........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 8, 2013

ကံကိုချည်းပုံချတတ်သော အမှား



ဖြူစင်သော အ၀တ်အစားများကို အစွန်းအထင်းများ စွန်းပေခဲ့သော် ဆေးများဖြင့် ဖျက်ကြရသည်။ သို့သော် ခဏခဏ
စွန်းပေပါများလာလျှင်(သို့)လက်နှီးစုတ်ဖြစ်သွား လျှင်ကား ဖျက်ဖို့ခဲရင်းသွားပါသည်။... ထို့အတူပင် အတွေးမှားအကြံ
မှား အယူအဆမှား များကို လူတိုင်းလို ကျင့်သုံးဖန်များလာ လျှင် အမှားကြာ အမှန်ဖြစ်ဆိုသလို အယူအဆ မှားကို
ဖျက်ဆီးပစ်ဖို့ ခဲယင်းလှပါသည်။




လူ့လောက၌ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေရာ စိတ်ဆန္ဒမျိုးစုံ အယူဝါဒမျိုးစုံ ကွဲပြားနေကြပါသည်။ စိတ်ဆန္ဒ
ချင်း အယူဝါဒချင်း မတူသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းကွက်ကို ရှာဖွေကာ သည်းခံပေါင်းသင်းနေကြရသည်
လူအများစုသည်ကား အတွေးမှား အကြံမှား အယူအဆမှားတို့ ဖြင့် အမှားသံသရာကြီးထဲမှာ မှားပြီးယင်းမှားက ဆင်း
ရဲတွင်း နစ်နေကြပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်းများပင် အတွေးမှား အကြံမှား အယူအဆမှားကြီးများကို အမှန်ဟု
ယူဆကာ ကျင့်သုံးနေကြဆဲဖြစ် ပါသည်။ ထိုအမှား ကြီးများကို ဖယ်ရှားပေးကာ လမ်းမှန်ကိုညွှန်ပြပေးဖို့ရန် ကျွန်ုပ်တို့
တာဝန်ဖြစ်ပါ၏။


ကံကိုချည်းပုံချတတ်သော အမှားတစ်ခု

ဗုဒ္ဓဘာသာမှန်လျှင် နံပါတ်(၁)အချက်က ကံနှင့်ကံ၏အကျိုးကို ယုံကြည်ရပါမည်။ သို့သော် ကံကြမ္မာကို ယိုးမယ်ဖွဲ့ကာ
လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ ဆိုသကဲ့သို့ အတိတ်ကံကိုချည်းပုံချကာ   ဘ၀ကို   အရှုံးပေးတာမျိုးသည်
အလွန်မှားယွင်းသော မဟာအမှားကြီးဖြစ်ပါသည်။


လူကမစွမ်းနိုင်သည့်အခါ၊ လူကအသုံးမကျသည့်အခါ ကံဉာဏ်ဝီရိယကို နှစ်ဆတိုးပြီး ကြိုးစားရမည့် အစား ဒို့ကတော့
ကံမကောင်းဘူး ဒို့လုပ်ရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူးဆိုကာ ကံကိုပုံချကာ ဘ၀ကို အရှုံးပေးသွားတတ်
ကြသည်။ ကံတရားကိုပုံချရုံတင်မက အတိတ်က ကုသိုလ်ကံလေးများ ကိုယ့်ဘက်ကို မျက်နှာသာပေးလိုပေးငြား ၂လုံး
ထီ သုံးလုံးထီများကို အားကိုးကာ အလွယ်လမ်းကို လိုက်ကြလေသည်။ တစ်နေ့ပေါက်နိုး  နှစ်နေ့ပေါက်နိုးနှင့်ပင်  ငွေ
aမျာငွေနှင့်လိုက်ရင်း ဆင်းရဲသည်ထက် ဆင်းရဲလာကြလေသည်။

မဃဒေ၀ဆရာတော်ကြီးက

"အယူတစ်စောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလဲကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ကံမွဲဉာဏ်နုံ့
၊ မလုံ့မလ၊ နတ်မမဘူး"
ဟု စပ်ဆိုတော်မူခဲ့သည်။ ဆိုလိုသည်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကံကိုချည်းပုံမချလိုက်ပါနှင့်၊ ကံကမွဲ
ဉာဏ်ကမွဲ၊ လုံ့လကမွဲလျှင် မည်သို့မျှ မကြီးပွားနိုင် ဟုဆိုလိုပါသည်။


နိမ့်နေသော ကံကို မြင့်အောင်၊ ဆိုးနေသောကံကို ကောင်းအောင် ကံကိုကြိုးစား ပြုပြင်ဘို့ လိုပါသည်။ ကံဆိုသည်မှာ
အလုပ်။ အလုပ်ကောင်းလျှင် ကံကောင်းပါမည်။ သို့သော် အခု ရေတွင်းတူး အခုရေကြည်သောက်ချင်လို့   မရနိုင်ပါ။
အတိတ်ကပြုခဲ့သော အကုသိုလ်ကြောင့် ကံဆိုးမိုးမှောင်ကျနေသော်လည်း လက်ရှိဘ၀မှာ ကံမြင့်ကြောင်း၊ ကံကောင်း
ကြောင်း ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်သည့်အတွက်  အကုသိုလ်ကံ၏   ဆိုးကျိုးများ   လျှော့ပါးသွားနိုင်သည်ကို
နားလည် သင့်လှပေသည်။

အတိတ်ဝေးစွာ ရှေးအခါက လူငယ်လေးတစ်ယောက် ဒိသာပါမောက္ခဆရာကြီး၏ တက္ကသိုလ်တွင် ပညာသင်ကြား
နေချိန် ဆရာကြီးက သူ့တပည့်၏ ဇာတာစန်းလဂ် အညံ့တွေကြောင့် ခုနစ်ရက်အတွင်းသေမည့်ကိန်းအတိအကျတွေ
့ရှိလာသည်။ ထိုအခါ ဆရာကြီးက ပရိယာယ်မာယာသုံးကာ တပည့်ကို မိဘများထံအလွမ်းပြေအလည်ပြန်ခိုင်းလိုက်
လေသည်..။ တပည့်ကတော့ သူသေမှာကို မသိရှာ။

ခရီးဝေးလွန်းလှသော အိမ်ပြန်လမ်းတွင် ပျက်နေသော လမ်းများကို ပြင်သွားသည်။ ကြိုးနေသော တံတားများကို
အသစ်ပြုပြင်သွားသည်။ ရှုပ်နေသော လမ်းများကို ရှင်းလင်းသွားသည်။ သေဘေးကြုံနေသော တိရစ္ဆာန်လေးများ
ကို အသက်ကယ် သွားသည်။ နိမ့်ကျနေသော ညောင်ကိုင်းများကို မြင့်အောင် ထောက်သွားသည်။ သည်လိုနှင့်ပင်
အိမ်ကို ရောက်သွားပါသည်။ အိမ်မှာ မိဘများနှင့် ပျော်ပျော်ရွှင်ရွှင် အတူတကွနေထိုင်။ မိဘကိုလုပ်ကျွေးပြုစုကာ
ကျောင်း သို့ ပြန်လာခဲ့လေသည်။


ခုနစ်ရက်ကျော်မှ မသေဘဲပြန်လာသော တပည့်ကိုကြည့်ကာ ဆရာကြီး အံ့သြသွား လေသည်။ တပည့်က သူ အိမ်
အပြန်လမ်းမှာ စိတ်ကောင်းစေတနာကောင်းတွေနဲ့ ကောင်းမှုကုသိုလ်ပြုလုပ် ခဲ့သည်များကို ပြောပြသည်။ တပည့်က
အသက်ရှည်ကြောင်း ကောင်းမှုများကို ပြုသည့်အတွက် အသက်ရှည်သွားခဲ့သည်ကို ဆရာကြီးနားလည်သွား ပါသည်။


ထို့အတူပင် ကျွန်ုပ်တို့လည်းပဲ ကံဆိုးမိုးမှောင်ကျသည့်အခါ၊ ဖြစ်ချင်သည့်ဆန္ဒ အလျှောက်ကြိုးစားသော်လည်း မရ
သည့်အခါ ငါနဲ့မထိုက်လို့သာ၊ ငါ့ကံကိုက ကြီးပွားချမ်းသာဖို့ မပါလာဘူးနဲ့တူပါတယ်..လို့ ကံကိုပုံချကာ ဘ၀ကို အရှုံး
ပေးကြ မည်လား..။ ကံပြုသမျှ နုကြမည်လား။ လောကဓံလှိုင်းတံပိုးအောက်မှာ ပြားပြားမှောက် လည်စင်းခံကြမည်
လား စဉ်းစားကြပါ။


ကံပြုသမျှနုကြမည်ဆိုလျှင် "လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ" ဆိုသည့်အတိုင်း ကျွန်ုပ်တို့သည် တကယ့်
ကို လူဖျင်းလူညံ့များဖြစ်သွားပါလိမ့်မည်..။ "ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ".. ဆိုသ ကဲ့သို့   လောကဓံလှိုင်းကြမ်း
လေ ကြမ်းရေစီးကြမ်း ကြမ်းချင်သလောက်ကြမ်းပါစေ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးစားသင့်လှပေသည်။


ဆရာအတ္တကျော်ပြောသော ပုံပမာလေးကို ပြောပါရစေ။ လယ်သမားတစ်ယောက် လယ်ထွန်ချိန် ခေတ္တနားသောအခါ
နွားများကို လွှတ်ကြောင်းထားလိုက်သည်။ နွားအိုကြီးတစ်ကောင် မမြင်မစမ်းနှင့် ရေတွင်းပျက်ထဲကျလေသည်။ တွင်း
ကလဲနက် နွားကလဲ အိုနေပြီ ပြန်ဆွဲတင်ဖို့ရန်လဲမလွယ်၍ (စိတ်မကောင်းစွာ) နွားကြီးကို တွင်းပျက်ထဲ မှာပဲ မြေမြှုတ်
ထားခဲ့ဖို့စိတ်ကူးသည်။ စိတ်ကူးအတိုင်းသူက မြေတွေကြုံးလာပြီး တွင်းထဲသို့လောင်းထည့်သည်။ အောက်ကနွားကြီး
က သူ့အပေါ်ကနေလောင်းထည့်သော မြေမှုံ့များကိုခါထုတ်ပါသည်။  ခြေထောက်အောက်  ရောက်လာသည့်  အခါ
နင်းတက် လိုက်ပါသည်။ ဤသို့ပင် ခါထုတ်နင်းတက်ရင်းနွားကြီးအပေါ်ရောက်လာ ခဲ့ပါသည်။


ကျွန်ုပ်တို့လည်း ခါထုတ်နင်းတက်နည်းကို ယူကာ ဖြစ်လာသမျှ ကံအဆိုးများကို အသုံးချကာကိုယ့်ကိုယ်ကို မြင့်သည်
ထက်မြင့်အောင်၊ ကောင်းသည်ထက်ကောင်း အောင် ကြိုးစားကြရပါမည်။ ကံကောင်းအောင် မပြုပြင်ဘဲ ကံကိုချည်း
ပုံချပြီး ကံယိုးမယ်ဖွဲ့တတ်သော အယူအဆသည် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ဖျက်နိုင်ခဲသော အစွန်းအထင်းကြီး
အယူအဆမှားကြီးဖြစ်ပါကြောင်း ဆင်ခြင်စဉ်းစားနိုင်စေရန် တင်ပြလိုက်ပါသည်။

သစ္စာတရား


- ဖြစ်ခြင်း ၊ ပျက်ခြင်း ၊ ဖောက်ပြန်ခြင်း ၊ မယွင်းဒုက္ခမှတ်။

- ဖြစ်ချင် ပြန်က ၊ သမုဒယ၊ ဒုက္ခ ဖြစ်ကြောင်းမှတ်။

- ဖြစ်ပျက်ကိုမြင်၊ မဖြစ်ချင်၊ မဂ္ဂင်တရားမြတ်။

- မဖြစ်ချင်မှ၊ လမ်းမှန်ကျ၊ မဂ္ဂသစ္စာမှတ်။

- မဖြစ်ပါမှ၊ နိရောဓ၊ ဒုက္ခအေးငြိမ်းမှတ်။

- သစ္စာလေးပါး၊ အမှန်တရား၊ ပိုင်းခြားသိအောင်မှတ်။

- သံပေါက်လင်္ကာ၊ ဤကဗျာ၊ နှုတ်မှာဆောင်၍မှတ်။

- ကြိမ်ဖန်များစွာ၊ ကြံစည်ပါ၊ မှန်ရာသိကြောင်းမှတ်။

- အမှန်သိမှ၊ သည်ဒုက္ခ၊ လွတ်ရလိမ့်မည်မှတ်။

- ယောဂီ ဝိဇ္ဇာ၊ တတ်ပညာ၊ လိုက်ပါ သည်လုပ်ရပ်။

ဗုဒ္ဓဘာသာတို့၏မေတ္တ္တာတရားသည် အခြားဘာသာတို့၏မေတ္တာတရားနှင့်မတူပုံ

ဗုဒ္ဓဘာသာတို့၏မေတ္တ္တာတရားသည် အခြားဘာသာတို့၏မေတ္တာတရားနှင့်မတူနိုင်ပါ။ မေတ္တာဟူသည်မှာ ချစ်ခင်မြတ်နိုးခြင်း ဟု အဓိပါယ်ရသည်။ တရားကိုယ်အားဖြင့် အဒေါသစေတသိက်ဖြစ်သည်။ ယင်းသည် ရုန်ရင်းကြမ်းတမ်းခြင်း၊ ငြူစူခြင်း၊ မနာလိုဝန်တိုခြင်း စသည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ မေတ္တာဟူသော ဝေါဟာရသည် ဘာသာတရားတိုင်း အနီးအပါးတွင် ရှိကြည်။ သို့ရာတွင် ဗုဒ္ဓ၀ါဒအရ မေတ္တာတရားနှင့် အခြားဘာသာဝါဒတို့၏ မေတ္တာတရားမှာ မနှစ်သာရအားဖြင့် ကွာခြားပါသည်။

ဖန်ဆင်းရှင်ဝါဒအရ ဤကမ္ဘာ လောကအပါအ၀င် သက်ရှိ၊ သက်မဲ့ ၊ တောတောင်၊ ရေမြေတို့ကို အနန္တတန်ခိုးရှင် ထာဝရဘုရားသခင်က ကြီးမြတ်သော မေတ္တာကြောင့် ဖန်ဆင်းခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ထိုထာဝရသခင်ကပင် လူသားတို့၏ အစားအစာအတွက် သတ္တ၀ါတို့ကို သတ်ဖြတ် စားသောက်ခွင့်ပြုပြန်သည်။  စစ်မှန်သောမေတ္တာသည် သတ္တ၀ါအားလုံးအပေါ် ထပ်တူညီမူ ဖြစ်သင့်သည်။ ခွဲခြားရှုမြင်သော မေတ္တာမှန်လျှင် မစစ်မှန်ပေ။

မေတ္တာ၏သဘောမှာ ချစ်ခင်ကြင်နာခြင်းဖြစ်၍ သတ်ပုတ်ညင်းဆဲခြင်း ၊ ခိုက်ရန်ဖြစ်ခြင်းမှာ မေတ္တာ၏ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြာင့် သတ္တ၀ါတို့အား သတ်ဖြတ်စားသောက်ရန် ခွင့်ပြုထားသော ဖန်ဆင်းရှင်ဝါဒီတို့၏မေတ္တာသည် မေတ္တာအတုသာဖြစ်သည်။

တဖန်လောက၌ အသက်တိုသူ အသက်ရှည်သူနှင့် ဆင်းရဲ ချမ်းသာ ရောဂါ ထူပြောသူနှင့် နည်းသူစသည်ဖြင့် ကွဲပြားခြားနားပြန်သည်။ အနန္တတန်ခိုး ရှိသူ မေတ္တာရှင်သည် အဘယ့်ကြောင့် ထိုသို့ ကွဲပြားအောင် ဖန်းဆင်းထားရပါသနည်း ။ တလောကလုံး အပေါ်မှာ တူညီသောမေတ္တာဖြင့် ကြီးပွားချမ်းသာအောင် ဖန်ဆင်းသင့်ပါသည်။ လောက၌ အကောင်းအဆိုး နှစ်မျိုး ဒွန်တွဲ နေခြင်း သည်ပင် ဖန်ဆင်းရှင်၏ အနန္တမေတ္တာဆိုသည်ကို စဉ်းးစားဆင်ခြင်ရန် သတိပေးလျက်ရှိပါသည်။

အချို့ဘာသာ တရားမှာ မေတ္တာဟူသောစကားနှင့် ၄င်း ဘာသာကို ယုံကြည် သူများ၏လုပ်ရပ် ကိုက်ညီမှု့မရှိပေ၊၊ အကြာင်းမှာ ထိုဘာသာဝင်များမှာ စစ်မက်ဖြစ်ပွားမှူကို လိုလားသောကြောင့် ဖြစ်သည်။ ၄င်းတို့၏ ခေါင်းဆောင် တမန်တော်များကိုယ်တိုင် ဘာသာရေးစစ်ပွဲ ဟု ဝေါဟာရပြု ၍ တိုင်းတစ်ပါးကို ကျူးကျော်စစ်တိုက် သိမ်းပိုက်ပြီး သာသနာပြန့်ပွားအောင် ဆောင်ရွက်ခဲ့ကြောင်း ၄င်းတို့၏ မြင့်မြတ်သောကျမ်းစာ စသည်တို့၌ မှတ်တမ်းတင်ထားချက်များသိရပါသည်။

တမန်တော်ကိုဆက်ခံသည့် ဘာသာရေးခေါင်းဆောင်အဆက်ဆက်သည် နယ်ပယ် နိုင်ငံအများအပြား ကို သိမ်းပိုက်၍ ဒေသခံ ဘာသာခြားတို့ကို မိမိတို့ ဘာသာတရား၌ ယုံကြည်လာအောင်အဓမ္မသွက်သွင်းခဲ့ကြည်သည် ။ ယင်းတို့သွက်သွင်းမှူ သမိုင်းစဉ်တလျှောက်တွင် ကြောက်ခမန်းလိလိ သွေးစွန်းခဲ့ရသည်။ ဤဖြစ်ရပ်တို့ကို ထောက်ရှု့၍ ၄င်းတို့ ယုံကြည်သော အနန္တမေတ္တာ၏ အတွင်းသဘော အတိမ်အနက်ကို ခန့်မှန်း ကြည့်နိုင်ပါသည်။ စစ်တိုက်၍အချင်းချင်း သတ်ဖြတ်ခြင်းဟူသည် ဗုဒ္ဓဘာသာဝင် တို့နားလည်သောမေတ္တာနှင့် လုံးလုံးဆန့်ကျင်နေပါသည်။ ပုဂ္ဂိုလ် သတ္တ၀ါ ယောင်္ကျား မိန်းမ လူမျိုးနိုင်ငံမရွှေး  ချစ်ခင်ကြင်နာမှူသာလျှင် မေတ္တာ စစ်ဖြစ်နိုင်သည် မဟုတ်လော။

ဗုဒ္ဓသာသနာပြန့်ပွားအောင် ဆောင်ရွက်ခဲ့ကြသည့် သမိုင်းစဉ်တွင်သွေးစွန်းသည့်ဖြစ်ရပ်မရှိခဲ့ကြောင်းကမ္ဘာ့သမိုင်းပညာရှင်များ မှတ်တမ်းပြုကြသည်။ ဗုဒ္ဓ၀ါဒမေတ္တာသည်သတ္တ၀ါ လူမျိုး ဆူကြုံ နှိမ် မြင့် မရွေး ထပ်တူပြုသည်။ ဗုဒ္ဓဘုရားရှင်သည် မိမိ အား သေကြောင်းကြံခဲ့သူ ဒေ၀ဒတ်ကိုပင် မေတ္တာပျက်တော်မမှူခဲ့။
မိမိအားသတ်ရန် တရှိန်ထိုးပြးလာသည့် နာဠာဂီရိဆင် ၊ အသရေဖျက်သူ စိဉ္စာမာန အမျိုးသမီးကိုလည်း မဟာကရုဏောတော်ဖြင့်သာ တုန့်ပြန်၍ ငြိမ်းချမ်း စွာ အောင်မြင်တော်မူခဲ့သည်။

လက်စားချေရမည်ဟူသောဆုံမချက်ကိုဗုဒ္ဓ၀ါဒရေးရာ အလုံးစုံသော စာပေပိဋကတ်၌ မတွေ့ရခြင်းသည်ပင် ဗုဒ္ဓ၀ါဒမေတ္တာ၏ ထူးမြတ်သောအသွင်ပြင် လက္ခဏာတရပ်ဖြစ်သည်။ ဒေါသကို မေတ္တာဖြင့်၊ ရန်ကိုရန်မပြုခြင်းဖြင့်၊ ပညာမဲ့သူကို ပညာရှိခြင်းဖြင့် အောင်မြင်ရမည်ဟုသာ ဗုဒ္ဓညွန်ပြတော်မူပါသည်။


သိုရာတွင် ဗုဒ္ဓဘာသာဝင်တို့သည် အလုံးစုံးကို အရှုံးပေး အညံ့ခံသည်ဟူ၍ကားမဆိုလိုပေ။ မဟုတ်မတရား စွပ်စွဲပြောဆိုလာပါက မဟုတ်သည့်အကြောင်းကို အထောက်းအထားခိုင်လုံစွာပြ၍ ချေပပြောဆိုရမည်။ မိမိ၏ဓမ္မ၌ တကယ်ရှိ၊ ဟုတ်မှန်နေလျှင် ဤအချက်သည် မှန်ကန်ကြောင်း စွပ်စွဲလာသူအား ချေပပြောဆိုရမည်ဟု  ဗုဒ္ဓညွန်ကြားပါသည်။   တဖက်သားက ကြမ်းတမ်းစွာ ဆဲရေးပြောဆိုလာပါမူ မိမိက နူတ်ဆိတ်၍ သီးခံနိုင်ရမည်။ မိမိကပြန်လည်၍ ဆဲဆိုကြိမ်းမောင်းလိုက်ပါက မိမိလည်းတဖက်သားကဲ့သို့ပင် ရိုင်းစိုင်းကြမ်းတမ်းသူ ဖြစ်သွားသောကြောင့်တည်း။

      အချုပ်အားဖြင့်မူ ဗုဒ္ဓ၀ါဒမေတ္တာသည် သတ္တ၀ါအားလုံးကိုတန်းတူညီမှူ့ရှိသည်။ အခြားဘာသာဝါဒအရ မေတ္တာမှာ ချစ်သူ မုန်းသူ လူနှင့်တိရိ စ္ဆာန် မိမိလူမျိုးအခြားလူုးမျိုး စသည့်ဖြင့် ကွဲပြားစွာ ထားသည်။ ထို့ကြောင့် မေတ္တာဟူသော ဝေါဟာရ တူသော်လည်း အနှစ်သာရအတွင်းသရုပ်အားဖြင့် အရှေ့နှင့် အနောက်ပမာ ဆန့်ကျင်လှပါသည်...........။ ။

Apr 7, 2013

တိုင်းပြည်တစ်ခု ရဲ့ အနာဂတ်

မြန်မာပြည်မှာ ဘာသာခြားတွေ တိုးတက်ထွန်းကားပြီး ဗုဒ္ဓဘာသာအနုတ်လက္ခဏာ ပြနေတာ ကို ဆို ချင်တာလား။
ဒါဆိုရင် တော့ အချက်အလက် တစ်ခု အနေနဲ့ လက်ခံ ပါတယ်။
ဒါမှ မဟုတ် ဗုဒ္ဓဘာသာဆုတ်ယုတ် ပြီး ဘာသာခြားတွေ တိုးတက်လာ လို့ မြန်မာ့လူဘောင်ကြီး ပျက်စီးသွားတော့ မယ်လို့ ဆိုလိုချင်တာလား။
ဒီလိုဆိုရင် တော့ ဒါက လိုရာဆွဲတွေးတာ ဖြစ်လို့ လက်မခံပါဘူး။

ဗုဒ္ဓဘာသာ ကိုးကွယ်နေတဲ့ နိုင်ငံတွေ က ဗုဒ္ဓဘာသာမကိုးကွယ်တဲ့နိုင်ငံတွေထက် ပို မသာ လို့ ပါပဲ။ ဗုဒ္ဓဘာသာမကိုးကွယ်တဲ့ တစ်ခြား တိုင်းပြည်တွေ က ဆုတ်ယုတ်ပျက်စီးနေတယ်လို့ မထင်မိပါ။ လူ့ အဆင့်အတန်း အမြင့်ဆုံး တိုင်းပြည်တွေ က ခရစ်ယာန်ဘာသာနိုင်ငံတွေ တောင် ဖြစ်နေပါသေးတယ်။
မြန်မာတစ်နိုင်ငံလုံး ခရစ်ယာန်တွေ ဖြစ်သွားရင် မြန်မာပြည်ကြီး ဆုတ်ယုတ်ပျက်စီးသွားမယ်လို့ ပြောနိုင်ပါသလား။

တိုင်းပြည်တစ်ခု ရဲ့ အနာဂတ် ဟာ နိုင်ငံသားတွေ ရဲ့ ရိုးသားကြိုးစားမှု အသိပညာ အဆင့်မြင့်မားမှု ဥပဒေ ကို လိုက်နာမှု နဲ့ တကယ်စစ်မှန်တဲ့ တရားမျှတမှု တွေ ရှိနေဖို့ ပဲ လိုပါတယ်။ ဘယ်ဘာသာ ကို ပဲ ကိုးကွယ် ပါစေ...ဒါတွေ မရှိ ရင် တော့ ဒီ တိုင်းပြည် က ဓါးမနောက်ပိတ်ခွေး ဖြစ်မှာ ပါပဲ။
ဘာသာရေးကြောင့် သာဆို ဗုဒ္ဓဘာသာကို အနှစ် ၁၀၀၀ ကိုးကွယ်ခဲ့ တဲ့ မြန်မာပြည် က ထိပ်မှာ ရောက်နေသင့်ပြီ..ဘာလို့ မရောက်သေးတာလဲ စဉ်းစား။

နောက်တစ်ခု က ခရစ်ယာန်သာသနာပြုတွေ လို ဗုဒ္ဓဘာသာ ရဟန်း တွေ က လုပ်နိုင်မတဲ့လား..စဉ်းစားစရာပါ
ဗုဒ္ဓဘာသာ ရဟန်း တွေ က အပူဇော်ခံ တွေ အနေနဲ့ ပဲ ထည်ထည်ကြီးတွေ နေချင်ကြတာပါ။ မိုးထဲ လေထဲ ရွံ့ထဲဆင်းပြီး သာသနာပြုနိုင်ပါမလား..။တောင်တန်းသာသနာပြု ကိုယ်တော်တွေ ဘာလုပ်နေကြသလဲ စုံစမ်းကြည့်ပါ။

အဓိက က လောကအမြင်ကွာနေပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေ အတွက် က တမလွန်အတွက် လုပ်စရာ ဘာမှ မရှိ..အားလုံး ကို ထာဝရဘုရားလက်ထဲ အပ်နှံပြီးပြီမို့ ပူစရာ မလို..။ လက်ရှိ ပစ္စုပ္ပန်ဘ၀ မှာ ဘုရားသခင် သတင်းစကား ကို လူအများဆီ ဖြန့်ဝေ ပေးဖို့ အလုပ်သာပဲ ရှိတယ်..။ဒီတော့ သာသနာပြုရေးလုပ်ငန်း မှာ နှစ်မြုပ်ပြီး လုပ် ကြ ပါတယ်။

သူတို့ သာသနာပြု ရာ မှာ လူမှုရေးနဲ့ ဆွယ်တယ်..ရုပ်ပစ္စည်းတွေ နဲ့ ဖျားယောင်းတယ် စသဖြင့် စွပ်စွဲကြတယ်..။ ဒါကလဲ မှားတယ်။ ဘာကြောင့်လဲ ဆိုတော့
Abraham Maslow ရဲ့ စိတ္တဗေဒ အရ လူမှာ လိုအပ်ချက်တွေ အဆင့်ဆင့်ရှိတယ်..။
  • ရှင်သန်ရေး
  • လုံခြုံရေး
  • ချစ်ခြင်းမေတ္တာ
  • လေးစားခံရမှု
  • မိမိ ကိုယ်ကိုယ် ဖေါ်ထုတ်ခြင်း.........စတာတွေ ပါပဲ။
ဒါတွေ ကို တစ်ဆင့်ခြင်း ဖြည့်ဆည်းပေးသွားဖို့ လို တယ်။ ဆင်းရဲတဲ့ မိသားစု တစ်ခု ကို နင်တို့ က အရင်ဘ၀ က မလှူခဲ့ လို့ သူများပစ္စည်း ကို ခိုးခဲ့ လို့ အကုသိုလ်ကံတွေ ကြောင့် နင်တို့ မွဲ နေတာ ပဲ။ နောက်ဘ၀ ကံကောင်း အောင် ငါ့ကို လှူ လို့ ဘုန်းကြီး က သွားဟော နေရင် တယ်မနိပ်လှဘူး။
ဒီနေရာ မှာ ခရစ်ယာန် သာသနာပြု တွေ ရောက်လာရင် ဒီ မိသားစုရဲ့ အနိမ့်ဆုံး လိုအပ်ချက် တွေ ကို အရင်ဖြည့်ဆည်းပေးဖို့ ကြိုးစားမယ်။ သူတို့ ကို ခရစ်တော်က ချစ်တဲ့ အကြောင်း ပစ်မထားတဲ့ အကြောင်း သူတို့ နဲ့ အတူရှိနေကြောင်း ကို ပြော မယ်။ ခရစ်တော် ရဲ့ ချစ်ခြင်းမေတ္တာ ကို ပြဖို့ သာသနာလာပြု တဲ့ အကြောင်း ကို ပြောမယ်..။ လူသား အချင်းချင်း လေးစားမှု ကို ပြသမယ်ပေါ့..ဒီလို နဲ့ တစ်ဆင့်ခြင်း ပြောင်းလဲ သွားတာ ပါပဲ..ကိုအောင်။ လူဆိုတာ မေတ္တာ ကို မလိုချင်သူမရှိ ဂရုစိုက်တန်ဖိုးထားမှု ကို မလိုချင်သူမရှိ..ဒါတွေ ကြောင့် ဒီ ဘာသာကို ၀င်လိုက်ရတယ်ဆို လဲ ဒါဟာ ထိုက်တန်တယ်လို့ မြင်ခွင့် မရှိဘူးလား။
ဘာသာတရားတွေ ဆို တာ ဆားဗစ်လုပ်ငန်းတွေ နဲ့ တူတူလာပါတယ်။ ကိုယ့် Company က ဆားဗစ်ပို ကောင်း မှ လက်တွေ့ပြနိုင်မှလဲ ကိုယ့် ရှယ်ယာ ကို ၀ယ်သူ များမှာ ပဲ။ ဒါက လောကတံထွာ ဓမ္မတာ ပါပဲ။ တမလွန် ကိစ္စ ရုပ်နယ်လွန် ကိစ္စ တွေ က သူယုံ ကိုယ်ယုံ ကိစ္စတွေ ဆို တော့ အားလုံး စိတ္တဇတွေ ပဲ လို့ ပြောရမယ်။ ဒီတော့ ကွာခြားချက် က တော့ ဒီ ပစ္စုပ္ပန် ဘ၀မှာ လက်တွေ့ ဘယ်လို အကျိုးရှိမလဲ ဆို တာ ပေါ်မှာ ပဲ မူတည်ပြီး ဆုံးဖြတ်ကြမှာ ပါပဲ။ ဒါက အရမ်းရိုးစင်းလွန်း ပါတယ်။
ဖြစ်ရပ်တစ်ခုပြောမယ်။ ဆရာကြီးဦးဖေမောင်တင် ဆိုတာ ကြားဖူးလား။ ပါဠိပညာရှိကြီးပါ။ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာကြီး ကို ရှေးဦးဆုံး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ တဲ့ ပညာရှင်ကြီးပါ။ ဆရာကြီး က ငယ်စဉ်က ခရစ်ယာန်ဆိုပေမဲ့ ဘုန်းကြီးတွေ ကို စာချနိုင်တဲ့ ဗုဒ္ဓဘာသာပဏ္ဍိတ် ကြီးပါပဲ..။ သူ အသက် ၈၀ ရောက်တော့ တမလွန်ခရီးအတွက် ဗုဒ္ဓဘာသာ ကို ပဲ ရွေးရမလား ခရစ်ယာန်ပဲ ရွေးရမလား ဝေခွဲတယ်။ နှစ်ဘာသာလုံး ကို မွှတ်နေအောင် အသိကြီးသိသူပါပဲ..။ နောက်ဆုံး သူ့ နှလုံးသား အတွက် ခရစ်ယာန်ဘာသာလမ်း ကို ရွေးခဲ့တယ်။ ဒါကို ဗုဒ္ဓဘာသာဝင်တပည့်တွေ က မကျေနပ်တော့ စောဒကတက်ကြတယ်..။ ဆရာကြီး က တော့ အေးအေးလူလူ ပဲ ပြန်ပြောပါတယ်။
မင်းတို့ ဗုဒ္ဓဘာသာ က ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရှုပ်သကွာ။..ပါတဲ့။ တိုတိုကျဉ်းကျဉ်း နဲ့ ဘ၀လမ်းညွှန် တမလွန်လမ်းညွှန်ဖြစ်မယ်ထင်တဲ့ ဓမ္မ ကို ပဲ သူ့ စိတ်တိုင်းကျ ရွေးချယ်သွားပုံ ရပါတယ်။

" အ ရွယ် ငယ် တုန်း အ ပျော် ဆုံး "

" တို့ မြေ ဌာ နီ, ရှေး ခါ ဆီ ဝယ်, မ ထေရ် အ ပေါင်း, စံ ရာ ကျောင်းမှ, ငြိမ့် ညောင်း သာယာ, မိန့် အာဏာကို, ရပ်ရွာလူများ, လွန် လေး စားခဲ့ ။
ခုကား သို့နှယ်, မဟုတ်ကွယ်၍, နယ်ပယ်စီးပွား, သားသမီးတို့, ဘုန်းကြီးကျောင်းတွင်, စာမသင်တော့ "

" ထိုသူ့ဘာသာ, ထိုသူ့စာမူ, ခေတ်ခါအလိုက်, လောကတိုက်ဝယ်, သိုက်မြိုက်ဖို့ရန်, အ ကြောင်း မှန်လည်း, နောင်သံသာတွက်, ကြောင်းမဖက်၍, သက်သက်မျက်စိ, တစ်ဖက်ကြည့်တည်း "

" ဤသည့်တိုင်းသာ, နှစ် ပေါင်း ကြာ လျှင်, မြန်မာတိုင်းဖွား, အမျိုးသားတို့,ဘုရားကိုစွန့် , တရားစွန့်၍, စွန့်လိမ့်မှန်စွာ, မြတ်သံဃာတည်း " တဲ့ ။

ဒီ စာ ဟာ ကျေး ဇူး တော် ရှင် မဟာဂန္ဓာရုံ ဆ ရာ တော် ဘု ရား ကြီး ( ၁၃၂၁ ) ခုနှစ် က ရေးတော်မူခဲ့တဲ့စာပါ ။ င်္ဒီ စာ ( ၅၃) နှစ်တာမျှ ကြာ ညောင်း လာ တဲ့ ယ ခု ချိန် မှာ ဒီ စာ အ တိုင်း အ ခြေ အ နေ တွေ ဖြစ် ပေါ် နေ တာ ကို တွေ့ ကြုံ လာ ရ သည် ။

မြောက် ပိုင်း ရှမ်း ပြည် နယ် , ဗုဒ္ဓဘာသာ ပ လောင် ရွာ လေး တစ် ရွာ မှာ ဘာ သာ ခြား ဆရာမ တစ်ဦး ရောက် လာပြီး က လေး တွေ ကို အ ခ မဲ့ စာ သင် ပေး တယ်, က လေး တွေကို သူတို့ ဘာသာတရား ဟောတယ်, က လေး မိဘ တွေ ကို ကူညီ ထောက်ပံ့တယ်, ကျန်းမာရေး စောင့် ရှောက် ပေး တယ်, အဲ ဒီ လို နဲ့ မ ကြာ ခင် မှာ ဆင်း ရဲ တဲ့ ဗုဒ္ဓဘာသာ ပ လောင် ရွာ လေး တစ် ရွာ လုံး ဘာသာခြားရွာ ဖြစ်သွားတယ် ။

သီပေါမြို့ အနီး ကုန်းသာရွာ ၃ ပုံ ၂ ပုံ ဟာ ခရစ်ယာန် တွေ ဖြစ် ကုန် ပြီး ၊ နောင်ပိန်ရွာ တစ် ဝက် က တော့ မွတ် စ လင် တွေ ဖြစ် ကုန် ပါ ပြီ ။

ဒီ က နေ့ မြန် မာ နိုင်ငံ တစ် ဝန်း ရှိ ပြည် နယ် နဲ့ တိုင်း တွေ မှာ ယ ခု လက် ရှိ ဘူး သီး တောင် နှင့် မောင်း တော ကဲ့ သို့ ဘာ သာ ခြား တို့ ရဲ့ အုံ နဲ့ ကျင်း နဲ့ စု ဝေး နေ ထိုင် ရာ ရွာ ကြီး ရွာ ငယ် တွေ ရပ် ကွက် တွေ တစ် နေ့ တစ် ခြား တိုး တက် လာ တာ ကို မျက် ဝါး ထင်ထင် တွေ့ မြင် နေ ရ ၏ ။

ဘာသာခြားတွေ အပေါင်းလက္ခဏာပြတဲ့ နေ ရာ တိုင်း မှာ ဗုဒ္ဓဘာသာဝင် တွေက အနှုတ်လက္ခဏာ ပြကုန်ကြ၍ နောင် အ နာ ဂတ် အ တွက် စိုး ရိမ် စ ရာ ပင် ။ ဗုဒ္ဓသာဝင် အားနည်းသော ဒေသ တွေမှာဆိုရင် ဗုဒ္ဓဘာသာဝင် များ ဟာ မျက်နှာငယ်ကြရသည် မဟုတ်ပါလော ။
ယ ခု စစ် တမ်း များ အရ ရ ခိုင်ပြည် ဘူးသီးတောင်၊ မောင်းတော တွင် မွတ်စလင် ၉၄% နှင့် ရခိုင်ဗုဒ္ဓဘာသာဝင် ၆% ဖြစ်နေ ပါ ပြီ ။

နောက်ဖြစ်ရပ် တစ်ခုမှာ သီပေါမြို့ ပေါ်သို့ ရွာကနေ စစ်ဒဏ်ပြေး ရှောင်လာသော ကလေး ( ၁၅ ) ယောက်အား ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ အပ်နှံရာ ကျောင်းထိုင်ဘုန်းကြီးမှ " ကျွေးမွေးဖို့ရာ ခက်ခဲတယ် " ဆိုပြီး လက်မခံတဲ့ အကြောင်း ၊ ထိုကလေးများ ကို ခရစ်ယာန် Chruch ကျောင်းက လက်ခံယူလိုက် ကြောင်းသိခဲ့ရ ပါသည် ။

ထို့ကြောင့် ဘုန်းတော်ကြီးများမှ ဦးဆောင်၍ ဗုဒ္ဓဘာသာဝင် များ အနေ ဖြင့် ဘုန်းတော်ကြီးစာသင်ကျောင်း ၊ မိဘမဲ့ကလးဂေဟာ ၊ အခမဲ့ ပညာဒါနသင်တန်း နှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း စသည်တို့ကို ဦးစီးဦးဆောင် တည်ထောင်ကြစေခြင်ပါသည် ။

ထို့သို့ကလေးသူငယ်တို့ နှလုံးသားမှာ မပျက်စီးနိုင်တဲ့ ဉာဏ်ဘုရားတည်ပေးခြင်းဖြင့် ကလေးတွေကိုထိန်းသိမ်းကြဖို့
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
ဘုရားကြီးက သူ့ လင်္ကံင်္ံင်္ာံကို အောက်ပါအတိုင်း အဆုံးသတ်ပြီး သတိပေး တော်မူခဲ့ပါသည် ။

ထိုခါ တိုင်းဖွား၊ လူအများလည်း၊ တရားလက်ကွာ၊ တစ်ဖက်စာကြောင့်၊ ဆက်ကာ ခုထက်၊ တိုး၍ ပျက်လိမ့်။
သို့တွက် များပြား၊ ဘုန်းဘုရားတို့၊
တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍၊
မလင့်စေရ၊ ကိုယ့်ဒေသ၌၊သိပ္ပ-ဝိဇ္ဇာ၊
ပြသင့်ရာကို၊ ကောင်းစွာပိုင်ပိုင်၊
ပြသနိုင်မှ၊ ဘုန်းလှိုင်ဟောပြ၊
သြဝါဒကို၊ စိတ်က ကြည်ဖြူ၊
လိုက်နာယူလျက်၊ ကိုယ်မူနှုတ်ပြောင်း၊
စိတ်လည်းကောင်း၍၊ နောက်နှောင်းမြန်မာ
သာသနာသည် ရှည်ကြာနေသို့ ထွန်းမည်ကို ။ ။ ။

" ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းပါစေ "

http://taste-of-dhamma.blogspot.com

Apr 6, 2013

ဘာသာရေးဟာ ဘယ်တော့မှ သိပ္ပံနည်းမကျနိုင်ပါ

တစ်ခါ က လူငယ်လေးတစ်ယောက်က အိုင်းစတိုင်းဆီ ကို လာ တယ်။ သူမေးတာ က ဆရာကြီးခင်ဗျာ..ဗီထိုဘင် ရဲ့ န၀မမြောက်ဆင်ဖိုနီ ကို ရုပဗေဒ က အသံလှိုင်းဗေဒ (Acoustics) နဲ့ များ အသေးစိတ် ရှင်းပြလို့ ရမလား..ရယ်လို့ ပါ။ ဒီတော့ အိုင်စတိုင်း က ပြော တယ်..အင်း..ရှင်းပြလို့တော့ ရ သကွ..နို့ပေမဲ့ ရှင်းပြလိုက်တဲ့ အခါ မှာ အဲဒီ အရာ ဟာ ဗီထိုဘင် ရဲ့ န၀မမြောက်ဆင်ဖိုနီ လဲ မဟုတ်တော့ဘူး ကွ။ လို့ ပြောသတဲ့။ တကယ်တော့ ဗီထိုဘင် ရဲ့ န၀မမြောက်ဆင်ဖိုနီ က နှလုံးသား နဲ့ ခံစား နားလည် ရမှာ ပါ..။ သိပ္ပံ ပညာ က မမြင်နိုင်တဲ့ အရပ်ပါပဲ။ ကလေးငယ်လေး တစ်ယောက် ရဲ့ ၀မ်းနည်းမှု ကို သိပ္ပံပညာ က ဝေေ၀ဆာဆာ ရှင်းပြနိုင်ပေမဲ့ ဒီ ကလေးရဲ့ နှလုံးသာ နုနုလေး ဟိုး အတွင်းဆုံး အလွှာ ကို သိပ္ပံပညာ က ဘယ်တော့ မှ မရောက်နိုင်ပါဘူး။ဒါကို စိတ္တဗေဒ မှာ Qualia လို့ ခေါ်တယ်..။ လူသား ရဲ့ စိတ်ခံစားမှု အာရုံခံစားမှု အနုပညာ ကိုယ်ကျင့်တရား နဲ့ ဘာသာရေး အသိဥာဏ် တွေ အားလုံး ရဲ့ နယ်ပယ်..ကိုယ့်ဝမ်းနာ ကိုယ်သာသိ တွေ ရဲ့ နယ်ပယ် ပါပဲ။


ဒါကြောင့် ဆရာကြီးရွှေဥဒေါင်း ရဲ့ အဆို ကို ကန့်ကွက်ပါတယ်။ ဆရာကြီးပြောသလို...((အမှန်စင်စစ်မှာ လောကဓာတ်နည်း (သဘာဝနည်း) သည် သာလျှင် ခပ်သိမ်းသော အယူဝါဒများနှင့် ပြဿာနာဟူသမျှကို တိုင်းတာရမည့် ပေတံကြီးသဖွယ် ဖြစ်သင့်ပေသည်။))..ဆိုတာ ဘယ်နည်း နဲ့ မှ မဖြစ်နိုင်ပါဘူး။ ဘာသာတရား တွေ နဲ့ သိပ္ပံပညာ တွေ အလုပ်လုပ် နေတဲ့ နယ်ပယ် နဲ့ လုပ်ထုံးလုပ်နည်း တွေ က တစ်ကမ္ဘာစီ တစ်ဘာသာစီ ဖြစ်လို့ ပါပဲ။

သိပ္ပံ ရဲ့ လုပ်ထုံး က အချက်အလက်တွေ ကို စုဆောင်းတယ်..တိုင်းတာသတ်မှတ်တယ်..ပြီးတော့ အနုမာနတွေ တည်ဆောက်တယ်..ဒါတွေ ကို လက်တွေ့စမ်းသပ်စစ်ဆေးကြည့်တယ်..အချက်အလက်နဲ့ မကိုက် ရင် အနုမာန ကို ပြန်ပြင် တယ်။ စမ်းသပ်စစ်ဆေးမှုတွေ နဲ့ကိုက်ညီသွားတဲ့ အနုမာန ကို သီအိုရီ အဖြစ်ထုတ်ယူ တယ်။ ပညာရှင်တွေ ရှေ့ စစ်ဆေးခံဖို့ ချပြရတယ်..။ ငြင်းဆိုမှုတွေ ထပ်မံ စမ်းသပ်မှုတွေ ကို ရင်ဆိုင်ရတယ်..။ သီအိုရီ က အထပ်ထပ် စစ်ဆေးခံနိုင်ဖို့ လိုသလို  တိကျတဲ့ ဟောကိန်း Predictions တွေ ကို လဲ ပေးနိုင်ရတယ်။ ဒါတွေ အားလုံးမှန်မှ သိပ္ပံသီအိုရီ တစ်ခု ဟာ အသိအမှတ်ပြုခံရပြီး ရပ်တည်နိုင်ပါတယ်။ ဒါတောင်မှ အမြဲထာဝရမှန်တဲ့ သစ္စာ လို့ မယူဆ ပါဘူး။ မှားကြောင်း သက်သေမပြနိုင်သေးသရွေ့ ယာယီ အားဖြင့် မှန်နေတဲ့ အမှန်တရားလို့ ပဲ သတ်မှတ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ မှာ ရှိ တဲ့ အနက်ရှိုင်းဆုံး ဗောဓိဥာဏ် အတွေ့ အကြုံ ခရစ်ယာန် ဘာသာမှာ ရှိတဲ့ ဘုရားသခင်ရှေ့မှောက်မှာ လင်းပွင့်ခြင်း Illumination တွေ နဲ့ အစ္စလာမ် ဆူဖီသူတော်စင်ကြီးတွေ ရဲ့ အတ္တချုပ်ငြိမ်း ဘုရားထံ မွေးဖွား ရတဲ့ ဖနာ=ဗကာ နဲ့ ဟာကီကတ် အတွေအကြုံတွေ က သိပ္ပံပညာ ကို လွန်ပါတယ်။ ဘယ်တော့ မှ သိပ္ပံနည်းမကျနိုင်ပါ။ ကိုယ် ဓမ္မ ကိုယ် နှလုံးသား နဲ့ သိမြင် ရတာ ဖြစ်ပါတယ်။

သိပ္ပံပညာ မှာ ဖယ်ထုတ်ထားရတဲ့ အရာတွေ ဖြစ်တဲ့ ခံစားမှု တွေ ယုံကြည်သက်ဝင်မှု တွေ က ဘာသာတရားတွေ ရဲ့ ၀ိညာဏ်တွေ နှလုံးသည်းပွတ်တွေ ဖြစ်နေပြန်တယ်။ ယုံကြည်သက်ဝင်မှု မပါရင် ဘာသာတရား လမ်းကို လျှောက်လို့ မရနိုင်ဘူး။ ဘာသာရေး အသိအလင်း က သိပ္ပံပညာ ရဲ့ ဓမ္မ ဓိဋ္ဌာန် အမှန်တရားမျိုး မဟုတ်လို့ ပါ။ ဒါက သိပ္ပံ နဲ့ ဘာသာတရားတွေ ရဲ့ အကြီးမားဆုံး အဟ ပါပဲ။ ဒါကြောင့် ဘာသာတရားတစ်ခု ရဲ့ အမှန်တရား ကို လောကဓါတ်သိပ္ပံ နဲ့ တိုင်း တာ လို့ မရသလို ဘာသာတရားတစ်ခု ရဲ့ အမှန်တရား ကို တစ်ခြား ဘာသာတရား တစ်ခု နဲ့ လဲ တိုင်းတာလို့ မရပါဘူး။သူ့ယုံကြည်ချက် နဲ့သူ သူ့ စံ နဲ့ သူ ပါပဲ။ ဒါကြောင့် သိပ္ပံပညာ မှာ လက်တွေ့စမ်းသပ်ချက်နဲ့ မကိုက်ညီတဲ့ အနုမာန တွေ ကို ယတိပြတ်ပယ်ထုတ်လို့ ရပေမဲ့ ဘာသာတရားတွေ က ခံစားသိ နဲ့ ယုံကြည်မှု တွေ ရဲ့ နယ်ပယ်ဖြစ်လို့ အမြင်တိုင်းဟာ သူ့တန်ဖိုးနဲ့ သူလို့ ပဲ ဆို ရပေမယ်..ဗုဒ္ဓဘာသာပေတံ ကို ကိုင်ပြီး အစ္စလာမ် ကို မှားတယ် ပြော မရသလို အစ္စလာမ် ပေတံ ကို ကိုင်ပြီး ဟိန္ဒူ မှားတယ်လို့ လဲ ပြော မရပြန်ဘူး။ ဘာသာရေး က ကိုယ်တိုင် ကျင့်သုံးအားထုတ် လို့ ခံစားသိမြင်ရတဲ့ မိမိ အတွင်းအဇ္ဈတ္တ နဲ့ လုံးဝသက်ဆိုင်လို့ပါ။
ဒါပေမဲ့ မျက်မြင်ဗဟိဒ္ဓ ရုပ်လောကကြီး နဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေ မှာ တော့ ဘာသာရေး ဟာ သိပ္ပံ ကို နေရာပေးသင့်ပြီလို့ ထင်ပါတယ်။ ရူပဗေဒ ဓါတုဗေဒ နက္ခတ္တဗေဒ ဘူမိဗေဒ ဇီဝဗေဒ သတ္တဗေဒ စတဲ့ သိပ္ပံဗေဒ အသီးသီးဟာ အဖိုးမဖြတ်နိုင်တဲ့ လူ့အသိပညာ ဘဏ္ဍာတိုက်ကြီး ကို ဖြည့်ဆည်းပေးခဲ့ ကြပြီ ဖြစ်လို့ ဒီ အကြောင်း အရာ တွေ မှာ တော့ ဘာသာတရား တွေ က အလျှော့ပေးကြရမယ်။ ဥပမာ မျက်မြင် ကမ္ဘာကြီး ရဲ့ သက်တမ်း ကို သိချင်ရင် ဘူမိဗေဒ ကို သာ လေ့လာပါ..ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ကျမ်းတွေမှာ သွား ရှာ မနေပါနဲ့ တော့ လို့ ဆို လို ချင်တာပါ။ လူသား တွေ စတင်ဖြစ်ပေါ်လာပုံ ကို လေ့လာချင်ရင် လဲ ထို နည်းတူပဲ ဇီဝဗေဒ သတ္တဗေဒ စတဲ့ သိပ္ပံဗေဒ ကို ပဲ လေ့လာ ကြရလိမ့်မယ်။ ဘာသာရေးကျမ်းဂန်တွေ ရဲ့ အဆို တွေ ကို ထည့်မစဉ်းစားပါနဲ့ တော့။
ဘာသာရေး က ပေးတဲ့ တစ်ခုတည်းသော ဆုလာဘ် က လူ့ နှလုံးသား ရဲ့ အဇ္ဈတ္တ ပြောင်းလဲ ရေး နဲ့ စိတ် ငြိမ်းချမ်းလွတ်မြောက်ရေး တွေ ပဲ ဖြစ်ပါတယ်။ ဒီ ကဏ္ဍလေး တစ်ခု နဲ့ တင် ဘာသာတရားတွေ ဟာ လူ့ လေးမြတ်ပူဇော်မှုတွေ နဲ့ ထိုက်တန်တယ်လို့ မြင်မိပါတယ်။ သိပ္ပံ ရဲ့ တွေ့ရှိချက်တွေ ကို ဘာသာရေး ရဲ့ နှလုံးသား နဲ့ ပေါင်းစပ်ပေးမှ သာ လူသားရဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှု ဖြစ်နိုင်တယ်လို့ မြင်မိပါကြောင်း။

2012/9/17 Mr. Jugger

ဗုဒ္ဓ၀ါဒနှင့် လောကဓာတ်ပညာ

ဗုဒ္ဓ၀ါဒသည် လောကဓာတ်နည်းနှင့် စံထိုး ခံနိုင်ဆုံးဖြစ်သည်ဟု အသားယူကြရခြင်း၊ လောက၀ိဓူကျမ်းက ဆိုတိုင်း ဘုရားဟောဖြစ်သည်ဟု မယူဆထိုက်ပုံ။

ကျွန်ုပ်၏ ဆောင်းပါးများကို ဖတ်ရူကြသော ပုဂ္ဂိုလ်များ အနက်၊ ရဟန်းပုဂ္ဂိုလ်တစ်ပါးနှင့် လူပုဂ္ဂိုလ် အချို့က ဦးနှောက်ကို လုံးဝ အသုံးမပြုထိုက်ကြောင်းနှင့် ဘာသာရေးအယူအဆများအကြောင်းကို ဆင်ခြင်သုံးသပ်မိသည့်အလျောက် ကျွန်ုပ်၏ထင်မြင်ချက်များကို တင်ပြလိုသော ဆန္ဒဖြစ်ပေါ်လာပါတော့သည်။

ကျမ်းကိုးနှင့် မပြီးသောခေတ်

ဤခေတ်သည်ကား လောကဓာတ်ပညာ ထွန်းကားသောခေတ်ဖြစ်သည့်အလျောက် (လောကီ) အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသည်ဆိုသူများသည် ပြဿာနာတစ်ခုကို သဘာဝကျကျ စဉ်းစားတတ်ဖို့ (Scientific Minded) ကြိုးစားလေ့လာကြရလေသည်။

ဗုဒ္ဓဘာသာဖြစ်လျှင် မည်သည့်ကျမ်းဂန်က မည်ကဲ့သို့ ဆိုသည်ဟူ၍ လည်းကောင်း၊ ခရစ်ယာန်ဖြစ်လျှင် သမ္မာကျမ်းစာ၌ မည်ကဲ့သို့ဆိုသည်ဟူ၍လည်းကောင်း၊ မူစလင်ဖြစ်လျှင် ကိုရန်ကျမ်းက မည်ကဲ့သို့ဆိုသည်ဟူ၍လည်းကောင်း၊ ဟိန္ဒူဖြစ်လျှင် ဥပနစ်ရှဒ်ကျမ်းက ဘယ်ကဲ့သို့ဆိုသည်ဟူ၍လည်းကောင်း၊ အကိုးအကား ထောက်ပြရုံမျှနှင့် မှန်ရမည်ဟု တစ်ခါတည်း လက်ခံယုံကြည်ကြသော ခေတ်မျိုးမဟုတ်တော့ချေ။

ရှေးကျသော ဗုဒ္ဓဘာသာဝင်အချင်းချင်းဖြစ်စေ။ ခရစ်ယာန်အချင်းချင်းဖြစ်စေ၊ မူစလင်အချင်းချင်းဖြစ်စေ၊ ဟိန္ဒူအချင်းချင်းဖြစ်စေ၊ လက်ခံကောင်း လက်ခံကြပေမည်။

စူးစမ်းဆင်ခြင်တတ်သော အလေ့အထ ထွန်းကားလျက်ရှိသော ဤခေတ်၌မူကား၊ ကျမ်းကိုးမူလောက်နှင့် လက်ခံကြတော့မည် မဟုတ်၊ ထိုကျမ်း၌ ဖော်ပြပါရှိသော အဆိုသည် လောကဓာတ်နည်းဖြင့် သဘာဝကျကြောင်းရှင်းရှင်းလင်းလင်း တင်ပြနိုင်မှသာလျှင် ၎င်းကျမ်းအဆို၏ မှန်ကန်ကြောင်းကို လက်ခံယုံကြည်ကြမည့် ခေတ်မျိုးဖြစ်လေသည်။

ဗုဒ္ဓဘာသာရော လောကဓာတ်ပညာပ် လေ့လာဖူးသည့် အကြားအမြင်များသော ပုဂ္ဂိုလ်များကမူ၊ ဗုဒ္ဓဘာသာသည် လောကဓာတ်ပညာနည်းဖြင့် အစမ်းသပ်ခံနိုင်ဆုံးသော ဘာသာကြီး (Most Scientific Religion) ဖြစ်သည်ဟူ၍ အသားယူလျက်ရှိကြရသည်။

ဆိုလိုရင်းမှာ မည်သည့် အခြင်းအရာ (ဘာသာရေးလည်းပါဝင်သည်) ကို မဆို သဘာဝလည်းဟူသော ပေတံဖြင့် တိုင်းတာရမည်။ ချိန်ထိုးရမည်ဟူ၍ အဓိပ္ပာယ်ရှိ၏ ။ ကာလမသုတ်၌ ဗုဒ္ဓဟောတော်မူခြင်းမှာလည်း ဤသဘောပင် သက်ရောက်၏ ။
သို့စဉ်လျက် ကျွန်ုပ်၏ နှလုံးနှင့် ဦးနှောက် ဆောင်းပါးကိုကန့်ကွက်ကြသော ပုဂ္ဂိုလ်များကမူ၊ ဗုဒ္ဓဘာသာကျမ်းဂန်များကို လောကဓာတ် (ဘဘာဝ) နည်းဖြင့် ချိန်ထိုးဖို့မလို လောကဓာတ်နည်းများသာလျှင် ဗုဒ္ဓဘာသာကျမ်းဂန်များဖြင့် ချိန်ထိုး ကြည့်ရမည်ဟု ရေးသားဖော်ပြကြသည်။

ယင်းသို့ဆိုလျှင် ခရစ်ယာန်ကလည်း သမ္မာကျမ်းစာဖြင့် ချိန်ထိုးရမည်ဟူ၍လည်းကောင်း၊ ဟိန္ဒူကလည်း ဥပနစ်ရှဒ်ကျမ်းကြီးဖြင့်လည်းကောင်း၊ မူစလင်ကလည်း ကိုရန်ကျမ်းဖြင့် ချိန်ထိုးရမည်ဟူ၍လည်းကောင်း၊ အသီးသီးဆိုကြပေလိမ့်မည်။

ဤကဲ့သို့ အသီးသီးဆိုကြခြင်းပင်လျှင် နည်းလမ်းမကျ (သဘာဝမကျ)ဟု ကျွန်ုပ်နားလည်သည်။

အမှန်စင်စစ်မှာ လောကဓာတ်နည်း (သဘာဝနည်း) သည် သာလျှင် ခပ်သိမ်းသော အယူဝါဒများနှင့် ပြဿာနာဟူသမျှကို တိုင်းတာရမည့် ပေတံကြီးသဖွယ် ဖြစ်သင့်ပေသည်။

(ဗုဒ္ဓ၏ စကားတော်မှန်ခဲ့လျှင်လည်း လောကဓာတ်နည်းဖြင့် ပေတံထိုးခြင်း ခံနိုင်သည်ဟု ကျွန်ုပ်ယုံကြည်သည်)

ရွှေဥဒေါင်း၏ ဗုဒ္ဓဘာသာ၏ ရှုထောင့်များ စာအုပ်မှ ကောက်နုတ်ချက်များ

ဗုဒ္ဓ ဟာ တရုပ်လဲ မဟုတ် ကုလားလဲ မဟုတ် ဘာလူမျိုး မှ မဟုတ်

ဗုဒ္ဓ ဟာ တရုပ်လဲ မဟုတ် ကုလားလဲ မဟုတ် ဘာလူမျိုး မှ မဟုတ်ပါဘူး။
ပါဠိတော် တစ်နေရာ မှာ ဗုဒ္ဓ ကို သင် ဟာ လူ လော နတ်လော ဂန္ဓဗ္ဗ လော လို့ မေး
တော့ ဗုဒ္ဓ က ငါသည် လူ လည်းမဟုတ် နတ် လည်းမဟုတ် ဂန္ဓဗ္ဗ လည်းမဟုတ် လို့
ဖြေတော် မူပါသတဲ့ ။ ဒါဆို သင် က ဘာလဲ လို့ မေးတော့ ငါ ဟာ တထာဂတ ဖြစ်တယ်
လို့ ဆို ပါတယ်။
တထာဂတ ဆို တာ ကို တိပိဋက ပါဠိ မြန်မာ အဘိဓါန် အတွဲ (၉) မှာ စာမျက် နှာ ၆
မျက် နှာ လောက် ကို အနက် အကျယ် ဖွင့်ထား တယ်။ အချုပ် ပြော ရ ရင် တော့
ရှေးဘုရားတွေ ကဲ့ သို့ လာခြင်းကောင်းတော်မူ သော ကိလေသာ နဲ့ ဂတိ ၆ ပါး ကို
ကျော်လွန် ပြီး အမှန် ကို အမှန်အတိုင်း ထိုးထွင်း သိသူ ဆို တဲ့ အနက်
ပါပဲ။
ဒီတော့ ဗုဒ္ဓ ဟာ လူ မဟုတ် တထာဂတ သာ ဖြစ်တယ် ဘ၀ထိုထို ရဲ့ ရေသောက်မြစ် ကို
ဖျက်ဆီးချေမှုန်းပြီးသူ ဖြစ်တော့ ဗုဒ္ဓ က ကုလား လို့ ပြော တာ မမှန်ပါဘူး။
ဗုဒ္ဓ ဂုဏ်တော်နဲ့ ဥာဏ်ပညာတွေ တည်ရာ သိဒ္ဓတ္ထဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ် က တော့
ခတ္တိယနွယ် အိန္ဒိယ လူသား ဖြစ် တယ် လို့ တော့ ဆို နိုင် ပါတယ်။ ဗုဒ္ဓဘာသာဝင်
တွေ ရှိခိုးပူဇော် တာ က သိဒ္ဓတ္ထဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ် ကို မဟုတ်ပါ။ ထို
ပုဂ္ဂိုလ်မှာ ထင်ရှား ပေါ်လွင်သော ဗုဒ္ဓ ဂုဏ်တော်နဲ့ ဥာဏ်ပညာတွေ ကို ပဲ
ဖြစ်ပါတယ်။
ဥပမာ အစ္စလာမ် ဘာသာဝင်တွေ ၀တ်ပြု နေတာ ဗလီ နံရံ ကြီး ကို လဲ မဟုတ်ပါ
မက္ကာမြို့ က ကျောက်တုံး နက်ကြီး ကို လဲ မဟုတ်ပါ..အာရုံ ၆ ပါး နဲ့
မသိနိုင် မမြင်နိုင်သော ရုဏ်တော် အနန္တ အပေါင်း ခညောင်း ရာ အလ္လာဟ် ကို
ရည်စူး ၀တ်ပြု နေတာ ပဲ ဖြစ် ပါတယ်။
---
ချစ်သား ၀က္ကလိ..ဓမ္မ ကို မြင်သူ သည် ဗုဒ္ဓ ကို မြင်၏ ဗုဒ္ဓ ကို မြင်သူ သည်
ဓမ္မ ကို မြင်၏ လို့ ဟော တော့ ဗုဒ္ဓ ဆို တာ အသက် ၈၀ မှာ သေဆုံးခဲ့ တဲ့
သိဒ္ဓတ္ထ ဂေါတမ ကို ပြော တာ မဟုတ်ပါ။ ဗုဒ္ဓ ကို ပကတိ အသားမျက်စိ မံသစက္ခု နဲ့
မတွေ့ နိုင် ပါ။ တရားကို သိမြင် တဲ့ ဓမ္မ မျက်စိ နဲ့ သာ တွေ့ နိုင်ပါတယ်။
တစ်ခါ က ဂုရု နာနက် (ဆစ်ခဘာသာ ထောင်သူ အလင်းရှင်) က မက္ကာ ကို ဘုရားဖူး
သွားတယ်။ ဇရပ် ထဲ မှာ အိပ် နေ တုန်း ဂေါပက လူကြီး က လာ နိုး ပြီးတော့
သင့် ခြေထောက် တွေ က ကျောက်တုန်းနက် ဖက် ကို လှည့် နေလို့ ဘုရားသခင် ဖက်
ခြေမဆင်း ပါ နဲ့ လို့ ပြော တယ်။
ကျွန်ုပ် ခြေထောက်ဆင်းဖို့ အတွက် ဘုရားသခင် မရှိတဲ့ အရပ်မျက်နှာ ကို
ညွှန်ပြ ပါလို့ ဂုရု နာနက် က ပြန်ပြော တော့ ဂေါပကလူကြီးလဲ ခေါင်းခါပြီး
ပြန်ထွက် သွား ပါ သတဲ့။

ဘုရားသခင် ရှိ မရှိ = သူ့ဖက် ကိုယ့်ဘက် ငြင်းလို့ မဆုံးနိုင်သော တက္ကိကဗေဒ ပြဿနာ

ဘုရားသခင် ရှိ မရှိ ဆို တာ တက္ကိကဗေဒ ပြဿနာ ဖြစ်နေတာ ကြောင့် သူ့ဖက်
ကိုယ့်ဘက် ငြင်းလို့ မဆုံးနိုင်ပါ။
ဗုဒ္ဓ ကို ဘုရားသခင် ရှိ မရှိ လာ မေးရင် ဆိတ်ဆိတ် နေ တော် မူ မှာ အမှန်ပဲ။
လောက ဟာ အစ ရှိ မရှိ မေးခွန်း ကို ပြန်မဖြေ ပဲ ဆိတ်ဆိတ် နေတယ်။ လောက ဟာ
အစ ရှိ တယ် ဆို ရင် လောက ကို ဖန်ဆင်းတဲ့ ဘုရားသခင် ကို လက်ခံ ရမလို
ဖြစ်တယ်။ လောက ဟာ အစ မရှိ ပဲ နဂို တည်း က အမြဲ ထာဝရ ရှိ နေတယ် ဆို ရင် လဲ
ဒါ က ဘုရားသခင် ကို ငြင်းတဲ့ အမြင် ဖြစ် တယ်။ ဒီ Dilemma နဲ့ ကြုံ တဲ့
အခါ ဗုဒ္ဓ က ဒီ မေးခွန်း တွေ ကို မဖြေ ပါဘူး။
မဖြေခဲ့ တဲ့ အကြောင်း တရား တွေ ရှိတယ်။
(၁) တက္ကိကဗေဒ ပြဿနာ ဖြစ်နေတာ ကြောင့် လက်တွေ့ စမ်းသပ်စစ်ဆေး လို့ မရ တဲ့
ယုံကြည်မှု သက်သက် ရဲ့ နယ် ယုံတမ်းစကား တွေ ရဲ့ နယ် ဖြစ်တယ်။ ရှိ တယ်
ပြောလဲ ယုံတမ်းစကား ပဲ မရှိဘူး ပြောလဲ ယုံတမ်းစကား ပဲ။ ဘုရား သခင် ရှိ
တယ် ဆို တာ ယုံ ကြည်သူ တွေ အချင်းချင်း တောင် ဘုရားသခင် ရဲ့ Attributes
and Characteristics တွေ ကို ညှိ လို့ မရ တာ လေ..။ ခရစ်ယာန် အစ္စလာမ်
ဟိန္ဒူ ဘုရားရှိ ၀ါဒီ တွေ ဘုရားသခင် ကို လက် ခံ ကြ ပေမဲ့ အနက်ကွဲပြား စွာ
လက် ခံ ကြ တာ ဖြစ် လို့ ဒီ တက္ကိကဗေဒ ပြဿနာ ဟာ ဘုရားရှိ နဲ့ ဘုရား မဲ့
အကြား က ငြင်းခုံမှု သာ မက ဘုရားရှိဝါဒီ အချင်းချင်း တောင် ငြင်းမဆုံး
နိုင် တဲ့ ပြဿ နာ ဖြစ် လို့  ပဲ ဖြစ် တယ်။
(၂) လက်တွေ့ လူ့ ငြိမ်းချမ်းရေး နဲ့ မသက်ဆိုင်တဲ့ ကိစ္စ လဲ ဖြစ်တယ်။
ဘုရားသခင် ရှိ သည် ဖြစ်စေ မရှိသည် ဖြစ် စေ လူ က လူ့ ပြဿနာ တွေ ကို ရှင်း
နေ ရ တာ ပဲ။ လူ ကို မကောင်းမှု တွေ လုပ်စေတဲ့ လောဘ ဒေါသ မောဟ တရား တွေ ကို
လူ က မိမိ ကိုယ်ပိုင် စွမ်းအား နဲ့ ပဲ တားဆီးနိုင်တာ ဖြစ်တယ်။ ဒီ ရှု
ထောင့် က ကြည့် ရင် ဗုဒ္ဓ ရဲ့ အမြင် ဟာ Spiritual Humanism တစ်မျိုး ဖြစ်
တယ်လို့ ဆို နိုင် တယ်။ လူ ဟာ လူ့ပြဿနာ ကို ရှင်းနိုင်ဖို့ လုံလောက် တဲ့
အရည်အချင်း ရှိ တယ် ဆို တဲ့ အမြင် ပါပဲ။
ဒီ တော့ ဘုရား ကို ယုံခြင်း မယုံခြင်း ဟာ လူသား ကို ဘယ်လောက် အထိ
အကျိုးပြု မလဲ။ အကျိုးပြုတဲ့ အတိုင်း အတာ အထိ လက်ခံ ကြ ရ မှာ ပဲ ဖြစ်တယ်။
လူ့ဘောင် သမိုင်းမှာ ဘာသာရေးဖိနှိပ်မှု ကြောင့် လူ အမြောက် အများ သေကြေ
ခဲ့ တယ်.။ ဘာသာရေး စစ်ပွဲ တွေ ကြောင့် သမိုင်း ဟာ သွေးစွန်းခဲ့ တယ်။ ထို့
အတူ ပဲ မျက်မှောက်ခေတ် မှာ ဘာသာရေး ကို အခြေခံ တဲ့ အကြမ်းဖက် လုပ်ရပ်တွေ
ကြောင့် လဲ လူသားများစွာ အတိ ဒုက္ခ ရောက်ခဲ့ ရတယ်။
ဘာသာမဲ့ တွေ ကြောင့် သေကြေပျက်စီးမှု တွေ လဲ မနည်း ပါ။ ကွန်မြူနစ်ဘာသာမဲ့
တွေ ကြောင့် ရုရှား တရုပ် နဲ့ ကမ္ဘောဒီးယား လို နိုင်ငံမျိုး တွေ မှာ
သန်းချီသေတဲ့ လူသတ်ပွဲကြီး တွေ ဖြစ်ခဲ့ လူသားတွေ မျက်ရည် ပင်လယ် ဝေခဲ့ ကြ
ရ တာ လဲ အထင် အရှား ပါ။
ဒီတော့ ဘုရား ကို ယုံ လဲ မိမိ ယုံကြည်မှု ကြောင့် လူသားညီအကိုချင်း
သတ်ဖြတ် ရ တယ် ဆို လဲ ဒီ ယုံကြည်မှု က အကျိုးယုတ် စေတဲ့ ယုံကြည်မှု ပဲ
ဖြစ်တယ်။ ဘာသာမဲ့ ဘုရားမဲ့ ဖြစ်ပြီး လုပ်ချင် တာ လုပ် လို့ ရပြီ ဆို ပြီး
လူသားအချင်းချင်း နှိပ်စက် သတ်ဖြတ် မယ် ဆို လဲ ဒီ မယုံ ကြည်မှု က
မှားယွင်း တဲ့ မယုံကြည်မှု ဖြစ်တယ်။ ဘာကို ယုံယုံ ဘာကို လုပ်လုပ် လူသား
ရှုထောင့် Human Dimension ကို မျက်ခြေ မပြတ်ဖို့ တော့ လို တယ်။
ဘာသာရှိ ဖြစ်ဖြစ် ဘာသာမဲ့ ဖြစ်ဖြစ် အတ္တ နဲ့ ပရ ဆင်ခြင်ခြင်း နဲ့ ခံစားမှု
လောကီ နဲ့ တမလွန် တွေ ကို ချင့်ချိန်မျှတ စွာ ဥာဏ်နဲ့ ယှဉ် ပြီး
လူသားကောင်းကျိုး အတွက် လုပ်ဆောင် နိုင်ကြ ရင် တော့ အကောင်းမြတ်ဆုံး သော
ဘာသာတရား ကို ကျင့်ကြံ တယ် မည် ပါတယ်။
ဒီ နေရာ မှာ လူသား ဆို တာ ဒြပ်မဲ့ နာမ် တစ်ခု မဟုတ်ပါ။ သင့် နေစဉ် ထိတွေ
ဆက်ဆံနေရတဲ့ သင့် မျက်မြင် က လက်တကမ်း က သွေးသားနဲ့ ဖြစ်တည် နေကြ တဲ့
လူသား တွေ ပဲ ဖြစ် ပါတယ်။
--------
၂၀၁၀ လောက်တုန်းက ရှမ်းပြည် အရှေ့ ပိုင်း တာလေ မှာ ငလျှင်လှုပ် တုန်း က
ခရစ်ယာန်ဘုရားကျောင်းထဲ မှာ လူ ၄၀ လောက် ပိတ်မိ ပြီ သေ ကုန်ကြတယ်။
ဘုရားရှိခိုးဝတ်ပြု နေတဲ့ အချိန်ပါ။ တစ်ခြား အချိန် ခေါ်တော်မမူ ပဲ ၀တ်ပြု
ချိန် တည့်တည့်ကြီး မှ ခေါ်တော်မူ ပုံ က တော့ ဘုရားသခင် ရဲ့ အကြံတော် ဆို
တာ ကို နားမလည်နိုင် အောင် ဖြစ် ရပါရဲ့။
Salmun Rushdie ရဲ့ Midnight Children ၀တ္တု ကြီးထဲ မှာ လဲ ဇာတ်လိုက် ရဲ့
အဖိုး က အစ္စလာမ်ဘာသာ ကို စွန့်ခဲ့ ပုံ အကြောင်း ဟာသ နှောပြီးရေးတယ်။
တစ်ရက်မှာ မက္ကာဖက် ကို လှည့် ပြီး ၀တ်ပြုညွှတ်တွား လိုက် စဉ် မှာ
အရှိန်လွန် ပြီး တမံတလင်း နဲ့ ရိုက်မိလို့ နှာခေါင်းရိုးကျိုးသွား သတဲ့။
နှာခေါင်း ကို တစ်ခြား အချိန်မှာ ချိုးတော်မမူ ပဲ သူ့ ကို ရှိခိုးတဲ့
အခိုက် ကျ မှ ချိုး ရ သလား ဆို ပြီး အစ္စလာမ်ဘာသာ ကို စွန့်ခဲ့ တဲ့
အကြောင်း ဖတ်ရပါတယ်။
-------
ဘုရား-ဖုရား ဆို တာ ပုသျှား က လာ တာ ဖြစ်တယ်။ ပုဂံခေတ် ကျောက်စာတွေ မှာ
လဲ ပုသျှ လို့ ပဲ ရေး တယ်။
ပုသျှား ဆို တာ ပုရိသ ပါပဲ။ အလိုခပ်သိမ်းပြည့်စုံစေသူ ဆို တဲ့ အနက် ရှိတယ်။
ဒီတော့ ဘာသာတရားတွေ မှာ အမြင့်ဆုံးပုဂ္ဂိုလ် ကို
ပုရိသ=ပုသျှား=ပုရား-ဖုရား=ဘုရား လို့ ခေါ်ဝေါ် သုံးနှုန်း တာ
သင့်မြတ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓ ဖြစ်ဖြစ် ယေဟောဝါ ဖြစ်ဖြစ် အလ္လာဟ် ဖြစ်ဖြစ် ဘုရား (
အလိုခပ်သိမ်းပြည့်စုံစေသူ ) ဆို တဲ့ အနက် နဲ့ သုံးထိုက် ပါတယ်။

အကြမ်းဖက်မှုနှင့် ဗုဒ္ဓဘာသာ

(၁) ဗုဒ္ဓဘာသာ နဲ့ ပတ်သက်တဲ့ အကြမ်းဖက်မှု ကို သိချင်ရင် တော့ သီရိလင်္ကာ သမိုင်း ကို သာ ဖတ်ကြည့်ပေတော့။ ဘာသာတရား ကို ကာကွယ်ဖို့ အတွက် စောဠကျေးကုလား တစ်သန်း ကို နှိမ်နင်းသတ်ဖြတ်ခဲ့ ရကြောင်း နဲ့ ဒုဋ္ဌဂါမဏိမင်းကြီးဟာ မိစ္ဆာဒိဋ္ဌိတွေ ကို ဂျီဟာဒ်လုပ်ပြီးသတ်ဖြတ်ခဲ့ လို့ အပြစ် မရှိတဲ့ အကြောင်း မဟာဝိဟာရကျောင်းတိုက်နေ ရဟန္တာမထေရ်ကြီးတွေ က ဆို ပါသတဲ့။ ဒီပ၀ံသ ကို ဖတ်ပါ။ မကြာသေးခင် ကာ လ ကပဲ တမီလ်ပြောက်ကျားတွေ ကို မျိုးတုန်း သတ်ဖြတ်သုတ်သင်တာ တွေ လုပ်ခဲ့ တဲ့ သီရိလင်္ကာ မှာ ဗုဒ္ဓဘာသာတာလီဘန် တွေ များစွာ ရှိမြှ ပါပဲ။ ဗုဒ္ဓဘာသာ နဲ့ သွယ်ဝိုက်သော် နည်းနဲ့ ပတ်သက်တဲ့ စစ်ပွဲတွေ (ဥပမာ အနော်ရထာ နဲ့ မနူဟာ ပိဋကတ် ၃ပုံ အတွက် တိုက်ကြတာမျိုး)  လဲ အများရှိ ရှိပါတယ်။ ညီ ဖတ်ချင်ရင် အကို မှာ Buddhism and Violence ဆို တဲ့ ကျမ်းကြီး ရှိတယ်..ပို့ပေးမယ်။ အကို က တော့ ကိုယ့်ပေါက်ကိုယ်လှန် မထောင်းချင် တော့ လို့ သိပ် အများကြီး မပြောတော့ ဘူး။

(၂) အင်ဒိုနီးရှား ဟာ အစ္စလာမ် နိုင်ငံ ဖြစ်ပေမဲ့ တို့ထက်သာတာတွေ အများကြီးရှိတယ်။ နိုင်ငံရေး ရက်ကျက်မှု ရှိလို့ လဲ ၁၉၈၉ လူထုအုံကြွမှု ကို အနုနည်းနဲ့ ဖြေရှင်းနိုင်ခဲ့ပြီးတော့ တိုင်းပြည်စီးပွားရေး မပျက်ယွင်းအောင် ထိန်းခဲ့တာ ပဲ။ မြန်မာပြည် ဖြစ်ပုံနဲ့ ဆင်တူပေမဲ့ အဖြေထုတ်သွားပုံ က အရမ်း ကွာပါတယ်။ ဒါတွေ ကို နမူနာ ယူရမှာ ဖြစ်တယ်။ ဒါပေမဲ့ အင်ဒို ကို စံပြတိုင်းပြည်လို့ ပြော နေတာ လဲ မဟုတ်ဘူး။ သူ့ မှာလဲ လူဦးရေ သန်း ၃၀၀ လောက် နဲ့ နိုင်ငံတွင်းပြဿနာ တွေ ဘာသာရေး အရဖိနှိပ်မှုတွေ ရှိနေတာ အမှန်ပဲ။ အခု မြန်မာဖွဲ့စည်းပုံ ဥပဒေ ဟာ အင်ဒို နမူနာ ကို ယူထားတာ ဖြစ်တယ်။

(၃) ဘာသာရေး ကိုင်းရှိုင်းမှု နဲ့ ကြည့် ရင် အစ္စလာမ်ဘာသာဝင် တွေ ကို ပဲ လေ့လာကြည့်စေချင်တယ်။ မှန်ခြင်း မှားခြင်း ကို မဆိုလိုပါဘူး။ ဘာသာရေးသွန်သင်ချက်တွေ ကို လိုက်နာမှု Obedience ကို ပဲ ဆိုလို တာ။ ဒါကတော့ အကြောင်းတရား များစွာရှိပါတယ်။ သပ်သပ် ဆွေးနွေးမှ ပဲ ရမယ်။ ဗုဒ္ဓဘာသာဝင်တွေ က တော့ အစစ်အမှန် ကိုင်းရှိုင်းမှု လိုနေသေးတယ် လို့ ပဲ မြင်တယ်..။ ဥပမာ ဗုဒ္ဓဘာသာစစ်စစ် ဆိုရင် အလုပ်မှာ လာဘ်မစား သင့်ဘူး မခိုးဝှက်သင့်ဘူး အရက်ဆိုင် မဖွင့်သင့်ဘူး။ ချဲမရောင်းသင့်ဘူး။ ၀ိသမလောဘ ငွေတိုးမချေးသင့်ဘူး..လို့ထင်တယ်။

(၄) ဗုဒ္ဓဘာသာ အနေနဲ့ ပြင်ဆင်သင့် တဲ့ အချက် ၁၀ ချက် ကို ညီလေး တင်နိုင်လင်း မေးလို့ အကို ဒီ Group ထဲ မှာ ပြောပြီး ပါပြီ။ ပြန်ရှာဖတ်ကြည့် ပါ။ ဒီနေရာ မှာအကျယ် ထပ်မပြောတော့ ပါ။ ညီလေး မတွေ့ ရင် အကို မင်းဆီ ကို ပို့ ပေးမယ်။

(၅) ကိုရီးယား ရုပ်ရှင် တွေ မှာ ၀တ်စားဆင်ယင်မှု နဲ့ ခရစ်ယာန်ဘာသာ အသားပေးမှုတွေ လူမှုရေး ကိုယ်ကျင့်တရားဆိုင်ရာ အမြင်တွေ ပါနေတယ်။ ဒါတွေ က တစစ နဲ့ လူငယ်ထုထဲ စိမ့်ဝင်နေတယ်။ အသံတိတ် ယဉ်ကျေးမှု တော်လှန်ရေး လို့ အကို နာမည်ပေးချင်တယ်။ မိန်းကလေးတစ်ယောက် က ပေါင်သားတွေ ဖေါ်လို့ ၀တ်စားပြတာ ကို ကြိုက်လို့ အများ က လိုက်ဝတ် ရင် ဒါက တော်လှန်ရေးတစ်ခုပဲ..နှစ်ပေါင်း ၁၀၀၀ ပိတ်ထားတဲ့ တံခါး ကို ဖွင့်လိုက်တာပဲ ဖြစ်တယ်..။ နောက်မှာ ယဉ်ကျေးမှု ပြောင်းလဲရေးတွေ ပါလာမယ်..။ အခု ကိုပဲ ခရစ်ယာန်ဘာသာ ကို အစုအပြုံလိုက် ကူးပြောင်းမှု Mass Conversions တွေ ဖြစ်နေပါပြီ။ လစ်ဘရယ် ၀န်းကျင်သစ်မှာ ဒါတွေ က ပို လို့ တိုးတက်များပြားလာ မှာ ဖြစ်ပါတယ်။ ဘာသာကူးပြောင်းတာ ဖက်ရှင်ဆန်းတစ်ခု လို ဖြစ်လာ တော့မယ် ထင်တယ်။

(၆) ဘာသာရေး ဆိုတာ ငယ်ငယ်တည်း က ကလေးတွေ ခေါင်းထဲ သွတ်သွင်းခံ ရတဲ့ လောကအမြင် ဘ၀အမြင်တွေ ကိုယ်ကျင့်တန်ဖိုးတွေ လူမှုရေးကျင့်ဝတ်တွေ ဖြစ်လို့ လူတစ်ကိုယ်လုံး ကို ထိန်းချုပ်ထားတဲ့ Key Software လို့ မြင်ပါတယ်။ လူ က နိုင်ငံရေး စီးပွားရေး ဘာလုပ်လုပ် ဘာသာရေး အခြေခံ က နောက်မှာ ရှိနေတယ် ဆို တာ မြင်တတ်ပါစေ..တရုတ်တွေ က အပေါင်ဆိုင်ဖွင့်ပြီး မွတ်စလင်တွေ က မဖွင့်တာ ဘာသာရေးကြောင့် ပါ။ ဗုဒ္ဓဘာသာဝင်တွေ က လယ်ထွန်ပြီး ဂျိန်းဘာသာဝင်တွေ က (လယ်ထွန်ရင် ပိုးမွှားတီကောင်သတ်တဲ့ ကံ ဖြစ်မှာ စိုးလို့) အထည်အလိပ် ကုန်သည်တွေ ပဲ လုပ် ကြတာ ဘာသာရေးကြောင့် ပါ..။ ပရိုတက်စတင့်တွေ ကို အလုပ်ကြိုးစားပြီး ကက်သလစ်တွေ က နည်းနည်း ပျင်းတတ်တာ ဘာသာရေးကြောင့်ပါ။ ဆက်ပြောရင် ကျမ်းလေးတော့ မယ်..။
 http://taste-of-dhamma.blogspot.com

ပုဂ္ဂိုလ်သုံးမျိုး

 
မိမိဘယ်ထဲမှာပါသနည်း။ ပုဂ္ဂိုလ်သုံးမျိုး ရှိလေသည်။
(၁) အန္ဓပုထုဇဉ် ။.....။ သက္ကယဒိဋ္ဌိ စွဲမြဲသူ
(၂) ကလျာဏ ပုထုဇဉ်။ …..။ သက္ကယဒိဋ္ဌိကို အထေိုက်အလျောက် ခွာနိုင်သူ။
(၃) အရိယာ။…..။ သက္ကယဒိဋ္ဌိကို အမြစ်ပြတ် ပယ်သတ်နိုင်သူ။

အန္ဓပုထုဇဉ်သည် …
ခန္ဓာ အာယာတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပာဒ် သတိပဋ္ဌာန် စသည်တို့ကို မသိ သူ။
အရိယာဟူ၍ မသိသူ၊ အရိယာတို့၏ တရား၌ အကျွမ်းမဝင်သူ။
သူတော်ကောင်းဟူ၍ မသိသူ၊ သူတော်ကောင်း တရား၌ အကျွမ်းမဝင်သူ ကို
ဆိုလိုသည်။
သက္ကယဒိဋ္ဌိကို မပယ်ရသေးသမျှ ကာလပတ်လုံး သံသရာမဆုံးနိုင် သံသရာ မဆုံးသမျှ မိစ္ဆာအယူတို့မှ မလွတ်မြောက်နိုင်ချေ။
သက္ကယဒိဋ္ဌိမကွာလျှင် ဝိပဿနာဉာဏ် မရနိုင်၊ သက္ကယဒိဋ္ဌိကွာမှသာ ဝိပဿနာဉာဏ် ရနိုင်၏။
ခန္ဓာတစ်ခုခြင်းကို ခွဲခြမ်းစိတ်ဖြာ၍ သဘာဝဆိုက်အောင် (သဘာဝအတိုင်း ဖြစ်
အောင်) မြင်နိုင်မှ ဃနပြို၏။ ဃနပြိုမှ သက္ကယဒိဋ္ဌိ ကွာနိုင်၏။

(ဝိပဿနာ မှတ်စုမှ ထုတ်နှုတ်တင်ပြသည်။)

" ကြီးပွားတိုးတက်ကြောင်း တရား - ၈ ပါး " (သုတ္တန်ပိဋကတ်၊ အဂ်ုတ္တိုရ်ပါဠိ)

၁ - ထကြွလုံ့လ၀ီရိယနှင့်ပြည့်စုံခြင်း                  - ( ဥဋ္ဌာနသမ္ပဒါ )

၂ - ကောင်းစွာစောင့်ရှောက်စုဆောင်းတတ်ခြင်း။   - ( အာရက္ခသမ္ပဒါ )

၃ - မိတ်ကောင်းဆွေကောင်းရှိခြင်း။                  - ( ကလျာဏသမ္ပဒါ )

၎ - မျှမျှတတစီစစ်သုံးစွဲတတ်ခြင်း။                   - ( သမဇိဝိတသမ္ပဒါ )

၅ - ယုံကြည်မူခိုင်မာခြင်း။                             - (သဒ္ဓါသမ္ပဒါ )

၆ - ကိုယ်ကျင့်တရားကောင်းခြင်း။                    - ( သီလသမ္ပဒါ )

၇ - စွန့်ကြဲပေးကမ်းတတ်ခြင်း။                       - ( စာဂသမ္ပဒါ )

၈ - ထက်မြတ်သောဥာဏ်ပညာရှိခြင်း။              - ( ပညာသမ္ပဒါ)

                                                                                 - ဗုဒ္ဓ