........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 6, 2017

ဝါတွင်းချိန်ခါ ဒို့ရိုးရာ

ဝါတွင်းချိန်ခါ ဒို့ရိုးရာ

ခရစ်သက္ကရာဇ်များလည်း အလီလီပြောင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်တွေလည်း အကြိမ်ကြိမ်အခါခါ ပြောင်းလဲခဲ့ပါပြီ။ ဟိုးအတိတ်ကလည်းပြောင်း၊ ယခုလည်းပြောင်း နှောင်လည်း ဆက်လက်ပြောင်းလဲနေပါလိမ့်မည်။ ထိုကဲ့သို့ပင် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုရာသီတွေ၊ လတွေလည်း အလီလီပြောင်းကာ တစ်ရာသီပြီး တစ်ရာသီ၊ တစ်လပြီးတစ်လဆက်လက် ပြောင်းလဲလည်ပတ်နေမည်ပင်ဖြစ်သည်။ ထို့အတူပင် လူသားများ၏ ရိုးရာယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုးထိန်းသိမ်းလိုသည့်စိတ်ဓါတ်များသည်လည်း အနည်းနှင့်အများ တစ်ဖြည်းဖြည်း လျော့တိလျော့ရဲဖြစ်လာကြသည်လေကုန်၏။

ယခုအခါ ဥတုရာသီကား ပူပြင်းလှသောနွေရာသီကျော်လွန်၍ ချမ်းစိမ့်သောရာသီဟုသမုတ်ကြသော မိုးရာသီသို့ရောက်ရှိလာပြီသကိုး။ ယခုအချိန်တွင် ဝါတွင်းသုံးလ ပအိုဝ်းလူမျိုးများဖြတ်သန်းသည့် ဓလေ့ထုံးစံများကို ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။ ယခုလိုအချိန်ခါရောက်တိုင်း ဇာတိမြေ၊ မိဘ၊ ဆွေမျိုးအသိုင်း အဝိုင်းများနှင့် အနေဝေးရသောသူများအတွက် များသောအားဖြင့် ရေခြားမြေခြားတစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ပအိုဝ်းညီအစ်ကို တိုင်းရင်းသားများအတွက် ဇာတိမြေကိုလွမ်းဆွတ်သတိရသည့်စိတ်က တဆစ်ဆစ်ကိုက်၍ အလွမ်းဒဏ်ပိုမိုပြင်းထန်သည့် အချိန်ခါဆိုလည်း မှားမည်မထင်။ ဒီအချိန်ဆို ပအိုဝ်းလူမျိုးများ နေထိုင်ရာမည်သည့်ဒေသမဆို အိုးစည်ဗုံမောင်းသံများ၊ ငေါဝ်းကဲး၊ ငေါဝ်းတဲက်သံများ တလွင်လွင် ကြားရတော့မည်။ တက်သစ်စ လူပျို၊ အပျိုများလည်း လူပျို၊ အပျိုဂိုဏ်းဝင်လာကာ ရင်ခုန်ပျော်မြူးရမည့်အချိန် ဖြစ်သကဲ့သို့ ဝါကျွတ်လျှင် “တူနှစ်ကိုယ် တဲအိုထဲဘဲနေရနေရ” ဟူသော စကားပုံအတိုင်း အိမ်ထောင်ပြုဖို့ရည်မှန်းထားသည့် သက်ကြီးပိုင်းလူပျို၊ အပျိုတို့အတွက်လည်း ဝါကျွတ်မည့်အချိန်ကိုစောင့်မျော်ကာ ရင်ခုန်သံပိုမိုမြိုင်ဆိုင်မြန်ဆန်လာသည့် အချိန်လည်းဟုတ်ပေမည်။

ဒီချိန်ဆို ပအိုဝ်းရိုးရာအင်္ကျီများကို ဆင်တူဝတ်ကာ မနက်အာရုံဆွမ်းကပ်ဖို့ ဆွမ်းခွက်ကိုယ်စီကိုင်ပြီး ညီညာစွာတန်းစီကာ အိုးစည်ဗုံမောင်းသံတလွင်လွင်ဖြင့် မိမိတို့ကိုးကွယ်ရာဘုန်းတော်ကြီးကျောင်းကို ကုသိုလ် ဒါနအတွက်ချီတက်လာကြသည့် မြင်ကွင်းကိုလည်း ဝါတွင်းသုံးလလုံးလုံးမြင်တွေ့ရတော့မည်။ ဝါတွင်းသုံးလ လုံးလုံး ဥပုသ်စောင့်တည်ကြတော့မည့် အဖိုးအဖွားများကိုလည်း စာဂပွဲကျင်းပကြတော့မည်။ ဥပုသ်နေ့တိုင်း တွင် ကျေးလက်ကျေးရွာရှိပအိုဝ်းလူငယ်များက ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီး၏ ဝေယျာဝစ္စများ၊ ဥပုသ်သည်များအတွက် ဝေယျာဝစ္စများကို ကူညီလုပ်ဆောင်ခြင်းဖြင့် နှောင်ဘဝအတွက် ကုသိုလ်ဒါနများ ပြုကြတော့မည်။ ယခုလို မြင်ကွင်းမျိုးကို ပအိုဝ်းလူမျိုးများနေထိုင်ရာ မည်သည့်နေရာဒေသမဆို လက်ညိုးထိုးမလွဲမြင်တွေ့ရပါတော့မည်။ ထို့အပြင် ရေခြားမြေခြားတွင် ပညာသင်ကြားနေကြသော ပအိုဝ်းတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ရေခြားမြေခြားတွင် ဝမ်းစာအတွက်အလုပ်လုပ်ကိုင်နေကြသော ပအိုဝ်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများလည်း မိမိတို့၏ ဓလေ့ထုံးစံများကို မပပျောက်အောင်ထိန်းသိမ်းကာ ပြန််လည်ဖော်ဆောင်နေကြသည့် မြင်ကွင်းများကိုလည်း အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့လာပါတော့မည်။ ထိုမြင်ကွင်းကို မြင်တွေ့ရသော ဗုဒ္ဓဘာသာဝင်များအတွက် “တစ်မူးရှိလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟူသော စကားအတိုင်း ပအိုဝ်းလူမျိုးတို့၏ ဘာသာရေးကိုင်းရှိုင်းပုံကို အံ့သြမှင်သက်ဖြစ်စေပါလိမ့်မည်။

ထို့အတူပင် ပအိုဝ်းလူမျိုးတို့၏ ဘူမိနက်သန်နယ်မြေဖြစ်သော တောင်ကြီးမြို့ပေါ်တွင်လည်း တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ပအိုဝ်းလူမျိုးတက်ကြွလူငယ်များ၊ ပအိုဝ်းလူမျိုးဦးဆောင်ဖွင့်လှစ်သော ဘော်ဒါဆောင်များနှင့် မြို့ပေါ်ရပ်ကွက်အချို့တို့တွင် မိမိတို့လူမျိုး၏ဓလေ့ထုံးစံကိုချစ်မြတ်နိုးသည့်စိတ်၊ ဘာသာရေးကိုင်းရှိုင်းပြီးကုသိုလ်များယူလိုသောစိတ်များဖြင့် ၎င်းတို့နှင့်သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများ၊ ဘုရာစေတီပုထိုးများနှင့်  “တောင်ကြီးမြို့၏ကျက်သရေဆောင် စူဠမုနိလောကချမ်းသာစေတီတော်” ကို အိုးစည်ဗုံမောင်းများတီးကာ ရိုးရာအတိုင်း လှည့်ပတ်၍ ဆွမ်းတော်ကပ်ကြသည့် မြင်ကွင်းများကိုလည်း မြင်တွေ့ရပါလိမ့်မည်။ ဤမြင်ကွင်းမျိုးကိုလည်း ထာဝရမြင်တွေ့ချင်သကဲ့သို့ မြင်တွေ့ရဖို့လည်းမျှော်လင့်ပါသည်။ ထို့အပြင် ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ အချို့ရပ်ကွက်တွင် တောရွာမှပအိုဝ်းလူမျိုးများ ဓလေ့ထုံးစံအတိုင်း ဆွမ်းတော်ကပ်သည့်ဓလေ့ကိုမြင်တွေ့နေရသော်လည်း အချို့သောရပ်ကွက်များတွင် ထိုရိုးရာဓလေ့ထုံးတမ်းများ ပျောက်ကွယ်လုနီးပါးဖြစ်နေသည်ဟု မြင်တွေ့နေရပါသည်။

ထိုသို့ပျောက်ကွယ်သွားရခြင်းမှာ အချို့ရပ်ကွက်များတွင် ပအိုဝ်းလူမျိုးနည်းပါးခြင်း၊ ဦးဆောင်သူမရှိခြင်း၊ ဦးဆောင်သူရှိသော်လည်း နောက်လိုက်မရှိခြင်း၊ ပတ်ဝန်းကျင်မှအခြားသော ဓလေ့ထုံးစံများ ကူးစက်လာခြင်း၊ ကူးစက်ခံရခြင်း၊ ဝါးမြိုခံရခြင်း၊ မိမိတို့၏ဓလေ့ထုံးစံကို အမြတ်တနိုးတန်ဖိုးထားလိုစိတ်မရှိခြင်းနှင့် အခြားသောအခက်အခဲများကြောင့် ဖြစ်ပါလိမ့်မည်။ ယခုလိုချစ်စရာကောင်းသော မိမိတို့၏ ဓလေ့ထုံးစံများကို ထိန်းသိမ်းရမည်မှာ မိမိတို့ပအိုဝ်းလူမျိူးတိုင်း၏တာဝန်ပင်မဟုတ်လော။ မိမိတို့လက်ထဲမှ လက်ရှိအနေအထားကို မပျောက်ကွယ်သွားစေရန် ထိန်းသိမ်းဖို့တာဝန်ရှိသကဲ့သို့ မိမိတို့ နှောင်လာမည့် မျိုးဆက်သစ်များကို ဆက်လက်ထိန်းသိမ်းတတ်စေရန် သင်ကြားပြသသင့်ပါသည်။ ထိုကဲ့သို့ လက်ဆင့်ကမ်းမထိန်းသိမ်းဘဲ ပေါ့ပေါ့ပျက်ပျက် ဆက်လက်ပြုမူနေထိုင်သွားပါက မိမိတို့လူမျိုး၏ရိုးရာအမွေများသည်လည်း နောက်ဆုံးတွင် ပျောက်ကွယ်လို့လာမည်ဆိုသည့်နိမိတ်ကား ပုရောဟိတ်ပုဏ္ဏားကို မေးရန်မလိုလောက်အောင်ပင်် မှန်ကန်လာပါလိမ့်မည်။

ထို့ကြောင့် ချစ်စရာကောင်းသောမိမိတို့၏ ဝါတွင်းသုံးလအခါသမယကို ဖြတ်သန်းခဲ့သည့် ဆွမ်းတော်ကပ်သည့်ဓလေ့ကို မိမိတို့လက်ထက်မှ နှောင်လာမည့်မျိုးဆက်သစ်များလက်ထဲသို့ လက်ဆင့်ကမ်း သင်ပြကြကာ “ဒို့ရိုးရာ” ကို သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆက် ဟူသော ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်သာမက နှောင်လာမည့်ဆွေမျိုးဆက်တိုင်း၏လက်ထဲထိ အဓွန့်ရှည်တည်တ့ံခိုင်မြဲအောင် ရိုးရာကိုမြတ်နိုးတန်ဖိုးထားသည့်စိတ်ဓါတ်ဖြင့် ဆက်လက်လက်ဆင့်ကမ်းထိန်းသိမ်းကြပါစေ။ နှောင်လာမည့် ပအိုဝ်းလူငယ်မျိုးဆက်သစ်များသည်လည်း မိမိတို့၏ရိုးရာဓလေ့ထုံးစံများကို ထာဝရထိန်းသိမ်းနိုင််ကြပါစေ။ စာရေးသူအနေဖြင့်လည်း “ကျွနု်ပ်တို့ရိုးရာ ဤကမ်ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့ပါစေသောဝ်” ဟု တောင်းဆုခြွေရင်း ပအိုဝ်းလူမျိုးများ၏ ဝါတွင်းအချိန်ခါကာလအတွင်း ဖြတ်သန်းကြသည့် ချစ်စရာကောင်းသော ရိုးရာဓလေ့ထုံးစံများကို မြန်မာနိုင်ငံအတွင်းရှိပအိုဝ်းလူမျိုးများအတွက်သာမက ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော ပအိုဝ်းသွေးချင်းညီနောင်များအတွက် မိမိတို့၏ရိုးရာဓလေ့ထုံးစံများကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်အလို့ငှာ ထုတ်ဖော်တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

သာႏယာႏလေလင်း နီပအိုဝ်ႏခမ်း
ခွန်ယွေးယဲင်
ခမ်းစန္တာႏဟေ့ꩻ


No comments:

Post a Comment