မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ရမှာ
ရှက်ခြင်းက ဟိရီဖြစ်ပြီးတော့၊ ကြောက်လန့်ခြင်းက သြတ္တပ္ပ ဖြစ်ပါတယ်။
ထိုတရားနှစ်ပါးမှာ မိမိဂုဏ်သိက္ခာကို စောင့်ရှောက်တဲ့သူတို့မှာ ဟီရိတရားက
ထင်ရှားပြီး ဆရာ၊ မိဘ ဆွေမျိုးစသူနှင့် အခြားသူများကို လေးစာသူတို့မှာ
သြတ္တပ္ပတရား ထင်ရှားပါတယ်။ ဥပမာ.. “ငါသည် အမျိုးကောင်းတစ်ယောက်ဖြစ်တယ်၊
ငါ့လိုအမျိုးကောင်းသူ မကောင်းမှုပြုနေလျှင် (ဥပမာ..တံငါလုပ်ရင်၊ ကြက်တိုက်၊
ဖဲရိုက်၊ အရက်သောက်နေရင်) ရှက်စရာဖြစ်လိမ့်မယ်” ဆိုပြီး
ကိုယ့်ရဲ့အမျိုးဂုဏ်ကို စောင့်ထိန်းသောအနေနဲ့ မကောင်းမှုပြုရ
မှာရှက်တာပါ။ ပညာတက်တဲ့သူကလည်း “ငါ့လိုပညာရှိ တစ်ယောက်က အောက်ကျသော မကောင်းမှုပြုလုပ်ရင် (သူ့ဥစ္စာ မတရားယူရင်) ရှက်စရာကောင်းတယ်။” အသက်ကြီးသူကလည်း “ငါလို အဘိုးကြီးက မကောင်းမှုကို ပြုရင်တော့ (လိမ်နေရင်၊ ဆဲနေရင်၊ ပေါက်တတ် ကရတွေပြောနေရင်) ရှက်စရာကောင်းတယ်” ဆိုပြီး ကိုယ့်မှာရှိနေတဲ့ ဂုဏ်တစ်ခုခုကို လေးစားသူက ဟိရိတရားကို ထင်ထင်ရှားရှားဖြစ်စေပါတယ်။ ငါက မကောင်းမှုပြုလိုက်ရင် ငါ့မိဘ၊ ငါ့ရွှေမျိုး၊ ငါ့ဆရာသမားတွေ ကဲ့ရဲ့ခံရမှာစိုးရိမ်လို့ ဒုစရိုက်တရားတွေလုပ်ရမှာကို ကြောက်လန့်တတ်တာက သြတ္တပ္ပတရားဖြစ်ပါတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ မိဘ၊ ဆရာသမား တွေရဲ့ဂုဏ်သိက္ခာကို မကြည့်ပဲ ရွဲ့ချင်တိုင်းရွဲ့၊ လုပ်ချင်တာလုပ်နေသူတွေမှာတော့ ဟီရိ၊ သြတ္တပ္ပတရားနှစ်ပါးလုံး မရှိပဲ ဒုစရိုက်တရားတွေနဲ့သာ ပြည့်နက်နေပါမယ်။ ဟီရိနဲ့သြတ္တပ္ပ တရားနှစ်ပါးက လောကလူသားအများကို သားနှင့်အမိ၊ မောင်နှင့်နှမ စသဖြင့် ခြားနားအောင် စောင့်ရှောက်တက်သောကြောင့် “လောကပါလ=ကမ္ဘာစောင့်တရား” လို့လည်း ခေါ်ပါတယ်။ ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်တာကြောင့် “သုက္ကဓမ္မ=ဖြူစင်သောတရား” လို့ လည်းနာမည်ရပါတယ်။ လောကမှာ ဒီတရားနှစ်ပါးမရှိရင် တိရစ္ဆာန်နဲ့ မခြားပဲ မှားချင်တိုင်း မှားပြီး မကြားဝံ့မနာသာ တွေဖြစ်လာနိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ ဟီရိသြတ္တပ္ပတရားမရှိသူတွေ များလာပါပြီ။ မလုံခြုံသောအ၀တ်စားတွေ၊ ခေတ်စတိုင်ဆိုပြီး ၀တ်နေတာတွေက တော်တော်များပါတယ်။ သူတို့တွေမှာ လောကပါလ တရားဆိုတာလည်းသိမှာ မဟုတ်ပါဘူး။ မသိလို့လည်း လုပ်နေကြတာပါ။ ပြောရင်တော့ ခေတ်ရေစီးကြောင်း စကားကို လက်ကိုင်ထား ကြမှာပေါ့။ ဒီအတိုင်းသွားရင်တော့ ယဉ်ကျေးမှုတွေ ပျက်စီးပါမယ်။ နိုင်ငံတနိုင်ငံ၊ လူမျိုးတခု ဆိုတာက ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေနဲ့ ဖွဲ့စည်းထားရတာပါ။ ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေ ပျက်စီးလာရင်တော့ မကောင်းတော့ပါဘူး။ ဒီအချက်တွေက တစ်ဦးချင်း ထိန်းသိမ်းစောင့်ရှောက်ကြရမှာပါ။ ရှက်မှု၊ ကြောက်မှုကို ဟီရိသြတ္တပ္ပတရားလို့ ပြောပေမဲ့ နေရာတိုင်း၊ တွေ့ကရာ ရှက်ကြောက်မှုတွေကို ပြောလို့မရပါဘူး။ ဒုစရိုက်တရားတွေ ပြုလုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်းကိုသာ ဟီရိသြတ္တပ္ပတရား လို့မှတ်ယူရပါမယ်။ ဥပမာ.. ဥပုသ်စောင့်ရမှာ၊ တရားနာရမှာ၊ ဘုရားသွားရမှာ၊ ပရိသတ်အလယ်မှာ စာဖတ်၊ စကားပြော ရမှာကို ရှက်တာ၊ အလုပ်လက်မဲ့နဲ့ လူပေလုပ်ရမှာကို မရှက်ပဲ အောက်ကျတယ်ထင်တဲ့ အလုပ်တစ်ခုကို လုပ်ရမှာ ရှက်တာ၊ ကောင်လေးနဲ့ ကောင်မလေးတွေ့တဲ့ အခါမှာ ရှက်တာ တွေက ဟီရိမဟုတ်ပါဘူး။ ပရိယာယ်၊ မာယာများတာ၊ ဟန်ပန်ကြီးတာ ဖြစ်ပါတယ်။
လောကီ အကျိုးစီးပွားကိုပြတဲ့ နီတိကျမ်းတွေမှာတော့…
(၁) ရောင်းဝယ်ဖောက်ကား အတိုးပွားပေးသောအခါ။
(၂) ဆရာ့ထံ ချဉ်းကပ်၍ အတက်ပညာသင်သောအခါ။
(၃) အစာစားသောအခါ။
(၄) ဇနီးခင်ပွန်းအချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ။
အဲဒီအခါတွေမှာ အရှက်တရားကို ဖယ်ထားရမယ်လို့ရေးထားပါတယ်။ (ထိုအရှက်မရှိမှုမှာ ကုသိုလ်ဖြစ်၊ မဖြစ်ကို ပြောတာမဟုတ်ပါဘူး၊ မိမိအကျိုးရှိမည့် အရာမှာ မရှက်ရလို့ ပြောခြင်းဖြစ်ပါတယ်)။ တရားရုံးမှာ တရားသူကြီးကိုကြောက်ခြင်း၊ ရထား၊ သင်္ဘောပေါ်တွေမှာ တောသားတွေ အိမ်သာမသွားရဲပဲ ကြောက်ခြင်း၊ လူတစ်ယောက်နှင့် တစ်ယောက်ကိုကြောက်ခြင်း၊ ပြိဿာတွေကိုကြောက်ခြင်း၊ မရောက်ဖူးသောနေရာကို ခရီးသွားရမှာကိုကြောက်ခြင်း၊ ဆရာ၊ မိဘတို့ရှေ့မှာ စကားမပြောတက်အောင်ကြောက်ခြင်းတွေဟာ သြတ္တပ္ပတရားအစစ် မဟုတ်ပါဘူး။ သတ္တိညံ့ဖျင်းခြင်း (တရားသဘောအရဆိုရင်) ဒေါမနဿပြဋ္ဌာန်းသော အကုသိုလ်စုပင် ဖြစ်ပါတယ်။ အထက်မှာရေးခဲ့သလောက်ဆိုရင် အကုသိုလ်မဖြစ်တဲ့ ကိစ္စမှာ မရှက်သင့်၊ မကြောက်သင့်ဘူးလို့သိကြပါ။ ဒါပေမဲ့ မရှက်မကြောက်ပဲ လူမိုက်အားကိုး ရဲရမယ် မပြောပါဘူး။ လူမိုက်ကို အားကိုးတဲ့ ရဲစိတ်မျိုးဟာ တဖက်သားကို မလေးစားတဲ့ အဂါရ၀ ဒေါသ၊ မာနတရားတွေ ဖြစ်ပါတယ်။ လောကမှာ လူအများစုက မကြောက်ရမယ့်နေရာမှာ ကြောက်ကြတယ်။ ကြောက်ရမယ့်နေရာကျတော့ မကြောက်တက်ကြဘူး။ ဒါ့ကြောင့် မရှက်သင့်၊ မကြောက်သင့်သော ကိစ္စမှာမရှက်၊ မကြောက်ပဲ၊ အမှန်တကယ်ရှက်ကြောက်ရမယ့် ဒုစရိုက်တရားတွေကို ရှောင်ကြဉ်ပြီး ကိုယ်၊ နှုတ်၊ စိတ်သုံးပါးလုံး ညီညွတ်စွာ နေထိုင်ကျင့်ကြံနိုင်ကြပါစေ။
ကျမ်းကိုး။ ။ ကိုယ်ကျင့်အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)
No comments:
Post a Comment