........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 28, 2013

ကုသိုလ်ဖြစ်အောင် တွေးမယ်

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ မဟာဂါမလို့ အမည်ရတဲ့ ရွာကြီးတစ်ရွာကို စားရတဲ့ တိဿအမတ်ဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီအမတ်ကို ဘုရင်ကိုယ်တိုင်ကလဲ ကြည်ညို မြတ်နိုးတော် မူတယ်လို့ ဆိုပါတယ်။

တစ်နေ့တော့ အဲဒီ တိဿအမတ်ကို သူကိုးကွယ် ဆည်းကပ်နေကျ ဆရာ ဘုန်းကြီးက "ဒက္ခိဏ၀ိဘင်္ဂသုတ်"ကို ဟောလိုက်ပါတယ်။ ဒက္ခိဏ၀ိဘင်္ဂသုတ်ဆိုတာ အလှူခံ တစ်ကျိပ်လေးယောက် အကြောင်းကို အကျယ် ဝေဘန် ပြထားတဲ့ သုတ်ပါ။ တိဿအမတ်ဟာ အဲဒီ သုတ်ကို နာကြားပြီးတဲ့နေ့ကစပြီး သူ့ရဲ့ စားဦးကို မလှူဘဲ ထမင်း မစားတော့ပါဘူး။ ပြီးတော့ စားဦးကို လှူပြီးမှ ထမင်းစားမယ်ဆိုပြီး သန္နိဌာန် ချခဲ့ပါတယ်။ ချခဲ့တဲ့ အတိုင်းလဲ စားဦးကို လှူပြီးမှ ထမင်းစားလေ့ ရှိပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဇနပုဒ်က ရောက်လာတဲ့ ဧည့်သည်တွေနဲ့ တိုင်းရေးပြည်ရေး ကိစ္စတွေ တိုင်ပင်ဆွေးနွေးရင်း မွန်းတည့်လွန်မှ ထမင်းစားဖို့ အခွင့်ရပါတယ်။ မွန်းတည့် လွန်သွားပြီဆိုတော့ စားဦးကို ရဟန်း သံဃာတွေ လှူဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ စားဦးကို ဘယ်သူ့များ လှူရမလဲလို့ စဉ်းစားပါတယ်။ အနားမှာရှိတဲ့ တပည့်တစ်ယောက်က သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ကို လှူဖို့ အကြံပေးပါတယ်၊ တိဿ အမတ်ကလဲ သဘောတူစွာနဲ့ပဲ သူ့ရဲ့ တပည့်တွေကို သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ဆီကို စားဦးကို လှူဖို့ လွှတ်လိုက်ပါတယ်။

တကယ်တော့ ပရိဗိုဇ်ဟာ အ၀တ်ဖြူဝတ်ထားပေမယ့် အကျင့်သီလလဲ ထူးထူးခြားခြား မရှိလှပါဘူး။ ထူးခြားတာဆိုလို့ အ၀တ်ဖြူ ၀တ်ထားတာ တစ်ခုပဲ ရှိပါတယ်။

တိဿ အမတ်ရဲ့ တပည့်တွေ ပရိဗိုဇ်ဆီသွားတဲ့ အချိန်မှာ ပရိဗိုဇ်က ဘာလုပ်နေသလဲ ဆိုတော့ ရေကန်ဘောင်ပေါ်မှာ ငါးမျှားနေပါသတဲ့။ ပရိဗိုဇ်က ခပ်လှမ်းလှမ်းက လူတွေ လာနေပြီဆိုတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် ငါးမျှားတံကို ရေထဲပစ်ချ၊ ခြေထောက်နဲ့ အသာနင်းထားပြီး သူမဟုတ်သလိုလို တရားကျင့်နေသလိုလိုနဲ့ ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ်လေး နေနေလိုက်ပါတယ်။

ဒါပေမယ့် တိဿအမတ်ရဲ့ တပည့်တွေက ပရိဗိုဇ်ရဲ့ အပြုအမူကို မြင်ဖြစ်အောင် မြင်သွားပါတယ်။ ဒါကြောင့် ဒီလောက်ယုတ်မာတဲ့ ပရဗိုဇ် စားဦးနဲ့ မတန်ဘူးဆိုပြီး တိဿအမတ်ဆီ စားဦးကို ပြန်ယူခဲ့ကြပါတယ်။ တိဿအမတ်ဆီ ရောက်တော့ တပည့်တွေက တိဿအမတ်ကို အကြောင်းစုံ ပြောပြပါတယ်။ ဒီတော့ တိဿအမတ်က ဘာပြန်ပြောသလဲ ဆိုတော့ -

"အမောင်တို့၊ ပရိဗိုဇ်ဟာ ယုတ်မာတဲ့ အကျင့် ရှိတယ်လို့ ဆိုပေမယ့် သင်တို့ကို မြင်တော့ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးနဲ့ ငါးမျှားတံကို ရေထဲမှာ နှစ်ပြီး ၀ှက်ထားရှာတယ်၊ အဲဒီ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးသည်ပင် ပရဗိုဇ်အတွက် စားဦးကို အလှူခံထိုက်ပါတယ်။ ငါ့အနေနဲ့လည်း အဲဒီ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကိုပဲ ကြည်ညိုလို့ရပါပြီ၊ ကဲ - ပြန်လှူလိုက်ကြပါ" လို့ ပြောပြီး ပရိဗိုဇ်ကို ပြန်လှူခိုင်းလိုက်ပါတယ်။ စာမှာတော့ ဒုတိယနေ့မှာလဲ ဆက်ပြီး လှူခိုင်းတယ်လို့ ဆိုပါတယ်။

ဒီဝတ္တုလေး ဖတ်ပြီးတော့ "တိဿအမတ်နေရာမှာ ငါသာဆိုရင်" ဆိုတဲ့ အတွေးက မသိမသာ ၀င်လာပါတယ်၊ "အေးကွာ - မင်းတို့ ပြောတာ မှန်တယ်၊ ဒီလောက် ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့ မတန်ဘူး၊ အဆိပ်ပင် ရေလောင်းတာနဲ့ အတူတူပဲ၊ ငါတို့ စားတာမှ ဗိုက်ဝဦးမယ်" အဲဒီလိုများ ခပ်ညံ့ညံ့စိတ်ဓါတ်နဲ့ တွေးဖြစ်မလား မသိပါဘူး။

ဘာပဲ ပြောပြော တိဿအမတ်ကတော့ ဒါနကုသိုလ် ဖြစ်သွားတာပါပဲ။ ဆရာကြီး ဦးရွှေအောင် စကားနဲ့ ပြောရရင် ဒါနကို ပါရမီမြောက်အောင် ပြုကျင့်လိုက်တာပါ။

အဋ္ဌသာလိနီအဋ္ဌကထာမှာ ကုသိုလ်ဖြစ်ရခြင်းနဲ့ အကုသိုလ်ဖြစ်ရခြင်း အကြောင်းတွေကို ဒီလို ပြထားပါတယ်။

ကုသလံ ယောနိသော မနသိကာရ ပဒဋ္ဌာနံ၊
အကုသလံ အယောနိသော မနသိကာရ ပဒဋ္ဌာနံ၊

အဓိပ္ပါယ်ကတော့ - ကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းက ယောနိသောမနသိကာရ ရှိလို့ပါတဲ့၊ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းကတော့ အယောနိသောမနသိကာရ ရှိလို့ပါပဲတဲ့၊ ဆိုလိုချက်ကတော့ ယောနိသောမနသိကာရရှိရင် ကုသိုလ်ဖြစ်မယ်၊ အယောနိသောမနသိကာရ ရှိရင် အကုသိုလ်ဖြစ်မယ် ဒါပါပဲ။

ဒါကြောင့် မဟာစည် ဆရာတော်ဘုရားကြီးက ယောနိသောမနသိကာရ ကို ကုသိုလ်ဖြစ်အောင် တွေးခြင်းလို့ မြန်မာပြန်ဆိုပေးခဲ့ပါတယ်။ တစ်ခြား ဆရာတော်ကြီး တစ်ပါးကတော့ ယောနိသောမနသိကာရကို အကောင်းမြင်ဝါဒ ရှိခြင်းလို့ ပြန်ပေးပါတယ်၊ အများနားလည်နိုင်မယ့် စကားလုံးတွေနဲ့ ပြန်ပေးထားကြတာဆိုတော့ သက်ရောက်မှု အဓိပ္ပါယ်တွေကတော့ အတူတွေပါပဲ။

"မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကိုပဲ ငါ့အနေနဲ့ ကြည်ညိုလို့ ရပါပြီ" လို့ တိဿအမတ်ပြောလိုက်တဲ့ စကားရဲ့ မြစ်ဖျားခံရာဟာ ယောနိသောမနသိကာရ ပါပဲ၊ ယောနိသောမနသိကာရ ရှိတော့ ကုသိုလ်ဖြစ်သွားတာ အဘိဓမ္မာသဘောအရ သိပ်ပြီး ဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ဆန်းတာက အားကျဖို့ ကောင်းတာက တိဿ အမတ်ရဲ့ သန္တာန်မှာ ယောနိသောမနသိကာရ ရှိနေတာပါ။ တကယ်တော့ "တိမ်တိုက်မည်မျှ မဲမဲ၊ အဖြူရောင် ငွေ အနားသတ်ကတော့ ရှိစမြဲ" ဆိုတဲ့ နိုင်ငံခြား စကားပုံအတိုင်း ဘယ်လောက်ပင် ဆိုးနေတဲ့ လူဖြစ်ပါစေ၊ ငွေရောင် အနားသတ်လို့ ခေါ်ရမယ့် ကောင်းကွက်လေး တစ်ကွက်ကတော့ ရှိစမြဲပါ၊ ဒါကို ကိုယ်က ယောနိသောမနသိကာရ အခြေခံပြီး မြင်တတ်ဖို့ပါ။

့ဘာပဲပြောပြော ဘ၀ဆိုတာ ရှိနေရင် သံသရာ ခရီးဆိုတာလဲ ရှိနေဦးမှာပါပဲ၊ အဲဒီ သံသရာဆိုတဲ့ ခရီး တစ်ခုကို လျှောက်နေရသရွေ့တော့ အာရုံမျိုးစုံတွေနဲ့ နေ့စဉ် တွေ့နေကြရမှာပါ။ ကိုယ်နှစ်သက်တဲ့ အာရုံပဲ တွေ့တွေ့၊ မနှစ်သက်တဲ့ အာရုံပဲ တွေ့တွေ့၊ တွေ့လာတဲ့ အာရုံတွေအပေါ် ကိုယ်က ကုသိုလ်ဖြစ်အောင် တွေးတတ်ဖို့ပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် တွေ့လာတဲ့ အာရုံအပေါ် မိတ်ဖွဲ့တတ်ဖို့ပါ၊ မိတ်ဖွဲ့တတ်ဖို့ ဆိုတာကလဲ သိပ်ပြီး ခက်ခဲလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ "ယောနိသောမနသိကာရ" ရှိနေရင် တစ်လောကလုံးနဲ့ အလိုလို မိတ်ဖွဲ့ပြီးသား ဖြစ်နေမှာ ဖြစ်လို့ပါပဲလေ။

ကျမ်းကိုး
၁။ မဓုရ, ရသ၀ါဟိနီကျမ်း (ပဏ္ဍရင်္ဂ၀တ္တု)
၂။ အဋ္ဌသာလိနီအဋ္ဌကထာ (ယောနိသောမနသိကာရ အဖွင့်)
၃။ ယနေ့ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေး အဖြေများ (တည်တော ဆရာတော်)

အလင်းတန်း ဂျာနယ်၊ ၂၄-၆-၂၀၀၂

မှတ်ချက် ။ ဦးဇင်း ရဝေနွယ် (အင်းမ) ရဲ့ အလင်းတန်းဂျာနယ်၊ အင်တာဗျူးဂျာနယ်၊ ပေါ်ပြူလာဂျာနယ်၊ Fashion Image မဂ္ဂဇင်း၊ Faces (မုခ) မဂ္ဂဇင်းတို့၌ ဖော်ပြ ပါရှိခဲ့သော ဓမ္မအတွေး ဆောင်းပါးများကို စုစည်းဖော်ပြပေးထားသော "ကုသိုလ်ဖြစ်အောင် တွေးမယ်" ဓမ္မစာအုပ်မှ ကူးယူ ဖော်ပြပါတယ်..။

Feb 25, 2013

စ---စက် ၄-ပါး မှ စွယ်တော် ၄ ဆူ။

စက် ၄-ပါး။ ။ သုတ်ပါဌေယျ။ ပါ။ ၂၃၀။ ဋ္ဌ။ ၂၄၃။ လိုရာကိစ္စပြီးစီးပြည့်စုံမှုအတွက် သမ္ပတ္တိစက် ၄-ပါး၊ ဒသုတ္တရသုတ် အဋ္ဌကထာ၊
၁ ပဏ္ဍိတာနဉ္စသေ၀နစက်- ပညာရှင်ကို ဆရာတင်မှု၊ 'သပ္ပုရိသူပ နိဿယံ'။
၂ ပဋိရူပ ဒေသ၀ါသစက်- ကိုယ့်လုပ်ငန်းဆောင်တာနှင့် သင့်လျော်သောနေရာအရပ်၊ သာသနာတော်စည်ကားရာ အရပ်၊

၃ အတ္တသမ္မာပဏီဓိစက်- အပြစ်မရှိသောအလုပ်၌ မဖြစ်မနေကျိုးစားမှု၊ ပြုပြင်ရေးဇွဲလုံ့လ၊
၎ ပုဗ္ဗေစကတပုညတာစက်- အထက်ပါစက်သုံးပါးကြောင့် မိမိတို့လုပ်ငန်းစဉ်ကြီး တိုးတက်ပြီးထူးချွန်လာသည့်တိုင်အောင်
အကျိုးပေးသောရှေးကောင်းမှုကံ။

စက္က၀တ်မင်းမျိုး ၃-ပါး။ ။ ဤ၌ စက္က၀တ် ၃-ပါး သီးခြားထုတ်မေးသော်လည်း အောက်ပါ "စကြာမင်းမျိုး ၅ ပါး"၌ အကျွမ်းဝင်သည်သာတည်း၊
၁ စာတုရန္တ စက္က၀တ္တိ- လေးကျွန်းလုံးစိုးပိုင်သောမင်း။
၂ ဒီပစက္က၀တ္တိ- ကျွန်းကြီးတစ်ကျွန်းလုံးကိုစိုးမိုးသောမင်း။
၃ ပဒေသ စက္က၀တ္တိ- ကျွန်းငယ်စုကို အစိုးရသောမင်း။

စကား ၆-ခွန်း လူ၌ထွန်း ၄-ခွန်းရှောင်ခွာ ၂-ခွန်းသာဟော။ ။ ၀ိနည်းပါရာဇိကဏ်အဋ္ဌကထာ။ ပ-အုပ်။ ၈၉။ မြတ်စွာဘုရားသည် ၁-နှင့် ၂-ကိုသာ ဟောတော်မူ
သည်။ လူတို့ပြောဆိုကြသောစကားအပေါင်းကို သတ္တုချလိုက်လျှင် ထိုခြောက်ခွန်းသာရသည်ဟူ၏။
၁ ဟုတ်မှန်၍အကျိုးရှိပြီး သူလည်းနာလိုသောစကား။
၂ ဟုတ်မှန်၍အကျိုးရှိပြီး သူများမနာလိုသောစကား။
၃ ဟုတ်မှန်၏၊ အကျိုးမရှိ သူများလည်းမနာလိုသောစကား။
၎ မဟုတ် မမှန် အကျိုးရှိ၍ သူများနာလိုနှစ်သက်သောစကား။
၅ မဟုတ်မမှန် အကျိုးမရှိ သူများနာလိုနှစ်သက်သောစကား။
၆ မဟုတ်မမှန် အကျိုးလည်းမရှိ၊ သူများလည်း မနာလိုမနှစ်သက်သောစကား။

စကားကြီး ၁၀-မျိုး။ ။ စကားပြောထုံးနည်း ဥပဒေကြီးဆယ်မျိုးဟူလို။
(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ "မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။"
(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ "သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။"
(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင်တင်၍ ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့ "ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်း ဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။"
(၄) အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ "ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။"
(၅) ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စပြီးသကဲ့သို့ "လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။"
(၆) ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့"ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။"
(၇) တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာ
မြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီး
တို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ "စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။"
(၈) ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ "သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။"
(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူ
လိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ "သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။"
(၁၀) ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်း
လျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ "ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျ
ပြောဆိုခြင်း။"

စကားပြောရာ အင်္ဂါ ၁၀-ပါး။ ။
၁ ကာလ၀ါဒီ- ပြောချိန် ပြောခွင့်သင့်မှ ပြောရခြင်း။
၂ ဘူတ၀ါဒီ- ဟုတ်မှန်သောစကားကိုသာ ပြောရခြင်း။
၃ ဓမ္မ၀ါဒီ- တရားနှင့်စပ်သည်ကိုသာ ပြောရခြင်း၊
၎ အတ္ထ ၀ါဒီ- အကျိုးစီးပွားနှင့်စပ်သည်ကိုသာ ပြောရခြင်း။
၅ ပိယ၀ါဒီ- ချစ်ဖွယ်စကားကိုသာ ပြောရခြင်း၊
၆ မိဟိတ ပုဗ္ဗဘာဏီ- ပြုံးရွှင်မှုရှေ့ထား၍ ပြောကြားရခြင်း။
၇ မိတဘာဏီ- မတိုမရှည် မပိုမလွန် ခြင့်ချိန်ပြောရခြင်း။
၈ အတုရိတ ၀ါဒီ- အဆောတလျင်မပြောရခြင်း။
၉ ပေါရီ- မြို့ကြီးသူတို့အသုံးအနှုန်း ဓလေ့ထုံးကိုယူ၍ပြောရခြင်း။
၁၀ ၀ိသဒ ၀ါဒီ- သန့်ရှင့်သေချာ တိကျပြတ်သားစွာ ပြောဆိုရခြင်း။

စကြာမင်း ၅-မျိုး။ ။ ၎င်းင်းကိုပင် "စတ္တ၀တ်မင်း, စကြ၀တေးမင်း"ဟု ဆိုကြကုန်၏။ ၎င်းင်းငါးပါးကို "က၀ိသေတ္တုမဉ္ဇူသာကျမ်း"မှ ထုတ်ယူသည်။
(၁) အာဝုဓ စက္က၀တ္တိ ရာဇာ- လူသတ်လက်နက် စက်အမျိုးမျိုးကိုအစိုးရသော ယခုခေတ် အနုမြူလက်နက်ရှင်ရှေးခေတ် အဇာတသတ်မင်းတို့ကဲ့သို့ "လက်နက်စကြာမင်းမျိုး။"
(၂) ပုည၀ဍ္ဎုန စက္က၀တ္တိရာဇာ- ဇောတိက ဇဋိလ ကာကောဏ္ဏ မေဏ္ဍကစသော သေဌေးကြီးတို့၏ ဆိတ်ရုပ်ကျေးရုပ် ရွှေတောင် ထမင်းအိုး စလည်တောင်း စသည်တို့မှ သုံးမကုန်ယူမလျော့ တိုးပွားခြင်း သမုဒ္ဒရာ လေးစင်းကိုပင် ပြည့်အောင် ဖုံးနိုင်လောက်သော ဥစ္စာရွှေငွေ ဆန်ရေစပါး ပေါများကုံလုံကြသည့် "ပုည၀ဍ္ဎုန စကြာမင်းမျိုး။"
(၃) အာဏာ စက္က၀တ္တိ ရာဇာ- သက်မဲ့ အ၀ိညာဏကဖြစ်သော ရွှေခြေကျဉ်းကို စေလွှတ်၍ မဒ္ဒ၀ပြည်ကို အစိုးရသောကာလနဂါးမင်းအား ခြေကျဉ်းဖြင့်ခတ်၍ ခေါ်နိုင်ခြင်းအာဏာ၊ ထို့အတူ ရွှေချိုင့်ကိုစေလွှတ်၍ ကရ၀ိတ်ငှက်မင်းကို ဖမ်းယူဆောင်ကျဉ်းနိုင်သောအာဏာရှိကြသည့် သီရိဓမ္မာသောကမင်းတို့ကဲ့သို့သော "အာဏာစကြာမင်းမျိုး။"
(၄) ပုညပဒ စက္က၀တ္တိ ရာဇာ- မဟာသုဒဿန စကြာမင်း, ကာလိင်္ဂဗောဓိစသော စကြာမင်းတို့၏ ဖွားစကပင်ခြေ၌ စကြာဗောဓိစသော ပုံ တောင်း တံဆိပ်လက္ခဏာပါခြင်းကြောင့် ကျွန်းကြီးလေးကျွန်းနှင့်တကွ ယုဂန္ဓိုရ်တောင်အထက် အာလိန်ငါးဆင့်ရှိနတ်တို့ကိုပါ အစိုးရလတံ့ဟု သိစေနိုင်သော စကြာပုံတောင်း ရတနာကို ရကြသည့် "ပုညပဒ စကြာမင်းမျိုး။"
(၅) ဂန္ဓာရီ စက္က၀တ္တိ ရာဇာ- ရှေးစာဟောင်းတို့၌ ]ကန္တာရအတတ်ဟု ရေးရှိကြသည်။ ခဲ သံ ပြဒါးကြေးနီစသော ဓါတ်တို့အား ရွှေငွေ မနောမယဓါတ်လုံးများဖြစ်လာအောင်၊ ချက်လုပ်နိုင်ခြင်း၊ မြေလျှိုးမိုးပျံနိုင်ခြင်း၊ ထိုထို ဆန်းကျယ်လှစွာသော ဂါထာ မန္တန် မန္တရား အင်း အိုင် ခါးလှဲ့ လက်ဖွဲ့စသော လောကီပယောဂဟူသမျှတို့၏တန်ခိုးဖြင့် မြေလျှိုးမိုးပျံနိုင်ခြင်း စိတ်အလိုအတိုင်းပြီးခြင်း စသည်တို့ကို ဖြစ်စေနိုင်သော လောကီဝိဇ္ဇာ မော်ဆရာအပေါင်းတို့သည် "သမ္မာပယောဂ ဣဒ္ဓိဝဍ္ဎုန စက္ကရာဇာခေါ်" ဂန္ဓာရီ စကြာမင်းတို့ဖြစ်ကြကုန်၏။

စကြာမင်းကျင့်ဝတ် ၃-ပါး။ ။
(၁) ဒါန- တိုင်းသားပြည်သူ ရှင်လူရဟန်းတို့အား အလှူပေးခြင်း၊
(၂) ဒမ- ဣနြေ္ဒကို ဆုံးမခြင်း၊
(၃) သံယမ- ကိုယ်နှုတ်နှစ်ပါးနှင့် ငါးပါး ရှစ်ပါး ကိုးပါးသီလများကို စောင့်စည်းခြင်း။

စကြာမင်းကျင့်ဝတ် ၁၀-ပါး၊ တစ်နည်း။ ။ အင်္ဂုတ္တရဋီကာ။ ဒု။
၁၊ အန္တောဇန ဗလ ကာယ- သားမယားတို့ကိုသီလ၌တည်စေခြင်း, ဘေးဥပဒ်မှ စောင့်ရှောက်ခြင်း,
ဗိုလ်ပါစသည်တို့၌ လစာရိက္ခာမှန်မှန်လုံလောက်အောင်ထုတ်ပေးခြင်း။
၂၊ ခတ္ထိယ- အဘိသိက်ခံပြီးမင်းတို့အား ရွှေငွေ ဆင်မြင်းရတနာစသည် ပေးကမ်းချီးမြှောက်ခြင်း။
၃၊ အနုယုတ္တ- မိမိထံပါး၌ ခစားဆည်းကပ်နေသော မင်းတို့အားယာဉ်ရထား နေအိမ်စသည် လျော်စွာပေး၍နှစ်သက်စေခြင်း။
၎၊ ဗြာဟ္မဏ ဂဟပတိက- ပုဏ္ဏားပညာရှိတို့အား ထမင်းအဖျော်စသည် လှူဖွယ်ဝတ္ထုပေးခြင်း၊ အိမ်ထောင်ရှင်တို့အား မျိုးစေ့ထွန်တုံး စသည်တို့ကိုပေးခြင်း။
၅၊ နေဂမ ဇနပဒ- တောရွာနေပြည်သူလူထုအား စားနပ်ရိက္ခာ၊ မျိုးစေ့ လယ်ယာကြိယာ အမတော်ကြေးစသည်ပေးခြင်း။
၆၊ သမဏ ဗြာဟ္မဏ- ရဟန်းသံဃာနှင့် သူတော်စင်တို့အား လျော်ကန်သော ပရိက္ခရာ လှူဘွယ်တို့ဖြင့်လှူဒါန်းပူဇော်ခြင်း။
၇၊ မိဂပက္ခိ- သား ငါး ငှက်တို့အား နယ်ပယ်သီးခြားသတ်မှတ်ထား၍ ဘေးမဲ့ပေးခြင်း။
၈၊ အ ဓမ္မကာရ ပဋိက္ခေပ- မတရားမှုဟူသမျှတို့ကို လုံးဝတားမြစ်ပိတ်ပင်စေခြင်း။
၉၊ အ ဓနာနံ ဓနဥပ္ပါဒ- မရှိဆင်းရဲ လူတန်းစားကျောမွဲတို့အား ဥစ္စာဓနပေးဝေငှခြင်း။
၁၀၊ သမဏ ဗြာဟ္မဏ ပဥှာပုစ္ဆန- ရဟန်းသံဃာ သူတော်သူမြတ်တို့ထံ ဆည်းကပ်ခစား၍ ရှောင်ကြဉ်အပ် မှီဝဲအပ် ပွားများအပ် ပြုလုပ်အပ်သောအရာများကို မေးမြန်းတိုင်ပင် လျှောက်တိုင်ပင်ခြင်း။

စကြာမင်းကျင့်ဝတ် ၁၂-ပါး၊ တစ်နည်း။ ။ အဂုၤတၱရဋီကာ။ ဒု။
(က) အဓမ္မရာဂ ပဟာန- အမိ အဖ အစ်မ ညီမ ညီ အစ်ကို မိကြီး မိထွေး ဘကြီး ဘထွေးစသည့် မတပ်အပ်သောအရာ၌ ရာဂဖြင့်တပ်သက်ပြစ်မှားမှုကို ပယ်ခြင်း၊
(ခ) ၀ိသမ လောဘ- မထိုက်သောအရာ၌တပ်သော လောဘ၊ ထိုက်သောအရာ၌ အလွန်အမင်းတပ်သော လောဘမျိုးကို ပယ်ရှားခြင်း၊ အထက်ပါဆယ်မျိုး၌ ၎င်းင်းတရားနှစ်ပါးထည့်ကာ ၁၂-ပါးဖြစ်သတည်း။

စကြာမင်းတို့ တန်ခိုး ၄-မျိုး။ ။ သုတ်မဟာဝါ။ ပါ။ ၁၄၅။ ဋ္ဌ။ ၂၂၀။
(၁) လူတကာတို့ထက်လွန်ကဲသော အဆင်းရှိခြင်း၊
(၂) လွန်ကဲသောအသက်ရှည်ခြင်း၊
(၃) အနာရောဂါကင်းခြင်း၊
(၄) အမျိုးလေးပါးတို့၏ ချစ်မြတ်နိုးခံရခြင်း။

စကြာရတနာ ၇-ပါး။ ။ စကြာမင်းမြတ်၏ ရတနာတော်များ။
(၁) စကြာ၊
(၂) ဆင်ဖြူ၊
(၃) မြင်းပျံဟူ,
မှတ်ယူ၊ (၄) ပတ္တမြား၊
(၅) မြောက်ကျွန်းသူနွယ်၊
(၆) သားနန်းနွယ်,
မှတ်ဖွယ်၊ (၇) သူဌေးအား၊
၎င်းင်း ၇-ပါးကို 'မဟာသုဒဿနသုတ်တော်'မှာ ဟောသည်။

စကြာရတနာ၊ ရကြောင်းလာ၊ ၃-ဖြာကုသိုလ်အဘယ်နည်း။ ။ အထက်ပါ စကြာရတနာ ၇-ပါးကို ဤကုသိုလ် ၃-ပါးကြောင့်ရသည်ဟု မဃဒေ၀လင်္ကာအပိုဒ် ၂၉၁၌ "ဘုန်းခေါင်ဓိပတိ၊ မဟိဒ္ဓိနှင့်၊ လောကိတမွတ်၊ စက္က၀တ်မဟာ၊ မြတ်ရာဇာတို့၊
(၁) စကြာယာဉ်မင်း၊ ဆင်မြင်းရတနာ၊ ဤသုံးဖြာကို၊ မဟာကုသလ၊ အဒေါသကြောင့်၊ ရ၏ဟူငြား၊
(၂) ပတ္တမြားနှင့်၊ မိဖုယားနတ်၊ သေဌေးမြတ်မူ၊ စွန့်လွှတ်စာဂ၊ အလောဘကြောင့်၊ ရ၏ဟူပေ၊
(၃) သက်ဝေသြရသ်၊ အိမ်ရှေ့မြတ်ဟု၊ လောကဓါတ်နယ်၊ တိုက်ဝန်းကျယ်၌၊ နတ်နယ်အလား၊ လေးကျွန်းသားကို၊ တရားမဖောက်၊ ရှုချီးမြှောက်၍၊ စောင့်ရှောက်နိုင်သီး၊ ရှုမငြီးသည့်၊ သားကြီးပရိဏာ၊ ရတနာကား၊ ပညာဟူက၊ အမောဟဖြင့်၊ မူလဟိတ်ကျိုး၊ စုံပြည့်ဖြိုး၏" ဟုဆိုထား၏။

စကြာဝဠာ ၃-ပါး၊ တစ်နည်း ၄-ပါး။ ။ ၎င်းင်းသရုပ်ကို (လောကဓါတ်မျိုး ၃-ပါး ၄-ပါး)ဟူသော ပုစ္ဆာ၌ ဆိုမည်။

စက်ကြီးတစ်ဆယ့်သုံးပါး။ ။ ရှေးဆရာကြီးများ ရေးသားစီရင်ထားခဲ့ကြသော အန္တရာယ်ကင်း မန္တန်တော်ကြီး၏ သရုပ် ၁၃-ပါးအမည်။
(၁) အောင် ၁၀၈-ကွက် ဗုဒ္ဓစက်- ဘုရား၏ စက်လက္ခဏာ ၁၀၈-ပါး။
(၂) တစ်ဆယ့်လေးချက် ဓမ္မစက်- မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ သွာက္ခာတာစသော တရားဂုဏ်တော် ၆-ပါးကိုဆိုသည်၊
(၃) တဆယ့်ရှစ်ချက် သံဃစက်- ပရမတ္ထသံဃာတော်ခေါ် အရိယာသံဃာရှစ်ပါး၊ သမုတိသံဃာတပါး၊ ပေါင်း သံဃာတော် ၉-ပါးနှင့် သံဃာဂုဏ်တော် ၉-ပါးကိုဆိုသည်၊
(၄) လရောင်ဝင်းလျက် ရှင်ရင်းပစ္စေကဗုဒ္ဓ ရဟန္တာစက်- ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ဂုဏ်တော်တည်းဟူသော ကိုယ်ရောင်တော်ကို ဆိုသည်၊
(၅) မြင်းမိုရ်တောင်ဦး မကကျူးလျက် မိဘစက်- မာတာပိတဂုဏ် အနန္တကိုဆိုသည်၊
(၆) ဂုဏ်ကျေးဇူးကို အထူးသိလျက် ဆရာ့စက်- ဆရာ့ကျေးဇူးဂုဏ်ကို အထူးသိရမည့်ဟုဆိုလိုသည်။
(၇) ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်- ဗြဟ္မစရိယတရားလေးပါး။
(၈) မိုးကြိုးလက်နက် သိကြားစက်။
(၉) လောင်မီးကျလျက် နတ်တို့စက်။
(၁၀) ဘွဲ့ဖြူလက်နက် ဘီလူးစက်၊ ဘွဲ့ဖြူခေါ် မီးတောက်လောင်စေတတ်သည့် လက်နက်တစ်မျိုး။ ၎င်းင်းသည် အ၀တ်ပုဆိုး ကြိုးဝန်းသဖွယ်ဖြစ်၍ လူကိုပစ်လိုက်က ထိလျှင် မီးတောက်သည်ဟူ၏။
(၁၁) တောင်ဟုန်ပြင်းလျက် ဂဠုန်စက်။
(၁၂) အာခံတွင်းက ၀င်းဝင်းတောက်လျက် နဂါးစက်။
(၁၃) သုံးထောင်သင်္ချာ ဟေမ၀န္တာ အာဏာစိုးလျက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက၊ ဘေးများမြင်မှု၊ မကောင်းစုကို၊ ဝေးကကြဉ်ရှောင်၊
အောင်စေတတ်သည့်၊ မြတ်သည့်ပညာ၊ ဆရာတည်း။
သြောင်း နမော ဗုဒ္ဓါနုဘာဝေန၊
သြောင်း နမော ဓမ္မာနုဘာဝေန၊
သြောင်း နမော သံဃာနုဘာဝေန၊
သြောင်း ဒူရေ ဒူရေ သွားဟုံဟုံ။

စင်္ကြံ၏အပြစ် ၅-ပါး။ ။ ၎င်းင်းအကျယ် ဗုဒ္ဓသာသန မဟာဗုဒ္ဓ၀င်။ ပ-တွဲ။ ပ-ပိုင်း။ ၄၈-နှင့်။ ၎င်းင်းအုပ် (ခါ) စာမျက်နှာ၌ရှုပါ။
၁ မြေကြမ်းတမ်း၍ ကျင်း-ကုန်း ဖုထစ် မညီမညွတ်ရှိခြင်း၊
၂ စင်္ကြံအတွင်း၌ သစ်ငုတ်တိုသစ်ပင်ရှိခြင်း၊
၃ မြက်နွယ်ချုံပုတ်တို့ ရှုတ်ထွေးလွှမ်းအုပ်နေခြင်း၊
၎ အလွန်ကျဉ်းမြောင်းခြင်း၊
၅ အလွန်ကျယ်ပြန့်လွန်းခြင်း။

စင်္ကြံသွားရကျိုး ၅-ပါး။ ။ ပဉ္စင်္ဂုတ္တရ။ ပါ။ ၂၄။ ဋ္ဌ။ ၁၂။
"ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊ ရ၏ စင်္ကြံအကျိုးတည်း။"

စက္ခုအပြား၊ မျိုး ၃-ပါး။ ။ ၎င်းင်းသရုပ်ကို (မျက်စိမျိုး ၃-ပါး)၌ ရှုလေ။

စက္ခု ၅-ပါး။ ။ ဓမ္မသင်္ဂဏီ။ ပါ။ ၁၅၇။ ဋ္ဌ။ ၃၄၄။ ဘုရားပိုင်စက္ခုတော်ငါးပါးဖြစ်သည်။ ။
၁ ဗုဒ္ဓစက္ခု- ဣနြ္ဒိယ ပရော ပရိယတ္တိဥာဏ်နှင့် အာသယာ နုသယ ဥာဏ်တော် ၂-ပါး၊
၂ ဓမ္မစက္ခု- မဂ်ဥာဏ်တော်၊
၃ သမန္တစက္ခု-သဗ္ဗညုတ ဥာဏ်တော်၊
၎ ပညာစက္ခု၊ သို့မဟုတ် ဥာဏစက္ခု- အာသ၀က္ခယ ဥာဏ်တော်၊
၅ ဒိဗ္ဗစက္ခု- နတ်မျက်စိဖြင့်တူသော ဒိဗ္ဗစက္ခုအဘိညာဏ်တော်။
မှတ်ချက်။ ။ အချို့ဆရာတို့ကား ပသာဒစက္ခုခေါ် မံသစက္ခုထည့်၍ ယူကြသေး၏။

စက်တော်ရာ ၃-ဆူ။ ။ မြတ်စွာဘုရားသခင်၏ ခြေတော်ရာစေတီ ၃-ဆူဟူ၏။
၁ လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်း၊ သို့မဟုတ် ဆိရိလင်္ကာပြည် သမန္တကုဋခေါ် သုမနတော်ထိပ်၌ မဏိအက္ခိက
နဂါးမင်းတောင်းပန်၍တစ်ဆူ၊
၂ ဇမ္ဗူဒိပ်သပြေထွန်းသည့် တောင်ကျွန်းရှိ မြန်မာနိုင်ငံ ယောနရဋ္ဌခေါ် ယောနယ်ရပ် နမ္မဒါမြစ်ကမရး၌ နမ္မဒါနဂါးမင်းတောင်းပန်၍ တစ်ဆူ၊
၃ ၎င်းင်း နမ္မဒါမြစ်ကမ်းခြေ သစ္စဗန္ဓာတောင်ထိပ်၌ သစ္စဗန္ဓရသေ့ တောင်းပန် သောကြောင့်တစ်ဆူ၊ ပေါင်း ၃-ဆူချတော်မူ၏။
ထို့ကြောင့် သာရတ္ထသင်္ဂဟ၌ "တီဏိခေါပန ဘဂ၀တော ပါဒစေတိယာနိ လင်္ကာဒီပေ ဧကံ၊ ဇမ္ဗူဒီပေ ယောနရဋ္ဌေ ဒွေတိ" စသည်ဖြင့်ဆို၏။ အချို့ဆရာတို့ကား"ဇမ္ဗူမှာ ဒွေး- ယာမှာဧ"ဟု
စပ်ဆိုကာ-ယာမာနတ်ပြည်၌တစ်ဆူရှိကြောင်း ပြောကြသေး၏။ထိုစကားမှာကျမ်းဂန်၌ မရှိချေ။

စက်လက္ခာတော် ၁၀၈-ပါး။ ။ မြတ်စွာဘုရား၏ခြေဖ၀ါးတော်၌ အကန့်အကွက်အားဖြင့်ထင်သော စက်လက္ခဏာပေါင်း ၁၀၈-ပါး ဟူလို။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၌အကျယ်ရှု၊
သတ္တိ- လှံမပုံ။
သိရိဝစ္ဆ- ကျက်သရေတိုက်ပုံ "အိမ်မွန်ဟူ၍လည်းခေါ်၏။"
နန္ဒိယာဝဋ္ဋ- ဇလပ်ပွင့်ပုံ၊
သောဝတ္တိက- လည်ရေးသုံးဆင့်၊
ဝဋံသက- ဦးဆောက်ပန်း၊
ဝဍ္ဎုမာန- ထမင်းပွဲ၊
ဘဒ္ဒပီဌ- ရွှေအင်းပျဉ် ရွှေသလွန်၊
အင်္ကုသ- ရွှေချွန်းတောင်း၊
ပါသာဒ- ရွှေပြာသာဒ်၊
(၁၀) တောရဏ- ရွှေတုရိုဏ်တိုင်ပုံ၊
သေတစ္ဆတ္တ- ထီးဖြူတော်ပုံ၊
ခဂ္ဂ- သန်လျက်ပုံ၊
တာလ၀ဏ္ဍ- ထန်းရွက်ယပ်ဝန်း၊
မယူရဟတ္ထ- ဥဒေါင်း မြီးစီးယပ်၊
စာမရီဟတ္ထ- စာမရီ သားမြီးယပ်၊
ဥဏှိသ- ရွှေသင်းကျစ်၊
ပတ္တ- မြသပိတ်၊
မဏိ- ပတ္တမြားရတနာ၊
သုမန ဒါမ- မုလေးပန်းကုံး၊
(၂၀) နီလုပ္ပလ- ကြာညိုပန်း၊
သေတုပ္ပလ- ကြာဖြူပန်း၊
ရတ္တုပ္ပလ- ကြာနီပန်း၊
ပဒုမ ပဒုမ္မာကြာနီပန်း၊
ပုဏ္ဍရိက ကြာပုဏ္ဍရိတ် "လပကြာပုံ"။
ပုဏ္ဏ ဃဋ- ရေပြည့်အိုး၊
ပုဏ္ဏ ပါတိ- ရေပြည့်ဖလား၊
သမုဒ္ဒ- သမုဒ္ဒရာလေးစင်း၊
စက္က၀ါဠ- စကြာစဠာတောင်၊
မေရု- မြင့်မိုရ်တောင်၊
(၃၀) သူရိယ မဏ္ဍလ- နေစက်ဝန်း၊
စန္ဒမဏ္ဍလ- လစက်ဝန်း၊
နက္ခတ္တ- နက္ခတ်၊
ပုဗ္ဗ၀ိဒေဟ- အရှေ့ကျွန်း၊
အပရ ဂေါယာန- အနောက်ကျွန်း၊
ဇမ္ဗူဒီပ- တောင်ကျွန်း၊
ဥတ္တရကုရု- မြောက်ကျွန်း၊
စက္က၀တ္တီ -စကြာရတနာ ၇-ပါးနှင့်တကွသော စကြာဝတေးမင်းရုပ်ပုံ၊
ဒက္ခိဏာဝဋ္ဋ သင်္ခ- လက်ျာရစ် ခရုသင်း၊
သုဝဏ္ဏမစ္ဆ ယုဂ -ရွှေငါးကြင်းရုပ် အစုံ၊
(၄၀) စက္ကာဝုဓ- စက်လက်နက်၊
သုပဏ္ဏရာဇာ -ဂဠုန်ငှက်မင်း၊
သံသုမာရ - မိကျောင်းမင်း၊
ဓဇပဋာက- တံခွန် ကုက္ကား မလေးပွား၊
သုဝဏ္ဏ သီဝိကာ- ရွှေသံလျင်း၊
သုဝဏ္ဏ၀ါဠ ဗီဇနီ -ရွှေဖြင့်ပြီးသော သားမြီးယပ်၊
ကေလာသပဗ္ဗတ -ကေလာသ ငွေတောင်ကြီး၊
သီဟရာဇာ- ကေသရီခြင်္သေ့မင်း၊
ဗျဂ္ဃရာဇာ- ကျားမင်း၊
ဝလာဟက အဿရာဇာ- ၀လာဟကမြင်းပျံ၊
(၅၀) ဥပေါသထဆဒ္ဒန္တ နာဂရာဇာ- ဥပေါသထဆင်မင်း , ဆဒ္ဒန်ဆင်မင်းပုံ၊
ဗာသုကီနာဂရာဇာ - ဗာသုကီနဂါးမင်း၊
ဟံသရာဇာ- ရွှေဟင်္သာမင်း၊
ဥသဘရာဇာ -နွားလားဥသဘ၊
ဧရာဝဏ- ဦးခေါင်း ၃၃-လုံးရှိသော ဧရာဝဏ်ဆင်မင်း၊
သုဝဏ္ဏမကာရ -ရွှေမကာရ်းရုပ်၊
စတုမုခ- လေးကျွန်းသားတို့၏ မျက်နှာ ၄-မျိုး။
မှတ်ချက်။ ။ စတုရာနနဗြဟ္မာဟူ၍ အဘိဓါန်တို့၌ ဗြဟ္မာ၏ပရိယာယ်ကိုပြရာတွင် ဗြဟ္မာသည် မျက်နှာလေးခုရှိ၏ဟုဆိုသဖြင့် (၁၀၈)ကွက် စက်လက္ခဏာတွင်ပါရှိသော မျက်နှာလေးပါးသည် ဗြဟ္မာမင်း၏ဦးခေါင်းဟူ၍ ဆရာတို့ဆိုကြကုန်၏။
သုဝဏ္ဏ နာဝါ- ရွှေလှေယာဉ်၊
သ၀စ္ဆရဓေနု- သားငယ်နှင့်တကွသော နွားမ၊
ကိံပုရိသ- ကိန္နရာဖိုရုပ်၊
(၆၀) ကိံပုရိသီ- ကိန္နရာမရုပ်၊
ကရ၀ိက- ကရ၀ိတ်ငှက်မင်း၊
မယူရ ရာဇာ- ရွှေဥဒေါင်းမင်း၊
ကောဉ္စ ရာဇာ- ကြိုးကြာငှက်မင်း၊
စက္က၀က္ကရာဇာ- စက္က၀က်ငှက်မင်း၊
ဇီဝ ဇီဝကရာဇာ- ဇီဝဇိုးငှက်မင်း၊
စတုမဟာရာဇိကာ-၎င်းနတ်ပြည်၊
တာဝတိံသာ -၎င်းနတ်ပြည်၊
ယာမာ -၎င်းနတ်ပြည်၊
တုသိတာ- ၎င်းနတ်ပြည်၊
(၇၀) နိမ္မာနရတိ- ၎င်းနတ်ပြည်၊
ပရနိမ္မိတ၀သ၀တ္တီ -၎င်းနတ်ပြည်၊
ဗြဟ္မပါရိသဇ္ဇာ- ၎င်းဗြဟ္မာပြည်၊
ဗြဟ္မပုရောဟိတ- ၎င်း၊
မဟာဗြဟ္မာ- ၎င်း၊
ပရိတ္တာဘာ- ၎င်း၊
အပ္ပမာဏာဘာ- ၎င်း၊
အာဘဿရာ- ၎င်း၊
ပရိတ္တာသုဘာ- ၎င်း၊
အပ္ပမာဏသုဘာ- ၎င်း၊
(၈၀) သုဘဘိဏှာ- ၎င်း၊
ဝေဟပ္ဖလာ- ၎င်း၊
အသညသတ္တာ- ၎င်း၊
အ၀ိဟာ- ၎င်း၊
အတပ္ပာ-၎င်း၊
သုဒဿာ- ၎င်း၊
သုဒဿီ- ၎င်း၊
အကနိဋ္ဌာ- ၎င်းဗြဟ္မာပြည်၊
ယုဂန္ဓရ -ယုဂန္ဓိုရ်တောင်၊
ဤသံဓရ -၎င်းတောင်၊
(၉၀) ကရ၀ိက- ၎င်းတောင်၊
သုဒဿန -၎င်းတောင်၊
နေမိန္ဓရ- ၎င်းတောင်၊
ဝိနတက- ၎င်းတောင်၊
အဿ ကဏ္ဏ-အဿကဏ်တောင်၊
အနောတတ္ထ- အနောတတ်အိုင်၊
ကဏ္ဏမုဏ္ဍ- ၎င်းအိုင်၊
ရထကာရ- ၎င်းအိုင်၊
ဆဒ္ဒန္တ -ဆဒ္ဒန်အိုင်၊
ကုဏာလ- ၎င်းအိုင်၊
(၁၀၀) မန္ဒာကိနီ- ၎င်းအိုင်၊
သီဟပ္ပတ- ၎င်းအိုင်၊
လ၀ဏသီတာ -ဆားငန်ရေသီတာ၊
ဥစ္ဆုသီတာ- ကြံရည်သီတာ၊
သုရာသီတာ- သေရည်သီတာ၊
သာဓိ သီတာ -အမှုခပ်သိမ်းကို ပြီးစေတတ်သော သီတာ၊
ဒဓိ သီတာ- နို့ဓမ်းမလိုင်သီတာ၊
ဒုဒ္ဓသီတာ- နို့ရည်သီတာ၊
(၁၀၈) ဇလ သီတာ- ရေချိုသီတာပုံ။

စင်ကြယ်ရေးတရား ၃-ပါး။ ။ ၎င်းင်းသရုပ်ကို (သောစေယျတရား ၃-ပါး)ဟူသော သုတေသန၌ဆိုအံ့။

စစ်အင်္ဂါ ၄-ပါး။ ။ ဤ၌ ကြည်းတပ်မတော်အတွက်သာ မှတ်လေ၊ ၀ိနည်းပါဠိတော်လာ ရှေးခေတ်တပ်စု။
(၁) ဟတ္ထိ- ဆင်တပ်၊
(၂) အဿ- မြင်းတပ်၊
(၃) ရထ- ရထားတပ်၊
(၄) ပတ္တိက- ခြေသည်တပ်။

စစ်အင်္ဂါ ၆-ပါး၊ တနည်း။ ။ စစ်တပ်၏ အစိတ်အပိုင်းအင်္ဂါရပ်များကား။ ယခုခေတ် ၆-ပါးဖြင့် ရေတွက်ကြကုန်၏။ (၁) ဆင်စီးတပ်၊
(၂) မြင်းစီးတပ်၊
(၃) ရထားစီးတပ်၊
(၄) ခြေသည်တပ်၊
(၅) ရေယာဉ်တပ်၊
(၆) လေယာဉ်တပ်။

စစ်အင်္ဂါ ၈-ပါး၊ တနည်း။ ။ ယောဓဗျူဟာကျမ်းလာဖြစ်၏။ ၎င်းင်းရှစ်ပါးနှင့်ပြည့်စုံမှ တိုင်းပြည်ကျယ်ပြန့်နိုင်သည်၊ ၁ ယောဓ မဏိ- စစ်၏ဥက္ခောင်း မကိုဋ်ခေါ် "ဗိုလ်ချုပ်"စစ်သူကြီးချုပ်၊
၂ ယောဓက္ခိ- စစ်မျက်စိခေါ် ဟူးရား ဗေဒင်တတ်သူ၊
၃ ယောဓကဏ္ဏ- စစ်နားခေါ် သူလျှိုစုံထောက် ကင်းတို ကင်းရှည်၊
၎ ယောဓဗလ- စစ်အားခေါ် ဗိုလ်ကြီး ဗိုလ်မှူး တပ်မင်းစသည်၊
၅ ယောဓာနန- စစ်ခံတွင်းခေါ် လိမ္မာသော တမန် ဆက်သား၊
၆ ယောဓ စရဏ- စစ်ခြေခေါ် တပ်သားစုများ၊
၇ ယောဓဒါဌ- စစ်အစွယ်ခေါ် သူရဲကောင်းကြီးများ၊
၈ ယောဓါယု- စစ်၏အသက်ခေါ် စားနပ်ရိက္ခာ ခဲယမ်း လက်နက် ယာဉ် ရထား ဆေးဝါးနှင့် ဆရာများ။

စစ်အောင်နိုင်ရာ ၁၂-ဖြာ၊ ကြောင်းမှာအဘယ်နည်း။ ။ ရာဇသေ၀က ဒီပနီကျမ်းလာ။
၁ စစ်တက်ဖြန့်ချီ စီစဉ်မှု၌ လိမ္မာခြင်းကြောင့်အောင်နိုင်ခြင်း၊
၂ မင်းနှင့်အမတ် စည်းလုံးညီညွတ်ခြင်းကြောင့်လည်းကောင်း၊
၃ စစ်ကူ ရိက္ခာမပြတ်သောကြောင့်လည်းကောင်း၊
၎ သေနာပတိချုပ် ခန့်ထားစီရင်တိုင်း ရဲမက်ဗိုလ်ပါတို့ မဆိုင်းလိုက်နာ သောကြောင့်လည်းကောင်း၊
၅ သူရဲကောင်းများသဖြင့်လည်းကောင်း၊
၆ ယတြာမန္တန်ပြုစီရင်သဖြင့်လည်းကောင်း၊
၇ ဇာတာစန်းလဂ် တက်သဖြင့်လည်းကောင်း၊
၈ စားနပ်ရိက္ခာ ပြည့်စုံပိုလျှံမှုကြောင့်လည်းကောင်း၊
၉ တိုင်းနိုင်ငံတော်အတွင်း အနာရောဂါကင်းသဖြင့်လည်းကောင်း၊
၁၀ သူလျှိုစေ၍ သူ့ပြည်တွင်းရေးရှုပ်ထွေးကွဲပြားစေသဖြင့်လည်းကောင်း၊
၁၁ ဗလိနတ်စာ ပူဇော်ပသသောကြောင့်လည်းကောင်း၊
၁၂ ဆင်မြင်း ရထားယာဉ်တပ် လက်နက်ကောင်းများရှိသဖြင့် အောင်နိုင်ခြင်း။

စစ်ကပ်ခြင်းမျိုး ၂-ပါး။ ။
၁ စန္ဒကဗျူဟာ- လမင်းကို ကြယ်နက္ခတ်ခြံရံသကဲ့သို့၊ မင်း စစ်သူကြီးကို အလယ်ကထား၍ ကပ်ခြင်း၊
၂ ပဘင်္ကရဗျူဟာ- နေမင်းကဲ့သို့ ကြယ်နက္ခတ်မရံဘဲမင်း စစ်သူကြီးတို့ ရှေ့တည်၍ကပ်ခြင်း။

စစ်ခံခြင်းနည်း ၆-မျိုး။ ။ သူထိုးလာသောစစ်ကိုကြည့်၍ သင့်သလိုခံတိုက်ရမည်ဟု လောကဗျူဟာကျမ်း၌ပြ၏။
၁ နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊
၂ ၀ိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ၀ဲယာထောင်၍ခံခြင်း၊
၃ သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ၀ဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊
၎ မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တ၀န်းတစုတည်းခံခြင်း၊
၅ စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊
၆ ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။

စစ်ချီစစ်ရေး ပြနည်းမျိုး ၄-ပါး။ ။
၁ သမကဒဏ္ဍဗျူဟာ- ရှားလှင်ကန်ကဲ့သို့ အစီအရီ စစ်ဖျား စစ်ရင်းတညီတည်း တန်းခွဲတန်းပြောင်းပြု၍ချီခြင်း၊
၂ ပါသာဒိကဗျူဟာ- ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊
၃ စင်္ကောဋက ဗျူဟာ- ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊
၎ ဒိင်္ဂဗျူဟာ- မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။

စစ်ဆင်စစ်တိုက်နည်း ၃-ပါး။ ။ ဇာတက အဋ္ဌကထာ ဒု-အုပ်။ ၃၆၃။ စစ်တက်စစ်ချီ စစ်ရေးခင်းနည်း ၃-ပါး။
၁ ပဒုမဗျူဟာ- ပဒုမ္မာကြာပွင့်ချပ်ကဲ့သို့ အထပ်ထပ်လှည့်၍စစ်ဆင်ခြင်း၊
၂ စက္က ဗျူဟာ- စက်ဝန်း စက်ဝိုင်းလချမ်း ပ, စောက် သဏ္ဌာန်ကဲ့သို့စစ်ဆင်ခြင်း၊
၃ သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ အလယ်ရှူး၍ ၀ဲ, ယာတောင်ပံဖြန့်ကာ စစ်ဆင်ခြင်း။

စစ်ဆင်စစ်ထိုးနည်း ၆-မျိုး၊ တနည်း။ ။ လောကဗျူဟာကျမ်းမှာ အကျယ်ရှု။
၁ ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊
၂ ၀ါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲစစ်ထိုးနည်း၊
၃ ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊
၎ ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊
၅ မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊
၆ ဘုဇဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။

စစ်ဆင် စစ်ထိုး၊ ၂၉- အမျိုးခြား၍သိ။ ။ အဓိပ္ပါယ်နှင့်အကျယ်ကို လောကဗျူဟာကျမ်းနှင့် ဗျူဟာ စက္ကီပျို့၌ရှုပါကုန်။
မဏ္ဍုဗျူဟာ၊
သပ္ပဗျူဟာ၊
ဥပါယဗျူဟာ၊
ဣတ္ထိယဗျူဟာ၊
သုဝဗျူဟာ၊
မေဃဗျူဟာ၊
ပတ္တဗျူဟာ၊
ဝိဒ္ဓ ဗျူဟာ၊
ဒါရက ဗျူဟာ၊
ပဒုမ ဗျူဟာ၊ (၁၀)
မဓု ဗျူဟာ၊
ဘေရီ ဗျူဟာ၊
ကီဋက ဗျူဟာ၊
ရုက္ခ ဗျူဟာ၊
ဥဂ္ဂတ ဗျူဟာ၊
အဂ္ဂိ ဗျူဟာ၊
ကာက ဗျူဟာ၊
ဗျဂ္ဃ ဗျူဟာ၊
မက္ကဋ ဗျူဟာ၊
စိရ ဗျူဟာ၊ (၂၀)။
ဟာသ ဗျူဟာ၊
သသ ဗျူဟာ၊
ဥဒက ဗျူဟာ၊
စန္ဒ ဗျူဟာ၊
သူရိယ ဗျူဟာ၊
ဓည ဗျူဟာ၊
ယက္ခ ဗျူဟာ၊
နိဂြောဓ ဗျူဟာ၊
သဒ္ဓိ ဗျူဟာ၊ (၂၉)။

စစ်ဆုတ် စစ်ပြန်နည်း ၆-ပါး။ ။
(၁) အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ၀ါးမျိုဖျက်ဆီး၍ဆုတ်ပြန်ခြင်း၊
(၂) အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
(၃) သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
(၄) သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
(၅) မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
(၆) စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။

စစ်တပ်ကြီးမျိုး ၄-ပါး။ ။ ယခုခေတ် စစ်တပ်မျိုးများဖြစ်သည်။
(၁) ကုန်းတပ်- စစ်အင်္ဂါလေးပါးလုံးစုံသောတပ်မတော်ကြီးမျိုး၊
(၂) ရေတပ်- လှေ သင်္ဘော ၎င်းင်းနှင့်ဆိုင်ရာ လက်နက်စုံပါသော တပ်မတော်ကြီးမျိုး။
(၃) လေတပ်- ကောင်းကင်ပျံ ယာဉ်မျိုးဖြင့် လက်နက်စုံပါသော တပ်မတော်ကြီးမျိုး၊
(၄) ယန္တရားတပ် လူမပါဘဲ စက်ယန္တယားဖြင့်လွှတ်၍ တိုက်သောတပ်မျိုး။

စစ်တပ်စိုးမိုး၊ နည်း ၆-မျိုး၊ ဆင်ရိုးပရိယာယ်။ ။ လောကဗျူဟာကျမ်းမှ စစ်သူကြီးတို့အား ညွှန်ကြားချက် ၆-ပါး။
(၁) စစ်အိပ်- အရပ်အနေ သင့်တင့်စွာ စီမံခန့်ရပ်၍ တပ်မရှိထင်မှားကာ သူ့တပ်လာအောင် ဆိတ်ညံညံပြုထားခြင်း။
(၂) စစ်နှိုး- အရပ်အနေမသင့် စစ်သည်တို့ ညှိုးနွမ်းရှိလျှင် လှန့်ခြောက်တီးမှုတ် ကြွေးကြော် မြူးတူးစေကာစစ်နှိုးရခြင်း။
(၃) စစ်ပျို- စခန်းရှည်ကြာ၍ လက်နက်ရိက္ခာပြတ်သဖြင့် စစ်အိုလျှင် စစ်ရိက္ခာ အသစ်တဖန်ဖြည့်ကာအမြဲ နုပျိုစေရမည်။
(၄) စစ်ရဲ- အရပ်အနေမသင့် စစ်သည်တို့ထိတ်လန့်ရှိလျှင် စိုးရိမ်ကင်းရန်အားပေး၍ စစ်ကိုရဲစေခြင်း။
(၅) စစ်ဆိတ်- တိုက်ခိုက်လုပ်ကြံမည်ရှိလျှင် သူခပ်သိမ်းတို့မသိစေဘဲ ပညာရှိစစ်သူကြီးတို့နှင့်သာ တိုင်ပင်၍ရုတ်တရက် စေလွှတ်တိုက်ခိုက်လုပ်ကြံခြင်း။
(၆) စစ်ရွှင်- ဥစ္စာဆင်မြင်း လူသူလက်ဝယ်ရလျှင် မင်းထိုက်စိုးတန်သာချန်၍ ရသူယူစေခြင်း၊ အောင်ပွဲရတပ်များအား အောင်ပွဲခံဆုတံဆိပ်ပေးကာ ရွှင်ပျော်စေခြင်း။

စစ်တပ်ဖွဲ့နည်း ၉-မျိုး။ ။ ၎င်းင်းဖွဲ့နည်း သရုပ်အမည်များကို (တပ်မတော် ၉-မျိုး)မှာ ကြည့်ပါ။

စစ်ပညာရပ်၊ သင်ယူအပ်၊ အတတ် ၇-ဖြာ။ ။ စစ်ဖက်ဆိုင်ရာအရာရှိကြီးများကို နိုင်ငံကြီးတိုင်း၌ သင်ကြားလေ့လာနေစေသော သေနင်္ဂပညာ ၇-ရပ်ကိုဆိုသည်။
(၁) စစ်ချီ -ရန်သူများအားတိုက်ခိုက်ချေမှုန်းရန် ချီတက်ပုံနည်းမျိုး၊
(၂) တိုက်စစ် -တိုက်ပုံတိုက်နည်းမျိုး၊
(၃) လိုက်စစ်- ဆုတ်ပြေးပြေးသောရန်သူနောက်သို့ လိုက်ပုံနည်းမျိုး၊
(၄) ခံစစ် -ရန်သူလာတိုက်သည်ကို ခုခံတိုက်ခိုက်နည်းမျိုး၊
(၅) ဆုတ်စစ် -စစ်အရေးမလှ၍ ပြန်ဆုတ်ပုံနည်းမျိုး၊
(၆) စစ်ရေး- စစ်ရေးအုပ်ချုပ်ပုံနည်းမျိုးနှင့် အုပ်ချုပ်ပုံပါအစုံ၊
(၇) စစ်အေး- လက်နက်မသုံးဘဲ အခြားနည်းပရိယာယ်များဖြင့် ကိုယ့်ထံညွတ်ရန် ကျင့်သုံးခြင်းမျိုး။

စစ်မက်ဖြစ်ကြောင်း ၁၃-ပါး။ ။ စစ်ဖြစ်ခြင်း၏ အနီးစပ်ဆုံးအကြောင်းများ ၁၃-ပါး။ လောကဗျူဟာကျမ်းမှ။
(၁) နယ်ခြားသတ်မှတ်မှုကြောင့်၊
(၂) မြေအောက် မြေပေါ်ပစ္စည်းလိုချင်မှုကြောင့်၊
(၃) ဆင်ကောင်းမြင်းကောင်းလိုချင်မှုကြောင့်၊
(၄) စက်သုံး လက်နက်လိုချင်မှုကြောင့်၊
(၅) သမီးကညာလိုချင်မှုကြောင့်၊
(၆) ကုန်းတိုက်ဥပါယ်ပြုမှုကြောင့်၊
(၇) သစ္စာ ဖေါက်ပြန်မှုကြောင့်၊
(၈) စေပါးသော ရာဇသံစကားကို အနိမ့်အကျ မသိမှုကြောင့်၊
(၉) လူမျိုးရေး ဘာသာရေးကို ဖျက်ဆီးမှုကြောင့်၊
(၁၀) မင်း အစိုးရတို့ တိုင်းပြည်မစောင့်ရှောက်မှုကြောင့်၊
(၁၁) ဗိုလ်ပါရဲမက် သူရဲခက်တို့မရှိ နည်းပါးမှုကြောင့်၊
(၁၂) ကုန်သည်တို့ လောဘကြီးမှုကြောင့်၊
(၁၃) ရန်ငြိုးဖွဲ့မှုကြောင့်။

စစ်ရှုံးရာသော အကြောင်း ၁၂-ပါး။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ် သဘောရပ်အားလုံးကို (စစ်အောင်နိုင်ခြင်းအကြောင်း၁၂-ပါး)မှ ပြောင်းပြန်ယူခြင်းဖြင့် သိနိုင်ရာ၏။ မဟာရာဇ၀င်ကြီး ပထမတွဲ၌ကား ဆယ်ပါးဟု သရုပ်နှင့်ပြထား၏။

စစ်သံ ၁၀-မျိုး၊ ခြိမ့်ခြိမ့်တိုး၊ မြေမိုး ပြိုလှုသဲ။ ။ စစ်၏အသံမျိုး ၁၀-ပါးဟူ၏။
၁ ဆင်သံ၊
၂ မြင်းသံ၊
၃ ရထားသံ၊
၎ ဗိုလ်ခြေ စစ်သည်သံ၊
၅ အမြောက် စိန်ပြောင်း ဗုံးသေနတ်သံ၊
၆ တိုက်မောင်းကြီးငယ်သံ၊
၇ တိုက်စည်သံ၊
၈ တံပိုး ခရာသံ၊
၉ မုဒိန်းမရိုးစည်သံ၊
၁၀ စည်ကြီးသံ, ဗင်သံ။

စစ်သားတို့သစ္စာတရား ၄-ပါး။ ။ လောကဗျူဟာကျမ်းမှ။
၁ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးအတွက် ပါဏာတိပါတ ကံကို ခံယူရခြင်း၊
၂ သူ့ဇနီးမယား သမီးပျိုများနှင့် သူတစ်ပါးဥစ္စာကို မလွန်ကျူး မလုယူရခြင်း၊
၃ ရန်သူမဟုတ်သူကို မသတ်ရခြင်း၊
၎ ရန်သူနှင့်ကြုံက အသက်ကိုစွန့်၍ တိုက်ရခြင်း။

စစ်သူကြီးအင်္ဂါ ၉-ပါး။ ။ စစ်သူကြီး ဗိုလ်ချုပ် ဗိုလ်မှူး တပ်မှူး တပ်ကြပ်တို့၌ ထားရှိရမည့်အင်္ဂါ ၉-ပါး ။ ရာဇနီတိ။
(၁) ရန်သူစစ်တပ်ကို နှိမ်နင်းဖျက်ဆီးနိုင်သော ပညာအရည်အချင်းရှိထားရခြင်း။
(၂) စစ်အောင်နိုင်ရေးအတွက် မြေကွက်၊ ကုန်း ကျင်းစသည့် နေရာကောင်းကို ရွေးတတ်ရခြင်း။
(၃) အရေးမသာ တပ်ပျက်မှုရှိသောအခါ စစ်သည်ရဲမက်အားလုံးကို သိမ်းကျုံးကွပ်ကဲ၍ တစ်ဦးတစ်ယောက်ကိုမျှမစွန့်ဘဲ တပ်ဆုတ်လာရခြင်း။
(၄) လက်အောက်ရဲဘော် စစ်သည်တော်များနှင့် ဆင်းရဲချမ်းသာ မျှတစွာကျင့်သုံးရခြင်း။
(၅) စွမ်းပကားနှင့် ခွန်အားဗလ ကြီးများရခြင်း၊ "သူရသတ္တိနှင့် ကာယဗလ"။
(၆) တည်ကြည်ဖြောင့်မတ်သော ကိုယ်ကျင့်တရား ရှိရခြင်း။
(၇) သေနင်္ဂဗျူဟာကျမ်းကို တတ်သိကျေပြွန်ရခြင်း။
(၈) စစ်သည်ငယ်သားတို့ ချမ်းသာရအောင် စီစဉ်တတ်ရခြင်း။
(၉) လုံ့လသတိ အမြဲရှိရခြင်း၊ "၀ီရိယနှင့် အပမာဒ"။

စစ်သူကြီးတို့ အင်္ဂါ ၉-ပါး။ တစ်နည်း။ ။ ဤကား အာစရိယ၀ါဒခေါ် ငါတို့ကျောင်းသားဘ၀ကသင်ကြားခဲ့ရသောနည်းတည်း။ စစ်မြေရပ်၌၊ စိုးကွပ်ခြင်းရာ၊ အင်ကိုးဖြာကား၊ အလိမ်မာကို၊ သူထက်ပို၍၊
၁ ကင်းတို ကင်းရှည်၊
၂ အတည် အရပ်၊
၃ အကပ် အခွာ၊
၎ ဗျူဟာ စက္က၊ သေနင်္ဂနှင့် ပဒုမဗျူဟာ၊
၅ တပ်တာ မြေကတုတ်၊တည်လုပ်ပြင်ငြား၊ စိုက်ထားစူးငြောင့်၊
၆ အစောင့်အနေ၊
၇ အစေအတန်၊
၈ အကြံအတွေး၊ အရေးအရာ၊ အဖြာဖြာကို၊ ပညာသတိ၊
၉ ရဲသည့်စိတ်စွဲ၊ နှလုံးမြဲလျက်၊ ကွပ်ကဲစီရင်၊ စစ်ဘုရင်ဟူ၊ စစ်သူကြီးရာ၊ ခံထိုက်စွာ၏။

စဉ်းလဲရခြင်းမျိုး ၃-ပါး။ ။ လိမ်လည်လှည့်ပတ် ဖြားယောင်းရခြင်းအကြောင်း ၃-ပါး။ ဘုရင်နှင့် စစ်သူကြီး သံတမန်တို့ကျင့်ရန်။
၁ ဇီဝိတမာယာ- အသက်၏ ပျက်စီးဘွယ်ရာ၌ စဉ်းလဲရခြင်း၊
၂ ယောဂမာယာ- သူ၏စစ်ကို အောင်ဘွယ်ရာ၌ စဉ်းလဲရခြင်း၊
၃ မဟာဝိနာသ မာယာ- သတ္တ၀ါများ ပျက်စီးဘွယ်ရာ အမှုကြီးတို့၌ စဉ်းလဲရခြင်း။

စည်မျိုး ၁၂-ပါး တနည်း ၁၃-ပါး။ ။ မဟာရာဇ၀င်ကြီးမှ ထုတ်၍ ဖြေထားသည်။
၁ မြှောက်စည်၊
၂ သံလွင်၊
၃ စည်ပြော၊
၎ စည်ကြီး၊
၅ ဒုံမင်း၊
၆ စည်ဝန်း၊
၇ စည်သေး၊
၈ စည်ပုတ်၊
၉ စည်ပန်းတောင်း၊
၁၀ ပတ်သာ ပုံသာ၊
၁၁ တစ်ဖက်ပိတ်စည်၊
၁၂ စည်အိုင်။
မှတ်ချက်။ ။ အချို့ကား "စည်ဒိုး"ကိုထည့်၍ စည်မျိုး ၁၃-ပါးယူကြ၏။ စည်သေးနှင့်အတူမှတ်က ၁၂-ပါး ပင်ရ၏။
မဃဒေ၀လင်္ကာသစ်၌ "နန်းပွဲအလိုက်၊ နန်းထိုက်တမည်၊ ကြူးရိုက်မည်သား၊ မြှောက်စည်သံလွင်၊ ထိုပြင်ရိရော၊ စည်ပြောတသီး၊ စည်ကြီးတစ်သင်း၊ ဒုံမင်းသံမွှန်း၊ စည်ဝန်း စည်သေး၊ တရေးစည်ပုတ်၊ ပြုတ်ပြုတ်ဆော်ညောင်း၊ စည်ပန်းတောင်း ပတ်သာ၊ သညာထူးလည်၊ တစ်ဖက်စည်ကား၊ စည်အိုင်ခေါ်ရိုး၊ စည်မျိုးဆယ့်နှစ်"ဟုလာရှိ၏။

စည်းစိမ်ဥစ္စာ ပျက်စီးခြင်းအကြောင်း ၆-ပါး။ ။ သိင်္ဂါလသတိုးသားအား ဘုရားဟောတော်မူသည်ကို ၎င်းင်းလင်္ကာဖြင့်သိပါ။
(၁) သေစာသောက်စား၊
(၂) လမ်းသွားခါမဲ့၊
(၃) ရှုငဲ့သဘင်၊
(၄) ပျော်ရွှင်အန်လောင်း၊
(၅) မကောင်း မိတ်ဖျင်း၊
(၆) ပျင်းရိခြင်းများ၊ ဤခြောက်ပါးကား၊ ပျက်ပြားဥစ္စာယွင်းကြောင်းတည်း။

စည်းစိမ်ချမ်းသာ၊ မျိုး ၄-ဖြာ၊ ကျမ်းလာမည်သို့နည်း။ ။ ဗုဒ္ဓဘာသာကျမ်းစာတို့၌ ဒါန သီလ ဘာဝနာမှုအတွက်စည်းစိမ် ၄-ပါးကို ညွှန်ကြားကြကုန်၏။
(၁) လူ့စည်းစိမ် လူ့ချမ်းသာ၊
(၂) နတ်စည်းစိမ် နတ်ချမ်းသာ၊
(၃) ဗြဟ္မာ့စည်းစိမ် ဗြဟ္မာ့ချမ်းသာ၊
(၄) နိဗ္ဗာန်စည်းစိမ် နိဗ္ဗာန်ချမ်းသာ။

စည်းဝါးမျိုး ၃-ပါး။ ။ ကြိုး ဘွဲ့ဂီတနှင့် ၀ါဒိတခေါ် သီဆိုတီးမှုတ်မှုအနုပညာ ၀ါ, ဂီ, နစ်၌ စည်းသုံးစည်းဟုလာရှိသည်။
(၁) ကရောင်းစည်း ချွင်-ချွင်-ချွင်-ချွင်....၊
(၂) နရည်းစည်း ချွင်-ချွင်-ချပ်၊ ချွင်-ချွင်-ချပ်၊
(၃) ၀ါးလတ်စည်း ချွင်-ချပ်၊ ချွင်-ချပ်။

စဏ္ဍပဇ္ဇောတမင်း၏ယာဉ်တော် ၅-ပါး။ ။ သူ၏ကောင်းမှု ပတ္ထနာထူးကြောင့် ရသောအစွမ်းကောင်းများ။
(၁) ကာကခေါ် ယောက်ျား၊ ယူဇနာ ၆၀-နေ့ချင်း သွားနိုင်၏။
(၂) နာဠာဂီရိဆင်- ယူဇနာ ၁၂၀-နေ့ချင်းလျင်စွာသွားနိုင်၏။
(၃) ဘဒ္ဒါလီဆင်မ- ယူဇနာ ၅၀-နေ့ချင်းလျင်စွာသွားနိုင်၏။
(၄) မုဉ္စကေသီမြင်းမ- ယူဇနာ ၁၂၀-ခရီးကို နေ့ချင်းလျင်စွာသွားနိုင်၏။
(၅) ဘဇ္ဇကုလီမြင်းမ- ၎င်းင်းအတိုင်း။

စဏ္ဍာလ ၄-စို့။ ။ ကျောက်စာဝန်တော်စိန်ခို၏ မှတ်စုပရဗိုဒ်တစ်ဆူ၌ အောက်ပါအတိုင်းတွေ့ရ၏။
(၁) ပြည့်တန်ဆာများတစို့၊
(၂) သွေးမစွမ်း အနူများတစို့၊
(၃) သူတောင်းစားများတစို့၊
(၄) သူကောင်ထမ်း မြေမြှပ်သုဘရာဇာ တစို့၊
၎င်းင်းတို့ကို အရွတ်ဝန်က အုပ်ချုပ်ရသည်။

စဏ္ဍာလ ၅-မျိုး။ ။ အလုပ်ကြမ်းသမားများ ဟူ၏။ ဧကကနိပါတ် အပဏ္ဏကဇာတ် အဋ္ဌကထာ။
(၁) စဏ္ဍာလ- ဒွန်းစဏ္ဍားမျိုး၊ ပန်းပဲစသည့် အလုပ်ကြမ်းသမားများ၊
(၂) နေသာဒ- တံငါ မုဆိုးမျိုး၊
(၃) ပက္ကုသ- ပန်းမှိုက်သွန် အညစ်အကြေးသုတ်သင်သူမျိုး၊
(၄) ရထကာရ- သစ်ရွှေသမား ရထား လှည်းစသည့်အလုပ်သမားများ၊
(၅) ဝေဏု- ၀ါးခုတ် ၀ါးခွဲ နှီးထိုး ဖျာရက်စသည် ပြုသောသူမျိုး။

စဏ္ဍာလ ၅-မျိုး တစ်နည်း။ ။
(၁) စပ်၊
(၂) အမွှမ်း၊
(၃) သူကောင်ထမ်း၊
(၄) တွင်းတူး၊
(၅) သူသေကိုင်၊
ဤ ၅-မျိုးကိုလည်း စဏ္ဍာလ ၅-မျိုးဟူ၍ "လောကဝေါဟာရ"အားဖြင့် ခေါ်ကြသေး၏။
မှတ်ချက်။ ။ "စဏ္ဍာလငါး၊ အစို့များက၊ ရငြားတမည်၊ အခွန်သည်ကား၊ တပြည်တစံ၊ တစ်နိုင်ငံက၊ သံကိုကျွေးမွေး၊ ပေးကမ်းဘို့ရန်၊ အရွတ်ဝန်သို့၊ မကျန်စေငှာ၊ အပ်ထားရာ၏။"ဟု မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း၌ စပ်ဆိုလျက်ရှိ၏။

စတုဥဏှမျိုး ၄-ပါး။ ။ ဆေးကျမ်းလာ အပူမျိုးအပေါင်းဝေါဟာရ။
(၁) သင်္ဘောချင်း၊
(၂) ငရုတ်ကောင်း၊
(၃) ပိတ်ချင်းသီး၊
(၄) ပိတ်ချင်းမြစ်။

စတုဇာတ မျိုး ၄-ပါး။ ။ ဆေးကျမ်းလာ အမွှေးမျိုးအပေါင်း ဝေါဟာရ။
(၁) ဖာလာ၊
(၂) ကရဝေးရွက်၊
(၃) ကရဝေးခေါက်၊
(၄) ကံ့ကော်ဝတ်ဆံ။

စတုတ္ထအက္ခရာ ၅-လုံး။ ။ ကမ္မ၀ါဖတ်ရာ၌ ပြင်းပြင်းရွတ်ရ၍ ၀ဂ်ငါးပါးတို့တွင်ပါဝင်သော
ဃ, ဈ, ဎ, ဓ, ဘ အက္ခရာငါးလုံးကိုခေါ်သည်။

စတုဒိသာ ၄-မျက်နှာ။ ။
အရှေ့အရပ်၊
အနောက်အရပ်၊
တောင်အရပ်၊
မြောက်အရပ်။

စတုပညာသ ဆေး ၅၄-ကျပ်သား။ ။ အဂ္ဂိရတ်ဝေါဟာရ၊ ဘယဆေး၌လည်းသုံး၏။
(၁) ဆား ၈-ကျပ်၊
(၂) လက်ချား ၁၅-ကျပ်၊
(၃) ဆပ်ပြာ ၁၉-ကျပ်၊
(၄) ယမ်းစိမ်း ၁၂-ကျပ်
ပေါင်း ၅၄-ကျပ်သားကို ချော်ချက်၍သုံးရာ၌ အဂ္ဂိရတ်ဆရာတို့က "စ က ဗ ယ" စတုပညာသဟု ခေါ်ဆိုကြလေသည်။
၃, ၂, ၅, ၈ ဂြိုဟ်သက်တို့ကို အလေးချိန်ပြုသည်မှတ်။

စတုပညာသ ဆေး ၅၄-ကျပ်သား၊ တစ်နည်း။ ။
(၁) ထုံးရေကြည် ၁၀-ကျပ်သား၊
(၂) ဇ၀က်သာ ၂၁-ကျပ်၊
(၃) ဆား ၈-ကျပ်၊
(၄) လက်ချား ၁၅-ကျပ်၊ ၎င်းင်း ၅၄-ကျပ်သားကို လုပ်ရတ်ကျမ်းတို့၌ "ဋ, သ, ည, ခ"ဟု ခေါ်ဆိုကြကုန်၏၊
၇, ၆, ၃, ၂ ဂြိုဟ်သက်တို့ကို အလေးချိန်ပြုသည်။

စတုပါရိသုဒ္ဓိသီလ ၄-ပါး။ ။ ၎င်းင်းသရုပ်ကို (သီလကြီးမျိုး ၄-ပါး)၌ ရှုပါ။

စတုဗလဆေး ၄-ပါး။ ။
စိန်, ဆေး, ကန့်, ဟင်း, ခေါ် မင်းလေးပါးဆေးကို လုပ်ရတ်ကျမ်းတို့၌ "စတုဗလဆေး"ဟု ခေါ်ဆိုကြ၏။

စတုဗီဇမျိုး ၄-ပါး။ ။ ဆေးကျမ်းလာ အစေ့မျိုးအပေါင်း ဝေါဟာရ၊
(၁) ဇီယာနက်စေ့၊
(၂) ပဲနဲ့သာစေ့၊
(၃) စမုန်ဖြူစေ့၊
(၄) စမုန်နီစေ့။

စတုဘုမ္မိကတရား ၄-ပါး။ ။
(၁) ကာမဘုံ၌ဖြစ်သော တရားစု၊
(၂) ရူပဘုံ၌ဖြစ်သော တရားစု၊
(၃) အရူပဘုံ၌ဖြစ်သောတရားစု၊
(၄) အ ၀တ္ထာဘုံ၌ဖြစ်သော လောကုတ္တရာတရားစု။
မှတ်ချက်။ ။ ၄-ခုမြောက် လောကုတ္တရာဘုံ၊ ၀ါ- နိဗ္ဗာန်တရားကိုပင် 'စတု ဘုမ္မိက'ဟု ခေါ်သည်မှတ်လေ။

စတုမဓုမျိုး ၄-ပါး။ ။ ရဟန်းတော်များ နေ့လွဲညစာသုံးဆောင်ရန် ဘုရားခွင့်ပြုတော်မူသော အချိုမျိုးလေးပါး၊ အာယုဝဍ္ဎုနပြီး၏။
(၁) ထောပတ်၊
(၂) ပျားရည်၊
(၃) တင်လဲ၊
(၄) နှမ်းဆီ၊
၎င်းင်းလေးပါးအမျှစီ၊ နေ သို့မဟုတ် မီးနှင့်ချက်။

စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါး။ ။ ပဋိသမ္ဘိဒါမဂ်။ ပါ။ ၃၃၂။ ဋ္ဌ။ ဒု-အုပ်။ ၂၁၈။ စတုမဟာရာဇ်နတ်ပြည်၌ လေးဌာနခွဲ၍အုပ်စိုးသော နတ်မင်းကြီးလေးပါးဟူ၏။
၁၊ အရှေ့ပိုင်းဌာန၌ ဓတရဋ္ဌနတ်မင်းကြီး၊
၂၊ တောင်ပိုင်း ဌာန၌ ၀ိရူဠှကနတ်မင်းကြီး၊
၃ အနောက်ပိုင်းဌာန၌ ၀ိရူပက္ခနတ်မင်းကြီး၊
၎ မြောက်ပိုင်းဌာန၌ ကုဝေရခေါ် ဝေဿ၀ဏ်နတ်မင်းကြီး။

စတုရင်္ဂါ၊ ဘွဲ့နာမာ၊ ၄-ဖြာ အင်္ဂါသိ။ ။ စတုရင်္ဂဗလ ဟူသော ဘွဲ့ပုံတံဆိပ်၏ အင်္ဂါလေးပါးကိုဆိုသည်။
၁ သဒ္ဒါကျမ်းအတတ်၊
၂ ကဗျာလင်္ကာအတတ်၊
၃ အမေးပြဿနာ ဓမ္မသတ်ကျမ်းစကားအတတ်၊
၎ စစ်ဆင်စစ်ချီ စစ်ထိုးအတတ်။
၎င်းင်းအင်္ဂါ ၄-ရပ်တို့၌ ခေါင်ထိပ်အထိတတ်မြောက်သူ။

စတုရာရက္ခတရား ၄-ပါး။ ။ ရဟန်းရှင်လူတို့ ညနံနက်မြဲအပြတ် ပွားများအပ်သောတရားလေးပါး။
၁ အသုဘ ကမ္မဋ္ဌာန်း၊
၂ မရဏာနုဿတိ၊
၃ မေတ္တာဘာဝနာ၊
၎ ဗုဒ္ဓါနုဿတိ။

စတုဝဂ္ဂဓမ္မ ၄-ပါး။ ။ ကာလီဒါသစသောဆရာကြီးတို့ ရေးခဲ့သည့် လောကီမဟာကဗျာကျမ်းလာ လေးပါးသောတရားစု။
၁ ချမ်းသာကြောင်းဓမ္မ၊
၂ အတတ်ပညာလယ်ယာ ရွှေငွေဥစ္စာတို့ကိုရခြင်းနှင့် ရပြီးကိုစောင့်ရှောက်ခြင်း တည်းဟူသော အတ္တ၊
၃ ကာမဂုဏ်ငါးပါးဟူသော ကာမ၊
၎ နိဗ္ဗာန်ဟူသော မောက္ခ။

စတုဝိသာရဒဥာဏ်တော် ၄-ပါး။ ။ မူလပဏ္ဏာသ။ ပါ။ ၁၀၃။ ဋ္ဌ။ ပ အုပ်။ ၃၃၈။ စတုဝေသာရဇ္ဇဥာဏ်တော်၎-ပါးလည်းဟူ၏၊ ဟုတ်မှန်ကြောင်းကို ရဲရင့်စွာ အသိပေးပြောဆိုဝန်ခံခြင်း ၄-ပါး။
၁ ဗုဒ္ဓတ္တဥာဏ်- ဘုရား အဖြစ်ကိုဟုတ်မှန်စွာသိသောဥာဏ်၊
၂ အာသ၀က္ခယဥာဏ်- အာသ၀ကုန်ခြင်းကိုသိသောဥာဏ်၊
၃ အန္တရာယဥာဏ်-အန္တရာယ်ရှိသည်ကိုသိသောဥာဏ်၊
၎ နိယျာနိကဥာဏ်- လောကသံသရာမှ ထွက်လမ်းကိုသိသောဥာဏ်။

စန္ဒကူးမျိုး ၄-ပါး။ ။
၁ ရတ္တစန္ဒန- စန္ဒကူးနီ၊
၂ ကာလာနုသာရီ- စန္ဒကူးနက်၊
၃ ဟရိစန္ဒန- စန္ဒကူးရွှေ၊
၎ ဂန္ဓသာရ- စန္ဒကူးဖြူ။

စန်းယှဉ်နက္ခတ် ၁၃-လုံး။ ။ ၎င်းင်းသရုပ်ကို (ပုဏ္ဏမီနက္ခတ် ၁၃-လုံး)၌ ကြည့်ပါ။

စပ်တူ စပ်ဖက် မလုပ်အပ်သူမျိုး ၈-ယောက်။ ။ ၎င်းင်းသရုပ် အဖြေကို (မတိုင်ပင်အပ်သူ ၈-ယောက်)၌ ရှုပါလေ။

စပါးမျိုး ၇-ပါး။ ။ ၎င်းင်းသရုပ်ကို 'ကောက်မျိုး ၇-ပါး'၌ ဆိုခဲ့ပြီ။

စပါးမျိုးအပြား ၁၈၇-ပါး၊ တစ်နည်း။ ။ အထိကရ မဟာကန်တော်ကြီးမော်ကွန်းမှ၊ ၎င်းင်းသရုပ်များကို (ကောက်မျိုး ၁၈၇-ပါး)၌ ပြခဲ့ပြီ။

စမကြီး ၄-လုံး။ ။ တြင်းကျေ န၀င်းကျေဖြစ်၍ လောကကောင်းကျိုးကိုပေးစေတတ်သော
"စ, ဓ, ဗ, ၀"ခေါ် အက္ခရာ ၄-လုံး။

စမုန်မျိုး ၅-ပါး။ ။
(၁) စမုန်စပါး၊
(၂) စမုန်ဖွဲ၊
(၃) စမုန်ဖြူ၊
(၄) စမုန်နီ၊
(၅) စမုန်နက်။

စမုန်မျိုး ၇-ပါး၊ တစ်နည်း။ ။
(၁) ဇီယာ၊
(၂) စမွတ်၊
(၃) စမုန်စပါး၊
(၄) စမုန်ဖွဲ၊
(၅) စမုန်ဖြူ၊
(၆) စမုန်နီ၊
(၇) စမုန်နက်။

စရဏတရား ၄-ပါး။ ။ လောကီ လောကုတ် အတတ်တို့၏အခြေခံအကြောင်းရင်း အလုပ်တရား လေးပါး။
(၁) လောကီစရဏ- လောကီဝိဇ္ဇာကို တတ်မြောက်နိုင်ရန် ပရိကံဖြစ်၍ မူလအခြေ သင်ကြားအားထုတ်မှု လေ့ကျင့်ခန်းဟူသမျှ၊
(၂) ဗြဟ္မ စရဏ- ဗေဒင်သုံးပုံတို့၏ အခြေခံဖြစ်သော ကမ္မဿကတဥာဏ်နှင့်ငါးပါးသီလတရားစု၊
(၃) ဣသိ စရဏ- ဣသိဝိဇ္ဇာခေါ် လောကီအဘိညာဉ်ငါးပါး၏ ရှေ့အဖို့ ကျင့်ကြံအားထုတ် စရာ
ဆယ်ပါးသီလ
ဣနြ္ဒိယသံဝရသီလ
ပရိကမ္မစသော နိမိတ် ၃-ပါး၊
ဈာန် ၄-ပါး၊
သမာပတ် ၈-ပါး တရားစု၊
(၄) ဗုဒ္ဓ စရဏ- ဘုရားသခင်၏ အလိုတော်ကျဖြစ်သော စရဏတရား ၁၇-ပါး။

စရဏတရား ၉-ပါး။ တစ်နည်း။ ။ အမ္ဗဋ္ဌသုတ်၌ စရဏတရားကိုးပါးကို မြတ်စွာဘုရား ဟောကြားတော်မူသည်။
၁ သီလသံဝရ၊
၂ ဣနြ္ဒိယသံဝရ၊
၃ ဘောဇနေ မတ္တညုတ၊
၎ သတိသမ္ပဇည၊
၅ စတုပစ္စယသန္တောသ၊
၆ ပထမဈာန်၊
၇ ဒုတိယဈာန်၊
၈ တတိယဈာန်၊
၉ စတုတ္ထဈာန်။

စရဏတရား ၁၅-ပါး။ ။ သုတ္တနိပါတ်။ ဋ္ဌ။ ပ-အုပ်။ ၂၀၃။ နိဗ္ဗာန်သွားကြောင်း ခြေချောင်းနှင့်တူသော တရားများ ဟူ၏။
၁ သီလသံဝရ၊
၂ ဣန္ဒြိယေသု ဂုတ္တဒွါရတာ၊
၃ ဘောဇနေ မတ္တညုတ၊
၎ ဇာဂရိယာ နုယောဂ၊
၅ သဒ္ဓါ၊
၆ သတိ၊
၇ ဟိရီ၊
၈ သြတ္တပ္ပ၊
၉ ဗာဟုသစ္စ၊
၁၀ ၀ီရိယ၊
၁၁ ပညာ၊
၁၂ ပဌမဈာန်၊
၁၃ ဒုတိယဈာန်၊
၁၄ တတိယဈာန်၊
၁၅ စတုတ္ထဈာန်။

စရဏတရား ၁၇-ပါး။ တစ်နည်း။ ။ အထက်ဖေါ်ပြပါ ၁၅-ပါးသို့။
၁ သမ္ပဇည၊
၂ စတုပစ္စယ သန္တောသ၊
၎င်းင်းနှစ်ပါးထည့်သော် စရဏတရား ၁၇-ပါးဖြစ်၏။

စရိယတရား ၃-ပါး။ ။ မဇ္ဈိမပဏ္ဏာသ။ ပါ။ ၁။ ဋ္ဌ။ ၃။ အတ္တ ပရ နှစ်ဝကျိုးတွက် လုပ်ကိုင်အားထုတ်ခြင်း၃-ပါး။
၁ လောကတ္ထ စရိယာ- ကမ္ဘာသား အများကောင်းကျိုးချမ်းသာ ရရှိခံစားနိုင်ရန်အတွက် ဖြည့်ကျင့်ပြုစုခြင်း၊
၂ ဥာတတ္ထစရိယာ- မိမိအမျိုးသားတို့၏အကျိုးငှာ ဖြည့်ကျင့်ပြုစု အားထုတ်ခြင်း၊
၃ ဗုဒ္ဓတ္ထ စရိယာ- ဘုရားသခင်ဖြစ်နိုင်လောက်သည်အထိ ဥာဏ်ပညာကြီးပွားအောင် ပြုကျင့်အားထုတ်ရှာမှီးခြင်း။

စရိုက် ၆-ပါး။ ။ ၀ိသုဒ္ဓိမဂ် ပ-အုပ်။ ၁၀၁။ သတ္တ၀ါတို့၏ သန္တာန်မှာပါရှိနေသော သဘောတရား ၆-ပါး။
(၁) ရာဂစရိုက်- ရာဂပေါများထူပြောသူ၊
(၂) ဒေါသစရိုက်- ဒေါသပေါများထူပြောသူ၊
(၃) မောဟစရိုက်-မောဟပေါများထူပြောသူ၊
(၄) ၀ိတက်စရိုက်- တောင်တောင်ဤဤကြံစည်ခြင်းများပြားသူ၊
(၅) သဒ္ဓါစရိုက်-သဒ္ဓါတရားကောင်းသူ၊
(၆) ဗုဒ္ဓိစရိုက်-ဆင်ခြင်ဥာဏ်ပညာ ကောင်းသူ။

စ ၀ဂ် ၅-လုံး။ ။
စ ဆ ဇ စ် ည၊
၎င်းင်းအက္ခရာငါးလုံးကို တစ်စုတည်း တစ်ဆက်တည်းရွတ်ဆိုရသောကြောင့် စ ၀ဂ်ခေါ်သည်။

စာဂဂုဏ် ၆-ပါး။ ။ စာဂါနုဿတိအရ စာဂဂုဏ် ၆-ပါးကား ပေးကမ်းစွန့်ကြဲသူအဖို့ဖြစ်၏။
၁ ၀ိဂတ မလ မစ္ဆေရ- မစ္ဆေရမှကင်းစင်ခြင်းဂုဏ်၊
၂ စာဂ- ပေးလှူစွန့်ကြဲနိုင်မှုဂုဏ်၊
၃ ပယတ ပါဏီ- စင်ကြယ်သော လက်ရှိခြင်းဂုဏ်၊
၎ ယာစက ယောဂ- အလှူခံတို့နှင့်ယှဉ်ခြင်းဂုဏ်၊
၅ သံဝိဘာဂရတ- ဝေဖန်ခြင်း၌ မွေ့လျော်မှုဂုဏ်၊
၆ ဝေါသဂ္ဂ ရတ- စွန့်ကြဲခြင်း၌ မွေ့လျော်မှုဂုဏ်။

စာဂီ ၅-ဖြာ၊ လောင်းမြတ်စွာ၊ ကျင့်ရာအဘယ်နည်း။ ။ ၎င်းင်းသရုပ်ကား 'စွန့်ခြင်းကြီး ၅-ပါး'နှင့် တူ၏၊ စွန့်ခြင်းကြီး ၅-ပါးကိုပင် 'စာဂီ ၅-ဖြာ၊ စာဂ ၅-ပါး'စသည်ဖြင့် ခေါ်ဆိုကြကုန်၏။

စာတတ်ကြောင်းရာ၊ အင် ၈-ဖြာ၊ လိုက်နာစွဲမှတ်သိ။ ။ သု စိ ပု ဘာ၊ ၀ိ လိ သိ ဓါ ဟူသော စာတတ်ခြင်း၏ အခြေခံအင်္ဂါရပ်ရှစ်ပါးကိုဆိုသည်။
(၁) သု, သုဏေယျ- ကြားနာရာ၏၊
(၂) စိ, စိန္တေယျ- ကြံစည်ရာ၏၊
(၃) ပု, ပုစ္ဆေယျ- မေးမြန်းစုံစမ်းရာ၏၊
(၄) ဘာ, ဘာသေယျ ပြောဆိုရာ၏၊
(၅) ၀ိ, ၀ိစာရေယျ- ဆင်ခြင်နှိုင်းဆရာ၏၊
(၆) လိ, လိခေယျ- ရေးသားရာ၏၊
(၇) သိ, သိက္ခေယျ -သင်ကြားလေ့ကျင့်ရာ၏၊
(၈) ဓါ, ဓါရေယျ- နှုတ်တက် အာဂုံဆောင်ရာ၏။

စာပေရေးရာ၊ နည်း ၅-ဖြာ၊ မြန်မာယဉ်ကျေးမှု။ ။ ၎င်းင်းသရုပ်ကို (မြန်မာ့စာပေ ရေးသားလေ၊ ၅-ထွေနိသျှည်း) ဟူသောပုစ္ဆာ၌ ရှုလေ။

စာပေရွတ်ဖတ်၊ နည်း ၁၀-ရပ်၊ ကျမ်းမြတ်မည်သို့မိန့်သနည်း။ ။ သဒ္ဒါကျမ်းတို့၌ 'ဗျဉ္ဇနဗုဒ္ဓိ ၁၀-ပါး'ကို စာပေရွတ်ဖတ်ပုံနည်းဥပဒေအရ မိန့်ဆိုကြ၏၊ ကမ္မ၀ါစာရွတ်ဖတ်ရာ၌လည်း ထိုဆယ်ပါးကို ၀ိနည်းဥပဒေက ညွှန်ကြားထားသည်။

စာပေ၀င်ကျော်၊ ဆရာတော်၊ ၄-ဖေါ်မြန်တိုင်းရပ်။ ။ ၎င်းင်းသရုပ်ကို (ကျော်လေးပါးခေါ်၊ ဆရာတော်)ဟူသော သုတေသနရပ်၌ ဆိုခဲ့ပြီ။

စာရမျိုး ၃-ပါး။ ။ သန္ဓေတည်နေသောမိန်းမတို့ လိုက်နာရသော အကျင့် ၃-ပါး။
(၁) တိတ္တက- ခါးသော အစာအာဟာရမှ ရှောင်ကြဉ်ခြင်း၊
(၂) ကသာဝ- ဖန်သောအစာအာဟာရမှ ရှောင်ကြဉ်ခြင်း၊
(၃) ကဋုက- စပ်ပူသောအစာအာဟာရမှရှောင်ကြဉ်ခြင်း။

စာရေးတော်ကြီး အင်္ဂါ ၆-ပါး။ ။ လွှတ်သုံး သံရုံးစာရေးတော်ကြီးတို့၏ အင်္ဂါ ၆-ပါး၊ ရာဇသေ၀ကကျမ်း။
(၁) သကိံ ဥတ္ထဂ္ဂဟံ- တစ်ကြိမ်ဆိုလျှင် မင်း၏အလိုကိုသိတတ်ခြင်း၊
(၂) သီဃ လေခကံ- လျင်မြန်သော လက်ရေးလည်းရှိခြင်း၊
(၃) သု လေခကံ- လက်ရေးလည်းလှပပီသခြင်း၊
(၄) မေဓါဝိံ- ထိုးထွင်းÓဏ်လည်းရှိခြင်း၊
(၅) ၀ါကျပဋုကံ- စကားသွားစာပိုဒ်လည်း ကောင်းမွန်ပြေပြစ်ခြင်း၊
(၆) ဒက္ခံ- အရာဌာနအားလျော်စွာ လိမ္မာပါးလျင်ခြင်း၊
ဧတံ ဤသို့ဆိုငြား ခြောက်ပါးအင်္ဂါနှင့်ပြည့်စုံသူကို၊
လေခကေ- စာရေးတော်ကြီးနေရာ၌၊
ဌာပေ- ထားရာခန့်ရာ၏။

စာလုံး၅-မျိုး၊ ရှေးရိုးစဉ်လာ၊ ဖေါ်ပြပါ။ ။ ဤမြန်မာစာလုံး ရှေးထုံးရေးပုံငါးပါးကား "မုဒ္ဒါလိပိ သိပ္ပလိပိ၊ လိပိလေခန သမ္ဘ၀ါ၊ ဂုဏ္ဍိကာဃုဏသမ္ဘူတာ၊ လိပိယော ပဉ္စဓါယိမေ။"ဟူသော သက္ကတကျမ်းမှ နည်းယူကူးပြောင်းလာ၏။
(၁) တံဆိပ်ရိုက်စာလုံး- မုဒ္ဒါလိပိမျိုး၊
(၂) ပန်းချီရေးစာလုံး- သိပ္ပလိပိမျိုး၊
(၃) ကညစ်ရေးစာလုံး- လိခါ လိပိမျိုး၊
(၄) ခြစားရာ၌ ထင်နေသောစာလုံး- ဃုဏ လိပိမျိုး၊
(၅) မင်ရေးစာလုံး- ဂုဏ္ဍိကာလိပိမျိုး။

စာသင်နည်းမျိုး ၃-ပါး။ ။ ၎င်းသရုပ်ကို (ပရိယတ္တိမျိုး ၃-ပါး)ဟူသော သုတေသနပုဒ်မှာကြည့်ပါလေ၊ ပါရာဇိကဏ် အဋ္ဌကထာ။

စားတော်ကဲအင်္ဂါ ၅-ပါး။ ။ စဖိုသည်ခေါ် ထမင်းချက်သမား၏ ဂုဏ်အင်္ဂါငါးပါး၊ ရာဇနီတိ၌ဆို၏။
(၁) စဖိုသည်၏ မျိုးရိုးစဉ်ဆက်ဖြစ်ခြင်း၊
(၂) ဟင်းလျာချက်နည်းမျိုးစုံ ကျမ်းစာတို့ကိုလေ့လာတတ်မြောက်ရခြင်း၊
(၃) မြိန်ယှက် ဖွယ်ရာ ဖုတ်ကင်ချက်ပြုတ် ကြော်လှော်တတ်ရခြင်း၊
(၄) ချက်ပြုတ်ရေး၌ မျက်နှာလွှဲကာ လူတကာကိုမစေခိုင်းရခြင်း၊
(၅) ချက်ပြုတ်ရေး၌ စိတ်ကူးÓဏ် ကြံစည်ဝေဖန်မှုရှိရခြင်း။

စိတ် ၈၉-ပါး။ ။ ၎င်းင်းသရုပ် (စိတ်တစ်ခု ယုတ် ၉၀)၌ ရှုပါ။

စိတ်၏တည်ရာ ၀တ္ထုမှာ၊ ၆-ဖြာအဘယ်နည်း။ ။ ၎င်းင်းသရုပ်ကို (၀တ္ထုရုပ် ၆-ပါး)ဟူသော ပုစ္ဆာ၌ ရှုပါ။

စိတ်အကြံသိနိုင်ခြင်းမျိုး ၄-ပါး။ ။ သူတစ်ပါး၏စိတ်အကြံကိုသိနိုင်ပုံ။ သုတ်ပါထေယျ။ ပါ။ ၅၈။ ဋ္ဌ။ ၇၀-၌ ရှုပါ။

စိတ်တစ်ခု ယုတ် (၉၀)။ ။ ဓမ္မသင်္ဂဏီ အဋ္ဌကထာ ၃၁၈နှင့် ၀ိသုဒ္ဓိမဂ် ဒုအုပ်။ ၈၂ တို့၌ အကျယ်ရှု။ ကပ္ပါသူ ကပ္ပါသား သတ္တ၀ါရှိသမျှတို့၏သန္တာန်၌ ဆိုင်ရာဆိုင်ရာဖြစ်သော စိတ်အစုကို တစ်ခုမကျန်အကျဉ်းအားဖြင့် ရေတွက်သော် ၈၉-ပါး၊ ၉၀-ပြည့်ဖို့ရာတစ်ခုယုတ်နေ၍ (တစ်ခုယုတ် ၉၀)ဟု ခေါ်ဆိုရလေသည်။
(၁) ကာမစိတ် ၅၄-ပါး၊
(၂) ရူပစိတ် ၁၅-ပါး၊
(၃) အရူပစိတ် ၁၂-ပါး၊
(၄) လောကုတ္တရာစိတ် ၈-ပါး။

စိတ္တဇရုပ် ၁၅-ပါး။ ။ စိတ်ကြောင့်ဖြစ်သော ရုပ် ၁၅-ပါးကိုခေါ်ဆိုသည်။
(၁) ကာယ၀ိညတ်ရုပ်၊
(၂) ၀စီဝိညတ်ရုပ်၊
(၃) သဒ္ဒရုပ်၊
(၄) လဟုတာရုပ်၊
(၅) မုဒုတာရုပ်၊
(၆) ကမ္မညတာရုပ်၊
(၇) ပထ၀ီရုပ်၊
(၈) တေဇောရုပ်၊
(၉) အာပေါရုပ်၊
(၁၀) ၀ါယောရုပ်၊
(၁၁) ၀ဏ္ဏရုပ်၊
(၁၂) ဂန္ဓရုပ်၊
(၁၃) ရသရုပ်၊
(၁၄) သြဇာရုပ်၊
(၁၅) အာကာသဓါတ်ခေါ် ပရိစ္ဆေဒရုပ်။

စိတ်ဓါတ်အားနည်းခြင်း အကြောင်းတရား ၂၅-ပါး။ ။ ကောင်းမှုကောင်းရာတို့ဘက်၌ စိတ်အားလျော့မှုများ၂၅ပါး။ ၁ ကောဓ- အမျက်ထွက်ခြင်း၊
၂ ဥပနာဟ- ရန်ငြိုးဖွဲ့ခြင်း၊
၃ မက္ခ- ကျေးဇူးမဲ့ပြုခြင်း၊
၎ ပလာသ-တုပြိုင်ခြင်း၊
၅ ဣဿာ- ငြူစူခြင်း၊
၆ မစ္ဆရိယ- ၀န်တိုခြင်း၊
၇ မာယာ- လှည့်ပတ်ခြင်း၊
၈ သာထေယျ-စဉ်းလဲခြင်း၊
၉ ထမ္ဘ- မိုက်မဲခိုင်ခံ့ခြင်း၊
၁၀ သာရမ္ဘ- သူ့သီလကိုဖျက်ဆီးခြင်း၊
၁၁ မာန- စိတ်ကြီးဝင်ခြင်း၊
၁၂ အတိမာန-အလွန်အမင်းစိတ်ကြီးဝင်ခြင်း၊
၁၃ မဒ-မာန်ဖြင့်ယစ်ခြင်း၊
၁၄ ပမာဒ- မေ့လျော့ခြင်း၊
၁၅ ထိန- စိတ်၏လျော့ကျခြင်း၊
၁၆ မိဒ္ဓ- ငိုက်မြည်းခြင်း၊
၁၇ အာလသျှ- ပျင်းရိခြင်း၊
၁၈ ပါပမိတ္တတာ-ခင်ပွန်းယုတ်နှင့်ပေါင်းဖေါ်ခြင်း၊
၁၉ ရူပ- အဆင်း၌တပ်မက်လွန်းခြင်း၊
၂၀ သဒ္ဒ- အသံ၌ တပ်မက်လွန်းခြင်း၊
၂၁ ဂန္ဓ- အနံ့၌ တပ်မက်လွန်းခြင်း၊
၂၂ ရသ- အရသာ၌ တပ်မက်လွန်းခြင်း၊
၂၃ ဖောဋ္ဌဗ္ဗ- အတွေ့၌ တပ်မက်လွန်းခြင်း၊
၂၄ ခုဒ္ဒပိပါသ- ဆာလောင်မွတ်သိပ်ခြင်း၊
၂၅ အရတိ- တရား၌ မမွေ့လျော်ခြင်း။

စိန္တာအပြား၊ မျိုး ၃-ပါး၊ မိန့်ကြားကျမ်းဋီကာ။ ။ မဏိသာရ မဉ္ဇူသာဋီကာ၌ အောက်ပါအတိုင်း ကြံသိမှုတို့ကို ဆိုသည်၏။
၁ ဦဟနစိန္တာ- ၀ိတက်သဘောမျှသာဖြစ်၍ ဖြူနီညိုပြာလောက်ကိုသာသိနိုင်လျက် မူရင်းသဘော လက္ခဏာကိုကား ထိုးထွင်း၍မကြံနိုင် မသိနိုင်မှု၊
၂ ၀ိဇာနန စိန္တာ- ၀ိညာဏ် သဘောမျှသာဖြစ်၍ မူရင်းသဘောလက္ခဏာသို့ရောက်အောင် ကြံစည်ထိုးထွင်းကာသိနိုင်လျက် ၀ိပဿနာ မဂ်ဖိုလ်ရောက်အောင်ကား မစွမ်းနိုင်မှု၊
၃ ပဇာနန စိန္တာ- ပညာသဘောဖြစ်၍ ကိစ္စအားလုံးကို သိမ်းကျုံးကာ ထိုးထွင်းသိနိုင်မှု။

စိန်မျိုး ၄-ဖြာ၊ ရတနာ၊ မိန့်မှာမဏိသျှတ်။ ။ မဏိသျှတြကျမ်းလာ ၀ဇိရစိန်ရတနာမျိုး လေးပါး။
၁ ခတ္ထိယ-ပြိုးပြိုးပျက်ပျက်ထွက်သော အရောင်ရှိ၏။
၂ ကဏ္ဍိ- ဖြူဖွေးဖွေး၌ သက်တင်ရေးထင်လုလုအရိပ်ထွက်သည်။
၃ ကိဿရာ- ၀ါ ညို နီရောင်သန်းနေသည်။
၎ ဗြဟ္မဏ- အတွင်း၌အဖြူထုတ်ချင်းထွင်းလျက် အပြင်ဘက်က သက်တင်ရေးပြာနုရောင်သန်းနေသည်။

စိန်မျိုး ၇-ပါး၊ လုပ်ရတ်များ၊ ခွဲခြားစိတ်ဖြာသိ။ ။ ၀ိဇ္ဇာဓရ ဓါတုသာရကျမ်းမှယူသည်။
၁ အဿဒန္တ သောမလ- မြင်းသွားစိန်၊ ၀ါ နီ ဖြူအဆင်းရှိ၏။
၂ သောမလ သုက္က- စိန်ဖြူ ဒိုးဆန်၊ ဂုံညင်းဆန်ကဲ့သို့ ရှိ၏။
၃ သောမလ သုက္က ဂဇ- စိန်ဖြူ ဆင်ဦးနှောက်၊ ဖြူသောစရံရှိ၏။
၎ သောမလ ရတ္တ သုဝ- စိန်နီ၊ ကျေးနှုတ်သီး၊ ရဲရဲနီသောအဆင်းရှိ၏။
၅ ပတြဇ ကာလ- စိန်နက် မှန်ရောင်၊ နက်မှောင်၏။
၆ သီဟ မတ္ထလုင်္ဂ ပတြဇ- ခြင်္သေ့ဦးနှောက်စိန်၊ ဖြူဖြူမှန်ရောင်ရှိ၏။
၇ ဗျဂ္ဃ မတ္ထလုင်္ဂ ပတြဇ- ကျားဦးနှောက်စိန်၊ ဖြူဖြူဝါ၀ါမှန်ရောင်ရှိ၏။
ထို ၇-ပါးတို့တွင် ထွက်ရပ်လမ်းဆရာတို့အတွက် ပတြဇကာလခေါ် စိန်နက်သည်တန်ခိုးအရှိဆုံးဟု အထူးချီးမွမ်းထုတ်ဆိုထား၏။

စီးပွားဥစ္စာ ဆုတ်ယုတ်ပျက်စီးကြောင်းတရား ၆-ပါး။ ။ ၎င်းင်းသရုပ်ကို (စည်းစိမ်ဥစ္စာပျက်စီးကြောင်းတရား ၆-ပါး)ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။

စုတ်မျိုး ၉-ပါး။ ။ ဗေဒင်ကျမ်းအချို့၌ အောက်ပါအတိုင်း ခွဲ၍ပြကြ၏။
၁ ပထနီ၊
၂ သုဘ၊
၃ လာဘ၊
စုတ်ကြီး ၃-အိမ်၊
၎ ဓနု၊
၅ ကဋုမ္ဗ၊
၆ သဟဇ၊ စုတ်လာဘ် ၃ အိမ်၊
၇ ဗန္ဓု၊
၈ ပုတ္တ၊
၉ ကမ္မ၊ စုတ်ကလေး ၃ အိမ်။

စုဒိတကကျင့်ဝတ် ၂-ပါး။ ။ အာပတ်ဖြင့် အစွပ်စွဲခံရသူ စုဒိတကပုဂ္ဂိုလ်တို့ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ် ၂-ပါး။ ၁ သစ္စံ ဘဏေ- မှန်သောစကားကိုသာ ပြောဆိုရခြင်း၊
၂ အ ကုပ္ပေယျ- အမျက်ဒေါသမထွက်ရခြင်း။

စုန်းမျိုး ၇-ပါး၊ တစ်နည်း ၇၈-ပါး။ ။ ဤ၌ လောကီဟူးရားမန္တန်ကျမ်းတို့တွင် အမျိုးမျိုးရှိကြရာ သင့်လျော်ရာကိုသာ ဖေါ်ပြလိုက်သည်။
(၁) ခြေစုန်း၊ ၎င်းင်းကားသစ်သီးသစ်ပွင့်ကိုစားသည်။ ခြေကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်းကိုယ်တိုင်ကိုင်ရမှ ဖမ်းစားနိုင်သည်။ ၎င်းင်းကို 'ရွာသူ'ဟု သမုတ်သည်။
(၂) ခေါင်းစုန်း၊ ၎င်းင်းကား သစ်သီးမှည့်အချိုအချဉ်ကိုစားသည်။ အရိပ်ကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှဖမ်းစားနိုင်သည်။ ၎င်းင်းကို 'နဖားထပ်'ဟု သမုတ်သည်။
(၃) ကိုယ်စုန်း၊ ၎င်းင်းကား မစင်ချေးခြောက်ကိုစားသည်။ ခြေရာကိုသော်လည်းကောင်း၊ အရိပ်ကိုသော်လည်းကောင်း၊ကိုယ်ကိုသော်လည်းကောင်း ကိုယ်တိုင်ထိရမှဖမ်းစားနိုင်သည်။ ၎င်းင်းကို 'ဆင်ကွပ်'ဟု သမုတ်သည်။
(၄) မောက်လုံးစုန်း၊ ၎င်းင်းကား အသွေး၊ အသား၊ အရေကိုစားသည်။ ကိုယ်တိုင် မြင်ရ ထိရ နမ်းရှုပ်ရမှဖမ်းစားနိုင်သည်။ ၎င်းင်းကို 'စုန်း'ဟု သမုတ်သည်။
(၅) မောက်ပြားစုန်း၊ ၎င်းင်းကား အအူ အသည်း အမြစ်တို့ကိုစားသည်။ ကိုယ်တိုင် မြင်ရ ထိရ နမ်းရှုပ်ရမှ ဖမ်းစားနိုင်သည်။ ၎င်းင်းကို 'ရွာသမီး'ဟု သမုတ်သည်။
(၆) အိန့်တလိမ့်စုန်း၊ ၎င်းင်းကား အကြော် အလှော် အစိမ့် အအိမ့်တို့ကိုစားသည်။ အမည်နာမကိုသိမှ မိမိလက်အောက်ရှိ ၃၇-မင်းနတ်တို့ကို စေပါး ခိုင်းခန့် ဖမ်းစားနိုင်သည်။ ၎င်းင်းကို 'ဇော်ဂနီ'ဟု သမုတ်သည်။
(၇) ကဝေမြောက်စုန်း၊ ၎င်းင်းကား လူသွေး လူသား လူရိုးတို့ကိုစားသည်။ အမည်နာမကိုသိက မိမိလက်အောက်ရှိ နတ်တို့ကို စေပါးခိုင်းခန့်ဖမ်းစားနိုင်သည်။ ၎င်းင်းကို 'ကဝေ'ဟု သမုတ်သည်။
မှတ်ချက်။ ။
ခြေစုန်း ခေါင်းစုန်း ကိုယ်စုန်း ၎င်းင်းသုံးယောက်တို့ကား သေအောင်မဖမ်းစား၊ မကြံစည်နိုင်ကြကုန်။
မောက်လုံး၊ မောက်ပြား၊ အိန့်တလိမ့်၊ ကဝေမြောက် ၎င်းင်းလေးယောက်သောစုန်းတို့ကား သူ့ကိုသေအောင် ဖမ်းစားကြံစည်နိုင်သော တန်ခိုးသတ္တိရှိကြကုန်၏။
ထိုမှတပါး- အခြားစုန်းအမျိုး ၆၆-ပါး၊
ဗူးသွင်းစုန်းမျိုး ၇-ပါး၊
ကာကနီ ဇော်ဂနီစုန်းမျိုး ၅-ပါး၊
ပေါင်း ၇၈-ပါးသော အကြောင်းအရာအကျယ်ကို "လောကီ အင်္ဂုတ္တိုရ် ကျမ်းရင်းကြီး"မှာ ရှုပါကုန်။

စေတနာ ၃-တန်။ ။ သုတ်သီလက္ခန်။ ပါ။ ၁၃၁။ ဋ္ဌ၊ ၂၆၇-၌ အကျယ်ရှုပါ။ အလုပ်တစ်ခု၌ စေ့ဆော်ခြင်းသဘောတရားမျိုးသုံးပါး။
၁ ပုဗ္ဗစေတနာ- မပြုလုပ်မီရှေးအဖို့၌ဖြစ်သော စေတနာ၊
၂ မုဉ္စ စေတနာ-ပြုဆဲအခါ၌ ဖြစ်သောစေတနာ၊
၃ ပရ စေတနာ- ပြုပြီးနောက်အခါ၌ အာရုံပြု၍ ဖြစ်ပေါ်သောစေတနာ။

စေတသိက် ၅၂-ပါး။ ။
အမှန်တရားကို ထိုးထွင်းထွန်းလင်း၍ သိမြင်အောင်ပြ ပေးခြင်းလက္ခဏာရှိသော 'အမောဟ' ခေါ် ပညိနြေ္ဒ စေတသိက် ၁-ပါး၊ သဗ္ဗစိတ္တသာဓါရဏ စေတသိက် ၇-ပါး၊
ပကိဏ္ဏက စေတသိက် ၆-ပါး၊
သောဘဏသာဓါရဏ စေတသိက် ၁၉-ပါး၊
ဝိရတီစေတသိက် ၃-ပါး၊
အပ္ပမညာ စေတသိက် ၂-ပါး၊
အကုသိုလ်စေတသိက် ၁၄-ပါး၊
ပေါင်း ၅၂-ပါးဖြစ်၏။ ၎င်းင်းသရုပ်အဓိပ္ပါယ်များကို ဆိုင်ရာအမည်တို့၌ ပြသွားမည်။

စေတီတည်ထား၊ ကိုးကွယ်ငြား၊ ၄-ပါးပုဂ္ဂိုလ်အပ်။ ။ ဖေါ်ပြပါ လေးပါးသောပုဂ္ဂိုလ်တို့ကို စေတီတည်ထားကိုးကွယ်ထိုက်ကြောင်းနှင့် မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ လာရှိ၏။
၁ ပူဇော်အထူးကိုခံတော်မူထိုက်သောဘုရားရှင်၊
၂ ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓါအရှင်များ၊
၃ သီလ၀န္တဖြစ်သော မြတ်စွာဘုရား၏ တပည့်သားများ၊
၎ စကြာရတနာ ၇-ပါးနှင့်ပြည့်စုံသော စကြာမင်း။

စေတီတော်ကိုး၊ မြတ်ပုထိုး၊ ၂-မျိုးခွဲခြားသိ။ ။ စေတီနှင့်ပုထိုးကို ခွဲခြားသိစေရန်ဆိုသည်။
၁ စေတီတော်-မုခ်ပေါက် လိုဏ်ဂူမပါသောစေတီမျိုး၊ ပုံ- ရွှေတိဂုံ၊ ရွှေစည်းခုံ၊ ရွှေဆံတော်တို့လို၊
၂ ပုထိုးတော်မုခ်ပေါက် လိုဏ်ဂူပါသော စေတီမျိုး၊ ပုံ- သဗ္ဗညု၊ အာနန္ဒာ၊ ကော်တော့ပလ’င်တို့လို။

စေတီထိပ်ဖျား၊ ငှက်မြတ်နား၊ တင်ထား ငှက် ၄-မျိုး။ ။ ၎င်းင်းသရုပ်ကို (ငှက်မြတ်နားတွင်၊ ထုံးတမ်းဝင်၊ ၄-အင်ငှက်မျိုး အဘယ်နည်း)ဟူသော ပြဿနာ၌ ဆိုခဲ့ပြီ။

စေတီထိုက်စွာ၊ ပုဂ္ဂလာ၊ ၂-ဖြာ ခွဲခြားသိ။ ။ ဒုကင်္ဂုတ္တရ။ ပါ။ ၇၆။ ဋ္ဌ၊ ၅၁။ သေပြီးနောက်၌ ကျန်ရစ်သော အလောင်းဓါတ်ရုပ်ကို စေတီတည်ထိုက်သူမျိုး ၂-ပါး။
(၁) သမ္မာသမ္ဗုဒ္ဓ- မြတ်စွာဘုရားသခင်၏ အလောင်းတော် ရုပ်ကလာပ်။
(၂) ရာဇ စက္က၀တ္တီ- စကြာမင်း၏ အလောင်းတော်ရုပ်ကလာပ်။

စေတီထိုက်သော ပုဂ္ဂိုလ်မြတ် ၄-ပါး၊ တစ်နည်း။ ။ ၎င်းင်းတို့၏ သရီရဓါတ်များကို စေတီတည်ထားကိုးကွယ်ခြင်းများပြု၍ သုခချမ်းသာရရှိနိုင်သည်ဟူ၏၊ သုတ်မဟာဝါ။ ပါ။ ၁၁၇၊ အင်္ဂုတ္တရ။ ပါ။ ပ-အုပ်။၇၆။ ၅၆၇။ ၎င်းင်း။ ဋ္ဌ။ ဒု။ ၅၁။ တို့၌ အကျယ်ရှုပါ။
၁- သမ္မာသမ္ဗုဒ္ဓ၊
၂ ပစ္စေကဗုဒ္ဓါ၊
၃ ရဟန္တာ၊
၎ စကြာဝတေးမင်း။

စေတီ ၃-ပါး ထူးအပြား။ ။ ခုဒ္ဒကပါဌ။ ပါ။ ၁၀။ ဋ္ဌ။ ၁၈၈ ၌အကျယ်ရှု။ ရိုသေလေးစားအပ်သော အရာဝတ္ထုများ။
၁ သာရီရိကစေတီ- မြတ်စွာဘုရား၏ ကိုယ်တော်ဒြပ်မှ ဖြစ်သမျှဓါတ်တော်တို့ကိုခေါ်သည်၊ "သရီရစေတီ" လည်းဟူ၊
၂ ပရိဘောဂစေတီ ဗောဓိပင်နှင့်တကွ မြတ်စွာဘုရား၏ အသုံးအဆောင်တော် ပရိက္ခရာစသည်ကို ခေါ်သည်၊
၃ ဥဒ္ဒိဿစေတီ မျက်ကွယ်ကမှန်းဆရည်ရွယ်အပ်သော ၃၂-ပါးသော လက္ခဏာတော်ကြီး, ၈၀-သောလက္ခဏာတော်ငယ်, ရောင်ခြည်တော် ၆-သွယ်နှင့် တင့်တယ်စမ္ပါယ်တော်မူသော မြတ်စွာဘုရား၏ ရူပါရုံ "အဆင်းတော်"သို့မဟုတ် "ဗုဒ္ဓပဋိမာ ဥဒ္ဒိဿက စေတီယံ"ဟူသော ခုဒ္ဒကပါဌ အဋ္ဌကထာအရ "ရုပ်ပွားဆင်တုတော်, ကောင်းမြတ်သာယာသောအသံတော် အနန္တဂုဏ်တော်"တို့ကို ခေါ်သည်။
မှတ်ချက်။ ။ ဤသုံးပါးကား တေရသနိပါတ် ကာလိင်္ဂဗောဓိဇာတ်လာ အနာထပိဏ် သေဋ္ဌေး တောင်းပန်၍ ရှင်အာနန္ဒာ လျှောက်ထားသဖြင့် သာဝတ္ထိပြည်မှာ ဘုရား ခွင့်ပြုတော်မူသော စေတီတို့တည်း။ အချို့ကား "ဓမ္မစေတီ"ထည့်၍ စေတီလေးပါးဟု ရေတွက်ကြလေသည်။၊ (ပဋိစ္စ သမုပ္ပါဒါဒိ လိခိတ ပေါတ္ထကေ နိဓဟိတွာ ကတံ ပန ဓမ္မစေတီယံနာမ) ပဋိစ္စသမုပ္ပါဒ်စသော တရားဒေသနာတို့ကို ရေးအပ်သော ပေ, ရွှေပြား, ငွေပြား, စသည်များကို သိုမှီးဌာပနာ၍ပြုအပ်သော
စေတီသည် 'ဓမ္မစေတီ'မည်၏ ဟူ၍ သာရတ္ထဒီပနီဋီကာဆရာ မိန့်တော်မူသည်။

စေတီပါဒ ၃ ဌာန။ ။ ၎င်းင်းသရုပ်ကို (စက်တော်ရာ ၃-ဆူ)၌ ရှုပါ။

စေတီပုထိုး တန်ခိုးပြခြင်းမျိုး ၃-ပါး။ ။ မိလိန္ဒပဥှာ ပါဠိတော်။ ၂၉၇။ စေတိယပါဋီဟာရိယ ပဥှာခန်း။
(၁) ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ အသက်ရှိစဉ်ကာလက ငါ၏အရိုးဓါတ်တော်စသည်မှ တန်ခိုးပြစေသတည်း ဟု အဓိဋ္ဌာန်ခဲ့ခြင်းမျိုး။
(၂) ထိုစေတီတော်တို့၌ သဒ္ဓါကြည်ညိုမှုလွန်ကဲသော အမျိုးကောင်းသားသမီးတို့က ပူဇော်ဖွယ်အမျိုးမျိုးတို့ဖြင့် ပူဇော်ပသ၍ တန်ခိုးပြတော်မူပါဟု အဓိဋ္ဌာန်သောကြောင့် ပြခြင်းမျိုး။
(၃) သာသနာတော် စည်ပင်ထွန်းကားရေးအတွက် နတ်များကအဓိဋ္ဌာန်သောကြောင့်ပြခြင်းမျိုး ဟူ၏။

စေတာ ၀ိနိဗန္ဓတရား ၅-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၉၈။ ဋ္ဌ။ ၂၁၄။ စိတ်ကို ဘာဝနာအလုပ်သို့မရောက်အောင် ဖွဲ့နှောင်သောတရားငါးပါး။
၁ ပစ္စည်းလေးပါး၌သာယာသော တဏှာ၊
၂ မိမိကိုယ်ခန္ဓာ၌သာယာသော တဏှာ၊
၃ စားမှုအိပ်မှု၌အလေးဂရုပြုသော တဏှာ၊
၎ ကိုယ်ရည် အဆင်းအသွေးလှပရေး၌ တက်မက်သောတဏှာ၊
၅ မိမိ၏ရဟန်းသီလဖြည့်ကျင့်မှုသည် ယခုဘ၀၌နိဗ္ဗာန်ရရန်မဟုတ် အစားချောင် ကုသိုလ်ရ လူနတ်ဘ၀ရရုံမျှဟု စိတ်ထားခြင်း။

စောင်းကောက်တီးရိုး၊ ၁၄ ကြိုး၊ အမျိုးအမည်သိ။ ။ စောင်းကောက်ကြိုးတပ်ရာ၌ ရှေးက ၃ကြိုး၊ ၇ ကြိုး၊ ၁၃ ကြိုးတပ်ခဲ့ကြရာ၊ ယခုမှာ ၁၄ ကြိုးထိရှိနေကြောင်းနှင့် သိရ၏၊ ထိုစောင်းကြိုးတို့တွင် အောက်ဆုံးကြိုးက စ၍ အထက်သို့ရေတွက်ခေါ်ပုံအမည်များကား။
၁ သံဖျားကြိုး၊
၂ သံချပ်ကြိုး၊
၃ တျာကြိုး၊
၎ တျေကြိုး၊
၅ တျောကြိုး၊
၆ သုံးပင်ဒုံးလက်ညှိုး၊
၇ ဒုံးနှစ်ပင်လက်ညှိုး၊
၈ ဒုံးလက်ညှိုး၊
၉ ငါးပင်ဒုံးကြိုး၊
၁၀ လေးပင် ဒုံးကြိုး၊
၁၁ သုံးပင်ဒုံးကြိုး၊
၁၂ နှစ်ပင်ဒုံးကြိုး၊
၁၃ အထက်ဒုံးကြိုး၊
၁၄ ပုလဲကြိုး။

စောင်းသံအပြား ၇ ပါး။ ။ ၎င်းင်းသရုပ်ကို (အသံ ၇-ပါး)၌ ဆိုခဲ့ပြီ။

စောဒကကျင့်ဝတ် ၅ ပါး။ ။ ၀ိနည်းအရ တရားလိုခေါ် စောဒကပုဂ္ဂိုလ်တို့လိုက်နာရန် ကျင့်ဝတ် ၅-ပါး။
၁ ကာလေန- သင့်လျော်သောကာလ၌သာ ပြောဆိုရခြင်း၊
၂ ဘူတေန- ဟုတ်မှန်သောစကားဖြင့်သာ ပြောဆိုရခြင်း၊
၃ သဏှေန- နူးညံ့သိမ်မွေ့သောစကားဖြင့်သာ ပြောဆိုရခြင်း၊
၎ အတ္ထသံဟိတ- အကျိုးနှင့် စပ်သောစကားဖြင့်သာ ပြောဆိုရခြင်း၊
၅ မေတ္တာစိတ္တ- မေတ္တာစိတ်ဖြင့်သာ ပြောဆိုစွပ်စွဲရခြင်း။

စောဒနာခြင်း နည်း ၃-ပါး။ ။ အာပတ်ဖြင့်စွဲချက်တင်ခြင်း ၃-ပါး။ ပါရာဇိကအဋ္ဌကထာ ဒု။
၁ ဒိဋ္ဌစောဒနာ- မြင်ခြင်းဖြင့်စောဒနာမှု၊
၂ သုတစောဒနာ- ကြားခြင်းဖြင့်စောဒနာမှု၊
၃ ပရိသင်္ကာ- မသင်္ကာခြင်း ရွံရှာခြင်းဖြင့် စောဒနာမှု။

စောဒနာမျိုး ၄-ပါး။ ။ ၀ိနည်းအရာ စောဒနာခြင်း ၄-ပါး။
၁ ၀တ္ထုသန္ဒဿန စောဒနာ- မေထုန်မှု ခိုးမှု လူသတ်မှု စသော ၀တ္ထုပြု၍စောဒနာခြင်းမျိုး၊
၂ အာပတ္တိ သန္ဒဿန စောဒနာ- အာပတ်တင်ပြ၍ စောဒနာခြင်းမျိုး၊
၃ သံဝါသ ပဋိက္ခေပ စောဒနာ- ဥပုသ်ကံစသည် မပေါင်းဖေါ်ခြင်း အတူမပြုခြင်းမျိုး၊
၎ သာမိစိပ္ပဋိက္ခေပ စောဒနာ- အရိုအသေပေးမှု ရှိခိုးမှုစသည် မပြုခြင်းမျိုး။

စွန့်ခြင်းကြီး ၅-ပါး။ ။ ဇာတ် အဋ္ဌကထာ။ သတ္တမအုပ်။ ၃၃၃-၌ အကျယ်ရှုပါ။ သမ္မာသမ္ဗောဓိဆုပန် အလောင်းတော်များ လိုက်နာကျင့်ကြံအားထုတ်ရသည့် ပါရမီဖြည့်ခြင်းဆိုင်ရာ စည်းမျဉ်းကြီးငါးချက်။
၁ ဓနပရိစ္စာဂ- စွန့်နိုင်ခဲလှစွာသော မင်းစည်းစိမ် ရတနာ, ဆင်, မြင်း စသည်ကိုစွန့်ခြင်း၊
၂ အင်္ဂ ပရိစ္စာဂ- ခြေလက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းကိုစွန့်ခြင်း၊
၃ ပုတ္တ ပရိစ္စာဂ- သားတော်သမီးတော်တို့ကိုစွန့်ခြင်း၊
၎ ဘရိယ ပရိစ္စာဂ- မယားကိုစွန့်ခြင်း၊
၅ ဇီဝိတ ပရိစ္စာဂ- မိမိအသက်ကိုစွန့်ခြင်း။ မှတ်ချက်။ ။ ဤအရာနှင့်ပတ်သတ်၍ ထိုထိုအဋ္ဌကထာ ဋီကာစသောကျမ်းဂန်အစောင်စောင်တို့၌ ၀ါဒအမျိုးမျိုး မတူကွဲပြားခြားနား စွာယူပုံကို ဓမ္မပဒ၊
မဟာဋီကာ၌ ရှုပါ။

စွယ်တော် ၄ ဆူ၊ သဒ္ဓါဖြူ၊ ပင့်ယူ ၄ ဌာန။ ။ မြတ်စွာဘုရားရှင် စွယ်တော်ဓါတ် ၄-ဆူကို ပင့်ယူကိုးကွယ် တည်ထားရာ ဌာနကြီး ၄-ပါးကိုမေးလိုရင်းဖြစ်၏၊ ၎င်းင်းအဖြေကို (အသမ္ဘိန္န၊ ဓါတ်မြတ်လှ၊ ပင့်ကြွ ၆ ဌာနာ) ဟူသောပုစ္ဆာ၌ ပြန်ရှုပါ။

ပေးမကုန် လှူမခန်း မြတ်ရဟန်း၏ ဆွမ်း

မြတ်ဗုဒ္ဓ၏ တပည့်သား ရဟန်းတော်များသည် ၀ါလကျွတ်၍ ကထိန်ခင်းပြီးသောအခါ လူများစွာ၏ စီးပွားချမ်းသာအလို့ငှါ တရားဟောကြားရန် တနေရာမှ တနေရာသို့ ဒေသစာရီ ကြွချီတော်မူလေ့ရှိကြသည်။

တရံရောအခါ သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံက ၀ါလကျွတ်၍ ဒေသစာရီ ကြချီလာသော ရဟန်းတော်ငါးဆယ်သည် မဟာဂီရိရွာအနီး ညောင်ပင်ကြီးအောက်သို့ ရောက်ရှိလာ၏။ ဆွမ်းခံချိန်ဖြစ်သည့်အတွက် သပိတ်ဆေး၊ သင်္ကန်းရုံပြီးလျှင် ဆွမ်းခံသိက္ခာပုဒ်တော်နှင့်အညီ ရွာတွင်းသို့ အသီးသီး ဆွမ်းခံဝင်ကြသည်။

သို့သော်လည်း တပါးမျှ ဆွမ်းတဇွန်းစာ မရချေ။ ဆွမ်းမပါသော သပိတ်ကို ပွေ့လျက် စုရပ်ဖြစ်ရာ ရွာထိပ် ညောင်ပင်ကြီးဆီသို့ ပြန်ကြွလာကြ၏။

ငါတို့၏ဘုဉ်းကံသည် ဤမျှလောက် နည်းပါးလေစွတကား-ဟုအသီးသီး သံဝေဂ ဖြစ်မိကြ၏။ ထိုစဉ် ရွာခံ ရဟန်းတပါးသည် ရွာတွင်းဆွမ်းခံဝင်ရန် ခပ်လှမ်းလှမ်းမှ ကြွလာသည်ကို မြင်တွေ့ကြ၏။ ညောင်ပင်အောက်ရောက်သောအခါ ထိုရွာခံရဟန်းက အရှင်ဘုရားတို့၊ ဆွမ်းများပြည့်စုံကြရဲ့လား ဘုရား-ဟု မေးလျှောက်၏။

ဆွမ်းတဇွန်းမျှ မရကြပါ ငါ့ရှင်-ဟု မထေရ်ကြီးက သံဃာများကိုယ်စား မိန့်ကြား၏။
အရှင်ဘုရား ဆွမ်းအတွက် ကြောင့်ကြစိုးရိမ်တော်မမူပါနှင့်။ တပည့်တော် ပြန်လာသည့်တိုင်အောင် ဤနေရာက စောင့်တော်မူပါဘုရား။ တပည့်တော် ဆွမ်းခံသွားပါတော့မည်-ဟု လျှောက်ထားသောအခါ ရဟန်းငယ်တပါးက ဟုတ်မှလဲ လုပ်ပါ ကိုယ်တော်၊ တပည့်တော်တို့အားလုံး ရွာထဲ အိမ်ပေါက်စေ့ နှံ့နေပါပြီ။ ရဟန်းငါးဆယ် ဆွမ်းခံတာတောင် တဇွန်းမျှ မရတာ။ ကိုယ်တော်တပါးတည်း ဖြစ်နိုင်ပါ့မလား-ဟု မေးလျှောက်၏။

အရှင်ဘုရား၊ ရွာခံရဟန်းတို့မည်သည် ဆွမ်းခံရာလမ်းကိုလည်း သိ၏။ လောင်းနေကျအိမ်ကိုလည်းသိ၏။ အထူးတလည် ပြုလုပ်လှူဒါန်းသူကိုလည်း သိ၏-ဟု ပြောဆိုပြီး ဆွမ်းခံဝင်လေ၏။
နေ့စဉ် ဆွမ်းခံရန် ပင့်လျှောက်ထားသောအိမ် (ထိုင်အိမ်) ရှိ အိမ်ကြီးရှင် ဒကာမတဦးသည် နို့ဃနာဆွမ်းများ ပြင်ဆင်ပြီး ရဟန်းတော်လာနေကျဖြစ်သောလမ်းကို လှမ်းမျှော်ကြည့်လျက် စောင့်နေ၏။

ရဟန်းတော် အိမ်ပေါက်ဝ ရောက်လျှင် ဆီးကြိုကာ သပိတ်ယူပြီး နို့ဃနာဆွမ်းတို့ သပိတ်ပြည့်မျှ ဆက်ကပ်လှူဒါန်း၏။ ရဟန်းတော်သည် တဦးတည်း သပိတ်အပြည့် လှူသော နို့ဃနာဆွမ်းကို အလှူခံပြီး ငြိမ်သက်သောဣနြေ္ဒဖြင့် ရဟန်းငါးဆယ်ရှိရာ ရွာထိပ်ညောင်ပင်သို့ ပြန်ကြွလာ၏။

ရဟန်းတော်ငါးဆယ်သည် ယခုပင် ဆွမ်းခံဝင်၊ ယခုပင် ပြန်ကြွလာသော ရွာခံရဟန်းတော်၏ အခြင်းအရာကို အံ့သြစွာကြည့်ရှုကြသည်။
ငါ့ရှင်တို့၊ ငါတို့သည် သီလသိက္ခာပြည့်စုံ၍ အိမ်ပေါက်စေ့ ကြာမြင့်စွာ ဆွမ်းခံလျက် ဆွမ်းတဇွန်းမျှ မရ။ ဤရဟန်းကား ယခုသွား၊ ယခုပြန်လာကာ မွန်မြတ်သောဆွမ်းကို သပိတ်အပြည့် ရခဲ့ပြီ။ စင်စစ် ဤရဟန်း ရသောဆွမ်းသည် ဓမ္မိယလဒ္ဓ တရားသဖြင့် ရသောဆွမ်း မဖြစ်တန်ရာ မဘုဉ်းပေးကြကုန်လင့်။

ထိုအခါ ရွာခံရဟန်းတော်က အရှင်ဘုရားတို့၊ သံသယကင်းစွာ ဘုဉ်းပေးတော်မူကြပါ၊ ဓမ္မိယလဒ္ဓ တရားသဖြင့် ဆွမ်းခံရသော ပစ္စည်းဖြစ်ပါသည်ဘုရား-ဟု လျှောက်ထားရင်းပင် သပိတ်လုံးရေ ငါးဆယ်တွင်းသို့ ဆွမ်းအပြည့်စီ ထည့်၍ လောင်းလှူလေ၏။ ရွာခံရဟန်း၏ သပိတ်သည် ပြည့်မြဲတိုင်း ပြည့်လျက်သာ ရှိ၏။

ငါ့ရှင် အရှင်သည် ရဟန္တာလော၊ လောကုတ္တရာတရားကို ဘယ်အချိန်က သိရှိခဲ့သနည်း-ဟု မေးမြန်းကြ၏။ တပည့်တော် ရဟန္တာ မဟုတ်ပါ။ လောကုတ္တရာတရားကိုလည်း ထိုးထွင်းမသိသေးပါ။ ပုထုဇဉ်သာ ဖြစ်ပါသည်ဘုရား။

ဒါဖြင့် တန်ခိုးအဘိညာဉ်ကို ဘယ်အခါက ရရှိသနည်း။
မရရှိသေးပါဘုရား။
ထိုသို့ မရရှိပါဘဲ မည်သည့်အစွမ်းတန်ခိုးကြောင့် ငါ့ရှင်၏သပိတ်ထဲက ဆွမ်းသည် ပေးမကုန်၊ လှူမခန်း ဖြစ်ရလေသနည်း။
တပည့်တော်သည် နေ့ရက်မပျက် ဆွမ်းခံ၍ ရသမျှဆွမ်းကို မြင်သမျှရဟန်းများအား ဣဿာမစ္ဆေရ ကင်းသောစိတ်ထားဖြင့် ၁၂-နှစ်တိုင်တိုင် ပေးလှူ၍ သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်ခဲ့ပါသည်။ ထိုကဲ့သို့ ဆွမ်းခံ၍ ဆွမ်းများ ပြန်လှူဒါန်းသော သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်အောင်မြင်သောနေ့မှစ၍ တပည့်တော်၏ သပိတ်တွင်းက ဆွမ်းကို ရဟန်းငါးဆယ် မဆိုထားဘိ ရဟန်းတသိန်းလှူသည့်တိုင်အောင် မကုန်ခန်းဘဲ ပြည့်မြဲတိုင်းသာ ရှိပါသည်ဘုရား-ဟု လျှောက်ထား၏။

မထေရ်ကြီးက သာဓု သာဓု သာဓု၊ ငါ့ရှင်တောင့်တသော နိဗ္ဗာန်ချမ်းသာကို လွယ်ကူလျင်မြန်စွာ ရရှိနိုင်ပါစေ- ဟု အနုမောဒနာပြု၏။ ကျန်ရဟန်းများကလည်း ၀မ်းမြောက်ပြုံးရွှင်စွာ တသက်မက အမှတ်ရထိုက်သော စကားတို့ဖြင့် နှုတ်ဆက်ကြပြီးလျှင် ဆက်လက်၍ ဒေသစာရီကြွချီ၍ သွားကြလေသတည်း။
ကျမ်းကိုး။ ။အင်္ဂုတ္တရနိကာယ်။

ငါးရာနှစ်ဆယ်ရှစ်သွယ် မေတ္တာ

အချို့သူများသည် ချစ်ခြင်းမေတ္တာကို စကားစပ် ပြောဆိုရာ၌ အရေအတွက်အားဖြင့် ၁၅၀၀ နှင့် ၅၂၈-ကို နှိုင်းယှဉ်တတ်ကြသည်။ ထိုသူများသည် မေတ္တာ၏ အရင်းခံသဘောကို လေးနက်စွာ မစဉ်းစားဘဲ အယူအဆလွဲကာ တမျိုးတစားတည်း ထား၍ ပြောဆိုနေကြပုံရသည်။

စင်စစ်အားဖြင့် ထိုနှစ်မျိုးသည် အလွန်ကွဲပြား ခြားနားသည်။
၁၅၀၀-ဟူသည် ညစ်ညမ်းသော ကိလေသာတရားများပေါ်တွင် မူတည်၍ ရေတွက်ထားခြင်း ဖြစ်သည်။
၅၂၈-သည် သန့်ရှင်းစင်ကြယ်သော စိတ်ကောင်း စိတ်မြတ်ပေါ်တွင် မူတည်သည်။ မေတ္တာစိတ်ရှိသူ၏ မျက်နှာသည် လန်းဆန်းကြည်လင်၍ ကြည်ညိုလေးစားဖွယ်အသွင်ကို ဆောင်သည်။

မြတ်ဗုဒ္ဓသည် မေတ္တာပွားနည်းကို အသွယ်သွယ်ဖော်ပြ နည်းညွှန်ခဲ့ရာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်တွင် ဟောတော်မူခဲ့သော ငါးရာနှစ်ဆယ်ရှစ်သွယ်သော မေတ္တာသည်လည်း မေတ္တာပွားနည်း တနည်း ဖြစ်ပါသည်။

သတ္တ၀ါကို မည်သူမည်ဝါ ယောက်ျား-မိန်းမ စသည်ဖြင့် အထူးမရည်ညွှန်းဘဲ သာမညပို့သောမေတ္တာကို အနောဓိသ မေတ္တာ-ဟုခေါ်၏။
မိန်းမ နှင့်ယောက်ျားကို တကန့်စီ၊ အရိယာနှင့် ပုထုဇဉ်ကို တကန့်စီ၊ နတ်-လူနှင့် အပါယ်သတ္တ၀ါကို တကန့်စီ အထူးရည်ညွှန်းလျက် ပို့ရသောမေတ္တာကို သြဓိသ မေတ္တာ-ဟုခေါ်၏။

အနောဓိသ မေတ္တာ ၅-မျိုးမှာ-
(၁) သဗ္ဗေ သတ္တာ-အလုံးစုံသော သတ္တ၀ါတို့
(၂) သဗ္ဗေ ပါဏာ-အလုံးစုံသော အသက်ရှိသူတို့
(၃) သဗ္ဗေ ဘူတာ-အလုံးစုံသော ထင်ရှားဖြစ်သူတို့
(၄) သဗ္ဗေ ပုဂ္ဂလာ-အလုံးစုံသော ပုဂ္ဂိုလ်တို့
(၅) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ-ခန္ဓာကိုယ် အတ္တဘောရှိသူအားလုံးတို့

သြဓိသ မေတ္တာ ၇-မျိုးမှာ-
(၁) သဗ္ဗာ ဣတ္ထိယော-အလုံးစုံသော မိန်းမတို့
(၂) သဗ္ဗေ ပုရိသာ-အလုံးစုံသော ယောက်ျားတို့
(၃) သဗ္ဗေ အရိယာ-အလုံးစုံသော အရိယာတို့
(၄) သဗ္ဗေ အနရိယာ-အလုံးစုံသော ပုထုဇဉ်တို့
(၅) သဗ္ဗေ ဒေ၀ါ-အလုံးစုံသော နတ်တို့
(၆) သဗ္ဗေ မနုဿာ-အလုံးစုံသော လူတို့
(၇) သဗ္ဗေ ၀ိနိပါတိကာ-အလုံးစုံသော အပါယ်သတ္တ၀ါအပေါင်းတို့

ထိုနှစ်ခုပေါင်း ၁၂-ဦးကို မေတ္တာပို့ ၄-မျိုးနှင့် ဆက်စပ်ပြီး မေတ္တာပွားရသည်။
ယင်း ၄-မျိုးမှာ-
(၁) အဝေရာ ဟောန္တု-ဘေးရန် ကင်းကြပါစေ
(၂) အဗျာပဇ္ဇာ ဟောန္တု-စိတ်ဆင်းရဲ ကင်းကြပါစေ
(၃) အနီဃာ ဟောန္တု-ကိုယ်ဆင်းရဲ ကင်းကြပါစေ
(၄) သုခီအတ္တာနံ ပရိဟရန္တု-ချမ်းသာစွာ မိမိခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

အနောဓိသ သြဓိသ ၁၂-မျိုးကို မေတ္တာပို့ အခြင်းအရာ ၄-မျိုးနှင့် မြှောက်ပွားပါက မူလအခြေခံ မေတ္တာ ၁၂-၄=၄၈ မျိုးရ၏။
ယင်း ၄၈-မျိုးကို အရပ် ၁၀-မျက်နှာဖြင့် မြှောက်လျှင် ၄၈-၁၀=၄၈၀ ရသည်။
ယင်း ၄၈၀ ကို အရပ်မျက်နှာဖြင့် ပိုင်းခြားပြီး ပွားများရသော မေတ္တာဖြစ်ခြင်းကြောင့် ဒိသာဖရဏမေတ္တာ-ဟု ခေါ်သည်။
ဤ ၄၈၀-ကို အထက်တွင် ပြခဲ့သော အရပ်မျက်နှာမထည့်ဘဲ ပွားများရသောမေတ္တာ ၄၈-ပါးနှင့် ပေါင်းလျှင်
( ၄၈၀+၄၈=၅၂၈ ) ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ ဖြစ်သည်။

ဤပွားနည်းကို ကြည့်ပါက အလွန်စင်ကြယ်သောစိတ်ဓာတ် ဖြန့်ကြက်လွှမ်းခြုံထားပုံကို အထင်အရှား တွေ့မြင်နိုင်ပါသည်။

ကိလေသာ ၁၀-ပါးကို အခြေခံထားသော ၁၅၀၀-နှင့် ၅၂၈ ကွားခြားပုံကို သတိပြုတော်မူနိုင်ကြပါစေ။ စစ်မှန်သော မေတ္တာတရား ပွားများနိုင်ကြပါစေ။

ပပဉ္စတရား

ရှည်လျားလှသော ဘ၀သံသရာတွင် ပုထုဇဉ်သတ္တ၀ါ အနန္တတို့သည် သံသရာနယ်ချဲ့တရားတို့၏ ပြုပြင်မှု၊ လွှမ်းမိုးမှုကို အမြဲထာဝရ ခံနေကြရသည်။ ၃၁-ဘုံတည်းဟူသော လောကမှလည်း မလွတ်မြောက်နိုင်ဘဲ တ၀ဲလည်လည် ခံစံနေကြရသည်။ မြတ်ဗုဒ္ဓသည် သံသရာရှည်စေသော အကြောင်းများစွာကို သတ္တ၀ါတို့၏ စရိုက်အားလျော်စွာ ၄၅-၀ါပတ်လုံး အမျိုးမျိုးဖွင့်ပြ၍ ရှင်းလင်း ဟောကြားတော်မူသည်။

ထိုသို့ဟောကြားရာတွင် အရင်းခံဖြစ်သော အယူအစွဲများကိုလည်း ညွှန်ပြတော်မူခဲ့၏။ ယင်းတို့မှာ လူတိုင်းတွင် အနုသယအနေနှင့် ရှိနေကြသော ထင်သုံးလုံး ဖြစ်သည်။ လူတကိုယ် ထင်တတလုံး-ဟုလည်း ပြောစမှတ်ပြုကြ၏။ တရားသဘောအရ လူတကိုယ် ထင်တလုံး ရှိနေကြပါသည်။
၁။ မိမိကိုယ်ကို မိမိပိုင်သည်ဟု ထင်နေသော တဏှာ-ထင်တလုံး။
၂။ ဤကိုယ်ကို ငါ-ဟု ထင်နေသော မာန-ထင်တလုံး။
၃။ ဤခန္ဓာကိုယ်မှာ ဘ၀တခုမှ ဘ၀တခုသို့ ပြောင်းသွားသော ၀ိညာဉ်ရှိ၏ဟု ထင်နေသော ဒိဋ္ဌိ-ထင်တလုံး။

ထိုထင်သုံးလုံးသည်သံသရာရှည်စေသော နယ်ချဲ့အစွဲများ ဖြစ်သည်။ ယင်းထင်သုံးပါးဖြစ်သော တဏှာ-မာန-ဒိဋ္ဌိသည် သတ္တ၀ါတို့အား သံသရာ၌ ရှည်မြင့်စွာ စုန်ဆန်လှည့်လည်စေတတ်သောကြောင့် ပပဉ္စ-အမည် ပေးတော်မူခဲ့သည်။ မာန်ယစ်စေသော အခြင်းအရာ၊ မေ့လျော့သော အခြင်းအရာ၊ အမှားကို နှလုံးသွင်းသူအဖြစ်သို့ ရောက်စေသောအခြင်းအရာကြောင့်လည်း ပပဉ္စ-အမည် ခေါ်ရသေး၏။

ယင်းပပဉ္စ တရားတို့၏ အစွမ်းဖြင့် သံသရာတွင် နစ်မွန်းနေကြရခြင်း၏ အကြောင်းရင်းမှာ နယ်ချဲ့ရန်သူကို မသိမြင်ခြင်း၊ သို့သော်လည်း ပယ်သတ်နည်းကို မသိခြင်း၊ နည်းကို သိသော်လည်း လေးနက်စွာ အားထုတ်ကျင့်သုံးမှု မရှိခြင်းတို့ ဖြစ်လေသည်။ ထို့ကြောင့် ရှေးဦးစွာ တဏှာ-မာန-ဒိဋ္ဌိ တို့၏ အကြောင်းခြင်းရာတို့ကို စေ့ငုစွာ နားလည်သိရှိရန် လိုအပ်ပေသည်။ အပြောလွယ်ပါ၏။ တကယ်သိရှိ နားလည်ရန် သဘောပေါက်ရန် မလွယ်ပါ။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုစိတ်ကို အဓိပတိတပ်၍ ဆရာကောင်း သမားကောင်းများထံ ဆည်းကပ်နည်းယူကာ စနစ်တကျ လေ့လာသင်ယူမှသာ သဘောပေါက်ပါမည်။

တဏှာသည် အနုသယအနေအားဖြင့် ကာမရာဂါနုသယ၊ ဘ၀ရာဂါနုသယ ဟူ၍ အမည်နှစ်မျိုး ခံယူလျက် သတ္တ၀ါတို့အား နယ်ချဲ့လျက်ရှိသည်။ ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်-သုံးဦး။ သို့မဟုတ်-အနာဂါမ်-ပါ လေးဦးတို့အား နယ်ချဲ့နိုင်၏။
မာနာနုသယသည် ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဟူ၍ လေးဦးတို့ကို တပြောင်းပြန်ပြန် ကျင်လည်စေသည်။
ဒိဋ္ဌာနုသယသည် ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ် တဦးကိုသာ နယ်ချဲ့စေနိုင်သည်။

အနည်းဆုံး သောတာပန်စခန်းရောက်အောင် ကြိုးစားအားထုတ်ထားလျှင် ဤပပဉ္စတရားသည် အလွန်ဆုံး ခုနစ်ဘ၀သာ နယ်ချဲ့နိုင်တော့သည်။ သို့ဖြစ်၍ ယခုကဲ့သို့ ဒုလ္လဘ လူ့ပဒေသာပင်ကို ရနေသော အချိန်ကာလကောင်းတွင် ပညာဉာဏ်ကြီးမား၊ ကရုဏာရှေ့ထား၍ ကြိုးစားသင်ကြားပေးနေကြသော ဆရာသမားကောင်းများကို ဆည်းကပ်လျက် သံသရာဝဋ်မှ ကျွတ်လွတ်ရေး၊ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ရေးကို ကြိုးစားတော်မူကြပါဟု နှိုးဆော်အားပေးလိုက်ရပါသည်။

မိန်းမတို့မရနိုင်သောဘ၀ထူးကြီး(၅)မျိုး

မိန်းမဇာတ်အသွင်ရှိသောမိန်းမတို့သည်
ဤဘ၀ထူးကြီး()မျိုးကိုမရနိုင်ပါ။
၁။ဘုရားအဖြစ်
၂။စကြာဝတေးမင်း
၃။မဟာဗြဟ္မာမင်း
၎။သိကြားမင်း
၅။မာန်နတ်မင်း
ဧဟိဘိက္ခူရဟန်းမအဖြစ်လဲမရနိုင်တော့ချေ။
ယခုအခါတွင် ရဟန်းမများမရှိသောကြောင်ဖြစ်သည်။
ဥပရိပဏ္ဏာသ-ပါဋ္ဌိတော်(စာမျက်နှာ-၁၁၀)

စေတီတည်ထိုက်သောပုဂ္ဂိုလ်(၄)မျိုး


၁။အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင် ကို စေတီတည်ထိုက်၏။

၂။ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။

၃။မြတ်စွာဘုရား၏ သာဝက (အရိယာ )ကို စေတီတည်ထိုက်၏။

၎။စကြာဝတေးမင်း ကိုစေတီတည်ထိုက်၏။

အဘယ်ကြောင့်စေတီတည်ထိုက်သနည်းဆိုမူကား..

၁။အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်၏ စေတီကို လူအများတို့သည်သဒ္ဒါရွှန်းစိုကြည့်ညိုကြကုန်သည်ရှိသော် ကိုယ်ခန္ဓာပြတ်ကြွေစုတေသည်မှနောက်`၌ကောင်းသောလားရာ

နတ်ရွာသို့ ရောက်ရကုန်၏။

၂။သစ္စာလေးပါတရားသိမြင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏စေတီတော် ကို

လူအများ က သဒ္ဒါရွှန်းစို ကြည်ညိုကြသည်ရှိသော်စုတေသည်မှနောက်

`၌နတ်ရွာသို့ရောက်ရကုန်၏

၃။မြတ်စွာဘုရား၏တပည့်သာဝက(အရိယာ)တို့၏ စေတီ ကိုလူအများ တို့ က

မြတ်စွာဘုရားရှင် ၏ တပည့် သာဝက အရိယာတို့ ၏ စေတီတည်း ဟု

ကြည့်ညိုကြသည်ရှိသော် စုတေ သည်မှနောက်`၌ နတ်ရွာသို့ ရောက်ရကုန်၏။

၎။စကြာဝတေးမင်း ၏ စေတီ ကိုတရားစောင့်သောတရားမင်း

(စကြာဝတေးမင်း)၏ စေတီ တည်းဟု လူအများတို့ က ကြည့်ညိုကြကုန် သည် ရှိသော်

စုတေ သည် ၏နောက်၌ နတ်ရွာသို့  ရောက်ရကုန်၏။

ဤ အကျိုးထူ ကိုစွဲ၍ ဖေါ်ပြပါပုဂ္ဂိုလ်(၄)မျိုးတို့ အား စေတီတည်ထိုက်၏။

(ကျမ်ကိုး=မဟာဗုဒ္ဓ၀င် (ပဉ္စမတွဲ-ဗုဒ္ဓရတနာခန်း)စာ-၄၄၃)

ပါရမီ ၁၀ ပါး

ပါရမီ ၁၀ ပါး (ဒသပါရမီ)
(၁) ဒါန = ပေးလှူခြင်း။
(၂) သီလ = သီလစောင့်ခြင်း။
(၃) နိက္ခမ = တောထွက်ခြင်း။
(၄) ခန္တီ = သည်းခံခြင်း။
(၅) အဓိဌာန = အဓိဌာန် ဆောက်တည်ခြင်း။
(၆) သစ္စာ = မှန်ကန်စွာ ပြောဆိုခြင်း။
(၇) ဝီရိယ = ထကြွလုံ့လရှိခြင်း။
(၈) ပညာ = ဉာဏ်နှင့် ပြည်စုံခြင်း။
(၉) မေတ္တာ = ချစ်ခြင်း။
(၁၀) ဥပေက္ခာ = လျစ်လျူရှုခြင်း။
မှတ်ချက်=သုခမှတ်စု

Feb 24, 2013

သီလရှင် စတင်ဖြစ်ပေါ်လာပုံ ...

သီလရှင်စတင်ဖြစ်ပေါ်လာပုံ၊ သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ ...မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။

ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင် စတင်ဖြစ်ပေါ် လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီ သာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံး တည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီ သာသနာ အကြောင်း ရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။

အဲဒီလို ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀) အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျု အမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ အဲဒီကနေ ပုဂံခေတ်၊ အင်းဝခေတ်အထိ သီလရှင်များ အဆက်ဆက် ထွန်းကားလာပြီး ကုန်းဘောင်ခေတ်ထိ ရောက်လာ ပါတယ်။ ကုန်းဘောင်ခေတ်တွင် မယ်ခေမာအမည်ရှိတဲ့ သီလရှင် မယ်ကင်းတို့ ခေတ်မှာ သီလရှင်များ ပိုမိုထင်ရှားလာပါတယ်။ အဲဒီလို ထင်ရှားလာရာကနေ တဖြည်းဖြည်းချင်း သီလရှင်ဝတ်ကြသူ အမျိုးသမီးများ ပေါများတာကြောင့် သီလရှင်များ ယခုအချိန်ထိ ထွန်းကားနေခြင်း ဖြစ်ပါတယ်။ ဒါကတော့ သီလရှင်စတင်ဖြစ်ပေါ်လာပုံပါ။

တစ်ခါ သီလရှင်ကို ယောက်ျားလေးများ၊ မိဘများက ရှိခိုးသင့်၊ ရှိမခိုးသင့်နဲ့ ပတ်သတ်ပြီး ပြောပြပေးရမယ်ဆိုရင်

သီလသိက္ခာပုဒ်အနည်းအများအပေါ်မူတည်ပြီး သီလနည်းသူက သီလများ သူကို ရှိခိုးရပါမယ်။ ဒါနဲ့စပ်ပြီး ရှင်းလင်းသွားအောင် မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ စကားတော်လေးပါ ပြောပြပေးပါမယ်။

မြတ်ဗုဒ္ဓ ဝေသာလီပြည်ကနေ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း တော်ကို ကြွတော်မူတဲ့အခါ ဆဗ္ဗဂ္ဂီရဟန်းများဟာ ဒါက ငါတို့ဥပဇ္ဈာယ်ဆရာအတွက်၊ ဒါက ငါတို့ကမ္မ၀ါစာ ဆရာအတွက်၊ ဒါက ငါတို့အတွက်ဆိုပြီး အိပ်ရာနေရာများ ဦးထားကြပါတယ်။ အဲဒီလိုဦးထားတဲ့အခါ ဇေတ၀န်ကျောင်းကို နောက်မှ ရောက်လာတဲ့ မထေရ်များအတွက် အိပ်ရာနေရာ မရှိကြဘဲ ဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ မြတ်ဗုဒ္ဓရဲ့ လက်ယာရံ၊ ဉာဏ်ပညာမှာ ဧတဒဂ်ရထားတဲ့ ရှင်သာရိပုတ္တရာရောက်လာတာကို အိပ်စရာနေရာမပေးဘဲ နေကြတာပါ။ ဒါနဲ့ သူတော်ကောင်း ဆိုတော့ ဘယ်သူကိုမှ ဒုက္ခမပေးဘဲ ရှင်သာရိပုတ္တရာဟာ မြတ်စွာဘုရားကျိန်းစက်ရာ ဂန္ဓကုဋီကျောင်းဆောင်နားက သစ်ပင်ရင်းမှာ ထိုင်ရင်း၊ စင်္ကြန်သွားရင်းနဲ့ ညဥ့်အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။

မနက်မိုးလင်းတော့ ဘုရားရှင်က ကျောင်းနားရပ်နေတာ “ဘယ်သူလဲ” လို့မေးတော်မူတဲ့အခါ ရှင်သာရိပုတ္တရာက “တပည့်တော် သာရိပုတ္တရာပါ ဘုရား” လို့ လျှောက်ပါတယ်။ ထိုအခါ ဘုရားရှင်က “ဘာ့ကြောင့်ဒီလို ဖြစ်ရတာလဲ”လို့ မေးတော့ ရှင်သာရိပုတ္တရာက ဖြစ်ကြောင်းကုန်စဉ် လျှောက်ထားလိုက်ပါ တယ်။ မထေရ်စကားကိုကြားရတဲ့အခါ မြတ်ဗုဒ္ဓက “ငါဘုရားရှိစဉ်မှာတောင် ရဟန်းတစ်ပါးနဲ့တစ်ပါး ရိုသေလေးစားခြင်း မရှိကြဘူး ဆိုရင်၊ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း ဘယ်လိုများ လုပ်ကြမှာလဲ” လို့ ဓမ္မသံဝေဂ ဖြစ်တော်မူပါတယ်။ ဒါနဲ့ ရဟန်းသံဃာတော်များကို စည်းဝေးစေပြီး “ရဟန်းတို့ ဘယ်ရဟန်းက နေရာဦး၊ ဆွမ်းဦးထိုက်ပါသလဲ၊ ဘယ်ရဟန်းကို အရိုသေပေးသင့်ပါသလဲ”လို့ ဘုရားရှင်က မေးတော်မူ ပါတယ်။ အဲဒီအခါ ရဟန်းတော်များက “အရှင်ဘုရား မင်းမျိုးကလာတဲ့ ရဟန်းကို အရိုသေ ပေးထိုက် ပါတယ်”၊ “ပုဏ္ဏားမျိုးကလာတဲ့ ရဟန်းကို အရိုအသေပေးထိုက် တယ်”၊ “သူဌေးကနေရဟန်းဖြစ်လာတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်” ဆိုပြီး လျှောက်ကြသလို တချို့က ပဌမဈာန်ရတဲ့ရဟန်း၊ တချို့က ဒုတိယ ဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ရတဲ့ရဟန်းကို အရိုအသေ ပေးထိုက် တယ်။ တချို့ကလည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ၊ အဘိညာဉ် ရတဲ့ ရဟန်းတော်များကို အရိုအသေပေးထိုက်တယ်ဆိုပြီး အမျိုးမျိုး လျှောက် တင်ကြ ပါတယ်။

အဲဒီလို အမျိုးမျိုးလျှောက်ကြတဲ့အခါ ဘုရားရှင်က “ရဟန်းတို့ အခုသင်တို့ ပြောတဲ့ မင်းမျိုး၊ သူဌေးမျိုးစတဲ့ရဟန်းများဟာ အဓိကမဟုတ်ဘူး။ အမှန်တော့ ငါဘုရားသာသနာတော်တွင်းမှာ အစဉ်အတိုင်း ကြီးသူကို ရှိခိုးခြင်း၊ ခရီးဦးကြို ဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း စတာတွေကို ပြုလုပ်ရမယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒါကြောင့် သီလ၊ သမာဓိ၊ ပညာဂုဏ်၊ အရွယ်ဂုဏ်ကြီး သူတို့ကို အစဉ်အတိုင်း ရိုသေလေးစားရှိခိုးရပါမယ်။ ဒါကြောင့် သီလဂုဏ် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို သီလသိက္ခာပုဒ်နည်းတဲ့သူက ရှိခိုးရမှာဖြစ်တဲ့အတွက် မိဘများက ငါးပါးသီလသာရှိပြီး၊ သီလရှင်က ရှစ်ပါး၊ ဆယ်ပါးသီလ ရှိတယ် ဆိုရင်တော့ မိဘက သီလရှင်ကို ရှိခိုးရပါမယ်။ တကယ်လို့ မိဘက ဆယ်ပါးသီလ ယူထားမယ် ဆိုရင်တော့ မိဘကို သီလရှင်က ရှိခိုးရပါမယ်။ ကျန်တဲ့ယောက်ျား၊ မိန်းမများကလည်း မိမိတို့က သီလရှင်ထက် သီလ ဆောက်တည်ထားတာ နည်းနေရင် ရှိခိုးရပါမယ်။ များသောအားဖြင့် သီလရှင်များဟာ ကိုးပါးသီလကို စတင်ဝတ်ကတည်းက ယူထားကြတာ များတဲ့အတွက် လူပုဂ္ဂိုလ်များက သူတို့ထက် သီလဆောက်တည် ထားတာ နည်းနေရင် ရိုသေလေးစား ရှိခိုးရပါမယ်။ တန်းတူဖြစ်နေရင်တော့ အသက် သိက္ခာငယ်သူက ရိုသေလေးစား ရှိခိုးခြင်းများ ပြုလုပ်ကြပါ။

ဒါပြင် မြတ်ဗုဒ္ဓက သူတစ်ပါးကို ရိုသေလေးစား ရှိခိုးခြင်းကြောင့် မိမိမှာ အပြစ် မရပါဘူး။ မိမိရှိခိုး ရိုသေလေးစားတဲ့ ပုဂ္ဂိုလ်ကသာ သူ့မှာ ရှိခိုးထိုက် တဲ့ဂုဏ်တွေ မရှိရင် အပြစ်ဖြစ်ပါတယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် မိမိတို့က သူတစ်ပါးကို ရိုသေပေးတာ၊ လေးစားတာ၊ ရှိခိုးတာဟာ မိမိအတွက် မကောင်းကျိုးမခံစားရဘဲ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ ဆိုတဲ့ ကောင်းကျိုးများသာရလို့ သူတစ်ပါးကို ရိုသေလေးစားမှုပြုဖို့ ၀န်းမလေးသင့်ပါဘူး။ မိမိက ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားခြင်း မပြုမိဘူးဆိုရင်သာ အဲဒီလူဟာ ဖြစ်လေရာမှာ နုံးချာတဲ့မျိုးနွယ်တွင် ပေါက်ဖွားလာရပြီး ဘ၀မှာ အမြဲတမ်းနုံခြာနေပါလိမ့်မယ်။ ဒါကြောင့် မာန်မာန ဆိုတာဟာ မထားသင့်တဲ့နေရာမှာ လုံးဝမထားမိဘဲ တစ်ခါတလေ နဂါးမှန်း သိအောင် အမောက်ထောင် ပြသင့်တဲ့နေရာသာ မာန်မာနကို ထားကြဖို့ လိုပါတယ်။ ဒါဟာလည်းတကယ်လိုအပ်တဲ့အခါမှသာ ထုတ်သုံးရမဲ့ စကားပုံ ဖြစ်ပါတယ်။ မလိုအပ်ဘဲ သွားသုံးမိရင် ဒီစကားပုံဟာလည်း မိမိကို ဒုက္ခ စပါယ်ရှယ် ပေးပါလိမ့်မယ်။

တစ်ဖန် သီလယူခြင်းနဲ့ပတ်သတ်ပြီး ပြောပြရမယ်ဆိုရင်
*************************************

သီလရှင်ဆရာလေးများဟာ ကိုးပါးသီလဆောက်တည်သူများ ဖြစ်ကြတဲ့အတွက် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ ယူချင်တဲ့လူများကို သီလပေးနိုင်ပါတယ်။ မြတ်ဗုဒ္ဓကလည်း အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ-ဥပုသ်သီလခံယူရာမှာ ရဟန်းထံဖြစ်စေ၊ ဘိက္ခုနီမထံဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံဖြစ်စေ သီလဆောက်တည်နိုင်ကြောင်း မိန့်ဆိုခဲ့ပါတယ်။

ဒါကြောင့် သီလရှိသူထံမှသာ သီလယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကို သိသူ၊ သီလကို အစဉ်မှန်မှန် အရှေ့ကတိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို
ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကိုအစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် အိမ်ရှေ့ဘုရားစင်မှာဖြစ်စေ၊ သွားရင်းလာရင်းလမ်းကြုံလို့
စေတီပုထိုးများရှေ့မှာဖြစ်စေ သီလဆောက်တည်လို့ ရပါတယ်။ သီလ ယူတဲ့အခါ မိမိဆောက်တည်ထားတဲ့သီလကို မကျိုးမပေါက်အောင် စောင့်ထိန်း မယ်ဆိုတဲ့ သန္ဒိဋ္ဌာန်ပြတ်သားဖို့သာ အဓိကကျပါတယ်။

များသောအားဖြင့် သီလယူတဲ့အခါမှာ ဘာ့ကြောင့် ရဟန်းသံဃာများထံ သီလယူရသလဲဆိုရင် မိမိသီလဆောက်တည်ထားတာကို ဆရာတော်များ၊ နဘေးလာရောက် သီလယူသူများ သိရှိကြတဲ့အတွက် မိမိသီလ ကျိုးပေါက်မဲ့ ဟာကို မလုပ်ဖြစ်အောင်လို့ပါ။ တကယ်လို့များ မိမိက သီလတစ်ပါးပါးကို ကျုးလွန်ချင်စိတ်ဖြစ်လာရင် “အော်-ငါသီလကျိုးရင် ငါ့ကိုအပြစ်ပြောမဲ့လူတွေ၊ ငါသီလကျိုးရင် ငါ့ကိုလူမိုက်လို့ ထင်မြင်မဲ့လူတွေ အများကြီးရှိပါလား”လို့တွေးမိပြီး မိမိသိက္ခာမကျအောင်၊ မိမိအရှက်မရအောင်ထိန်းတဲ့အနေနဲ့ သီလမကျိုးအောင် ထိန်းနိုင်ဖို့ရန် ဖြစ်ပါတယ်။ အဲဒီလိုတွေးမိပြီး သီလ မကျိုးအောင် စောင့်ထိန်းနိုင်တာဟာ လူသူပရိသတ်များတဲ့ နေရာမှာဝိုင်းစုပြီး ဆရာတော်များထံ သီလယူခြင်းရဲ့ အကျိုးကျေးဇူးပါ။ ဒါပြင် မိမိသီလ ယူတဲ့အခါ ကျောင်းကန်ဘုရားတို့မှာနေခြင်းကြောင့် အကုသိုလ်အမှုများကို တွေးတောကြံစည်ခြင်းနဲ့ အချိန်ကုန်မဲ့အစား တရားဘာဝနာပွားလို့ဖြစ်စေ၊ တရားနာလို့ဖြစ်စေ၊ တရားစာအုပ်ဖတ်လို့ဖြစ်စေ၊ အချင်းချင်း တရားစကား ဆွေးနွေးလို့ဖြစ်စေ အချိန်ကုန်လွန်စေအောင်လို့ ဘုန်းတော်ကြီး ကျောင်းများမှာ သွားပြီး သီလဆောက်တည်ခိုင်းခြင်း ဖြစ်ပါတယ်။


သီလရှင်လေးမျိုး
***********

ဒါနဲ့ ဒီနေရာမှာ ဆပ်စပ်မိလို့ သင်္ဂဇာဆရာတော်ရဲ့ သီလရှင်လေးပါးရှိကြောင်း ဥပမာသမူဟဂီရတ္တမကျမ်း၊ သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်မှာ မိန့်တော်မူခဲ့တာကိုလည်း အမှတ်ရတာနဲ့ ရေးသားလိုက်ပါတယ်။ သင်္ဂဇာ ဆရာတော်ဟာ ဒကာ၊ ဒကာမများရဲ့ ပင့်ဖိတ်မှုကြောင့် မန္တလေးကနေ ရန်ကုန်ကို ကြွလာတဲ့အခါ သီလရှင်ဆရာလေးများက ဆရာတော်ကို လှူဖွယ်များ လာရောက်လှူဒါန်းကြပါတယ်။ ဆရာတော်လည်း ဆရားလေး များကို စကားစပ်မိတာနဲ့ နင်တို့ မယ်သီလဘယ်နှစ်မျိုးရှိလဲဆိုတာ သိကြလား။ အဲဒီလိုမေးတော့ ဆရားလေးများလည်း ယောင်ဝါးဝါးဖြစ်နေပြီး တပည့်တော် တို့ မယ်သီလ ဘယ်နှစ်မျိုးရှိတယ်ဆိုတာ မသိပါဘုရားလို့ လျှောက်ကြပါတယ်။ ဒါနဲ့ ဆရာတော်က

(၁) ရှစ်ပါးသီလနှင့် ၀ိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်ပြီး ပရဟိတအလုပ် လုပ်တဲ့ သီလရှင်ကို မယ်သီလလို့ ခေါ်တယ်။

(၂) အရပ်တကာသို့ လှည့်ပတ်ပြီး အမြဲ ဆွမ်းဆန် အသပြာ အလှူခံနေကာ ကျောင်းတွင်းမှာ မနေတဲ့သီလရှင်ကို မယ်သီလေလို့ ခေါ်တယ်။

(၃) တောင်အရပ်နဲ့မတဲ့ပြန် မြောက်အရပ် သွားလိုက်။ တစ်ခါ မြောက်အရပ် သွားတော့ မြောက်အရပ်နဲ့ မတဲ့ပြန် ဖြစ်လိုက်။ တစ်ဖန် အရှေ့အရပ်နဲ့ မတဲ့ပြန် အနောက်အရပ်လန် ဖြစ်နေတဲ့ အရပ်လေးမျက်နှာမှာ အနေမမှန်တဲ့သီလရှင်ကို မယ်သီလံလို့ ခေါ်တယ်။

(၄) မိမိအဖော်များ တစ်ခြားသွားနေချိန် ဆန်လိုက်ခိုးပြီး မိမိထဲသို့ မရိုးသားတဲ့ နည်းနဲ့ ဆန်ခိုးရောတဲ့ သီလရှင်ကို မယ်သီလောလို့ ခေါ်တယ်။

ဒီလေးယောက်မှာ ပထမတစ်ယောက်သာ ချီးမွမ်းထိုက်တယ်။ အဲဒါကြောင့် နင်တို့လည်း မမိုက်ကြနဲ့ဟု ပြောဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါက သင်္ဂဇာ ဆရာတော် မိန့်ခဲ့တာကို ဒီနေရာမှာ ဆက်စပ်မိလို့ အမှတ်ရတာနဲ့ ရေးလိုက် တာပါ။ သိချင်လို့ မေးထားကြတဲ့ မေးခွန်းတွေထဲမှာတော့ မပါပါဘူး။

ယခုလောက်ဆို ရှင်းပြရင် သီလရှင် ဖြစ်ပေါ်လာပုံနဲ့ ပတ်သတ်တာက အစ သီလရှင် ဆိုင်ရာများကို အားလုံးနားလည် လောက်ပြီလို့ ထင်မြင်ပါတယ်။ အားလုံး ဗဟုသုတ အသိဉာဏ်များ တိုးပွားကြပြီး မိမိတို့ ပန်းတိုင်ကို လျင်မြန်စွာ လျှောက်လှမ်းနိုင်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ။

ဆရာတော် အရှင်ကောမလ(ခ) ဆန်နီနေမင်း

Feb 23, 2013

လောက (၃) ပါး ဆိုင်ရာသိမှတ်ဖွယ်များ

ဖြစ်ပျက်နေသော သဘောတရားများကို လောကဟု ခေါ်သည်။ ထိုလောကသည် -
(၁) သြကာသလောက
(၂) သတ္တလောက
(၃) သင်္ခါရလောက ဟု - (၃)ပါး အပြားရှိသည်။

(၁) သြကာသလောက
သတ္တ၀ါတို့၏ တည်ရာနေရာ ဘုံဌာနသည် သြကာသလောကမည်၏၊ ထိုသြကာသလောကသည် -
(က) ကာမ = ၁၁ ဘုံ
(ခ) ရူပ - ၁၆ ဘုံ
(ဂ) အရူပ - ၄ဘုံအားဖြင့် (၃၁)ဘုံ ရှိပါသည်။ ကာမ(၁၁)ဘုံ ဟူသည် အပါယ်(၄)ဘုံ၊ ကာမသုဂတိ(၇)ဘုံတို့ ဖြစ်ပါသည်။

(က) ကာမ = ၁၁ဘုံ
အပါယ် (၄) ဘုံ
ချမ်းသာကင်းသော ဘုံများကို အပါယ်ဘုံဟု ခေါ်သည်။
(၁) ငရဲ = ချမ်းသာဟူ၍ မြူတစ်စေ့မျှ မရှိသောဘုံ။

ငရဲကြီး (၈) ထပ်
(က) သဉ္ဇိဝ်း = သဉ္ဇိုဝ်းငရဲ = အဖန်ဖန် အထပ်ထပ် ပြန်၍ ပြန်၍ အသက်ရှင်ပြီး ငရဲဆင်းရဲကို ခံစားရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ခ) ကာလသုတ္တ = ကာလသုတ်ငရဲ = မျဉ်းကြိုးအနက်ဖြင့် မျဉ်းသားကာ ပဲခွပ်၊ ပုဆိန်၊ ဓားမ၊ လွှတို့ဖြင့် အရွေးခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ
(ဂ) သဃာံတ = သဃာံတငရဲ = အလျှံတပြောင်ပြောင် တောက်လောင်နေသော သံတောင် သံခဲတို့ဖြင့် အဖန်တလဲလဲ ထုကြိတ်ဝါးမြိုခံနေရသော ငရဲသား တို့၏ ဖြစ်ရာဘုံ၊
(ဃ) ရောရုဝ = ရောရုဝငရဲ = ပြင်းထန်ကျယ်လောင်သော အသံဖြင့် အမြဲတမ်း ငိုကြွေး မြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(င) မဟာရောရုဝ = မဟာရောရုဝငရဲ = ရောရုဝငရဲသားတို့ထက် ပိုလွန်ပြင်းထန်စွာ ငိုကြွေးမြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ။
(စ) တာပန = တာပနငရဲ = ပူလောင်လွန်းလှသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ဆ) မဟာတာပန = မဟာတာပနငရဲ = တာပနငရဲသားတို့ထက် ပိုလွန် ပြင်းထန်စွာ ပူလောင်သော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ဇ) အ၀ီစိ = အ၀ီစိငရဲ = မီးလျှံကွက်လပ်မရှိ၊ ဆင်းရဲဝေဒနာကွက်လပ်မရှိ၊ ငရဲသားကွက်လပ်မရှိသော ငရဲသားတို့၏ ဖြစ်ရာဘုံ။ (ထိုအ၀ီစိငရဲကိုပင် မဟာအ၀ီစိငရဲဟု ခေါ်သည်။)

ဥဿဒ ငရဲငယ် (၅)မျိုး
ထိုငရဲကြီး ရှစ်ထပ်တွင် အထပ်တိုင်းအထပ်တိုင်း၌ အမျိုးမျိုးသော ဆင်းရဲ ဒုက္ခများပြားလှသည့် ငရဲငယ် ငါးခုတို့ဖြင့် ၀န်းရံလျက်ရှိသည်၊ ထိုငရဲငယ်များကို ဥဿဒငရဲဟု ခေါ်၏၊ ထိုဥဿဒခေါ် ငရဲငယ်ငါးခုတို့ကား -
(က) ဘင်ပုပ်ငရဲ (ဂူထ)
(ခ) ပြာပူငရဲ (ကုက္ကုဠ)
(ဂ) လက်ပံတောငရဲ (သိပ္ပလိဝန)
(ဃ) သန်လျက်တောငရဲ (အသိပတ္တ)
(င) ကြိမ်ပိုက်ချောင်းငရဲ (ဝေတ္တရဏီ) - တို့ဖြစ်ပါသည်။
(က) ဘင်ပုပ်ငရဲ = ယူဇနာတစ်ရာနက်သော မစင်တွင်းကြီးထဲ၌ ပိုးလောက်တို့၏ ၀ါးမျိုစားသောက်မူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ခ) ပြာပူငရဲ = ယူဇနာတစ်ရာနက်သော ပြာပူတွင်းကြီးထဲ၌ အဖန်ဖန် ပူပြင်းလောင်ကျွမ်းမူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ဂ) လက်ပံတောငရဲ = သံနှင့်တူသော လက်ပံဆူး၊ ဓား-သန်လျက်နှင့်တူသော လက်ပံရွက်ရှိသော ယူဇနာတစ်ရာ အမြင့်ရှိသော လက်ပံတော၌ ခွေး၊ လင်းတ၊ ကျားတို့၏ ၀ါးမျိုကိုက်သတ်မူ၊ လက်ပံဆူး၊ လက်ပံရွက်တို့၏ စူးရှဖြတ်တောက်မူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ဃ) သန်လျက်တောငရဲ = အမြင့်၊ အနံတစ်ယူဇနာစီရှိသော သန်လျက်ရွက်နှင့်တူသော သစ်တောကြီး၌ လက်ပံတော ငရဲနည်းတူ ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(င) ကြိမ်ပိုက်ချောင်းငရဲ = အလွန်စပ်ငံသော ကြေးနီပူရေတို့ဖြင့် သံတံကျင်ပမာ စူးရှသော ကြိမ်တို့ ရောယှက်သော ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

ဆောင် = သဉ္ဇိုဝ်း,ကာလ၊ သံဃာတနှင့်၊ ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ် အ၀ီစိ။
အထပ်တိုင်းမှာ၊ ဘင်, ပြာ, လက်, သန်၊ ကြိမ်ပိုက်ရံ၊ ငါးတန် ဥဿဒရှိ။
(၂) တိရစ္ဆာန်ဘုံ = တိရစ္ဆာန်တို့၏ နေရာဘုံ၊
(၃) ပြိတ္တာဘုံ = ချမ်းသာမှကင်းဝေးသော ပြိတ္တာတို့၏ နေရာဘုံ၊
(၄) အသုရကာယ်ဘုံ = မြူးထူးပျော်ပါးမူ ကင်းသည့် ပြိတ္တာ အသုရကာယ်တို့၏ နေရာဘုံ။

ကာမသုဂတိ (၇) ဘုံ
ကောင်းမူရှိသူတို့ လားရောက်၍ စည်းစိမ်ချမ်းသာများကို ခံစားရာ ကာမဘုံကို ကာမသုဂတိဘုံဟု ခေါ်သည်။
(၁) လူ့ဘုံ = လူတို့၏ နေရာဘုံ၊
(၂) စာတုမဟာရာဇ်ဘုံ = ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရဟု ဆိုအပ်သော နတ်မင်းကြီး လေးပါးတို့၏ နေရာဘုံ၊
(၃) တာဝတိံသာဘုံ = လာဃလုလင်နှင့် ကုသိုလ်ပြုဖက် ၃၃-ဦးတို့၏ နေရာဘုံ၊
(၄) မာယာဘုံ = ဆင်းရဲဒုက္ခမှ ကင်းသော နတ်တို့၏ ဖြစ်ရာဘုံ၊
(၅) တုသိတာဘုံ = မိမိ၏ စည်းစိမ်ကျက်သရေတို့ကို နှစ်သက်တတ်သော နတ်တို့၏ ဖြစ်ရာဘုံ၊
(၆) နိမ္မာနရတိဘုံ = ကိုယ်တိုင်ဖန်ဆင်းထားသော စည်းစိမ်ဖြင့် မွေ့လျော်တတ်သော နတ်တို့၏ ဖြစ်ရာဘုံ၊
(၇) ပရနိမ္မိတ၀သ၀တ္တိဘုံ = သူများဖန်ဆင်းပေးသော စည်းစိမ်းကို မိမိအလိုဆန္ဒအတိုင်း ဖြစ်စေနိုင်သော နတ်တို့၏ ဖြစ်ရာဘုံ။
ဤကာမသုဂတိ (၇)ဘုံတွင် နံပါတ် (၁) လူ့ဘုံမှတပါး ကျန် (၆)ဘုံကို နတ်တို့၏ နေရာဖြစ်၍ နတ်ပြည် (၆)ထပ်ဟု ခေါ်သည်။

(ခ) ရူပ - ၁၆ ဘုံ
ရူပကုသိုလ်ဈာန်ရသူတို့ ရောက်ရာ ဖြစ်သောကြောင့် ရူပဘုံဟု ခေါ်၏။ ထို ရူပဘုံသည် (၁၆)ဘုံ ရှိသည်။
ပထမဈာန် (၃) ဘုံ
(၁) ဗြဟ္မပါရိသဇ္ဇာဘုံ = မဟာဗြဟ္မာတို့၏ အခြံအရံ ပရိသတ်ဖြစ်သော ဗြဟ္မာင်တို့၏ ဖြစ်ရာဘုံ၊
(၂) ဗြဟ္မပုရောဟိတာဘုံ = မဟာဗြဟ္မာတို့၏ မှူးကြီးမတ်ရာ ပုရောဟိတ် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၃) မဟာဗြဟ္မာဘုံ = ကြီးမြတ်ကုန်သော (မဟာ) ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် ပထမဈာန် (၃) ဘုံ၊

ဒုတိယဈာန် (၃) ဘုံ
(၄) ပရိတ္တာဘာဘုံ = ကိုယ်ရောင်ကိုယ်ဝါနည်းသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၅) အပ္ပမာဏာဘာဘုံ = ကိုယ်ရောင်ကိုယ်ဝါများသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၆) အာဘဿရာဘုံ = ပြိုးပြိုးပြတ်ပြတ် တလက်လက် ထွက်သော ကိုယ်ရောင်ကိုယ်ဝါ ရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် ဒုတိယဈာန် (၃) ဘုံ။

တတိယဈာန် (၃) ဘုံ
(၇) ပရိတ္တသုဘာဘုံ = နည်းပါးသော်လည်း တခဲနက် တောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၈) အပ္ပမာဏသုဘာဘုံ = များပြား၍ တခဲနက်တောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၉) သုဘကိဏှာဘုံ = တခဲနက်သော ကိုယ်ရောင်ကိုယ်ဝါ တို့ဖြင့် ရောယှက်နေသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် တတိယဈာန် (၃) ဘုံ။
(၁၀) ဝေဟပ္ဖိုလ်ဘုံ = ကြီးကျယ်ပြန့်ပြောသည့် အကျိုးရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၁) အသညသတ်ဘုံ = သညာ-စသော နာမ်ခန္ဓာ မရှိ၊ ရုပ်ခန္ဓာ သက်သက်ရှိသော ဗြဟ္မာတို့၏ဖြစ်ရာဘုံ၊
- သုဒ္ဓါဝါသဘုံ = အလွန်စင်ကြယ်သော အနာဂါမ်၊ ရဟန္တာ ဗြဟ္မာတို့၏ဖြစ်ရာ သုဒ္ဓါဝါသဘုံ (၅)ဘုံ အားဖြင့် စတုတ္ထဈာန် (၇) ဘုံ၊ ပေါင်း ရူပ ဗြဟ္မာဘုံ (၁၆)ဘုံ ဖြစ်ပါသည်။

သုဒ္ဓါဝါသ (၅) ဘုံ
(၁၂) အ၀ိဟာဘုံ = အချိန်အနည်းငယ်မျှပင် မိမိဘုံဌာနကို မစွန့်ခွာသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၃) အတပ္ပါဘုံ = တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ စိတ်ပူပန်မူ မရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၄) သုဒဿာဘုံ = အလွန်တင့်တယ်သော အရောင်အဆင်း ရှိသောကြောင့် ရူကြည့်ချင်စရာ အလွန်ကောင်းသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၅) သုဒဿီဘုံ = အလွန်စင်ကြယ်သော မျက်စိနှင့် ပြည့်စုံသည့်ဖြစ်၍ လွန်ကဲထူးခြားစွာ မြင်စွမ်းနိုင်သော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၆) အကနိဋ္ဌာဘုံ = ရူပဗြဟ္မာ အားလုံးတို့ထက် စည်းစိမ်အားဖြင့် အကြီးအကျယ် အမြင့်မြတ်ဆုံး ဖြစ်သော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(ဂ) အရူပ - ၄ဘုံ
အရူပကုသိုလ် ဈာန်ရသူတို့ ရောက်ရာဖြစ်သောကြောင့် အရူပဘုံဟု ခေါ်၏။ ထိုအရူပဘုံသည် -
(၁) အာကာသနဉ္စာယတနဘုံ = ရုပ်ခန္ဓာမရှိ၊ အာကာသနဉ္စာယတန၀ိပါက်စိတ် စေတသိက်ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၂) ၀ိညာဏဉ္စာယတနဘုံ = ရုပ်ခန္ဓာ မရှိ၊ ၀ိညာဏဉ္စာယတန ၀ိပါက်စိတ် စေတသိက်ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၃) အာကိဉ္စညာယတနဘုံ = ရုပ်ခန္ဓာမရှိ၊ အာကိဉ္စညာယတန ၀ိပါက်စိတ် စေတသိက်ဟူသော နာမ် ခန္ဓာလေးပါးရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၄) နေ၀သညာနာသညာယတနဘုံ = ရုပ်ခန္ဓာ မရှိ၊ နေ၀သညာ နာသညာ ယတန၀ိပါက်စိတ် စေတသိက် ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် (၄)ဘုံ ဖြစ်ပါသည်။

ဧကဝေါကာရ-စတုဝေါကာရ-ပဉ္စဝေါကာရဘုံများ
ဤသို့ဆိုခဲ့ပြီးသော ဘုံတို့တွင် -
(၁) အသညသတ်ဘုံသည် ရူမက္ခန္ဓာဟူသော ခန္ဓာတစ်ပါးသာ ရှိသောကြောင့် ဧကဝေါကာရဘုံ မည်၏
(ဧက = တစ်ပါး + ဝေါကာရ = ခန္ဓာ)
(၂) အရူပ (၄)ဘုံသည် နာမ်ခန္ဓာလေးပါးသာ ရှိသောကြောင့် စတုဝေါကာရ ဘုံမည်၏
(စတု = လေးပါး + ဝေါကာရ = ခန္ဓာ)
(၃) ကာမ (၁၁)ဘုံ၊ အသညသတ်ကြဉ်သော ရူပ (၁၅)ဘုံအားဖြင့် (၂၆)ဘုံသည် ခန္ဓာငါးပါးလုံး ရှိသောကြောင့် ပဉ္စဝေါကာရဘုံမည်၏။
(ပဉ္စ = ငါးပါး + ဝေါကာရ = ခန္ဓာ) ဤသို့အားဖြင့် -
(၁) ကာမ - ၁၁ ဘုံ
(၂) ရူပ - ၁၆ ဘုံ
(၃) အရူပ - ၄ ဘုံ
စုစုပေါင်း (၃၁) ဘုံကို သြကာသလောကဟု ခေါ်သည်။

(၂) သတ္တလောက
လူ နတ် ဗြဟ္မာ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်စသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းသည် သတ္တလောက မည်၏။
ထိုသတ္တ၀ါတို့သည် အမျိုးအစားဖြင့် ရှိသည်။
(က) ပုထုဇဉ် ပုဂ္ဂိုလ် - ၄မျိုး
(ခ) အရိယာ ပုဂ္ဂိုလ် - ၈မျိုးအားဖြင့် - ၁၂မျိုး -

ပုထုဇဉ်ပုဂ္ဂိုလ် (၄) မျိုး
(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် = မကောင်းမူ ဒုစရိုက်တို့ကို ပြုလုပ်ခဲ့သောကြောင့် ထိုအကုသိုလ်ကံတို့၏ အကျိုးဖြစ်သော အဟိတ် အကုသလ ၀ိပါက် ဥပေက္ခာ သန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်-ဟူသော အပါယ်ဘုံသား သတ္တ၀ါများတည်း။
(၂) သုဂတိအဟိတ်ပုဂ္ဂိုလ် = ကုသိုလ်ပြုစဉ်အခါက ဉာဏ်လည်းမပါ၊ ရှေ့နောက် အကုသိုလ်ခြံရံ၍လည်း ပြုခဲ့သော အညံ့စား ကုသိုလ်တို့ကြောင့်ဖြစ်သော အဟိတ်ကုသလ၀ိပါက် ဥပေက္ခာသန္တီရဏ စိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ဝေမာနိကနတ်ပြိတ္တာ၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ ၀မ်းတွင်းကန်း၊ အ၊ ဆွံ့၊ အရူး၊ ဥဘတောဗျည်း၊ နပုန်းပဏ္ဍုက်စသော ပုဂ္ဂိုလ်တို့နှင့် ဇီဝိတန၀က ကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ် ဗြဟ္မာတို့တည်း။
(၃) ဒွိဟိတ်ပုဂ္ဂိုလ် = အမောဟဟူသော ဉာဏ်ပညာမပါဘဲ အလောဘ၊ အဒေါသဟူသော ဟိတ်နှစ်ပါးဖြင့်သာ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ ဈာန်မဂ်ဖိုလ်ရနိုင်လောက်အောင် ဉာဏ်မထက်မြက်သော လူ နတ် ပုဂ္ဂိုလ်တို့တည်း။
(၄) တိဟိတ်ပုဂ္ဂိုလ် = အလောဘ၊ အဒေါသ၊ အမောဟဟူသော (ဉာဏ်ပညာပါသော) ဟိတ်သုံးပါးဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ ဈာန်မင်္ဂဖိုလ်ရနိုင်လောက်အောင် ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်တို့တည်း။

အရိယာပုဂ္ဂိုလ် (၈) ယောက်
(၁) သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိမဂ် ရဆဲပုဂ္ဂိုလ်
(၂) သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သကကဒါဂါမိမဂ် ရဆဲပုဂ္ဂိုလ်
(၃) အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိမဂ် ရဆဲပုဂ္ဂိုလ်
(၄) အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တမဂ် ရဆဲပုဂ္ဂိုလ်
(၅) သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိဖိုလ် ရပြီးသော (သောတာပန်) ပုဂ္ဂိုလ်
(၆) သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = သကဒါဂါမိဖိုလ်ရပြီးသော (သကဒါဂါမ်) ပုဂ္ဂိုလ်
(၇) အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်
(၈) အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်
ပုထုဇဉ်ပုဂ္ဂိုလ်(၄)ယောက်တွင် နောက်ဆုံးဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ် (၈)ယောက်အားဖြင့် (၉)ယောက်သော ပုဂ္ဂိုလ်တို့ကို အလောဘ၊ အဒေါသ၊ အမောဟဟူသော ဟိတ်သုံးပါးနှင့် ပဋိသန္ဓေနေကြသောကြောင့် တိဟိတ်ပုဂ္ဂိုလ်ဟုခေါ်သည်။

အရိယာပုဂ္ဂိုလ် (၈)ယောက်တွင်လည်း - သေက္ခပုဂ္ဂိုလ်၊ အသေက္ခပုဂ္ဂိုလ် ဟူ၍ ပုဂ္ဂိုလ်နှစ်မျိုး ရှိသည်။
(က) သေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်သော အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်မှတပါး ကျန်အရိယာပုဂ္ဂိုလ် (၇)ယောက် ဖြစ်သည်။
(ခ) အသေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ပြီးဖြစ်သော အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် (၁)ယောက် ဖြစ်သည်၊ ဤပုဂ္ဂိုလ်ကို “အသေက္ခ” အပြင် “ရဟန္တာ”ဟုလည်း ခေါ်၏။

ဤသို့အားဖြင့် -
(က) ပုထုဇဉ် - ၄ယောက်
(ခ) အရိယာ - ၈ယောက်
အားဖြင့် (၁၂) ယောက်သော ပုဂ္ဂိုလ်များကို သတ္တလောကဟု ခေါ်သည်။

(၃) သင်္ခါရလောက
ဖြစ်တတ်၊ ပျက်တတ်သော သဘောရှိသည်ဖြစ်၍ ဘုံသုံးပါး၌ ဖြစ်သော (တေဘူမက) ရုပ်နာမ်တရားတို့သည် သင်္ခါရလောက မည်၏။

သင်္ခါရလောက (၁) ပါး
သတ္တ၀ါအားလုံးတို့ တည်နေမူ အသက်ရှင်မူ၏ အကြောင်းဖြစ်သော အာဟာရ (အကြောင်း) တရားတစ်ပါး။

သင်္ခါရလောက (၂) ပါး
(၁) ဘုံသုံးပါး၌ဖြစ်သော လောကီစိတ် ၈၁-ပါး၊ စေတသိက် ၅၂-ပါး၊ ဟူသော နာမ်တရား။
(၂) ဖောက်ပြန်တတ်သော သဘောရှိသည့် ရုပ် ၂၈-ပါးဟူသော ရုပ်တရား အားဖြင့် နာမ်၊ ရုပ် နှစ်ပါး။

သင်္ခါရလောက (၃) ပါး
(၁) နှစ်သက်ဖွယ်သော အာရုံကို ခံစားခြင်းသဘောရှိသော သောမနဿ ဝေဒနာ တစ်ပါး၊
(၂) မနှစ်သက်ဖွယ်သော အာရုံကို ခံစားခြင်းသဘောရှိသော ဒေါမနဿ ဝေဒနာ တစ်ပါး၊
(၃) အလယ်အလတ် (တည့်မတ်သမူလျစ်လျူရူသော) ခံစားခြင်း သဘောရှိသော ဥပေက္ခာဝေဒ၏နာ တစ်ပါး - အားဖြင့် ဝေ၏နာ (၃) ပါး။

သင်္ခါရလောက (၄) ပါး
(၁) အလုတ်အလွေးပြု စားမျိုအပ်သော အစာအာဟာရတစ်ပါး၊
(၂) အာရုံကို တွေ့ထိတတ်သော ဖဿအာဟာရတစ်ပါး၊
(၃) စိတ်ကို စေ့ဆော် တိုက်တွန်းတတ်သော မနောသဉ္စေတနာ အာဟာရ တစ်ပါး၊
(၄) အာရုံကို အထူးသိတတ်သော ၀ိဉာဏ်အာဟာရ တစ်ပါး - အားဖြင့် အာဟာရ (၄) ပါး။

သင်္ခါရလောက (၅) ပါး
(၁) ဖောက်ပြန်တတ်သော ရုပ်အစု ရူပုပါဒါနက္ခန္ဓာတစ်ပါး၊
(၂) ခံစားမူအစု ဝေဒနုဒါနက္ခန္ဓာတစ်ပါး၊
(၃) လောကီမှတ်သားမူအစု သညုပါဒါနက္ခန္ဓာတစ်ပါး၊
(၄) လောကီပြုပြင်မူ စီရင်မူအစု သင်္ခါရုပါဒါနက္ခန္ဓာတစ်ပါး၊
( ၅) လောကီသိမူ (စိတ်) အစု ၀ိညာဏုပါဒါနက္ခန္ဓာတစ်ပါး - အားဖြင့် ဥပါဒါနက္ခန္ဓာ ၅-ပါး။

သင်္ခါရလောက (၆) ပါး
(၁) မြင်သိစိတ် (စက္ခုဝိညာဉ်) ဖြစ်ရာ မျက်စိအကြည် စက္ခာယတန တစ်ပါး။
(၂) ကြားသိစိတ် (သောတ၀ိညာဉ်) ဖြစ်ရာ နားအကြည် သောတာယတန တစ်ပါး၊
(၃) နံသိစိတ် (ဃာန၀ိညာဉ်) ဖြစ်ရာ နှာခေါင်း အကြည် ဃာနာယတန တစ်ပါး၊
(၄) လျက်သိစိတ် (ဇိဝှာဝိညာဉ်) ဖြစ်ရာ လျှာအကြည် ဇိဝှာယတနတစ်ပါး၊
(၅) ထိသိစိတ် (ကာယ၀ိညာဉ်) ဖြစ်ရာ ကိုယ်အကြည် ကာယာယတနတစ်ပါး - အားဖြင့် အဇ္ဈတ္တိက(အတွင်း) အာယတန ၆-ပါး။
ဤဆိုအပ်ခဲ့ပြီးသော တရားများနှင့် ခန္ဓာ (၅)ပါး၊ အာယတန (၁၂)ပါး၊ ဓာတ် (၁၈)ပါး၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါး စသော တေဘူမက ရုပ်နာမ် တရားတို့ကို သင်္ခါရလောကဟု ခေါ်သည်။

လောကသုံးပါး ဆက်သွယ်ပုံ
(က) ကုသိုလ်၊ အကုသိုလ် သင်္ခါရတို့နှင့် ဖြစ်ရာဘုံ ပုဂ္ဂိုလ်များ
သတ္တ၀ါတို့ ပြုလုပ်သမျှသော ကံကို ဤနေရာ၌ သင်္ခါရဟုခေါ်သည်။
ထိုသင်္ခါရတို့သည် ကုသိုလ်သင်္ခါရ၊ အကုသိုလ်သင်္ခါရအားဖြင့် နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင် ကုသိုလ်သင်္ခါရသည်လည်း ကာမကုသိုလ်သင်္ခါရ၊ ရူပကုသိုလ်သင်္ခါရ၊ အရူပကုသိုလ်သင်္ခါရအားဖြင့် သုံးမျိုးပြားပြန်သည်။ ထိုတွင် -
- ကာမကုသိုလ်သင်္ခါရကြောင့် ကာမသုဂတိ (၇) ဘုံ၌ ဖြစ်ရသည်။
- ရူပကုသိုလ်သင်္ခါရကြောင့် ရူပ (၁၆) ဘုံ၌ ဖြစ်ရသည်။
- အရူပကုသိုလ်သင်္ခါရကြောင့် အရူပ (၄) ဘုံ၌ ဖြစ်ရသည်။
- အကုသိုလ်သင်္ခါရကြောင့် အပါယ် (၄) ဘုံ၌ ဖြစ်ရသည်။
ဤကား ကုသိုလ်၊ အကုသိုလ်ကံဟူသော သင်္ခါရလောကနှင့် (၃၁)ဘုံဟူသော သြကာသလောကတို့ ဆက်သွယ်ပုံဖြစ်ပါသည်။
အပါယ်လေးဘုံ၌ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်များသာ ဖြစ်ကြရသည်။

လူ့ဘုံနှင့် စာတုမဟာရာဇ်ဘုံတို့၌ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ်ပုဂ္ဂိုလ် (၃)ယောက်၊ အရိယာပုဂ္ဂိုလ် (၈)ယောက် အားဖြင့် (၁၁)ယောက် ဖြစ်ကြရသည်။

တာဝတိံသာ စသောနတ်ပြည် (၅) ဘုံ၌ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ် (၂)ယောက်၊ အရိယာ (၈)ယောက်အားဖြင့် (၁၀) ယောက်ဖြစ်ကြရသည်။

ဗြဟ္မပါရိသဇ္ဇာဘုံမှစ၍ ဝေဟပ္ဖိုလ်ဘုံတိုင်အောင် ဗြဟ္မာ (၁၀) ဘုံ၌ တိဟိတ် ပုထုဇဉ်နှင့် အရိယာ (၈)ယောက်အားဖြင့် (၉) ယောက်သော တိဟိတ်ပုဂ္ဂိုလ်တို့ ဖြစ်ကြရသည်။

အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ်သာ ဖြစ်ရသည်။

သုဒ္ဓါဝါသ (၅) ဘုံ၌ အနာဂါမိဖိုလ် (အနာဂါမ်) ပုဂ္ဂိုလ်၊ အရဟတ္တမဂ် ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ် (ရဟန္တာ) ပုဂ္ဂိုလ် (၃) ယောက်တို့သာ ဖြစ်ကြရသည်။

အရူပ (၄) ဘုံ၌ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်မှတပါး အရိယာ (၇)ယောက်၊ တိဟတ်ပုထုဇဉ် (၁) ရောက်အားဖြင့် (၈)ယောက် ဖြစ်ကြရသည်။

ဤကား (၃၁)ဘုံဟူသော သြကာသလောကနှင့် ပုဂ္ဂိုလ် (၁၂)ယောက်ဟူသော သတ္တလောကသို့ ဆက်သွယ်ပုံ ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။