........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 19, 2017

အမြင့်မြတ်ဆုံးအမျိုးသမီး (သို့မဟုတ်)အနိုင်းမဲ့အဖြည့်ခံ အပိုင်း(၁)



ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁ )

ယနေ့လူသားများ ကိုးကွယ်ယုံကြည်နေကြသော ဘာသာတရားများ ထွန်းကားလာသည်မှာ နှစ်ကာလအရေအတွက်အားဖြင့် တွက်စစ်ကြည့်သော် နှစ်ပေါင်း သုံးထောင်ခန့်မျှရှိပြီဟု အကြမ်းဖျင်းအားဖြင့်ဆိုနိုင်လေ၏။ ဤခန့်မှန်းမှုသည် ယနေ့ဖြစ်တည်နေသော ဘာသာကြီးများအနက် အစောဆုံးဖြစ်သော ဟိန္ဒူဘာသာကို ရည်ညွှန်းခြင်းဖြစ်၏။ ထို့်နောက် ရှေးခေတ် အိန္ဒိယနိုင်ငံတွင် မြောက်များလှစွာသော ဘာသာတရားများ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ပေါ်ပေါက်ခဲ့ကြ၏။ ထိုသို့ပေါ်ပေါက်ခဲ့သောဘာသာတရားများအနက် ဗုဒ္ဓဘာသာသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့၏။ ဤကမ္ဘာတွင် ဗုဒ္ဓဘာသာပေါ်ပေါက်လာသည်မှာ ယနေ့အထိဆိုလျင် နှစ်ပေါင်း ၂၆၀၀ တင်းတင်းပင်ပြည့်ပေတော့မည်။ ယခုနှစ်လာမည့် ကဆုန်လပြည့်နေ့ နံနက်လင်းအားကြီးအချိန်တွင် ဗုဒ္ဓဘာသာ၏သက်တမ်း နှစ်ပေါင်း ၂၆၀၀ တိတိပြည့်ပေတော့မည်။ စတင်ပေါ်ပေါက်ခဲ့သော နေရာဒေသကား ယနေ့ခေတ်ပထဝီအရ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာခရိုင် ဗုဒ္ဓဂယာအရပ်ဒေသဖြစ်၏။ ဤဗုဒ္ဓဘာသာကို တည်ထောင်သူမှာ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်၊ မိမိတို့လူသားများ မမြင်နိုင်သော ကောင်းကင်ဘုံမှ ဖန်ဆင်းရှင် တန်ခိုးရှင်တစ်ဦးလည်းမဟုတ်၊ တမာန်တော် တစ်ယောက်ကို ဘာသာတည်ထောင်ရန် အမိန့်ပေးစေလွှတ်ပြီး ခိုင်းသမျှကို အလိုတော်ကျ မလိုက်နာပါက လူသားများအား ဆဲရေးကြိမ်းမောင်း အပြစ်ပေး ခြိမ်းခြောက်၍ ဘာသာတည်ထောင်သူလည်းမဟုတ်၊ အဟုတ်စင်စစ်သော်ကား လူသားမိဘနှစ်ပါးမှ မွေးဖွားလာသည့် ထိပ်တန်းအရည်အသွေးပြည့်ဝလှသော အနှိုင်းမဲ့ လူသားစစ်စစ်တစ်ယောက်သာဖြစ်ချေ၏။ သူသည်အနှစ်သာရကင်းမဲ့၍ ကောင်းကျိုးမဲ့ကိုဖြစ်စေသော ရှေးဟောင်းအယူဝါဒ အမူအကျင့်နှင့် ယာဉ်ကျေးမှုတို့ကို မည့်သူ့ကိုမျှမထိခိုက်မနစ်နာစေဘဲ ရဲရဲရင့်ရင့်တော်လှန်ခဲ့သူ မဟာလူသားဖြစ်၏။ ထို့ပြင် ရေတိုရေရှည် ပစ္စက္ခ တမလွန်နှစ်တန်သော ကာလတို့ဝယ် လောကကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုး ထိုနှစ်မျိုးကို လူသားအပါအဝင် လောကသားအများခံစားနိုင်စေရန် အနှိုင်းမဲ့သင်ကြားချက်များကို သင်ပြပေးခဲ့သူ လူထဲက မဟာလူသားစစ်စစ်သာဖြစ်လေ၏။ သူကားအခြားမဟုတ် သဗ္ဗညုတဥာဏ်ရှင် မြတ်ဗုဒ္ဓပင်ဖြစ်တော့၏။ သူ၏မွေးဖွားရာဇာတိကား ယနေ့ခေတ်ပထဝီအရ နီပေါနိုင်ငံ လုမ္ဗိနီအရပ်ဖြစ်၏။ ဘုရားမဖြစ်မီ သူ၏ငယ်နာမည်မှာ သိဒ္ဓတ္ထဖြစ်၏။ သူ၏ အနွယ်တော်မှာ ဂေါတမဖြစ်ပြီးလျှင် မျိုးရိုးကား မင်းမျိုးဖြစ်၍ စကြာဝတေးမင်းဖြစ်ရမည့် စွမ်းရည်ပြည့် စကြာဝတေးမင်းလောင်း အိမ်ရှေ့မင်းသားတစ်ပါးလည်းဖြစ်၏။ ထို့ပြင် သူ့တွင်ရုပ်ရည်အားဖြင့် အလွန်ချောမောလှပတင့်တယ်၍ နှလုံးရည် ဥာဏ်ရည်တို့နှင့်လည်း ပြည့်ဝသော ကြင်ယာသက်ထား ယသောဓရာမင်းသမီးလည်းရှိ၏။ သူ၏ရုပ်ပိုင်းပိုင်ဆိုင်မှုများကား များပြားလှ၏။ သက်ရှိရော သက်မဲ့ပါ အားလုံးပါဝင်၏။ သူပိုင်ဆိုင်သမျှအရာရာကို ယတိပြတ်စွန့်လွှတ်ပြီးလျှင် လောကမှလွန်မြောက်ရာ လောကုတ္တရာတရားကို မရမနေဇွဲစိတ်ဇွဲမာန်ဖြင့် ခြောက်နှစ်တိုင်တိုင် ကြိုးစားရှာဖွေခဲ့၏။ ထိုသို့ရှာဖွေရင်း လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ နီးပါးက အိန္ဒိယနိုငံ ဗုဒ္ဓဂယာ မဟာဗောဓိညောင်ပင်အောက်ဝယ် သိစရာမှန်သမျှကို တစ်စမကျန် အကုန်အစင်သိမြင်တော်မူသဖြင့် သဗ္ဗညုတဥာဏ်ရှင် မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့၏။ ထိုသို့ဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက် ဗုဒ္ဓဂယာဒေသဝယ် သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်သောသူကို လောလောဆယ်တွင် မတွေ့မမြင်ရသောကြောင့် သစ္စာကိုသိမြင်စွမ်းနိုင်မည့်သူရှိရာ ဗာရာဏသီမြို့ မိဂဒါဝုန်တောသို့ကြွတော်မူ၍ ဓမ္မစကြာတရားဦးဒေသနာကို ပဉ္စဝဂ္ဂီငါးပါးတို့အား ဟောကြားတော်မူခဲ့၏။ ထိုတရားတော်သည် မြတ်ဗုဒ္ဓ၏ အဦးဆုံးသောတရားတော်လည်းဖြစ်သလို ဗုဒ္ဓဘာသာတို့၏ရည်မှန်းချက်စစ်စစ်လည်းဖြစ်၏။ ထိုသို့ဟောကြားတော်မူသည်မှစ၍ ဤကမ္ဘာဝယ် ဗုဒ္ဓတရားတော်များယနေ့ထိတိုင် စတင်ပြန့်နှံ့ခဲ့တော့၏။ ယနေ့ကမ္ဘာဝယ် မြတ်ဗုဒ္ဓ၏တရားတော်များသည် အသိပညာရှင်လူတန်းစား၏ အာဟာရဖြစ်လာနေ၏။စစ်မှန်သောငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူတိုင်း၏ ကျင့်စဉ်လည်းဖြစ်၏။ လူသားသည်မိမိတို့လိုလားတောင့်တချက်ကို မိမိတို့လူသားကိုယ်တိုင် အမိအပိုင် လက်ဆုပ်လက်ကိုင် လက်တွေ့ကျကျ ရယူနိုင်စေရန်သင်ကြားပေးထားသော သင်ကြားချက်များလည်းဖြစ်၏။   မြတ်ဗုဒ္ဓ၏ တရားတော်များသည် ဗုဒ္ဓဘာသာဖြစ်၏။ ဗုဒ္ဓသာသနာလည်းဟုတ်၏။ ထိုဘာသာ ထိုသာသနာ၏ဇစ်မြစ်ကို တူးဆွရှာဖွေကြည့်သောအခါ အကြမ်းဖျင်းအနေဖြင့် ပါရမီဆယ်ပါးကိုတွေ့ရမည်ဖြစ်၏။ မှန်၏။ ထိုပါရမီဆယ်ပါးကို မကျင့်မဖြည့်လျှင် 

ဗုဒ္ဓဘာသာသည် မည်သို့ပေါ်ပေါက်လာနိုင်ပါမည်နည်း။ 
ပေါ်ပေါက်လာဖွယ်ရာအကြောင်းလုံးဝမရှိနိုင်ချေ။ သို့ဆိုလျှင် ပါရမီဆယ်ပါးကို မည်သည့်အတွက်ကြောင့်ဖြည့်ကျင့်ရပါသနည်း။ ပါရမီဆယ်ပါး အကျင့်မြတ်တရားကို ဖြည့်ကျင့်ရခြင်း၏ အကြောင်းကား ဘာဖြစ်သနည်း၊ ရည်ရွယ်ချက်ကား အသို့နည်း စသည်ဖြင့် ဆက်လက်တူးဆွရှာဖွေ သုတေသနလုပ်ဖို့လိုလာပေ၏။

ဗုဒ္ဓဘာသာဇစ်မြစ် ( ၂ )

ထိုသို့သော အထက်ပါ အကြောင်းအရာတို့ကို ဆက်လက် ဆန်းစစ် တူးဆွကြည့်သောအခါ ဤသို့တွေ့ရမည်ဖြစ်၏။ ပါရမီတော်ဆယ်ပါးကို ဖြည့်ကျင့်ရခြင်း၏ အကြောင်းရင်းသည် ကရုဏာတော်ကြောင့်ဖြစ်၏။ ဖြည့်ကျင့်ရခြင်း၏ရည်ရွယ်ချက်ကား ၃၁ ဘုံရှိ ဘုံသူဘုံသား အားလုံးတို့ကို ကယ်တင်ရေးဖြစ်၏၊တနည်းဆိုသော် ကယ်ဆယ်လိုသောမေတ္တာဖြစ်၏။ အမှန်စင်စစ် ထိုအကြောင်းနှင့် ထိုရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာဖြစ်ပေါ်လာရခြင်း၏ ဇစ်မြစ်ပင်ဖြစ်တော့၏။

သို့ဆိုလျှင် စာဖတ်သူသည် ဗုဒ္ဓဘာသာ၏မူရင်းဇစ်မြစ်သည် ကရုဏာတော်နှင့် သုံးဆယ့်တစ်ဘုံသားတို့အား ကယ်တင်လိုရေး မေတ္တာဖြစ်ကြောင်း ကောင်းစွာသဘောမိလောက်ပေပြီ။ ထိုမူရင်းအကြောင်းနှစ်ချက်တွင် နံပါတ်တစ်အချက်ဖြစ်သည့် ကရုဏာအကြောင်းကို ဦးစွာပထမ ဆွေးနွေးလို၏။ ရှင်းပြချင်၏။

စင်စစ်ဧကန် အမှန်အားဖြင့် ကရုဏာဟူသည် ခေတ်ကာလတိုင်းတွင် အသုံးဝင်သော၊ ဘယ်ခေတ်ဘယ်ကာလမှာမဆို မည်သူမဆို အသုံးပြုပါက အသုံးပြုသူရောအပြုခံရသူပါ နှစ်ဖြာနှစ်ဘက်အကျိုးကျေးဇူးများလှသော

မဟာသြသဓမည်သည့် ကြီးစွမြတ်စွ ဆေးတစ်ပါးပင်တည်း။

ထို့ကြောင့် ကမ္ဘာ့သမိုင်းကို အကြမ်းဖျင်းအားဖြင့် ပြန်လည်ကြည့်ရှုလျှင်

ထိုကရုဏာ၏တန်ဘိုးသည် အဖိုးဖြတ်၍မရသောလူသားလောက၏ ငြိမ်းချမ်းရေး တိုးတက်ရေး အမြုတေဖြစ်ကြောင်း ကောင်းကောင်းသိနိုင်၏။ သာဓကထုတ်ဆိုရသော် ကရုဏာကင်းမဲ့သော သူများကြီးစိုးသောခေတ်ဝယ် လူ့လောကြီး ပူဆွေး လောင်ပွက် မတိုးတက်ဘဲ ဆုတ်ယုတ်ပျက်ဆီးခဲ့၏။

၁၈ ရာစုကာလ ဥရောပတိုက်တွင် တန်ခိုးထွားလှသော စစ်ဘုရင် နပိုလီယံ၏ ကရုဏာကင်းမဲ့မှုကြောင့် လူသားအများအပြား သေကျေပျက်စီး မဟာသောကမီး ပွါးခဲ့ရသကဲ့သို့

သူကိုယ်တိုင်( နပိုလီယံ ) သည်လည်း ပျက်ဆီးခဲ့ရသည်မှာကမ္ဘာ့သမိုင်းတွင် အထင်အရှားဖြစ်၏။ 

ထို့ပြင် ဂျာမဏီမှ နာဇီ ဟစ်တလာ၊ အီတလီမှ မူဆိုလိုနီနှင့် အခြားထင်ရှားသော သာဓကများစွာရှိ၏။ ဗုဒ္ဓဘာသာစာပေတွင်လည်း မိုက်မဲလှသော ဆရာဆိုး ဒေဝဒတ်၏ညွှန်ကြားချက်ကြောင့် ဖခင်ဘုရင်ဗိမ္ဗိသာရကို ကရုဏာတရားကင်းမဲ့စွာထောင်သွင်းအကျဉ်းချ၍သတ်ပြစ်ခဲ့သော

အဇာတသတ်သည် လောဟကုမ္ဘီငရဲသို့ ကျရောက်ခဲ့ရ၏။ ဆရာဒေဝဒတ်မှာကား အဝီစိသို့ကြွရောက်နန်းစံရချေ၏။ မြန်မာ့သမိုင်းတွင်လည်း သာဓကများစွာရှိပါ၏။ သို့သော်ဤနေရာ၌ မဖေါ်ပြလိုပါ။ထို့ကြောင့် မိသားတစ်စု၊ အဖွဲ့အစည်းတစ်ခု၊နိုင်ငံတစ်နိုင်ငံအနေဖြင့် ဝရုန်းသုန်းကား ပရမ်းပတာဖြစ်ပျက်နေလျှင် ထိုမိသားစု၊ထိုအဖွဲ့အစည်း၊ထိုနိုင်ငံသည် ကရုဏာအားနည်းမှု သို့မဟုတ် ကင်းမဲ့မှုဖြစ်နေပြီဟု အကြမ်းဖျင်းအားဖြင့်ကောက်ချက်ချနိုင်ပါ၏။ အထူးအားဖြင့် ဘုရားအလောင်းတော်၏ဖြစ်စဉ်ဇာတ်တော်များကိုလေ့လာကြည့်သောအခါ အလောင်းတော်သည် လောကဓံဆိုး ခေတ်ဆိုးများကိုကြုံတွေ့ရသော်လည်း သူ၏စစ်မှန်သော ကရုဏာအရင်းခံစိတ်ထားကြောင့် အောင်မြင်ငြိမ်းချမ်းခဲ့သည်ကိုသာတွေ့ရမည်ဖြစ်၏။ တစ်ဖန် မိမိတို့နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဘဝ၊ မိသားစုဘဝ၊ ဆက်ဆံရေးဘဝမှအစ နယ်ပယ်အသီးသီးတွင်လည်း ကရုဏာအရေးပါလှကြောင်း သတိပြုကြည့်ရှုပါက အထင်အရှားသိနိုင်ပေမည်။ မိသားတစ်စုတွင် ကရုဏာပြည့်ဝနေပါက ထိုကရုဏာကိုအခြေခံသော မိသားစုသည် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားနိုင်မည်မှာ ဧကန်မလွဲပင်ဖြစ်ချေ၏။ အဖွဲ့အစည်း၊နိုင်ငံတို့တွင်လည်း ထို့အတူပင်ဖြစ်၏။ ထို့ကြောင့်ကရုဏာသည် 

အချိန်ကာလ နေရာဒေသ ပုဂ္ဂိုလ်မရွေး အရေးကြီးလှကြောင်းမှာ ထင်ရှားလှ၏။ တစ်ဖန် ကရုဏာကြီးစိုးလွှမ်းမိုးသောခေတ်ဝယ် လူ့လောက

သာယာငြိမ့်ငြောင်း ပြောင်းလဲတိုးတက်၍ ပျော်မွေ့ဘွယ်ရာ

နတ်တို့ရွာကဲ့သို့ခံစားခဲ့ရသည်များလည်း အထင်အရှားရှိခဲ့၏။ ရှိနေဆဲ။

( အချို့နိုင်ငံများ၊မိသားစုများ၊အဖွဲ့အစည်းများ ) ဆက်လက်ရှိနေရန်လည်း ဆန္ဒပြုမိ၏။ မိမိခေါင်းထဲဝင်လာသည့်အချက်အလက်တို့ကိုကြားဖြတ်ရေးနေသည့်အတွက် ကရုဏာ၏ မူရင်းအဓိပ္ပါယ်ကို ဆွေးနွေးရန် နှောင့်နှေးမိပါ၏။ ယခုဆက်လက်တင်ပြပါအံ့။ ထိုဗုဒ္ဓဘာသာ၏ မူလဘူတ ဇစ်မြစ်တစ်ခုဖြစ်သောကရုဏာသည် သနားခြင်းဟုအဓိပ္ပါယ်ထွက်၏။သို့သော် ထိုသနားခြင်း ကရုဏာသည် အားနည်းသူ နိမ့်ကျသူကိုတွေ့လျှင် ဖြစ်ပေါ်လာတတ်သော သာမာန်သနားခြင်းကရုဏာမဟုတ်၊ ထိုသနားခြင်းမျိုးကို လူသားအများစုရော အချို့သောတိရစ္ဆာန်များအပါအဝင် ခံစားတတ်ကြ၏။ ပွါးများနိုင်ကြ၏။ စင်စစ်ကား ဗုဒ္ဓဘာသာ၏ဇစ်မြစ် အနှစ်ကရုဏာဟူသည်  

မဟာကရုဏာ ပင်ဖြစ်ချေ၏တကား။

ထိုကရုဏာဟူသော ပုဒ်ကို သို့မဟုတ် စကားလုံးကို ပါဠိစာပေတွင်ဤသို့ ဝိဂြိုဟ်ပြုဖွင့်ဆိုပါ၏။

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၃ )
ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ၊ သူတစ်ပါး ဆင်းရဲဒုက္ခဖြစ်သောအခါ သူတော်ကောင်းတို့၏ စိတ်နှလုံးကို တုန်လှုပ်စေတတ်သောကြောင့် ကရုဏာ ( သနားခြင်း ) မည်၏ ဟု အဖြောင့်အဓိပ္ပါယ်ဖြစ်၏။ ဤနေရာ၌ တုန်လှုပ်စေတတ် ဟူသည် ကြောက်ရွံ့ ထိတ်လန့်သောကြောင့် တုန်လှုပ်ချောက်ခြားသည်ဟု မဆိုလို၊ နဂိုမူရင်း ဖြစ်နေသောပုံမှန်စိတ်မှ ကယ်တင်လို ကူညီလိုသော မြင့်မြတ်သည့်စိတ်ထားသို့ပြောင်းလဲလာခြင်းကိုတုန်လှုပ်စေတတ် ဟုဆိုလို၏။ မှန်၏၊ သူတော်ကောင်း စိတ်နှလုံးရှိသူတို့သည် သူတစ်ပါးဆင်းရဲသည်ကို မြင်ရသောအခါ သနား၏၊ ကူညီဖေးမလို၏၊ ကယ်တင်လို၏၊ ပေးဆပ်ချင်၏၊ ဤသည်မှာ ကရုဏာ၏ သဘောသဘာဝ၊ ကရုဏာ၏ အနက်အဓိပ္ပါယ်ဖြစ်၏။ တစ်ဖန် နောက်တစ်နည်းအနေဖြင့် အဓိပ္ပါယ်ဖွင့်ဆိုမှုလည်းရှိသေး၏။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ၊ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ပေးတတ်သောကြောင့် ကရုဏာမည်၏ ဟုအဖြောင့်အဓိပ္ပါယ်ဖြစ်၏။ ဤဖွင့်ဆိုမှုအရလည်း အနှစ်သာရ စကားကျ အဓိပ္ပါယ်အားဖြင့် အထက်ပါနည်းနှင့် အတူတူပင်ဖြစ်၏။ ပါဠိသဒ္ဒါသဘောအရသာကွဲပြား၏။ ဤသည်မှာ သာမာန်ကရုဏာ၏ သဘောမျှသာဖြစ်၏။မဟာကရုဏာ မဟုတ်။ မဟာကရုဏာ၏သဘောကား အလွန်မြင့်မြတ်ကြီးကျယ်သောသနားခြင်း၊အစဉ်အမြဲကိုယ်ကျိုးကိုစွန့်၍ လောကကောင်းကျိုးကိုသာ ဆောင်ရွက်လိုခြင်း၊မိမိအရေးထက် သူတစ်ပါးအရေးကိုသာ ပို၍ အလေးပေးဆောင်ရွက်လိုခြင်း သဘောဖြစ်၏။ မှန်လှ၏။ ထိုမဟာကရုဏာကြောင့်ပင် သုမေဓာရှင်ရသေ့သည် သူရသင့်ရထိုက်သောအခွင့်အရေးလည်းဖြစ်၊ ရနိုင်သော အခြေအနေနှင့်စွမ်းရည်တို့လည်းအပြည့်အဝရှိတော်မူပါလျက်နှင့် ထိုအခွင့်အရေးနှင့်စွမ်းရည်တို့ကို တွန့်ဆုတ်ခြင်းအလျဉ်းမရှိ ရဲရဲရင့်ရင့် ပြတ်သားစွာ စွန့်လွှတ်လိုက်၏။ ထိုအခွင့်အရေးနှင့်စွမ်းရည်ကား အခြားမဟုတ်၊ ထိုဘဝမှာပင် ရရှိရောက်ရှိနိုင်သော ရဟန္တာအဖြစ်နှင့် ပါရမီထူးတို့ပင်တည်း။ သူသည်သံသရာဝဲဩဃဟုဆိုအပ်သော ဘုံအထပ်ထပ်၌ အရောင်အသွေး အဆင့်အတန်း အတိုင်းအတာအားဖြင့် စုံလင်များပြားလှသော ရုပ်ပိုင်းရော စိတ်ပိုင်းပါ ခံစားတွေ့ကြုံနေရသည့် အလွန်ပူပြင်းလှသော ဝေဒနာပင်လယ်တွင်  နစ်မွန်းမျောပါနေကြကုန်သော သတ္တဝါအပေါင်းကို ကယ်တင်လို၏။ အေးချမ်းစေလို၏၊ ထိုကယ်တင်လို ပေးဆပ်ဖြည့်ဆည်းပေးလိုသောဆန္ဒသည် လူမျိုး၊အသားအရောင်၊နေရာဒေသ၊ နိုင်ငံ၊ ဘုံဌာန၊ အချိန်ကာလ၊အလွှာအတန်းအစား ဘာကိုမှမခွဲခြားဘဲ စကြာဝဠာတစ်ခုလုံးကို ကယ်တင်ပေးလိုသည့် အလွန်ပြင်းပြအားကြီးသော ကုသိုလ်ဆန္ဒာဓိပတိဖြစ်၏။ ထို့ကြောင့်ပင် ထိုစိတ်ထိုဆန္ဒသည် မဟာကရုဏာဖြစ်ပါပေ၏။ ထိုမဟာကရုဏာတော်ဖြင့်ကယ်တင်လိုခြင်းမှာလည်း တဒင်္ဂအေးချမ်းစေရန်ကယ်တင်လိုခြင်းမဟုတ်၊ တစ်ဘဝအတွက် ကယ်တင်လိုခြင်းလည်းမဟုတ်၊ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ အပြီးအပိုင် ထာဝရ အေးချမ်းမှုရှိသော နိဗ္ဗာန်တိုင်အောင် ကယ်တင်ပို့ဆောင်လိုခြင်းဖြစ်၏။ ထိုမဟာကရုဏာတော်ကြောင့်ပင် သူ့ဘဝ၏အရာရာကို ဂဏန်းသင်္ချာရေတွက်၍ မရနိုင်လောက်အောင် စွန့်လွှတ်ခဲ့၏။ အနစ်နာခံခဲ့၏။ ဖြည့်ဆည်းခဲ့၏။ အားထုတ်ခဲ့၏။ ထိုစွန့်လွှတ်မှုတို့ကို အကျဉ်းအားဖြင့်ဖေါ်ပြရသော်ဤသို့ဖြစ်၏။ လောကအတွက် သူစွန့်လွှတ်ခဲ့ရသော မျက်လုံးတို့ကို တိုင်းတာကြည့်ပါက ကောင်းကင်မှ နက္ခတ်ကြယ်တာရာအရေအတွက်ကား နည်းပါးကောင်းနည်းပါးပေမည်၊ သူစွန့်လွှတ်လှုဒါန်းခဲ့သော မျက်လုံးများကား ထိုထက်မက များပြားလှ၏။ သူလှုခဲ့သော သွေးတို့ကို ချိန်စက်ကြည့်ပါက သမုဒ္ဒရာတွင်ရှိသော ရေများကနည်းပါးကောင်းနည်းပါးပေမည်၊ သူလှုဒါန်းခဲ့သော သွေးများကား ထို့ထက်မက များပြားလှ၏။ ထို့ပြင် သူလှုခဲ့သော အသားတို့ကို ပုံလိုက်ပါက ကမ္ဘာမြေပြင်ရှိ သဲမှုန်များက နည်းပါးကောင်းနည်းပါးပေမည်။ သူစွန့်လှုခဲ့သော အသားများကားထို့ထက်မက များပြားလှပါ၏။ ထို့ပြင် သူလှုခဲ့သော ဦးခေါင်းများကို စုပုံလိုက်ပါက ယူဇာနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သည့် မြင့်မိုရ်တောင်သည် နိမ့်သွားနိုင်၏။ သူလှုခဲ့သော ဦးခေါင်းတို့ကား ထို့ထက်မက များပြားလှပါ၏။ ထို့ပြင် သူ၏စည်းစိမ် ဇနီးမယား သမီးသားပါမကျန်စွန့်လွှတ်မှုအနန္တဖြစ်ခဲ့၏။ ဤသည်မှာ ဒါနတစ်ခုတည်းကိုကွက်၍ပြောခြင်းဖြစ်၏။ အမှန်စစ်စစ် ပါရမီဆယ်ပါးကို ပြည့်စုံအောင်ဖြည့်ကျင့်ခဲ့ရ၏။  ထိုဖြည့်ဆည်း စွန့်လွှတ် အနစ်နာခံမှုသည် အချိန်ကာလအားဖြင့်တွက်စစ်ကြည့်လျှင် ဤကမ္ဘာမှနောက်ပြန်ရေတွက်ပါက လွန်ခဲ့သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှစခဲ့၏။ စွန့်လွှတ်ဖြည့်ဆည်းခဲ့ရသည့်အချိန်ကာလသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထိတိုင်ကြာမြင့်ခဲ့သည် ဟုဆိုလိုပါ၏။ ထို့ကြောင့်ယခုလက်ရှိမိမိတို့ဆည်းကပ်ယုံကြည်ကိုးကွယ်နေသော ဗုဒ္ဓဘာသာသည် ကာလအားဖြင့် လွန်ခဲ့သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်မှ အမြုတေအဖြစ်နှင့်စတင်တည်ရှိခဲ့၏။ စတင်ခဲ့ပုံ ဇာတ်လမ်းအကျဉ်းကားဤသို့ဖြစ်၏။ 

ဗုဒ္ဓဘာသာဇစ်မြစ် ( ၄ )

ထိုအချိန်ထိုအခါကာလ ထိုကမ္ဘာဝယ် ရမ္မာဝတီတိုင်းပြည်သည်ရှိခဲ့လေ၏။ ထိုတိုင်းပြည်သည် အေးချမ်း၏၊သာယာ၏၊ဖွံ့ဖြိုးတိုးတက်၏၊ သူ့ခေတ်သူ့အခါအရ ခေတ်မီဖွံ့ဖြိုးတိုးတက်၍အေးချမ်းသာယာသောနိုင်ငံတော်ကြီးဖြစ်ခဲ့မည်ဟု မိမိကောက်ချက်စွဲမိ၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားအဖြစ်ကိုဗျာဒိတ်ပန်ဆင်နိုင်ရန် အင်္ဂါအချက်အလက်နှင့်ပါရမီတို့ပြည့်စုံနေသည့် သုမေဓာဟူသော အမျိုးကောင်းသားရှိနေသောကြောင့်ပင်တည်း။ ထိုသုမေဓာဟူသော အမျိုးကောင်းသားလေးသည် တစ်ဦးတည်းသောသားဖြစ်၏။ အမျိုးအနွယ်အားဖြင့် အမြင့်တန်းအလွှာတွင်ပါဝင်သည့် ဗြဟ္မဏမျိုးရိုးဖြစ်၏။ ပညာရေးအရလည်း ထိုခေတ်ထိုကာလတွင် သင်ကြားနိုင်သော သိပ္ပွံ နှင့် ဝိဇ္ဇာ ပညာရပ်နှစ်မျိုးလုံးကို အပြီးတိုင်သင်ယူတတ်မြောက်ထားသော အထက်တန်းပညာတတ်လူတန်းစားဖြစ်၏။ တနည်းဆိုသော် အသိပညာရော အတတ်ပညာပါပြည့်စုံသူဖြစ်သောကြောင့်
လောကကောင်းကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သူ လူတန်းစားဝင်ဖြစ်၏။ ပညာပြည့်ဝနှလုံးလှသဖြင့် လောက၏အားကိုးဘွယ်ရာ ပညာရှင်လည်းဖြစ်၏။ ဥစ္စာစည်းစိမ်အားဖြင့်လည်း အထူးဆိုဘွယ်ရာမရှိ၊ အလွန်ချမ်းသာသည့် လူတန်းစားတွင်ပါဝင်ပြန်၏။ ရုပ်ရည်ဥပဓိအားဖြင့်လည်း သပ္ပါယ်ခန့်ငြားတင့်တယ်သူဖြစ်၏။ မှန်၏။ သာမာန် အောက်တန်းစားလူတစ်ယောက်သည် ဘုရားဖြစ်ရန်ဗျာဒိတ်တော်ကို ပန်ဆင်နိုင်မည်မဟုတ်ချေ။ ဤကဲ့သို့သော ထိုသုမေဓာအမျိုးကောင်းသားလေးသည် ပညာတတ်၊သဘောကောင်း၊ဥစ္စာပေါ ရုပ်ချောသဖြင့် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ခဲ့မည်မှာ သေချာလှ၏။ ထိုသို့အဖက်ဖက်မှ ပြည့်စုံတင့်တယ်လှသော အမျိုးကောင်းသားလေးသည် သူ၏ အသက်အရွယ် နုနယ်ပျိုမြစ် ၁၆ နှစ်မှာပင် သူ၏မိဘနှစ်ပါး ကွယ်လွန်ဆုံးပါးခဲ့၏။ ထိုအခါသူ့မိသားစု၏ ဘဏ္ဍာထိန်းသည် စာရင်းဇယားနှင့်တကွ ဘိုးဘွားပိုင်ပစ္စည်းများအားလုံးကို အတိအကျလွှဲအပ်လေ၏။ ထိုလွှဲအပ်မှုထဲတွင် ငွေများလည်းပါ၏၊ ရွှေများလည်းပါ၏။ ကျောက်သံပတ္တမြား လက်ဝတ်ရတနာများနှင့်တကွအခြားသောပိုင်ဆိုင်ပစ္စည်းများလည်းပါ၏။ ထိုပိုင်ဆိုင်ပစ္စည်းများ၏တန်ဘိုးနှင့် ပမာဏကားများပြားလှ၏။ ထိုအခါမှသူသည် ဘီလျံနာသူဌေးဖြစ်မှန်းသိခဲ့ရတော့၏။ ထိုစည်းစိမ် ထိုပိုင်ဆိုင်ပစ္စည်းများကို သူကိုယ်တိုင်ကိုယ်ကျတွေ့မြင်ရသောအခါ ဤသို့သူခံစားမိလေ၏။ ဤမျှများပြားလှသော စည်းစိမ်ဥစ္စာတို့ကို ငါ၏ဘိုးဘွားအစဉ်အဆက်ဆက်တို့ရှာဖွေခဲ့ စုဆောင်းခဲ့ကြ၏။ ဘိုးဘွားအဆက်ဆက်တို့လည်း ခံစားသင့်သလောက်ခံစားသွားခဲ့ကြ၏။သို့သော်မကုန်ခမ်းခဲ့။ သူတို့၏သံသရာခရီးသို့လည်း ယူဆောင်မသွားနိုင်ခဲ့။ ငါသည်လည်း ဤပိုင်ဆိုင်မှုအားလုံးတို့ကို စိတ်တိုင်းကျသုံးဆောင်သော်လည်း တစ်ဘဝဖြင့် ကုန်နိုင်ဘွယ်ရာမရှိ၊များပြားလှဘိ၏။ ထို့ကြောင့်ငါသည် ဤပိုင်ဆိုင်ပစ္စည်းအားလုံးတို့ကို လောကအတွက်အသုံးပြုလို၏။ ငါ့အတွက်လည်း သံသရာတွင် အမွေအနှစ်အစစ်ကိုယူဆောင်သွားလို၏။ ထို့ကြောင့် ဤအရာအားလုံးကို လောကအတွက်လှုမည်၊ ငါသည်ကား တောထွက်၍ရသေ့ပြုမည် ဟုခံစားခဲ့၏။ ဆုံးဖြတ်ခဲ့၏။ ထိုဆုံးဖြတ်ချက်အတိုင်းပင် သူသည် ဘိုးစဉ်ဘောင်ဆက် ခေတ်အဆက်ဆက်စုဆောင်းခဲ့သမျှပိုင်ဆိုင်မှုအရာရာကို လူမှုလောက သယာဝပြောရေး အလေးပေးစိတ်ဖြင့် ရက်ရက်ရောရော စွန့်လွှတ် လှုဒါန်းခဲ့တော့၏။ သူသည်လည်း ဟိမဝန္တာတော ဓမ္မိကတောင်တော်တွင် ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းလျှက် ရသေ့ဘဝဖြင့်သီတင်းသုံးနေထိုင်လေတော့၏။ သူ၏ခံစားချက်၊ခံယူချက်၊
ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်တို့သည် အံ့ဖွယ်ရှိလှပါ၏။ သူကဲ့သို့ပြုကျင့်ဘို့ရန်မဆိုထားနှင့်၊ တွေးကြည့်ဖို့ပင်ခက်ခဲလှချေ၏တကား။ သူတော်ကောင်းစိတ်ဓာတ်ရှိသူတို့အနေဖြင့်ကြည့်လျှင် အားကျအတုယူဖွယ်ဖြစ်၏။ လေးစားချစ်ခင်ဖွယ်လည်းဖြစ်ပါ၏။ကမ္ဘာ့စံပြလည်းဖြစ်၏။ လောက၏ရှေ့သွားခေါင်းဆောင်တို့ပြုကျင့်သောလုပ်ရပ်လည်းဖြစ်၏။ သို့သော် မသူတော်တို့၏အမြင်ဖြင့်ကြည့်လျှင်မူကား ရူးသွပ်မှုဖြစ်၏။ စည်းစိမ်ကို မခံစားတတ်ခြင်းဖြစ်၏၊ ဤသို့ လုပ်ရပ်တစ်ခုအပေါ်တွင် နှလုံးသားနှင့်အမြင်ကိုအခြေခံ၍ကွဲပြားနိုင်ပါ၏။ ထိုသုမေဓာရှင်ရသေ့သည် ဟိမဝန္တာဝယ် မကြာမြင့်မီပင် ဈာန်ကိုရရှိလေတော့၏။ ဈာန်ကိုလည်း အမြဲမပြတ်ဝင်စား၏။ သူ၏ဈာန်နှင့် သမာဓိအရှိန်အဟုန်သည် အလွန်အားကောင်းလှ၏။ ထို့သို့အားကောင်းလှသော ဈာန်သမာပတ်နှင့် သမာဓိတို့ကြောင့်ပင် သူသည် ဒီပင်္ကရာမြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူနေသည်ကို သူမသိလိုက်မိချေ။ အကြောင်းကား အလွန်အင်အားကောင်းလှသော ဈာန်သမာပတ်ကိုဝင်စားနေခဲ့သောကြောင့်ပင်တည်း။ သို့သော် ရဟန္တာဖြစ်နိုင်သည်သာမက ဘုရားအဖြစ်ကိုဗျာဒိတ်တော်ပန်ဆင်နိုင်သည့်ပါရမီတော်အရှိန်အဟုန်များကြောင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်ကိုတွေ့ဆုံဖူးမြင်ခွင့်ရရန် အကြောင်းကားဖန်လာခဲ့တော့၏။ ဖန်လာပုံကား ဤသို့ ဤသို့။

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၅ )

သုမေဓာရှင်ရသေ့သည် တစ်နေ့သောအခါ ဈာန်သမာပတ်မှထတော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာရာ ရမ္မာဝတီမြို့ကောင်းကင်ယံသို့ရောက်ရှိလေ၏။ ထိုသို့ကောင်းကယ်ယံသို့ရောက်ရှိသောအခါ အောက်မြေအပြင်ကို ငုံ့၍ကြည့်မိ၏။ ထိုအခါ လူများစွာတို့သည် ပျားပန်းခတ်မျှ လှုပ်ရှားသွားလာလျှက် အားတက်သရော လုပ်ကိုင်ဆောင်ရွက်နေကြည်ကို တွေ့မြင်ရသောကြောင့် ထိုအခြင်းအရာကို စုံစမ်းမေးမြန်းလိုစိတ်ဖြစ်ပေါ်လာခဲ့၏။ ထိုကြောင့်ပင် သူသည် အောက်မြေအပြင်သို့ ဆင်းသက်၍ အခြေအနေမှန်ကို စုံစမ်းကြည့်သောအခါ ဤသို့သိရှိရလေ၏။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျှက် ရမ္မာဝတီပြည်သို့ကြွချီတော်မူလာ၏။ တိုင်းသူပြည်သား အများအပြားတို့အားလည်း တရားရေအေးတိုက်ကျွေးကာ အေးငြိမ်းရာ နိဗ္ဗူတာသို့ ပို့ဆောင်တော်မူ၏။ တိုင်းသူပြည်သား အားလုံးတို့သည်လည်း ဒီပင်္ကရာ မြတ်စွာဘုရားရှင်၏ တရားတော်ကို ရိုသေဝမ်းမြောက် နှစ်ထောင်းအားရ ရှိကြပါပေ၏။ ပြည်သူပြည်သားများသည် တရားတော်ကို နာယူကြပြီးလျှင် ဆွမ်းဖြင့်လုပ်ကျွေးပြုစုလို၏။ ဝေယျာဝစ္စကုသိုလ်ကိုလည်း လိုချင်ကြ၏။ သူတော်ကောင်းတရားကို နာကြားကြရသောကြောင့် သူတော်ကောင်းတရားများ တည်တံ့ပြန့်ပွါးထွန်းကားစေရန် စိတ်ရည်သန်၍ ဘုရားအမှုးရှိသော သူတော်ကောင်းတို့ကို ပြုစုလုပ်ကျွေးလိုခြင်းလည်းဖြစ်၏။ ထို့ကြောင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်နှင့်တကွ ရဟန္တာပေါင်းနှစ်သောင်းကို ဆွမ်းဘုန်းပေးသောအားဖြင့် ပြည်သူပြည်သားများအား ချီးမြှောက်တော်မူပါရန် ပြည်သူပြည်သားများက ပင့်လျှောက်ထားခဲ့ကြ၏။ ထိုလျှောက်ထားချက်အရ
  မြတ်စွာဘုရားရှင်နှင့်တကွရဟန္တာအရှင်မြတ်ပေါင်း နှစ်သောင်းကြွချီတော်မူလာမည်ဖြစ်သောကြောင့် လူအများစုပေါင်း၍ လမ်းပြင်ခြင်း၊ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ အခမ်းအနားအပြင်ဆင်ခြင်း၊ ဆွမ်းချက်ပြုတ်ခြင်းစသော ဆွမ်းကပ်လှုမည့်အခမ်းအနားတွင် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြကြောင်းကို ရှင်ရသေ့သည် စုံစုံစေ့စေ့ သိရှိရလေတော့၏။ ထိုသို့သိရှိလေသောအခါ သူသည်လည်း ကုသိုလ်အမှုကိုပါဝင်ဆောင်ရွက်လိုပါကြောင်း၊ လမ်းပြုပြင်ရန် နေရာတစ်ခုကို ပေးစေလိုပါကြောင်း သဒ္ဓါတရားထက်သန်စွာဖြင့် မေတ္တာရပ်လေတော့၏။ ပြည်သူပြည်သားအများကလည်း ကျေကျေနပ်နပ်ပင် လမ်းပြုပြင်ရန် နေရာတစ်ခုကို သတ်မှတ်ပေးလေ၏။ သို့သော် သူပြုပြင်ရမည့်လမ်းပိုင်းသည် ရွှံ့ ညွံများဖြင့် ပြည့်လျှက်ရှိသောကြောင့် အချိန်မီမပြီးစီးခဲ့ပေ။ မပြီးစီးမီပင် ဘုရားရှင်နှင့်တကွရဟန္တာများကြွချီတော်မူလာရာ ရှင်ရသေ့သည် မပြီးစီးသေးဘဲ ကြွင်းကျန်နေသည့် ရွှံ့ ညွံများဖြင့် ဖုံးအုပ်နေသောလမ်းပေါ်ဝယ် သူ၏ကိုယ်ခန္ဓာကို ဝမ်းလျားထိုး၍ တံတားခင်းကာ ဤသို့ လျှောက်ထားခဲ့တော့၏။ လောကသုံးပါးတို့၏ ကိုးကွယ်ရာသခင် သဗ္ဗညုတဥာဏ်တော်ရှင် အရှင်မြတ်ဘုရား တပည့်တော်၏ ခန္ဓာကိုယ်ကို တံတားပြု၍ ကြွချီတော်မူပါဘုရား၊ တပည့်တော်၏ကိုယ်ခန္ဓာကို တံတားအဖြစ်လှုဒါန်းပါ၏ ရှင်တော်မြတ်ဘုရား။ဤသို့လျှောက်ထားလိုက်သောအခါ ဘုရားရှင်နှင့်တကွ ရဟန္တာနှစ်သောင်းတို့သည် သုမေဓာရှင်ရသေ့၏ ကျောကုန်းပေါ်မှ ( ခြေတော်များဖြင့်မနင်းဘဲ ) တန်ခိုးတော်တို့ဖြင့် ကြွချီတော်မူကြလေ၏။ ထိုကဲ့သို့သော စည်ကားကြီးကျယ် ဝင့်ထယ်ခမ်းနားလှသည့် ဒီပင်္ကရာဘုရားရှင်အားကြိုဆိုပွဲနှင့် ဆွမ်းကပ်လှုပွဲတွင် မထင်မရှား အညတြအနေဖြင့် အရည်အချင်းပြည့်ဝ နှလုံးလှသည့် အမျိုးသမီးကောင်းလေးတစ်ယောက်သည် ရဲရဲရင့်ရင့်ပါဝင်လာခဲ့၏။ သူမသည် ထိုဘဝတွင် ဘုရှားရှင်ကို ကြိုဆိုမှုနှင့်ဆွမ်းကပ်သည့်အခမ်းအနားမတိုင်မီအထိ မထင်မရှားဖြစ်ခဲ့သော်လဲ ထိုဘုရားရှင်ကိုကြိုဆိုသည့်အချိန်မှစ၍ နောက်နောင်ဘဝဆက်တိုင်းတွင် ထင်ရှားကျော်ကြားလာသူဖြစ်၏။ ပါရမီဖြည့်ဆည်းတော်မူရာ ကာလတိုင်း ကမ္ဘာတိုင်း ဘဝတိုင်းဝယ် မငြီးမငြူ ကြည်ဖြူစွာဖြင့် မေတ္တာကိုအညီအမျှပြု အချစ်တုကိုဖယ်ရှား အားသစ်များပေး၍ အလောင်းတော်အား  ပါရမီဖြည့်ခဲ့သူဖြစ်၏။ လောကကြီးတစ်ခုလုံးအတွက် အလောင်းတော်ဘုရားဖြစ်စေရန် ဘဝ၏ဒဏ်ရာဒဏ်ချက်နှင့် နှလုံးသား၏ဆန္ဒ၊နှလုံးသား၏တမ်းတချက်တို့ကို ဦးစားမပေး အလေးမထားဘဲ ပေးဆပ်အနစ်နာခံရမှုတို့ အလွန်တရာကြီးကျယ်များပြားလှပြီး ရှည်လျားလှသောကာလများဝယ် အအေးနှင့်အပူ အချိုနှင့်အခါး ရိုင်းပြမှုနှင့် ယာဉ်ကျေးသိမ်မွေ့မှု ရက်စက်မှုနှင့်ကြင်နာမှု ကြမ်းတမ်းမှုနှင့်ချောမွေ့မှု အနိမ့်နှင့်အမြင့် အတိမ်နှင့်အနက် အတက်နှင့်အဆင်း အလင်းနှင့်အမှောင် အယောင်ဆောင်နှင့် အစစ် အသဲကွဲမှုနာကျင်မှုနှင့် ကျေနပ်ကြည်နူုးမှု စသည့်စသည့် မရေမတွက်နိုင်သော
အမှုများစွာကို နဲနဲလေးမျှမမှု၊ မမှုရေးချ မမှုဘဲ အံတု ဖြတ်သန်းခဲ့သူဖြစ်သည့်အပြင် စိတ်ဓါတ်ရေးရာအရ အလွန်တရာတည်ကြည်ခိုင်ခံ့၍ ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံး၏ စံပြအားထားလောက်သည့်အမျိုးသမီးကောင်းလည်းဖြစ်၏။ ပါရမီလုပ်ငန်းဟူသမျှ ကျရာနေရာ ကြုံရာအခိုက်အတန့်မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ ဖြည့်ဆည်းပေးခဲ့သူလည်းဖြစ်၏။ အမှန်စစ်စစ် မြတ်စွာဘုရားရှင်၏ သဗ္ဗညုတတော်ကိုရခြင်း၌ သူမ၏ကျေးဇူးကား အထူးကြီးမားလှပါဘိ။ လောကသားများအနေဖြင့်လည်း သူမ၏ ကျေးဇူးကိုသိသင့်နားလည်သင့်လှ၏။ သူမကားအခြားမဟုတ်။ သူမ၏ နာမည်ကား မိမိတို့ဗုဒ္ဓဘာသာဝင်များ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော တော်လေးဝဝင်သည့် ယသောဓရာပင်တည်း။ သို့သော် သူမ ပါရမီဖြည့်ဖက်အဖြစ် စတင်ပါဝင်စဉ်ကထိုနာမည်မဟုတ်ခဲ့။ သူမ၏နာမည်ကားးးး 

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၆ )

ထိုသူမ၏နာမည်ကားသုမိတ္တာ ဟူသတတ်။ ထိုနာမည်၏ အဓိပ္ပါယ်ကား မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အလွန်ချစ်ခင်တတ်သူ ဟူ၍ဖြစ်သတတ်။ မှန်၏၊ သုံးဆယ့်တစ်ဘုံသား အားလုံးအတွက် အလောင်းတော်အား ဘုရားဖြစ်စေရန် ကူညီ၍ ပါရမီဖြည့်ဆည်းပေးရမည့်သူသည် မိတ်ဆွေကောင်းဖြစ်နေပါမှ သို့မဟုတ် အများပြည်သူလူထု၏ အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အများပြည်သူလူထုကို ချစ်ခင်တတ်သူဖြစ်ပါမှ ပါရမီဖြည့်ဘက်ဖြစ်နိုင်ပေမည်။ ထိုသို့မဟုတ်ပါက သာမာန်အမျိုးသမီးဖြစ်သွားပေမည်။ ထိုဘုရားရှင်ကို ကြိုဆိုသည့် အခမ်းအနားတွင် ထိုသုမိတ္တာမည်သော အမျိုးသမီးငယ်လေးသည် ဒီပင်္ကရာဘုရားရှင်ကို လှုရန်အတွက် ကြာပန်းရှစ်ခိုင်ယူလာခဲ့လေ၏။ သူမ၏ အစပထမရည်ရွယ်ချက်သည် သူမကိုယ်တိုင် တစ်ဦးတည်း လှုဘို့ဖြစ်၏။ သို့သော် ဒီပင်္ကရာဘုရားရှင်အား သူ၏ခန္ဓာကိုယ်ကို တံတားခင်း၍လှုဒါန်းနေသော သုမေဓာရှင်ရသေ့ကို မြင်တွေ့ရသောအခါ သူမသည် လေးစားကြည်ညိုသွားလေ၏။ ယုံကြည်မှု၊ အားထားမှု၊ ချစ်ခင်မှု၊ ပူးပေါင်းဆောင်ရွက်လိုမှုနှင့် ပေးဆပ်ဖြည့်ဆည်းလိုမှုဟူသောဆန္ဒတို့သည်လည်း သူမ၏ရင်တွင်းသို့ အလိုအလျောက် ချင်းနင်းဝင်ရောက်လာခဲ့၏။ ထို့ကြောင့်ပင် သူမသည် လှုရန် ယူဆောင်လာခဲ့သော ကြာပန်းရှစ်ခိုင်အနက် သုံးခိုင်ကိုသာ သူမကိုင်ဆောင်လျှက် ကျန်ငါးခိုင်ကိုမူ သုမေဓာရှင်ရသေ့အား လိုလိုလားလားပင် ပေးလှုလိုက်လေ၏။ ဤနေရာတွင်မိမိ ဤသို့စဉ်းစားမိ၏။ အလောင်းတော်၏နာမည်ကား သုမေဓာ၊ အဓိပ္ပါယ်ကား ပညာပြည့်ဝ နှလုံးလှသူ သို့မဟုတ် စိတ်နှလုံးဖြူစင်လှသောပညာရှိ ဟူ၍ဖြစ်ပြီးလျှင် ကူညီ၍ ပါရမီဖြည့်မည့်သူ သုမိတ္တာ၏ အဓိပ္ပါယ်မှာ မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချင်ခင်တတ်သူဟု အဓိပ္ပါယ်ရှိသဖြင့် သူတို့နှစ်ဦး၏ အမည်နာမ ဗျူပ္ပတ်နှင့် လုပ်ရပ်တို့သည် အလွန်ပင်ညီညွတ်တိုက်ဆိုင် ကြလေ၏တကား ဟူ၍။  ထို့နောက် သုမေဓာမည်သော ရှင်ရသေ့နှင့် သုမိတ္တာမည်သော အမျိုးကောင်းသား အမျိုးကောင်းသမီးနှစ်ယောက်တို့သည် ဒီပင်္ကရာဘုရားရှင်အား နှစ်ယောက်ပေါင်း၍ ကြာပန်းရှစ်ခိုင်ကိုလှုဒါန်းခဲ့ကြ၏။ ထိုသို့လှုဒါန်းစဉ်တွင် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်၏ အနှိုင်းမဲ့အသရေတော်ကို ဖူးတွေ့ရသဖြင့်အလွန်အားကျကြည်ညိုမိတော့၏။ အထူးသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် ငရဲနှင့် တိရစ္ဆာအပါအဝင် သုံးဆယ့်တစ်ဘုံသူ ဘုံသားတို့အတွက် လောကီကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုးဤနှစ်မျိုးတို့ကို အနှိုင်းမဲ့သော ကရုဏာ၊ မေတ္တာ၊ ပညာတို့ဖြင့် အနှိုင်းမဲ့ဆောင်ရွက်တော်မူနိုင်သကဲ့သို့ သုမေဓာရှင်ရသေ့သည်လည်း လောကသားတို့၏ ကောင်းကျိုးမှန်သမျှကို သယ်ဆောင်လို ကယ်တင်လိုသော မဟာကရုဏာနှင့်  ဆန္ဒတို့သည် အလွန်အမင်းပြင်းပြင်းပြပြဖြစ်တော်မူလေ၏။ အမှန်စင်စစ် ဘုရားဖြစ်လိုသောဆန္ဒသည် အလွန်အမင်းပြင်းပြထက်သန်လာလေ၏။ မှန်လှ၏။ ဘုရားဖြစ်မှသာလျှင် အသားအရောင် အမျိုးအနွယ် နေရာဒေသ နိုင်ငံ ဘုံဌာန အဆင့်အလွှာ စသော လောကသားတို့၏ အပေါ်ယံအမြင်တို့ကို မရှုမြင် မခွဲခြားဘဲ သတ္တဝါတိုင်း၏ ပါရမီ အနုအရင့် အဆင့်အတန်းကိုသာ ကြည့်ရှုဆင်ခြင်တော်မူ၍ လောက ကောင်းကျိုးနှင့် လောကုတ္တရာ ကောင်းကျိုး ထိုနှစ်မျိုးတို့ကို အနှိုင်းမဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပါ၏။ ထို့ကြောင့်ပင် သူသည်ဘုရားဖြစ်လိုစိတ် ထက်သန်ပြင်းပြခြင်းပင်ဖြစ်၏။ ထို့ပြင်သုမိတ္တာမည်သော အမျိုးသမီးကောင်းလေးသည်လည်း သုမေဓာရှင်ရသေ့နှင့် သံသရာတစ်လျှောက် ဘဝဆက်တိုင်းတွင် ဘုရားဖြစ်သည်အထိ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါးမျှဝေ၍ အတူတကွ ဆောင်ရွက်လိုသော ပါရမီဖြည့်လိုစိတ်တို့သည်လည်း တားမနိုင်ဆီးမရ ဖြစ်ပေါ်လာလေတော့၏။ အမှန်စင်စစ် သူတို့နှစ်ယောက်လုံး၏ အသိဥာဏ်နှင့် စိတ်သန္တာန်တွင် သို့မဟုတ် ဦးနှောက်နှင့်နှလုံးသားတို့တွင် မိမိတို့၏ အရာရာကို စွန့်လွှတ်ပေးဆပ်၍ လောကကောင်းကျိုးလုပ်ဆောင်ရန် အလွန်အမင်းစိတ်သန် ခံယူ ခံစားလျှက်ရှိကြ၏။ ဤသည်မှာ သူတို့နှစ်ဦး၏ လောကအပေါ်ထားရှိသော မဟာကရုဏာနှင့် အသိဥာဏ်ပညာပင်ဖြစ်တော့၏။ ဤနေရာ၌ ဘုရားအလောင်းတော် သုမေဓာ၏ မဟာကရုဏာနှင့် ပညာသည်ပို၍ပြဋ္ဌာန်းအားကြီးလှသည်ကိုမမေ့သင့်ပေ။ မှန်၏။ လောကကောင်းကျိုးကို သယ်ပိုးရာတွင် ကရုဏာနှင့်ပညာသည် မရှိမဖြစ်လိုအပ်ပါ၏။ ကရုဏာသာရှိ၍ ပညာမပါလျှင် ထိုထိုလုပ်ရပ်တို့သည် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတတ်ပါ၏။ စေတနာကောင်းရှိသော်လည်း နည်းလမ်းမှားသဖြင့် ကောင်းကျိုးမရ ဆိုးကျိုးဖြစ်ရတတ်သည်ဟု ဆိုလိုပါ၏။ တစ်ဖန် ပညာသာရှိ၍ ကရုဏာမပါလျှင်လည်း အကြင်နာမဲ့၍ ရက်စက်ကြမ်းကြုတ်တတ်သဖြင့် လောကသားများ၏ အားထားရာသဖွယ်မဖြစ်ဘဲ ဆိုးကျိုးများကို ခံစားရတတ်ပါ၏။ ထို့ကြောင့် လောကကောင်းကျိုးကို ဆောင်ရွက်ရာတွင် ကရုဏာနှင့်ပညာသဘောတရားတို့သည် အမှန်တကယ်လိုအပ်လှပါ၏။ သို့မှသာလျှင် လောကသားတို့အတွက် စစ်မှန်သော ကောင်းကျိုးချမ်းသာများကို ခံစားကြရမည်ဖြစ်ပါ၏။ ထိုသူနှစ်ယောက်တို့၏  ထိုအခြင်းအရာအားလုံးကို ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်ဖြင့်သိတော်မူလေ၏။ ထို့ပြင် သုမေဓာရှင်ရသေ့၏ အနာဂတ်ကို ဆင်ခြင်တော်မူသောအခါ၌လည်း နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာသောကာလဝယ် ဘဒ္ဒကမ္ဘာ၌ ဂေါတမအနွယ်တော်ဖြင့် ဘုရားအဖြစ်သို့အမှန်မုချ ရောက်ရှိမည်ဖြစ်ကြောင်းကိုလည်းသိတော်မူသည့်အပြင် သုမိတ္တာအမျိုးကောင်းသမီးလေးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဖက်အဖြစ်ဖြင့် မလွဲမသွေပါဝင်ဖြည့်ဆည်းလိမ့်မည်ဖြစ်ကြောင်းတို့ကိုလည်း သိမြင်တော်မူလေ၏။ ထို့ကြောင့်ပင် ဘုရားရှင်က သူတို့နှစ်ဦးအား ဤသို့ ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

ဒ္ဓဘာသာ ဇစ်မြစ် ( ၇ )

ဤ သုမေဓာချစ်သားသည် နောင်အခါ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းရောက်သောကာလ၌ ဘဒ္ဒကမ္ဘာဝယ် သိစရာမှန်သမျှ ကြွင်းမဲ့ဥဿုံအလုံးစုံသိမြင်တော်မူသည့် ဘုရားအဖြစ်သို့ရောက်ရှိချိမ့်မည်၊ ဤ သုမိတ္တာ ချစ်သမီးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဘက်အဖြစ်ဖြင့် ပါဝင်ဖြည့်ဆည်းလိမ့်မည် ဟူ၍။  မိမိတို့ ဗုဒ္ဓဘာသာဝင်များ ယနေ့ကိုးကွယ်ဆည်းကပ်နေကြသော

ဂေါတမဘုရားရှင်၏ သာသနာတော်သည် ဤသို့ဗျာဒိတ်တော်ကိုခံယူရာမှ အစပြုခဲ့လေ၏။ ဒီပင်္ကရာဘုရားရှင်၏ ဗျာဒိတ်တော်သည် ယနေ့သာသနာတော်ကို ကြိုတင်၍ အသိမှတ်ပြုခဲ့ခြင်းလည်းဖြစ်၏ ဟုဆိုနိုင်၏။ ထို့ပြင်ဤဗျာဒိတ်တော်ကို ခံယူသည့်အခမ်းအနားသည် ယနေ့သာသနာတော်၏ အစဦးဆုံးသော အခင်းအကျင်း ဖြစ်၏ ဟူ၍လည်းဆိုနိုင်ချိမ့်မည်ထင်၏။  ဤသို့သော ဗျာဒိတ်တော်ကို ဒီပင်္ကရာဘုရားရှင်အား ဖူးမြှော်

ကြည်ညိုကြသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကြားသိကြရသောအခါ စကြာဝဠာ၏ အနှိုင်းမဲ့ခေါင်းဆောင် သို့မဟုတ် သုံးဆယ့်တစ်ဘုံ၏ ခေါင်းဆောင်သည် ယခုပေါ်ပေါက်ချေပြီဟူ၍ များစွာ

နှစ်ထောင်းအားရဖြစ်ကြ၏။ ဝမ်းသာပီတိ အဖြစ်ကြီးဖြစ်ကြရ၏။ သူတို့၏ဝမ်းသာပီတိသည် အနှိုင်းအဆမဲ့၏၊ အလွန်တရာမြင့်မြတ်ဖြူစင်၏၊ သဂြိုင်္ဟ်စကားဖြင့်ပြောရလျှင် သောမနဿ သဟဂုတ်ဥာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိလေသာပွါးစီး အားကြီးရေးအတွက် ဝမ်းမြောက်ခြင်းမဟုတ်ဘဲ ကိလေသာကုန်ခန်း မြတ်ရဟန်း ( ဘုရား ) ဖြစ်ရေးအတွက်

ဝမ်းမြောက်ခြင်းကြောင့်ပင်ဖြစ်၏။ ထို့ပြင် နတ်ဗြဟ္မာအပေါင်းတို့သည် ဤသို့လည်း မျှော်လင့်ကြပြန်လေ၏။ အကယ်၍မိမိတို့သည် ဤဒီပင်္ကရာဘုရားရှင်လက်ထက်တော်၌ တရားထူးကိုမရခဲ့လျှင်

နောင်အခါဝယ် ဂေါတမဘုရားရှင်လက်ထက်တော်၌ တရားထူးကိုရရှိကြမည် ဟူ၍။ သူတို့၏ မျှော်လင့်တမ်းတချက်သည် မြင့်မြတ်ပေစွတကား။ အတုယူ အားကျထိုက်လေစွ။ စံပြုထိုက်လေစွတကား။ ယနေ့သာသနာတော်၏ မြစ်ဖျားခံရာ အစဦးဆုံး အခမ်းအနားသည် ဤမျှသာဖြစ်၏။ ဤအခမ်းအနားနှင့်ပတ်သက်၍ မိမိဤသို့ဆက်လက်၍ အတွေးပထျာဖြန့် စဉ်းစားခြင်း သံသရာချဲ့ဆန့်မိပါတော့၏။ လောကုတ္တရာမှလွဲ၍ လောက၏ နယ်ပယ်အသီးသီးတွင် ဘို့နှစ်ဘို့လိုအပ်၏။ ဘက်နှစ်ဘက်သည်ရှိ၏။ ထိုဘို့နှစ်ဘို့ ဘက်နှစ်ဘက် ညီညွတ်မျှတ ပြည့်စုံပါမှ ရလာဒ်တစ်ခု ထွက်ပေါ်လာမြဲဖြစ်၏။ အဆိုးနယ်ပယ်တွင်ဖြစ်စေ အကောင်းနယ်ပယ်တွင်ဖြစ်စေ သိပ္ပံပညာရပ် နယ်ပယ်တွင်ဖြစ်စေ ဝိဇ္ဇာပညာရပ် နယ်ပယ်တွင်ဖြစ်စေ အဆိုပါ ဘို့နှစ်ဘို့ ဘက်နှစ်ဘက်သည် မလွဲမသွေရှိသည်သာဖြစ်၏။ ထိုအရာကား ဖိုသဘာဝနှင့် မသဘာဝပင်တည်း။ တနည်းဆိုသော် ဖိုသတ္တိစွမ်းအင်နှင့် မသတ္တိစွမ်းအင်ပင်ဖြစ်ချေ၏။ ဤသတ္တိစွမ်းအင်နှစ်ခုသည် ဆန့်ကျင်ဘက်လည်းဖြစ်၏။ အလွန်အားကြီးသောဆွဲအားလည်းဖြစ်၏။ ထိုဆန့်ကျင်ဘက်ဆွဲအားတို့၏ ဟန်ချက်ညီညီဖြင့် ညီညွတ်ပေါင်းစည်းမိသောအခါ ရလာဒ်တစ်ခုသည် မုချဖြစ်ပေါ်လာရလေတော့၏။ လောကဓံတရားဟု အများသိနေကြသည့် ပေါများခြင်းနှင့် ရှားပါးခြင်း၊ ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်း၊ မိတ်ဆွေသင်္ဂဟ ပေါများခြင်းနှင့် အထီးကျန်ခြင်း ဟူသော ဒွန္ဒဒွန္ဒ အစုံအစုံသဘာဝတို့သည်လည်း မည်သည့်လောကီနယ်ပယ်တွင်မှ
ရှောင်လွှဲ၍မရဘဲ ထိုအစုံအစုံ သဘာဝတို့ကြောင့်ပင် အရာရာသည် ပြောင်းလဲ ဖြစ်ပျက် တိုးတက် ဆုတ်ယုတ်လျှက် ခရီးဆက်နေကြရခြင်းဖြစ်တော့၏။ ဤနေရာ၌ မိမိအဓိကတင်ပြလိုသည်မှာ ဆန့်ကျင်ဘက်တို့၏ အစုံအစုံသဘာဝဖြစ်ပါ၏။ သုံးဆယ့်တစ်ဘုံသားတို့အားကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ရရှိရေး ရည်မှန်းချက်ဖြင့် ဗျာဒိတ်တော်ကိုခံယူလျှက် ပါရမီတော်ဆယ်ပါးကို ကိုယ်တော်တိုင်ဖြည့်ကျင့်တော့မည်ဖြစ်သော ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် သုမိတ္တာမည်သော အမျိုးသမီးလေးပါဝင်လာသည်ကို အဘယ့်ကြောင့် လက်ခံဘိသနည်း။ ထို့်ပြင် ဒီပင်္ကရာဘုရားရှင်သည်လည်း အဘယ့်ကြောင့် တစ်ဦးတည်းမခွဲဘဲ နှစ်ဦးတွဲ၍ ဗျာဒိတ်ပေးခဲ့လေသနည်း။ အထူးသဖြင့် အလွန်ရှည်ကြာလှသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းဝယ် သူတို့ နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားသည် အလွန်ပင်ကြီးမားလှသည်ကို တွေ့ရ မြင်ရ သိရ ဖတ်ရ၏။ ထိုချစ်ခြင်း မေတ္တာတရားသည် ပါရမီတော်တို့ကြောင့်ကြီးမားလာလေသလော၊ သို့မဟုတ် သူတို့နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားကြောင့်ပင် ပါရမီတော်တို့ကို ဖြည့်ဆည်းနိုင်ခဲ့လေသလော။ ဤသို့သော လော များစွာ ဘိသနည်း အသီးသီးကို မိမိဘာသာ မေးခွန်းထုတ်၍ မိမိဘာသာ ဤသို့ဆက်လက်၍ အတွေးစိတ်ကူး မြူးမိပါတော့သတည်း။ 

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၈ )

ဤအကြောင်းအရာနှင့်ပတ်သက်၍ စဉ်းစားပုံကား ဤသို့ ဤသို့ စသဖြင့် စသဖြင့် ဖြစ်ပါ၏။  သုမိတ္တာအမျိုးသမီးလေး ပါရမီစခန်းခရီးကြမ်းကြီးအတွက် ဤသို့ဤနှယ် ပါဝင်လာခြင်းသည်
အကြောင်းမဲ့သက်သက်မဖြစ်တန်ရာ၊ထို့ပြင် သုမေဓာရှင်ရသေ့အနေဖြင့် သုမိတ္တာအားပါရမီဖြည့်ဘက်အဖြစ် လက်ခံလိုက်ခြင်းသည်လည်း အကြောင်းတရားမကင်းတန်ရာ။ အထူးသဖြင့် ဒီပင်္ကရာဘုရားရှင်
ပေးသောဗျာဒိတ်သည် အလွန်တရာခိုင်မာပြတ်သားလှချေ၏။ မလွဲနိုင်သော  တိကျခြင်းမျိုးဖြင့် တိကျမှန်ကန်လှ၏။ သို့ဖြစ်၍ ထိုဗျာဒိတ်သည်လည်း အတိတ်အကြောင်းမကင်းနိုင်ချေ။ ထိုအကြောင်းတရားသည်လည်း အလွန်အားကြီးသော အကြောင်းတရားသာ ဖြစ်ပေလိမ့်မည်။ အတိတ်ဘဝများစွာမှ များပြားလှသည့် ချခဲ့ဖူးသောရေစက် ပန္နက်ခဲ့ဖူးသောသစ္စာ များကြောင့်သာ သုမိတ္တာလည်း ပါရမီဖြည့်ဘက်အနေဖြင့်ပါဝင်သလို သုမေဓာကလဲ လက်ခံခြင်းဖြစ်ပေလိမ့်မည်။ ဒီပင်္ကရာဘုရားရှင်ကလည်း အစုံတွဲ၍ ဗျာဒိတ်ပေးတော်မူခြင်းဖြစ်ပေလိမ့်မည် ဟုစဉ်းစားမိ၏။ ထို့ပြင် ကမ္မနိယာမကို ယုတ္တိဗေဒကျအောင် စဉ်းစားပြန်သောအခါတွင်လည်း အလွန်တရာခက်ခဲကြမ်းတမ်းသော ပါရမီအဆန်ခရီးလမ်းကို အလွန်ပြင်းထန် ခိုင်မာသော စိတ်ဆန္ဒရှိသူတို့သာအတူစုံတွဲ၍
လျှောက်လှမ်းနိုင်မည်ဖြစ်ရာ ယခုဘဝတစ်ခဏလေးမျှတွင်သာတွေ့လိုက်ရ မြင်လိုက်ရခြင်းဖြစ်ပါက သူတို့နှစ်ဦးအဖို့ ဤမျှဝေးကွာ ကြာညောင်းလှသော လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းခရီးကို အတူတွဲ၍ ပါရမီဖြည့်နိုင်မည်မဟုတ်ပါချေ။ အမှန်စင်စစ် ရှေးရှေးဘဝဘဝများစွာက အတူယှဉ်တွဲ၍
ချစ်ခင်စွာနေထိုင်ခဲ့ကြခြင်းကြောင့်သာလျှင် ပါရမီအဆန်ခရီးကို မညီးမညူ အတူတွဲ၍လျှောက်လှမ်းဖို့ ဆုံးဖြတ်ရဲခြင်းဖြစ်ပေမည်။ ထို့ပြင်သူတို့၏ ဗျာဒိတ်ခံယူရာ ပစ္စုပ္ပန်ဘဝကို ကြည့်ပြန်လျှင်လည်း သုမေဓာသည် သတင်းကြီးသော သူဌေးသားဖြစ်သောကြောင့် သူ၏အရည်အချင်းနှင့်  ကိုယ်ကျင့်တရားကို တစ်မြို့တည်းသူလည်းဖြစ် အမျိုးဇာတ်လည်းတူကာ အရည်အသွေးပြည့်ဝလှသော သုမေဓာအမျိုးသမီးလေးက ယုံကြည်ထိုက်လောက်အောင် ဂဃနဏ သိပြီးဖြစ်ပေလိမ့်မည်။ 
 ဤအကြောင်းအရာနှင့်ပတ်သက်၍ မိမိသည်တိတိကျသိချင်လှသောကြောင့် တတ်သိနားလည်သော သူများကိုလဲမေး၏။ ဆွေးနွေးသင့်သူများကိုလဲ ဆွေးနွေး၏။ ထိုသို့ ဆွေးနွေးမေးမြန်းခဲ့ရသဖြင့်သာ မိမိ၏အတွေးစတို့သည်လည်း ပိုမို၍ ရဲရင့်လာခဲ့ပါ၏။ ရေးအားလည်းတက်ခဲ့ပါ၏။ အထူးသဖြင့် ပါရမီနှင့်စစ်မှန်သောချစ်မေတ္တာသည် ကင်းကွာ၍မရစကောင်းသော သဘောတရားနှစ်ခုဖြစ်၏ ဟုလည်း မိမိထင်မြင် ယူဆ သဘောပေါက်မိ၏။ အမှန်စင်စစ် အချစ်စစ် သို့မဟုတ် ချစ်မေတ္တာမရှိပါက အတူတွဲ၍ ပါရမီလည်းဖြည့်၍မရသလို ပါရမီဖြည့်ဘက်အဖြစ် အနေနှင့်လည်း ပူးတွဲကာ ပါဝင်နိုင်မည်မဟုတ်ဟု မိမိယုံကြည်ယူဆမိတော့၏။ မှန်၏။ သူတို့နှစ်ဦး၏ အပြန်အလှန်ထားရှိသော အချစ်စစ် သို့မဟုတ် ချစ်မေတ္တာသည် တွဲဘက်၍
ပါရမီဖြည့်ဘို့အရေး ကြီးမားလှသောစွမ်းအင်ဖြစ်၏ ဟုလည်းနားလည်မိ၏။ ဟုတ်၏ မှန်၏ ဟုထပ်၍ဆိုချင်၏။ အကြောင်းကား အပြန်အလှန်ယုံကြည်မှု စာနာမှု နားလည်မှု ကြင်နာမှု ဖေးမမှု ပြုစုစောင်မမှုဟူသော ချစ်မေတ္တာမရှိပါက ပါရမီမဆိုထားနှင့်၊ လောက၏ သာမာန်လုပ်ငန်း သာမာန်နယ်ပယ်၌ပင် ပြုလုပ် အောင်မြင်နိုင်ဘွယ်မရှိချေ။ အလွန်တရာမြင့်မြတ်ကြီးကျယ် ခမ်းနားလှသောပါရမီလုပ်ငန်းကြီးကိုလုပ်ရာဝယ် ထိုမျှဤမျှ စစ်မှန် ကြီးမားလှသော ချစ်မေတ္တာမပါ မရှိလျှင် မည်သို့လျှင်အတူတွဲ၍ ပါရမီဖြည့်နိုင်ပါတော့မည်နည်း။ပါရမီဖြည့်ကြမည့်သူတို့ နှစ်ဦးနှစ်ဘက် အပြန်အလှန် ချစ်မေတ္တာရှိမှသာလျှင် လောကကောင်းကျိုးအတွက် အတူတွဲ၍ အရာရာကို စွန့်လွှတ်အနစ်နာခံကာ ပါရမီလုပ်ငန်းကို အဟုတ်တမ်း ကြိုးပမ်းနိုင်ကြပေမည်။ ထို့ကြောင့် အတူတွဲ၍ ပါရမီဖြည့်ဘို့အရေးဝယ်  ထိုပါရမီနှင့်ချစ်မေတ္တာနှစ်ခုတွင် ချစ်မေတ္တာသည် မူလ အစ ပထမ ဖြစ်သည် ဟု မှတ်ယူ
ထင်မြင်သုံးသပ်မိ၏။( မှတ်ချက်။ ဘုရားအလောင်းတော်၏ မဟာကရုဏာတော်ကြောင့် ဘုရားဖြစ်ဘို့ရန်စိတ်ထက်သန်တော်မူပုံနှင့် သုမေဓာနှင့် သုမိတ္တာတို့နှစ်ဦး၏ ချစ်မေတ္တာကြောင့် အတူတွဲ၍ ပါရမီ ဖြည့်နိုင်ပုံကိုမရောထွေးစေချင်ပါ။ မရောထွေးသင့်။ ဤစကား ဤစာနှင့်ပတ်၍ မရှင်းပါက မေးနိုင်ပါသည်။ ) သို့ဖြစ်၍ အရင်းခံစစ်မှန်သော ချစ်မေတ္တာကြောင့်ပင် ပါရမီလုပ်ငန်းကို အဟုတ်တမ်းတွဲ၍ ဖြည့်နိုင်ခဲ့ကြသည်ဟု မိမိယုံကြည်နားလည်မိပါ၏။ မှန်၏။ အချစ်သည် သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက နိဗ္ဗာန်ထိပို့ဆောင်ပေးနိုင်ကြောင်းပဋ္ဌာန်းတရားတော်တွင်လည်းတိုက်ရိုက်လာပါ၏။ ထို့ပြင် သုမိတ္တာအမျိုးသမီးလေး၏ သုမေဓာရှင်ရသေ့ပေါ် ချစ်မေတ္တာဖြင့်အရာရာကို ကျေနပ်ကြည်နူးစွာ ဖြည့်ဆည်းပေးနိုင်ဘို့အရေး ပါရမီဖြည့်ဘက်အဖြစ်ဖြင့်ပါဝင်လာနိုင်ခြင်း၏ အကြောင်းကိုလည်း ယသောဓရာထေရီပါဒါန်တွင် ဤသို့ဆိုပါ၏။

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၉ )

ချစ်မေတ္တာ သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက သာမညဒါနကောင်းမှု စသည့်ကုသိုလ်ကိုသာရနိုင်သည်မဟုတ်၊ နိဗ္ဗာန်အထိရောက်စေနိုင်ကြောင်းကို ပဋ္ဌာန်းတရားဒေသနာတော် ပဥှာဝါရ ဥပနိဿယပစ္စည်း အကု+ကု ၌ဤသို့ဆိုပါ၏။ ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊သီလံ သမာဒိယတိ၊ ဥပေါသထ ကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ရာဂေါ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ ဥပနိဿယ ပစ္စယေနပစ္စယော ဟူသတည်း။ ဆိုလိုရင်းအဓိပ္ပါယ်မှာ ဤသို့ဖြစ်၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂကြောင့် ပေးလှု၏။ စွန့်လွှတ်နိုင်၏။ ကိုယ်ကျင့်တရားကို ကောင်းစွာဆောက်တည်၏။ ဥပုသ်သီလကို ဆောက်တည်၏။ ဈာန်တရားကို ရရှိအောင်အားထုတ်၏။ ဝိပဿနာကို အားထုတ်၏။ မဂ်ကိုရအောင်အားထုတ်၏။ အဘိညာဉ်ကို ဖြစ်စေ၏။ သမာပတ်ကိုဖြစ်စေ၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂသည် လေးစားယုံကြည်မှု၊ ကြည်ညိုမှု၊ ကိုယ်ကျင့်တရားကို ကျင့်စေမှု၊ အတတ်ပညာနှင့် အသိပညာကို ရရှိအောင် ကြိုးစားအားထုတ်မှု၊ စွန့်လွှတ်ပေးဆပ်မှုနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်နိုင်သော ဓမ္မပညာကို ဖြစ်စေနိုင်မှုတို့အတွက် အလွန်အားကြီးသော အကြောင်းတရား စွမ်းအားဖြင့် ကျေးဇူးပြု၏။ ဖြစ်စေ၏။ထို ဖြစ်ပြီးသော တရားများကိုလည်း အလွန်အားကြီးသော စွမ်းအားဖြင့် တည်ရှိနေစေရန် ကျေးဇူးပြု၏ ဟု အဓိပ္ပါယ်အချုပ် ထုတ်ပြအပ်၏။ မှန်လှ၏။ သုမိတ္တာအမျိုးသမီးကောင်းလေးသည် သုမေဓာရှင်ရသေ့အပေါ်ဝယ် ရှေးရှေးသောဘဝများစွာသံသရာတွင်
နှစ်ကိုယ်တူကြင်လည်၍ ချစ်ခဲ့ရသော ချစ်မေတ္တာနှင့် ယုံကြည်စိတ်တို့ကြောင့်ပင် ယခုဘဝတွင်လည်း မြင်လျှင်မြင်ချင်း သုမေဓာရှင်ရသေ့ကို ချစ်မိ၏။ ယုံကြည်မိ၏။ အားထားလက်တွဲလို၏။  ပြင်းပြင်းပြပြ သဒ္ဓါကြည်ညိုလေးစားကာ ချစ်အားပိုမိတော့၏။ ထို့ကြောင့်ပင် အလွန်မြင့်မြတ်ကြီးကျယ်လွန်းသော ပါရမီလုပ်ငန်းဝယ် အတူတွဲဘက်၍ဖြည့်ဆည်းရန်ဆုံးဖြတ်ရဲခြင်းပင်ဖြစ်ပေသည်။ အထူးသဖြင့် စံနမူနာယူသင့်သည့် အချက်မှာ သုမိတ္တာ၏အချစ်သည် သူမ၏ပါရမီဖြည့်ဘက်အပေါ်ဝယ် အစွန်းရောက်အချစ်မျိုးဖြစ်သော မျက်ကန်းချစ်ဖြင့် ရူးရူးမိုက်မိုက် ချစ်ခဲ့သည့် အချစ်မျိုးမဟုတ်ချေ။ အမှန်စင်စစ် သူမ၏ချစ်မေတ္တာသည် မဂ္ဂင်ရှစ်ဖြာ မဇ္ဈိမပဋိပဒါ လမ်းပေါ်တွင်လျှောက်လှမ်းခဲ့သည့် နှစ်ဘက်စွန်းလွတ် ချစ်မေတ္တာပင်ဖြစ်၏။  ထိုချစ်မေတ္တာဖြင့်ပင် ယုံကြည်ခဲ့၏။ ဖြည့်ဆည်းခဲ့၏။ ဖေးမကြင်နာခဲ့၏။ နားလည်မှုတွေပေးခဲ့၏။
ထိုအစွန်းလွတ်ချစ်မေတ္တာကြောင့်သာလျှင် ကြားလေသွေးသော်လည်း အချစ်မဝေးခဲ့ခြင်းဖြစ်၏။ တည်တံ့ခိုင်မြဲခဲ့၏။ အေးချမ်းသာယာ၍ ကြည်နူးဘွယ်ရာအတိရှိသော အိမ်ထောင်ရေးဘဝကို ဘဝဆက်တိုင်းရခဲ့ကြ၏။ ထိုထိုလောက၏ကောင်းကျိုးမှန်မျှထက်ကျော်လွန်၍ လောက၏အထွဋ်ဆုံး အမြတ်ဆုံးဖြစ်သည့် ဘုရားအဖြစ်သို့ရောက်သည့်တိုင်အောင် ပါရမီလုပ်ငန်းများကို လုပ်နိုင် ဖြည့်ဆည်းပေးနိုင်ခဲ့၏။ ဤသည်မှာ ချစ်မေတ္တာကို နည်းလမ်းမှန်အောင် အသုံးချတတ်ခြင်းကြောင့်  လောကကောင်းကျိုးများးကို ကျော်လွန်၍ လောကုတ္တရာ နိဗ္ဗာန်တိုင်အောင် အနှိုင်းမဲ့အကျိုးကို ရရှိခြင်းဖြစ်၏။ အများစုက ထင်ထားကြသည်မှာ မဂ္ဂင်ရှစ်ဖြာကို မဂ်ဖိုလ်နိဗ္ဗာန်ရရေး အားထုတ်သောအခါတွင်မှသာ အသုံးတည့်သည်ထင်ကြ၏။ လောကအရေးအရာများအတွက် သုံး၍မဖြစ်၊မသက်ဆိုင်ဟုယူဆထားကြ၏။ အမှန်စင်စစ် မဂ္ဂင်ရှစ်ဖြာသည် အချစ်ရေး အိမ်ထောင်ရေး နိုင်ငံရေး လူမှုရေး စီးပွါးရေးစသည့်အရေးအရာ အားလုံးတို့၌ အသုံးချတတ်ပါက လောကအတွက် အလွန်တရာမှအသုံးတည့်လှပါ၏။ ထိုမဂ္ဂင်လမ်းစဉ်ကိုသာ လူမှုနယ်ပယ်အသီးသီး၌ အသုံးပြုကြလျှင် သို့မဟုတ် လိုက်နာကျင့်သုံးကြလျှင် ယနေ့ကမ္ဘာသည် ပျော်ရွှင်ဘွယ်ရာ အတိဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါ၏။ ယနေ့ လူသားအများစုအနေဖြင့်လည်း မဂ္ဂင်လမ်းစဉ်ကို အခြေခံ၍ ချစ်ကြစေချင်ပါ၏။ မဂ္ဂင်လမ်းစဉ် အိမ်ထောင်ရှင်များ လုပ်ငန်းရှင်များ ခေါင်းဆောင်များ ဖြစ်စေချင်ပါ၏။ အထူးသဖြင့် ထိုမဂ္ဂင်လမ်းစဉ်ကို အခြေခံသော ပါရမီိအိမ်ထောင်ရေး ပါရမီမိသားစု ပါရမီလူမှုအဖွဲ့အစည်းကြီး ဖြစ်စေချင်ပါ၏။ ဤသို့သာ ဖြစ်ကြလျှင် ဤကမ္ဘာ ဤလောကသည် မည်မျှငြိမ်းချမ်း တိုးတက်လိုက်မည်နည်း။ မည်မျှပျော်ရွှင်ဘွယ်ကောင်းသော လောကကြီးဖြစ်လိုက်မည်နည်း။ အကျွန်ုပ်သည် တွေးရင်းရေးရင်းဖြင့် ငြိမ်းချမ်း ဖွံ့ဖြိုး သာယာ ပျော်ရွှင်ဘွယ်ပြည့်ဝလှသော လူသားအဖွဲ့အစည်းကြီးအတွက် အိပ်မက်မက်မိသည်မှာ အမှန်ပင်ဖြစ်ပါ၏။  ထိုပါရမီအချစ်နှင့်ပတ်သက်၍ ယသောဓရာထေရီပါဒါန်တွင် ပရိနိဗ္ဗာန်စံခါနီးဖြစ်သော ယသောဓရာထေရီအရှင်မသည် မရေမတွက်နိုင်သောဘဝများစွာ ကမ္ဘာအနန္တဝယ် မဂ္ဂင်လမ်းစဉ်ကို အခြေခံလျှက် သင်္ချာပြ၍မရနိုင်လောက်အောင် အရာရာကို ချစ်မေတ္တာဖြင့် ပေးဆပ်စွန့်လွှတ် အနစ်နာခံကာ ပါရမီဖြည့်ခဲ့ရပုံကို ဘဝဇာတ်သိမ်း၍ ဒုက္ခအားလုံး ချုပ်ဆုံးတော့မည့် ပရိနိဗ္ဗာန်စံခါနီးဆဲဆဲ၌ ဘုရားရှင်အား ဤသို့ရင်ဖွင့် အသိပေး နှုတ်ဆက်စကား လျှောက်ထားလျှက်  သံသရာမှအပြီးအပိုင် ထွက်ခွာသွားခဲ့လေတော့၏။ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မကား အရှင်မြတ်ဘုရား၏ ကြင်ယာသက်ထား ဖြစ်ခဲ့ဖူးသော ယသောဓရာဖြစ်ပင်ဖြစ်ပါ၏။ အရှင်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ဖူးမြှော်ဦးခိုက်၍ နှုတ်ဆက်လိုပါ၏။ တပည့်တော်မသည် အရှင်ဘုရား၏ အထံတော်၌ အမြင့်မြတ်ဆုံးဖြစ်သော အဘိညာဉ် ငါးပါးလုံးကို ထိုးထွင်းသိမြင် ရရှိခဲ့ပါပြီ။ ကိလေသာအာသဝေါကုန်ခန်း၍ အမြင့်မြတ်ဆုံးဖြစ်သော ရဟန္တာထေရီမအဖြစ်သို့လည်း ယခုအခါ
ရောက်ခဲ့ပါပြီ ။ နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပြန်လည်၍ဖြစ်ဘွယ်ရာမရှိတော့ပါ။ အရှင်မြတ်ဘုရား၏ ခြေတော်ရင်း၌ပင် အလွန်ရနိုင်ခဲလှသော ပဋိသမ္ဘိဒါလေးပါးကိုလည်း ထိုးထွင်းသိမြင်ရအပ်ခဲ့ပါပြီ။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ရှေးရှေးသောဘုရားရှင်တို့၏ အထံတော်၌ အရှင်ဘုရားနှင့်အတူတကွ တပည့်တော်မတို့ ပေါင်းဆုံမိကြပြီးလျှင် အရှင်ဘုရားအတွက် ဆုတောင်းပေးခဲ့သည်မှာလည်း များပြားလှပါ၏။ လုံ့လကြီးတော်မူသော မြတ်စွာဘုရား အရှင်မြတ်ဘုရားအကျိုးငှာ ကုသိုလ်ကောင်းမှုများစွာကို တပည့်တော်မ ဆည်းပူးခဲ့ပါပြီ၊ ထိုကုသိုလ်ကောင်းမှုတို့ကို အောက်မေ့တော်မူပါလော့။ ရှင်တော်မြတ်ဘုရား တပည့်တော်မသည် မပြုကျင့်သင့် မပြုကျင့်ထိုက်သော အရာမှန်သမျှကို ရှောင်ကြဉ် ဖယ်ခွါ တားမြစ်လျှက် အရှင်ဘုရားအကျိုးအတွက် အသက်ကိုပင် ကျေနပ်စွာစွန့်လွှတ်ခဲ့ဖူးပါပြီ။ .... အရှင်မကား ဤသို့ဆက်လက်လျှောက်ထားလေ၏။

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၀ ) ယသော်ဓရာ၏ အေးချမ်းသောအလွမ်း

ရဟန်းမြတ်ဖြစ်တော်မူသောမြတ်စွာဘုရား ရှင်တော်မြတ်ဘုရားသည် ဘဝပေါင်း ကုဋေတစ်ထောင်မက  သဗ္ဗညုတဥာဏ်တော်အကျိုးငှာ သူတစ်ပါး၏သားမယားအဖြစ် တပည့်တော်မကိုလှုခဲ့ပါ၏။ တပည့်တော်မသည် ထိုသို့ဖြစ်ရခြင်းအတွက်အနည်းငယ်မျှ ငြိုငြင်ဖောက်ပြန်ခြင်းမဖြစ်ခဲ့ပါဘုရား။ ထို့ပြင်တပည့်တော်မကိုဘဝပေါင်းကုဋေတစ်ထောင်မက သူတစ်ပါး၏အစားအစားအလို့ငှာလည်းလှုခဲ့ပါ၏။ အရှင်ဘုရားအတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည်မှာလည်း ဘဝပေါင်းကုဋေတစ်ထောင်မကပါ။ တပည့်တော်မ၏ ကိုယ်အင်္ဂါ၊ အဆင်တန်ဆာများနှင့် အဝတ်အစားများကိုလည်းမလျှို့ဝှက်ပါ။ အရှင်ဘုရားအကျိုးငှာ လယ်ယာစပါး စီးပွါးဥစ္စာနှင့် မြို့ရွာတို့ကိုလည်းကောင်း၊ ရင်နှစ်သည်းချာ သားသမီးရတနာတို့ကိုလည်းကောင်း စွန့်လွှတ်ခဲ့ပါပြီ။ အရှင်ဘုရားအကျိုးငှာ စွန့်လွှတ်ခဲ့ရကုန်သော ဆင်မြင်းကျွဲနွား စီးပွါးဥစ္စာနှင့် ကျေးကျွန်မတို့သည်လည်း မရေတွက်နိုင်လောက်အောင်များခဲ့ပါပြီ။ အလှုအတန်းပြုလုပ်ရန်တိုင်ပင်သောအခါတိုင်း  တစ်ကြိမ်တစ်ခါမျှ ဖောက်ပြန်ကန့်ကွက်ခြင်းမပြုခဲ့ဘဲ ကြည်ဖြူစွာပင် သဘောတူခဲ့ပါ၏။ အရှင်ဘုရား၏ အကျိုးကို ဆောင်ရွက်ရင်း ချမ်းသာသည့်အခါ

ကျေနပ်ဝမ်းမြောက်ခဲ့ပါသည်။ သို့သော် ဆင်းရဲမှုကိုကြုံတွေ့ရသောအခါ၌ကား စိတ်မချမ်းမြေ့မှု မဖြစ်ခဲ့ပါ။ ကြုံတွေ့ခဲ့ရသောဘဝ၏ အနိမ့်အမြင့်လောကဓံများကို တစ်သားတည်း တစ်စိတ်တည်း မပြောင်းလဲဘဲ ကျေနပ်ခဲ့ပါ၏။ အရှင်ဘုရားသည် သဗ္ဗညုတဥာဏ်တော် ရရှိရေးကို အလေးပေး၍

လျှောက်လှမ်းခဲ့သူပါတည်း။ ထိုသို့လျှောက်လှမ်းစဉ် အမျိုးမျိုးသော ချမ်းသာ

ဆင်းရဲတို့ကို ရင်ဆိုင်ဖြတ်သန်းပြီးလျှင် အရှင်ဘုရားသည် လောကသုံးပါး၏ အထွဋ်အထိပ် သဗ္ဗညုတဥာဏ်တော်ရှင်အဖြစ်သို့ ယခုအခါ ရောက်တော်မူပါပြီ။  ဗြဟ္မဒေဝမြတ်စွာဘုရားမှ အစပြု၍ ရှေးရှေးသောဘုရားရှင်တို့၏ အထံတော်၌ အရှင်ဘုရားနှင့်တပည့်တော်မတို့ ဆုံစည်းခဲ့ရသောဘဝများ များပြားလှပါပြီ။ ထိုသို့ဆုံစည်းတိုင်း အရှင်ဘုရားအတွက် ဆုတောင်းခဲ့ရခြင်းများလည်း သင်္ချာပြ၍ရနိုင်တော့မည်မထင်ပါ။ အမှန်စင်စစ် တပည့်တော်မသည် ဘုရားဖြစ်ကြောင်းတရားတို့ကို ရှာဖွေသော ရှင်တော်မြတ်ဘုရား၏ အလုပ်အကျွေးမျှသာပါတည်း။ ရှင်တော်မြတ်ဘုရားနှင့် တပည့်တော်မတို့၏ ထင်ရှားသော ဗျာဒိတ်သမိုင်းကြောင်းကို

ပြန်ပြောင်းလျှောက်ထားရပါလျှင် လွန်ခဲ့သော လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်ဝယ် ဒီပင်္ကရာဘုရားရှင်ပွင့်ထွန်းတော်မူခဲ့ပါ၏။ ထိုစဉ် ရမ္မာဝတီပြည်သူပြည်သားများက ဘုရားရှင်နှင့်သံဃာတော်များ ဆွမ်းစားကြွလာဘို့အရေး လမ်းကို သုတ်သင်ပြင်ဆင်ခင်းကျင်းကြ၏။ ထိုအခမ်းအနားဝယ် အရှင်ရသေ့မြတ်လည်း ပါဝင်ခဲ့သလို တပည့်တော်မလည်းပါဝင်ခဲ့ပါ၏။ ထိုစဉ်ကာလဝယ် တပည့်တော်မသည် သုမိတ္တာမည်သောအမျိုးသမီးဖြစ်ခဲ့၍ ရှင်တော်မြတ်ဘုရားသည် သုမေဓာမည်သော ရှင်ရသေ့ဖြစ်ခဲ့ပါ၏။ ဒီပင်္ကရာဘုရားရှင် ကြွလာတော်မူသောကြောင့် ကြာပန်းရှစ်ခိုင်ကို ဘုရားရှင်အားလှုရန် ယူလာသောအခါ ပရိသတ်အလယ်တွင် တင့်တယ်သပ္ပါယ် ခန့်ငြားလှသော ရှင်ရသေ့ကို တပည့်တော်မအထင်အရှား ဖူးတွေ့ခဲ့ရပါပြီ။ ထိုစဉ်အခါ ရှေးရှေးဘဝများစွာက အတူတကွချစ်ခဲ့ ကြင်နာခဲ့ကြရသော ချစ်မေတ္တာစွမ်းကြောင့် ရှင်ရသေ့၏ တင့်တယ်သော ဥပဓိရုပ်ရည်သည် တပည့်တော်မ၏ စိတ်ထားနှင့် နှလုံးသားကို စွဲဆောင်သွားခဲ့ပါပြီ။ ရှင်ရသေ့ကို ဖူးတွေ့ရခြင်းကြောင့်  တပည့်တော်မ၏ ရင်တွင်း၌လည်း ဤဘဝအသက်ရှင်ရခြင်းသည် အကျိုးရှိလေစွဟု ထင်မှတ်အောက်မေ့ခဲ့ပါ၏။ ထို့ပြင်တပည့်တော်မ၏ ကြည်ညိုစိတ်နှင့် ချစ်မေတ္တာစိတ်များသည် ရှင်ရသေ့အပေါ်တွင် တက်ကြွစွာ ယိုဖိတ်ဖြစ်ပေါ်လာကြသောကြောင့် ကြာပန်းငါးခိုင်ကို ရှင်ရသေ့အားလှုပြီးလျှင် ကျန်သုံးခိုင်ကို တပည့်တော်မကိုယ်တိုင်ကိုင်ဆောင်လျှက် ရှင်ရသေ့၏ သမ္မာသမ္ဗောဓိဥာဏ်အတွက် အတူတကွ ဘဝဆက်တိုင်းပေါင်းဆုံပါရစေသား ဟု ခွင့်မတောင်းမိဘဲ ဆုပန်ခဲ့ပါ၏။ရှင်ရသေ့နှင့်တပည့်တော်မတို့ အတူတကွကြာပန်းတို့ကိုလှုကြသောအခါ ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် တပည့်တော်မအတွက်ဤသို့သော ဗျာဒိတ်စကားတို့ကို မိန့်ကြားတော်မူခဲ့ပါ၏။.

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၁ )

ရသေ့မြတ် ဤရှုမငြီးအလှဖြင့် ချစ်စရာအတိဖြစ်သော သတို့သမီးငယ်သည် ကိုယ်၏လုပ်ရပ်ဖြစ်ရပ်
နှုတ်၏လုပ်ရပ်ဖြစ်ရပ် စိတ်၏လုပ်ရပ်ဖြစ်ရပ်ဟူသော သုံးထပ်သောကံတို့၌ သင်နှင့်ထပ်တူဖြစ်လတ္တံ့။
ထို့ပြင် ဤသတို့သမီးသည် မြင်ရသူ လူအပေါင်း၏ ရှု၍မငြီး ကြည့်၍မဝသော ချစ်ဖွယ်ရာရုပ်ဆင်းအင်္ဂါနှင့်
ပြည့်စုံသူဖြစ်ပြီးလျှင် သူတစ်ပါးတို့အား နှလုံးစိတ်ဝမ်း ပျော်ရွှင်အေးချမ်းမှုကိုလဲ တိုးပွါးစေနိုင်သောသူဖြစ်
လတ္တံ့။ မြတ်စွာဘုရားရှင်တို့၏ တရားတော်တို့၌ နှလုံးပျော်ပိုက်ကာ ကျင့်နိုင်သူဖြစ်ပြီးလျှင် ဘုန်းတန်ခိုး
ရှိန်စော် အာနုဘော်ကြီးသူဖြစ်လတ္တံ့။ အရှင်သခင်၏ ဘဏ္ဍာကိုအစဉ်မပြတ် စောင့်ရှောက်သကဲ့သို့ ကုသိုလ်တရားမှန်သမျှတို့၌လည်း အစဉ်အမြဲစောင့်ရှောက်ထိန်းသိမ်းသူဖြစ်လတ္တံ့။ ဘုရားဖြစ်ရန်ပါရမီ
ဆယ်ပါးကို ဖြည့်ကျင့်တော့မည်ဖြစ်သောသင့်အား ဖောက်ပြန်ခြင်းမရှိဘဲ အစဉ်အမြဲစောင့်ရှောက်လျှက်
ပါရမီတို့ကို ကူညီဖြည့်ဆည်းသူဖြစ်ပေလတ္တံ့။ ခြင်္သေ့သည် နှောင်အိမ်ချိုင့်ကို ဖျက်ဆီး၍ လွတ်မြောက်ရာကို
သွားသကဲ့သို့ ( သင်ဘုရားဖြစ်သောအခါ ) ကိလေသာတို့ကိုဖျက်ဆီး၍ သံသရာမှလွတ်မြောက်ရာ သာဝက
ဗောဓိဥာဏ်သို့ ( နိဗ္ဗာန် ) သို့ရောက်လတ္တံ့ ဟု တပည့်တော်မအတွက် များပြားလှသော ရမ္မာဝတီပြည်သူပြည်သားတို့၏ ရှေ့မှောက်၌ ဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့
ပါ၏။ တပည့်တော်မသည် ထိုဗျာဒိတ်စကားတော်ကို ကြားရသောအခါ ရှင်တော်မြတ်ဘုရားနှင့်လက်တွဲ၍ ပါရမီလုပ်ငန်းတို့ကို ကျင့်ဆောင်ခွင့်ဖြည့်ဆည်းခွင့်ကိုရပြီဟုတွေးတောမိ၍လည်း အလွန်အမင်းဝမ်းမြောက်ကြည်နူးခဲ့ရပါ၏။ ထိုဝမ်းမြောက်ကြည်နူးမှုသည် ယခုအခါ ဖော်ပြ၍မရနိုင်လောက်သည့် အထွဋ်အထိပ်သို့ရောက်ခဲ့ပါပြီ။ ထိုသို့
ဝမ်းမြောက်ခဲ့သည့်အလျောက်လည်း ဗျာဒိတ်စကားတော်အတိုင်း ကံသုံးရပ်တို့ဖြင့် ဖြည့်ကျင့်ခဲ့ပါသည်ဘုရား။
ဒီပင်္ကရာဘုရားရှင်၌လည်း အလွန်အမင်းကြည်ညိုခဲ့ပါ၏။ ထိုကဲ့သို့ ဘုရားရှင်ကို ကြည်ညို၍ သာသနာတော် အဆုံးအမတိုင်း နေထိုင်ကျင်လည်ကာ ဖြည့်ဆည်းခဲ့ရသော ကုသိုလ်ကံစွမ်းတို့ကြောင့် လူ့ပြည် နတ်ပြည်
တို့၌မရေမတွက်နိုင်လောက်အောင် ချမ်းသာသုခကိုခံစားခဲ့ရပါသည်ဘုရား။ အရှင်ဘုရားနှင့် သံသရာတွင်ပေါင်းဆုံမိသည့်အတွက် ဤကဲ့သို့သော ချမ်းသာသုခမျိုးကို ရရှိခဲ့ခြင်း ဖြစ်ပါသည်ဘုရား။ ထိုကဲ့သို့ ပူးတွဲ၍ဆည်းပူးခဲ့ရသော ကုသိုလ်ကံအရှိန်တို့ကြောင့် ဘဝဆက်တိုင်း ချမ်းသာသုခကို
 ခံစားခဲ့ရသော်လည်း လောက၏နိယာမဖြစ်သော လောကဓံတရားတို့ကိုတော့ ရှောင်လွှဲ၍
 မရသောကြောင့် အတိုင်းမသိသော အနှိုင်းဆမဲ့သော ဒုက္ခများစွာကိုလဲ ခံစားခဲ့ရပါ၏။ ထိုသို့ခံစားရသော်လည်း ဖောက်ပြန်ယိမ်းယိုင်ခြင်း အလျဉ်းမရှိခဲ့ပါ။ ဘဝသံသရာဝယ် ပါရမီတော်တို့ကို ကူညီဖြည့်ဆည်းရင်း နောက်ဆုံးဖြစ်သော ယခုဘဝတွင် သာကီဝင်မင်းမျိုး၌ မင်းသမီး
ဖြစ်ခဲ့ပါ၏။ တပည့်တော်မသည် နောက်ဆုံးဖြစ်သော ယခုဘဝဝယ် ရုပ်အဆင်းအားဖြင့်လည်း ရှု၍မငြီး
ချစ်၍မဝ တင့်တယ်လှပသူဖြစ်ရပါ၏။ စည်းစိမ်းဥစ္စာအားဖြင့်လည်း လိုအပ်သည့်အရာဟူ၍ မရှိလောက်
အောင်ပင် ပြည့်စုံသူဖြစ်ရပါ၏။ အခြံအရံ အလုပ်အကျွေးတို့လည်း များပြားလှပါ၏။ သီလတရားကိုလည်း
အလေးအမြတ်ထားကာ စောင့်ထိန်းပါ၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းများလည်း တင့်တယ်စွာပြည့်စုံကြ၍
လူအပေါင်းတို့၏ လေးစားရိုသေ ပူဇော်မှုကို ခံယူရသူဖြစ်ပါ၏။ လောကဓံဆိုးများနှင့် ကြုံရသောအခါတွင်
လည်း စိတ်ဆင်းရဲခြင်းမဖြစ်ပါ။ လုံခြုံ ပြည့်ဝ အေးချမ်းသော ဘဝဖြင့်နေထိုင်ရပါသည်ဘုရား။ ရှင်တော်မြတ်ဘုရား မိမိတိုင်းပြည်ဖြစ်သော ကပိလဝတ္တုပြည်သို့ ပြန်လည်ကြွရောက်စဉ်အခါတုန်းက နန်းတော်တွင်းဝယ် သာကီဝင်မင်းမျိုးတို့၏ ရှေ့မှောက်၌ တပည့်တော်မ၏ ဂုဏ်ကျေးဇူးတို့ကို ဤသို့ ဖွင့်ထုတ် မိန့်ကြားတော်မူသည်ကို ကြားယောင်နေမိပါသေးသည်ဘုရား။
 အရှင်မြတ်ဘုရား မိန့်တော်မူသည်မှာ ဤရှု၍မငြီး အံ့ချီးလောက်သည့် ချစ်ဇနီးဖြစ်ခဲ့ဖူးသော ယသောဓရာသည်ကျေးဇူးအထူးကို ပြုလည်းပြုတတ်၍ သိလည်းသိတတ်သူဖြစ်ပေ၏။
အမျိုးမျိုးသောဆင်းရဲ အမျိုးမျိုးသော ချမ်းသာတို့၌ စိတ်ဖောက်ပြန်ခြင်း ယိမ်းယိုင်ခြင်းအလျဉ်းမရှိဘဲ ခိုင်ကြည်တည့်မတ်သော စိတ်ထားရှိသည့် မိန်းမမြတ်ဖြစ်ပေ၏။ ကုသိုလ်အကျိုးစီးပွါး တိုးပွါးသည့်စကား
ကိုသာပြောကြားတတ်သူဖြစ်ပေ၏။ ကောင်းမှုကုသိုလ်မှန်သမျှကိုလဲ အစဉ်အမြဲစောင့်ရှောက်တတ်သော
မိန်းမမြတ်ဖြစ်ပေ၏တကား။ ဤသည့်စကားတို့မှာ ရှင်တော်မြတ်ဘုရား ကပိလဝတ်နန်းတော်တွင်းဝယ် သာကီဝင်မင်းမျိုးတို့၏ ရှေ့မှောက်၌ တပည့်တော်မသည် သံသရာ၏ကောင်းမှုကို အစဉ်စောင့်ရှောက် ထိန်းသိမ်း ကျင့်ကြံ ဖြည့်ဆည်းခဲ့သူဖြစ်ကြောင်းကို ထင်ရှားအောင် တပည့်တော်မ၏ဂုဏ်တို့ကို ချီးမွမ်းမိန့်ကြားခဲ့သော စကားတော်များဖြစ်ပါသည်ဘုရား။ တပည့်တော်မ ဆက်လက်၍ လျှောက်ထားသည်ကို နာကြားတော်မူ
စေချင်ပါသည်ဘုရား။ 

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၂ ) ယသောဓရာ၏ နောက်ဆုံးနှုတ်ဆက်ခြင်း

ကြီးစွာသောလုံ့လရှိတော်မူသော မြတ်စွာဘုရား ရှေးလွန်လေးပြီးသော ကမ္ဘာများစွာဝယ် ကုဋေတစ်သိန်းရှစ်ဆယ့်ငါးဆူသော ဘုရားရှင်တို့သည် ပွင့်ထွန်းပေါ်ပေါက်ခဲ့ကြပါကုန်၏။ နတ်ထက်နတ်ဖြစ်၍ မြတ်သထက်မြတ်တော်မူကြကုန်သော ထိုထိုများပြားလှသော ဘုရားရှင်တို့၏ အထံတော်၌ များပြားလှသော အလှုကိုဖြစ်စေခဲ့ပါပြီ။ မြောက်များလှစွာသော ဆုတောင်းခြင်းတို့ကိုလဲ
ပြုခဲ့ပါပြီ။ ရှင်တော်မြတ်ဘုရား ထိုထိုလျှောက်ဆိုခဲ့ပြီးသော သဗ္ဗညုတဘုရားရှင်တို့၏အထံတော်၌သာ အလှုဒါနပြု၍ ဆုတောင်းခဲ့သည်မဟုတ်ပါ။ အခြားတစ်ပါးသော ခြောက်ဆယ့်လေးကုဋေသော ပစ္စေကဗုဒ္ဓါတို့သည်လည်းပွင့်ထွန်းတော်မူခဲ့ကြကုန်ပြီးလျှင် ထိုထိုသော ပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌ တောင်းဆုပြုခဲ့သည်မှာလည်း များပြားလှပါ၏။ ထို့ပြင် ကိလေသာအာသဝေါ ကင်းကုန်ပြီးသော ရဟန္တာအရှင်မြတ်တို့ကား မရေမတွက်နိုင်အောင်ပင် ပေါ်ပေါက်ခဲ့ကြပါကုန်၏။ ထိုထိုပေါ်ပေါက်ခဲ့ကြသော ရဟန္တာအရှင်မြတ်တို့၏အထံတော်တို့၌လည်း
မြောက်များလှစွာ တောင်းဆုပြုခဲ့ပါ၏။ နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရား တပည့်တော်မဆက်လက်လျှောက်ထားသည်တို့ကို နားကြားတော်မူစေချင်ပါ၏ဘုရား။ တရားတော်ကို ကောင်းစွာကျင့်ပြီးကုန်သော ဘုရားရှင်တို့၏အထံ၌လည်းကောင်း၊ တရားကို အမြဲမပြတ် အခါခပ်သိမ်းကျင့်လေ့ရှိကြကုန်သော သူတော်စင် ပုဂ္ဂိုလ်မွန်တို့၏ အထံတော်၌လည်းကောင်း ကိုးကွယ်ဆည်းကပ်၍ တရားကိုကျင့်သောသူသည် ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘဝတို့၌ ချမ်းသာစွာ နေရအိပ်ရ ကျင်လည်ရပါ၏။ တပည့်တော်မသည် ပါရမီတော်တို့ကို ကူညီဖြည့်ဆည်းပေးပြီးသော ယခုဘဝတွင် သံသရာကိုငြီးငွေ့၍ အခြံအရံတစ်ထောင်နှင့်အတူ အိမ်ရာမထောင်သော ရဟန်းဘောင်သို့ ကြောင့်ကြမဲ့စွာ အနှောက်အယှက်ကင်းဝေးချမ်းသာစွာ ဝင်ရောက်ခဲ့ပါ၏။ ရဟန်းဘောင်သို့ဝင်ရောက်ပြီး၍ ရက်သတ္တနှစ်ပတ်မပြည့်မီမှာပင် ကိလေသာကုန်ခန်း ရဟန္တာအဖြစ်သို့ရောက်ခဲ့ပါပြီ။ လူများစွာတို့သည် ဆွမ်း သင်္ကန်း ကျောင်း ဆေးဟူသော ပစ္စည်းလေးပါးတို့ကို သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့ အရှိန်အဟုန်ကြီးမားစွာ မြောက်များစွာပို့ဆောင်ကြပါကုန်၏။ တပည့်တော်မသည် ယခုအခါ ကိလေသာ အသဝေါတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေပြီးဖြစ်ပါသဖြင့် အအေးမြဆုံးသောအရသာတို့တွင် အမြတ်ဆုံးအေးမြမှုရသကိုခံစားရပါပြီ။ ရှင်တော်မြတ်ဘုရား၏ အဆုံးအမတော်တို့ကိုလဲ လိုက်နာကျင့်သုံးပြီးပါပြီ။ များပြားလှသော ဘဝသံသရာတွင် ရှင်တော်ဘုရားနှင့်အတူ ဆင်းရဲဒုက္ခအဖုံဖုံ ချမ်းသာသုခအစုံစုံကို ကျေနပ်ကြည်နူးစွာခံစားပြီးလျှင် ယခုအခါ ဧတဒဂ်ငါးတန်ရသော ရဟန္တာထေရီမအဖြစ်သို့ရောက်လျှက် အထွဋ်မြတ်ဆုံးဖြစ်သော နိဗ္ဗာန်ချမ်းသာကို သုံးဆောင်ခံစားနိုင်ပါပြီ။ မြင့်မြတ်ကြီးကျယ်လှသော ရှင်တော်မြတ်ဘုရား၏ ကောင်းမှုကုသိုလ်အကျိုးငှာ အစဉ်အမြဲ ဖြည့်ဆည်းခဲ့ရသော တပည့်တော်မသည် ရှင်တော်မြတ်ဘုရားကဲ့သို့သော အနှိုင်းမဲ့သည့် အဆွေခင်ပွန်းကောင်းကို ဘဝပရမ္ပရ ဘဝအဆက်ဆက်ရရှိခဲ့ပါ၏။ နောက်ဆုံးဘဝဖြစ်သော ယခုအခါတွင် ရောက်သင့်ရောက်ထိုက်သော ကံစိတ်ဥတုအာဟာရ တည်းဟူသော အကြောင်းတရားလေးပါးတို့ ပြုပြင်စီရင်ခြင်း အလျဉ်းမရှိသော နိဗ္ဗာန်သို့ရောက်ရပါပြီ။ နတ်တကာတို့ထက်နတ်ဖြစ်၍ အမြတ်တကာတို့ထက်မြတ်တော်မူသော ရှင်တော်မြတ်ဘုရား ယခုအခါ တပည့်တော်မအား အတိတ်ကံအားလုံးတို့သည် ကုန်ပါပြီ။ ပစ္စုပ္ပန်ကံ မှန်သမျှသည်လည်း ချုပ်ဆုံးပါပြီ။ အနာဂတ်ကံ ဟူသမျှသည်လည်း ပျက်ဆီးချုပ်ငြိမ်းခဲ့ပါပြီ။ မကြာမြင့်မီပင် ပရိနိဗ္ဗာန်ပြုပါတော့မည်။ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ဂုဏ်တော်အနန္တကိုအာရုံပြုလျှက် ဦးခိုက်ခဲ့ပါသည် ရှင်တော်မြတ်ကြီးဘုရားးးး။ ယသောဓရာထေရီမြတ် အရှင်မကြီးသည် ဘုရားရှင်ကို ဤသို့နှုတ်ဆက်စကား လျှောက်ထားပြီး၍ ပရိနိဗ္ဗာန်ဝင်စံသွားခဲ့တော့၏။ ယသောဓရာထေရီမြတ်၏ နှုတ်ဆက်စကားတို့သည် သာမာန်လူသားတစ်ယောက်အနေဖြင့် နားထောင်ရမည်ဆိုလျှင် လွမ်းမိပေမည်။ ဝမ်းနဲငိုကြွေးမိပေမည်။ ယခုမူသော်ကား လျှောက်ထားသူကား  ယသောဓရာ ရဟန္တာထေရီမြတ်အရှင်မ၊ နားထောင်သူကား သဗ္ဗညုတဥာဏ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ဖြစ်သောကြောင့်သာ သံသရာမှထွက်မြောက်သည့်နှုတ်ဆက်ပွဲသည် အေးချမ်းသောရသဖြင့် ပြီးဆုံးခဲ့လေ၏။ အမှန်ကိုဆိုရသော်  မိမိလည်း ဤစာကိုရေးရင်း ရင်ထဲ၌ လှိုက်လှဲစွာ ဝမ်းနဲဝမ်းသာ ခံစားရပါ၏။ အော် မိမိသည် သံသရာတွင်းသားဖြစ်ပေသေးသကိုးးးးးးးးးးးးးးးးးးးး။ အထူးသဖြင့် မိမိသည်ယသောဓရာအကြောင်းကို ဤမျှ ဋီကာချဲ့နေခြင်းသည် သုမေဓာနှင့်သုမိတ္တာတို့နှစ်ဦးသား ဗျာဒိတ်တော်ကို ခံယူကြရာဝယ် ဘဝအဆက်ဆက်က အတူနေထိုင်ကျင်လည်ခဲ့ကြ၊ ချစ်ကြင်နာခဲ့ကြ၊ ကုသိုလ်ကိုအတူတူပြုခဲ့ကြဖူးသော အကြောင်းအကျိုးတရားအဆက်ဆက်ကြောင့်သာ နှစ်ထောင်းအားရကျေနပ်စွာအတူပူးတွဲ၍ ဤကဲ့သို့ဗျာဒိတ်တော်ကို ခံယူခဲ့ကြခြင်းဖြစ်ကြောင်းထင်ရှားစေလို၍ ဖြစ်ပါ၏။ ထို့ပြင် အမျိုးသမီးများအပေါ် လူအများစု၏ အမြင်မှားနေသော အချက်အလက်များကိုလဲ အမြင်မှန်ရစေပြီး အားပေးချင်၍လည်းဖြစ်၏။ အမြင်လွဲနေသည့်အရားကား ဤနှယ်ဤသို့ ဖြစ်သတတ်။ အားပေးချင်သည့်အရာကား ဤသို့ဤနှယ်ဖြစ်သတည်းး။ 

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၃ ) အမျိုးသားနှင့် အမျိုးသမီး မည်သူကပို၍ မြင့်မြတ်သနည်း

မိမိတို့ အရှေ့တိုင်းနိုင်ငံအများစုတွင် အမျိုးသမီးများအား တစ်ဆင့်နှိမ့်၍ လွဲမှားစွာ  ကြည့်တတ်ကြ မြင်တတ်ကြ၏။ ထိုသို့ အမျိုးသမီးများအပေါ် လွဲမှားစွာ ဝမ်းနဲဘွယ်ရာ နှိမ်ချ၍ကြည့်ရာ၌ အိန္ဒိယနိုင်ငံနှင့် အာရပ်မူစလင်နိုင်ငံအများစုသည် အဆိုးရွားဆုံးဖြစ်မည်ဟု ထင်မိ၏။ ကြည့်မြင်ပုံမှာ ဤသို့... အမျိုးသမီးများသည် အမျိုးသားများအောက် မူလဗီဇအနေဖြင့် ယုတ်ညံ့ကြ၏။ အမျိုးသားများသည် အမျိုးသမီးများထက် မူလဗီဇအားဖြင့် ပို၍ မြင့်မြတ်ကြ၏ဟု ယူဆကြသတတ်။ ပို၍ဆိုးသည့်အချက်မှာ  မိန်းမဘဝဟူသည် ခွေးထီးလောက်မှ မမြင့်မြတ်ဟု ထင်မှတ်ယူဆကြသည်ကိုလည်း မိမိတွေ့ဖူး ကြားဖူးသတတ်။ ထိုအမြင်ထိုအယူအဆတို့သည်  လွဲခြင်းကြီးလွဲ၍ မှားခြင်းကြီးမှာလေစွ။ တစ်ဖက်သတ်ဆန်လွန်းလေစွ။ အဆင်ခြင်ဥာဏ်ကင်းမဲ့စွာ တွေးမှတွေးလေစွ။
မြတ်ဗုဒ္ဓ၏ဒေသနာတော်များအရ  ခွေးသည် အဟိတ်တိရစ္ဆာန် အပါယ်ဘုံသားဖြစ်ပြီး လုံးဝတရားထူးမရနိုင်သော အောက်တန်းစားသာဖြစ်၍ အမျိုးသမီးသည် သဟိတ်လူသားဖြစ်ကာ တရားထူးရနိုင်သော အဆင့်မြင့်တန်းစားသုဂတိဘုံသားဖြစ်လေ၏။ အဘိဓမ္မာတရားတော်အရ ပဋိသန္ဓေစိတ်အားဖြင့်လည်း လူသားနှင့်ခွေးသည် မတူခြားနားကွဲပြားပါ၏။ ထို့ပြင် ပစ္စုပ္ပန်ဘဝရှုထောင့်အရ အနေအထိုင် ဆက်ဆံရေး အပြုအမူ အကျင့်အကြံ အစားအစာ တွေးခေါ်မျှော်မြင်မှု ယာဉ်ကျေးမှုကို လက်ခံကျင့်သုံးမှု စသည့် အချက်များတို့ဖြင့်လည်း ခြားနားလွန်းလှ၏။ ထိုအချက်တို့ကို နဲနဲလေးမျှမစဉ်းစားဘဲ တမင်နှိမ်ချကာ အစဉ်အလာအားဖြင့်မှား၍ အကြင်နာမဲ့စွာသတ်မှတ်ကျင့်သုံးနေခြင်းသည် ဝမ်းနဲဘွယ်ကောင်းလေစွ။ ထို့ပြင် အမျိုးသမီးများသည် ယုတ်ညံ့သောကြောင့် ဘုရားရင်ပြင်၏ အထက်ပစ္စယံသို့ မတက်ရ တက်ခွင့်မရှိဟုလည်း ယုံကြည်ကြပြန်လေ၏။ ဤကဲ့သို့ လွဲမှားစွာ ထင်မြင်နားလည် ယူဆနေကြခြင်းသည် ယာဉ်ကျေးမှုအနေဖြင့်ရော ဘာသာတရားအနေဖြင့်ပါ ရောထွေး ယှက်တင်ကာ ဖြစ်ပေါ်လာခဲ့ပြီးလျှင် အချိန်ကာလ ကြာမြင့်စွာ ခိုင်ခံ့တည်ရှိလျှက် ကျင့်သုံးလာခဲ့သော အမှားတစ်ရပ်ပင်ဖြစ်သည်ဟု ထင်မိ၏။ ဤသို့အမျိုးသမီးများကို နှိမ်ချ၍ လွဲမှားသည့် အယူအဆ အစဉ်အလာကို အမျိုးသမီးများကိုယ်တိုင်ကရော အမျိုးသားများကပါ ဘယ်ခေတ်ဘယ်ကာလက စတင်ခဲ့သည်မသိရသော အလွန်ကြာမြင့်သည့် အချိန်ကာလတစ်ခုက အိန္ဒိယနိုင်ငံနှင့်အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများမှ စတင်ဖြစ်ထွန်းကာ ကျင့်သုံးခဲ့သည်ဟု ထင်မိ၏။ အထူးသဖြင့် ကမ္ဘာဦးကာလ အမျိုးသားများ ကာယအား လက်ရုံးအားကိုး၍ လွှမ်းမိုးခဲ့သည့်အချိန်မှစတင်ခဲ့ဟန်ရှိ၏။ ယနေ့ကာလ နည်းပညာများ ထွန်းကားတိုးတက်လာခြင်းကြောင့် ကာယအား လက်ရုံးအားကို အသုံးပြုမှုများအားနဲလာသောအခါ ဥာဏအား အသုံးပြုမှုသည်
ပို၍အသုံးဝင်လာသည်ကိုတွေ့ရ၏။ ဤသို့ဥာဏအားအသုံးပြုမှုသည် ခရီးတွင်လျှက် အကျိုးဖြစ်ထွန်းလာသောအခါ အမျိုးသမီးများလည်း အမျိုးသားများနည်းတူ ရင်ဘောင်တန်း၍ အတူတွဲကာ ချီတက်နိုင်စွမ်း လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည်ကိုတွေ့လာရ၏။ အမျိုးသမီးများ၏ ကံစွမ်းရည် ဥာဏ်စွမ်းရည်ထူးတို့သည် အစဉ်အလာနှင့် ယာဉ်ကျေးမှုတို့၏ ကန့်သတ်မှုဘောင်အတွင်းမှ ရုန်းထွက်လွတ်မြောက်လာကြ၏။ အမျိုးသမီးများသည် ကာယအားမှလွဲ၍ ဥာဏအားမနိမ့်ကျကြောင်းမှာ ယနေ့ခေတ်ကာလ အခြေအနေများအရ အထင်အရှားပင်ဖြစ်၏။ သို့သော် ကမ္ဘာ့သမိုင်းကိုပြန်လည်၍ ကြည့်လျှင်မူကား တီထွင်ဖန်တီးလိုစိတ်ပြင်းပြမှု၊ စွန့်လွှတ်စွန့်စားလိုစိတ်ရှိမှု၊တိုက်ရဲခိုက်ရဲသည့် ရဲစွမ်းသတ္တိရှိမှုတို့၌တွင်မူ အမျိုးသားသည် အမျိုးသမီးထက် ယေဘုယျအားဖြင့်သာသည်ဟု ဆိုက မှားအံ့မထင်။တနည်းဆိုသော် ဦးဆောင်လိုစိတ်သည် အမျိုးသားကပို၍ အားကောင်းခဲ့လေ၏။ ထို့ကြောင့်ပင် အမျိုးသားများက လွှမ်းမိုးခဲ့ကာ မြင့်မြတ်သူ အရှင်သခင်အဖြစ်ဖြင့် နေရာယူခဲ့ကြဟန်ရှိ၏။ထို့ပြင် ယုတ်ညံ့ခြင်းနှင့်မြင့်မြတ်ခြင်းတို့သည် အမျိုးသားဖြစ်ခြင်း အမျိုးသမီးဖြစ်ခြင်းတို့နှင့်လုံးဝမသက်ဆိုင်ချေ။အမှန်စင်စင်သော်ကား သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတ္တပ တည်းဟူသော သူတော်ကောင်းတရား ခုနစ်ပါးကိုလက်ကိုင်ထား၍ ကျင့်သုံးသူသည် ဤဘဝတွင်လည်း မြင့်မြတ်၏။ နောက်ဘဝတွင်လည်းမြင့်မြတ်၏။ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အထက်ပါ သူတော်တရား ခုနစ်ပါးမရှိ မကျင့်သုံးပါက ယခုဘဝ၌ဖြစ်စေ နောက်ဘဝ၌ဖြစ်စေ ယုတ်ညံ့သူပင်ဖြစ်၏။ အမှန်စင်စစ် မြတ်ဗုဒ္ဓသည် လူသား၏ အဆင့်အတန်းကို သူတော်ကောင်းတရားကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်၏။ လူသားတစ်ယောက်၏ အဆင့်အတန်းသည် အဇ္ဈတ္တသန္တာန်ကို အရင်းခံကာ ဖြစ်ပေါ်လာသည့် သူကျင့်သုံးနေသော အယူအဆ အကျင့်အကြံ အပြောအဆိုတို့တွင်သာ မူတည်ပါ၏။ ရာထူး စည်းစိမ် ဂုဏ်သိန် အရှိန်အဝါတို့ကို အခြေခံခြင်းလဲမရှိ၊ ဗဟိုလည်းမပြုချေ။ တနည်းဆိုသော် မြတ်ဗုဒ္ဓသည် လူသား၏ ယုတ်ညံ့မှုနှင့် မြင့်မြတ်မှုကို ပြင်ပသန္တာန်၌ရှိသော အခြေအနေ ဖြစ်ရပ်ဖြစ်စဉ်နှင့် အလွှာတို့ကိုကြည့်၍ မဆုံးဖြတ်ပေ။ လူသား၏ အဇ္ဈတ္တသန္တာန်၌ရှိသော ပါရမီ အရည်အသွေး စိတ်ဓါတ်သဘာဝနှင့်ကိုယ်ကျင့်တရားတို့ကို အခြေခံပြု စံနမူနာထား၍သာ ဆုံးဖြတ်၏။ အမျိုးသားဖြစ်ခြင်းကြောင့် မြင့်မြတ်ပြီးလျှင် အမျိုးသမီးဖြစ်ခြင်းကြောင့် ယုတ်ညံ့သည် ဟူသော ဟောကြားချက် သင်ကြားချက်တို့ကိုလည်း ပိဋကတ်တော်တွင် မိမိမတွေ့ဘူးပေ။ နာလည်းမနာကြားဘူးပေ။ ထို့ကြောင့် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ သဒ္ဓါ သီလစသော သူတော်ကောင်းတရားဖြစ်သည့် မူလလူသားအရင်းအမြစ် တရားတို့ရှိသူ ကျင့်သုံးသူသည် မြင့်မြတ်၏။ ထိုတရားများ ရှိလဲမရှိ ကျင့်လဲမကျင့်သုံးသူသည် ယုတ်ညံ့၏။ ယနေ့ပေါ်ပြုလာဖြစ်နေသော စကားလုံးနှင့်ပြောရလျှင်မူကား Human Resources လူသားအရင်းအမြစ်ဟူသည် ထိုသူတော်ကောင်းတရား ခုနစ်ပါးတို့ပင်ဖြစ်လေ၏။  ထိုသို့ လူသားအရင်းအမြစ်ဖြစ်သည့် သူတော်ကောင်းတရားများ ရှင်သန်အားကောင်းသောကြောင့်ပင် ယသောဓရာလောင်းလျာသည် မြင့်မြတ်သည့် ဘုရားလောင်းနှင့်အတူပေါင်းဖက်၍ ပါရမီဖြည့်နိုင်ခဲ့ခြင်းဖြစ်၏။ အနှိုင်းမဲ့လောကကောင်းကျိုးကို သယ်ပိုးတော်မူသည့် ဘုရားအလောင်းတော်နှင့် တွဲဘက်၍ ကူညီလုပ်ကိုင်နိုင်စွမ်းရှိခဲ့၏။  အကယ်၍ မိန်းမက ယုတ်ညံ့သည်မှန်လျှင် ယသောဓရာသည် ဘုရားလောင်းနှင့်တွဲဘက်၍ ပါရမီမဖြည့်နိုင်ရာ။ တွဲဘက်၍ လောကကောင်းကျိုးကို မသယ်ပိုးနိုင်ရာ။  ဆိုလိုသည်မှာ အမျိုးသမီးများသည် မူလ သဘာဝလူသားဗီဇ နှင့် လူသားဇာတ်သဘောအရ အမျိုးသားများအောက်ယုတ်ညံ့ကြသည်မဟုတ်။ မူလသဘာဝလူသား ဗီဇနှင့် လူသားဇာတ်အရ  အတူတူပင်ဖြစ်၏။( ရုပ်ပိုင်းဆိုင်ရာဖြစ်သည့် ဖိုမျိုးစေ့ မမျိုးစေ့ တနည်းအားဖြင့် ကမ္မဇရုပ်ကိုမဆိုလို။ လူသားဗီဇသဘာဝ တနည်းဆိုသော် လူသားပဋိသန္ဓေစိတ်ကိုသာဆိုလို၏။ အဘိဓမ္မာတွင် ယောကျာ်း ပဋိသန္ဓေစိတ် မိန်းမ ပဋိသန္ဓေစိတ်ဟူ၍ သီးခြားမလာ မပါရှိပေ။ ) ဤသို့ ရှုထောင့်စုံမှ သုံးသပ်ကြည့်လျှင် အမျိုးသမီးဖြစ်ခြင်းကြောင့် ယုတ်ညံ့သည်၊ အမျိုးသားဖြစ်ခြင်းကြောင့် မြင့်မြတ်သည်ဟု ယူဆ၍ မရနိုင်ကြောင်းမှာ ထင်ရှားလှ၏။ ထို့ကြောင့်အမျိုးသမီးများသည်လည်း မိမိတို့ကိုယ်မိမိတို့ ယုတ်ညံ့ကြသည်ဟု ဆက်လက်၍ အထင်မှား အမြင်မှားမဖြစ်စေလို၊ အမျိုးသားများကလည်း အမျိုးသမီးများအပေါ် တစ်ဖက်သတ် အထင်သေးမှုမျိုးမဖြစ်စေလိုပေ။ အထူးသဖြင့် ပြောလိုသည်မှာ အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ လောကအတွက် အသုံးဝင်တန်ဘိုးရှိသော အဆင့်မြင့်လူသား လူသတ္တဝါဖြစ်၏ ဟူသည့်အချက်ပင်ဖြစ်ပါ၏။ သို့အတွက်ကြောင့် အမျိုးသမီးထုအနေဖြင့် မိမိတို့၏မူလစွမ်းပကား အရည်အသွေးတို့ကို လောကအတွက် ယသောဓရာကဲ့သို့ဖြစ်စေ၊အခြားအခြားသောပါရမီရှင်တို့ကဲ့သို့ဖြစ်စေ ကြိုးစားဆောင်ရွက်နိုင်ရန်တိုက်တွန်းအပ်ပါ၏။ ( မိမိသည်​ ဤစကားချပ်ကို စပ်မိ၍သာအကျဉ်းချုပ်၍ တင်ပြခြင်းဖြစ်၏။ အခါအခွင့်သင့်သည့်အခန်းသို့ရောက်လျှင်မူ အကျယ်ဆွေးနွေးတင်ပြပါအုံးမည်။ ဤအကြောင်းအရာသည် ကျယ်ပြန့်မှုလည်းရှိသလို စိတ်ဝင်စားဘွယ်လည်းကောင်းပါ၏။ )  သို့သော် အမျိုးသမီးဘဝဖြင့် မရနိုင် မဖြစ်နိုင် မရောက်နိုင်သော အခြေအနေတို့ကားရှိ၏။ ယင်းတို့မှာ.......
ဆက်ရန်


No comments:

Post a Comment