတ်ကသိပြီး ဒီသွားလာလုပ်ရှား စားသောက်နေထိုင် အသက်ရှုတာတွေဟာ သူ့အလိုလိုဖြစ်ပျက်နေတာပါလားဟု အဲဒီသိနေတာလေးကို လိုက်၍ ရှု့မှတ်ရပါမည်။ ဤကဲ့သို့မှတ်လျှင် မှတ်သောအမူအရာ ရုပ်နာမ်မျှကိုသာ စိတ်ကရောက်နေသောကြောင့် လောဘ ဒေါသ မောဟစသော ကိလေသာတို့ မ၀င်နိုင်ဘဲ ၀ိပဿနာပညာဖြစ်လျက် ရှိနေပါသည်။
ထိုဝိပဿနာဉာဏ်ပညာသည် တစ်မျိုးတစ်စားတည်း မဟုတ်ပေ။ အားထုတ်သောပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဖြစ်စဉ်အားဖြင့်(၁၀)မျိုး ရှိပါသည်။ ယင်းတို့မှာ........
၁။ သမ္မသနဉာဏ်-အဓိကအားဖြင့် မိမိ၏ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးပါးသို့တင်၍ သုံးသပ်ဆင်ခြင်တက်သော ဉာဏ်ပညာ။
၂။ ဥဒယဗ္ဗယဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ဆိုင်ရာ အကြောင်းကြောင့် ရုတ်ခနဲဆတ်ခနဲ ဖြစ်ပေါ်လာပုံနှင့် မကြာခင်မှာပင် ချုပ်ပျောက်ပျက်စီးသွားသော အဖြစ်အပျက်ကိုရှု့သော ဉာဏ်ပညာ။
၃။ ဘင်္ဂဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အဖြစ်မဖက် အပျက်ချည်းဖြစ်နေသည်ကို ရှု့မြင်သော ဉာဏ်ပညာ။
၎။ ဘယဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ အပျက်ကိုချည်း တွေ့မြင်နေရသဖြင့် ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ်ဘေးကြီးပါလားဟု ထင်မြင်လာသော ဉာဏ်ပညာ။
၅။ အာဒီန၀ဉာဏ်-ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ် ဘေးကြီးပါလားဟု ရှု့မြင်ရသဖြင့် ရုပ်နာမ်သင်္ခါရ တရားတို့၌ အပြစ်ဟု ထင်မြင်လာသော ဉာဏ်ပညာ။
၆။ နိဗ္ဗိဒါဉာဏ်-အပြစ်ဟု ထင်မြင်နေသော ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ မတွယ်တာ မပျော်ရွှင်နိုင်တော့ဘဲ ငြီးငွေ့လာသော ဉာဏ်ပညာ။
၇။ မုစ္စိတုကမျတာဉာဏ်-ရုပ်နာမ်သင်္ခါရတို့အပေါ်၌ ငြီးငွေ့လာ၍ ထိုခန္ဓာငါးပါးတို့မှ လွတ်မြောက်လိုခြင်း ဖြစ်ပေါ်လာသော ဉာဏ်ပညာ။
၈။ ပဋိသင်္ခါရဉာဏ်-ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်ရန် အကြောင်းတရားတို့နှင့် ပြည့်စုံခြင်းငှါ ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံ၍ ရှု့မြင်ထင်မြင်လာသော ဉာဏ်ပညာ။
၉။ သင်္ခါရုပေက္ခာဉာဏ်-ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို မဖြစ်စေဘဲ လျစ်လျူ ရှု့နိုင်သော ဉာဏ်ပညာ။
၁၀။ အနုလောမဉာဏ်-အောက်၌ဖော်ပြခဲ့သော ၀ိပဿနာဉာဏ်ပညာနှင့် အထက်မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယတရားတို့ကို ရရှိအောင် ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှု့မှတ်သော ဉာဏ်ပညာတို့ ဖြစ်ပါသည်။
မဂ်ဖိုလ်ပညာ
မဂ်ဖိုလ်ပညာဆိုသည်မှာ ဒုက္ခအရိယသစ္စာ၊ ဒုက္ခသမုဒယအရိယသစ္စာ၊ ဒုက္ခနိရောဓအရိယသစ္စာ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာဟု ဆိုအပ်သော သစ္စာလေးပါးတရားတို့ကို သိမြင်ခြင်း ဖြစ်ပါသည်။
၁။ ဒုက္ခအရိယသစ္စာ-ဇာတိ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဒုက္ခအရိယ သစ္စာများ ဖြစ်ပါသည်။ မချစ်ခင် မနှစ်သက်သောသူတို့နဲ့တွေ့ဆုံ ပေါင်းသင်းနေထိုင်ရခြင်း၊ မိမိလိုချင် ဖြစ်ချင် သည်ကို မရဘဲနဲ့ မလိုချင် မဖြစ်ချင်သည်ကိုဖြစ်ရခြင်းစသည်တို့သည်လည်း ဒုက္ခအရိယသစ္စာဖြစ်ပါသည်။
ဇာတိ-သတ္တ၀ါတို့သည် တစ်ဘပြီး တစ်ဘ၀သို့ ပြောင်းရွေ့ဖြစ်နေရခြင်း၊ အမိဝမ်းတွင်းသို့ သက်ဝင်၍နေရခြင်း၊ ခန္ဓာကိုယ်အစရှိသော ကိုယ်လက်အင်္ဂါတို့ တဖြည်းဖြည်း တစ်ခုပြီးတစ်ခု ထင်ရှားဖြစ်နေရခြင်း စသည်တို့ကို ဇာတိဟု ခေါ်ပါသည်။
ဇရာ-သတ္တ၀ါတို့၏ ခန္ဓာကိုယ်မှာရှိသော ဆံပင်ဖြူခြင်း၊ သွားကျိုးခြင်း၊ အသားအရေတွန့်ခြင်း၊ ရုပ်တရားတို့၏ တစ်နေ့တခြား အိုမင်းရင့်ရော်လာခြင်း၊ မျက်စိစသော ဣနြေ္ဒတို့၏ ပျက်စီးလာခြင်းတို့ကို ဇရာဟု ခေါ်ပါသည်။
မရဏ-သတ္တ၀ါတို့၏ တစ်ဘ၀ဆုံး၍ သေကြေပျက်စီးပြီး စုစိစိတ်ကျခြင်းကို မရဏဟု ခေါ်ပါသည်။
သောက-သတ္တ၀ါတို့သည် တစ်စုံတစ်ခုသော ဆင်းရဲဒုက္ခနဲ့တွေ့ကြုံသောအခါ စိုးရိမ်ပူပန်ခြင်း၊ မိမိကြောင့် ဖြစ်သော အမှုကိစ္စကို စိုးရိမ်ပူပန်ခြင်း၊ သူတစ်ပါးတို့၏ အမှုကိစ္စကို စိုးရိမ်ပူပန်ခြင်း စသည်တို့ကို သောကဟု ခေါ်ပါသည်။
ပရိဒေ၀- သတ္တ၀ါတို့သည် တစ်စုံတစ်ခုသော အကြောင်းကိစ္စကြောင့် ငိုကြွေးခြင်း၊ မိမိ၏ အကြောင်းကိစ္စ ကြောင့်သော်လည်းကောင်း၊ သူတစ်ပါးတို့၏ အကြောင်းကိစ္စကြောင့်သော်လည်းကောင်း ငိုကြွေးခြင်း စသည်တို့ကို ပရိဒေ၀ဟု ခေါ်ပါသည်။
ဒုက္ခ- သတ္တ၀ါတို့၏ သာယာနှစ်သက်ဖွယ်မရှိသော ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသော ဆင်းရဲခြင်းစသည် တို့ကို ဒုက္ခဟု ခေါ်ပါသည်။
ဒေါမနဿ- သတ္တ၀ါတို့သည် စိတ်နဲ့အကြိုက်မတွေ့သောအခါ စိတ်ဆင်းရဲခြင်း၊ မိမိဖြစ်ချင်သော အမှုကိစ္စများ မဖြစ်ရသောအခါ စိတ်ဆင်းရဲရခြင်း၊ မိမိလိုချင် ရချင်သော အရာဝတ္ထုများကို မရသောအခါ စိတ်ဆင်းရဲရခြင်း စသည်တို့ကို ဒေါမနဿဟု ခေါ်ပါသည်။
ဥပါယာသ-သတ္တ၀ါတို့သည် အမှုကိစ္စကို ဆောင်ရွက်သောအခါ ပင်ပန်းရခြင်း၊ တစ်စုံတစ်ခုသော ပျက်စီး ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ရသောအခါ ပင်ပန်းရခြင်း၊ မိမိလုပ်ခဲ့သော အမှုကိစ္စကို ပြန်စဉ်းစားပြီး ပင်ပန်းရခြင်း၊ သူတစ်ပါးလုပ်ခဲ့သော အမှုကိစ္စအတွက် ပင်ပန်းရခြင်း စသည်တို့ကို ဥပါယာသဟု ခေါ်ပါသည်။
၂။ ဒုက္ခသမုဒယ အရိယသစ္စာဆိုသည်မှာ ကာမတဏှာဟူသော ကာမဂုဏ်အာရုံတို့၌ တပ်မက် နှစ်သက်သောတဏှာ၊ ဘ၀တဏှာဟူသော မိမိလက်ရှိ ရရှိနေသောဘ၀ကို နှစ်သက်တပ်မက်သော တဏှာ၊ ၀ိဘ၀တဏှာဟူသော နောင်ထပ်ရရှိမည့်ဘ၀ကို နှစ်သက်တပ်မက်သောတဏှာတို့ကို ဒုက္ခ၏ အကြောင်းတရား အဖြစ် အမှန်အတိုင်း သိမြင်ခြင်း ဖြစ်ပါသည်။
၃။ ဒုက္ခနိရောဓ အရိယသစ္စာဆိုသည်မှာ ဒုက္ခသမုဒယ အရိယသစ္စာ၌ပါဝင်သော တဏှာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်ခြင်းကို ဆိုလိုပါသည်။
၎။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာဆိုသည်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟု ဆိုအပ်သော မြတ်သောအင်္ဂါရှစ်ပါးရှိသော မဂ်အကျင့်လမ်းကို ကျင့်ခြင်းဖြစ်ပါသည်။
သမ္မာဒိဋ္ဌိဆိုသည်မှာ ဒုက္ခတရားတို့ကို သိမြင်ခြင်း၊ ဒုက္ခ၏ဖြစ်ကြောင်းတရားတို့ကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ကို သိမြင်ခြင်း၊ ဒုက္ခခပ်သိမ်းတို့၏ အေးငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်တရားတို့၌ သိမြင်ခြင်းတို့ကို ခေါ်ပါသည်။
သမ္မာသင်္ကပ္ပဆိုသည်မှာ ကာမဂုဏ်အာရုံတို့မှ လွတ်ကင်းသော အရာဝတ္ထုတို့ကို ကြံစည်ခြင်း၊ မိမိသူတစ်ပါး ပျက်စီးကြောင်းတရားတို့မှ လွတ်ကင်းသည်ကို ကြံစည်ခြင်း၊ မိမိသူတစ်ပါး ညှင်းဆဲခြင်း အမှုကိစ္စတို့မှ လွတ်ကင်း သော တရားတို့ကို ကြံစည်ခြင်းတို့ ဖြစ်ပါသည်။
သမ္မာဝါစာဆိုသည်မှာ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းတိုက်စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အကျိုးမရှိ အချည်းနှီးသော စကားတို့ကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၍ မှန်ကန်သင့်မြတ် အကျိုးရှိသောစကားတို့ကိုသာ ပြောဆိုခြင်းတို့ ဖြစ်ပါသည်။
သမ္မာကမ္မန္တဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးတို့က ကြည်ဖြူစွာ မပေးသော ပစ္စည်းဥစ္စာတို့ကို ယူခြင်းမှရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်အာရုံတို့၌ မတရားသောနည်းဖြင့်ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါသည်။
သမ္မာအာဇီဝဆိုသည်မှာ ယုတ်မာသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန်မှားယွင်းသော အသက် မွေးမှုမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါသည်။
သမ္မာဝါယာမဆိုသည်မှာ မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်အောင်အားထုတ်ခြင်း၊ ဖြစ်ပြီးသော ယုတ်မာသော ကုသိုလ်တရားတို့ကို ပယ်သတ်နိုင်အောင် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ် တရားတို့ကိုရရှိအောင် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲတိုးပွားအောင် အားထုတ်ခြင်းတို့ ဖြစ်ပါသည်။
သမ္မာသတိဆိုသည်မှာ ကိုယ်တွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှုများ၊ တွေ့ထိခံစားရမှုများ၊ စိတ်တွင်းဖြစ်ပေါ်နေသော စိတ်ကူးကြံဆချက်များ၊ ထိုသို့ဖြစ်ပေါ်နေသော တရားတို့ကို တရားရှု့မှတ်နေခြင်းစသော အဖြစ်အပျက်အားလုံး တို့ကို လုံ့လပြု၍ စောင့်ကြပ်ကြည့်ရှု့နေသော သတိကို သမ္မာသတိဟု ခေါ်ပါသည်။
သမ္မာသမာဓိဆိုသည်မှာ ပထမဈာန်အဆင့်တွင် ၀တ္ထုကာမ၊ ကိလေသာကာမတို့မှ ကင်းဆိတ်သည့်အတွက် ကာမဂုဏ်၌အလိုရှိခြင်း၊ မကောင်းကြံခြင်း၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းညှိုးနွမ်းခြင်း၊ စိတ်မငြိမ်မသက် ပြန့်လွင့်ခြင်း၊ ယုံမှားတွေးတောခြင်းအစရှိသော နီဝရဏတရားတို့ကို ပယ်ဖျောက်ပြီးဖြစ်သောကြောင့် အနည်း ငယ်သောကြံစည်မှု၊ စဉ်းစားမှုများနှင့်သာ နှစ်သိမ့်ချမ်းသာခြင်း ပီသုခကို ခံစား၍နေ၏။
ဒုတိယဈာန်အဆင့်တွင် ကြံစည်မှု၊ စဉ်းစားမှုစသည့် ဉာဏ်လှုပ်ရှားမှုစသည်တို့ကို ပယ်သတ်လျက် စိတ်ကိုစိတ်၌သာ စူးစိုက်ထားခြင်းအားဖြင့် ကြည်လင်တည်ငြိမ်စေလျက် ပီတိသုခတို့ကို ဆက်လက်ခံစား၍ နေ၏။
တတိယဈာန်အဆင့်တွင် ထင်ရှားစွာခံစားရသော နှစ်သိမ့်မှု ပီတိကိုပင်စွန့်ပစ်လျက် စိတ်၏ချမ်းသာမှု တစ်ခုတည်းကိုသာခံစားပြီး အညီအမျှ ရှုလျက်နေ၏။
စတုတ္ထဈာန်အဆင့်တွင် ခံစားမှုအားလုံးတို့ကို စွန့်လွှတ်လိုက်ပြီး ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းများကင်းပြီး သတိရှိစွာနေလေ၏။
ဤမှန်သော အားထုတ်မှု၊ မှန်သော အောက်မေ့မှတ်သားမှု၊ မှန်သောတည်ငြိမ်မှုသုံးပါးသည် စိတ်ကိုဆုံးမသည့် သိက္ခာရပ်များဖြစ်သောကြောင့် သမ္မာသမာဓိဖြစ်ပါသည်။
အထက်၌ ဖော်ပြခဲ့သောတရားများသည် မဂ်ဖိုလ်ပညာ၏ သဘောတရားများ ဖြစ်ပါသည်။ ထိုမဂ်ဖိုလ်ပညာ တို့ကို အမှန်အတိုင်းကောင်းစွာ သိမြင်သောပုဂ္ဂိုလ်သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ဧကန် ရောက်ရှိမည် ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် နိဗ္ဗာန်ရွှေပြည်မြတ်ကို ယခုဘ၀မှာရရှိအောင် အားမထုတ်နိုင်လျှင်သော်မှ နောင်ဘ၀မှာရရှိရန်အတွက် ၀ိပဿနာပညာ၊ မဂ်ပညာများကို တတ်သိနားလည်အောင် လေ့လာမှတ်သားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် လူဖြစ်ရကျိုးနပ်သော “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။
ယခုအခါ “လူကောင်း”တစ်ယောက် ပြည့်စုံရမည့် သူတော်ကောင်းဥစ္စာ(၇)ပါး၏ အကျယ်အဓိပ္ပါယ်ကို ဖွင့်ဆိုပြခဲ့ပြီးပါပြီ။ ထိုသူတော်ကောင်းဥစ္စာ(၇)ပါးနှင့်ပြည့်စုံလျှင် “လူကောင်း”တစ်ယောက်ဖြစ်ရုံသာမက အရိယာသူတော်ကောင်းဟုပင် ခေါ်ဝေါ်နိုင်ကြောင်း မြတ်ဗုဒ္ဓက “သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု”တွင် မိန့်ကြားခဲ့ပါသည်။ ထိုသို့ မိန့်ကြားခဲ့သော သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထုကို နောက်တစ်ပါတ်တွင် ဆက်လက်ရေးသားတင်ပြပေးပါမည်။ ခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။
သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု
သုပ္ပဗုဒ္ဓသည် ခန္ဓာကိုယ်နူနေသောကြောင့် အစားအသောက်တို့ကို လိုက်လံရှာဖွေတောင်းရန်၍ စားသောက်ရသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည် တစ်နေ့တွင် အစာအာဟာရတို့ကို လှည့်လည်တောင်းရမ်းရန် သွားသောအခါ မြတ်စွာဘုရား တရားဟောကြားသောနေရာသို့ ရောက်သွားလေ၏။ ထိုအခါ သူသည် လူအပေါင်း စုဝေးနေသည်ကိုမြင်၍ “ဤသူတော်ကောင်းများ စုဝေးရာအရပ်သို့သွားပါက တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကို ရနိုင်ပေအံ့”ဟု ကြံပြီးလျှင် ထိုလူစုဝေးရာအရပ်သို့ ချဉ်းကပ်လေ၏။
ထိုနေရာသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်ကိုမြင်လျှင် သြော်-“ငါသည်ကား လူအများတို့ စားဖွယ်သောက်ဖွယ်များကို စီမံသောအရပ်ဟုထင်၍ လာခဲ့၏။ ဤနေရာသည် မြတ်စွာဘုရားတရားဟောသော နေရာပါလား။ သို့သော်လည်း ငါသည် မြတ်စွာဘုရားဟောကြားသော တရားတော်ကို မှတ်သားမိအောင် နာဦးမည်”ဟု ကြံစည်ပြီးလျှင် ပရိသတ်အစွန့်အဖျား၌နေလျှက် တရားတော်ကို ရိုသေစွာနာယူလေ၏။
မြတ်စွာဘုရားရှင်သည် တရားဟောတော်မူရင်း ကျွတ်ထိုက်သော သတ္တ၀ါကို ကြည့်သည်ရှိသော် ပရိသတ်အစွန့်အဖျား၌နေ၍ ရိုသေစွာ တရားနာကြားနေသော သုပ္ပဗုဒ္ဓလူနူကို မြင်တော်မူလေ၏။
တရားဟောကြားပြီးသည်ရှိသော် သုပ္ပဗုဒ္ဓလူနူသည် သောတာပတ္တိဖိုလ်တည်လေ၏။ သုပ္ပဗုဒ္ဓလူနူသည် မြတ်စွာဘုရားရှင်အား မိမိရအပ်သောတရားထူးကို လျှောက်ထားချင်သော်လည်း ပရိတ်သတ်အလယ်သို့ ၀င်ခြင်းငှါ မဖြစ်နိုင်သောကြောင့် မြတ်စွာဘုရားကျောင်းသို့ ကြွတော်မူသောအခါမှ နောက်ကလိုက်သွားလေ၏။
ထိုအခါ သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏ တရားသိမြင်မှုကို စူးစမ်းလို၍ သုပ္ပဗုဒ္ဓလာသော လမ်းကစောင့်လျက် သုပ္ပဗုဒ္ဓရောက်လာသောအခါတွင် “သုပ္ပဗုဒ္ဓ-သင်သည် လူ့ဘောင်လူ့လောက၌ ဆင်းရဲစွာဖြင့် တောင်းရမ်း စားသောက် နေရသောသူဖြစ်၏။ သို့ဖြစ်၍ သင့်အား ငါသည် မရေမတွက်နိုင်သော ပစ္စည်းဥစ္စာတို့ကို ပေးမည်။ သင်သည် မြတ်စွာဘုရားအား ဘုရားမဟုတ်၊ တရားတော်အား တရားမဟုတ်၊ သံဃာအား သံဃာမဟုတ်၊ ဘုရား တရား သံဃာဖြင့် ငါ့အား အကျိုးမရှိ”ဟူ၍ ပြောဆိုပါဟု ခိုင်းလေ၏။
ထိုအခါ သုပ္ပဗုဒ္ဓသည် “အသင်သည် အဘယ်သူနည်း”ဟု မေးသောအခါ ငါသည် “သိကြားမင်းဖြစ်ပေ၏”ဟု သိကြားမင်းက ပြန်ပြောလေ၏။ သုပ္ပဗုဒ္ဓသည် သိကြားမင်းအား အသင်သည် အလွန်မိုက်မဲ့သူ အရှက်မရှိသောသူဖြစ်၏။ အသင်ကဲ့သို့ ဘုရား တရား သံဃာကို စော်ကားသော မိုက်မဲ့သော သိကြားမင်းနဲ့ ငါသည် စကားပြောဆိုခြင်းငှါ မသင့်လျော်။
အသင်သိကြားမင်းက ငါ့အား ဆင်းရဲသူဟု မှတ်ထင်နေ၏။ ငါသည် ဆင်းရဲသူမဟုတ်။ ငါသည် ချမ်းသာမှု မှန်သမျှတို့တွင် အမွန်မြတ်ဆုံးဖြစ်သော ချမ်းသာကို ရရှိသူဖြစ်၏။
ငါ့မှာ ရတနာသုံးတန် ကံ ကံ၏အကျိုးတို့ကို ယုံကြည်သော သဒ္ဓါတရား၊ ကိုယ့်ကျင့်တရား ကောင်းမွန်ခြင်း စာရိတ္တသီလနှင့် မကောင်းမှုတို့ကို မပြုလုပ်မိအောင် စောင့်ထိန်းခြင်း ၀ါရိတ္တသီလတို့ဖြင့် ပြည့်စုံသော သီလတရား၊ မကောင်းမှုပြုလုပ်ရမှာ ရှက်ခြင်းဟိရီတရား၊ မကောင်းမှုပြုလုပ်ရမှာကြောက်ခြင်း သြတ္တပ္ပတရား၊ ကောင်းသော အကြားအမြင်ရှိခြင်း သုတတရား၊ စွမ်းနိုင်သမျှ စွန့်ကြဲပေးကမ်းခြင်း စာဂတရား၊ အမှန်ကို သိမြင်ခြင်း ပညာတရား တည်းဟူသော သူတော်ကောင်းဥစ္စာ(၇)ပါးတို့သည် ထင်ရှားရှိကုန်၏။
ထိုသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသော ယောကျာ်းမိန်းမတို့ကို ဆင်းရဲသောသူ မဟုတ်ဟူ၍ ဘုရား ပစ္စေကဗုဒ္ဓါအစရှိသော သူတော်ကောင်းပညာရှိတို့သည် သတ်မှတ်ကြကုန်၏ဟု ပြောဆိုလေ၏။
သိကြားမင်းသည် သုပ္ပဗုဒ္ဓလူနူ၏စကားကိုကြားလျှင် မြတ်စွာဘုရားထံသို့ လျင်မြန်စွာသွားရောက်ပြီး အကြောင်းစုံကို မေးမြန်းလျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က သင်ကဲ့သို့သော သိကြားမင်းတို့သည် ပစ္စည်းဥစ္စာကို ပေး၍သော်လည်းကောင်း သတ်လျှင်သော်လည်းကောင်း “လူကောင်း” တစ်ယောက်၏ အရည်အချင်းတို့နဲ့ ပြည့်စုံသော သုပ္ပဗုဒ္ဓလူနူသည် ဘုရား တရား သံဃာကို ပစ်ပယ်မည် မဟုတ်ကြောင်း မိန့်တော်မူလေ၏။
အထက်ပါသာဓကကို ကြည့်ခြင်းအားဖြင့် သူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ပြည့်စုံသောသူကို မည်ကဲ့သို့သောဥစ္စာ၊ မည်ကဲ့သို့သော ခြိမ်းခြောက်မှုများဖြင့် စည်းရုံးပြီး ရတနာသုံးပါး ကံ ကံ၏အကျိုးတရားစသည်တို့ကို ယုံကြည်မှုပျက်ပြားအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် သူတော်ကောင်းဥစ္စာ(၇)ပါး တည်းဟူသော ချမ်းသာအစစ် အမှန်တို့နဲ့ ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။
ကျွန်ုပ်တို့ ဗုဒ္ဓဘာသာနွယ်ဝင်များသည် ဘာသာခြားတို့၏ ဖျားယောင်းမှုကိုခံရပြီး ဘာသာအယူဝါဒ ပြောင်းသွားသည်မှာ ဤသူတော်ကောင်းဥစ္စာ(၇)ပါးနဲ့ မပြည့်စုံသောကြောင့်ပင် ဖြစ်ပါသည်။ ဘာသာအယူဝါဒ ပြောင်းသွားသောသူများကို လေ့လာကြည့်သောအခါ ရတနာသုံးပါး ကံ ကံ၏အကျိုးတရားဂုဏ်ကျေးဇူးတို့ကို ယုံကြည်မှု ရှိသော “လူကောင်း”တစ်ယောက်၏ အရည်အချင်းများနဲ့ မပြည့်စုံသောကြောင့်လည်းကောင်း၊ စီးပွားရေးကြောင့်လည်း ကောင်း၊ ကိလေသာတဏှာလောဘကြောင့်လည်းကောင်း ဘာသာပြောင်းသွားကြခြင်း ဖြစ်ပါသည်။
အကယ်၍ သူတို့၏သန္တာန်၌ “လူကောင်း”အရည်အချင်းများရှိခဲ့သော် သုပ္ပဗုဒ္ဓပြောသောစကားကဲ့သို့ မိမိမှာ အချမ်းသာဆုံးဖြစ်သော သူတော်ကောင်းဥစ္စာ(၇)ပါးရှိ၍ လောကီဥစ္စာများနှင့် လဲလှယ်ရန် မဖြစ်နိုင်ပါ။
သို့ဖြစ်၍ ကျွန်ုပ်တို့လူသားများသည် “လူကောင်း”တစ်ယောက်ဖြစ်အောင်၊ လူကောင်းအရည်အချင်းများနှင့် ပြည့်စုံအောင် အားထုတ်ကြရန် လိုပါသည်။ သို့မှသာလျှင် ပစ္စုပ္ပန် သံသရာနှစ်ဖြာသော အကျိုးတို့ကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပြီးလျှင် မျက်မှောက် တမလွန်တို့၌ ကောင်းကျိုးချမ်းသာများကို ခံစားရ ပါလိမ့်မည်။
ယခုခေတ်၌ “လူကောင်း”နည်းပါးပြီး “လူကောင်း”ဟု ဟန်ဆောင်ပြီး လိမ်လည်နေသောပုဂ္ဂိုလ်တို့ ပေါများလှပါသည်။ ထို့ကြောင့် “လူကောင်း”ဟု ဟန်ဆောင်ကြသောပုဂ္ဂိုလ်များကို “လူကောင်း”ဟုတ် မဟုတ် စိစစ်တက်ရန်အတွက် “လူကောင်း”တစ်ယောက်၏ အပေါ်ယံလက္ခဏာများကို ရေးသားတင်ပြလိုက်ပါသည်။
၁။ အသက်ရှင်သမျှ ကာလပတ်လုံး မိခင် ဖခင် ကျေးဇူးရှင်များကို ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း။
၂။ အသက်ရှင်သမျှ ကာလပတ်လုံး မိမိထက် အသက်သိက္ခာကြီးသူများကို ရိုသေလေးစွာဖြင့် ပြုမှုဆက်ဆံခြင်း။
၃။ အသက်ရှင်သမျှ ကာလပတ်လုံး သာယာချိုမြိန်ချစ်ဖွယ်ကောင်းသော စကားတို့ကိုသာ ပြောဆိုခြင်း။
၎။ အသက်ရှင်သမျှ ကာလပတ်လုံး ကုန်းတိုက်စကား မပြောဆိုခြင်း။
၅။ အသက်ရှင်သမျှ ကာလပတ်လုံး ၀န်တိုမှုကင်းစွာဖြင့် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း။
၆။ အသက်ရှင်သမျှ ကာလပတ်လုံး သီလလုံခြုံခြင်း။
၇။ အသက်ရှင်သမျှ ကာလပတ်လုံး အကြားအမြင် ဉာဏ်ပညာရှိပြီး မှားယွင်းသောအပြုအမှုများ မပြုလုပ်ခြင်း စသည်တို့ဖြစ်ပါသည်။
အထက်ပါ အချက်အလက်တို့နှင့် ပြည့်စုံမှုရှိမရှိကိုကြည့်၍သော်လည်းကောင်း၊ “လူကောင်း” တစ်ယောက် ပြည့်စုံရမည့် အချက်အလက်တို့ ရှိမရှိကို ကြည့်၍သော်လည်းကောင်း “လူကောင်း”ဟုတ် မဟုတ် သိနိုင်ပါသည်။
“လူကောင်းအစစ်အမှန်နဲ့ ပေါင်းဖော်ပါက လူကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မည်”ဟု မြတ်ဗုဒ္ဓဟောကြားခဲ့ သော မင်္ဂလာသုတ်လာ “လူဆိုးနှင့်မပေါင်းနဲ့ လူကောင်းပညာရှိနှင့် ပေါင်းသင်းပါ”ဟူသော စကားတို့ကို လူတိုင်းပြောဆိုနေကြပါသော်လည်း လူကောင်းဆိုတာ မည်ကဲ့သို့သောပုဂ္ဂိုလ် လူကောင်းနှင့်ပေါင်းဖော်လျှင် မည်ကဲ့သို့သော အကျိုးတရားရရှိသည်ဟူသော အချက်တို့ကို သေချာကျနစွာ မသိသေးသော ပုဂ္ဂိုလ်တို့က များပါသည်။
ထို့ကြောင့် လူကောင်းနှင့်ပေါင်းဖော်ရခြင်း၏ အကျိုးတရားများကို ရေးသားတင်ပြလိုက်ပါသည်။ လူကောင်းနှင့်ပေါင်းဖော်သောသူသည်.........
၁။ လူကောင်းတစ်ယောက်ဖြစ်ရခြင်း။
၂။ အသိအလိမ္မာ ဉာဏ်ပညာရှိသောသူ ဖြစ်ရခြင်း။
၃။ စိုးရိမ်ပူပင်သောက ကင်းရခြင်း။
၎။ ဆွေမျိုး ပရိတ်သတ်အလယ် တင့်တယ်စွာ နေရခြင်း။
၅။ နတ်ပြည်သို့ ရောက်ရခြင်း။
၆။ နတ်ပြည်၌ ကြာမြင့်စွာ အမြဲတည်နေရခြင်း။
၇။ ဒုက္ခအပေါင်းမှ ကင်းလွတ်ရခြင်းစသော အကျိုးတို့ကို ရရှိသည့်အပြင် လူကောင်းတစ်ယောက်၏ တရားများ ကို ကျင့်ကြံအားထုတ်ပါက ၀ဋ်ဆင်းရဲမှ လျင်မြန်စွာ လွတ်မြောက်နိုင်ခြင်းဟူသော အကျိုးတရားများကို ရရှိပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် မိမိကိုယ်တိုင်လည်း “လူကောင်း”တစ်ယောက်ဖြစ်အောင် နေထိုင်ပြီး “လူကောင်း”များနဲ့သာ ပေါင်းသင်းပါက လိုအပ်သောအကျိုးကျေးဇူးများကို ရရှိမှာသေချာပါသည်။
ထို့ပြင် မျက်မှောက်တမလွန်အတွက် အကျိုးရှိသော လုပ်ငန်းတို့ကို လုပ်ဆောင်သောကြောင့် ဖြစ်လေရာဘ၀မှာ နိဗ္ဗာန်သို့ရောက်အောင် အားထုတ်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ဤဖော်ပြခဲ့သော အချက်အလက်တို့ကို ပြည့်စုံအောင် အားထုတ်ကျင့်ကြံကြပြီး “လူကောင်း”များ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် “လူတော်လူကောင်း”ခေါင်းစဉ်ကို နိဂုံးချုပ်ပါရစေ။
နိဂုံး
အမှောင်နှင့်အလင်းဆောင်သော ကမ္ဘာလောကကြီးအတွင်းဝယ် အကောင်းနှင့်အဆိုး အယုတ်နှင့်အမြတ်၊ လူဆိုးလူမိုက်နှင့် လူတော်လူကောင်းတို့သည် ဒွန်တွဲနေကြ၏။ မျက်မှောက်ခေတ် ဆုတ်ကပ်ကာလတွင် လူဆိုးလူမိုက်များထွန်းကား၍ နေရာအနှံ့အပြားတွင် ဒုနဲ့ဒေးပေါများလှပါသည်။ “လူတော်လူကောင်း”တို့မှာမူ လွန်စွာရှားပါးသော ခေတ်ကာလ ဖြစ်ပါသည်။
“အရင်းစစ်တော့ အမြစ်မြေက”ဆိုသကဲ့သို့ လူသားတို့သည် အကြောင်းအကျိုး အကောင်းအဆိုး လူတော်လူကောင်းစသည်တို့ကို ခွဲခြားနားလည်ရန် လိုပေသည်။ ထိုကဲ့သို့ ခွဲခြားနားမလည်ပါက လူဆိုးလူမိုက်များနှင့် ပေါင်းဖော်မိကာ ဘ၀နွံနစ်ကြရပေမည်။ လူဆိုးလူမိုက်ဆိုသည်မှာ မွေးရာပါ မဟုတ်သကဲ့သို့ ဦးချိုပါသောလူလည်း မဟုတ်ပါ။ ပတ်ဝန်းကျင်၏ သွန်သင်ဆုံးမမှုပေါ်တွေင် မူတည်၍ “လူဆိုးလူမိုက် လူတော်လူကောင်း”ဟု ဖြစ်လာကြရပေသည်။
“အတုမြင်အတက်သင်”နေကြသည့် လူ့လောကီနယ်ပင်တွင် “ပတ္တမြားစစ်၍ နွံမနစ်သော်လည်း နွံနှင့်အပတ်ခံရပါက ပတ္တမြား၏တန်ဖိုး ယုတ်လျော့သွားသကဲ့သို့” တန်ဖိုးရှိသော လူ့ဘ၀ကိုရရှိနေပြီး “လူတော်လူကောင်း” မဖြစ်ဘဲ လူဆိုးလူမိုက်ဖြစ်မည်ဆိုလျှင် လူသားတို့ကို အကျိုးမပြု၊ မိဘစသော ပတ်ဝန်ကျင်ကိုလည်း အကျိုးရှိအောင် လုပ်မပေးသောကြောင့် လူဖြစ်ရကျိုးမနပ်သော လူတစ် ယောက်ဖြစ်၍ ဘ၀တစ်ခုလုံးဆုံးရှုံးပြီး သံသရာတွင်လည်း ခေါင်းမဖော်နိုင်ဘဲ ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် “လူတော်လူကောင်း”သဘောလက္ခဏာ အရည်အချင်းတို့ကို မီးမောင်းထိုးပြသော စာရေးသူ၏ ဆောင်းပါးကို ဖတ်ရှု့ပြီး လိုက်နာကျင့်သုံးမည်ဆိုလျှင် မိမိတို့ဘ၀သည် “အမှောင်မသန်း ဘေးဘျမ်းမခဘဲ” အေးချမ်းလှပသော ဘ၀ကိုပိုင်ဆိုင်ပြီး သံသရာတွင်လည်း အခက်အခဲမရှိ လွယ်ကူစွာဖြင့် ဖြတ်သန်းနိုင်ပါလိမ့်မည်။
ဤဆောင်းပါးသည် လောကကြီးတွင် ခရီးနှင်ကြမည့် လူသားအာလုံးတို့အတွက် လိုအပ်သောကွက်လပ်ကို တစ်ထောင့်တစ်နေရာက အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ဖြည့်ဆည်းပေး လိမ့်မည်ဟု ယုံကြည်ပါသည်။ အချိန်ကာလအပိုင်းအခြားကာလအတွင်းမှာ ရေးသားဖော်ပြရခြင်း ကြောင့် အရည်အသွေးမီ မှတ်ကျောက်တင်နိုင်သောဆောင်းပါးဟု မဆိုနိုင်ပါ။ သဘာဝနိယာမ သဘောအရ အမှားတစ်စုံတစ်ရာ တွေ့ရှိနိုင်ပါသည်။ ထိုသို့ အမှားတွေ့မည်ဆိုလျှင် ပညာရှိပီသစွာ ဖြင့် ပြင်ဆင်၍ ဖတ်ကြစေလိုပါသည်။
စာရေးသူရေးသားသော “လူတော်လူကောင်း”အမည်ရှိသောဆောင်းပါးသည် အပြီးဆုံးတိုင် ရောက်ရှိခဲ့ပါပြီ။ ဤဆောင်းပါးကို ရေးသားရာ၌ အသိဉာဏ်ပညာဗဟုသုတ နုနယ်သေး၍ စာပေ အရေးအသားပိုင်းတို့ မကျွမ်းကျင်သေးသည့်အလျောက် အခက်ခဲများစွာနဲ့ ရင်ဆိုင်ပြီး ရေးသားခဲ့ရ ပါသည်။
စာရေးသူသည် လူသားတို့အား “လူတော်လူကောင်း”များ ဖြစ်စေချင်သည့်ဆန္ဒဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါသည်။ စာရေးသူ၏ ဆန္ဒကို လူသားအားလုံးသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်သော်လည်းကောင်း သဘောပေါက်နားလည်ပြီး လိုက်နာကျင့်သုံးဆောင်ရွက် မည်ဆိုလျှင် စာရေးသူပင်ပန်းရကျိုး နပ်ပါသည်။
ထို့ပြင် စာရေးသူတင်ပြသော “လူတော်လူကောင်း”တို့သည် မျက်မှောက်ဘ၀၌ တွေ့ကြုံရမည့် ဘေးဒုက္ခအမျိုးမျိုး သံသရာ၌ရင်ဆိုင်ရမည့် ဆင်းရဲအမျိုးမျိုးတို့မှ ကင်းဝေးပြီးလျှင် မိမိတို့အလိုရှိရာပန်းတိုင်ကို ဧကန်ရောက်ရှိပါလိမ့်မည်။ ထိုသို့သော အကျိုးတရားများကို ရရှိနိုင်ရန်အတွက် အားလုံးသောလူသားများသည် “လူတော်လူကောင်း”များဖြစ်အောင် ကြိုးစားကြပါဟု ဆန္ဒပြုရင်း စာရေးသူ၏ “လူတော်လူကောင်း”ဆောင်းပါးကို အဆုံးနိဂုံးကမ္ဗည်းသတ်လိုက်ပါသည်။
ဆန္ဒမွန်
လူတို့နားတွင်၊ မိုက်မလင်းကို
ဝင်းဝင်းထွန်းငြီး၊ ဉာဏ်ဆီမီးဖြင့်
မှောင်းကြီးကင်းပျောက်၊ ငါ့စာရောက်က
ငါ့အောက်ပညာ၊ နုသေးစွာသား
သမ္ဘာမပြန့်၊ အလူအ၀ှန့်အား
စိတ်ပြားပညာ၊ ပွားပါစိမ့်မည်
သည်သို့ရည်၍...............။
ရှင်မဟာရဋ္ဌသာရ
လူတော်လူကောင်း
ပညာပြည့်ဝ၊ နှလုံးလှက
ဘ၀ဤခါ၊ သံသရာဝယ်
ဝေဖြာကောင်းကျိုး၊ စည်ပင်ဖြိုးလိမ့်
အကျိုးဂုဏ်အင်၊ ဖြိုးစုံလင်ဖို့
မမျှော်အကျိုး၊ အရိုးဂုဏ်တင်
ဝန်းကျင်အပေါင်း၊ ချီးမွမ်းရှောင်းသည့်
လူတော်လူကောင်း ဖြစ်ကြပါစေသော်.......။
တက္ကသိုလ် နန္ဒာ
မှီငြမ်းရေးသားသော ကျမ်းများ
၁။ သီလက္ခန္ဓ၀ဂ္ဂပါဠိ
၂။ ပါထိက၀ဂ္ဂပါဠိ
၃။ သဂါထာဝဂ္ဂ-နိဒါန၀ဂ္ဂသံယုတ္တပါဠိ
၎။ မဟာဝဂ္ဂသံယုတ္တပါဠိ
၅။ အင်္ဂုတ္တရပါဠိ(ဒု)
၆။ ပေတ၀တ္ထုပါဠိ
၇။ ပဋိသမ္ဘိဒါမဂ္ဂပါဠိ
၈။ သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ
၉။ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ
၁၀။ သံယုတ္တအဋ္ဌကထာ(တ)
၁၁။ အင်္ဂုတ္တရအဋ္ဌကထာ(တ)
၁၂။ အဋ္ဌသာလိနီအဋ္ဌကထာ
၁၃။ ဓမ္မပဒအဋ္ဌကထာ(ပ)
၁၄။ ဓမ္မပဒအဋ္ဌကထာ(ဒု)
၁၅။ ဣတိဝုတ္တအဋ္ဌကထာ
၁၆။ ပေတ၀တ္ထုအဋ္ဌကထာ
၁၇။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ(ပ)
၁၈။ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ)
၁၉။ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ(ပ)
၂၀။ အဘိဓာနတ္ထဒီပိကာသူစိ
၂၁။ မဟာဗုဒ္ဓ၀င်(ပ)- မင်းကွန်းဆရာတော်
၂၂။ ကိုယ့်ကျင့်အဘိဓမ္မာ-အရှင်ဇနကာဘိဝံသ
၂၃။ ရတနာ့ဂုဏ်ရည်- အရှင်ဇနကာဘိဝံသ
၂၄။ ပါရာယန၀တ္ထု- ရှင်မဟာသီလ၀ံသ
၂၅။ အပ္ပမာဒ-(နိုဝင်ဘာ၊ ၂၀၀၅) ယောဆရာတော်
၂၆။ ၀ိုင်အမ်ဘီအေအဘိဓမ္မာ- ဆရာဦးကျော်ထွတ်
၂၇။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်- သာ-ထွန်း-ပြန့်
၂၈။ လူမွန်လူချွန်- လှသမိန်
၂၉။ မြန်မာအဘိဓာန်အကျဉ်းချုပ် (အတွဲ-၄)- မြန်မာစာအဖွဲ့
၃၀။ ဗုဒ္ဓ၏လူမှုရေးလမ်းညွှန်ချက်များ -မောင်အံ့(မဟာဝိဇ္ဇာ)
၃၁။ ကျော်စွာ(၁၀၀) ဒုတိယတွဲ- ဒေါက်တာသန်းထွန်း

No comments:

Post a Comment