အဓမ္မအပေါ် ဓမ္မက လွှမ်းမိုးနိုင်ရန် သဘာဝ၏ အာနုဘော်အရ ပွင့်ထွန်းလာသည်။
(ဦးရွှေအောင် - “ဗုဒ္ဓ - လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်” စာအုပ်)
အဓမ္မသည် ဒုစရိုက်တရား ဖြစ်သည်။ လောက၏ ကောင်းကျိုးများကို ပိတ်ဆို့ ဟန့်တား ဖျက်ဆီးပြီး မကောင်းကျိုးများကိုသာ ဖြစ်ထွန်းပွားများစေသည့် ကျင့်ကြံအားထုတ်မှု ဖြစ်သည်။ အတ္တလွန်ကဲမှုကြောင့် ဖြစ်ရသည်။
အဓမ္မ၏ ဆန့်ကျင်ဘက်မှာ ဓမ္မ ဖြစ်သည်။ ဓမ္မသည် သုစရိုက်တရား ဖြစ်သည်။ လောက၏ ကောင်းကျိုး များကိုသာ ကျင့်ကြံအားထုတ်စေသည်။ လောကကောင်းကျိုးအတွက် မကောင်းသည်များကို တားမြစ်သည်။
လူ့လောကတွင် အဓမ္မသည် မည်မျှပင် အားကောင်းစေကာမူ သဘာဝ၏ အာနုဘော်အရ ဓမ္မကတုန့်ပြန်သည်။ လွှမ်းမိုးအောင် အားထုတ်သည်။ မည်သည့်အခါမှ အရှုံးမပေး။ လူ၌ ထိုသို့အားထုတ်တတ်စေသော သဘာဝက အလိုလိုရှိနေပြီး ဖြစ်သည်။ ကာလ-ဒေသ-ပယောဂ သုံးပါး ပြည့်စုံလျှင် ပြန်လည်တိုက်ခိုက် အနိုင်ယူသည်။
လူတို့သည် မိမိတို့ လေ့လာတတ်မြောက်ပြီးသော အရည်အချင်းများအရ လှုံ့ဆော်မှုကို ဖန်တီးပေးနိုင်သော ပတ်ဝန်းကျင်ကို တည်ဆောက်တတ်သည့် သဘာဝ ရှိသည်။ ထိုပတ်ဝန်းကျင်က တဖန် လူတို့အား လူမှန်းသိစမှပင် သုစရိုက်တရားကို ကျင့်ကြံအားထုတ်တတ်အောင် အစဉ်တစိုက် လှုံ့ဆော်ပေးသည်။ ထိုပတ်ဝန်းကျင်မျိုးကို မည်သည့်အခါမှ ပိတ်ဆို့ဟန့်တား ဖျက်ဆီး၍မရ။ လမ်းကြောင်းလွဲ၍ မရ။
လူ၏အသိဥာဏ်များက ပိုမိုတိုးတက်လာသည်နှင့်အမျှ လူ့ယဉ်ကျေးမှုများလည်း ပိုမို ထွန်းကားလေရာ ပတ်ဝန်းကျင် လှုံ့ဆော်မှုများလည်း ပိုမိုအားကောင်းလာရသည်။ သို့ဖြစ်၍ ထိုပတ်ဝန်းကျင်ရှိ လူတိုင်းပင် သုစရိုက်တရားကို ကျင့်ကြံအားထုတ်မိကြသည်။ အားထုတ်မှုကောင်းလာသည်နှင့်အမျှ ဒုစရိုက်တရားကို လက်မခံနိုင်ပဲ ရှိနေတော့သည်။ ဤသည်မှာ လူ့သဘာဝ၏ တန်ခိုး စွမ်းပကား ဖြစ်သည်။
သို့သော် လူ၏ပင်ကိုယ်သဘောအရ အတ္တကြီးမားသည်။ ယင်းသည် ဒုစရိုက်တရားများ ဖြစ်ပေါ်စေရန် အခြေခံအကြောင်းရင်း ဖြစ်သည်။
အတ္တကြီးမားသူတို့သည် ငယ်စဉ်ကာလက သုစရိုက်တရားကို လှုံ့ဆော်ပေးနိုင်သော ပတ်ဝန်းကျင်တွင် အနေနည်းခဲ့သောကြောင့် ဖြစ်နိုင်သည်။ ငယ်စဉ်ပတ်ဝန်းကျင် ကောင်းခဲ့လင့်ကစား ကြီးပြင်းလာသော အခါ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဘဝတွင် ကျင်လည်နေရသောကြောင့်လည်း ဖြစ်နိုင်သည်။
သို့တည်းမဟုတ် သုစရိုက်တရားကို တန်ဖိုးထားရကောင်းမှန်း၊ ကျင့်ကြံအားထုတ် (တာဝန်ယူ)ရမှန်း မသိသေးသောကြောင့်လည်း ဖြစ်နိုင်သည်။
သို့တည်းမဟုတ် အသိဥာဏ် ဖွံ့ဖြိုးတိုးတက်မှု တိမ်းချော်နေသဖြင့် ပြောင်းလဲတိုးတက်နေသော ခေတ်ကာလ ယဉ်ကျေးမှုနှင့်အညီ တန်းတူမလိုက်နိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ အတ္တကြီးမားသူသည် မိမိကိုယ်ကို “သောက” ဖြစ်စေသူသာ ဖြစ်သည်။ သူ၏ လိုချင် တပ်မက်မှု၊ မနာလိုမှု၊ သဝန်တိုမှု၊ သဒ္ဓါတရား ခေါင်းပါးမှုများက သူ့ကိုယ်သူသာ “သောက” ဖြစ်စေသည်။ ပရိဒေဝမီး တောက်လောင်နေစေသည်။ ချမ်းသာခြင်း အစစ်အမှန်ကို မဖြစ်စေနိုင်ပဲ ရှိနေသည်။
အတ္တကြီးမားနေသရွေ့ လောဘဇော မသတ်နိုင်။ ရပြီးရင်း ရချင်နေသည်။ ရပြီးသည်များ ဆုံးရှုံးရမှာကို နှမြောနေသည်။ သင်္ခါရကို တွန်းလှန်ချင်စိတ် ဖြစ်နေသည်။ ဤသည်မှာ ဓမ္မကို တွန်းလှန်ခြင်း ဖြစ်သည်။
သူခံစားရသည့် သောကများကြောင့် အတ္တသမားသည် ဒုစရိုက်များကို ကျူးလွန်ရန် အသင့်ဖြစ်နေတော့သည်။ တဖန် ကျူးလွန်ခဲ့သည်များကို တုန့်ပြန်ခံရမည်စိုးသောကြောင့် ဒုစရိုက်နည်းဖြင့်ပင် ကာကွယ်ရန် အားထုတ်နေမိပြန်သည်။
ဒုစရိုက် ပြုမိခြင်းကြောင့်၊ တနည်းအားဖြင့် “အဓမ္မ” ပြုမိခြင်းကြောင့် သူ့တွင် ဆန့်ကျင်ဘက်များ အလိုလို ရှိလာသည်။ သူ့အား တိုက်ခိုက်မည့်သူများ ရှိလာသည်။ တိုးတက်ယဉ်ကျေးလာသော လူ့သဘာဝက ပေးသည့် “ဓမ္မ အမွေ”ကြောင့် အဆိုပါ ဒုစရိုက်သမားအား ဆုံးမပဲ့ပြင် တားဆီးထိန်းသိမ်းသူများ ရှိလာရခြင်း ဖြစ်သည်။
ဒုစရိုက် ပြုမိခြင်းကြောင့် ရရှိလာသော ချမ်းသာခြင်းကား အစစ်အမှန် မဟုတ်။ ဒုစရိုက်လုပ်ငန်းကြောင့် ဓနအင်အား တိုးပွားနိုင်သည်။ အဆောင်အယောင်၊ ရာထူး မြင့်မြင့်မားမား ရထားနိုင်သည်။ အကာအကွယ်ကောင်းကောင်း ရထားနိုင်သည်။
သို့သော် တချိန်တည်းမှာပင် စိုးရိမ်ပူပန်စိတ် “သောက”များကို သူကိုယ်တိုင်က ယူထားမိနေသောကြောင့် ချမ်းသာခြင်း အစစ်အမှန်ကို မရနိုင်ပဲ ဖြစ်နေရတော့သည်။
No comments:
Post a Comment