မေး။
။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလား။ ကလေးတွေကို
ဘယ်လိုနည်းမျိုးနဲ့ တရားဓမ္မ သင်ပေးနိုင်ပါသလဲ။
ဖြေ။
။ ကလေးတွေဟာ ဖြူစင်ကြတယ်ဆိုတာကို ဘယ်သူ ငြင်းချက်ထုတ်နိုင်ပါသလဲ။ တရားဓမ္မရဲ့
မြင့်မြတ်မှုကိုရော ဘယ်သူ ကန့်ကွက်နိုင်ပါသလဲ။ ရိုးရိုးသားသားနဲ့ ဖြေကြည့်ပါ။
တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလားဆိုတဲ့ မေးခွန်းကိုလည်း
ကိုယ့်ဟာကိုယ်ပဲ ဆက်ပြီး ဖြေကြည့်လိုက်ပါဦး။
သူတစ်ပါးကို
အနှောင့်အယှက် မပေးတာနဲ့ သူတစ်ပါးကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတာတို့ဟာ ဘုရားရှင်
ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဒါကို တစ်ခြားဘာသာတွေကလည်း
တန်ဖိုးထားကြပါတယ်။ ဘယ်ဘာသာဝင် မိဘတွေပဲဖြစ်ဖြစ် သူတို့ ကလေးတွေကို ဒီတရားတွေ
ကျင့်သုံးကြစေချင်ပါတယ်။ ဘာသာဝင်တွေ အချင်းချင်း အပြန်အလှန် နားလည်ပြီး
ညီညီညွတ်ညွတ် နေနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ပေါ့။ ကလေးတွေကို
ကျင့်သုံးစေချင်တယ်ဆိုရင် လူကြီးတွေက လက်တွေ့ ကျင့်သုံးပြတာ အကောင်းဆုံး
ဖြစ်ပါတယ်။ လူကြီးတွေ တကယ် ကျင့်သုံးနိုင်ရင် ကလေးတွေအပေါ်မှာ တိုက်ရိုက်
သက်ရောက်ပါလိမ့်မယ်။
ကလေးတွေရဲ့
ရင်ထဲမှာ ဗုဒ္ဓဘာသာ သန္ဓေတည်လာအောင် အိမ်မှာ စပြီး လုပ်ပေးသင့်ပါတယ်။ အိမ်မှာ
ဘုရားစင် ရှိတယ်ဆိုရင် ကလေးတွေ ဘုရားစင်နဲ့ ပတ်သက်တဲ့ ဝေယျာဝစ္စ ဆောင်ရွက်ခွင့်
ရတာပေါ့။ ဘုရားဦးချပုံ၊ ဆွမ်းကပ်ပုံ၊ ပန်းကပ်ပုံ၊ ရေချမ်းကပ်ပုံတွေ
သင်ပေးနိုင်တာပေါ့။ ကလေးတွေနဲ့အတူ ဘုရားဝေယျာဝစ္စ ဆောင်ရွက်သင့်ပါတယ်။ ကလေးတွေ
ငယ်ငယ်ကတည်းက မိဘနဲ့ သားသမီး ဘာသာရေးအရ ဆက်စပ်နေသင့်ပါတယ်။ ငယ်ငယ်ကတည်းက
အလေ့အကျင့် ရထားရင် အရွယ်ရောက်တဲ့ အခါမှာ အလားအလာ ကောင်းတာပေါ့။
ကလေးတွေဟာ
ဂီတကို မြတ်နိုးတတ်ကြပါတယ်။ ဂီတသံနဲ့ ရွတ်တာဖတ်တာကို ကလေးတွေ သဘောကျတတ်ပါတယ်။
ခံစားမှုသီချင်းတွေနဲ့ သားချော့တေးတွေအပြင် ဓမ္မဂီတကိုပါ ကလေးတွေနဲ့
မိတ်ဆက်ပေးသင့်ပါတယ်။ ရင်ခွင်ပိုက်အရွယ် ကလေးငယ် ပင်ပန်းနေတာ၊ အလိုမကျ ဖြစ်နေတာ
သတိထားမိရင် ကလေးအတွက် ဂါထာမန္တာန် ရွတ်ပေးကြည့်ပါ။ ကလေးရဲ့ အပြုသဘော တုံ့ပြန်မှုကို
တွေ့ရပါလိမ့်မယ်။
အသိမိတ်ဆွေ
မိသားစု တစ်ခုမှာ ထမင်းမစားခင် မိသားစုလိုက် ဆွမ်းတော်ကပ်ကြတာ တွေ့ဖူးပါတယ်။ ဒီထက်
ပိုပြီး ထူးခြားတာက ဆွမ်းတော်ကပ် ၀တ်ရွတ်စဉ်ကို ငါးနှစ်သား ကလေးက
ရှေ့ကတိုင်ပေးသွားပါတယ်။ ဒါဟာ ရိုးတယ်ထင်ရပေမယ့် ကလေးနဲ့ မိဘကြားက လေးနက်တဲ့
ဓမ္မဆက်ထုံးတစ်ခု ဖြစ်ပါတယ်။
တစ်ပတ်တစ်ခါ
တစ်လတစ်ခါ နီးစပ်ရာ မိသားစုတွေ စုဆုံပြီး ဘာသာရေးကိစ္စ ဆောင်ရွက်ကြတာတွေလည်း
တော်တော်များများ တွေ့ဖူးပါတယ်။ ဒီလို ပုံမှန်လုပ်နေတာဟာ ကလေးတွေကို ဓမ္မသင်တန်း
အတက်ခိုင်းပြီး သင်တန်းပြီးတာနဲ့ ကိစ္စပြီးသွားတာထက် အများကြီး သာပါတယ်။ မိသားစုကို
ပစ်ထားခဲ့ပြီး၊ မိတ်ဆွေတွေကိုလည်း သတိမရနိုင်ဘဲ အချိန်လု စီးပွားရှာကြရတဲ့
ခေတ်ကြီးထဲမှာ ဒီလို ပုံမှန်လေး လုပ်သွားနိုင်ရင် မိသားစုတွေ စုစည်းပျော်ရွှင်မှု
လောကီအကျိုးလည်း ရရှိသလို ဘာသာရေးကို ကျင့်သုံးပြီးလည်း ဖြစ်သွားပါတယ်။
မိတ်ဆွေမိသားစုတွေ အချင်းချင်းလည်း အပြန်အလှန် ကူညီခွင့်တွေ ရလာတာပေါ့။
ကလေးငယ်တွေအနဲ့အတူ ဘာသာရေးကိစ္စ တစ်ခုခု သဘောလောက် ခပ်ကျဉ်းကျဉ်း လုပ်လိုက်ပြီး
ပျော်ပွဲစားကြတယ်၊ ကစားကြတယ် ဆိုရင်ကိုပဲ တော်တော်လေး ထိရောက်ပါတယ်။
ပျော်ပွဲစာထွက်ရင်း၊ ကစားခုန်စားလုပ်ရင်း ဘာသာရေးကိစ္စ ဆောင်ရွက်သင့်သလားလို့
မေးချင် မေးနိုင်ပါတယ်။ ဘာဖြစ်လို့ မလုပ်သင့်ရမှာလဲ။ လုပ်ရမှာ ကြောင်တယ်လို့
ထင်မိသလား။ မထင်ပါနဲ့။ သူတစ်ပါးက ငကြောင်လို့ အထင်ခံရမှာ ကြောက်သလား။ ထင်ချင်သလို
ထင်ကြပါစေ။ ကိုယ့်ဘာသာရေး ကိုယ်လုပ်တာပဲ။
မိဘနဲ့
သားသမီး အတူတူ တရားထိုင်နိုင်ပါတယ်။ ကလေးတွေအတွက် အချိန် သိပ်ကြာစရာ မလိုပါဘူး။
ကလေးတွေကို အားစိုက်သတိထားပြီး အသက်ရှူဖို့ သင်ပေးပါ။ ဘယ်လိုခံစားလိုက်ရတယ်
ဆိုတာကို သတိထားမိအောင် အသက်ရှူခိုင်းပါ။ တရားထိုင်တာကို ကြီးလေးမွန်မြတ်တဲ့
ကိစ္စကြီး၊ ကလေးတွေနဲ့ မဆိုင်တဲ့ ဘာသာရေး လုပ်ငန်းကြီးလို့ မသတ်မှတ်ပါနဲ့။
မွန်မြတ်တဲ့ ကိစ္စတိုင်း ကြီးလေးစရာ မလိုပါဘူး။ လွယ်လွယ်လေးနဲ့လည်း မွန်မြတ်လို့
ရပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းက ကလေးတွေအတွက် ခက်နေရင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း
အပွားခိုင်းပါ။ ကမ္မဋ္ဌာန်းဆိုပြီး စကားလုံးကသာ ကြီးနေတာ လုပ်ရတာက ရိုးရိုးလေးပါ။
ဘုရားဂုဏ်ကို အာရုံပြုလိုက်ရုံပဲ မဟုတ်လား။ ဘုရားရှင်ရဲ့ ပုံတော်ကို စိတ်ထဲမှာ
ပုံဖော်ကြည့်ခိုင်းနိုင်ပါတယ်။ ဒီလောက်တော့ ကလေးတွေအတွက် မခက်ပါဘူး။ မေတ္တာပွားတာလည်း
ကလေးတွေ လုပ်နိုင်တာပေါ့။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေတတ်တာဟာ ဘ၀မှာ
အရေးကြီးတဲ့ စွမ်းရည်တစ်ခုပါ။ ဒီစွမ်းရည်ကို မေတ္တာပွားခြင်းအားဖြင့်
တည်ဆောက်နိုင်ပါတယ်။
မိသားစုလိုက်
ကျောင်းကန်ဘုရား စေတီပုထိုးတွေ သွားရောက် လည်ပတ်နိုင်ပါတယ်။ ဘိုးဘွားရိပ်သာလို
လူမှုရေး ဆောင်ရွက်တဲ့ နေရာဌာနတွေလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ လည်ပတ်ရာက
ပြန်လာရင် ဘာတွေ မြင်တွေခဲ့ရတယ်၊ ဘယ်လိုတွေ ခံစားခဲ့ရတယ်၊ ဘာတွေ
လုပ်ကိုင်ဆောင်ရွက်ချင်စိတ် ဖြစ်ပေါ်ခဲ့တယ် ဆိုတာကို ဆွေးနွေးသင့်ပါတယ်။
ကလေးတွေအတွက်
ထုတ်ဝေထားတဲ့ ဗုဒ္ဓ၀င်စာအုပ်တွေကို ကလေးနဲ့မိဘ အတူဖတ်သင့်ပါတယ်။ ဗုဒ္ဓ၀င် ဗီဒီယိုတွေ
အတူ ကြည့်သင့်ကြပါတယ်။ မိဘက ကလေးတွေကို လမ်းပြသွန်သင်နိုင်တာပေါ့။ ကလေးတွေအတွက်
ထုတ်ဝေတဲ့ ဓမ္မစာအုပ်တွေ အများကြီး ရှိပါတယ်။ ဗုဒ္ဓ၀င် ကာတွန်းဇာတ်လမ်းတွေလည်း
ပေါပါတယ်။ စာတွေဖတ်၊ ဗီဒီယိုတွေကြည့်ပြီး ကလေးတွေနဲ့ မသိမသာ ဆွေးနွေးကြည့်ပါ။
ကလေးတွေ ပျော်အောင် ပေါ့ပေါ့ပါးပါး ဆွေးနွေးပါ။ လမ်းညွှန်မှုနဲ့ ဆွဲဆောင်ပြီး
ဆွေးနွေးပါ။ ကလေးတွေဟာ နက်နဲတဲ့ ကံတရား၊ ဘ၀သံသရာ သဘောတရားတွေကို လက်ခံဖို့
အဆင်သင့် ဖြစ်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကလေးတွေဟာ တိရစ္ဆာန်တွေ၊ နိမ့်ကျသူတွေကို
သနားတတ်လာတာကိုလည်း တအံ့တသြ တွေ့ရပါလိမ့်မယ်။
ဗုဒ္ဓဘာသာ
ကျောင်းကန်ဘုရားတွေမှာ ကာယိနြေ္ဒကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး
စောင့်ထိန်းထားတတ်ကြပါတယ်။ ရဟန်းသံဃာတွေ လူကြီးမိဘတွေရှေ့မှာ ငြိမ်ငြိမ်သက်သက်
နေတာဟာလည်း ဗုဒ္ဓဘာသာရဲ့ အလေ့အထ တစ်ခုပါပဲ။ ဗုဒ္ဓဘာသာမှာမှ မဟုတ်ပါဘူး။ ကာယိနြေ္ဒ
ထိန်သိမ်းခြင်းကို တော်တော်များများက လိုလားကြပါတယ်။ ဒီအလေ့အထနဲ့ ပတ်သက်လို့
“ကလေးတွေ အငြိမ်ကို မနေနိုင်ကြဘူး”လို့ ညည်းညည်းညူညူ ပြောကြတဲ့ မိဘတွေ အများကြီး
တွေ့ဖူးပါတယ်။ ကလေးတွေ ဂနာမငြိမ်တာဟာ မိဘတွေဆီက သင်ယူခဲ့တာ ထင်ပါတယ်။ အဲဒီလို မိဘတွေ
ငြိမ်ငြိမ်သက်သက် ထိုင်နေတာကို သူတို့ကလေးတွေ တွေ့ရခဲ မြင်ရခဲမယ် ထင်ပါတယ်။
လူကြီးတွေ ဣနြေ္ဒရရ ထိုင်နေတာကို မြင်ရတဲ့ ကလေးတွေဟာ ဣနြေ္ဒရရ ငြိမ်ငြိမ်သက်သက်
ထိုင်နေချင်စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ တိတ်ဆိတ်အေးချမ်းမှုကို ကလေးနဲ့မိဘ အတူတူ
အလျဉ်းသင့်သလို မျှဝေခံစားသင့်ပါတယ်။ ဥပမာ ကလေးက မိဘရင်ခွင်မှာ ထိုင်နေမယ်၊ မိဘက
ဘုရားစာ တရားစာ ရွတ်ဖတ်နေမယ်ပေါ့။ တစ်ချို့ မိဘတွေက တရားထိုင်တဲ့ အခါမှာ ကလေးတွေ
လာနှောင့်တာ မခံချင်ကြပါဘူး။ မိဘဆန္ဒကို ကလေးတော်တော်များများက လေးလေးစားစား
နားလည်တတ်ကြပါတယ်။ ကလေးက နားမလည်နိုင်လို့ တရားထိုင်နေတုန်း ရင်ခွင်ထဲ လာထိုင်တယ်
ဆိုရင်လည်း ပြဿနာလို့ မယူဆသင့်ပါဘူး။ ကလေးကို ရင်ခွင်မှာထားပြီး
တရားအားထုတ်လို့လည်း ရတာပါပဲ။
ဆယ်ကျော်သက်တွေနဲ့
စုဖွဲ့ပြီး ဆွေးနွေးတဲ့ နည်းကလည်း ထိရောက်ပါတယ်။ ဖော်ရွေရင်းနှီးမှုအကြောင်း၊
အတင်းအဖျင်း စကားတွေအကြောင်း၊ ချိန်းဆိုတွေဆုံတဲ့အကြောင်း စသည်ဖြင့်
ဆယ်ကျော်သက်တွေနဲ့ သက်ဆိုင်တဲ့ ခေါင်းစဉ်တစ်ခုခုကို ယူပြီး လူကြီးက
ဦးဆောင်ဆွေးနွေးပေါ့။ အဲဒီလို ဆွေးနွေးတဲ့ နေရာမှာ အကြောင်းအရာ အဖြစ်အပျက်နဲ့
ကိုက်ညီအောင် ဗုဒ္ဓဘာသာကို ဘယ်လို အသုံးချလို့ ရတယ်ဆိုတာ ပေါ်လွင်အောင် ဆွဲယူပြပေါ့။
အကြမ်းမဖက်ခြင်း မေတ္တာ၊ အရေးကိစ္စ ကြုံရတဲ့အခါ ထည့်ဝင်လှူဒါန်းခြင်း ရက်ရောမှု ဒါန
အစရှိတဲ့ ဗုဒ္ဓဘာသာ အလေ့အကျင့်တွေကို နေ့စဉ်ဘ၀မှာ အသုံးချလို့ ရတယ်ဆိုတာ
ပေါ်လွင်အောင် ပြောပြပေါ့။ ကမ္ဘာကြီးအကြောင်း၊ တစ်ခြားနိုင်ငံက လူသားတွေအကြောင်း
လူငယ်တွေ သိနားလည်ခွင့် ရရှိမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ တရားတော်ကို နေ့စဉ်ဘ၀မှာ
အသုံးချလို့ ရခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အလှတစ်ပါး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ
ကိုယ်ကျင့်တရား တန်ဖိုးတွေ၊ အကြင်နာ မေတ္တာတွေ ရှိနေတယ်၊ ဗုဒ္ဓဘာသာဟာ ဘ၀အတွက်
အသုံးဝင်တယ်လို့ လူငယ်တွေ သိနိုင်ကြလေလေ သူတို့ရဲ့ ဘာသာတရားကို သူတို့ ပြန်ပြီး
လေးစားနိုင်ကြလေလေ ဖြစ်ပါလိမ့်မယ်။
တစ်ခါတုန်းက
အသက်နှစ်ဆယ်အရွယ် ကလေးတွေ “ယောက်ျားလေးနဲ့ မိန်းကလေး ဆက်ဆံရေး”ဆိုတဲ့ ခေါင်းစဉ်နဲ့
ဟောပြောဆွေးနွေးကြတာကို ဦးဆောင်ပေးခဲ့ဖူးပါတယ်။ တစ်ယောက်ပြီးတစ်ယောက် အပြန်အလှန်
ပြောကြတယ်။ သူတို့ဘ၀၊ သူတို့ခံစားချက်တွေအကြောင်း ပြောကြတာ ဖြစ်ပေမယ့် တရားဓမ္မနဲ့
သက်ဆိုင်တဲ့ သဘောတရားတွေ အများကြီး ပါနေပါတယ်။ ဗုဒ္ဓဘာသာ တရားတော်ကိုက သဘာဝတရားကို
ဖော်ထုတ်ပြထားတာကိုး။ ဆိုပါစို့ ကိုယ်ကျင့်သိက္ခာ ပြည့်ပြည့်၀၀နဲ့
နေထိုင်ရှင်သန်ဖို့ အရေးကြီးတယ်၊ အမှန်ကိုသာ ပြောကြဖို့ အရေးကြီးတယ်၊
ဘယ်လိုအချိန်မှာ ဘယ်လို ယုံကြည်မှု ရှိသင့်တယ်ဆိုတာ လေ့လာရမယ် ဆိုတာတွေကို ကလေးတွေ
ပြောကြဆွေးနွေးကြပါတယ်။ သူတို့ ပြောဆိုဆွေးနွေးတာကို ဦးဆောင်ပေးသူ တစ်ယောက်အနေနဲ့
ဘာမှ ၀င်မပြောခဲ့ပါဘူး။ သူတို့ ပြောကြတာတွေကို လေးလေးစားစားနားထောင်ပေးခဲ့တာပါပဲ။
ဆွေးနွေးပွဲပြီးတော့ တစ်ချို့ ကောင်လေးတွေ ကောင်မလေးတွေ လာပြောကြတယ်။ “အံ့သြစရာပဲ။
ဘာသာရေး ခေါင်းဆောင်တစ်ယောက်ရှေ့မှာ ဒီလို ပြောရတာ ဒါ ပထမဆုံးပဲ”တဲ့။ ကလေးတွေဟာ
အထိအခိုက် အတိမ်းအစောင်း မခံနိုင်တဲ့ အကြောင်းအရာ တစ်ခုကို လူကြီးတစ်ယောက်ရဲ့
ရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နောက်ပြီး ဘာသာရေး ခေါင်းဆောင်တွေဟာ
လူငယ်တွေရဲ့ အရေးကိစ္စကို စိတ်ဝင်စားကြပါလား၊ စာနာတတ်ကြပါလားလို့လည်း
သတိထားသွားမိကြပါတယ်။ သူတို့ဘ၀နဲ့ တရားဓမ္မ ဆက်စပ်မှု ရှိနေပါလားလို့လည်း
သဘောပေါက်သွားကြပါတယ်။
တရားဓမ္မက
ကလေးတွေရဲ့ ဘ၀ကို ထောက်ပံ့ပေးနိုင်တယ်၊ ကလေးတွေကို နည်းမျိုးစုံနဲ့ တိုက်ရိုက်တစ်မျိုး
သွယ်ဝိုက်ပြီးတော့တစ်မျိုး နည်းအမျိုးမျိုးနဲ့ တရားဓမ္မတွေ သင်ပေးနိုင်တယ်လို့
ပြောချင်ပါတယ်။
No comments:
Post a Comment