လောကလူသားအားလုံးက ဖန်ဆင်းရှင်၊ ကယ်တင်ရှင်၊ မဟာဗြဟ္မာ၊ ထာဝရ စသော တန်ခိုးရှင်များကို
စွဲစွဲလန်း
လန်း လက်ခံယုံကြည်နေကြပါသည်။ သို့သော် ဖန်ဆင်းရှင် မဟာဗြဟ္မာ (ထာဝရဘုရား) ၏ ဇစ်မြစ်ကိုကား မည်သူမျှ ခြေခြေမြစ်မြစ် မသိရှိကြပါ..။ အကြောင်းရှိမှ အကျိုးဖြစ်ပါသည်။ ဖန်ဆင်းရှင် ရှိလျှင် ဖန်ဆင်းရှင်၏ အ ကြောင်းရင်းဇစ်မြစ်လည်း ရှိကိုရှိရပါလိမ့်မည်..။ အကြောင်းရင်း ဇစ်မြစ်ကို ရှာကြည့်ကြရအောင်။

မြတ်စွာဘုရားရှင်က ဗြဟ္မဇာလသုတ် ဧကစ္စသဿတဒိဋ္ဌိ အခန်းတွင် ဖန်ဆင်းရှင်၏ဇစ်မြစ်ကို ဟောကြားထားတော်မူခဲ့ပါသည်။ ကမ္ဘာကြီး သက်တမ်းစေ့၍ ပျက်သောအခါ ကမ္ဘာပေါ်ရှိသတ္တ၀ါများ အထက်ဗြဟ္မာ့ဘုံ၌ ဖြစ်ကြရသည်။ ကမ္ဘာပျက်သောအခါ ကမ္ဘာကြီးကိုလောင်သော မီးအရှိန်ကြောင့် အောက်အောက် နတ်ဘုံ ဗြဟ္မာ့ဘုံများလည်း ပျက်ကြရသည်။
ကမ္ဘာသစ်တည်သောအခါ အောက်အောက် ဗြဟ္မာ့ဘုံများလည်း အသစ်အသစ်ပြန်
လည် ဖြစ်တည်ကြရပါသည်။ ထိုအခါ အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာတစ်ဦးသည် သက်တမ်းစေ့၍ သေဆုံးကာ အသစ်တည်သော အောက်ကဗြဟ္မာ့ဘုံတွင် ဗြဟ္မာဖြစ်လာခဲ့သည်။ သူတစ်ဦးတည်းသာ ဈာန်သမာပတ်ဖြင့် နေထိုင်ရင်းက ``တစ်ပါးသော သတ္တ၀ါများ ဤဘုံသို့ ရောက်လာရင်ကောင်းမှာပဲ``ဟု တမ်းတမိသည်။ တစ်ဦးတည်း နေရသည်မှာ ကြာလာ သောကြောင့် မပျော်မရွှင်ဖြစ်ရာက တမ်းတမိခြင်းဖြစ်သည်..။
ထိုအခါ၌ အထက်ဗြဟ္မာ့ဘုံများက ဗြဟ္မာများ သေလွန်သောအခါ ထိုဗြဟ္မာသစ်ဘုံသို့ ရောက်ရှိလာကြပါသည်။ ပထမဆုံးရောက်နေသော ဗြဟ္မာကြီးက နောက်မှရောက်လာသော ဗြဟ္မာများကို သူတမ်းတလိုက်၍ ရောက်လာခြင်းကြောင့် သူဖန်ဆင်းလိုက်သော သားသမီးများဟု ယူဆလေသည်..။ နောက်မှ ရောက်လာသော ဗြဟ္မာတို့ကလည်း ရှေ့ဦးစွာရောက်နှင့်နေသော ဗြဟ္မာကြီးသည် သူတို့ကို ဖန်ဆင်းသူ သူတို့ အဖဘုရားဟု ယူဆကြလေသည်။ ရှေးဦးဗြဟ္မာကြီးသည် နောက်မှရောက်လာသော ဗြဟ္မာများထက် သက်တမ်း၊ အရောင်အလင်း တန်ခိုးစသည်ဖြင့် အစစအရာရာ သာလွန်ပါသည်။
နောက်မှရောက်လာကြသော ဗြဟ္မာများ သေဆုံးသွားသောအခါ လူ့ပြည်သို့ရောက်လာကြပါသည်။ လူ့ပြည်မှာလည်း ကမ္ဘာသစ်တည်ကာ လူတွေအများကြီးရောက်နေကြချိန်ဖြစ်ပါသည်။ ဗြဟ္မာ့ပြည်က ရောက်လာကြသောသူများသည် အထုံဝါသနာအလိုက် ဈာန်ကျင့်စဉ်များကို ကျင့်ကြံကြသည့်အခါ ရှေ့ဘ၀(တစ်ဘ၀ကိုသါ) အောက်မေ့နိုင်သော ဉာဏ်ကို ရရှိလာကြသည်။ (နှစ်ဘ၀သုံးဘ၀ စသည်ဖြင့် ဘ၀အဆက်ဆက်ကို တော့
မအောက်မေ့နိုင်ပါ)။
သူတို့၏ အဘိညာဏ်ဖြင့် သူတို့နေထိုင်ခဲ့ရာဗြဟ္မာ့ဘုံနှင့် သူတို့ကို ဖန်ဆင်းခဲ့သည်ဟု ယူဆခဲ့သော ဗြဟ္မာကြီးကို အောက်မေ့သတိရလာကြသည်..။ သူတို့ဉာဏ်မျက်စိဖြင့် လှမ်းကြည့်နေချိန်တွင် ဗြဟ္မာကြီးလည်း သက်ရှိထင်ရှား ရှိနေဆဲပင်..။ ထိုအခါ သူတို့က ``ငါတို့ကို ဖန်ဆင်းသော မဟာဗြဟ္မာကြီးသည် အလွန်တန်ခိုးကြီးလေစွာ့။ သတ္တ၀ါတွေကိုလည်း ဖန်ဆင်းနိုင်တယ်။ ပျက်စီးခြင်းသဘော သေဆုံးခြင်းသဘောမရှိ မြင့်မြတ်လှပါပေစွာ့။ တစ်လောကလုံး၏ အမြတ်ဆုံး အဖဖြစ်ပေစွာ့`` ဟု မှတ်ယူသွားကြလေတော့သည်..။ အမှန်က
သူတို့သာ နှစ်ဘ၀ သုံးဘ၀မြင်နိုင်သော ဉာဏ်မျက်စိရှိခဲ့ပါလျှင် သူတို့ကို ဖန်ဆင်းသူဟု သူတို့ကိုးကွယ်နေကြသော ဗြဟ္မာကြီးလည်း သူတို့လိုပင် အထက်ဗြဟ္မာ့ဘုံကနေ ဆင်းသက်လာသည်ကို သိမြင်သွားနိုင်ပါသည်။ ထိုသို့ဆိုလျှင် ဖန်ဆင်းရှင်အယူဝါဒ ဖြစ်ပေါ်ရန် အကြောင်းမရှိပါ။
သူတို့ကိုယ်တိုင် ဈာန်အဘိဉာဏ်ရပုဂ္ဂိုလ်ကြီးများဖြစ်ပါလျှက် သူတို့က စတင်၍ ဖန်ဆင်းရှင်ဝါဒကို စွဲမြဲစွာ မှတ်ယူလာခဲ့ကြပါသည်..။ မှန်းဆပူဇော်လာခဲ့ကြသည်.။ နောင်လာနောက်သားများကလည်း သူတို့
ကိုးကွယ်လာခဲ့သော ဖန်ဆင်းရှင်ကြီးကို ဆက်လက်ကိုးကွယ်လာရာက အစပြုကာ ဖန်ဆင်းရှင် တန်ခိုးတော်ရှင် ကောင်းကင်ဘုံတွင် အမြဲတည်နေသော၊မသေဆုံးသော ထာဝရဘုရားအယူအဆဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်..။
ကိုယ်ထင် ကုတင်ရွှေနန်း ဆိုသကဲ့သို့ မြတ်စွာဘုရားဟောတော်မူသော ဖန်ဆင်းရှင်ဖြစ်ပေါ်လာပုံအကြောင်းအရာကို အမှန်ဟုမယူဆပဲ ဖန်ဆင်းရှင်ဝါဒသာ အမှန်ဟု ယူဆလိုက ယူဆနိုင်ပါသည်။ မည်သည့် ဘာသာအယူဝါဒကိုမျှ မပုတ်ခတ်ပါ။ အသိအလိမ္မာ ဉာဏ်ပညာတိုးပွားနေစေရန်သာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။ အကြောင်းရှိလျှင် အကျိုးဖြစ်ပါလိမ့်မည်။ လမ်းဆုံးလျှင် ရွာတွေ့ပါလိမ့်မည်.။ ကိုယ့်သမိုင်းကိုယ်ကောင်းအောင် ဖန်တီးဖို့က ကိုယ့်တာဝန်ဖြစ်ပါသည်..။ ကိုယ့်ဘ၀သမိုင်းကို အကောင်းဆုံးဖြစ်စေရန် ဖန်ဆင်းပေးသူကား ကိုယ်ကိုယ်တိုင်သာဖြစ်သည်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နိုင်ကြပါစေ။

No comments:
Post a Comment