ဒီပသဒ္ဒါသည် ရေတို့ဖြင့် ပိုင်းခြားသော ကျွန်းဆွယ်ကိုလည်း ဖော်ပြနိုင်သည်။ ဥပမာ-ဇမ္ဗုဒီပါကျွန်းကြီးသည် အနောက်ဘက်၌ အနောက်အာရေဗျပင်လယ်၊ အရှေ့ဘက်၌ အရှေ့သမုဒ္ဒရာ ဘင်္ဂလားပင်လယ်၊ တောင်ဘက်၌ လင်္ကာဒီပ ရေလက်ကြားဟုဆိုအပ်သော ရေသုံးမျက်နှာတို့ဖြင့် ပိုင်းခြားအပ်သောကြောင့် ဇမ္ဗုဒီပဟု ဒီပသဒ္ဒါဖြင့် သုံးစွဲရိုး ရှိခဲ့ကြသည်။ ယခုခေတ်၌ ဣန္ဒိယကျွန်းဆယ်ဟု ခေါ်ဆိုကြသည်။ သုဝဏ္ဏဘူမိ သထုံသည်လည်း အရှေ့ဘက်၌ ထိုင်းပင်လယ်ကွေ့၊ တောင်ဘက်၌ မလက္ကာရေလက်ကြား၊ အနောက်ဘက်၌ မုတ္တမကွေ့၊ ရေတိုပတ်လည် ၀ိုင်းနေသည်ကို ရည်ရွယ်၍ ဒီပဟု အဋ္ဌကထာဆိုခဲ့ခြင်းဖြစ်ဟန်တူသည်။ ဒီပဟူသော စကားအရလည်း သုဝဏ္ဏဘူမိသည် သထုံဖြစ်နိုင်သည်။
“တာမလိတ္တိဆိပ်ကမ်းမှ ယူဇနာ(၇၀၀)ဝေးကွာသောနေရာဖြစ်ရမည်” ဟု ဆိုရာ၌လည်း စုမတြာကျွန်းသည် တာမလိတ္တိဆိပ်ကမ်းနှင့် မျဉ်းဖြောင့် သဏ္ဌာန်ခပ်ဝိုက်ဝိုက် တိုင်းသဖြင့် ယူဇနာ(၇၀၀) ဝေးခြင်း ဖြစ်သည်။ သထုံသည် တာမလိတ္တိနှင့် မျဉ်းကွေးသဏ္ဌာန် ယူဇနာ(၇၀၀)လောက်ပင် ရှိနိုင်သဖြင့် ဤစကားအရလည်း သုဝဏ္ဏဘူမိသည် သထုံဖြစ်နိုင်သည်။
မဇ္ဈိမဒေသ သားတို့သည် ရောက်ရာနေရာများကို အမည်ပေးလေ့ရှိပါသည်။ အဓိကထွက်ကုန်ပေါ်မှာ မူတည်၍ ပေးလေ့ရှိသည်။ လှေရွက်နှင့် တူသောကျွန်းကို လင်္ကာဒီပ၊ ရွှေထွက်သော စုမတြာကျွန်းကို သုဝဏ္ဏဒီပ၊ မုယောစပါးထွက်သောကျွန်းကို ယ၀ဒီပ(ဂျာဗားကျွန်း) ဟု အမည်ပေးခဲ့ပြီး ရွှေထွက်ရာ တောင်တန်းမြေပြင်ရှိသော သထုံဒေသကို သုဝဏ္ဏဘူမိဟု အမည်ပေးခဲ့ကြသည်။ စုမတြာကျွန်းကို သုဝဏ္ဏဒီပုသာ ခေါ်တွင်၍ သုဝဏ္ဏဘူမိမှာ သထုံသာ ဖြစ်နိုင်သည်။
နာလန္ဒကျောင်းတော်ကြီးတူးဖော်ရာမှ တွေ့ရှိချက်အရ - (၁) ဧည့်ခံခန်းမကြီးအ၀င် အနောက်မြောက်ထောင့် တစ်နေရာတွင် (၀င်္ဂတိုင်း ပါလမင်းဆက် သုံးဆက်မြောက် ခရစ်သက္ကရာဇ်(၉၀၀) သာသနာတော်နှစ် ၁၄၄၄-ခု၊ နောက်ပိုင်း အနှစ်ငါးဆယ်လောက်က အုပ်စိုးခဲ့သော ဒေ၀ပါလမင်း ရေးသားခဲ့သော ကြေးပုရပိုက်ကို တူးဖော်တွေ့ရှိရသည်။ ၎င်းပုရပိုက်၌ ဖော်ပြထားသည်မှာ -
“သုဝဏ္ဏဒီပခေါ် သုမာတြာကျွန်းဘုရင် သိရိဗလပုတ္တဒေ၀သည် နာလန္ဒကျောင်းတော်ကြီးတည်မြဲစေရန် သိရိနာဂရခေါ် ပါဋလိပုတ်၊ နိုင်ငံအတွင်း ရာဇဂယာ စီရင်စုတွင်ရှိသော ရွာ ငါးရွာတို့ကို ပေးလှူရာ ၎င်းရွာ ငါးရွာအတွက် မိမိပိုင်ဆိုင်သော ရွာ ငါးရွာကို အစားထိုး၍ ဒေ၀ပါလမင်းအား ဖလယ်ပေးကြောင်း” စသည်တို့ ဖြစ်သည်။
ဤကြေးပုရပိုက်အရ သုဝဏ္ဏဒီပကို သုမာတြာကျွန်းဟု တိုက်ရိုက်ရေးထားသဖြင့် ယခု စုမတြာကျွန်းသည် သုဝဏ္ဏဒီပသာဖြစ်၍ သုဝဏ္ဏဘူမိမှာမူ သထုံသာဖြစ်ကြောင်းပို၍ ခိုင်လုံသွားသည်။
သက္ကတ ရေး ရာမာယန၀တ္တု၌လည်း သုမာတြာကျွန်းကို သုဝဏ္ဏရူပဟု ဆိုထားသည် သုဝဏ္ဏဘူမိဟု မဆိုခဲ့ချေ။
ခေတ်သစ်စာပေတို့ကို လေ့လာလျှင် အေဒီ ၅၀-ခုနှစ်လောက်က ပေါ်ထွက်ခဲ့သော PONPONIUS MELA ပွန်ပိုနီးယတ်မေလ ပထ၀ီဝင် ပညာရှင်က ဂင်္ဂါမြစ်အလွန်တွင် ခရိုင်စေ CHRYSE =ရွေမြေ(သုဝဏ္ဏဘူမိ) နှင့် အာရ်ဂျရေ ARGYRE = ငွေမြေ(ဟိရညပဒေသ) ကျွန်းတို့ရှိကြောင်း ရေးသားခဲ့၏။ အနီးရှိ ကမ်းများပေါ်တွင် လူမည်းများ နေထိုင်သည်ဟုလည်း ဆိုခဲ့သည်။ အေဒီ ၁၅၀ခန့်က ရေးသားခဲ့သည်ဟု ခန့်မှန်းထားသော တောလမီခေါ် ဂရိပညာရှင်၏ ပထ၀ီဝင်ကျမ်း ၃၇-၅၂ တွင် -
“ဂင်္ဂါမြစ်၏ အရှေ့တောင်ဖက်သို့ သွားသော် ပထမ ကိရဒိယနှင့် ဗရကုရ(စစ်တကောင်း) (BARAKURA) သဘောင်္ဆိပ်သို့ ရောက်၏။ ထို့နောက် အာရ်ဂျရေ (ငွေမြေ) သို့ ရောက်၏။ ဤနိုင်ငံတွင် စင်ဗြ(SYMBRA) စဒ (SADA) ဗေရဗုန္န (BERABOONA)နှင့် တေမလ(TEMALA) မြို့များရှိ၏။ ထိုမြို့များကို လွန်ပြီးနောက် ပင်လယ်အ၀ တစ်ခုသို့ရောက်သည်” ဟု ဖော်ပြထား၏။
ဤတွင် အရ်ဂျရေ(ငွေမြေ)မှာ ရခိုင်ကမ်းမြောင်ဒေသ ပင်လယ်အငူမှာ နေဂရအငူ(မော်တင်စွန်း) ဟု ဖွင့်ဆိုကြ၏။ ယခုထက်တိုင် မော်တင်စွန်းစေတီအနီးရှိ ဇီးချိုင့်ရွာဦးစေတီကို ငွေတောင်စေတီဟု ခေါ်နေသေးသည်။
တော်လမီကပင် ဆက်လက်၍ ရေးထားသည်မှာ-
“ဗေစင်ဂု ခေါ်သော မုတ္တမကွေ့ပင်လယ် ကမ်းရိုးတန်းတလျှောက်တွင် အရပ်ပု၍ ကြံ့ခိုင်သော လူကြမ်းများနေကြောင်း ဆိုထားသည်။ တရုတ်ရာဇ၀င်၌လည်း သုဝဏ္ဏဘူမိသည် ရွှေနှင့် ဆင်စွယ်တို့ ထွက်သည်ဟု ဆိုသည်။ အာရပ်ကုန်သည်များ၏ မှတ်တမ်းများတွင်လည်း ရွှေငွေနှင့် လှပသော အ၀တ်အထည်၊ အမွှေးနံ့သာများကို သုဝဏ္ဏဘူမိမှ ဣန္ဒိယသို့ တင်ပို့သည်ဟု ဖော်ပြထားသည်။ ခေတ်သစ်မှတ်တမ်းများအရ သံလွင်မြစ်နှင့် ဧရာဝတီမြစ်ခွဲဖြစ်သော တိုးမြစ်စပ်ကြား ပင်လယ်ကမ်း တ၀ိုက်မှာ သုဝဏ္ဏဘူမိဖြစ်သည်ဟု မှတ်ယူနိုင်သည်။
မူလင်းတိုင်းရင်းသားများမှာ သြစတြလွိုက်များဖြစ်ဟန်တူသည်။ စာပေတွင် ပိသာစ=ဘီလူးဟု ခေါ်ခဲ့သည်။ မွန်လူမျိုးတို့ ရောက်လာသောအခါ မခုခံနိုင်သည့်အတွက် ပင်လယ်ကျွန်းများသို့ ဆုတ်ပြေးခဲ့သည်။ တခါတရံ ကမ်းပေါ်တက်လာပြီး ကလေးသူငယ်များကို လုယက်ပြေးကြဟန် တူသည်ဟု သမိုင်းပညာရှင်တို့က ယူဆကြသည်။
ဓမ္မစေတီမင်းကြီး၏ ကလျာဏီကျောက်စာတွင်လည်း သထုံဒေသကို ရက္ခပူရ(ရေဘီလူးတို့၏နိုင်ငံ) ဟု ရှေးဦးစွာ ခေါ်တွင်ကြောင်း၊ ဘီလင်းမြို့နယ် နတ်သုတ်ရွာ ထီးဆောင်းဘုရားကို ဘီလူးများ တည်ခဲ့ကြောင်းနှင့် ယခုတိုင် သံလွင်မြစ်၌ ဘီလူးကျွန်းရှိနေခြင်းတို့က စာပေတွင်ပါသော ပိသာစ= ဘီလူးတို့ကို နှိပ်နင်းကြောင်း အဋ္ဌကထာကြီး စကားကို ထောက်ခံနေပေသည်။
သုမာတြာကျွန်းကို သုတေသနပြုကြရာတွင် မဇ္ဈိမဒေသမှ ရေကြောင်း ကုန်သည်ကြီးများသည် သာသနာတော်နှစ်(၄၀၀) လောက်တွင် သုမိတ္တ=သုမိတြမည်သော ကုန်သည်ကြီး အမှူးထားလျှက် ဣန္ဒိယတောင်ပိုင်း ကဏှနဒီ=ကစ္စနား မြစ်ဝ ကစ္စတနတိုင်းနယ်၊ သီရိကုလမ =သီရိကုမ္မ = သျှရီကုလမြို့မှ သင်္ဘောဖြင့် ထွက်လာခဲ့ကြသည်။ ဤကျွန်းတွင်နေထိုင်ကြသော လူရိုင်းများနှင့် တွေ့ဆုံကြပြီး အနှိပ်စက်ခံကြရသော်လည်း နောင်အခါတွင် အနိုင်ရခဲ့ကြသည်။ ခေါင်းဆောင် သုမိတ္တကုန်သည်ကြီးကို အစွဲပြုကာ သုမိတြာကျွန်းဟု ခေါ်တွင်ခဲ့ကြသည်။ နောင်အခါ သုမာတြာကျွန်း ဆုမတြာကျွန်း ဖြစ်လာသည်။ ထိုသူတို့သည် ဟိန္ဒူဗြဟ္မဏ ဘာသာဝင်များဖြစ်၍ ဗြဟ္မဏဘာသာ ထွန်းကားခဲ့သည်။ ၎င်းနောက် အနှစ်(၄၀၀)လောက် (သာသနာတော်နှစ် ၈၀၀လောက်) ကြာသောအခါမှ အိန္ဒိယ အနောက်မြောက်ပိုင်း သိန္ဒုတိုင်းမှလည်းကောင်း၊ ဂူဂျရာဒ်နယ်၊ ဒါရကမြို့တော်မှလည်းကောင်း၊ နောက်ထပ် ရောက်လာကြပြန်ရာ အဇ္ဇ=အချင်ပြည်နယ်၌ ပါသိရမြို့တော်ကို တည်ထောင်ကြသည်။ ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ ဗုဒ္ဓ၀ါဒကို ဖြန့်ဖြူးကြပြန်ရာ ယဉ်ကျေးမူ နှစ်ရပ်ရောစပ်သွားသည်ဟု ကမ္ဘာ့ရာဇ၀င်တွင် ဖွင့်ဆိုထားသဖြင့် သာသနာတော်နှစ် ၂၃၅ခုတွင် အရှင်သောဏနှင့် အရှင်ဥတ္တရတို့ ကြွလာသော သုဝဏ္ဏဘူမိသည် စုမတြာကျွန်းဖြစ်နိုင်ချေ အလျဉ်းမရှိကြောင်း သေချာသွားသည်။
အထောက်အထားတွေ့ရှိချက်များအရ သုဝဏ္ဏဘူမိသည် စုမတြာကျွန်း မဖြစ်နိုင်။ ထို့အတူပင် ဒွါရာဝတီနိုင်ငံလည်း မဖြစ်နိုင်၊ အိန္ဒိယပြည်တွင်း၌လည်း မဖြစ်နိုင်တော့ပေ။ အရှင်သောဏနှင့် အရှင်ဥတ္တရတို့ သာသနာပြု ကြွရောက်ခဲ့သော နိုင်ငံမှာ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိ(သထုံပြည်) သာလျှင် ဖြစ်ကြောင်း မှတ်ယူအပ်ပေမည်။ ရဟန္တာမထေရ်မြတ်ကြီးများသည် သာသနာတော်အဓွန့်ရှည်စွာ တောက်ပမည့် မြန်မာနိုင်ငံတော်ကို သိမြင်တော်မူကြ၍သာ ယခုကဲ့သို့ ရွေးချယ်သာသနာပြု ကြွခဲ့ခြင်း ဖြစ်ပေမည်။
ရှေးယခင်က ရောက်နှင့်နေသော သာသနာတော်မှာ ဗြာဟ္မဏ၀ါဒရောယှက်နေသဖြင့် မသန့်ရှင်း ရှိနေ၍ အရှင်သောဏနှင့် အရှင်ဥတ္တရတို့သည် မိစ္ဆာဒိဋ္ဌိအယူ အမျိုးမျိုးကို ခွဲခြားရှင်းပြရာ ဗြဟ္မဇာလသုတ်တော်ကို ဟောရခြင်း ဖြစ်ပေသည်။ ထိုသို့ ဟောပြမှသာ စစ်မှန်သော ဗုဒ္ဓ၀ါဒ ပေါ်လွင်လာသည်။ ထေရ၀ါဒ ဗုဒ္ဓသာသနာတော် သုဝဏ္ဏဘူမိ၌ အခြေတည်လာလေသည်။ မြန်မာပြည်သို့ ထေရ၀ါဒသာသနာတော် ရောက်လာချိန်နှင့်စပ်၍ အခိုင်အမာ ပြောဆိုနိုင်သည်မှာ သာသနာတော်နှစ် ၂၃၅ခုနှစ် တတိယ သံဂါယနာခေတ် ဖြစ်လေသည်။
ရခိုင်၊ သျှစ်သောင်းဘုရားအနီးရှိ နိတိစန္ဒြမင်း အေဒီ(၅၂၀-၅၇၅)၏ သာဝိကာစန္ဒြသြီယာ မိဖုရားကျောက်စာတွင် “ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ” ဂါထာတော်ကို တွေ့ရှိရသည်။ သရေခေတ္တရာ မြို့တော်ဟောင်း ခင်ဘကုန်းမှ တူးဖော်ရရှိသော ရွှေပေလွှာအချပ် ၂၀တို့တွင် ပဋိစ္စသမုပ္ပါဒ် အဘိဓမ္မာတရားတော်များ၊ “ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ” စသော ပဠိတော်များကို ရေးထားသည်။ ထိုအရေးအသားများမှာ ထေရ၀ါဒသာသနာတွင် ထင်ရှားသော ပါဠိစာပေများ ဖြစ်သည်။ အေဒီ ၁-ရာစုလောက်က တည်ဆောက်ခဲ့သော မြို့တော် တနေရာမှ တူးဖော်ရခြင်းဖြစ်၍ ပါဠိပိဋကစာပေတို့သည် ဘီစီ ၃-၄-ရာစုလောက်ကထဲက မြန်မာပြည့်အနှံ့ ရောက်ရှိနေကြောင်း ခိုင်လုံသော သက်သေများ ဖြစ်သည်။
သို့ဖြစ်၍ တတိယသံဂါယနာပွဲကြီးအပြီးတွင် အရှင်မဟိန္ဒ သာသနာပြုခဲ့သော သီဟိုဠ်သာသနာ၊ အရှင်သောသဏ၊ အရှင်ဥတ္တရတို့ သာသနာပြုခဲ့သော မြန်မာသာသနာတို့မှာ ထေရ၀ါဒ ဗုဒ္ဓသာသနာတော် ဖြစ်ကြောင်း ရှေးဟောင်း အထောက်အထားများက သက်သေခံနေပေသည်။ ထို့ကြောင့် သုဝဏ္ဏဘူမိ သထုံပြည်သည်ကား ကိုးတိုင်းကိုးဌာန သာသနာတော် ပြုစုပျိုးထောင်ခဲ့ရာ ဘူမိနက်သန် နေရာမှန်ဖြစ်ကြောင်း မှတ်ယူကြရာ၏။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment