မြတ်စွာဘုရားရှင်သည် သံသုမာဂီရိမြို့၌ သီတင်းသုံးတော်မူစဉ်က ဖြစ်၏။ ထို့မြို့၌ ဘုရင်ဗောဓိမင်းသားသည် ‘စိတတြ၀ဎုကီ’ ဟု ဆိုအပ်သော စိတ်ကို ကြည်နူးနှစ်သိမ့်စေသော အဆောက်အဦကို ဆန်းကြယ်စွာ တည်ဆောက်နိုင်သည့် အတတ်ပညာရှင် ဗိသုကာ လက်သမားအားခေါ် ယူကာ မိမိစံနန်းပြာသာဒ် တစ်ဆောင် ဆောက်စေလေသည်။ လက်သမားဆရာ ဗိသုကာ ပညာရှင်က လည်း ဘုရင်၏ စိတ်တိုင်းကျ ဆန်းကြယ်လှသော ဗိမာန်အား သူမတူအောင် ထူးဆန်းလှစွာ အာကာ တိမ်ညွန့် ပျံကွန့်ဘနန်း၊ အံ့မခန်းသော ‘ကောကနဒ’ အမည်ရှိ နန်းပြသာဒ်ကို လက်စွမ်း ကုန် ဆောက်လုပ်လေသည်။ မင်းသားသည် ပြာသာဒ်ကို မြင်ရသည် နှင့် နှလုံးရွှင်ပြ အားရဝမ်းသာဖြစ်ကာ ‘အသင်ဗိသုကာ ဤသို့သော ဗိမာန်ကို အသင်သည် အခြားမှာတွေ့ဖူးလို့ ဤသို့အတုယူ တည်ဆောက်ပါသလား။ ဒါမှမဟုတ် အသင်ကပင် အခြားတစ်နေရာရာမှာ ဆောက်လုပ်ဖူးခဲ့လို့ ဤသို့ ထပ်မံဆောက်ပါသလား။ ဒါမှမဟုတ် သင့်ရဲ့ ဆန်းကြယ်ထူးခြား လှစွာသော ဉာဏ်စွမ်းဉာဏ်စ၏ ပထမဦးစွာ လက်ဦးဆုံး လက်ရာပဲ ဖြစ်ပါသလား’ ဟု မေးလေသည်။ ဗိသုကာ ဆရာသည် အမှန်အတိုင်းပင် ရိုးသားစွာဖြင့် ‘အသင်မင်းသား ဘယ်အရပ်မှာမှ မည်သည့်ဗိသုကာ တည်ဆောက်သည်ကိုလည်း မတွေ့ဖူးပါ။ အသင်မင်းသားအတွက် တည်ဆောက်သော ဤဗိမာန်သည် ပထမဆုံး လက်စွမ်းပြ၊ ဉာဏ်စွမ်းပြ ဗိသုကာ ပညာသာ ဖြစ်ပါသည် အသင်မင်းသား’ဟု ပြန်လည်လျှောက်တင်လေသည်။ ဗိသုကာ ဆရာထံမှ စကားကို မင်းသားကြားသော် မင်းသား၏စိတ်မှာ အတွေးဆိုး၊ အတွေးမိုက်များ ဝင်ခိုထိုးဆွ ထိုးနှက်လာ၏။ ‘ဤလိုမျိုး ထူးခြားဆန်းကြယ်လှသည့် ဗိသုကာ၏ ဗိမာန်မျိုးဆိုသည် ငါသို့သော် မင်းသားတစ်ပါး တည်းအတွက် သာဖြစ်ရမည်။ အခြား အခြား မင်းသားတို့က ဤသို့သောဗိမာန်ကို အတုယူ ဆောက်တည်ကြပါက ယခု ငါ၏ ဗိမာန်ပြာသာဒ် တို့သည် ထူးခြားအံ့ဖွယ် ဘယ်မှာ ဖြစ်တော့အံ့နည်း။ ကောင်းပြီ။ ဤလက်ရာမျိုး နောက်တစ်ဆောင် မပွားစေသောနည်းမှာ ယခု ငါ့အတွက် ဤပြာသာဒ်ဗိမာန် အပြီးသပ် အပ်နှံသည့် နေ့မှပင် ဤဗိသုကာ လက်သမားကို သတ်ရအံ့ (သို့မဟုတ်) လက်တို့ကို ဖြတ်ရအံ့။ ဒါမှမဟုတ် မျက်စိတို့ကို ဖောက်ရအံ့ ’ဟု မင်းသားသည် မိမိအတွက် လက်စမသတ် ပေးမီမှာပင် အလွန်ဆန်းကြယ် ထည်ဝါခံ့ညားလှစွာ သောဗိမာန်ပြာသာဒ်ကို တစိမ့်စိမ့်ကြည့်လျက် သူတစ်ပါးအတုယူ မတည်ဆောက်စေလိုသော၊ ဤသို့သော ဗိမာန်နောက်တစ်ခု မတိုးပွားစေလို သော ဣဿာမစ္ဆရိယ တရားများ ပွားများ ဖိစီးခံလျက်ရှိရာမှ မိမိထံ အမြဲ ခစားရသော သိဉ္စလုလင်ကို အပါးသို့ခေါ်ကာ မိမိ၏အကြံအစည်များ ထုတ်ဟတိုင်ပင် လေသည်။ ဘုရင်ဖြစ်သော မင်းသား၏ အပါးတော်မြဲ သိဉ္စလုလင်သည် မိမိ၏ အရှင်သခင် ဘုရင်ဖြစ်သော မင်းသားထံမှ မမျှော်လင့်သော ယုတ်ညံ့လှသည့် အကြံအစည်ကို ကြားရ၍ အလွန်အံ့ဩ ထိတ်လန့် မိလေသည်။ ‘ငါ့အရှင်ဘုရင် မင်းသည် အယူမှား၊ အကြံမှား၊ အကြံဆိုး ကို ကြံဘိ၏။ တကယ်က ဤဗိသုကာ လက်သမား ပညာရှင်မျိုး ဤဇမ္ဗူဒိပ်ကျွန်း မြေအပြင်မှာ နှစ်ယောက်မရှိ။ ဤအတတ်ပညာမျိုးကား အဖိုးအနဂ္ဃတည်း။ မည်သို့ပင်ဖြစ်စေ ဤဗိသုကာ ပညာရှင်ကိုတော့ ငါသည် အဆုံးရှုံး၊ အနစ်နာ မဖြစ်စေလို။ ဖြစ်တဲ့နည်းဖြင့် သတင်းပေး၊ ရှောင်ပြေးစေအံ့’ ဟုဖြူစင်သော အတွေး၊ မေတ္တာ အအေး၊ သတ္တိသွေးဖြင့် ဗိသုကာဆရာထံ ရောက်လေသည်။ သိဉ္စ၀လုလင်သည် အပိုမပြော လိုအပ်သည်ကိုသာ တိုကျဉ်းပြော လိုသည်ဖြစ်၍ ‘အို ဗိသုကာ ဆရာအရှင် အသင်၏ ဗိသုကာလက်ရာအပေါ် ကျွန်ုပ်တို့မင်းဟာ အကြိုက်တော် ဆိုက်၊ အသင်ဆရာအား ဤဗိမာန်ပြာသာဒ် ပြီးပြတ် ပြီလားဟု မေးက မပြီးစီးသေးကြောင်း အတွင်းအနုစိပ် များစွာ ကြံသေကြောင်းဖြင့် အချိန်ဆွဲဆန့်လို့ အသင်ဆရာ၏ အသက်ချမ်းသာကြောင်းကိုသာ အရေးတယူ ရှာကြံ၍ အမြန် ဆောက်ရွက်ပေတော့’ ဟုဆိုလေသည်။ ဗိသုကာဆရာသည် ‘မိမိ အတတ်ကတော့ ဖြင့် မိမိအား ထူးစေသလို၊ ရူးစေ၊ သေစေလောက်ပြီ။ မေတ္တာ စေတနာ ဟူသည်ကား ပညာမဲ့များဖြင့် မထိုက်ပြီ ’ ဟုတွေးကာ မိမိဘ၀ လုံခြုံရေး၊ လွတ်မြောက်ရေးကို အတွေးနယ်ချဲ့ အဝေးသို့ လွတ်မြောက်ရေး ကြံတော့၏။ တစ်နေ့သော မင်းဖြစ်သူ မင်းသားက ‘ဗိမာန်ပြာသာဒ်ပြီးပြီလား’ ဟုမေး၏။ ထိုအခါ ဗိသုကာဆရာက ‘ပြင်ပသာပြီး၍ အမြင်မှာ ရူမငြီးဖြစ်ရသော် အတွင်းက အဆန်းအနု အထွဋ် လက်ရာများ လုပ်ရန် ကျန်သေးကြောင်း၊ သစ်ကောင်းများစွာ လိုသည်ဖြစ်၍ ပို့ပေးရန် လိုအပ်ကြောင်း၊ သစ်ကောင်းများစွာရမှသာ ရှေးမင်း အဆက်ဆက် မခံစားရဖူးသည့် နန်းတော်ပြာသာဒ် ဗိမာန်တော်မြတ်ကို ရရှိမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဤသို့ အတွင်းအနုလက်ရာများကို ပြုလုပ် ဆောင်ရွက်စဉ် အတုယူကြမည်ကို စိုးရိမ်သဖြင့် ပြင်ပမည်သူမျှ အဝင်အထွက်မပြုရန် အမိန့်တော်ဖြင့် တားမြစ်ပေးရန် လိုအပ်ပါကြောင်း၊ အစာအာဟာရပို့ရန် မိမိ၏ဇနီးသာလျှင် ဝင်ထွက်ခွင့်ပေးရန် လိုပါကြောင်း လျှောက်ထား၏။ မင်းသားက အလွန် သဘောကျကာ ‘ကောင်းပြီ။ မောင်မင်း ဆန္ဒအရ ဖြစ်စေရမည်။ မောင်မင်း လက်စွမ်းရှိသလောက် အမှုတော်ကို ဆောင်ရွက်ပေတော့’ ဟု ဗိသုကာဆရာ၏ ဆန္ဒအတိုင်း မင်းမိန့်ဖြင့် ပြည့်စုံစေလေသည်။
ဂဋ္ဌုန်ငှက်သဏ္ဌာန် လေယာဉ်ပျံ
ဗိသုကာပညာရှင်သည် မိမိ၏ လျှို့ဝှက်နက်နဲသော ပညာရပ်များကိုသာ အစွမ်းကုန်အသုံးချရန် ထိုဗိမာန်၏ အတွင်းခန်း လျှို့ဝှက်ရာတွင် မင်းသားပို့သမျှ သစ်ကောင်းများဖြင့် မိမိ၏ဇနီးမယား၊ သမီး၊ သားတို့ပါ မိမိနှင့် တစ်ပါတည်း စီးနင်းလိုက်ပါလောက်သော ဂဋ္ဌုန်ငှက်ရုပ်သဏ္ဌာန် လေယာဉ်ပျံကို အပြီးအစီးအသေအသပ် အမြန်တည်ဆောက်၏ ပြီးက အတွင်းယန္တရားစက်ကို အခိုင်အမာ တပ်ဆင်လေသည်။ ရသမျှ ရွှေငွေရတနာတို့ကို ကျစ်ကျစ်ပါအောင်ထုပ်၊ လုံခြုံစွာဖြင့် ဇနီးအား ခရီးစဉ်ကြောင်းကျိုး ရှင်းပြပြီး သားသမီးများကိုပါ ခေါ်လာစေကာ ခဲဖွယ်ဘောဇဉ် စားနပ်ရိက္ခာ ပြည့်စုံစွာ ထည့်သွင်းစီမံ၏။ မိမိ၏ ဂဋ္ဌုန်ငှက်လေယာဉ်ပျံသို့ မိသားစုလိုက် ဝင်စေသည်။ ပြီးနောက် ယန္တရားစက်ကို နှိုးကာ ကောင်းကင်ခရီးကို မောင်းနှင်ပြီး လွတ်ရာသို့ အောင်မြင်လွတ်မြောက်အောင် ထွက်ပြေးတိမ်းရှောင် နိုင်တော့၏။ ဤယန္တရားစက် ဂဋ္ဌုန်ငှက်ယာဉ်ကို ကောင်းကင်ခရီးအသွားအား မြင်ကြရသည့် ပြည်သူအပေါင်းတို့က အံ့အားသင့်စွာ ကြည့်ကြရလျက် ‘ဗိသုကာဆရာကား ပြေးလေပြီ’ ဟု အသီးသီးအော်ဟစ် ပြောဆိုကြလေသည်။ ဗိသုကာ ဆရာမိသားစု နှင့် တပည့်အခြံအရံတို့သည် ဟိမ၀န္တာတောင် အေးချမ်းစွာသော မြို့ပြပြည်ထောင် တည်ထောင်ကြကာ ‘ကဠဝါဟန မြို့’ ဟုပင်ခေါ်ဝေါ် သမုတ်လျက် နေထိုင်ကြကြောင်းတည်း။ (ဓမ္မပဒ အဋ္ဌကထာ၊ အတ္တဝဂ်၊ ဗောဓိမင်းသားဝတ္ထု)
ကဿပဘုရားရှင်လက်ထက်မတိုင်မီက

ဖော်ပြပြီး ဗိသုကာပါမောက္ခကြီး၏ လေယာဉ်ပျံကြီးနှင့် ဂေါတမဘုရားလက်ထက်အခါက စိတြ၀ဎုကီ ဗိသုကာ ဆရာကြီးတို့၏ လေယာဉ်ပျံ ကြီးများမှာ ပြင်ပငှက်ရုပ် သဏ္ဌာန် သာဖြစ်၍ အတွင်းမှာ လောင်စာဆီမသုံးသည့် ယန္တရားစက်သက်သက်သာ ဖြစ်၏ ထိုယာဉ်များကို သံ၊ သတ္တု လုံးဝမသုံး။ ပေါ့ပါးခိုင်ခံ့သည့် သစ်ကောင်း များဖြင့်သာ သုံးကြောင်း သိရှိရပါသည်။ (ကျမ်းကိုး။ ဘုရားရှင်လက်ထက် ယန္တရားလေယာဉ်ပျံ၊ ရှင်ဗုဒဃောသ ဦးဘသန်း၊ ဉာဏ်လင်းဓမ္မစာပေဒေသာ)
No comments:
Post a Comment