“ယနေ့ဘုရားဖြစ်နိုင်ပါမူ ရေညာသို့ဆန်တက်ပါစေ (ဂေါတမမြတ်စွာဘုရားအလောင်းတော်၏ အဓိဋ္ဌာန်)”
မြတ်စွာဘုရားလောင်းလျာသည် ဃနာနို့ဆွမ်းကို ခံယူပြီးနောက် ထိုင်နေရာမှထကာ ညောင်ပင်ကို လက်ျားရစ် လှည့်ပြီးနောက် နို့ဃနာရွှေခွက်ကိုယူဆောင်ပြီး နေရဉ္ဇာရာမြစ်ကမ်းသို့ ကြွတော်မူခဲ့သည်။ ဘုရားလောင်းလျာတိုင်း ဘုရားလောင်းလျာတိုင်း ဘုရားဖြစ်မည့်နေ့ဝယ် ရေချိုးတော်မူကြရာ သုပ္ပတိဋ္ဌိတ အမည်ရှိ ရေချိုးဆိပ်သို့ ဆင်းသက်ရေချိုးပြီး အေးမြသော သစ်ပင်ရိပ်၌ အရှေ့ရပ်သို့ မျက်နှာမူထိုင်လျက် ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့သည်။
ဘုဉ်းပေးသော ဆွတ်လုတ်ပေါင်းမှာ ထန်းသီးမှည့်အစေ့ခန့် ပမာဏရှိသော (၄၉)လုတ်တိတိဖြစ်သည်။ ထိုသို့ ဘုဉ်းပေးခဲ့သော(၄၉)လုတ်ရှိ ဃနာနို့ဆွမ်းသည် ဘုရားဖြစ်ပြီးနောက်(၄၉)ရက် ဗောဓိပင်အနီး၌ သီးတင်းသုံးသည့်အခါ (၄၉)ရက်စာ ဖြစ်လာခဲ့သည်။
ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီးနောက် ရွှေခွက်ကိုကိုင်ကာ ငါသည် “ယနေ့ဘုရားဖြစ်ရန်စွမ်းနိုင်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသား၊ ဘုရားဖြစ်ရန် မစွမ်းနိုင်ပါမူ ရေစုန်သို့မျောပါစေသားဟု” အဓိဋ္ဌာန်ပြု၍ နေရဉ္ဇရာမြစ်ထဲသို့ မျောလိုက်လေသည်။ ထိုက်ရွှေခွက်သည် မြစ်လယ်သို့ တည့်တည်မတ်မတ် သွားပြီး ထိုမှတစ်ဆင့် မြင်းစိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွားကာ ဝဲဇလုတ်၌ နစ်မြုတ်သွားခဲ့သည်။ ဝဲဇလုတ်၌ နစ်မြုပ်ပြီးနောက် ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်ရှိသွား၍ ပွင့်တော်မူပြီးကြသော ကကုသန်၊ ကောဏာဂုံ၊ ကဿပဘုရား(၃)ဆူတို့ ဘုရားဖြစ်မည့်နေ့၌ မျှောခဲ့သော ရွှေခွက်(၃)လုံးတို့ကို ထိခတ်ကာ ကရစ်ကရစ်- ဟူသော အသံများမြည်ပြီး ရွှေခွက်(၃)လုံး၏ အောက်၌ တည်ရှိသွားခဲ့သည်။
ကာဠနဂါးမင်းသည် ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်ပြီးသွားခဲ့ပြီ။ ယနေ့တစ်ဖန်ဘုရားတစ်ဆူပွင့်ပြန်ပြီးဟု ပြောဆိုကာ ဂါထာများစွာဖြင့်ချီးမွမ်းစကားရွတ်ဆိုပြီး နေရာမှထလေသည်။ ကဿပဘုရားနှင့် ဂေါတမဘုရားနှစ်ဆူကြားကာလသည် မဟာပထဝီမြေကြီး၌ တစ်ယူဇနာနှင့်သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျားကြာမြင့်ခဲ့သည်။ ထိုအချိန်ကာလသည် ကာဠနဂါးမင်းအဖို့ ယနေ့နေနှင့် ယနေ့ဟူ၍ ပြောယူရလောက်အောင် တိုတောင်းသကဲ့သို့ဖြစ်နေလေသည်။
ဘုရားလောင်းလျာသည် နေရဉ္ဇရာမြစ်ကမ်း အင်ကြင်းတော၌ နေထိုင်ကာ အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်၍ လောကီဈာန်သမာပတ်ရှစ်ပါး အဘိညာဉ်ငါးပါးတို့ကို ဖြစ်စေခဲ့သည်။(ရရှိခဲ့သည်။) ညနေချမ်းအခါ၌ နေရဉ္ဇရာမြစ်သို့ ဆင်းသက်ရေချိုးပြီး မဟာ ဗောဓိပင်သို့ ကြွတော်မူခဲ့သည်။ သောတ္ထိယမည်သော မြက်ထမ်းပုဏ္ဏားသည် ဘုရားလောင်းလျာ၏မြက်ကို အလိုရှိသော အခြင်းအရာကို သိရှိသဘောပေါက်၍ ဘုရားလောင်းလျာအား မြက်ရှစ်ဆုပ်ကို လှူဒါန်းလိုက်လေသည်။
ဘုရားလျောင်းလျာသည် မြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်သို့ ဆက်လက်ကြွတော်မူကာ မဟာဗောဓိပင်ကို လက်ျာရစ်လှည့်လည်ပြီး အရှေ့အရပ်မျက်နှာသို့ ကြွသွားပြီး၍ အနောက်အရပ်သို့ မျက်နှာမူကာ ရပ်တည်တော်မူခဲ့သည်။ မဟာဗောဓိပင်၏ အရှေ့ဘက်၌ အပရာဇိတပလ္လင်ပေါ်ပေါက်မည့် အရပ်ဝယ် မြက်ရှစ်ဆုပ်ကို အဖျားမှကိုင်ကာ ကြဲဖြန့်တော်မူခဲ့သည်။ ထိုမြက်ရှစ်ဆုပ်သည် မြက်အသွင်အပြင် ကွယ်ပျောက်၍ (၁၄-တောင်ပမာဏရှိ ရတနာပလ္လင်ကြီးဖြစ်လာခဲ့သည်။) ထိုပလ္လင်ကြီး၏ ပုံပန်းသဏ္ဍန်ကို ဘယ်ပန်းချီရေးလို့ မမီဆိုသည့်ပမာ မည့်သည့်ပန်းချီဆရာ၊ မည်သည့်ပန်းပုဆရာမှတူအောင် မရေးဆွဲနိုင်။ မထုလုပ်နိုင်ပါလေ။ လွန်စွာဆန်းကြယ်လှသော ပလ္လင်ကြီးဖြစ်ပေသည်။
ယခု လက်ရှိ မဟာဗောဓိပင်ကြီးအောက်တွင် တည်ရှိနေသော ပလ္လင်တော်ကြီးကား မြတ်စွာဘုရားရှင်၏ အပရာဇိတပလ္လင်ကြီး၏ အသိအမှတ်ပြုဖွယ် အောက်မေ့ဖွယ် နှလုံးသွင်းဖွယ် အစိတ်အပိုင်းတစ်ခုသာဖြစ်၏။ တဆက်တည်းအနေနှင့် ဘာကြောင့်နေရဉ္ဇရာမြစ်လို့ခေါ်ရသလဲဆိုရင် နေရဉ္ဇရာမြစ်ဆိုတာ ညွန်၊ မှော်သေး၊ မှော်ညင်းစတဲ့ အပြစ်များမရှိ စင်ကြယ်သော ရေရှိတဲ့ မြစ်လို့ဆိုလိုခြင်းဖြစ်ပါသည်။( နေရဉ္ဇရာ၊ နေလ+ ဇလ၊ နေလ-မှော်ညွန်စသော အပြစ်မရှိ၊ ဇလ-ရေ) တစ်နည်းအားဖြင့် နေရဉ္ဇရာဆိုတာ စိမ်းညိုသော ရေရှိတဲ့ မြစ်လို့ ဆိုလိုခြင်းဖြစ်သည်။(နီလ+ဇလ။ နီလ-စိမ်းညိုသော၊ ဇလ-ရေ) ဒေသခံလူများက နေရဉ္ဇရာမြစ်ကို လိလာဂျန်ဟု ခေါ်ဆိုကြောင်း ၊ မဟာဗောဓိစေတီတော်မှ ကိုက်(၃၀၀)ခန့် ကွာဝေးကြောင်း မှတ်သားရ၏။ ယခုအခါ မြတ်စွာဘုရားရှင် လျောင်းလျာ ရွှေခွက်မျှောခဲ့သော နေရဉ္ဇရာမြစ်ကြီးကား သဲသောင်များဖြစ်ထွန်းကာ နွေဘက်တွင်ရေးလုံးဝ မရှိဘဲ၊ မိုးရာသီအခါမှသာ မိုးရေများ အနည်းသာရှိတော့သည်။
ကျမ်းကိုး။ ။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက- ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့ကျမ်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
No comments:
Post a Comment