ပအိုဝ်းတိုင်းရင်းသားဘာသာစကားဖြင့် "ဆွမ်းစာဂ" ဟုခေါ်ဆိုခြင်းအဓိပ္ပါယ်မှာ သံဃာတော်များနှင့် သက်ကြီး ရွယ်အိုများကို ကပ်လှူသောဆွမ်းဟု အဓိပ္ပါယ်ရပါသည်။ ၀ါတွင်းသုံးလအတွင်း ဥပုတ်ရက်များတွင် သက်ကြီးရွယ် အိုများသည် ရွာဦးရှိဘုန်းကြီးကျောင်းသို့ အလှူအဒါန်းပြု၊ တရားနာပြီး သီလဘာဝနာနှင့် ဥပုဒ်သီလစောင့် တည်ရန် ထိုဘုန်းကြီး၏ ဇရပ်၌ပင် အိပ်စက်ကြပါသည်။
နောက်တနေ့
နံနက်တွင် ဘုန်းကြီးကျောင်းတွင်အိပ်ပြီး ဥပုဒ်သီလစောင့်တည်သည့် အဖိုးအို
အဖွားအိုများနှင့် ကျောင်းတွင်းရှိ ရဟန်းသံဃာများကို ဆွမ်းဟင်း
ဆွမ်းထမင်းများကို ကျေးရွာအတွင်းရှိ အပျိုလူပျိုများကို ချက်ပြု၍
ကပ်လှူကြပါသည်။
ဥပုဒ်သီလရက်မတိုင်မီ သုံးလေးရက်အလိုတွင် နီးရာငါးရက်တစ်ကြိမ်ဈေးသို့ သွား၍ ပန်းများ၊ ဟင်းသီး ဟင်း ရွက်များ၊ လှူဖွယ်ပစ္စည်းများနှင့် ချက်ပြုစရာ တိုလီမိုလီများကို အပျိုလူပျိုများမှ တာဝန်ခွဲ၍ ၀ယ်ယူကြပါသည်။
လပြည့်လကွယ်နေ့များ၏ နံနက်ပိုင်းတွင် ဘုန်းကြီးကျောင်းတက်ကြ၍ ဘုန်းကြီးကျောင်းမှပြန်လာပြီးနောက်၊ ရွာတွင်းရှိ အပျိုလူပျိုများသည် ဆန်ဆေးခြင်း၊ ကြသွန်နွှာခြင်း၊ ငရုပ်သီးထောင်းခြင်း၊ ရေခပ်ခြင်းစသည့် ဆွမ်းချက်ရန် ပြင်ဆင်မှုများပြုလုပ်ကြပါသည်။
ညနေစောင်း နွားကျောင်းပြန်လာသည့်အချိန်သို့ရောက်သော် အပျို လူပျိုများသည် ဘုန်းကြီးကျောင်းသို့ တဖန်ပြန်သွားကား ကျောင်းထိုင်ဘုန်းကြီးကို နောက်နေ့အာရုဏ်ဆွမ်းစားရန်အတွက် ဖယောင်းတိုင်များ ပန်းစည်းများ ဆက်ကပ်၍ ပင့်ဖိတ်ရပါသည်။
ထို့နောက် ဥပုဒ်သည်အဖိုးအို၊ အဖွားအိုတို့ထံသို့ သွားပြီး တစ်ဦးခြင်းကို ဖယောင်းတိုင်နှင့် ပန်းစည်းများ ပေး၍ပင့်ဖိတ်ရပြန်သည်။ထိုသို့ပင့်ဖိတ်ရာတွင်လည်းရွာတွင်းလူပျိုခေါင်းဆောင်ဖြစ်သူမှပင့်ဖိတ်ခြင်းစကားလင်္ကာကို တိုင်ပြီး ကျန်သည့်အခြားသောအပျိုလူပျိုများမှ လိုက်ဆိုရသည်။ ပြီးလျင် မိမိတို့အိမ်သို့ ပြန်ကာထမင်းစား သောက်ပြီး"ဆွမ်းစာဂ"ချက်ပြုတ်မည့်အိမ်တွင်လာရောက်စုစည်းကြပါသည်။
မောင်ရီပျိုးစချိန်တွင် "ဆွမ်းစာဂ" ချက်ပြုတ်မည့် လူပျိုများမှ အိုးစည်ဗမောင်းတီးပြီး အချက်ပေးပါသည်။ ဗုံ မောင်းသံကြားလျင် အပျိုများသည် ရောင်စုံချယ်သထားသောချစ်စရာမျက်နှာများနှင့် ထမင်းအိုး ဟင်းအိုးများ ကိုယ်စီဖြင့် ရောက်လာကြပါသည်။ ည(၈) နာရီခန့်တွင် အိုးစည်ဗုံမောင်းတီးပြီး ပျော်ရွှင်စွာထမင်းဟင်းများကို ချက်ပြုတ်ကြသည်။
(၁၀) နာရီခန့်သို့ရောက်သော် ပအိုဝ်းလို "ငေါဝ်းကဲ" ဟုခေါ်သော ပအိုဝ်းရိုးရာစကားထာကို အပျိုနှင့် လူပျို များကို သူနိုင် ကိုယ်နိုင် အသံဆွဲပြီး အပြန်အလှန်ဆိုကြသည်။ ဤသို့စကားထာဆိုရာတွင် အလွတ်တန်း ကဗျာ ဖြင့်ဖြစ်စေ၊ ကာရန်ကဗျာဖြင့်ဖြစ်စေ၊ ဂရုသံ လဟုသံ အသံအနှိမ့်အမြင့် ပုံစံအမျိုးဖြင့် ဆိုကြသည်။
မိုးလင်းချိန်ရောက်သော် ထမင်းတောင်း၊ ဟင်းတောင်းများကို ယူပြီး ဘုန်းကြီးကျောင်းသို့သွားကာ ဘုန်းကြီးကို ဆွမ်းကပ်သူက ဆွမ်းကပ်၊ ဥပုဒ်သည် အဖိုးအဖွားများကို ကျွေးမွေးသူက ကျွေးမွေးနှင့် အလွန်ပျော်စရာ ကောင်း ပါသည်။
ဤသို့ဖြင့် လပြည့် လကွယ်ဥပုဒ်နေ့များ၏ အလှူဒါနလုပ်ငန်းများ ပျော်ရွှင်စွာပြုလုပ်ကြသည်။ ၀ါတွင်းသို့ ရောက်လျှင် လပြည့်လကွယ် ဥပုဒ်နေ့များ၌ ဤကဲ့သို့ကောင်းမှုကုသိုလ်ပြုလုပ်သော ပအိုဝ်းတိုင်းရင်းသားတို့၏ ပျော်စရာ ရိုးရာ"ဆွမ်းစာဂ"အစီအစဉ်များနှင့် ပအိုဝ်းရိုးရာ အိုးစည်ဗုံမောင်းသံများကို လွမ်းဆွတ်သတိရမိတော့သည်။

No comments:
Post a Comment