........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 7, 2014

"ပတိပူဇိကာ ဒါယိကာမ အကြောင်း"

တာဝတိံသာနတ်ပြည်၌ မာလာဘာရီအမည်ရှိသော
နတ်သားတစ်ယောက်သည် ရှိ၏။ မာလာဘာရီနတ်သားတွင်
နတ်သမီးတစ်ထောင် အခြွေအရံရှိ၏။ တစ်ခုသော နေ့ တွင်
မာလာဘာရီနတ်သားနှင့် နတ်သမီးတစ်ထောင်တို့ သည်
ပန်းဥယျာဉ်သို့ သွားကြ၏။ ပန်းဥယျာဉ်သို့ ရောက်သောအခါ
နတ်သမီးငါးရာက ပန်းပင်ပေါ်သို့ တက်၍ ပန်းများကို ခူးကြ၏။
အောက်သို့ ပစ်ချကြ၏။ ကျန်နတ်သမီးငါးရာတို့ က
ပစ်ချလိုက်သော ပန်းများကို သီးကုံးကြ၏။


ပန်းကုံးများဖြစ်သောအခါ သူတို့ သည် မာလာဘာရီနတ်သားကို
ဆင်မြန်းကြ၏။ အမှန်အားဖြင့် နတ်သမီးတစ်ထောင်တို့ 
စိတ်ထဲ၌ မာလာဘာရီနတ်သား ကျေနပ်ရန်သာ ဆန္ဒရှိကြ၏။
အခြားသူတို့ အတွက် ကိုယ်ပိုင်ဆန္ဒဟူ၍ ဘာမျှမရှိ။
မာလာဘာရီနတ်သား ပျော်လျှင် သူတို့ လည်း ပျော်ကြ၏။
မာလာဘာရီနတ်သား မပျော်လျှင် သူတို့ လည်း မပျော်ကြ။



ထို့ ကြောင့် နတ်သမီးတစ်ထောင်ဟူသည်
အသွင်အားဖြင့် ရုပ်ပိုင်းသဘောအရ တစ်ထောင်ဖြစ်၏။
စိတ်ပိုင်းသဘောအရဆိုလျှင် တစ်ခုတည်း ဖြစ်လေ၏။
မာလာဘာရီနတ်သား၏ စိတ်နှင့် နတ်သမီးတစ်ထောင်
တို့ ၏ စိတ်သည်တစ်ခုတည်းဖြစ်၏။ ထို့ ကြောင့်
အားလုံးသည် တစ်ယောက်တည်းသဖွယ်ဖြစ်ကြ၏။
အသွင်သာကွဲသော်လည်း သဘောကား တစ်ခုတည်း
ဖြစ်လေ၏။ ကံတို့ ၏ အကျိုးပေးမှုသည် ဆန်းကြယ်၏။
ထို့ ကြောင့် ကံ၏အရာသည် အစိန္တေယျဖြစ်သည် ဟု၍
ဆိုခြင်း ဖြစ်ပေ၏။ နတ်ပြည်၌ အမျိုးသမီးအရေအတွက်က
များခြင်းသည်လည်း သူတို့ ၏ကံနှင့် သူတို့ ပင် ဖြစ်၏။

ဥယျာဉ်ထဲ၌ ပန်းပင်ပေါ်တက်သော နတ်သမီးငါးရာထဲက
နတ်သမီးတစ်ယောက်သည် စုတေသွားပြီး သူမ၏ ကံအရ
သာဝတ္ထိပြည် အမျိုးကောင်း၏ အိမ်၌ ပဋသန္ဓေသွား၍ တည်နေ၏။
သူမ၏ ဆန္ဒအရ အမျိုးသမီးပင် ဖြစ်၏။ သူမသည်
အမျိုးသား ဖြစ်လိုသော ဆန္ဒမရှိ။ ထို့ ကြောင့် သူမသည်
အမျိုးသမီးဖြစ်ရခြင်း ဖြစ်၏။ သူမသည် အတိတ်ဘ၀ကို
ပြန်လည်မှတ်မိသော ဥာဏ်ကို ရ၏။ ထိုဥာဏ်ကို
ဇာတိဿရဥာဏ်ဟူ၍ ခေါ်၏။ သူမသည်
ဇာတိဿရဥာဏ်ဖြင့် ပြန်လည်စဉ်းစားသောအခါ
လွန်ခဲ့သော ဘ၀က မာလာဘာရီ နတ်သား၏ ဇနီး
နတ်သမီး ဖြစ်ခဲ့သည်ကို ပြန်လည် မှတ်မိ၏။
မှတ်မိသည့် အလျောက် တာဝတိံသာနတ်ပြည်၌
မာလာဘာရီနတ်သား၏ ဇနီးသာ ပြန်ဖြစ်လို၏။
ထိုကဲ့သို့ ဖြစ်နိုင်ရန်ကိုသာ ကြံစည်၏။ တောင့်တ၏။

ချစ်ခြင်းမေတ္တာဟူသည်မှာ ဆန်းကျယ်၏။ ရှေးရေစက်ကြောင့်
လည်း ချစ်ခြင်းမေတ္တာသည် ဖြစ်တတ်၏။ ရှေးရေစက်ကို
ပုဗ္ဗေ၀ သန္နိဝါသ ဟူ၍ ခေါ်၏။ ပစ္စုပ္ပန်ရင်းနှီးမှုကြောင့်လည်း
ချစ်ခြင်းမေတ္တာသည် ဖြစ်တတ်၏။ ပစ္စုပ္ပန် ရင်းနှီးမှုကို
ပစ္စုပ္ပန္နဟိတ ဟူ၍ ခေါ်၏။ ဒေသနာတော်အရဆိုလျှင်
ချစ်ခြင်းမေတ္တာဖြစ်ရာ၌ ဤအကြောင်းနှစ်ပါးသာ ရှိ၏။
ဤသတို့ သမီးအတွက် ဆိုလျှင် ရှေးရေစက်သည်
များစွာပြဋ္ဌာန်း၏။

ယခုအခါ ဤသတို့ သမီးကား တာဝတိံသာနတ်သမီး
မဟုတ်တော့။ သာဝတ္ထိပြည်သူ အမျိုးသမီး ဖြစ်၏။
ထို့ ကြောင့် လောကထုံးတမ်းအရ အရွယ်ရောက်လာသောအခါ
သင့်လျော်ရာ အမျိုးသားတစ်ယောက်နှင့် အိမ်ထောင်ချပေးလိုက်၏။
ဤသတို့ သမီးသည် ယခုအခါ အိမ်ရှင်မ ဖြစ်သွားလေပြီ။
အိမ်ရှင်မ ဖြစ်သွားသဖြင့် ထိုခေတ်ယဉ်ကျေးမှုအရ အိမ်ရှင်မတို့ ၏
တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်ပါ၏။
ထို့ အပြင် ထိုစဉ်က သာဝတ္ထိပြည်၌ သာသနာတော်သည်
ထွန်းလင်း၏။ သာသနာတော်ထွန်းလင်းသည့်အလျောက်လည်း
ဤသတို့ သမီးသည် မြတ်စွာဘုရား၏ သာသနာတော်၌
ကြည်ညို၏။ ရဟန်းသံဃာတော်များကား မြေသြဇာကောင်းသော
လယ်ယာနှင့်တူ၏။ မြေသြဇာကောင်းသော လယ်ယာ၌
မည်သည့်မျိုးစေ့ကို စိုက်စိုက် ၊ စိုက်သမျှသည် ဖြစ်ထွန်း၏။

ထိုနည်းအတူပင် ရဟန်းသံဃာတော်များ၌ မည်သည့်ကောင်းမှုကို
ပြုပြု၊ မိမိပြုသမျှကောင်းမှုသည် မိမိလိုချင်သော အကျိုးကို
ပေးသည်သည် ဖြစ်၏။ ထို့ ကြောင့် ရဟန်းသံဃာတော်များကို
ပုညခေတ္တ ဟူ၍ ဆိုခြင်းဖြစ်၏။ ပုညခေတ္တ ဟူသည်မှာ
ကောင်းမှုများကို စိုက်ပျိုးရာမြေ ဟူ၍ဖြစ်၏။
သာဝတ္ထိပြည်၌ ကောင်းမှုများကို စိုက်ပျိုးရာမြေသည်
ပေါများလှ၏။ တကယ်တမ်း စိုက်ပျိုးဖို့ သာ
အရေးကြီး၏။

ဤသတို့ သမီးသည် ရဟန်းသံဃာတော်များ၌
ကောင်းမှုများကို ပြုလုပ်၏။ ပြုလုပ်သော ကောင်းမှုများ၏
အကျိုးတရားအနေဖြင့် မာလာဘာရီနတ်သား၏ ဇနီးဖြစ်ရန်သာ
ဆုတောင်း၏။ အခြားမည်သည့်ဆုကိုမျှ မတောင်း။
ထို့ ကြောင့် ဤသတို့ သမီးကို ပတိပူဇိကာ ဟူ၍
ရဟန်းသံဃာတော်များက အမည်ပေးထား၏။
ပတိပူဇိကာ ၏ အနက်မှာ လင်ယောက်ျားကို ပူဇော်သူ
ဟူ၍ ဖြစ်၏။ ဤ၌ လင်ယောက်ျားဟူသည်မှာ
မာလာဘာရီနတ်သားဖြစ်၏။ လက်ရှိ လင်ယောက်ျားမဟုတ်။
သို့ ရာတွင် ရဟန်းသံဃာတော်များကမူ ပတိပူဇိကာ မြတ်နိုးသော
လင်ယောက်ျားဟူသည် သာဝတ္ထိပြည်သား လက်ရှိ
လင်ယောက်ျားဟူ၍သာ မှတ်ထင်ကြ၏။
မာလာဘာရီနတ်သားဟူ၍ မထင်ကြ။ ထို့ ကြောင့်
ရဟန်းသံဃာတော်များက ပတိပူဇိကာကို လင့်ဝတ္တရားကျေသူ
အဖြစ်လည်းကောင်း၊ သာသနာတော်အတွက်
ကျေးဇူးများသူ အဖြစ်လည်းကောင်း မှတ်ယူနေကြခြင်း ဖြစ်၏။
မိခင်သဖွယ် ခင်မင်လေးစားနေကြခြင်း ဖြစ်၏။

ပတိပူဇိကာသည် သာဝတ္ထိပြည်သား လင်ယောက်ျားနှင့်
သားလေးယောက်ရ၏။ ထို့ နောက် ပတိပူဇိကာသည်
အသက်အတိုင်းနေ၍ ကွယ်လွန်လေ၏။
ပတိပူဇိကာ ကွယ်လွန်သောအခါ သူမတောင့်တသည့်
အတိုင်းပင် မာလာဘာရီနတ်သားထံ၌ ပြန်၍ ဖြစ်၏။

ထိုအချိန်၌ မာလာဘာရီနတ်သားနှင့် နတ်သမီးတို့ သည်
ပန်းဥယျာဉ်၌ ပျော်မြူးတုန်းပင် ရှိသေး၏။
လူ့ ပြည်၌ နှစ်ပေါင်းတစ်ရာသည် တာဝတိံသာနတ်ပြည်၌
တစ်ရက်ဖြစ်လေရာ ပတိပူဇိကာ ပျောက်သွားခြင်းသည်
တာဝတိံသာနတ်ပြည်အတွက် ခဏသာ ဖြစ်လေ၏။
ပတိပူဇိကာကို တွေ့ သောအခါ မာလာဘာရီနတ်သားက
"အသင်နတ်သမီးကို မတွေ့ မိဘူး၊ ဘယ်ရောက်နေတုန်း"
ဟူ၍ မေးမြန်းသောအခါ ပတိပူဇိကာ နတ်သမီးက
မိမိသည် နတ်သမီးဘ၀မှ စုတေ၍ သာဝတ္ထိပြည်၌
လူသွားဖြစ်ကြောင်း၊ အမျိုးကောင်းသားတစ်ယောက်နှင့်
အိမ်ထောင်ကျ၍ သားလေးယောက် ရခဲ့ကြောင်း၊
ယခုလူ့ ဘ၀မှ စုတေ၍ တာဝတိံသာနတ်ပြည်၌
အရှင်မာလာဘာရီ နတ်သားထံတွင် နတ်သမီးပြန်
ုဖြစ်ပါကြောင်းဖြင့် ပြန်ကြား၏။

ထို့ အပြင် ပတိပူဇိကာ နတ်သမီးက လူတို့ ၏ သက်တမ်းသည်
လူတို့  နှစ်အရေအတွက်အရ နှစ်ပေါင်းတစ်ရာဟူ၍
ဆိုရသော်လည်း တာဝတိံသာနတ်တို့ ၏ အရေအတွက်အရဆိုပါလျှင်
တစ်ရက်မျှသာ ရှိကြောင်း၊ လူတို့ သည် နှစ်ပေါင်းတစ်ရာကိုပင်
နှစ်ပေါင်းအသင်္ချေကဲ့သို့ မှတ်ယူပြီး ကောင်းမှုကုသိုလ်ကို
မပြုလုပ်ကြဘဲ မေ့မေ့လျော့လျော့ နေတတ်ကြကြောင်းဖြင့်
ပြောလေရာ မာလာဘာရီနတ်သားသည် လူတို့ အတွက်
များစွာ သံဝေဂဖြစ်လေ၏။

တာဝတိံသာနတ်တို့ ၏ အမြင်အရဆိုပါလျှင် လူ့ ပြည်၌
လူ့ သက်တမ်းအရ နှစ်ပေါင်းတစ်ရာ ဟူသည်မှာ
ဘာမျှကြာလိုက်သော ကာလမဟုတ်ကြောင်း၊
ဝဋ်ဒုက္ခမှ လွတ်မြောက်ရေးအတွက် မမေ့မလျော့သော
သတိတရားဖြင့် ကုသိုလ်ကောင်းမှုများကို ကြိုးစား၍
ပြုလုပ်သင့်ပါကြောင်း မာလာဘာရီ နတ်သားက
ပတိပူဇိကာ အားပြောကြားပြီး လူတို့ အတွက်
သံဝေဂဖြစ်လေ၏။

နောက်နေ့ ၌ ရဟန်းများသည် ပတိပူဇိကာ ဆွမ်းကပ်ရာ
ဇရပ်သို့ ရောက်လာကြ၏။ ဆွမ်းစားဇရပ်သည် ခါတိုင်း
နှင့်မတူတော့။ နေရာထိုင်ခင်းများသည်လည်း
သပ်သပ်ရပ်ရပ်မရှိ။ သောက်ရေ သုံးရေများသည်လည်း
အဆင်သင့်မရှိ။ အားလုံး ရှုပ်ပွေနေ၏။ ထိုအခါကျမှ
ပတိပူဇိကာ ဒါယိကာမသည် လွန်ခဲ့သောနေ့ က
ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ရဟန်းများ သိကြ၏။
ပတိပူဇိကာသည် သာသနာတော်အတွက် များစွာ
ကျေးဇူးများသူဖြစ်၏။ ထို့ ကြောင့် ရဟန်းတော်များက
ပတိပူဇိကာအပေါ် မိခင်သဖွယ် မြတ်နိုးကြ၏။
ယခု ပတိပူဇိကာ ကွယ်လွန်ကြောင်း သိကြသောအခါ
ပုထုဇဉ်ရဟန်းတို့ သည် ငိုကြွေးကြ၏။
ရဟန္တာများမှာမူ ဓမ္မသံဝေဂ ဖြစ်ကြ၏။ ငိုကြွေးခြင်း မပြုကြ။
ရဟန္တာများသည် သောကကိုလည်း ပယ်ပြီးပြီ။ ပရိဒေ၀ကိုလည်း
ပယ်ပြီးပြီ။ ဒေါမနဿကိုလည်း ပယ်ပြီးပြီ။
ထို့ ကြောင့် ရဟန္တာများအနေဖြင့် ငိုကြွေးခြင်းကို
မပြုကြခြင်း ဖြစ်၏။

ရဟန်းတို့ သည် ဇေတ၀န်ကျောင်းတော်သို့ ပြန်ရောက်သောအခါ
မြတ်စွာဘုရားထံတော်မှောက်သို့  သွားရောက်ကြပြီး
နံနက်ပိုင်းက အကောင်းပကတိ ဖြစ်ပါလျက်
ညဥ့်ပိုင်း၌ ကွယ်လွန်သွားသော ပတိပူဇိကာ ဥပါသိကာမ
အကြောင်းကို လျှောက်ထားပြီး ယခု ဥပါသိကာမသည်
မည်သည့်ဘုံဘ၀၌ ဖြစ်နေပါသနည်းဟူ၍ မေးမြန်း
လျှောက်ထားသောအခါ မြတ်စွာဘုရားက
ပတိပူဇိကာ ဥပါသိကာမသည် တာဝတိံသာနတ်ပြည်ရှိ
ခင်ပွန်းဟောင်းဖြစ်သူ မာလာဘာရီနတ်သားထံ ပြန်ဖြစ်ကြောင်း
မိန့် ကြားတော်မူပြီး၊ ဘ၀ကို ပန်းခူးခြင်းလုပ်ငန်းနှင့် နှိုင်းယှဉ်ပြီး
အောက်ပါအတိုင်း ဂါထာဖြင့် ဟောကြားတော်မူ၏။

- ပန်းခူးသူသည် ပန်းတို့ ကို အာသာရမ္မက်ဖြင့် ဆွတ်ယူသကဲ့သို့ ၊
- ကာမဂုဏ်တို့ ၏ စုဝေးရာဘ၀၌ အာသာရမ္မက် ငမ်းငမ်းတက်
နေသူများကို သေမင်းသည် ဆွတ်ခူးလေ၏။

ကာမဂုဏ်တို့ ၏ စုဝေးရာဘ၀ဟူသည် ပန်းသဖွယ်ဖြစ်၏။
ပန်းခူးသူများသည် မရသေးသော ပန်းများကိုလည်း
အာသာရမ္မက်ဖြင့် ဆွတ်ခူး၏။ ခူးပြီးသော ပန်းများကိုလည်း
မညှိုးနွမ်းအောင် ထိန်းသိမ်း၏။ ညှိုးနွမ်းသွားသော ပန်းများကိုမူ
စွန့် ပစ်ပြီး နောက်ထပ်ပန်းများကို ခူးပြန်၏။
ဤသည်မှာ ပန်းခူးသူတို့ ဓမ္မတာ ဖြစ်၏။

ပန်းခူးသူသည် မိမိခူးသော ပန်းများကို မိမိအတွက် အလှဆင်ရန်
ခူးသည်လည်းရှိ၏။ ဘုရားတင်ရန် ခူးသည်လည်းရှိ၏။ ရောင်းဖို့ ရန်
ခူးသည်လည်း ရှိ၏။ အခမ်းအနား၌ အလှဆင်ရန် ပန်းခူးသည်လည်း
ရှိ၏။ အမှန်အားဖြင့် ပန်းခူးသူသည် ပန်းများကို သူ၏ဆန္ဒအတိုင်း
အသုံးချချင်သလို အသုံးချလေ၏။

လူ့ ဘ၀ဟူသည်လည်း ပန်းများသဖွယ် ဖြစ်ပါ၏။ ပန်းများလှသလို
လူ့ ဘ၀သည် လှပါ၏။ ပန်းများမွှေးသလို လူ့ ဘ၀သည် မွှေးပါ၏။
လှသော မွှေးသောပန်းများကို ပန်းခူးသူက ခူးပြီး သူအသုံးချချင်သလို
ချ၏။ ထိုနည်းအတူ လှသော၊ မွှေးသော လူ့ ဘ၀များကို သေမင်းကခူးပြီး
သူအသုံးချချင်သလို ချလေ၏။ လှသော၊ မွှေးသော ပန်းများကို လောက၌
ထိုက်ထိုက်တန်တန် အသုံးချ၍ ရသလို လှသော မွှေးသော လူ့ ဘ၀များကို
လည်း လောက၌ ထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏။ ပန်းများကို
ဘုရားတင်၍ ပူဇော်သလို မိမိတို့ ၏ ဘ၀ကိုလည်း လောကအတွက်
ပူဇော်နိုင်ပါ၏။ ဘုရားတင်၍ ပူဇော်ခြင်းဖြင့် ပန်းများကို ထိုက်ထိုက်
တန်တန် အသုံးချသလို လောကအတွက် ပူဇော်ခြင်းဖြင့် မိမိတို့ ၏
ဘ၀ကို ထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏။ ပန်းအလှနှင့်
ဘ၀အလှကို မည်သို့ အသုံးချမည်နည်း။

ပန်း၏ အလှသည် ပန်းအတွက်လည်း ဖြစ်၏။
ဥယျာဉ်မှူးအတွက်လည်း ဖြစ်၏။ လောကအတွက်လည်း ဖြစ်၏။
ထိုနည်းအတူ လူ့ ဘ၀၏ အလှသည် မိမိအတွက်လည်း ဖြစ်၏။
နိုင်ငံတော်အတွက်လည်း ဖြစ်၏။ လောကအတွက်လည်း ဖြစ်၏။
ရတနသုတ်ပရိတ်တော်၌ မြတ်စွာဘုရားက ဘ၀၏အလှကို
လောကအတွက် ၊ ဆွေမျိုးဥာတကာတို့ အတွက် အသုံးချရန်
စရိယာအနေဖြင့် ဟောကြားတော်မူခဲ့၏။ လောကတွင်
မြင့်မြတ်သူ ဟူသမျှသည် မိမိတို့ ဘ၀၏အလှကို ရတနသုတ်တော်လာ
မြတ်စွာဘုရားဟောကြားတော်မူထားသည့်အတိုင်း အသုံးချသည်ချည်း
ဖြစ်၏။ မိမိတို့ ၏ ဘ၀အလှကို ထိုကဲ့သို့ အသုံးမချသရွေ့ ကာလပတ်လုံး
မိမိကိုယ်ကို မိမိက ဘယ်လောက်ပင်တော်သည်ဟု ထင်ထင်
လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ မည်သူမဆို အညံ့ချည်းသာ ဖြစ်၏။
အမှန်အားဖြင့် မိမိတို့ ၏ ဘ၀အလှကို မြတ်စွာဘုရား ဟောကြားတော်
မူသည့်အတိုင်း အသုံးချနိုင်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်မည်ဖြစ်၏။
သို့ မဟုတ်ပါက ဗုဒ္ဓဘာသာဝင်အတုသာ ဖြစ်ပေလိမ့်မည်။
ဤသည်မှာ ဂါထာ၏ ဆိုလိုရင်း ဖြစ်ပါ၏။ Aye Chan Mon မှပြန်လည်မျှဝေပါသည်။ Thanks

(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမ္မပဒ - ပတိပူဇိကာဝတ္ထု မှ)

မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ

No comments:

Post a Comment