ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၀ ) ပညာပါရမီ
အမှန်စင်စစ် ပညာ၏သဘောဟူသည် လောက၏သက်ရှိသက်မဲ့ ဖြစ်စဉ်ဖြစ်ရပ်အားလုံးကို ၎င်းတို့၏သဘာဝအစစ်အမှန်အတိုင်း သိမြင်နားလည်ခြင်းပင်တည်း။ထိုစကားကိုအနည်းငယ်ချဲ့ပါအံ့။ ကျောင်းများတွင် သက်ဆိုင်ရာဘာသာရပ်များကို သင်ယူကြရ သင်ကြားပေးကြရ၏။ အဘယ်အတွက်နည်း၊ သက်ဆိုင်ရာဘာသာရပ်၏ မူလသဘောသဘာဝအစစ်အမှန်ကို သိမြင်နားလည်ရေးအတွက်ပင်တည်း။ မှန်၏။ ဝိဇ္ဇာဘာသာရပ်များကိုသင်ခြင်းသည် ထိုဝိဇ္ဇာဘာသာရပ်များ၏သဘောကို သူ့သဘာဝအတိုင်းသိနားလည်ဘို့ဖြစ်သကဲ့သို့ သိပ္ပံဘာသာရပ်များကိုသင်ခြင်းသည်လည်း ထို့အတူပင်ဖြစ်၏။ သို့ဆိုလျှင် ကျောင်းများတွင်သင်သော ဘာသာရပ်များသာလျှင် ပညာရေးဖြစ်သလော၊ သို့မဟုတ် ကျောင်းပညာရပ်မှတစ်ပါး အခြားသော မိမိပတ်ဝန်းကျင်တွင် တွေ့ကြုံ မြင်ကြား ထိသိနေရသော လောကဖြစ်စဉ် လူမှုရေးဖြစ်စဉ်စသည်တို့သည်လည်း ပညာရေးမဟုတ်လေသလော။သေချာစွာစေ့ငုကြည့်ပါက လောက၏နယ်ပယ်တိုင်း အရာရာတိုင်း အဆင့်တိုင်းတွင် ယူတတ်ပါက ပညာရပ်များစွာရှိ၏။ ယနေ့ပညာရပ်အားလုံးသည် လောကထဲမှရယူလာသော ပညာရပ်များပင်မဟုတ်ပါလော။အမှန်စင်စစ် လောကော သတ္တာနမာစေရော ဟူသောစကားအရ လောကကြီးသည် သတ္တဝါအားလုံး၏ ဆရာဖြစ်၏။ ထိုလောကဆရာထံမှ သင်ယူစရာများ မကုန်နိုင် မခန်းနိုင်ရှိ၏။ မှန်၏။ ယနေ့ ပညာရှင်ဆိုသူများနှင့် ပညာရှာမှီးကြသူများသည် ပညာကိုအဘယ်မှရသနည်း။ လောကထံမှ လောကထဲမှရ၏။ လောကဟူသောဆရာထံမှသင်ယူကြရ၏။ အများသိကြသည့်အတိုင်း လောကသည် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက ဟူ၍သုံးပါးရှိ၏။ ထိုသုံးပါးတွင် သတ္တလောကဖြစ်သည့် သက်ရှိသတ္တဝါများထံမှလည်း ပညာများရ၏။ ရန်သူထံမှလည်း ပညာရနိုင်၏။ ချစ်သူထံမှလည်း ရနိုင်ပြန်၏။ အနိမ့်နှင့်အမြင့် ချမ်းသာနှင့်ဆင်းရဲ ပညာရှိနှင့် ပညာမဲ့ ဂုဏ်ရှိနှင့် ဂုဏ်မဲ့ အာဏာရှိနှင့် အာဏာမဲ့ စသည့်စသည့် အလွှာမျိုးစုံတို့ထံမှလည်း ပညာများရယူဆည်းပူးနိုင်၏။ ယူတတ်ဘို့ ယူနိုင်ဘို့သာ ပဓာနဖြစ်၏။ ထို့ပြင် တိရစ္ဆာန်များထံမှသော်လည်းပညာရနိုင်၏။ အထင်ရှားဆုံး ဥပမာပြရလျှင် မုဆိုးဆိုင်သင် ဟူသောစကားအရ ဆိုင်ဟူသောတိရစ္ဆာန်၏ အပြုအမူများမှ မုဆိုးလိုက်နည်းပညာကိုရနိုင်၏။ ပုရွက်ဆိတ်ကလေးများ စည်းလုံးညီညွတ်စွာ အစာရှာဖွေစုဆောင်းမှုကိုကြည့်၍ သူတို့ထံမှ ညီညွတ်ရေးစိတ်ဓါတ်များ ချစ်ခင်ရေးနှလုံးသားများ အတ္တမာနစွဲကင်းကင်းဖြင့် အပြန်အလှန်အမှီပြုကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေထိုင်ခြင်း စိတ်ဓာတ်များကိုရနိုင်၏။ ပျားကောင်များ သူတို့၏အုံကို အသက်ပေး၍သတ္တိရှိရှိ ကာကွယ်ကြပုံကိုကြည့်၍ အမျိုးသားရေးစိတ်ဓါတ်များ ဇာတိသွေး ဇာတိမာန်များ ရယူပေါက်ဖွားနိုင်၏။ လူသားအချင်းချင်းထံမှ ပညာများလက်ဆင့်ကမ်းကာ ရယူခဲ့ကြ၊ ရယူနေကြသည်ကိုကား အထူးပြောဖွယ်မလိုတော့ပေ။ နတ်ဗြဟ္မာများထံမှလည်း အသိပညာများရယူနိုင်ပြန်၏။ ထို့ပြင် သင်္ခါရလောကဖြစ်သည့် ပြုပြင် ဖန်တီး ပြောင်းလဲ ဖြစ်ပျက်ဟူသောသက်ရှိသက်မဲ့တို့၏ ဖြစ်စဉ်ဖြစ်ရပ်များမှလည်း ပညာများရယူနိုင်ပြန်၏။ ယနေ့ကျောင်းများတွင် ပြဋ္ဌာန်းထားကြသော ဘာသာရပ်များကိုကြည့်လျှင် အများစုသည် သင်္ခါရလောကမှ ထုတ်ယူထားကြသည့် ပညာရပ်များဖြစ်သည်ဟု မိမိနားလည်မိ ခံယူမိ၏။ ထို့ပြင် ဩကာသလောကဖြစ်သည့် တိရစ္ဆာန်တို့၏ နေရာဘုံဌာန လူတို့၏နေရာဘုံဌာန ငရဲ နတ်နှင့် ဗြဟ္မာတို့၏နေရာဘုံဌာနများမှလည်း ပညာရပ်များရယူနိုင်၏။ ပညာရပ်မှန်သမျှကို ထိုလောကသုံးပါးထဲမှ ရနိုင်ယူနိုင်၏။ ထိုလောကသုံးပါးထဲတွင် ပညာရပ်မှန်သမျှ အားလုံးရှိ၏။ လောကီပညာရပ်များကိုသာမက လောကုတ္တရာပညာရပ်များကိုပါ ထိုးထွင်းသိမြင်ဘို့အရေးတွင်လည်း ထိုလောကသုံးပါးကို သဘာဝအတိုင်းသိမြင်အောင် အားထုတ်ကြရ ကြိုးစားကြရ၏။ထိုသို့သိမြင်အောင် ပညာပါရမီကိုဖြည့်ကျင့်ခြင်းဖြင့် ထိုလောကသုံးပါးအကြောင်းကို သိစရာမှန်သမျှ တစ်စမကျန်ရအောင် အကုန်အစင် သဘာဝအတိုင်းသိမြင်တော်မူသောကြောင့်လည်း လောကဝိဒူ ဟူသောဂုဏ်တော်ကို ဘုရားရှင်ပိုင်ဆိုင်တော်မူခြင်းဖြစ်ပါ၏။ ထိုလောကသုံးပါးထက် သိစရာဘာများရှိပါသေးသနည်း။ ဘာဆိုဘာမျှမရှိတော့။ ပညာသင်ခြင်းဟူသည် ထိုလောကသုံးပါးကိုသဘာဝအတိုင်းသိမြင်အောင် သင်ယူနေကြခြင်းဖြစ်၏။ ဤအချက်ကိုပင် အသေးစိတ်ခွဲခြမ်း၍ ဘာသာရပ်အမျိုးမျိုးအဖြစ်သတ်မှတ်ထားကြခြင်းပင်ဖြစ်၏။ မိမိဆိုလိုသည်မှာ ကျောင်းများတွင်သင်သော ဘာသာရပ်များသည်သာ ပညာရေးမဟုတ်၊ ကျောင်းပြင်ပတွင်လည်း ယူတတ်ပါက မကုန်နိုင်မခမ်းနိုင်သော ပညာရပ်များရှိ၏ဟု ဆိုလိုခြင်းဖြစ်ပါ၏။ ယခုလောလောဆယ် အနီးကပ်ဆုံးဥပမာကိုပြရလျှင် မိုက်ကရိုဆော့ဖ်ကုမ္မဏီပိုင်ရှင် သူဌေးကြီးဘီလ်ဂိတ်သည် ကျောင်းပညာရေး မပြီးဆုံးခဲ့။ သို့သော် သူ၏ ကျောင်းပြင်ပတွင်ရှာဖွေထားသောပညာစွမ်းအားကြောင့် ယနေ့ အောင်မြင်နေသည်မှာ အထင်အရှားပင်ဖြစ်၏။ ထို့ပြင် မကြာမီကကွယ်လွန်သွားသော အက်ပ်ပဲကုမ္မဏီ၏ အမှုဆောင်အရာရှိချုပ် ဗုဒ္ဓဘာသာဘုန်းကြီးလူထွက် စတိပ်ဂျော့ဘ်သည်လည်း ကျောင်းပညာရေးပြီးဆုံးခဲ့သူမဟုတ်ချေ။ သမိုင်းကို အနည်းငယ်ဆန့်ကြည့်လျှင် အမေရိကားမှ နာမည်ကျော် သမတဟောင်း အေဗရာဟန်လင်ကွန်း၊ မိမိတို့ဗမာပြည်မှ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်တို့သည်လည်း ကျောင်းပညာရေးပြီးခဲ့သူများမဟုတ်ကြ။ သို့သော် လောကအတွက် သူတို့ရှာဖွေထားကြသောပညာများဖြင့် တာဝန်ကျေအောင်ထမ်းဆောင်ခဲ့ကြ ပေးဆပ်ခဲ့ကြသူများပင်တည်း။ ဂုဏ်ပြုအတုယူ အားကျထိုက်ပေစွတကား။ ထို့ကြောင့် ပညာသာလွန်သူသည် အရာရာကိုသိက္ခာရှိစွာ လွှမ်းမိုးနိုင်၏။ ထိုပညာဖြင့်လွှမ်းမိုးနိုင်ခြင်းသည် ရေရှည်ခိုင်ခံ့၏။ တည်တံ့၏။ ခိုက်ရန်ကင်း၏။ ပညာရှင်သည် အများကကြည်ဖြူစွာပေးသောနေရာကို သိက္ခာရှိစွာလက်ခံရယူ၏။ အာဏာရှင်သည် သူ၏နေရာအတွက် မတရားနည်းဖြင့် လုယူ၏။ဤသို့ကွာချင်တိုင်းကွာခြားလှတော့၏။ ထို့ကြောင့်ပင် ဘုရားရှင်သည် ပညာရဘို့အရေးကိုသာ တိုက်တွန်းတော်မူခဲ့၏။ နည်းလမ်းပြတော်မူခဲ့၏။ လောက၏ကြီးပွါးရေး စီးပွါးရေးနယ်ပယ်တွင်သာမက လောကုတ္တရာနယ်ပယ်တိုင်အောင် (သီလကိုအခြေခံသော) ပညာကိုသာ အသုံးပြုရန်ညွှန်ကြားတော်မူခဲ့၏။ အနှိုင်းမဲ့တန်ခိုးရှင်ဖြစ်တော်မူသော်လည်း တန်းခိုးပြခြင်းကို မဖြစ်မနေလိုအပ်မှသာပြတော်မူခဲ့၏။ သူ၏ တပည့်သားသံဃာတော်တို့ကိုလည်း တန်းခိုးမပြရန် ပညတ်ပိတ်ပင်ထားတော်မူ၏။ ပိဋကတ်စာပေတွင် မိမိတွေ့မိသလောက် ဘုရားရှင်သည် တန်ခိုးပြသည့်အကြိမ်အလွန်နည်းပါးတော်မူ၏။အဘယ်ကြောင့်ဆိုသော် တန်ခိုးပြခြင်းကိစ္စတွင် အတုအယောင်များ အကြံအဖန်များ လိမ်ညာလုပ်ကိုင်စားသောက်လိုသူများ သာသနာတော်ကိုတန်ခိုးတုများဖြင့် ဖျက်ဆီးမည့်သူများ ဖြစ်လာဘွယ်ရှိသောကြောင့်ပင်တည်း။ အထူးသဖြင့် ပညာသည်မည်မျှအရေးပါ၍ မည်မျှသာလွန်သည်ကို သာဓကပြရလျှင် အထင်ရှားဆုံးမှာ ဘုရားရှင်ပင်တည်း။ အဘယ်ကြောင့်ဘုရားဖြစ်သနည်း။ အဓိကအားဖြင့် ပညာကြောင့်ဘုရားဖြစ်၏။ တန်ခိုးအဓိကကြောင့်မဟုတ်ချေ။ အဘယ့်ကြောင့် ရဟန္တာဖြစ်သနည်း။ ပညာကြောင့်ပင်တည်း။ အဘယ့်ကြောင့် သံသရာမှအဆုံးတိုင်ထိ အပြီးအပြတ်လွတ်မြောက်နိုင်သနည်း။ ပညာကြောင့်ပင်တည်း။ ထိုပညာဟူသည် ယနေ့သင်ကြားနေကြသော ကျောင်းပညာရေးများမဟုတ်။ အဟုတ်အစစ်ကား မဂ်ပညာ ဖိုလ်ပညာတို့ပင်ဖြစ်သတည်း။ ထို့ကြောင့်လောကီသံသရာတွင် ကျင်လည်စဉ် သိက္ခာရှိစွာ ဂုဏ်ယူထိုက်စွာ မြတ်နိုးထိုက်စွာ ထိပ်တန်းသို့ရောက်စေနိုင်သည်မှာလည်း ပညာပင်တည်း။ ထိုလောကီမှလွတ်မြောက်၍ လောကုတ္တရာသို့ရောက်စေနိုင်သည်မှာလည်း ပညာပင်တည်း။ ထို့ကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာနှစ်ဘဝတွင် ပညာသည်အရေးပါလှ၏။ပညာရရေးအလေးပေးသင့်လှ၏။ ပညာကြောင့်ပင် မိမိတို့ထက်အပြေးမြန်သော မြင်းကိုထိန်းကျောင်းကာ မောင်းနှင် တက်စီးနိုင်ခဲ့၏။ မိမိတို့ထက် အားကြီးသောဆင်ကို ခိုင်းစားနိုင်၏။ ပညာ၏ အကျိုးအမြတ်တို့မှာ များပြားလှစွာ၏။ ဤအကြောင်းအရာများကို အခန်း ၁၉ တွင်တော်တော်များများရေးခဲ့ပြီးဖြစ်ပါ၏။ ပညာနှင့်ပတ်သက်၍ ပိဋကစာပေတွင် ဤသို့အဓိပ္ပယ်ဖွင့်ဆိုကာ အဆင့်သတ်မှတ်လေ၏။
ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၁ ) ပညာပါရမီ
ပညာရည်အဆင့်အတန်းကို ပိဋကတ်စာပေများအဆိုအရ ဤသို့သုံးဆင့်ပိုင်းခြားသတ်မှတ်နိုင်၏။ ၁။ သညာသိအဆင့်၊ ၂။ ဝိညာဉ်သိအဆင့်နှင့် ၃။ ပညာသိအဆင့်ဟူ၍။ ဤအကြောင်းအရာများကို မိမိတို့ ကိုရင်ငယ် စာသင်သားဘဝတွင်သင်ကြားခဲ့ရ၏။ သို့သော် ယ္ခုကဲ့သို့ချဲ့ထွင်ကာ မခံစားတတ်၊ မမြင်တတ်၊ နားမလည်တတ်ခဲ့ချေ။ အထက်ပါ ပညာရည်အဆင့်သုံးဆင့်တွင် နံပါတ်တစ်ဖြစ်သည့် သညာသိအဆင့်ကိုဦးစွာပထမ တင်ပြလိုပါ၏။ သညာဟူသည် မှတ်သားခြင်းသဘောမျှပင်တည်း။ အရာရာကို သူမြင်သည့်အတိုင်း ကြားသည့်အတိုင်း သင်ပေးထားသည့်အတိုင်း မှတ်သားခြင်းဖြစ်၏။ မိမိတို့၏ ဆိုင်ရာပသာဒရုပ်များဖြင့် အာရုံငါးပါးကို ထိတွေ့ကာလက်လှမ်းမီသလောက် မှတ်သားရုံသက်သက်မျှ သိခြင်းသဘောသည် သညာသိဖြစ်၏။ လေးနက် ခိုင်ခံ့၍ အနှစ်အဆံပါသော အသိမဟုတ်ချေ။ မေ့ပျောက်တတ်သလို မေ့ပျောက်သွားပါကလည်း ဘာမျှမကျန်တော့သော အသိအဆင့်မျှသာဖြစ်၏။ ကိုယ်ပိုင်ဥာဏ်ကိုအားစိုက်၍ စူးစမ်းခြင်း ဝေဘန်သုံးသပ်ခြင်း ကြောင်းကျိုးယုတ္တိကိုဆင်ခြင်ဆွေးနွေးခြင်းတို့မပါဝင်ပေ။ အမှန်စင်စစ် လူသားအပါအဝင် သတ္တဝါတိုင်းသည် ထိုသညာသိအဆင့်မှစ၍ သင်ကြားခဲ့ကြရ၏။ နားလည်ခဲ့ကြရ၏။အနည်းငယ် ချဲ့ပါအံ့။ မိမိတို့ငယ်စဉ်ဘဝတွင် မိခင်ထံမှ ဦးစွာပထမသင်ယူကြရသည်မှာ သညာသိပညာရေးပင်ဖြစ်၏။ ဤအရာကို မျက်လုံးလို့ခေါ်တယ်သားရဲ့၊ ဤအရာကို နားရွက်လို့ခေါ်တယ်သားရဲ့၊ ဤအရောင်ကို အဖြူရောင်လို့ခေါ်တယ်၊ ဤသူကိုတော့ ဦးကြီး ဘကြီး ဒေါ်ကြီး ဒေါ်လေးလို့ခေါ်တယ် စသည်ဖြင့် မှတ်တတ်အောင် စတင်သင်ကြားပေး၏။ ဤအတိုင်းပင် မိမိတို့မှတ်သားခဲ့၏။ ဘာကြောင့်မျက်လုံးဟုခေါ်သည်၊ ဘာကြောင့်အဖြူရောင်ခေါ်သည်၊ ဘာကြောင့် ဦးကြီး ဦးလေးခေါ်သည် စသည်ဖြင့် ကြောင်းကျိုး ဝေဘန်စဉ်းစားသုံးသပ်ခြင်းများမပါဝင်ပေ။ သူ့အိုးနှင့်သူ့ဆန် တန်ရုံသာ ဟုဆိုသည့်အတိုင်း လူမမယ်ကလေးအရွယ်တွင် ဤသညာအဆင့်ပညာရေးသည် သင့်တော်၏။ လိုက်ဖက်၏။ ဤသညာအဆင့်ပညာရေးသည် မိဘ၏လက်ဦးသင်ကြားရေးမှသည် ကျောင်းသင်ပညာရေး မူလတန်းနှင့်အလယ်တန်းပြီးဆုံးသည်အထိ သင့်တော်၏ဟုဆိုကဆိုနိုင်မည်ထင်၏။ ( မူလတန်းကတည်းက သညာအဆင့်ထက်ကျော်လွန်နိုင်ပါကလည်း ပို၍ပင်ကောင်းပါ၏။ ) သို့သော်အထက်တန်းပညာရေးသို့ရောက်လျှင်ကား ဤသညာအဆင့်သင်ကြားမှုပညာရေးသည် မစပ်ဟပ်မိ၊ မဆီလျော်တော့ချေ။ အကြောင်းကား အထက်တန်းပညာရေးတွင် ကြောင်းကျိုးဝေဘန်မှုများ စဉ်းစားသုံးသပ်မှုများပါဝင်လာရမည်ဖြစ်သောကြောင့်ပင်တည်း။ ဤအကြောင်းအရာနှင့်စပ်၍ သင်ကြားနည်းလေးမျိုးကို တင်ပြလိုပါ၏။ ၁။ Notes: မှတ်စုပေး၍သင်ကြားနည်း၊ ( ဆရာတိုင်ပေး ခေါ်ပေးသည့်အတိုင်း တပည့်က လိုက်၍ ရေးရ မှတ်ရ ကျက်ရ၏။ ဤအတိုင်းမေးလျှင် ဤလိုဖြေ၊ သည်ပုံမေးလျှင် သည်လိုရေးဟုဆိုကာ အမေမှာသည့်ဆန်တစ်ခွဲ သုံးစိပ်နဲ့မလဲ ဆိုသည့်ပမာ မှာထားသည့်အတိုင်းသာ မူသေဆုပ်ကိုင်လျှက် ကိုယ်ပိုင်ဥာဏ်ထုတ်သုံးဘို့လဲမလို၊ စဉ်းစားသုံးသပ်ခြင်းလဲကင်းကာ ပြန်လည်ဆွေးနွေး
မေးမြန်းခွင့်လဲမရှိသော ရေးဖူးမှတ်ဖူးရုံသက်သက်မျှ သင်ကြားရေးဖြစ်၏။ ထိုရေးမှတ်ထားသည်ကိုသာ နှုတ်တက်အာဂုံအလွတ်ကျက်မှတ်ရ၏ ) ၂။ Lecture: ဟောပြောပို့ချသင်ကြားနည်း၊ ( ဆရာဟောပြောသည့်အတိုင်းနားထောင်၊ မှတ်သား၊ ဆရာပြောသမျှသည်သာ မှတ်ကျောက်၊ အပြီးသတ်အဖြေ ရလာဒ်ဖြစ်၏။ မိမိ၏ကိုယ်ပိုင်ဥာဏ်ကို သုံးဖို့မလိုအပ်။ ကြားနာဖူးရုံသက်သက်မျှ ပညာရေးဖြစ်၏။ ထိုသည့်အတိုင်း အလွတ်ကျက်မှတ်ရ၏။ ဧဝံ မေသုတံ မဟုတ်၊ ဧဝ မေသုတံ ပညာသင်နည်းတည်း။ ) ၃။ Discussion: ဆရာနှင့်တပည့် အပြန်အလှန်ဆွေးနွေးသင်ကြားနည်း၊ ( အကြောင်းအရာတစ်ခုအပေါ်ဝယ် ဆရာ့အမြင်နှင့် တပည့်အမြင်တို့နှီးနှောယှက်သွယ် ဖက်တွယ်ကြလျှက် ကိုယ်ပိုင်ဥာဏ်များကိုအားစိုက် စုပေါင်းသုံး၍ ချစ်ကြည်စွာ အဖြေရလာဒ်ကိုရှာခြင်းဖြစ်၏။ ) ဤသင်ကြားနည်းသည် ယနေ့ကမ္ဘာတွင် အကျိုးသက်ရောက်မှုအားလည်းများ၍ ခေတ်စားနေသောသင်ကြားနည်းလည်းဖြစ်၏။ ဤသင်ကြားနည်းကို အသုံးပြုခြင်းဖြင့် ကျောင်းသားများအား မိမိကိုယ်မိမိယုံကြည်စိတ်များမွေးထုတ်ပေးရာရောက်၏။ သတ္တိနှင့်ခိုင်မာသောအရည်အချင်းကိုပြုစုပေးခြင်းလဲဖြစ်၏။ လူမှုအဖွဲ့အစည်းအတွင်း ပြောဆိုစည်းရုံးဆက်ဆံလုပ်ကိုင်ရေးများအတွက် အရောင်တင်ပေးရာလည်းရောက်၏။ စစ်မှန်သောအရည်အသွေးကို မြတ်နိုးစိတ် တန်ဘိုးထားစိတ်များလည်းတိုးပွါးလာနိုင်၏။ ၄။ Field: ကွင်းဆင်းလေ့လာသင်ကြားနည်း ( စာသင်ခန်းတွင်သင်္ခန်းစာများပြီးဆုံး၍ လက်တွေ့သင်ကြားပြသခြင်း ) ဟူ၍ဖြစ်ပါ၏။ အထက်ပါ စာသင်နည်းလေးမျိုးတွင် မိမိတို့နိုင်ငံသည် အဘယ်နည်းများကို အသုံးပြုနေပါသနည်း။ လောကီနယ်ပယ် ဘာသာရေးနယ်ပယ် မျက်နှာစာအသီးသီးရှိစာသင်သားများ မည်သို့သောနည်းဖြင့်ဖြေဆို အောင်မြင်နေကြသနည်း။ အောင်မြင်လာသည့်စာမေးပွဲများအလိုက် အမှန်တကယ် တတ်မြောက်မှုရှိပါသလော။ ဤအချက်များကို အားမနာတမ်း ဖြစ်စဉ်အမှန်တိုင်း သေချာစွာသုံးသပ်ကြည့်ပါလျှင် လက်ရှိ ပကတိဖြစ်ရပ်မှန်ကို စာဖတ်သူထင်ထင်ရှားရှားပင်သိနိုင်ပေမည်။ ဆက်လက်၍ မိမိတို့နိုင်ငံနှင့်ပတ်သက်သည့် လှမ်းမီသမျှ ခံစားနားလည်မိသမျှကို သုံးသပ်ပြရလျှင် ဤသို့။ နည်းစံနစ်မှန်ကန်သော ပညာသင်ကြားရေးလည်း မရှိသည့်အပြင် တည်ငြိမ်သောပညာရေးမူဝါဒမရှိခြင်းကလည်း မျိုးဆက်သစ်များအတွက် တိုးတက်ဘို့အခွင့်အလမ်းအားနဲစေခဲ့သည်မှာ လက်တွေ့ပြယုဂ်အမှန်ပင်ဖြစ်၏။ မတည်ငြိမ်သောပညာရေးမူဝါဒဖြင့် မျိုးဆက်သစ်များ၏ ပညာနှင့်ဘဝအရည်အသွေးတို့မှေးမှိန်စေခဲ့ပြီ။ လိုရာဆွဲ၍ အဓိပ္ပါယ်ဖွင့်နိုင်သော အဂတိရောပြွမ်းသော အဓမ္မဥပဒေများဖြင့် နိုင်ငံသားကောင်းများကို အညွန့်ချိုးခဲ့ပြီ။ အဂတိရောင်စုံလွှမ်းခြုံထားသော အခွင့်အရေးနှင့် လာဘ်လာဘကို အသုံးပြုခြင်းဖြင့် ကဏ္ဍစုံ အလွှာအသီးသီးတွင် စာရိတ္တမဏ္ဍိုင်ကို ယိုင်နဲ့စေခဲ့ပြီ။ အလွှာအထပ်ထပ်လုပ်ငန်းအရပ်ရပ်၌ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစားသည်သာမက မကျက်လဲစား ကျက်လဲစား ဘယ်သူသေသေ ငတေမာပြီးရော ဟူသည့်ငါ့ဘို့စိတ်ထားများဖြင့် အတ္တကို ပုံကြီးချဲ့မိတ္တူပွါး၍ ရိုးသားမှုများကင်းပျောက်ကာ အချင်းချင်းယုံကြည်မှု ကင်းမဲ့နေကြလေပြီ။ ဤသည့်ဖြစ်ရပ်ဖြစ်စဉ်တို့မှာ ပညာရေးနယ်ပယ်မှအစပြု၍ နေ့စဉ်လက်တွေ့ သက်ဝင်လှုပ်ရှားမှုများ၌ ဖြစ်ပျက်နေသော ဖြစ်စဉ်အမှန်ပင်တည်း။ ဤအခြေအနေဆိုးတို့မှလွတ်မြောက်အောင် နိုင်ငံသားတိုင်းတာဝန်ကိုယ်စီရှိသဖြင့် သညာသိပညာရေးမှလွန်မြောက်သော အဆင့်ကိုတက်ညီလက်ညီ တက်လှမ်းသင့်ပေပြီ။ ယခုမိမိနေသောနိုင်ငံတွင် ကျူရှင်ဟူသည်မရှိ၊ ရှိဘို့နေနေသာသာ ကျူရှင်ယူရသည်ကိုကြားဖူးသောကျောင်းသားပင်မရှိချေ။ ထို့ပြင် အိမ်တွင်စာကျက်သော ကျောင်းသားဟူ၍ မရှိသလောက်ပင်တည်း ။ ကျောင်းတွင်သာ တည်ငြိမ်သောပညာရေးပြဋ္ဌာန်းစာများကို မှန်ကန်သောနည်းစံနစ်ဖြင့် အချိန်ကိုမဖြူန်းဘဲ တန်ဘိုးရှိအောင် သုံးလိုက်၏။ အချိန်ကို ပင်ပန်းကြီးစွာခါးစည်း၍ မရင်းရ၊ ငွေကြေးလဲ အပိုမကုန်၊ လူလဲမပင်မပန်း လန်းဆန်းသက်သာ၏။ သို့သော် ပညာရည်အဆင့်အတန်းသည် ကမ္ဘာ့အဆင့်မီဖြစ်၏။ ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာမှ အစိုးရအဖွဲ့များနှင့် အခြားသောကိုယ်စားလှယ်အဖွဲ့ ( ၁၀၀ ) ကျော်တို့၏ လေ့လာစူးစမ်းမှုအရ ဤနိုင်ငံ ( ဖင်လန် )သည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပညာရည်အမြင့်ဆုံးအဆင့်ရှိကြောင်းတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့၏။ ဤသို့မြင့်မားသော ရလာဒ်ကိုရရှိခြင်းသည် သညာသိပညာသင်ကြားရေးစံနစ် သို့မဟုတ် Notes and Lecture သင်ကြားနည်းတို့ကို အလေးမပေး မဏ္ဍိုင်မပြု ဂရုမထားသောကြောင့်ဖြစ်၏။ မိမိတို့နိုင်ငံ၏ သညာသိပညာရေးစံနစ်နှင့် မတည်ငြိမ်သောပညာရေးမူဝါဒကို အမြန်ပင်ပြုပြင်ပြောင်းလဲနိုင်ပါစေဟုလည်း ဆုတောင်းပါ၏။ ထို့ပြင် မင်္ဂလသုတ်ပရိတ်တော်တွင် ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ... ဧတံ မင်္ဂလမုတ္တမံဟူ၍ဘုရားရှင်ဟောကြားတော်မူ၏။ ဗာဟုဿစ္စ၊ ဟူသည် အထွေထွေဗဟုသုတဘာသာရပ်များကိုတတ်သိနားလည်ခြင်းဖြစ်၏။ နိုင်ငံတကာနယ်ပယ်မှ ဘာသာရပ်အမျိုးမျိုးကိုတတ်သိနားလည်ခြင်းပင်တည်း။ တနည်းဆိုသော် ယနေ့ခေတ်အရသုံးရလျှင် ဝိဇ္ဇာဘာသာရပ်များကို တတ်သိနားလည်ခြင်းပင်တည်း။ သိပ္ပ ဟူသည် သူ့ခေတ်သူ့အခါအားလျှော်စွာ သိပ္ပံပညာများကိုတတ်သိနားလည်ခြင်းပင်တည်း။ ထိုဆိုခဲ့ပြီးသော ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်များကို တတ်မြောက်နားလည်ခြင်းသည် ကြီးပွါးကြောင်းမင်္ဂလာဖြစ်၏ ဟုဘုရားရှင်မိန့်ကြားတော်မူခဲ့၏။ ဤသို့လျှင် ဗုဒ္ဓဘုရားရှင်သည် လောကီအရေးတွင်သာမက လောကုတ္တရာအရေးအထိ အကြံအဖန်ကင်း၍ တိုးတက်သောပညာရေးကို အလေးပေးမိန့်ကြားခဲ့ပါသော်လည်း ယနေ့မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ ပကတိဖြစ်ရပ်များကိုကြည့်လျှင် ဗုဒ္ဓ၏တရားတော်နှင့် ထက်အောက်ပြောင်းပြန် လန်ချင်တိုင်းလန်နေသည်ကိုသာ (အများစု) တွေ့ရမည်ဖြစ်၏။ ရှက်ဖွယ်ရှိစွ။ အထူးသဖြင့်ဝမ်းနဲဘွယ်ရာကောင်းသည်မှာ နည်းမျိုးစုံသုံး၍ အထက်တန်းနှင့်အမြင့်တန်းပညာရေးဘွဲ့များကိုငွေကြေးဖြင့် ပြည်တွင်းပြည်ပတွင် အရောင်းအဝယ် တွင်ကျယ်နေကြခြင်းပင်တည်း။ ထိုသို့သောပညာရေးသည် ဘုရားရှင်ဟောကြားတော်မူသော ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ ဖြစ်နိုင်ပါမည်လော။ မဖြစ်လျှင် တောက်ပြောင်သော ထက်မြက်သောပညာရေးဟူသည် အဘယ်မှာရှိချိမ့်မည်နည်း။ အစစ်အမှန်ပညာရည်မရှိသောသူသည် ဘွဲ့တုဂုဏ်တုများဖြင့် လောကမျက်နှာစာအသီးသီးဝယ် အတုများကိုအရောင်ပြကာ လမ်းစဉ်တုဖြင့် သက်ဆိုင်ရာတို့ကို တုစေတော့မည်။ ထိုသို့သော ကိစ္စများပပျောက်ရန်မှာ လူထုအများစုကြီး ဗာဟုဿစ္စ သိပ္ပမင်္ဂလာနှင့်ညီအောင်ကြိုးစားထားဘို့ သိထားဘို့လိုအပ်ပါ၏။ သို့မှသာ လုပ်စားကိုင်စားအတုအယောင်များ နည်းပါးနိုင်ပေမည်။ပညာရည်မဲ့လျှင် ပညာကိုအခြေခံသော နှလုံးရည်လည်းမရှိနိုင်တော့ချေ။ သို့ဆိုလျှင် အဘယ်သို့လျှင် နိုင်ငံ့သားကောင်းများဖြစ်လာနိုင်ပါမည်နည်း။ အမျိုးဘာသာ သာသနာဂုဏ်ကို မည်သို့ဆောင်ကြပါမည်နည်း။ အကယ်၍ ခေါင်းဆောင်လုပ်ကြမည်ဆိုလျှင် မည်သို့သော ပညာရည် နှလုံးရည်များဖြင့် ဦးဆောင်ကြမည်နည်း။အမှန်စင်စစ် ပညာရည် နှလုံးရည်ကင်းမဲ့သောခေါင်းဆောင်သည် မြတ်ဗုဒ္ဓ၏လမ်းစဉ်မှသွေဖည်သော လက်ရုံးရည်ကိုသာ အားကိုရပေတော့မည်။ ပညာရည် နှလုံးရည်ထက် လက်ရုံးရည်ကိုသာစွဲကိုင်ကျင့်သုံးခဲ့ခြင်းကြောင့် ကမ္ဘာ့နေရာအနှံ့အပြားမှ လူမှုအဖွဲ့အစည်းများအားလုံး ဒုက္ခတွေပင်လယ်ဝေခဲ့ကြဖူးပြီ။ သောကမျက်ရည်တွေ ချောင်းစီးခဲ့ကြဖူးပြီ။ ကြိတ်မနိုင်ခဲမရ ဒေါမနဿဝေဒနာအခိုးအငွေ့များ ကောင်းကင်တစ်လွှား ဖုံးလွှမ်းခဲ့ကြဖူးပြီ။ ယနေ့ကမ္ဘာသည် လက်ရုံးရည်အားကိုးကာ အကြမ်းဖက်၍ သူရဲကောင်းလုပ်သောဝါဒ ချုပ်ငြိမ်းပေပြီ။ စဏ္ဍာသောကမည်သည့် လက်ရုံးအားကိုးကာ အလွန်ကြမ်းကြုတ် ခက်ထန် ရက်စက်ခဲ့ဖူးသူသည် မြတ်ဗုဒ္ဓ၏ စစ်မှန်သော ဓမ္မပညာများကို သင်ကြားနားလည်ပြီးသောအခါ သိရီဓမ္မာသောကဘုရင်အဖြစ်သို့ရောက်၍ ပညာရည် နှလုံးရည်တို့ဖြင့်နိုင်ငံကို အုပ်ချုပ်၍ ကျယ်ပြန့်စွာ သာသနာပြုနိုင်ခဲ့၏။ နိုင်ငံရေး သာသနာရေး လူမှုရေး ကျမ္မာရေး ပညာရေး တိရစ္ဆာန်အရေး သဘာဝပတ်ဝန်းကျင်အရေးတို့ကို ကမ္ဘာဝယ် ပထမဦးဆုံး ဘက်စုံဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ခဲ့ပုံကို အသောကကျောက်စာဘာသာပြန်များမှ ဖတ်ရှုလေ့လာနိုင်၏။ ထို့ပြင် ခေတ်ကာလနှင့်လျော်ညီသော လောကီပညာရပ်များအပြင် သောတာပတ္တိမဂ်ဖိုလ်ပညာကို နားလည်ပိုင်ဆိုင်ထားသော ဗိမ္ဗိသာရဘုရင်သည်လည်း နှလုံးရည် ပညာရည်ဖြင့်ပင် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခဲ့၏။ အထက်ပါ ပညာရည်အဆင့်သုံးမျိုးတွင် ဤသို့မှတ်သားရုံမျှသက်သက်သာဖြစ်သော သညာသိပညာရေးသည် ခိုင်မာမှုလည်းမရှိ၊ မြင့်မားသောတိုးတက်သော အခြေအနေသို့လည်းမရောက်စေတတ်၊ တီထွင်ဖန်တီးမှုဟူသည် ဝေလာဝေးဖြစ်ကာ မေ့ပျောက်သွားပါက ဘယ်အရာကိုမျှမသိရှာတော့သော လူနုံလူအသဖွယ် သနားဘွယ်ရာအတိပင်ဖြစ်တော့၏။ဝိညာဉ်သိ အဆင့်ဟူသည်.....
ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၂ ) ပညာပါရမီ
ဝိညာဏ်သိအဆင့်ဟူသည် သဘာဝဖြစ်စဉ်တို့၏ အကြောင်းအကျိုးကို ဆင်ခြင်စဉ်းစားခြင်း ဝေဘန်သုံးသပ်ခြင်း ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း စေ့ငုစွာဆွေးနွေးအဖြေရှာခြင်းတို့ဖြင့်သိလာရသော ကြောင်းကျိုးကိုခိုင်လုံစွာတတ်သိနားလည်သည့် အသိပင်တည်း။ ထိုဝိညာဏ်သိပညာသည် လွတ်လပ်၏။ စိတ်တံခါးကို အကျယ်ပြန့်ဆုံး ဖွင့်လိုက်ခြင်းလည်းဖြစ်၏။ ယုံကြည်မှုလည်းပါ၏။ မိမိ၏အသိပညာကို အလိုရှိသလောက်ချဲ့ဆန့်ဖြန့်ကျက်ကာ လူးလွန့်၏။ အကြောင်းမှာ မည်သည့်လွဲမှားသောဖိအားပေးမှုကိုမျှ ထိုဝိညာဏ်သိပညာက လက်မခံ မယုံကြည်သောကြောင့်တည်း။ ယနေ့ကမ္ဘာကို တဖြေးဖြေးဖြင့် အဆင့်ဆင့်တိုးတက်သောအခြေအနေသို့ရောက်အောင် ထိုဝိညာဏ်သိပညာက စွမ်းဆောင်ခဲ့၏။ သညာသိပညာအဆင့်သက်သက်မျှဖြင့် ယနေ့ကဲ့သို့တိုးတက်အောင် လူမှုလောကကြီးတစ်ခုလုံးကို တွန်းအားပေးစွမ်းဆောင်နိုင်မည်မဟုတ်ချေ။ မှန်၏။ နယူတန်၏ ကမ္ဘာမြေဆွဲငင်အား သီအိုရီသည် ဝိညာဉ်သိအဆင့်ပင်မဟုတ်ပါလော။ ထို့ပြင် အိုင်းစတိုင်း၏ နှိုင်းရသီအိုရီသည်လည်း ဝိညာဏ်သိအဆင့်တွင်ပင်စာရင်းဝင်ပါ၏။ ဤသည်မှာ မိမိတို့ပိဋကစာပေများအလိုအရ သတ်မှတ်ခြင်းပင်ဖြစ်၏။ ကမ္ဘာဝယ် ထွန်းပေါက်တောက်ကြွားကာ တတ်သိခဲ့ကြသော ထိုထို နယူတန် အိုင်းစတိုင်း စတီဖင်ဟော့ကင်း စသော ပညာရှင်များစွာတို့၏ ဝိညာဏ်သိပညာသည် ယနေ့လူမှုကမ္ဘာကြီးတစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်မှုပေးလျှက် များစွာကျေးဇူးပြုခဲ့ ပြုနေဆဲ ကျေးဇူးပြုနေမည်မှာ စာဖတ်သူလက်တွေ့ပင်ဖြစ်ပါ၏။ ( ဤနေရာဝယ် ဝိညာဏ်ဟုဆိုရာ၌ အများစုက လွဲမှားစွာနားလည်နေကြသည့် အတ္တကောင် ဝိညာဉ်ကောင် လိပ်ပြာကောင် မဟုတ်ကြောင်း သတိချပ်ပါ။ ) ပါဠိဘာသာမှ ဝိညာဏဟူသောပုဒ်ကို ဝိညာဏ်ဟု ပါဠိသက် ( ပါသက် ) စကားအဖြစ်ပြောဆိုကြခြင်းဖြစ်၏။ အမှန်စင်စစ် ဝိညာဏဟူသောပုဒ်၏ အဓိပ္ပါယ်မှာ အာရုံကိုအထူးသဖြင့်သိခြင်းပင်တည်း။ အာရုံကိုအထူးသဖြင့်သိခြင်းဟူသည် သာမန်မှတ်သိ
သိရုံမျှမဟုတ်မူ၍ အထက်တွင်ဆိုခဲ့သည့်အတိုင်း သဘာဝတရား၏ ဖြစ်စဉ်ကို ကြောင်းကျိုးယုတ္တိခိုင်လုံစွာ
တတ်သိနားလည်ခြင်းပင်ဖြစ်၏။ မှန်၏။ ထိုဝိညာဏ်သိပညာကိုတတ်သိထားသူ သို့မဟုတ် ဝိညာဏ်သိပညာကို မြတ်နိုးတတ်သူသည် အရမ်းယုံမျက်ကန်းယုံ ယုံကြည်သည့်သဘောမရှိချေ။ တွေ့ကြုံကြားသိရသမျှသော အရာရာတို့ကို ယုတ္တိယုတ္တာရှိ မရှိ စူးစမ်း၏။ သုံးသပ်၏။ လေ့လာ၏။ ဆင်ခြင်၏။ ဆွေးနွေး၏။ ခွဲခြမ်းစိတ်ဖြာ၏။ ထိုဝိညာဏ်သိပညာဖြင့် ဦးဆောင်နိုင်ကြမှသာလျှင် လောကအတွက် ကောင်းကျိုးဖြစ်ထွန်းမည်ဖြစ်၏။ ထို့အတူ ဝိညာဏ်သိပညာရှိမှသာလျှင် နောက်လိုက်ကောင်းများဖြစ်နိုင်ကြမည်ဖြစ်၏။ ထိုဝိညာဏ်သိပညာများရှိကြမှသာလျှင် ရှေ့သို့အဆင့်ဆင့် တက်လှမ်းနိုင်ကြမည်ဖြစ်၏။ သို့မှသာ လူမှုလောကသည် ဖွံ့ဖြိုးတိုးတက်မှုများစွာဖြင့် သာယာဝေဖြာနေပေလိမ့်မည်။ ( ပညာသိအဆင့်ရှိကြလျှင်ကား ဆိုဘွယ်ရာမရှိ အကောင်းချည်းအတိဖြစ်မည်မှာ သေချာလှတော့၏။ )သို့သော် ကောင်းသောတိုးတက်ခြင်း ဖြစ်လိုလျှင် ကိုယ်ကျင့်တရားပါဘို့ အရေးကြီးသည်ကိုလည်းမမေ့အပ်ပေ။ မိမိတင်ပြခဲ့သည့် အထက်ပါ စာသင်နည်းလေးမျိုးတွင် Discussion and Field ဟူသော ပညာသင်နည်းတို့သည် ဤဝိညာဏ်သိပညာရေးအဆင့်တွင်ပါဝင်ပါ၏။ ထို့ကြောင့်မိမိတို့နိုင်ငံတွင် ဤအဆင့်ပညာရေးများ အမြန်တိုးပွါးပါစေ ကျယ်ပြန့်ပါစေ ဟုလည်း ရင်ထဲသွေးထဲမှ နစ်နောစွာဆုတောင်းပါ၏။ ပိဋကစာပေအရ အသိဥာဏ်သုံးဆင့်တွင် နောက်ဆုံးအဆင့်သည် ပညာသိအဆင့်ပင်ဖြစ်၏။ ဤပညာသိအဆင့်သည် ကြားဖူး ဖတ်ဖူး သင်ဖူး အလွတ်အာဂုံကျက်မှတ်ဖူးရုံမျှသိသော သညာသိအဆင့်ထက်လည်းကျော်လွန်၏။ သဘာဝတရား၏ဖြစ်စဉ်ကို ကြောင်းကျိုးယုတ္တိရှိ မရှိ ဆန်းစစ်ဝေဘန်သုံးသပ်ခွဲခြမ်းစိတ်ဖြာ၍သိသော ဝိညာဏ်သိအဆင့်ထက်လည်း ပိုလွန်ပြန်၏။ ယနေ့ကမ္ဘာဝယ် အောင်လက်မှတ်များ ဂုဏ်ပြုဆုတံဆိပ်များ အမျိုးမျိုးဖြင့် ဘွဲ့ပေးအပ်ကာ အသိအမှတ်ပြုနေကြခြင်းသည် အထက်ပါ သညာသိအဆင့်နှင့်ဝိညာဉ်သိအဆင့်တို့ကို အသိအမှတ်ပြုဂုဏ်တင်နေကြခြင်းပင်တည်း။ အမှန်စင်စစ် ပညာသိအဆင့်ဟူသည် ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် နက်နက်ရှိုင်းရှိုင်း ခိုင်ခိုင်မာမာဖြင့် ငြိမ်းအေးမှုရသကိုခံစားလျှက် ထိုးထွင်း၍သိမြင်နားလည်ခြင်းတည်း။ ထိုးထွင်းသိပညာအဆင့်ဖြစ်၏။အဘယ်ကြောင့်ထိုသို့သိသနည်း။ အကြောင်းကား သက်ဆိုင်ရာကိလေသာတို့ကို အမြစ်ပြတ်ပယ်သတ်နိုင်သောကြောင့်ပင်တည်း။ ဤသို့သော အဆင့်သို့ရောက်အောင် မြတ်ဗုဒ္ဓသည် နည်းလမ်းအသွယ်သွယ် လေးဆယ်မျှ ပေးတော်မူခဲ့ သင်ပြတော်မူခဲ့၏။ ဤနည်းလမ်း လေးဆယ်သည် အမြတ်မြတ်ဆုံးသော ပညာရကြောင်းလမ်စဉ်ဖြစ်၏ ဟူ၍ သတိမမူမိကြ၊ အသိမှတ်မပြုမိကြချေ။ တရားအားထုတ်ခြင်း ဟူ၍သာ သိထားကြ၏။ အမှန်စင်စစ် ပညာရှာရာ နယ်ပယ်သည် ရုပ်နှင့်နာမ် နှစ်သွယ်သာရှိ၏။ ဤရုပ်နှင့်နာမ်မှတစ်ပါး အခြားပညာရှာရာနယ်ပယ် အဘယ်မှာရှိနိုင်တော့မည်နည်း။ ရုပ်နှင့်နာမ်တို့၏ တကယ့်ဖြစ်စဉ်သဘာဝကို မြတ်ဗုဒ္ဓပေးသောနည်းအရ ကြိုးစား၍ အမှန်တကယ်သိလျှင် လောက၏အရာရာကို ထိပ်တန်းကျကျ ရင်ဆိုင်ဖြေရှင်းဘို့ အမြဲတန်း အဆင်သင့်ဖြစ်နေမည်သာတည်း။ဤပညာသိအဆင့်သို့ရောက်အောင် နည်းလမ်းပေးနိုင်သော ဘာသာတရားသည် မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသော မြတ်ဗုဒ္ဓ၏ သာသနာတော်တွင်း၌သာ ရှိပါ၏။ ရနိုင်ပါ၏။ အခြားမည်သည့် ဘယ်ဘာသာတရားမှာမှ မည်သည့်ပညာရေးစံနစ်မှာမှ ဤကဲ့သို့သော ပညာရပ်မျိုးကိုသင်ကြားမပေးနိုင်ချေ။ သင်ကြားပေးနိုင်ဘို့ဝေးစွ၊ ကြားဖူး မှတ်ဖူးခြင်းပင်မရှိကြလေတကား။ ကောင်းကင်ဘုံနှင့်သာ ဂိတ်ဆုံးကြလေ၏။ ကောင်းကင်ဘုံသည်သာ သူတို့၏နောက်ဆုံးပန်းတိုင်ဖြစ်၏။ မိမိတို့သာသနာတော်၏ သင်ကြားချက်များအရ ကောင်းကင်ဘုံဗိမာန်ဟူသည် နောက်ဆုံးပန်းတိုင်မဟုတ်၊ အမြင့်မြတ်ဆုံးစာရင်းလည်းမဝင်ပါချေ။ ထို့ပြင်ကိလေသာကိုပယ်သတ်ကာ ထိုးထွင်း၍သိစွမ်းနိုင်သော ဤပညာသိအဆင့်သည် အောင်လက်မှတ်ဖြင့်အသိမှတ်ပြုရသော ပညာရည်အဆင့်မဟုတ်ချေ။ လောကီသားတို့က ဆုတံဆိပ်အပ်နှင်း၍ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပဖို့လည်းမလိုသော ပညာရည်အဆင့်ဖြစ်လေ၏။ ထိုထိုလောကီဂုဏ်ပြုခြင်းတို့ထက် များစွာသာလွန်၏။ လောကသိပညာများဖြစ်သော သညာသိ ဝိညာဏ်သိအဆင့်တို့နှင့်နှိုင်းယှဉ်၍မရစကောင်းချေ။ မှန်၏။ ကိလေသာသက်ဝင်လှုပ်ရှားနေသော အသိသည် သက်ဆိုင်ရာကိလေသာ၏ အရောင်၊အရှိန်နှင့် စွမ်းအင်တို့၏ ရိုက်ခတ်မှုကြောင့် မကြည်လင်မပြတ်သား မနက်ရှိုင်း မထိုးထွင်းနိုင်ချေ။ ထင်ရှားသော ဥပမာဖြင့် အနည်းငယ်ချဲ့အံ့။ တဏှာလောဘ သက်ဝင်လှုပ်ရှားမှုအားကြီးသော လောကီပညာရှင်တစ်ယောက်သည် သူချစ်သောပုဂ္ဂိုလ်ကို တဏှာလောဘ၏ အရောင်အသွေး အရှိန်အဝါကိုအခြေလည်းခံ အသုံးလည်းပြု၍ မြင်မည်၊ ကြည့်မည်၊ ခံစားမည်၊ တွေးတောမည်၊ ပြောဆိုမည်၊ ပြုမူမည်ဖြစ်၏။ ပူဆွေးလောင်ကျွမ်းမည်ဖြစ်၏။ အသိဥာဏ်သည် မကြည်လင် မသန့်ရှင်း နောက်ကျူမည်ဖြစ်၏။ သဘာဝ၏ဖြစ်စဉ်အမှန်ကို မထင်ရှားမပြတ်သားသလို ထိုးထွင်းနက်ရှိုင်းမှုလည်းရှိမည်မဟုတ်ချေ။ သို့သော် တဏှာလောဘ အလွန်နည်းပါးသော သို့မဟုတ် တဏှာလောဘကို အမြစ်ပြတ် ပယ်သတ်ပြီးသော လောကုတ္တရာပညာရှင်တစ်ယောက်သည် လောက၏ဖြစ်စဉ်ဖြစ်ရပ်တိုင်းကို အေးချမ်းသောမေတ္တာ စာနာနားလည်မှုအားကြီးသော ကရုဏာတို့ဖြင့် ကြည်လင်ပြတ်သားစွာမြင်၏။ ကြည့်၏။ သူ၏အကြည့်အမြင်သည် နက်ရှိုင်း၏။ ပြတ်သား၏။ ကြည်လင်၏။ အေးမြ၏။ မပူဆွေးမလောင်ကျွမ်းတတ်။ သဘာဝကို သဘာဝအတိုင်းသာ သိမြင်ခံစားနားလည်သုံးသပ်တော့၏။ အကြောင်းကား ညစ်နွမ်းပူလောင်စေတတ်သော တဏှာလောဘ၏ အရိပ်အရောင် အရှိန်အစွမ်းများ လုံးဝကင်းစင်သောကြောင့်ပင်တည်း။ ကိလေသာ ကင်း မကင်း ပါး မပါး၏ ကောင်းကျိုးဆိုးပြစ်ကို အညစ်ကြေးကင်းသောမှန်ကို ကြည့်ခြင်းနှင့် အညစ်ကြေးထူထပ်သောမှန်တို့ကိုကြည့်ခြင်းတို့ဖြင့်လည်း အကြမ်းဖျင်းဥပမာဖြင့်နားလည်နိုင်ပါ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် လောကသားတို့အား ထိုပညာသိအဆင့်သို့ရောက်အောင်တိုက်တွန်းတော်မူခဲ့သလို နည်းလမ်းများလည်းအပြည့်အစုံပေးတော်မူခဲ့၏။ တနည်းဆိုသော် ၁။ သုတမယဥာဏ်အဆင့် ၂။ စိန္တာမယဥာဏ်အဆင့်နှင့် ၃။ ဘာဝနာမယဥာဏ်အဆင့်ဟူ၍ သုံးမျိုးပိုင်းခြား၍လည်းရပါ၏။ ထိုတွင် သုတမယဥာဏ်သည် သညာသိအဆင့်နှင့်ညီမျှ၏။ စိန္တာမယဥာဏ်သည် ဝိညာဏ်သိအဆင့်နှင့်ညီမျှ၏။ ဘာဝနာမယဥာဏ်သည် ပညာသိအဆင့်နှင့်ညီမျှလေ၏။ မြတ်ဗုဒ္ဓ၏ပညာပါရမီဖြည့်ရာဘဝများကိုလေ့လာကြည့်လျှင် ဝိညာဏ်သိအဆင့် သို့မဟုတ် စိန္တာမယဥာဏ်အဆင့်ကိုပိုင်ပိုင်နိုင်နိုင်ရရှိအောင် အသုံးပြုခဲ့သည်ကို တွေ့နိုင်ပါ၏။ ထိုဝိညာဏ်သိပညာကိုဘဝအဆက်ဆက်ရင်းနှီး၍ ( ဖြည့်ဆည်း၍ ) ပညာသိအဆင့်ရောက်အောင် ဖြည့်ကျင့်ခဲ့၏။ တတိယအဆင့်ပညာကိုကား သဗ္ဗညုတဥာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ရောက်မှသာ ရရှိခဲ့သည်ကိုတွေ့ရမည်ဖြစ်၏။ ထို့ကြောင့် မိမိတို့သည်လည်း မြတ်ဗုဒ္ဓ၏သာဝကများဖြစ်သည်အားလျော်စွာ သညာသိအဆင့်ကိုကျော်လွန်ကြ၍ ဝိညာဏ်သိအဆင့်နှင့် ပညာသိအဆင့်တို့သို့ရောက်ရှိ ရရှိအောင် ကြိုးစားဖြည့်ကျင့်အားထုတ်သင့်ကြပါ၏။ အားထုတ်နိုင်ကြပါစေဟုလည်း ဆုတောင်းမေတ္တာချွေလိုက်ပါ၏။
Jul 20, 2017
အမြင့်မြတ်ဆုံးအမျိုးသမီး (သို့မဟုတ်)အနိုင်းမဲ့အဖြည့်ခံ အပိုင်း(၄)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment