လူသတ္တဝါတို့၏လောကကို (သတ္တလောက)ဟုခေါ်ဆို၏။
ပြုပြင်ဖန်တီးသည့်လောကကို (သင်္ခ`ါရလောက)ဟုခေါ်ဆိုပြီး မိုးကောင်းကင် စကြာဝဠာနှင့်ရေ၊
မြေ၊တော၊ တောင်၊ သမုဒ္ဒရာတို့ရှိသည့် ဤကမ္ဘာလောကကြီးကို (သြကာသလောက)ဟု ခေါ်ဆိုကြ၏။
မြတ်ဗုဒ္ဓသည် သဗ္ဗညုတ ဥာဏ်တော်ကြီးဖြင့် လောကသုံးပါးကို ပိုင်းခြားထင်ထင်သိမြင်တော်မူ၍
ဟောကြားထားခြင်းဖြစ်၏။ ထိုလောကသုံးပါးတွင် သတ္တလောကဟုခေါ်ဆိုအပ်သော သတ္တဝါတို့ကျင်လည်ရာ
ဘုံဌာနများကို ဟောကြားရာတွင်
၁။ ကာမဂုဏ်ခံစားခြင်းမရှိကြသော
ဗြဟ္မာကြီးတို့ဖြစ်ရာဘုံပေါင်း(၂၀)။
၂။ ကာမဂုဏ်ခံစားခြင်းရှိသော
နတ်သား၊ နတ်သမီးတို့ပျော်စံရာဘုံပေါင်း(၆)ဆင့်။
၃။ ကာမဂုဏ်ခံစားခြင်းရှိသော
လူတို့ နေထိုင်ရာဘုံတစ်ဘုံ၊
၎။ ဒုက္ခမျိုးစုံခံစားနေရသော
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဖြစ်သော အပါယ်လေးဘုံ ဟူ၍ဖြစ်ပါသည်။
သတ္တဝါတို့ သံသရာလည်ရာ ဖြစ်ကြရာဘုံအားဖြင့်(၃၁)ဘုံရှိကြောင်း
မြတ်ဗုဒ္ဓက ဟောကြားပါသည်။ဤ(၃၁)ဘုံသည် ဘယ်ဘုရား၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ ဖန်ဆင်းထားခြင်းမဟုတ်ပေ။
အထူးသဖြင့် ဘုရားဆိုသည်မှာလည်း ကောင်းကင်တွင် ပွင့်ရိုးထုံးစံမရှိ၊ ကောင်းကင်တွင်မနေ၊
ဤကမ္ဘာတွင်သာ ပွင့်ရိုးထုံးစံရှိ၏။ ကမ္ဘာကြီးပျက်လိုက်၊ ပြန်တည်လိုက်နှင့် ပြန်တည်သောအခါတိုင်း
မြတ်စွာဘုရားရှင်တို့ ပွင့်သင့်သောအချိန်အခါတို့တွင် လူသတ္တဝါတို့အားယဉ်ကျေးအောင်
ဆုံးမသွန်သင်ရန် မြတ်စွာဘုရားရှင်များ ပွင့်တော်မူခဲ့ကြပါသည်။ ဤကမ္ဘာအဆက်ဆက်တွင် ဘုရားအဆူဆူတို့
မရေမတွက်နိုင်အောင်လည်း ပွင့်တော်မူခဲ့ကြသည်။
(၃၁)ဘုံရှိ လူ၊ နတ်၊ ဗြဟ္မာနှင့်
အပါယ်လေးဘုံးသားများအားလုံးတို့သည် ကိလေသာ များရှိကြသူများဖြစ်သောကြောင့် ၎င်းတို့ကို
သတ္တဝါဟု ခေါ်ဆိုရပါသည်။ ထို(၃၁)ဘုံတွင် ရှိသူများကို ခြုံ၍ခေါ်ဆိုရသော သတ္တဝါတို့သည်
အထက်ဘုံသို့ရောက်သည့်အခါရောက်၊ အောက်ဘုံသို့ ပြန်ဆင်းသည့်အခါဆင်းဖြင့်၊ ဆင်းရဲတစ်ခါ၊
ချမ်းသာတလှည့်ဖြင့် (၃၁)ဘုံတွင် လှည့်ပတ်၍ ပဋိသန္ဓေနေလိုက်၊ အိုလိုက်၊ သေလိုက်၊
တဖန်ကိုယ်ပြုသည့် ကံ=အကြောင်းတရားကြောင့် အကျိုးပေးရာဘုံတို့တွင် ပြန်ဖြစ်လိုက်ဖြင့်
(၃၁)ဘုံတွင် အဖန်တလဲလဲ ပဋိသန္ဓေနေလိုက်၊ မွေးလိုက်၊ သေလိုက်၊ တဖန်မွေးလိုက်၊ သေလိုက်ဖြင့်
သတ္တဝါတို့၏ ဘဝသံသရာသည် အဆုံးမသတ်နိုင်သော ဒုက္ခသံသရာဖြစ်စဉ် ဆင်းရဲခြင်းမှ မလွတ်နိုင်ကြကြောင်း
မြတ်ဗုဒ္ဓဟောကြားခဲ့တာပါ။
သတ္တဝါတို့သည်(၃၁)ဘုံတွင်
ကျင်လည်ရသော်လည်း ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်စသော အပါယ်လေးဘုံနှင့် လူဆင်းရဲများသာ
အဖြစ်များကြရ၏။ ကုသိုလ်ကောင်းမှုရှိပါမှ လူ့၊ ချမ်းသာ၊ နတ်ချမ်းသာကို ရကြရ၏။ လူချမ်းသာ၊
နတ်ချမ်းသာကို ရကြသော်လည်း အမြဲမရကြပေ။ လူ့ပြည်မှပြုလုပ်ခဲ့သော ကုသိုလ်ကံကုန်လျှင်
ကောင်းကင်သို့ပစ်လိုက်သော ဒုတ်ကဲ့သို့ အရှိန်ကုန်လျှင် အောက်ဘုံဖြစ်သော လူ့ဘုံအပြင်၊
တိရစ္ဆာန်ဘုံသို့လည်း ရောက်တတ်ကြကြောင်း မြတ်ဗုဒ္ဓဟောကြားခဲ့ပါသည်။
မြတ်စွာဘုရားရှင်သည် အထက်ဘုံသို့သွားရောက်လိုပါက
သွားရောက်နိုင်သည့်နည်းလမ်း အမျိုးမျိုးကိုလည်း ဟောကြားညွှန်ပြခဲ့ပါသည်။ အထက်ဘုံသို့သွားသည့်
နည်းလမ်းများကို ဟောကြားညွှန်ပြရာတွင် အကျဉ်းချုပ်အားဖြင့် ဒါန သီလ တရားများကို ပြုလုပ်အားထုတ်ခြင်းဖြင့်
ကာမဂုဏ်ချမ်းသာဖြစ်သော လူချမ်းသာ၊ နတ်ချမ်းသာဖြစ်သော နတ်ပြည်ခြောက်ထပ်တို့ကိုလည်း
ရောက်နိုင်ကြောင်း၊ သီလတရား သမထ ဘာဝနာတရားတို့ကို အားထုတ်ကျင့်ကြံသောသူများသည်
ကာမဂုဏ်အညစ်အကြေး ကင်းသော အထက်ဗြဟ္မာဘုံ(၂၀)သို့လည်း ရောက်နိုင်ကြောင်း၊ အကျင့်တရားမပါခဲ့ပါမူ
ဘယ်ဘုရား၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ ဖန်ဆင်းထားတဲ့ ဘုံများသို့မရောက်နိုင်ကြောင်း၊ ဘယ်ဘုရား၊
ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ ငရဲသို့လည်းမပို့နိုင်ကြောင်း၊ ဘယ်ဘုရား ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ
ကောင်းရာသုဂတိသို့ မပို့နိုင်ကြောင်း၊ သတ္တဝါတို့ လားရာဂတိသည် ထိုသတ္တဝါတို့ ပြုကျင့်သည့်
ကံအတိုင်းသာ ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပါသည်။
No comments:
Post a Comment