........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 17, 2013

Living together နှင့် ကာမေသုမိစ္ဆာစာရ ။



Living together ဆိုတဲ့ စကားကို “လက်မထပ်ဘဲ အတူနေခြင်း”လို့ အဓိပ္ပါယ် နားလည် နိုင်ပါတယ်။ ဒီအလေ့ အကျင့်ဟာ အနောက်တိုင်းမှ ဆင်းသက်လာတဲ့ အလေ့အကျင့် လို့လည်း ပြောနိုင်ပါတယ်။ သူတို့ အဆိုအရ လူတစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ဘက် အဖြစ် တစ်ဘ၀လုံး အတူ လက်တွဲ သွားရမယ့် အရေးမှာ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲ ဘုမသိ ဘမသိ အိမ်ထောင်ပြုပြီး ထာဝရ နေထိုင်သွားတာထက် စာရင် တရားဝင် လက်မထပ်ခင် နှစ်ဦး သဘောတူ အတူ နေထိုင်ပြီးမှ တရားဝင် လက်ထပ်တာက အိမ်ထောင်ရေးမှာ ပြဿနာ အဖြစ်နည်းပြီး ရေရှည် မှာလည်း သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နိုင်တဲ့ အတွက် လက်မထပ်ခင် အတူနေတဲ့ living together ပုံစံကို ကျင့်သုံးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်းက လူအတော် များများဟာ ဒီစနစ်ကို ကျင့်သုံး နေကြပြီး တစ်ချို့ဆို သားသမီး တစ်ယောက် နှစ်ယောက်ရမှ လက်ထပ်တာတောင် ရှိပါသေးတယ်။

အနောက်တိုင်းသား တွေရဲ့ အဆိုအရ အောင်မြင်တယ်လို့ ထင်ရတဲ့ ဒီစနစ်ဟာ အနောက်တိုင်း ကနေပြီး အရှေ့တိုင်းအထိ ပြန့်နှံ့ လာနေပါတယ်။ ဥရောပတိုက်၊ အမေရိကတိုက် မှသည် အာရှတိုက်၊ အဲဒီကမှ တစ်ဆင့် အခုတော့ အရှေ့တောင် အာရှ နိုင်ငံများကိုပါ ပြန့်နှံ့ လာတော့တာ ဖြစ်ပါတယ်။ သူတို့စနစ် ဘယ်လောက်ပဲ ကောင်းနေပေမယ့် ဒီစနစ်ဟာ အာရှတိုက် ယဉ်ကျေးမှု. နဲ့တော့ ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေ အနေနဲ့ ကတော့ ဒါဟာ အမတန် ပြောင်းပြန် ဖြစ်နေတဲ့ စနစ်ဖြစ်နေ ပါတယ်။ လက်မထပ်ဘဲ အတူနေတဲ့ စနစ်နဲ့ ဗုဒ္ဓဘာသာမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတော့တယ်။

ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ခါးဝတ်ပုဆိုးလို မြဲမြံ နေရမယ့် ငါးပါးသီလ ထဲမှာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကာမဂုဏ် များမှာ ဖော်လွဲ ဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ် မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင် နိုင်ရင်တော့ ကိုယ့်အိမ်သူ သက်ထား၊ ကိုယ့်လင်ယောက်ျား နဲ့ပဲ မှီဝဲ နေထိုင် နိုင်ကြောင်း ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ် ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားက လွဲပြီး ကျန်တဲ့ ဘယ်သူ့ အပေါ်မှာကိုမှ ဘယ်လို အကြောင်း ပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန် ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည် များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသား/ ယောက်ျားများ အတွက် ပိုပြီး တားမြစ် ခြင်း ဖြစ်ပါတယ်။ အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀က

(၁) အမိ စောင့်ရှောက်တဲ့ မိန်းမ၊
(၂) အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၃) အမိ အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၄) မောင်ကြီး မောင်ငယ် စောင့်ရှောက်တဲ့ မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့ မိန်းမ၊
(၆) ဆွေမျိုး စောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူ စောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရား ကျင့်သုံးဖက် စောင့်ရှောက်တဲ့ မိန်းမ။

ဒီ မိန်းမ ရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစင် မိန်းမများ ဖြစ်ကြပြီး

(၉) စေ့စပ် ကြောင်းလမ်းပြီး မိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့ မိန်းမ၊
(၁၁) ဥစ္စာဖြင့် ၀ယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကျား တစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ် ပေးပြီး မယား ပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အ၀တ် ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြား လက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက် လုပ်ကိုင် စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယား ဖြစ်နေတဲ့ မိန်းမ

ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင် ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်။

ကာမပိုင် မရှိတဲ့ ပထမ မိန်းမ ရှစ်ယောက် ကတော့ တစ်ခြား ယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာ ပိုင်တဲ့အတွက် ကာမေသု မိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ ( မသွားလာ ထိုက်သော မိန်းမ) အဂမနီယ ဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့ အတွက် ကာမေသု မိစ္ဆာရ ထိုက်ပါတယ်။

ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှ တစ်ပါး တစ်ခြား ယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။ ဒါပေမယ့် ဒီလို သွားလာရာမှာ ကာမေသု မိစ္ဆာစာရ ထိုက်တဲ့အင်္ဂါရပ် တွေနဲ့ပြည့်စုံမှ ထိုက်တယ် ဆိုတာကိုတော့ သတိပြုနိုင်ပါတယ်။

အဲဒီအင်္ဂါရပ်တွေက
(၁) မသွားလာ ထိုက်သော မိန်းမ ( အဂမနီယ) မိန်းမဖြစ်ခြင်း။
(၂) မှီဝဲ ပေါင်းသင်း ဆက်ဆံ လိုသည့် စိတ်ရှိခြင်း။
(၃) မှီဝဲမူ. ကို လုံလ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း (မှီဝဲ ပေါင်းသင်း ဆက်ဆံရာ၌ သာယာခြင်း) တို့ပဲ ဖြစ်ပါတယ်။

ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသု မိစ္ဆာစာရ ထိုက်ပြီး၊ လေးပါး အနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။ ဒါက စာပေမှာ လာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။

ဒီအဖွင့်တွေအရ ပြည်ပကိုရောက်ပြီး အကြောင်း အမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေစေဖို့ living together သဘောနဲ့ နေနေကြသူများ အထူး သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယောက်ျားလေး တွေရော မိန်ကလေး တွေရော အတူတူ နေကြရာမှာ အထက်ပါ ကာမေသုနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေကို သတိပြုကြဖို့ လိုပါတယ်။ တစ်ချို့ အိမ်ထောင်ကျပြီး တရားဝင် ကာမပိုင်ရှိတဲ့ ယောက်ျားများ၊ မိန်းမများဟာ ပြည်ပရောက်ပြီး မသိမသာ အတူတူ နေနေကြ တာတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ယောက်ျားက တရားဝင် အိမ်ထောင်ပြုပြီး ကာမပိုင် ရှိသလို၊ တစ်ခါတစ်လေ မိန်းကလေးကလည်း တရားဝင် အိမ်ထောင်ကျပြီး ကာမပိုင် ရှိနေတာတွေ ရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ living together ဟာ ကာမေသု မိစ္ဆာစာရ လွတ်မလွတ် အထူးဆင်ခြင် သင့်ပါတယ်။

ပြီးတော့ ဒီနေ့ခေတ်မှာ အကြောင်း အမျိုးမျိုးကြောင့် အမိမြန်မာပြည် ကနေ အပြင် ရောက်နေတဲ့သူ အတော်များများဟာ ပြည်ပကို ရောက်သွားတာနဲ့ တစ်ပြိုင်တည်း အကုန်လုံး လွတ်လွတ် လပ်လပ်ကို နေပစ် လိုက်တာတွေ တွေ့မြင်ကြား သိနေရ ပါတယ်။ တစ်ချို့က ပြည်ပမှာ ရပ်တည်ရေး အဆင်မပြေတာ၊ အဆင်ပြေ ပေမယ့်လည်း ကိုယ်ကျင့် သီလပိုင်းကို ဂရုမစိုက် လိုတာ၊ အနောက်တိုင်း စနစ်ကို အတုယူ အားကျနေတာ စတာ တွေကြောင့် ကာမပိုင် ရှိသူတွေရော၊ မရှိသူတွေပါ၊ မိဘ ညီအစ်ကို မောင်နှမ စတဲ့ အုပ်ထိန်းသူ ရှိသူတွေရော မရှိသူတွေပါ living together အဖြစ်နဲ့ နေနေကြတာ ကြားသိရ ပြန်ပါတယ်။ ဒီလို အတူ နေတာတွေဟာ ကာမေသု မိစ္ဆာစာရ အင်္ဂါတွေနဲ့ ငြိမငြိ၊ ကာမေသုကံ မြောက်မမြောက် သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

တကယ်တော့ ကာမဂုဏ်ကိစ္စကို အလေးပေးလေ့ မရှိတဲ့ ဗုဒ္ဓဘာသာ သဘောအရ ဘယ်လိုအ ကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် လက်မထပ်ဘဲ အတူနေတဲ့ အလေ့ဟာ ကာမေသု မိစ္ဆာစာရကံ ထိုက်စေဖို့ အကြောင်း အတော်များတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဖြစ်ဖို့လည်း လွယ်ကူပါတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီး သူများ အထူးသတိ ပြုသင့်ပါတယ်။ ယောက်ျားသားများ အနေနဲ့ အိမ်ထောင်ကျပြီး ကိုယ့်ဇနီးနဲ့ အတူ ကာမဂုဏ် မှီဝဲမှုဟာ ကာမေသု မိစ္ဆာစာရ ကံမဖြစ်ပေမယ့် တစ်ခြား အမျိုးသမီး တစ်ဦးဦးနဲ့ သွားလာ ပျော်ပါးမယ်ဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်တဲ့အပြင် ကာမေသု မိစ္ဆာစာရကံလည်း ဖြစ်ပါတယ်။ တရားဝင် သဘောအရ ကိုယ်လုပ် ကျွေးနိုင်လို့ ဇနီးအများကြီး ယူထားတယ် ဆိုရင်တော့ ဒါဟာ ကံမမြောက်ပြန်ပါဘူး။ ကျန်တဲ့ သဘောတွေနဲ့ဆို ဘယ်လိုမှ ကာမေသုကံ မလွတ်နိုင်တဲ့ သဘောရှိပါတယ်။ အမျိုးသမီး များလည်း ဒီအတိုင်းပါပဲ။ ကိုယ့် လင်ယောက်ျား ကလွဲပြီး ကျန်တဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ ကာမ ဂုဏ်ဖောက်ပြန်တာ ကာမေသု မိစ္ဆာစာရကံ ဖြစ်စေပါတယ်။ ဒါကြောင့် ယနေ့ ခေတ်စားနေတဲ့ living together စနစ်ဟာ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကာမေသု မိစ္ဆာစာရကံ ဖြစ်ဖို့ လွယ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လက်မထပ်ဘဲ အတူနေကြ တာတွေဟာ အနောက် တိုင်းသားများရဲ့ သဘောအရ ရေရှည် အိမ်ထောင်ရေး အဆင်ပြေရေး အတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပေမယ့် ဗုဒ္ဓဘာသာ သဘောအရ ဒါဟာ အကုသိုလ် အပြစ်ဖြစ်တဲ့ ကာမေသု မိစ္ဆာ စာရကံ ဖြစ်စရာ အကြောင်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ လက်မထပ်ခင် ဘယ်လောက်ပဲ အတူတူနေပြီး အိမ်ထောင်ရေး အဆင်ပြေအောင် ကြိုးစားကြပေမယ့် တကယ်တမ်း လက်ထပ်တဲ့ အခါကျတော့လည်း အိမ်ထောင်ရေး အဆင် မပြေတာတွေက အများကြီးပါပဲ။ အဓိကကတော့ တစ်ဦး တစ်ယောက် ချင်းရဲ့ ကိုယ့်ကျင့်တရား ကောင်းမွန် ထိမ်းသိမ်းရေးက အဓိက ကျပါတယ်။ ခုမှတွေ့ကြပေမယ့်လည်း တော်တဲ့သူက တော်နေမှာဖြစ်ပြီး ကိုယ့်ကျင့်တရား ကောင်းသူက ကောင်းနေမှာ ဖြစ်ပါတယ်။ သူတော်ကောင်းဟာ သူတော်ကောင်း ပါပဲ။

ဒါကြောင့် လွတ်လပ်မှုနဲ့ အတူ အသိပညာ၊ အတွေ့အကြုံ နည်းပါးကာ ဘာသာတရား အဆုံးအမများ အပေါ် အလေးထားလေ့ မရှိကြတဲ့ ပြည်ပရောက် တစ်ချို.သော မြန်မာများ အနေနဲ့ သူများယောင်လို့ ယောင်၊ အမှောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရ လေအောင် သူများ living together ဆိုပြီး ကိုယ်ကပါ လိုက်ပြီး living together မလုပ်မိကြဖို့၊ ခဏတာ အပျော်၊ ခဏတာ အဆင်ပြေမှု. တွေနဲ့ ဘ၀သံသရာ ဒုက္ခ ဖြစ်စေမယ့် မကောင်းတဲ့ အလုပ်တွေမှာ လိုက်ပြီး မလုပ်မိကြဖို့ အထူး လိုအပ်တယ် ဆိုတာ သတိပြုကြရင်း living togetherနဲ့ ကာမေသု မိစ္ဆာစာရကို သေချာစဉ်းစား ဆင်ခြင်ကာ အတူနေရာမှ ကာမေသုအဖြစ် မရောက်မိ ကြစေဖို့ စေတနာ စကားနဲ့ အသိပေး ပြောကြား လိုက်ရပါကြောင်း…


စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။ အချိန် 1:07 PM

သူငယ်ချင်း ဆိုတာ။ (ရဝေနွယ်- အင်းမ )


သူငယ်ချင်းဆိုတာ ဘာလဲလို.မေးရင် စာမှာ ဒီလို ဖွင့်ပြ ထားပါတယ်။ သုခံ ဒုက္ခံ သဟ အာယန္တိ ဥပစ္ဆန္တီတိ သဟာယကော၊ အဓိပ္ပါယ် ကတော့ ချမ်းသား ဆင်းရဲ ကို အတူတကွ ခံစား တတ်သောကြောင့် သူငယ်ချင်း ပါတဲ့၊ သူငယ်ချင်းရဲ့ ပါဠိက သဟာယ ကပါ။

မကြာသေးခင်က မိမိတို. ရိပ်သာကို သုံးဆယ်စွန်းစွန်း ဆရာဝန် နှစ်ယောက် ရောက်လာပါတယ်။
တစ်ယောက်က တရား ရိပ်သာဝင်ဖို.၊ တစ်ယောက်ကတော့ အဖော် အာမခံအဖြစ် လိုက်လာတာပါ။ အဖော် အာမခံ အဖြစ် လိုက်လာတဲ့ ဆရာဝန်က ကျောင်းတိုက်နဲ့ ဆက်စပ် နေသလို တရား ရိပ်သာဝင်မဲ့ ဆရာဝန်ကလည်း ဆရာတော် အရှင် ဆန္ဒာဓိကနဲ့ ဆက်စပ် နေပြန်ပါတယ်။ ဒီတော့ မိမိလည်း ထိုက်သင့် သလောက် ကူညီယုံပေါ့ ။ ကူညီတယ် ဆိုပေမယ့်လည်း ထူးပြီး မကူညီမိပါဘူး၊ နှုတ်အားဖြင့် ပြောရုံပါ။

မိမိ စိတ်ဝင်စား တာက အဖော်အဖြစ် လိုက်လာတဲ့ သူငယ်ချင်း ဆရာဝန် ကိုပါ။ ဆရာဝန်က ရောက်တဲ့ နေ.မှာ သူ.သူငယ်ချင်း ဆရာဝန် အတွက် ကိုယ်တိုင် အိပ်ရာခင်းပေး၊ ကိုယ်တိုင် ခြင်ထောင် ထောင်ပေး၊ ပါလာတဲ့ ပစ္စည်းတွေကို သင့်တော် သလို ထားပေးရင်း သူ.သူငယ်ချင်းကို အားပေး စကားတွေ တွင်တွင် ပြောနေပြန်ပါတယ်။ ပြန်ခါနီးတော့ မိမိကိုလည်း သူ.သူငယ်ချင်းက တစ်ခါမှ တရားရိပ်သာ မ၀င်ဖူးသေးလို. ဂရုစိုက်ဖို. မှာနေပြန်ပါတယ်။ တရားရိပ်သာ ၀င်နေတဲ့ တခြားရက်တွေ မှာလည်း မကြာခဏ လာပြီး လိုအပ်တာတွေ လုပ်ပေးလေ့ ရှိပါတယ်။ သူရည်းစားတောင် ဒီလောက် ဂရုစိုက် ပါမလားလို. ကြံကြံဖန်ဖန် တွေးလိုက် မိပါသေးတယ်။

သူတို. နှစ်ယောက်ရဲ့ ကံသုံးပါး အမူအယာလေးတွေဟာ မြင်နေရသူ မိမိအတွက်တော့ သူငယ်ချင်း ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဟနေသလို ခံစားရပါတယ်။ စိတ်ထဲမှာလည်း အဖော် အဖြစ် လိုက်ပို.တဲ့ ဆရာဝန်ကို တော်တော်လေး ကြည်ညို သွားမိပါတယ်။ ဟုတ်တယ်လေ။ တရားအား မထုတ်ဖူးတဲ့ သူငယ်ချင်းကို ရိပ်သာရောက်အောင် ပို.ပေး နိုင်တာဟာ နည်းတ။ဲ့ သံယောဇဉ် နည်းတဲ့ အသိဥဏ်မှ မဟုတ်တာ။

သူငယ်ချင်းဆိုတာ ဒါမျိုးမှ တခြား ပစ္စည်းတွေနဲ့ ချီးမြှောက်တာထက် ဓမ္မနဲ့ ချီးမြှောက်တာဟာ အကောင်းဆုံး ချီးမြှောက်မူ.ပါ။ အဲဒီ ဆရာဝန် သူငယ်ချင်း နှစ်ယောက်ရဲ့ ကံသုံးပါး အမူအယာ လေးတွေကို ကြည့်ပြီး ကြည်ညို ရင်း အခု ပြောပြမယ့် ၀တ္ထုလေးက အတွေးထဲ ပေါ်လာတာပါ။

ဖြစ်စဉ်နှစ်ခု ကို နှိုင်းယှဉ် တာတော့ မဟုတ်ပါဘူး၊ နှိုင်းယှဉ် ရအောင် ပုံသဏ္ဌန်ချင်းလဲ မတူပါဘူး။ ဒါပေမဲ့ ဖြစ်စဉ် နှစ်ခုလုံးက သူငယ်ချင်း ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ပြနေလို.ပါ။ ကဿပ ဘုရားရှင် လက်ထက်တော်က ဃဋိကာရ လို. အမည်ရတဲ့ အိုးထိန်းသည် တစ်ယောက် ရှိခဲ့ ဖူးပါတယ်။ ဃဋိကာရ ရဲ့ အချစ်ဆုံး သူငယ်ချင်းက ဇောတိပါလ ပါ။ ဃဋိကာရ ကဇာတ်နိမ့် အမျိုး၊ ဇောတိပါလ က ဇာတ်မြင့် အမျိုး၊ ဒါပေမဲ့ သူတို.နှစ်ယောက် အတော် ချစ်ကြတယ်လို. ဆိုပါတယ်။

တစ်နေ.တော့ ဃဋိကာရ က ဇောတိပါလ ကို ကဿပ ဘုရားရှင်ကို သွားဖူးဖို. ခေါ်ပါတယ်။ ဒီတော့ ဇောတိပါလက ဘယ်လိုပြန်ပြော သလဲဆိုတော့ “ဦးပြည်း ရဟန်းယုတ်ကို ဖူးလို. ဘာအကျိုးရှိမှာလဲ” လို. ပြန်ပြောပါတယ်။ ဇောတိပါလရဲ့. စကားသံ ထဲမှာ ဇာတ်မြင့် ဆိုတဲ့ မာနသံက အထင်းသား ပေါ်နေပါတယ်။ ဃဋိကာရ သုံးကြိမ် သုံးခါ ခေါ်ပါတယ်။ ဇောတိပါလ သုံးကြိမ် သုံးခါ ငြင်းပါတယ်။

ဇောတိပါလ ရဲ့ ငြင်းသံ အဆုံးမှာ ဃဋိကာရက ရေချိုးဖို. မြစ်ဆိပ်ကို ခေါ်ပြန်ပါတယ်။ ဒီအခါမှာတော့ ဇောတိပါလ မငြင်းပါဘူး။ ဃဋိကာရ နောက်ကို ဖြောင်ဖြောင့်တန်းတန်း လိုက်ခဲ့ပါတယ်။ တကယ်တော့ ဃဋိကာရ က ဇောတိပါလ ကိုပရိယာယ် နဲ့ခေါ်တာပါ။ ဘာဖြစ်လို. လဲဆိုတော့ မြစ်ဆိပ်နဲ့ မြတ်စွာဘုရား ကျောင်းတော် နဲ့ နီးလို.ပါ။ ဃဋိကာရက မြစ်ဆိပ်ရောက်တော့ ဘုရားရှင်ဆီ သွားဖူးဖို. ထပ်ခေါ် ပြန်ပါတယ်။ ဒါပေမဲ့ ဇောတိပါလ ကငြင်းမြဲပါပဲ။ ဒီတော့ ဃဋိကာရက ဇောတိပါလရဲ့ ခါးပုံစကို ကိုင်ပြီး တောင်းတောင်းပန်ပန် နဲ့ခေါ်ပြန်ပါတယ်။ ဇောတိပါလ ကတော့ ရှေးနည်း အတိုင်း ငြင်းမြဲပါပဲ။

နောက်ဆုံးတော့ ဃဋိကာရက ဘာလုပ်လိုက်သလဲ ဆိုတော့ ဇောတိပါလရဲ့. ဆံပင်ကို ကိုင်ထဲ. ပြီး မြတ်စွာဘုရားဆီ လိုက်ခဲ့ဖို. တိုက်တွန်း လိုက်ပါတယ်။ အဲဒီ အချိန်မှာတော့ ဇောတိပါလ လည်း တော်တော်လေး ထိပ်လန်. တုန်လှုပ်သွားပါတယ်။ ဇောတိပါလက ဇာတ်မြင့် ဃဋိကာရက ဇာတ်နိမ့် ။ ဇာတ်မြင့်သူက ဇာတ်နိမ်.သူရဲ့ ဆံပင်ကို ကိုင်ခဲ့ရင် သူတို.ခေတ် ဥပဒေအရ သေဒဏ်ပါ။

ဒီတော့ ဇောတိပါလ က ဘယ်လို စဉ်းစားသလဲဆိုတော့ “သူငယ်ချင်း ဃဋိကာရဟာ သေဒဏ်ကို မမူ.ဘဲ ငါရဲ့ ဆံပင်ကို ကိုင်ပြီး သူ.ဆရာ ဘုရားရှင်ဆီ လိုက်ခဲ့ဖို. ခေါ်တယ်။ ဒီအပြု အမူဟာ ငါအပေါ် အတော်ချစ်လို. ဖြစ်မယ်။ ပြီးတော့ တစ်စုံတစ်ခုသော အကျိုးကို လိုလားလို. ဖြစ်မယ် ထင်တယ်။ ဘာပဲပြောပြော သူ.စေတနာ ကို အသိအမှတ်ပြုတဲ့ အနေနဲ့ လိုက်သွားမှ” စဉ်းစားပါသတဲ့ ။
ပြီးတော့.. “သူငယ်ချင်း ဃဋိကာရ….. ဆံပင်ကိုင်တဲ့ အထိတောင် သင့်ဆရာကို ဖူးမြင်စေလို သလား” လို. ပြန်မေးလိုက်ပါတယ်။ ဃဋိကာရ ကလည်း “ ဟုတ်ပါတယ် သူငယ်ချင်းရယ်” လို.ပြောပြီး ဇောတိပါလကို ဘုရားရှင်ဆီ ပို.ပေးဖို. စီစဉ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက ဇောတိပါလရဲ့ အတွေးပါ၊ သူငယ်ချင်း ဆိုတဲ့ အသိကို မေ့ပြီး ဇာတ်နိမ့် ဇာတ်မြင့် ဥပဒေဆီ ကိုသာ တွေးလိုက်ရင် ပွဲက တစ်မျိုးတစ်မည် ပြောင်းပြီး အကျည်းတန် သွားနိုင်ပါတယ်။ ဒါပေမယ့် သူတို. တစ်တွေဟာ တကယ့် သူငယ်ချင်း တွေ ဖြစ်နေတာကြောင့် ပွဲက အကျည်းတန် မသွားပဲ အလှပဆုံး ပွဲလေးတစ်ပွဲ ဖြစ်သွားတာပါပဲ။ ဘာဖြစ်လို.လဲဆိုတော့ ဇောတိပါလက မြတ်စွာဘုရားဆီ ရောက်သွားခဲ့လို့ပါ။

ပြီးတော့ ပိုပြီး အံ့သြ ဖို. ကောင်းတာက ဇတ်ပေါင်းခန်း ကြည့်လိုက်တော့ မြတ်စွာဘုရားဆီ သွားဖို. အကြောက် အကန်ငြင်း နေခဲ့တဲ့ ဇောတိပါလဟာ တခြားသူ ဟုတ်ရိုးလား၊ မိမိတို.ရဲ့ ဂေါတမ ဘုရားအလောင်း ဖြစ်လို. နေတာပါပဲ။

ဘာပဲပြောပြော ကိုယ်ချစ်တဲ့ သူငယ်ချင်း တစ်ယောက် ဂမ္ဘီရ ယောင်ယောင်၊ ဓတ် ယောင်ယောင် ၊ နတ် ယောင်ယောင် တောလိုလို တောင်လိုလို ဆရာဆီရောက်ပြီး ဘာသာရေး လမ်းကြောင်းချော် နေလို. တည့်မတ်ပေးရတဲ့ အရေး အင်တင်တင် လုပ်နေခဲ့ ရင်တော့
ဃဋိကာရ ထုံး နှလုံးမူပြီး နားရင်း အုပ်သင့်ရင် အုပ်ပစ်လိုက် ဖို.ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

ကျမ်းကိုး
မဇ္စျိမ ပဏ္ဏာသ ပါဠိတော် - ဃဋိကာရသုတ်
အင်တာဗျူး ဂျာနယ်
၂၅-၁၂- ၂၀၀၂

အကုသိုလ် ဖြစ်သွားသော အချစ် ။(ရဝေနွယ်- အင်းမ)


အချစ်ဟာ မဂ်ဖိုလ် နိဗ္ဗာန်ကို ကျေးဇူးပြုသလို ဆိုးကြိုး ဆိုးပစ် အတွက်လည်း ကျေးဇူး ပြုတတ်ပြန်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အချစ်ကြောင့် အကုသိုလ် ပြုဖြစ်သွားလို့ပါ။ ဒါကိုလည်း ပဋ္ဌာန်းကပဲ ပြထားပါတယ်။
အကုသလောဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။

အကုသိုလ်က အကုသိုလ် ကို ပြန်ကျေးဇူး ပြုပါတယ်တဲ့။ ဘယ်လိုပြုတာလဲ ဆိုတော့

အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အချစ်အတွက် သူတစ်ပါး အသက်ကို သတ်မယ်။ သူတစ်ပါး ဥစ္စာကိုခိုးမယ်။ လိမ်ပြောမယ်။ ကုန်းတိုက်စကား ကိုပြောမယ်၊ ကြမ်းတမ်းတဲ့ စကားကို ပြောမယ် စသည်တွေ ပြုမိမယ်။ ပြောမိမယ် ဆိုရင် အချစ်ကနေ ကုသိုလ် မဖြစ်ပဲ အကုသိုလ် ဖြစ်သွားတာပါ။

ပေါ်လွင်အောင် နည်းနည်းချဲ့ ပြောရင် ကိုယ့်ရဲ့ ဇနီး မယား စားဖို့ သောက်ဖို့ ၀တ်ဖို့ နေဖို့ ထိုင်ဖို့ စီးဖို့ အတွက် သူတစ်ပါး အသက် သတ်မယ်။ မသမာတဲ့ နည်းနဲ့ စီးပွားရှာမယ်၊ လာဘ်စားမယ်၊ အောက်စိုက်ရှာမယ်၊ လိမ်ပြောမယ် ဆိုရင်၊ အချစ်ကြောင့် အကုသိုလ် ဖြစ် သွားတာပါ။ ဋ္ဌာန ဆိုင်ရာတွေမှာ ငွေအလွဲ သုံးစားလုပ်လို. ထောင်ကျ သွားတာတွေ၊ အလုပ်ပြုတ် သွားတာတွေ ကြားရ သိရဖူးမှာပါ။
လာဘ်စားတယ်၊ အောက်စိုက်ရှာတယ်၊ ငွေအလွဲ သုံးစားလုပ်တယ် ဆိုတာတွေဟာ တကယ်တော့ ကိုယ်တစ်ဦး တစ်ယောက်တည်း စားဖို့ သောက်ဖို့ ဘယ်သူမှ မလုပ်ကြပါဘူး။ ကိုယ့်ချစ်သူ ဇနီးမယားအတွက် လုပ်ဖြစ်သွားတာ များပါတယ်။ တကယ် သေချာ စဉ်းစားကြည့် ရင် အကုသိုလ် ပြုရတော့ ကိုယ်တစ်ယောက်တည်း ခံစားတော့ ကိုယ်ချစ်ရတဲ့ သူတွေ လောကအပြစ် သံသရာအပြစ် ခံရတော့ ကိုယ်တစ်ယောက်ထဲ ၊ကိုယ့်ဘက်က အရူံးချည်းပါပဲ။ ဒါပေမယ့် အချစ်ဆိုတဲ့ ရာဂက ပူးဝင်ထားတာ ဆိုတော့ ကုသိုလ် အကုသိုလ် ကို ခွဲမသိနိုင် တော့ပါဘူး။ ချစ်ချစ် အတွက်ဆို ဘာပဲလုပ်ရ လုပ်ရ၊ သူတစ်ပါး အသက်ပဲ သတ်ရသတ်ရ၊ သူတစ်ပါး ဥစ္စာပဲ ခိုးရ ခိုးရ လုပ်တော့မှာပါ။ အဓိက ကတော့ အချစ်အတွက် အပြစ်တွေ လုပ်ဖြစ်သွားကြတာပါ။

ဒါနဲ့ ပတ်သက်ပြီး အတွေးထဲမှာ ငါ့ရာ့ငါးဆယ် ဇာတ်တော်ထဲက ပုပ္ဖရတ္တဇတ် ကလေးကို သွားသတိရမိ လိုက်ပါတယ်။
တစ်ခါတုန်းက ဇာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုနေတဲ့ အချိန်၊ ဘုရား အလောင်း တော်ဟာ အာကာသစိုး နတ်ဖြစ်နေတဲ့ အချိန်၊ မြို့ကို နတ်မြို့ တစ်မြို့လို တန်ဆာ ဆင်ရင်ပြီး တန်ဆောင်မုန်းလ နက္ခတ်ပွဲ သဘင် ကျင်းပ နေကြပါတယ်။ ဒီတော့ မြို.သူမြို.သား တွေလည်း အကောင်းဆုံး အ၀တ်အစား တွေဝတ်ပြီး ပွဲသဘင်မှာ လှည့်လည် ပျော်ပါး နေကြပါတယ်။

အဲဒီမြို့မှာ ဆင်းရဲသား လင်မယား နှစ်ယောက်ကလည်း ရှိနေပါတယ်။ သူတို့မှာ အ၀တ်ဖြူ တစ်စုံပဲ ရှိပါတယ်။ ယောက်ျား လုပ်သူက အ၀တ်ဖြူ လေးကို ကိုယ်တိုင်လျော်ပြီး ခေါက်ထားပေးပါတယ်။ အပြင်မှာ လူအများ ၀တ်ကောင်းစားလှတွေနဲ့ ပျော်ပါးနေတာ မြင်တော့ မိန်းမ လုပ်သူက ယောကျာ်း လုပ်သူကို စကားစ ပါတယ်။

“ မောင်ရယ်၊ ၀တ်ပန်းဆိုး အ၀တ်ကို ၀တ်ပြီး မောင့် လည်ပင်းကို ဖက်ပြီး လည်ချင်တယ် “

“အို..မိန်းမကလည်း ငါတို့မှာ ၀တ်ပန်းဆိုး အ၀တ်မှ မရှိဘဲ အ၀တ်ဖြူ ပဲရှိတာ၊ ရှိတဲ့ အ၀တ်ဖြူ ၀တ်ပြီး လည်ကြတာပေါ့ “

“၀တ်ပန်းဆိုး အ၀တ်မှ မ၀တ်ရရင် ပွဲလည်း မသွားတော့ဘူး။ ရှင်ပဲ အခြား မိန်းမ တစ်ယောက်ကို ခေါ်ပြီးသွားပေတော့ “
မိန်းမလုပ်သူက အဲဒီလို ပြောလိုက်တော့ ယောကျာ်းလုပ်သူက တော်တော်လေး စိတ်ဆင်းရဲ သွားရပါတယ်။ “မိန်းမရယ် ငါ့ကို စိတ်ဆင်းရဲ အောင် မလုပ်ပါနဲ့ ငါတို့မှာ ၀တ်ပန်းဆိုး အ၀တ်မှ မရှိဘဲ ဘယ်ကရမှာလဲ”

“ဘုရင်စိုက်ထားတဲ့ ၀တ်ပန်းပင်တွေ ရှိတယ် မဟုတ်လား။ အဲဒီ စိုက်ခင်းထဲက သွားခူုးပေါ့။ “

“အဲဒီဘုရင်ရဲ့ ၀တ်ပန်းစိုက်ခင်းက ဘီလူးစောင့်တဲ့ ရေကန်လိုပဲ အစောင့်တွေ အများကြီးပဲ။ ဘယ်လိုလုပ် သွားခူးမှာလဲ “

“အို..ညမှာ သွားခူးရင် ဘယ်သူမှ မမြင်ပါဘူး”

ဒီလိုနဲ့ သူဆင်းရဲ ယောကျာ်းလည်း မိန်းမလုပ်သူ ၀တ်ဖို့ ဘုရင့် ၀တ်ပန်းစိုက်ခင်းထဲကို သွားရပါတော့တယ်။ တစ်ခါမှလည်း မခိုးဘူးတော့ စိုက်ခင်းထဲ ရောက်တာနဲ့ မိပါလေရော။ မိတော့ ဘုရင်ဆီပို့ ဘုရင်က တံကျင်လျို သတ်ဖို့ အမိန်.ချလိုက်ပါတယ်။ ဒီတော့ ကျီးတွေက သူဆင်းရဲ ရဲ့မျက်လုံးကို ၀ိုင်းပြီး ထိုးဆိတ်ကြပါတယ်။

သူဆင်းရဲ ငမိုက်သားကတော့ တံကျင်လျို ထားတဲ့ ဒဏ်ရာ၊ ကျီးထိုးထားတဲ့ ဒဏ်ရာတွေကို အာရုံ မပြုနိုင်ပဲ အိမ်မှာ ကျန်ခဲ့တဲ့ မိန်းမကို သတိရပြီး “ င့ါ မိန်းမတော့ ၀တ်ပန်းဆိုး အ၀တ်ကလေး ၀တ်ပြီး ငါ့လည်ပင်းကို ဖက်ပြီး ပွဲသဘင်မှာ မလည်ရတော့ဘူး” လို.တွေးပြီး စိတ်ဆင်းရဲ နေပါသတဲ့ ။

ပြီးတော့ ဂါထာ တပုဒ်နဲ့ စကားပြောပါတယ်။ “ ကျီးထိုး နေတဲ့ ဒဏ်ရာ၊ တံကျင်လျို ထားတဲ့ ဒဏ်ရာက ငါ့အတွက် မဆင်းရဲပါဘူး၊
ဝတ်ပန်းဆိုး အ၀တ်နဲ့ မောင်နှံစုံ လည်ချင်တဲ့ မိန်းမအတွက် အလွဲကြီး လွဲသွားတာက ပိုခံစားရပါတယ်”

သူဆင်းရဲ ယောကျာ်းလည်း အိမ်မှာ ကျန်ခဲ့တဲ့ မိန်းမကို အာရုံပြုပြီး သေသွားပါတယ်။ သေတော့ ငရဲ ကျသွား ရပါတော့တယ်။
ဒါကတော့ အချစ်ကြောင့် အကုသိုလ် ပြုဖြစ်ရင်း ငရဲကျ သွားရတာပါ။ ငရဲမှာ အချစ်ကြောင့် ကျနေတဲ့သူတွေ ဘယ်လောက်များ ရှိနေမလဲ မသိဘူး ။ ကိုယ် က မသိရ လို့ရယ်ပါ ။ ငရဲ ရောက်ကာမှ နောင်တ ရလို့ လည်း အပိုပါပဲ။

အချစ်မှာ အသိဥဏ် ရှိတဲ့ အချစ်ရယ်၊ အသိဥဏ် မရှိတဲ့ အချစ်ရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။
အသိဥဏ် ရှိတဲ့ အချစ်တွေနဲ့ ချစ်ကြတဲ့ သူတွေ ကတော့ မိန်းမက ယောကျာ်းကို ကုသိုလ် ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်းကလည်း မိန်းမကို ကုသိုလ်ပြုဖို. ပြန်တိုက်တွန်း ပါတယ်။ ယောကျာ်း ဖြစ်သူက တစ်ခါတစ်လေ မသမာတဲ့ နည်းနဲ့ စီးပွား ရှာချင်ဦးတော့ မိန်းမဖြစ်သူက အကျိုးသင့် အကြောင်းသင့် ပြောပြပြီး တားမြစ်ပါတယ်။ ပြီးတော့ ဇနီးမောင်နှံ နှစ်ယောက် ကုသိုလ်တွေကို စိတ်တူကိုယ်တူ ပြူပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေကြပါတယ်။ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ကြတဲ့ အတွက် သူတို.ဘ၀ဟာ သိပ်ပြီး ငြိမ်းချမ်း နေပါတယ်။ ဘ၀ရဲ့ အဓိကတွေထဲမှာ ငြိမ်း ချမ်းဖို.ကလည်း အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါပါတယ်။ ငြိမ်းချမ်းနေရင် ဘ၀က နေပျော်ပါတယ်။

အသိဥဏ်မဲ့ တဲ့ အချစ်နဲ့ ချစ်ကြတဲ့ သူတွေကတော့ မိန်းမက ယောက်ျား ဖြစ်သူကို အကုသိုလ်ပြုဖို့ တိုက်တွန်းပါတယ်။ ယောကျာ်း ဖြစ်သူကလည်း ဘာမှစဉ်းစား မနေတော့ဘဲ အကုသိုလ်ကို ပြုတတ်ပါတယ်။ ကိုယ်ပြုမူ နေတာတွေကိုလည်း အကုသိုလ် ရယ်လို့ မသိပါ ဘူး။ ဒီအတွက် သူ့တို.ဘ၀မှာ မငြိမ်းချမ်းမူ့က ကပ်ကပ် နေတတ်ပါတယ်။

အချစ်ကြောင့် အကုသိုလ် ပြုကြတဲ့ နေရာမှာ ပညာတတ်တာ မတတ်တာနဲ့လည်း မဆိုင်ပါဘူး။ အသက်ကြီးတာ ငယ်တာနဲ့လည်း မဆိုင် ပါဘူး။ ရာထူးဋ္ဌာနန္တရ ကြီးတာ မကြီးတာနဲ့လည်း မဆိုင်ပါဘူး။ အသိဥဏ် ရှိတာ၊ မရှိတာနဲ့ ပဲဆိုင်ပါတယ်။ အသိဥဏ်ရှိတဲ့ သူဟာ ဘယ်တော့မှ အချစ်အတွက် အကုသိုလ် မပြုပါဘူး။ ဘာဖြစ်လို့ လဲဆို အကုသိုလ်ရဲ့ အကျိုးအပြစ်ကို သိနေလို.ပါ။

ချစ်တာချင်း တူပေမဲ့ အသိဥဏ် ကွာသွားတော့ အပြုအမူ ပိုင်းလည်း ကွာသွားတော့တာပါ။ အပြုအမူ ပိုင်းရဲ့ နောက်ကွယ်မှာ ကောင်းကျိုး ဆိုးကျိုး အကျိုးဆက်တွေက ရှိနေတာဆိုတော့ ကိုယ့် အပြု အမူကို အထူး သတိထားရမှာပါ။ ဘ၀မှာ အသိဥဏ်ရှိတဲ့ အချစ်တွေနဲ့ ချစ်ဖြစ်ဖို့ သိပ်အရေးကြီး ပါတယ်။ သံသရာ အဆက်ဆက် ချစ်ရမဲ့ ဘ၀တွေက အများကြီး ရှိချင်ရှိ နေဦးမှာပါ။ အထုံဆိုတာ ပါတတ်တာ ဆိုတော့ ဒီဘ၀ အသိဥဏ် ရှိတဲ့ အချစ်နဲ့ ချစ်ဖြစ်ရင် အဲဒီ အသိဥဏ်ရှိတဲ့ အချစ်နဲ့ ချစ်တဲ့ အချစ်က နောက်ဘ၀ နောက်ဘ၀တွေထိ လိုက်သွားတတ်ပါတယ်။ နောက်ဘ၀တွေထိ လိုက်တတ်တဲ့ အထုံလေးကိုလည်း ကိုယ်က အာရုံပြုထားရပါမယ်။

ဘာပဲပြောပြော အသိဥဏ် မဲ့တဲ့ အချစ်နဲ့ မချစ်မိဖို့နဲ့ အချစ်အတွက် အကုသိုလ်တွေ မပြုလိုက်မိဖို့ ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)


အလင်းတန်းဂျာနယ် ၁၁.၉.၂၀၀၆
အချစ်နှင့် ၀ိပဿနာ စာအုပ်မှ ထုတ်နုတ် ပူဇော် ဓမ္မဒါန ပြုပါသည်။ Shwe Mandalay

အချစ်မှာ အပြစ်မရှိပါ

စာရှုသူတို့တော့ ထင်မှာပဲ.. ဒီ ဖိုးသား ကတော့ ဘာသာရေး ဘလော့လည်း ရေးသေး အချစ် အကြောင်း တွေလည်း ပြောသေးလို့။ ထင်ချင်သလို ထင်နိုင်ပါသည်။ ပြဿနာ မရှိပါ။ ဆရာတော် အရှင် ဆန္ဒာဓိက တို့၊ ဆရာတော် အရှင် ရာဇိန္ဒ (ရဝေနွယ်- အင်းမ) တို့ကို အားကျပါသည်။ အချစ် အကြောင်းမှ တရား လမ်းကြောင်း ပေါ်သို့ ဆွဲခေါ် သွားတတ်၍ ဖြစ်ပါသည်။ ဥပမာ အားဖြင့် ဆရာတော် အရှင်ဆန္ဒာ ဓိက၏ *အချစ်ကံ ခေပေမယ့် အနှစ်ကျန် စေရမယ်*၊ ဆရာတော် ရဝေနွယ်၏ *အချစ်နှင့် ၀ိပဿနာ* ဟူသည့် စာအုပ်မျိုးကို တော်တော် သဘော ကျပါသည်။

ဖြစ်သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဤလောကီ လူသားတိုင်း အချစ်နှင့် မကင်းနိုင် ကြပါ။ ချစ်ပုံ ချစ်နည်းတွေ ကွာကောင်း ကွာနိုင် သော်လည်း လူတိုင်း ချစ်တတ် ကြသည်။ အမိအဖ၊ ဆွေမျိုး သားချင်း၊ ရောင်းရင်း သူငယ်ချင်း ကဲ့သို့ လူအချင်း ချင်းလည်း ချစ်ကြသည်။ ကြောင်ကလေးတွေ၊ ခွေးကလေးတွေ ကဲ့သို့သော သတ္တ၀ါတွေ အပေါ်မှာလည်း ချစ်သည်။ ချစ်နည်း ချစ်ဟန် တွေကလည်း မျိုးစုံပါသည်။

ဤသို့ ချစ်သည်ကား ကျွန်တော် မပြောလိုပါ။ ကျွန်တော်လည်း ချစ်တတ် ပါသည်။ သို့သော် ကျွန်တော် ပြောလို သည်ကား…

လူသားတို့သည် ကိုယ်ချစ်သော သူနှင့် အတူနေရ၊ ပေါင်းဖက် ရသောအခါ ရရှိလာသည့် ပျော်ရွှင်မှု ရသကိုတော့ ကြိုက်ကြသည်။ ကိုယ်ချစ်သော သူနှင့် အတူတကွ မနေရသော အခါမျိုး၊ ကိုယ့်ကို ခွဲခွါ သွားသော အခါမျိုးတွင် မပူဆွေး မ၀မ်းနည်း မကြေကွဲသူ ကတော့ တော်တော် ရှားမည် ထင်ပါသည်။ ပျော်ရွှင် ၀မ်းနည်း၊ တွေ့ဆုံ ကြုံကွဲ ဤသည်မှာ လောကနိယာမ၊ ဖြစ်မြဲ ဓမ္မာတာပင် ဖြစ်သည်။ သို့အတွက်ကြောင့် ဤသည်ကိုလည်း ကျွန်တော် မပြောလိုပါ။ သို့သော် ဤသို့ အချစ်နှင့် ပတ်သတ်၍ ထိတွေ့ ခံစား လာကြရင်းဖြင့် ကိုယ့်စိတ်နှင့် မကိုက်သည့် အခါ မျိုးတွင် အချစ်ကို ဝေဖန် လာကြသည်။ အချစ် ၀င်ရာမှ အပြစ် မြင်လာကြသည်။ အပြစ်တင် လာကြသည်။

ကျွန်တော် စဉ်းစား ကြည့်မိသည်။ အချစ်မှာ အပြစ် ရှိပါသလား.. ဟူ၍။ ထားပါ။ ဤသည်ကို အရင် မပြောခင် ကျွန်တော် ချစ်သော သူများ အကြောင်း နည်းနည်း ပြောချင်ပါသည်။ ကျွန်တော် အမေ့ကိုလည်း ချစ်သည်။ အဖေ့ကို လည်းချစ်သည်။ ကြောင်လေး တွေ၊ ခွေးလေးတွေ ကဲ့သို့သော သတ္တ၀ါ တွေကိုလည်း ချစ်သည်။ အွန်စော ကဲ့သို့ အချော အလှလေးတွေ မြင်လျင်လည်း ချစ်သည်။ အမျိုးသမီး တွေကိုလည်း ချစ်သည်။ အမျိုးသားတွေ ကိုလည်း ချစ်သည်။ (တစ်မျိုး မထင်ပါနှင့်ဦး၊ ထပ်ရှင်း ပါမည်။) ချစ်စရာ ကောင်းသော အရာလေးများ မြင်လျင်လည်း ချစ်ပါသည်။

အချစ်မှာ အပြစ်ရှိ သလား ဟူသည့် မေးခွန်း၏ အဖြေကို အမေးလေး တွေနှင့် ကျွန်တော် မေးကြည့် ချင်ပါသည်။ စာရှုသူများ ယင်း မေးခွန်းလေး များကို ဖတ်ရင်း အဖြေကို အနည်းငယ် စဉ်းစားကြည့် စေချင်ပါသည်။

၁) အဖေ အမေကို ချစ်သော အချစ်တွင်အပြစ် ရှိပါသလား။
၂) သတ္တ၀ါတွေကို ချစ်သော အချစ်တွင်အပြစ် ရှိပါသလား။
၃) ဆန့်ကျင်ဘက် လိင်ကို ချစ်သော အချစ်တွင် အပြစ် ရှိပါသလား။
၎) လိင်တူချင်း ချစ်သော အချစ်တွင် အပြစ် ရှိပါသလား။

မေးခွန်းတွေ ကတော့ မေးချင်လျှင် မေးချင် သလောက် ထွက်လာ ပါဦးမည်။ ဒီလောက်ကိုပဲ အရင်ဆုံး စဉ်းစား ဆင်ခြင်ရင်း အဖြေ ညှိကြည့် ရအောင်။

နံပါတ် တစ်ကို မဖြေခင် နောက်ထပ် အမေးတစ်ခု မေးချင် ပါသေးသည်။ သင်သည် ယခု မိဘနှင့် အဝေး တစ်နေရာတွင် ရောက်ရှိနေပါက သင့်မိတို့အား လွမ်းဆွတ် သတိရနေ မည်လားဆိုလျှင် သင်မည်သို့ အဖြေ ပေးမည်နည်း။ ကျွန်တော် ဖြေရလျှင်တော့ မိဘတို့အား သတိ ရသင့်ပါသည်။ သတိ ရရပါမည်။ ကျွန်တော်လည်း သတိရပါသည်။ သို့သော် စွဲလမ်းမှု ကင်းသော၊ တမ်းတမှု မပါသော ချစ်ခြင်း မျိုးဖြင့် သတိရခြင်းမျိုး ဖြစ်သင့်ပါသည်။ ဖြစ်လည်း ဖြစ်ရပါမည်။ အဘယ် ကြောင့်ပါနည်း။

ဤနေရာတွင် ဘာသာရေး အသိ အနည်းငယ် ရှိပြီး သူများ အဖို့ အချစ်တွင် အပြစ် မရှိကြောင်း ရိပ်ဖမ်း သံဖမ်း သိလောက်ပြီ ထင်ပါသည်။ ထပ်ရှင်း ပါဦးမည်။

ကျွန်တော်၏ အမေသည် တစ်ဦး တည်းသော သားဖြစ်သော ကျွန်တော့်ကို ချစ်ပါသည်။ မျက်စေ့ အောက်မှ အပျောက် မခံချင် လောက်အောင် ချစ်ပါသည်။ ကျွန်တော် ယခုလို အမိမြေနှင့် အဝေး တစ်နေရာ ရောက်နေ သော်လည်း ကျွန်တော့် အမေသည် ကျွန်တော့် အသံအား နေ့စဉ် မပြတ် ကြားချင် နေပါလိမ့်မည်။ ကျွန်တော့် ရုပ်ရည်ကိုလည်း နေ့စဉ် နီးပါး မြင်ချင် နေပါလိမ့်မည်။ စားကောင်း သောက်ကောင်းများ စားရသော အခါတွင်လည်း ကျွေးချင် နေပါလိမ့်မည်။ ဤသည်ကို မိဘ မေတ္တာဟု ဆိုလျှင် ကျွန်တော် မငြင်းပါ။ သို့သော်…

ကျွန်တော့် အမေအကြောင်း ကျွန်တော် သိပါသည်။ သားကို ချစ်သော အချစ်တွင် တွေ့ချင် မြင်ချင်သော၊ အသံကြား ချင်သော တဏှာ စွဲလမ်းမှုများ ရောပြွမ်း နေပါသည်။ ဤနေရာတွင် တဏှာ ဟူ၍ စကားလုံး ကြီးသွားသည်ဟု စာရှုသူတို့ ထင်ကောင်း ထင်နိုင်ပါသည်။ သို့သော် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိ စရာ၊ ကြံတွေးစရာ တို့ အပေါ် နှစ်သက်ခြင်း ကို တဏှာဟု ဆိုထားလေရာ ကျွန်တော့်အား အမေ မြင်ချင် တွေ့ချင်နေမှု၊ ကျွန်တော်က အမေ့အား တွေ့ချင် မြင်ချင်နေမှု ဤသည်တို့သည် တဏှာပင် ဖြစ်၍ ကျွန်တော် သုံးနှုန်း လိုက်ပါသည်။ ဆိုလိုသည်မှာ စွဲလမ်းမှု မကင်းသော ချစ်ခြင်းဖြင့် ကျွန်တော့်အား ချစ်နေ ခြင်းပင် ဖြစ်ပါသည်။

ဤသို့ ဆိုလျှင် အမေ ကျွန်တော့် အပေါ်ချစ်သော အချစ်သည် အပြစ်ရှိသလား၊ မရှိပါ။ အချစ်မှာ ရာနှုန်းပြည့် အပြစ် မရှိပါ။ ထိုအချစ် အပေါ် စိုးမိုး ထားသည့်၊ အရောင်ခြယ် ထားသည့် စွဲလမ်းမှု တွင်သာ အပြစ် ရှိပါသည်။ ဤတွင် နံပါတ်တစ် အဖြေ ပြေလည် လောက်ပါပြီ။ နံပါတ် နှစ် သတ္တ၀ါ တွေအပေါ် ချစ်ခြင်း တွင်လည်း အပြစ်မရှိကြောင်း နံပါတ်တစ်ကို ကြည့်၍ လုံလောက်ပြီ ထင်ပါသည်။

နံပါတ် သုံးနှင့် နံပါတ်လေး လိင်တူ လိင်ကွဲ ချစ်ခြင်းတွင်လည်း အချစ်မှာ အပြစ် မရှိကြောင်း၊ စွဲလမ်းမှု တွင်သာ အပြစ်ရှိကြောင်း ပေါ်လွင်လောက် ပါပြီ။ လိင်တူ လိင်ကွဲ ချစ်ခြင်းဟု ကျွန်တော် ဆိုခဲ့၍ အဓိပ္ပါယ်ကောက် လွဲနိုင်ပါသည်။ အနည်းငယ် ထပ်ရှင်းပါမည်။

ကျွန်တော်က လိင်တူ ဖြစ်သော အဖေ့ကို ချစ်သည်။ ပြဿနာ မရှိ။ မောင်လှက လိင်တူ ဖြစ်သော သူ့အစ်ကိုကို ချစ်သည်။ ဒါလည်း ပြဿနာ မရှိ။ ကျွန်တော်က ကိုဝင်းမြင့်ကို ချစ်သည်။ ကိုဝိမုတ္တိ သုခကို ချစ်သည်။ ကိုဥပါ သကာကို ချစ်သည်။ ဤနေရာ တွင်လည်း တကယ်တန်း သေသေ ချာချာ စဉ်းစားလျှင် ပြဿနာ မရှိပါ။ သို့သော် ငြားလည်း ချစ်သည် ဆိုသော စကားလုံး၏ ရှေ့တွင် ကြိယာ ၀ိသေသနပုဒ် တစ်ခု ထပ်ပေါင်းဖို့ လိုလာပါပြီ။ အဘယ်ကဲ့သို့ ချစ်သနည်း ဆိုသည့် ကြိယာပုဒ်။

ထိုသူ သုံးယောက် လုံးအား ကျွန်တော် အစ်ကို သဖွယ် ချစ်ပါသည်။ မိတ်ဆွေ ကဲ့သို့ တန်ဖိုးထား ချစ်ခင်ပါသည်။ သွန်သင် ဆုံးမ လမ်းညွှန် ပြသသော ဆရာတွေ လိုလည်း ချစ်ပါသည်။ သို့သော် ကျေးဇူးတရား၊ သွန်သင် ဆုံးမခဲ့မှု တို့အား သတိရ မိတိုင်း၊ ထိုသူတို့အား မြင်ချင် တွေ့ချင် နေသော စွဲလမ်းမှု ကင်းပျောက်အောင်၊ တမ်းတမှု မပါသည့် ချစ်ခြင်း မျိုးဖြင့် ချစ်တတ် အောင်တော့ တော်တော် အားထုတ် ရပါသည်။ ဘာကြောင့် လည်းဟု မေးလာလျှင် အဖြေ အဆင်သင့် ရှိပါသည်။ ယင်း အဖြေမှာ *ကျွန်တော်သည် ပုထုဇဉ် တစ်ယောက် ဖြစ်သောကြောင့်*။ သည်တွင်လည်း လိင်တူ ချစ်ခြင်း ပြဿနာ ပြေလည်သလို အချစ်မှာ အပြစ် မရှိကြောင်းလည်း ပေါ်လွင် ပါပြီ။ မစွဲ လမ်းသော ချစ်ခြင်း ဖြစ်ဖို့သာ လိုပါသည်။

ဆန့်ကျင်ဘက် လိင်တို့အား ချစ်ခြင်းဟူသော နံပါတ် လေးတွင်လည်း.. ကျွန်တော် ပြောခဲ့ပါသည်။ အွန်စောကဲ့သို့ ချစ်စရာ လေးများ မြင်လျှင် ကျွန်တော် ချစ်ပါသည်။ သို့သော် စွဲလမ်းမှု တဏှာ ပါမပါ ကိုတော့ ကျွန်တော့်ကိုယ် ကျွန်တော်သာ အသိဆုံး ဖြစ်ပါ၍ ထည့်မရေး တော့ပါ။ စာရှုသူလည်း ယောက်ျား လေးဖြစ်လျှင် ထိုသို့ ချစ်စရာ ကောင်းသော မိန်းမပျိုလေး များအား မြင်ပါက ချစ်မိ သွားနိုင်ပါသည်။ သို့သော် ထိုသို့ ချစ်မိသည့် အခါမျိုးတွင် လိုချင် တပ်မက်သည့် လောဘ၊ လိုချင်တာ မရ၍ အလို မကျသည့် ဒေါသများ ရောယှက် လာပါက အချစ်ကို အပြစ် မတင်ပါနှင့်။ အချစ်မှာ အပြစ် မရှိပါ။ ထိုအချစ်ကို အသုံးချ၍ ဖြစ်တည် နေသော စွဲလမ်းမှု တဏှာ၊ ဥပါဒါန် တို့ အပေါ်တွင်သာ အပြစ် ရှိပါသည်။

ချစ်စရာ လေးများ မြင်၍ ချစ်ခြင်းသည် အပြစ် မရှိကြောင်း၊ ထို အရာလေး များကို စွဲလမ်းနေသော တဏှာ၊ ဥပါဒါန် အပေါ်တွင်သာ အပြစ် ရှိကြောင်း ကိုလည်း ဘုန်းဘုန်း ဦးကောသလ္လ တရား တစ်ပုဒ်မှာ ဟောကြား ဖူးပါသည်။ ထိုတရားထဲမှာပင် ထင်ပါသည်။ ဘုန်းဘုန်းက သုံးစွဲ ဟူသည့် စကား လုံးလေးအား ခွဲခြား ပြသွားခဲ့ပါသည်။ သုံး တော့သုံးပါ၊ မစွဲပါနှင့်.. ဟူ၍။

မှန်ပါသည်။ ကျွန်တော် တို့တတွေသည် လူ သတ္တ၀ါ၊ အသုံးကျမည့် အရာတွေ အပေါ် ချစ်ခင်မှု၊ တပ်မက်မှု၊ စွဲလမ်းမှုတို့ ဖြင့် အသုံးချနေ၊ အသုံးပြု နေကြသည်။ ထိုသို့ သုံးနေရင်းမှလည်း စွဲလမ်း သွားတတ် ကြပါသည်။

ဥပမာ ဆောင်ပါဦးမည်။ ယခု ကျွန်တော်သည် http://sonesiyar.blogspot.com/ (အဖြူရောင် မေတ္တာ) ဟူသော အမည်ဖြင့် ဘာသာရေး ဆန်ဆန် ရေးခဲ့သည်မှာ ၇-လ ကျော်ခဲ့ ပါပြီ။ ကျွန်တော့် ဘလော့ လေးအား ကျွန်တော် ချစ်ပါသည်။ တန်ဖိုး ထားပါသည်။ ထိုသို့ တန်ဖိုးထား ချစ်ခင်ရာမှ ထိုဘလော့ လေးအား တစ်နေ့ တစ်ခေါက်မှ မမြင်ရလျှင် မနေ နိုင်အောင် ကျွန်တော် စွဲလမ်း နေမိ ပါသည်။ ဤသည် ကိုလည်း ကျွန်တော် သိပါသည်။ သိသိကြီးနှင့် ထိုစွဲလမ်းမှု အသိသည် ပုထုဇဉ် ပီပီ ဖျောက်ရ ခက်နေပါသည်။ ဖျောက်ရ ပါဦးမည်။ ထိုသို့ ဘလော့ လေးအား စွဲလမ်း ချစ်ခင်ရာတွင် အချစ်မှာ အပြစ် မရှိကြောင်း ကိုတော့ ကျွန်တော် ကောင်းကောင်း သဘော ပေါက်ပါသည်။

စာရှုသူတို့လည်း အချစ်မှာ အပြစ် မရှိကြောင်း သဘော ပေါက်လောက် ပြီဟု ယုံကြည် ပါသည်။ ထို့ပြင် ကျွန်တော့်လို ချစ်ရာမှ စွဲလမ်းမှု ဘက်သို့ ကူးသွား သူများလည်း ရှိမည်မှာ မြေကြီး လက်ခတ် မလွဲပါ။ သို့သော် ကျွန်တော်တို့ တတွေသည် ထိုကဲ့သို့ အချစ်မှ တဆင့် စွဲလမ်းလာ မှုတို့အား တဖြေးဖြေးနှင့် ပျောက်အောင် ဖျောက်ရပါမည်။ ပြတ်အောင် ပယ်သတ် ရပါမည်။

ကျွန်တော်က ဤကဲ့သို့ ပယ်သတ် ရမည် ပြော၍ စာရှုသူတို့က ပယ်သတ်ဖို့ ခက်သည်ဟု ဆိုကောင်း ဆိုနိုင် ပါသည်။ ကျွန်တော် မငြင်းပါ။ ဘ၀ အဆက်ဆက်မှ အထုံ ပါလာသော ထို စွဲလမ်းမှုသည် ပျောက်အောင် ဖျောက်ဖို့ ပယ်သတ်ဖို့တော့ အကျင့် မရှိသေး သူများ အဖို့ တော်တော် ခက်ပါမည်။ သို့သော် သံသရာ လည်ကြောင်း ဖြစ်သော ထို စွဲလမ်းမှုအား ကျွန်တော်တို့ တတွေ ခက်ခက် နှင့်ပင် တဖြေးဖြေး ပယ်သတ် သွားရပါမည်။ မဖြစ်နိုင်သည့် ကြားကပင် ဖြစ်အောင် လုပ်သွား ရပါမည်။ ကိုဝင်းမြင့်က ကျွန်တော့်အား “မဖြစ်နိုင်သည့် ကြားက ဖြစ်အောင် လုပ်နိုင်တာလည်း အရည်အချင်း တစ်ရပ်ပဲ” ဟူ၍လည်း ပြောဖူးပါသည်။

ကျွန်တော်လည်း ဟိုလျှောက်ရေး၊ ဒီလျှောက်ရေးနှင့် များသွားပြီ ထင်ပါသည်။ အချစ်မှာ အပြစ် မရှိကြောင်း၊ စွဲလမ်းမှု တွင်သာ အပြစ် ရှိကြောင်းလည်း ပေါ်လွင် လောက်ပါပြီ။ ထို စွဲလမ်း တမ်းတမှုအား ပယ်သတ်ခြင်းနှင့် စပ်လျဉ်း၍ ဆရာတော် ဦးကောသလ္လ၏ ဆုံးမစကား တစ်ခွန်းဖြင့် ကျွန်တော့် ရေးသားမှုအား အဆုံးသတ်ပါမည်။ http://mmmathematics.blogspot.com

Mar 15, 2013

ရဟန်းတော်များနှင့် တာဝန်

စာရေးသူသည် နိုင်ငံကိုချစ်သလို သာသနာတော်ကိုချစ်သည်။ စာရေးသူကဲ့သို့ပင် နိုင်ငံနှင့် သာသနာကို ချစ်သူတွေ ဒုနှင့်ဒေး ရှိနေပါလိမ့်မည်။ သို့ ရာတွင် နိုင်ငံချစ်သူက ''ဒို့ ကနိုင်ငံကိုချစ်သည်ဟေ့'' ဟု လက်သီး လက်မောင်းတန်းအော်နေရုံနှင့် မပြီးသလို သာသနာကိုချစ်လှပါသည်၊ မြတ်နိုးလှပါသည်ဟု တဖွဖွ ဆီမန်းမန်းနေရုံနှင့် မဖြစ်ပါ။ တကယ်ချစ်ရာရောက်အောင် အလုပ်လုပ်ကြဘို့ လုံးဝလိုအပ်ပါသည်။ သာသနာရိပ်တွင် ခိုလှုံနေကြသော သာသနာ့ဝန်ထမ်းများအဖို့ ပို၍အလုပ်လုပ်ကြရမည်မှာ အထူးပင် ပြောနေရန် မရှိပါ။
ယနေ့ မြန်မာနိုင်ငံကြည့်လျှင် အလွန်ပင်ချစ်စရာကောင်းသည်။ အားရကျေနပ်ဖွယ်ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် လူတိုင်းပင်အလုပ်ကို မြတ်မြတ်နိုးနိုး လုပ်ကိုင်နေကြသောကြောင့်တည်း။ ကြည့် ပါဦး။ နိုင်ငံအစိုးရသည် ကြီးလေးမြင့်မြတ်သော တာဝန်ကြီးများကို ချမှတ်လျှက် ဦးဆောင်မှုပေးနေသည်။ ပညာရှင်ကြီးများက သုတေသနစာတမ်းကြီးများ ပြုစုတင်ပြကြသည်။ ဒေါက်တာများကလည်း အစွမ်းကုန် ပြုစုကုသပေးလျက် ဆေးဘက်ဆိုင်ရာလိုအပ်ချက်များကို တက်ကြွစွာ ဖြည့်တင်းပေးနေသည်။
ယနေ့လူငယ်ကလေးများကား ကျေးရွာများသို့ အနှံ့ ဆင်းကာ လုပ်အားပေးလျက်၊ ခိုင်မာလာသော ယုံကြည်ချက်ဖြင့် ဇွဲသတ္တိပြင်းထန်သော လူငယ်တို့သည် လုပ်အားပေးစခန်းတွင် လှုပ်လှုပ်ရှားရှား အား အပြည့် မာန်အပြည့် အားမာန်အပြည့်ဖြင့် ရှေ့သို့ချီနေသည်။ မည်မျှ နှစ်ထောင်း အားရဖွယ် ကောင်းလှ ပါသနည်း။
''တာဝန်ကိုယ်စီ-ရှိသင့်သည်၊ ရှိလဲ-ရှိကြသည်'' ဟူသော တေးသံသည် ယနေ့ နိုင်ငံသူနိုင်ငံသားတို့ ၏ ကြွေးကြော်သံပင်ဖြစ်သည်။ ဤမျှ အသိစိတ်တို့ဖြင့် တာဝန်တွေထမ်းဆောင်နေကြချိန်ဝယ် သာသနာ့ ဝန်ထမ်းတို့ သည် မည်သည့်အကျိုးပြုလုပ်ငန်းတွေကို ပြုလုပ်ကိုင်တွယ် နေကြပါသနည်း။ အမျိုးဘာသာ သာသနာအတွက် မည်သို့သောအုံကြွမှုဖြင့် တာစူနေပါသနည်း။ နိုင်ငံကိုချစ်လျှင် သာသနာကိုချစ်လျှင် မိမိတို့ စွမ်းနိုင်ရာနေရာမှ အလုပ်ကို လုပ်ရပေမည်။
''ထီးထမ်း-လမ်းလျှောက်''ဟူသော ဝေါဟာရသည် နှစ်ပေါင်းများစွာက ပေါ်ပေါက်ခဲ့သည်။ ဤဝေါဟာရကြီးကို ဖယ်ထုတ်ပစ်ရန်မှာ ယနေ့သာသနာ့ဝန်ထမ်းတို့၏တာဝန် မဖြစ်သင့်ပါသလော။ ဤကမ္ဘာလောကကြီးသည် အချိန်တိုင်းမိနစ်တိုင်း ပြောင်းလွဲနေသည်ဆိုသောအချက်ကို မေ့ထား၍မဖြစ်ပေ။
''ဒီခရီး-ဒီထီးနှင့်တော်သည်၊ ဒီအရပ်-ဒီဖိနပ်နှင့်တော်သည်''ဆိုသကဲ့သို့ ခေတ်နှင့်အံဝင်အောင် မီးစင်ကြည့်ကနိုင်မှသာ ခေတ္တညူ-ကာလညူ (အချိန်နှင့်အခြေအနေကို စနစ်တကျသုံးစွဲတတ်သူ) ဖြစ်ရပေ မည်။ ဖြစ်လိုရာဖြစ်ဘဝဖြင့် ရေစုန်မျောထားပါလျှင် တာဝန်မဲ့သူ ရေသာခို အချောင်စီးသမားတွေ သာ ဖြစ်ရချိမ့်မည်။ ကျွန်ုပ်တို့သည် မြင့်မြတ်သောလုပ်ငန်းကြီးများကို ဆောင်ရွက်နေရန်အတွက်သာ အသက်ရှင် နေသင့်ကြပေ၏။
မြတ်ဗုဒ္ဓ၏လမ်းစဉ်ကို အကဲခပ်ကြည့်လျှင်လည်း (၁) မိမိကောင်းစား(ဘုရားဖြစ်)ရေး (၂)မိမိအမျိုးသားများ ကောင်းစားရေး (၃) ကမ္ဘာသူကမ္ဘာသားတို့၏ ကောင်းစားရေး ဟူသော အရေးကြီး(၃)ပါးကို ဆုပ်ကိုင်ကြိုးပမ်းထမ်း ရွက်ခဲ့ကြောင်း တွေ့ ရပေမည်။
ကျွန်ုပ်တို့သည် ရာဇဝင်သိရုံနှင့် မပြီးပါ။ ရာဇဝင်သစ်ကိုဖန်တီးနိုင်စွမ်းရှိရပေမည်။ ယနေ့ လုပ်သား ပြည်သူ ပြည်သားတို့သည် အတွေးသစ်အမြင်သစ်တို့ဖြင့် သမိုင်းတခေတ်ကိုမှတ်တိုင်ထူနေသည်ဟု ရိုးသားစွာပင် မြင်နေမိပါသည်။ သာသနာ့ဝန်ထမ်းတို့အနေဖြင့်ကော သမိုင်းတခေတ်ကို ဆန်းသစ်လာ စေထိုက်သည် မဟုတ်ပါလော။ မိမိတို့၏ ကြိုးပမ်းမှုကသာ ရက်ရောသောစေတနာနှင့် မြင့်မြတ်သော လုပ်ငန်းဖြစ်ပါစေ၊ လူတိုင်းဝိုင်း၍ ကောင်းချီးပေးပေလိမ့်မည်၊ ကြိုဆိုနေကြလိမ့်မည်။ စေတနာမှန်နှင့် အလုပ်ကို ရိုးသားစွာ လုပ်လိုသူအတွက် နေရာတွေများစွားပင်ရှိပါသည်။
အချို့မှာ လောကီလောကုတ္တရာစွယ်စုံအရည်အချင်းတို့နှင့် ပြည့်စုံပါသည်။ သို့ရာတွင် အနစ်နာခံ လိုစိတ်နှင့် ဇွဲလုံ့ လ ဝီရိယမရှိခြင်း၊ ထင်ပေါ်ကျောဇောမှုနှင့် ဂုဏ်လာဘ်ကို မျှော်ကိုးခြင်းတို့ကြောင့် ၄င်းတို့ ၏ အရည်အသွေးတို့မှာ သေးသိမ်မှေးမှိန်၍ နေကြရလေတော့သည်။
အချို့ဒေသမျိုးတွင်ကား ပရိယတ္တိအခြေခံ ညံ့ဖျင်းလှသောပုဂ္ဂိုလ်တို့က ထင်သလို ချယ်လှယ်၍ နေရာ ''ဘုရားကားအောက်-မျောက်ကားအထက်'' ဆိုသကဲ့သို့ပင် မဖွယ်မရာနိုင်လွန်းလှတော့သည်။ ဤအခြေမျိုးကား လက်ပိုက်ကြည့်နေကြရန် မဟုတ်ပေ။ သပိတ်တန်းမရောက်မှီ ယပ်တန်းက ရပ်စေ သင့်ကြပေသည်။
ပထမကမ္ဘာစစ်ကြီးဖြစ်ပြီးနောက် ငြိမ်းချမ်းရေးကွန်ကရက်တခုသို့ တက်ရောက်ပါရန် ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်တို့က ကမ္ဘာကျော် သိပ္ပံဆရာကြီး ''အယ်လ်ဘက်အိုင်စတိုင်း''အား ဖိတ်ကြားသည်။ ထို့သို့ ဖိတ်ကြားရာတွင် သိပ္ပံဆရာကြီး အိုင်စတိုင်းက ''အကယ်၍ ကျွန်ုပ်သာ စကားပြောခွင့်ရမည်ဆိုလျှင် ကျွန်ုပ်တို့ လူ့သမိုင်း၌ စစ်နှင့် ကျူးကျော်တိုက်ခိုက်မှုများအတွက် လူတွေထက် ဘုန်းကြီးတွေဟာ ပိုပြီးတာဝန်ရှိခဲ့တယ်လို့ ပြောမိမှာဘဲ''ဟု ရေးသား ပြန်ကြားခဲ့ဘူးသည်။ ယနေ့နိုင်ငံသည် အဖက်ဖက်မှ နိုးကြွနေချိန်တွင် သာသနာ့ဝန်ထမ်းတို့ကား ''ညောင်ပင်ကုန်းမှာ အိပ်ပျော်လို့ကောင်းတုန်း'' ပင်ရှိသေးသည် ဆိုပါလျှင် မည်မျှ တာဝန်မဲ့ရာကျချိမ့်မည်နည်း။
''ဓမ္မာစရိယဘွဲ့'' ရ ပုဂ္ဂိုလ်များကို တနှစ်လျှင် ဖျန်းမျှနှုန်း (၃ဝဝ)ခန့်မွေးထုတ်ပေးနေပါ၏။ တော်လှန်ရေး အစိုးရတက်ပြီးနောက် ''ဘွဲ့'' ရသူများပင် (ဤနှုန်းရေဖြင့်တွက်သော်) -၂ဝဝဝ-ကျော်နေချေပြီ။ ဤဘွဲ့ ရပုဂ္ဂိုလ် များသည် ဘာတွေလုပ်နေကြသနည်း။ အချို့ မှာ ဓမ္မာစရိယဘွဲ့ရလိုက်မှပင် ပို၍မျက်စိလည်ကုန်တော့သည်။ ရှေ့ဆက်၍ စာဘဲသင်ရမလား၊ ကျောင်းဘဲထိုင်ရတော့မလား၊ အတန်းစာ ဘက်ဘဲ ကူးရတော့မလား၊ ယောင်ဝါးဝါးဖြစ်ကုန်တော့သည်။
အချို့လည်းစာပေများပို့ချပေးနေကြသည်။ အချို့လည်း(အရည်အချင်းညံ့၍) မပို့ချနိုင်ကြ။ အချို့ကား အတန်းစာဘက်မျက်စိရောက်သွားကြ၏။ အချို့မူ ဆယ်တန်းတာရိုးကို မခုန်ကျော်နိုင်၊ တဖုတ်ဖုတ်ကျ ရင်းဖြင့် အမောဆို့ကုန်သည်။ ဆယ်တန်းတာရိုး ခုန်ကျော်နိုင်သူအချို့လည်း ''လူပြန်တော်ဘဝ''ဖြင့် တက္ကသိုလ်ပရိဝုဏ် အတွင်းသို့ ခုန်ဆင်းလိုက်ကြတော့သည်။
ဤသို့ဖြစ်ရာတွင် သူတို့တတွေကို အပြစ်ဖို့ရန်လည်း မသင့်ပါပေ။ အဘယ်ကြောင့် ဆိုသော် လူသားတိုင်းတို့၏စိတ်တွင် အမြဲတမ်း ''ဆာလောင်မှု'' ရှိနေသောကြောင့်ပေတည်း။ မှန်ပါသည်။ အာဟာရဆာလောင်မွတ်သိပ် သူသည် တစုံတခု စားသောက်ဖွယ်ကလေးကို ထဲ့ လိုက်ရမှ မွတ်သိပ်မှု ပျောက်သည်။ ထို့အတူ စိတ်၏ဆာလောင် မွတ်သိပ်မှုကိုလည်း ဖြည့်တင်းပေးမှသာ ပြေလည်နိုင်သည်။ အနာနှင့်ဆေးတည့်အောင် မကျွေးနိုင်လျှင်ကား နိဂုံးချုပ်ရမြဲပင်မဟုတ်ပါလော။
စာရေးသူ၏ ကိုယ်တွေ့ခံစားရမှုလေးကို သာဓကပြု၍ဖော်ပြပါဦးမည်။ စားရေးသူနေခဲ့ရသော စာသင်တိုက်သည် နိုင်ငံ၌နာမည်ကျော်များတွင် ပါဝင်သည်။ အုပ်ချုပ်သည့်ဘက်တွင် စည်းကမ်းကြီး သလောက် စာပေသင်ကြားရေးတွင် စနစ်ကြီးမားသည်။ အမြန်တတ်မြောက်လွယ်သည်။ စာမေးပွဲအောင် နိုင်ရေးထက် ပါဠိပိဋကတ်စာပေ ထူးချွန်တတ်မြောက်ရေးကို ဦးစားပေးသည်။ ဦးတည်ထားသည်။ စာမေးပွဲ များကို မလိုလဲလိုလဲသဘောမျိုးဖြင့် နောင်အလုပ်လုပ်လိုသည့်အခါ ''နောက်မြီးဆွဲလေးတပ်ရန်'' လောက်သာ ရည်ညွှန်းသည်။
ဤမျှအဖက်ဖက်ကပြည့်စုံသော တိုက်ကြီးတွင်စာရေးသူမှာ ပိဋကတ်များအတော်အတန် ပေါက်ရောက်ခဲ့ပါသည်။ စာတတ်လည်းမြန်ပါသည်။ မှန်ပါ၏။ လူကြည်ညို နတ်ကြည်ညိုလောက်သော နေးနည်း ထိုင်နည်းများကို ရရှိခဲ့သည်ဆိုလည်းမမှားပါ။ ဤသို့ဖြင့် တရွေ့ရွေ့နှင့် လှမ်းခဲ့ရာတွင် ဓမ္မာစရိယဟူသော နောက်မြီးဆွဲလေးကိုလည်း ချိတ်နိုင်ခဲ့ပါပြီ။ (အမှန်အားဖြင့် ထိုနောက်မြီးဆွဲလေး မချိတ်နိုင်မှီကပင် တတိုက်လုံး၏ အသိအမှတ်ပြု စာချ ဖြစ်ခဲ့ပါသည်။) သို့ရာတွင်ဘွဲ့ရစာချဘဝဖြင့် မတင်းတိမ်သေးပါ။ စိတ်တွင်ဆာလောင်မှုပိုးက ရွရွထိုးလာပါသည်။ တဆင့်တက်၍ ဘာသန္တရတို့ကို လေ့လာချင်ပါ၏။ ဟိန္ဒီ-သက္ကတ-အင်္ဂလိပ် တမျိုးမျိုးလေ့လာရင်း စာပေလေးပို့ချနေချင်ပါ၏။ ဟိန္ဒီနှင့် သက္ကတကို ဆရာတော်ကိုယ်တိုင် ပို့ ချနိုင်၏။ အင်္ဂလိပ်စာအတွက်ဆိုလျှင် ဆရာတော်၏ ငယ်မွေးခြံပေါက် ဝိဇ္ဇာဘွဲ့ ရတပည့်တဦး ရှိနေသဖြင့်အခက်အခဲမရှိနိုင်ပေ။
သို့သော် ဤဘာသာရပ်များကိုလေ့လာခွင့်မရ။ အခွင့်မပြု။ ဓမ္မာစရိယနှင့်ပင် ခရီးလမ်းဆုံးသို့ ရောက်သွား သလိုဖြစ်ရ၏။ ''လှော်ကောင်းတုန်း တက်ကျိုး'' ရသလိုသာတည်း။ စာရေးသူ၏စိတ် ဆာလောင်မှုမှာ ကြိမ်မီးအုံးသို့ တငွေ့ငွေ့အုံကြွ၍သာ တက်လာခဲ့ရသည်။ နောက်ဆုံးငါ့ဝမ်းပူဆာ မနေသာ ဘဝဖြင့် ရေစုန်မျောတော့သည်။ သာသနာ့ကျက်သရေဆောင်မိခင်တိုက်ကြီးမှာကား အဖက်ဖက်မှ ပြည့်စုံခန့်ညားနေပါလျှက် စာသင်ငယ်တို့၏ စိတ်ဆာလောင်မှုကို အဆုံးစွန်ဖြည့်တင်းမပေးနိုင်သဖြင့် အာဇာနည် သားကောင်းတို့မှ ဆုံးရှုံးရတော့သည်။
ဓမ္မာစရိယဘွဲ့ရပြီးနောက်မှ လူပြန်တော်ဘဝရောက်ကာ တက္ကသိုလ်မှ ဝိဇ္ဇာသိပ္ပံဘွဲ့တို့ကို ရယူ၍ နိုင်ငံ၏ တာဝန်တို့ကို ထမ်းရွက်နေသူတွေပင် မနည်းလှတော့ပေ၊ မည်သို့ဆိုစေ။ စာရေးသူကဲ့သို့ပင် ယောင်လယ်လယ် ဓမ္မာစရိယတို့ ၏ စိတ္တဇနာကြီးကို ကုသနိုင်ရန် ''ဘာသန္တရသံဃတက္ကသိုလ်ကြီး''တခု ဘွားဘွားကြီး ပေါ်ပေါက်လာရန်ကား လုံးဝလိုအပ်နေပြီဖြစ်ကြောင်း လယ်ပြင်ဆင်သွားသလို ထင်ရှားနေ တော့သည်။
အို---ပညာရှင်တို့ နိုးကြားကြလော့၊ စုပေါင်းကြိုးစားကြလော့၊ တဦးကောင်း-တယောက်ကောင်း တကိုယ်တော်ဝါဒသည် ဆိတ်သုဉ်းခဲ့ပြီ၊ စည်းရိုးခြားလိုက်လျှင် ရန်ဖြစ်ချင်သော၊ တရွာနှစ်ကျောင်းရှိလျှင် နောင်ဂျိန်ချချင်သော ညဉ်ဆိုးများကို ဖယ်ထုတ်ကြလော့၊ ''ညီညွတ်ခြင်းသည် အင်းအား''သည် ယနေ့ ကြွေးကြော်သံဖြစ်သည်။ ''ဘာရှိမှ ဖြစ်မည်၊ ညာရှိမှဖြစ်မည်''ဟု ဆင်ခြေဆင်လက် တက်နေရန်မလို၊ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်လုပ်လျှင်မုချရနိုင်သည်သာဖြစ်သည်။ ယုံကြည်ချက်ပြင်းထန်စွာဖြင့် တကယ့်ဇွဲလုံ့ လတို့ ဖြင့် လုပ်ရန်သာ လိုပေသည်။
တက္ကသိုလ်မှမွေးထုတ်လိုက်သော ဘွဲ့ရပုဂ္ဂိုလ်များသည် နိုင်ငံ၏တာဝန်ကို မိမိတို့နိုင်သမျှ ထမ်းဆောင်ကြသည်။ နိုင်ငံ၌ ထူးချွန်သောသားကောင်းများလည်း ပေါ်ထွက်လာတတ်သည်။ ဤကဲ့သို့ ''ဘာသန္တရ သံဃ တက္ကသိုလ်ကြီး'' တခုမှ သာသနာ့ဝန်းထမ်းတို့ကို စနစ်တကျမွေးထုတ်ပေးနိုင်လျှင် သာသနာလည်းကျက်သရေရှိ၊ နိုင်ငံလည်းအကျိုးများရမည်သာဖြစ်သည်။ ကျွန်ုပ်တို့သည် အရေအတွက် ထက် အရည်အသွေးတောက်ပြောင်ရေးကို ဦးစားပေးကြိုးပမ်းသင့်ပေသည်။ အရေအတွက်မည်မျှပင် များစေ၊ သာသနာ့ဂုဏ်ရောက်မထွန်းပြောင်စေဘူးဆိုလျှင် အချည်းနှီးပင်မဟုတ်ပါလော။
ဂန္ထဓုရ (စာပေပရိယတ္တိ သင်အံလေ့ကျက်အားထုတ်ခြင်း)၊ ဝိပဿနာဓုရ (တရားဘာဝနာ ပွားများအား ထုတ်ခြင်း)၊ ဟူသော သာသနာ့ဝန်ထမ်းတို့၏ တာဝန်ပိုင်းကြီးနှစ်ရပ်ကို ကျောခိုင်း၍ ထင်ရာ ရမ်းသူတွေကို ဖယ်ထုတ် ပစ်ရမည်မှာ ယနေ့ သာသနာ့ဝန်ထမ်းကောင်းတို့၏ အဓိကတဝန်ပင်ဖြစ်သည်။ စာကြီးပေကြီးများကို ရွတ်ပြောရလျှင် ''ပုရေ အဓမ္မော ဒိဗ္ဗတိ-မသူတော်တို့၏အင်အား မသူတော်တို့၏ တရားက မလွှမ်းမိုးမီ ကြိုးစားရမည်'' ဟူလို။
ထိုကဲ့သို့သာသနာတော်ဝယ် ရုပ်ပျက်နေသူတွေကို တဖြေးဖြေးချင်း ဖဲ့ထုတ်ပစ်နိုင်ရန်မှာ ပရိယတ္တိ-ပဋိပတ္တိ အရည်မှီသော ဇွဲရှိသော ရဲစွမ်းသတ္တိထက်မြက်သော သာသနာ့ဝန်ထမ်းကောင်းတို့ကို များစွာ လိုအပ်လှပေသည်။ အနှီဝန်ထမ်ကောင်းတို့ကို စနစ်တကျမွေးထုတ်နိုင်ရန် ''ဘာသန္တရသံဃ တက္ကသိုလ်ကြီး'' ကား ဝင့်ဝင့်ကြွားကြွား မားမားထီးထီးရှိသင့်ပေပြီ။ ''ယောင်လယ်လယ် ဓမ္မာစရိယ'' တို့ကို ထိန်းသိမ်း၍ သူတို့၏ လုပ်ရည်ကိုင်ရည်နှင့် အစွမ်းသတ္တိတို့ကို ထုတ်ဖော်ခွင့်ရအောင်ပြုလုပ်ပေးရေး၌ ဤကဲ့သို့သော ဘာသန္တရတက္ကသိုလ်ကြီးများကသာ အထောက်အကူဖြစ်စေမည်မှာ မုချဖြစ်သည်။
ထို့ကြောင့် အခိုင်အမာ ပိဋကတ်ကြီးများကို ခေတ်မှီစွာသင်ကြားနိုင်ရန်၊ ဟိန္ဒီ-သက္ကတ-အင်္ဂလိပ် စသော ဘာသန္တရတို့ကို လေ့လာခွင့်ရရန်၊ ဗုဒ္ဓ၏အမွေအနှစ်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ရန် ''သီးခြားသံဃာ့ တက္ကသိုလ်ကြီး'' တခု ပေါ်ထွက်လာရေးအတွက် လောကီ-လောကုတ်စွယ်စုံရသော သာသနာ့ဝန်ထမ်းကောင်းတို့ သည် စေတနာရှေ့ထား၍ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် စုပေါင်း ထူထောင်ကြပါရန် လေးနက်စွာ တင်ပြတိုက် တွန်းလိုက်ရပါသတည်း။ ။

အရှင်မဟောသဓ ပဏ္ဍိတ
၁၆-၉-၇ဝ
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ် ၂) ''ဓမ္မာစရိယ-မင်းရှိန်''အမည်ဖြင့် ရေးသားခဲ့သည်။

ရဟန်းပြုခြင်းနှင့်စပ်ဆိုင်သောမေးခွန်း


မေး။ ။
၁။ ရဟန်းပြုချင်သူသည် ဆွံ့အနေပါက၊ စကားမပီပါက ရဟန်းပြု၍ရပါသလား အရှင်ဘုရား (စကားမပီသည့်အတွက် ပရိတ်တွေကအစ ရွတ်ဖတ်ရာတွင် မပီပါအရှင်ဘုရား)

၂။ ရဟန်းပြုချင်သောလူတစ်ယောက်တွင် B ပိုးတွေ့ရှိနေရာ ထိုသူကို B ပိုးတွေ့ရှိသောကြောင့် ရဟန်းပြုခွင့်ဆုံးရှုံးပါသလား အရှင်ဘုရား။ B ပိုးရောဂါရှိသူသည် B ပိုးကြောင့် သေချင်မှလဲ သေပါတယ်အရှင်ဘုရား...။ B ပိုးကြောင့် မသေပါသော်လည်း B ပိုးသည် တစ်သက်လုံး ထိုသူ၏သွေးထဲတွင်ရှိနေနိုင်ပါတယ် အရှင်ဘုရား။ B ပိုးတွေ့ထားသူမှာ ရိုးရိုးကျန်းမာရေးဆေးစစ်ရာတွင် ဆေးစစ်ချက်အရ အသည်းကအစ အားလုံးကောင်းနေပါတယ် အရှင်ဘုရား။ B ပိုးရှိသူမှာ B ပိုးသာရှိတာပါ။ အတွင်းကလီစာတွေကို ဘာမှမထိခိုက်သေးပါ အရှင်ဘုရား။ (ဆေးစစ်ချက်တွင် အသည်း၊နှလုံး တွေကအစ အားလုံး A ကြီးပဲ ထွက်လာပါတယ် အရှင်ဘုရား)။ B ပိုးရှိသူမှာ သူများတစ်ကာတွေကဲ့သို့ အိပ်နိုင်စားနိုင်ပါတယ်(သူများထက် ပိုစားနိုင်ပါတယ် အရှင်ဘုရား)။ ကျန်းမာနေသည့် လူတစ်ယောက်အတိုင်းပါပဲ အရှင်ဘုရား။ သူ့ကိုယ်သူ B ပိုးရှိတဲ့လူတစ်ယောက်လို့ တောင်မှတ်ယူထားတာမဟုတ်ပါဘူး အရှင်ဘုရား... အရှင်းဆုံးကတော့ စဉ်းကို မစဉ်းစားတာပါအရှင်ဘုရား။ ထိုကဲ့သို့သောလူမျိုးသည် ရောဂါပိုးရှိသောကြောင့် ရဟန်းပြုခွင့် ဆုံးရှုံးပါသလား အရှင်ဘုရား။

၃။ ရဟန်းပြုချင်သူသည် မိဘကခွင့်ပြုမှ ရဟန်းခံလို့ရပါတယ်လို့ တပည့်တော် သိထားပါတယ်အရှင်ဘုရား... ဒါပေမယ့် မိသားစုကိုလုပ်ကျွေးနေသူမှာ အမဖြစ်သောကြောင့် မိဘက သဘောတူပါသော်လည်း အမ သဘောမတူပါက ရဟန်းပြုခွင့် ဆုံးရှုံးပါသလား အရှင်ဘုရား။

တပည့်တော်ကို ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးပါလို့ လျှော်ထားအပ်ပါတယ် အရှင်ဘုရား..။


အဖြေ။ ။
ဒကာကြီးအမေးကို မဖြေခင် ပါဠိတော်မှာ လာရှိတဲ့ ရဟန်းမခံသင့်တဲ့ အပြစ် သို့မဟုတ် ချို့ယွင်းချက်တွေကို ပြောပြပါရစေ။ ရဟန်းခံတယ်ဆိုတာ ဗုဒ္ဓဘာသာမှာ အလွန်ကို အရေးကြီးတဲ့ ကိစ္စကြီးဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းချက်(ဥပဒေ)တွေက သိပ်များပါတယ်။ ဒါပေမယ့် ဒကာကြီးအမေးနဲ့ သက်ဆိုင်နေတဲ့ အချို့အချက်အလက်တွေကို ခြုံငုံမိအောင် အောက်ပါသတ်မှတ်ချက်လေးတွေကို အရင်ပြောပြရခြင်း ဖြစ်ပါတယ်။ ရဟန်းခံပေးတဲ့နေရာမှာ အောက်ပါ ချို့ယွင်းချက်ရှိတဲ့ ရဟန်းလောင်းကို ရဟန်းခံမပေးသင့်ပါဘူး။ (ရဟန်းခံမပေးသင့်ဆိုတာ ရဟန်းခံလျှင် ရဟန်းမဖြစ်ဟု မဆိုလိုပါ။)။ ချို့ယွင်းချက်ရှိသူကို အပိုင်း (၂) ပိုင်းခွဲခြားပြီး ပြောပါမယ်။

ပထမအပိုင်းအနေနဲ့…
၁။ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သော အနာ (ငါးမျိုး)
၂။ မင်းခစားယောက်ျား
၃။ တံခွန်စိုက် (ထင်ရှား) သော ခိုးသူကြီး
၎။ နှောင်အိမ်ကို ဖျက်ဆီး၍ ထွက်ပြေးသော ခိုးသူ
၅။ တွေ့ရာအရပ်၌ သတ်စေဟု ကြော်ငြာထားအပ်သော ခိုးသူ
၆။ (သံပူကပ်၍) အမှတ်ပြုခြင်း အပြစ်ဒဏ်ခံရသော သူ
၇။ ကြိမ်ဒဏ် အပြစ်ပေးခံရသော သူ
၈။ ကြွေးမြီတင်နေသောသူ
၉။ ကျွန်
၁၀။ အသက်နှစ်ဆယ်မပြည့်သေးသော ပုဂ္ဂိုလ်
၁၁။ အမိအဖတို့ ခွင့်မပြုသော သား
၁၂။ လက်ပြတ်သောသူ
၁၃။ ခြေပြတ်သောသူ
၁၄။ နား ပြတ်သောသူ
၁၅။ နှာခေါင်းပြတ်သောသူ
၁၆။ ခြေချောင်းလက်ချောင်း ပြတ်သောသူ
၁၇။ ခြေမလက်မ ပြတ်သောသူ
၁၈။ အကြောမ ပြတ်သောသူ
၁၉။ ခြေချောင်း လက် ချောင်းပူးနေသောသူ
၂၀။ ကုန်းသောသူ
၂၁။ ပုကွသောသူ
၂၂။ ခြေထိုင်းသောသူ
၂၃။ အနာဆိုးရှိသောသူ
၂၄။ ပရိသတ်ကိုဖျက်ဆီးသောသူ
၂၅။ မျက်စိတစ်ဖက်ကန်းသောသူ
၂၆။ လက်ခြေကောက်သောသူ
၂၇။ ခွင်သောသူ
၂၈။ ဖက်သကပ်နာစွဲ 'ကိုယ်တစ်ခြမ်းသေ'သောသူ
၂၉။ နားပင်းသူ
၃၀။ အိုမင်းမစွမ်းသောသူ
၃၁။ (စကားဆွံ့)အသောသူ
၃၂။ ကန်းလည်းကန်း အလည်းအသောသူတို့ ဖြစ်ပါတယ်။

ဒုတိယပိုင်းအနေနဲ့…
၁။ အမိသတ်သူ
၂။ အဖသတ်သူ
၃။ သံဃာသင်းခွဲသူ
၎။ ရဟန္တာသတ်သူ
၅။ ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်သူ တို့ဖြစ်ပါတယ်။

အဲဒီလို နှစ်ပိုင်းခွဲပြောရတာက အကြောင်းရှိပါတယ်။ ပထမပိုင်းချို့ယွင်းချက် ရှိသူတွေကို ရဟန်းခံပေးမိလျှင် ရဟန်းခံပေးတဲ့ ရဟန်းတော်မှာ `ဒုက္ကဋ်အာပတ်´အပြစ် ဖြစ်ပါတယ်။ `ဒုက္ကဋ်´ဆိုတာ နားလည်အောင်ပြောရရင် `မသင့်တော်ဘူး၊ မလုပ်ကောင်းဘူး´ဆိုတဲ့ အနေအထားသာ ရှိပါတယ်။ လူတွေ ကဲ့ရဲ့စရာဖြစ်အောင် လုပ်တဲ့အပြုအမူမှန်သမျှ `ဒုက္ကဋ်´အပြစ် ဖြစ်ပါတယ်။ လွန်ကြူးရင်ရတယ်လို့ မဆိုလိုပါ။ သဘောတရားကို ပြောပြခြင်း ဖြစ်ပါတယ်။

ဒုတိယပိုင်း ချို့ယွင်းချက်များမှာတော့ အဆိုပါ ချို့ယွင်းချက်ရှိသူကို ရဟန်းခံပေးမိလျှင် အသွင်ကို ဖျက်ပစ်ရမည် (သင်္ကန်းချွတ်ပစ်ရမည်)ဟု မိန့်တော်မူသည်။ ဆိုတော့ ပထမပိုင်း ချို့ယွင်းချက်ရှိသူတွေကို ရဟန်းခံပေးတဲ့နေရာမှာ ရဟန်းခံပေးသူမှာသာ အပြစ်ဖြစ်ပြီး ရဟန်းအသစ်ကို `အသွင်ကို ဖျက်ပစ်ရမည် (သင်္ကန်းချွတ်ပစ်ရမည်)´လို့ မဆိုထားပါဘူး။ ဒါက မှတ်သားစရာ အချက်ဖြစ်ပါတယ်။

ဒကာကြီးအမေးနဲ့ ပြန်ပြီး စပ်ဟပ်ကြည့်မယ်ဆိုရင် နံပါတ် (၁) အမေးဖြစ်တဲ့ စကားမပီသသူ သို့မဟုတ် စကားမပြောတတ်သူ ဆွံ့အသူဟာ ဦးဇင်းအထက်မှာရေးခဲ့တဲ့ (၃၁)ခုမြောက် အချက်နဲ့ ငြိနေပါတယ်။ သူ့ကို ရဟန်းခံပေးရင် ရဟန်းတော့ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ရဟန်းပြုပေးတဲ့ ဆရာတော်မှာ လူအများကဲ့ရဲ့စရာအပြစ် ဖြစ်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို စကားမပီသူကို ရဟန်းပြုပေးမိလျှင် ထိုပုဂ္ဂိုလ်ရဲ့ အသွင်ကို ဖျက်ပစ်ရမယ် သို့မဟုတ် သင်္ကန်းပြန်ချွတ်ပစ်ရမယ်လို့ မဟောထားပါဘူး။ (ဒါကြောင့် ရဟန်းဖြစ်ပါတယ်။ ရဟန်းဖြစ်ခွင့် လုံးဝမဆုံးရှုံးတယ်လို့ မဆိုနိုင်ပါဘူး)။

တစ်ခု သတိထားသင့်တာကတော့ ရဟန်းဘ၀ဆိုတာ ၀ိနည်းစည်းကမ်းတွေကို ဂရုတစိုက်လေ့လာရင် နေရထိုင်ရအတော်မလွယ်တဲ့ ကိစ္စပါ။ တာဝန်သိတတ်ရင် တာဝန်တွေကလဲ သိပ်ကြီးပါတယ်။ လူတွေ ပေးတာကျွေးတာ စားရတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်စရာ မလိုဘူး။ လူတွေက ကောင်းတာပဲ ကျွေးကျွေး၊ မကောင်းတာပဲ ကျွေးကျွေး အဲဒါကိုပဲ စားရပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် ထမင်းကျန်၊ ဟင်းကျန်လေးတွေ အလှူခံ ဘုဉ်းပေးခဲ့ရတဲ့ အနေအထားတွေတောင် ရှိခဲ့ဖူးပါတယ်။ လူတွေကတော့ သူတို့ကိုးကွယ်တဲ့ ရဟန်းသံဃာကို သူတို့ရဲ့ ဦးဦးဖျားဖျားဖြစ်တဲ့ မွန်မြတ်တဲ့အရာတွေကိုပဲ လှူဒါန်းကြတာ များပါတယ်။ အဲဒီတော့ တာဝန်သိတဲ့ ရဟန်းတစ်ပါးရဲ့ တာဝန်ဟာ တကယ့်ကို မလွယ်ကြောပါပဲ။ အင်မတန် ခက်ပါတယ်။ သူတို့အတွက် တရားဟောပြရတယ်။ ကောင်းမွန်ရာတွေ ရဖို့အတွက်၊ ကုသိုလ်တရားတွေ ပွားစီးဖို့အတွက် လမ်းညွှန်ရပါတယ်။

စကားမပြောတတ်သူရဟန်းတစ်ပါးဟာ အဲဒီတာဝန်တွေအတွက် ဘယ်လိုလုပ်မလဲ။ လူတွေကို ဘယ်လိုနည်းနဲ့ ကျေးဇူးပြန်ဆပ်မလဲ။ ဒါကြောင့် စကားမပြောတတ်သူတွေကို ဆရာတော်ကြီးများက ကိုရင်ကြီးပဲ ၀တ်ပေးကြတာများပါတယ်။

မြတ်စွာဘုရားရှင်က သူ့တပည့် ရဟန်းပရိသတ်ကို အလွန်စင်ကြယ်ဖို့ ဆန္ဒရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လူတွေရဲ့ အမြင်မှာ တတ်နိုင်သမျှ ကြည်ညိုဖွယ်ဖြစ်အောင် နေထိုင်ဖို့ အမြဲတမ်း တိုက်တွန်းတော်မူပါတယ်။ ဓမ္မစေတီမင်းလက်ထက်က ရဟန်းအတုအယောင်တွေ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မင်းကြီးက သာသနာကို သန့်စင်ခဲ့ပါတယ်။ စည်းကမ်းဥပဒေတွေ တင်းတင်းကျပ်ကျပ် သတ်မှတ်ခဲ့ဖူးပါတယ်။ ကိုယ်လက်အင်္ဂါ မစုံသူ စတဲ့ ပုဂ္ဂိုလ်တွေကို ရဟန်းဝတ်ခွင့် မပေးရ၊ ၀တ်ပေးလျှင် ရဟန်းလောင်းကိုလည်း လူချွတ်၊ ဥပဇ္ဈယ်ဆရာ(ရဟန်းခံပေးသူ)ကိုလဲ အပြစ်ပေး(ပြစ်ဒဏ်ကြီးမားတာတော့ သေချာသည်။ မမှတ်မိ)၊ ရဟန်းလောင်းရဲ့ ပစ္စည်းလေးပါးဒါယကာတွေကိုပါ အပြစ်ဒဏ်ပေးတဲ့ မင်းအာဏာတွေ ထားရှိခဲ့ဖူးပါတယ်။ ဒါက စကားစပ်လို့ ပြောတာပါ။ သာသနာမှာ ကြည်ညိုဖွယ်မဖြစ်သူတွေ မရှိစေလိုတဲ့သဘော ဖြစ်ပါလိမ့်မယ်။

နံပါတ် (၂) အမေးဖြစ်တဲ့ B ပိုးရှိသူရဟန်းခံလို့ ရပါသလားဆိုတာကတော့ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားခေတ်က ရောဂါအမည်တွေက ဒီနေ့ခေတ်နဲ့ အလွန်ခြားနားနေတယ်။ ဦးဇင်းအမြင်အရတော့ ရဟန်းခံခွင့် မဆုံးရှုံးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ B ပိုးကို ပထမအပိုင်းစာရင်းထဲမှာပါတဲ့ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သောအနာဆိုတဲ့ အနာ (၅)မျိုးထဲကိုလဲ သွင်းဖို့ ခက်ခဲပါတယ်။ တကယ်လို့များ B ပိုးကို အဲဒီအနာရောဂါစာရင်းထဲ သွင်းလို့ရတယ်ဆိုတာတောင်မှ ရဟန်းခံသူမှာပဲ အပြစ်ဖြစ်တယ်ဆိုတော့ မဆုံးရှုံးနိုင်ဘူးလို့ မှတ်ယူနိုင်ပါတယ်။ နောက်ပြီး (၂၃)ခုမြောက် အချက်ဖြစ်တဲ့ အနာဆိုးရှိသောသူဆိုတာကလဲ ရှေးခေတ်က ရောဂါတွေနဲ့ တိုက်ဆိုင်လို့ မရတော့ တိုက်ရိုက်ယူဆလိုက်ဖို့ ခက်ပါတယ်။

ဒီနေရာမှာ အနာ (၅)မျိုး တစ်မျိုးမျိုးရှိသူကို ရဟန်းခံပေးရင် ရဟန်းခံပေးသူဆရာတော်မှာ ဒုက္ကဋ်အပြစ်ဖြစ်စေလို့ ဘုရားရှင်က ဘာဖြစ်လို့ ပညတ်ရသလဲဆိုတဲ့ သမိုင်းကြောင်းလေးလဲ အကျဉ်းချုံးပြီး နည်းနည်း ပြောချင်တယ်။ တကယ်တော့ အနာ (၅)မျိုး တစ်မျိုးမျိုးရှိသူတွေကို အနာတွေ ပေါက်နေလို့ `မသင့်ဘူး´ပြောတာ မဟုတ်ပါဘူး။ ဇာတ်လမ်းက ဒီလိုပါ။ ဒီဇာတ်လမ်းက အတော်မှတ်သားဖွယ် ဖြစ်ပါတယ်။

ဗိမ္ဗိသာရမင်းလက်၊ ဆရာဇီဝကဆိုတာ နာမည်ကြီးတဲ့ ဆေးဆရာကြီးပါ။ ဘုရင်နဲ့ မြတ်စွာဘုရားရှင်သာမက ရဟန်းသံဃာများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူထားရသူပါ။ သူက ဆေးကုရင် အခကြေးငွေလဲ မယူပါဘူး။ အဲဒီအချိန်မှာ လူတွေမှာ အထက်မှာ ပြောခဲ့တဲ့ အနာ (၅)မျိုး ပေါက်နေကြပါတယ်။ ဒါကြောင့် ဆေးဆရာကြီးဖြစ်တဲ့ ဆရာဇီဝကဆီကို လာရောက်ပြီး ဆေးကုပေးဖို့ ပြောပါတယ်။ ဆရာကြီးက မအားတော့ မကုပေးနိုင်ဘူးလို့ ပြောလိုက်တာများပါတယ်။ အဲဒီတော့ လူတွေကလဲ ပါးနပ်တယ်။ `ဒို့တော့ ဒီလို သွားကုခိုင်းလဲ ကုပေးမှာ မဟုတ်ဘူး။ သူ ဆေးကုပေးတဲ့ နည်းလမ်းလေး ရှာကြည့်ရအောင်´ဆိုပြီး နည်းလမ်း ရှာကြပါတယ်။ အဲဒီမှာ အဖြေကတော့ `ရဟန်း´၀တ်လိုက်ဖို့ပါပဲ။ ရဟန်းဝတ်လိုက်တော့ ဆရာကြီးဇီဝကက ဆေးကုပေးပါတယ်။ ရောဂါသည်တွေက ရောဂါပျောက်တာနဲ့ လူထွက်ကုန်ပါတယ်။ အဲဒီတော့ လူတွေက ကဲ့ရဲ့ကြပါတယ်။ ဒီအကြောင်းကို မြတ်စွာဘုရားက သိတော့ `ရဟန်းတို့ အနာရောဂါ (၅)မျိုးရှိသူကို ရဟန်းဝတ်မပေးကြနဲ့၊ ရဟန်းဝတ်ပေးရင် ဒုက္ကဋ်အာပတ်သင့်စေ´ဆိုပြီး ပညတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

ဒီနေရာမှာ ၀ိနည်းမှာလာတဲ့ ဒုက္ကဋ်အာပတ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ပါ။ ဘယ်ကိစ္စမှာမဆို ဘုရားရှင်က လူတွေကို အမြဲတမ်း ဦးစားပေးပါတယ်။ ရဟန်းတွေက မှန်နေရင်တောင်မှ `ငါ့တပည့်တို့ မင်းတို့လုပ်တာ မှန်တယ်၊ ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့ ဆက်လုပ်´လို့ ဘယ်တော့မှ မိန်တော်မမူပါဘူး။ သူ့တပည့်တွေ အလုပ်တစ်ခုခု လုပ်တယ်။ လူတွေက မကြိုက်ဘူး။ ကဲ့ရဲ့ကြတယ်။ အဲဒီလိုဆိုရင် ဘုရားရှင်က `မလုပ်ကြနဲ့၊ လုပ်ရင် ဒုက္ကဋ်´အဲဒီလို ပညတ်လိုက်တာများပါတယ်။

လောကကြောင်းအရ တစ်ခု စဉ်းစားကြည့်နိုင်တာက B ပိုးဆိုတာ မဆင်မခြင်လုပ်ရင် ရောဂါကူးစက်ပြီး တစ်ခြားရဟန်းတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အနာ (၅)မျိုးနဲ့ပတ်သက်ပြီး အဋ္ဌကထာမှာ ဖွင့်ပြထားတာကတော့ အဆိုပါ အနာရောဂါ စွဲကပ်နေသူတွေဟာ ပထမဆုံး ရောဂါကို ပျောက်အောင် ကုသင့်တယ်လို့ အကြံပြုထားပါတယ်။ ရောဂါပျောက်ပြီးမှ ရဟန်းခံလျှင် ပိုပြီး သင့်မြတ်နိုင်စရာ ရှိပါတယ်။
နံပါတ် (၃) အမေးဖြစ်တဲ့ အမ သဘောမတူပါက ရဟန်းပြုခွင့် ဆုံးရှုံးပါသလားဆိုတဲ့အမေးကတော့ ရှင်းပါတယ်။ မဆုံးရှုံးနိုင်ပါဘူး။ မိဘခွင့်မပြုတဲ့သူလို့ပဲ ဆိုပါတယ်။ အစ်မစသည် မပါဝင်ပါဘူး။ မိဘတွေကသဘောတူရင် ရဟန်းပြုနိုင်ပါတယ်။

ဒကာကြီး အမေးကို အကျဉ်းချုပ်ပြန်ပြောရရင် `ဒကာကြီးပြောတဲ့ အပြစ်အနာအဆာတွေဟာ ရဟန်းဖြစ်ခွင့်ကို မဆုံးရှုံးနိုင်ဘူး´လို့ မှတ်နိုင်ပါတယ်။ လိုအပ်တဲ့ ချွင်းချက်တွေကိုတော့ အထက်မှာ ပြောခဲ့ပြီးပါပြီ။
ဒီနေရာမှာ မေးခွန်းနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းအရာနည်းနည်းကို ဗဟုသုတအနေနဲ့ မှတ်သားထိုက်တယ်ထင်လို့ ပြောပြချင်ပါတယ်။ ဗုဒ္ဓဘာသာမှာရှိတဲ့ ဘုရားပညတ်ထားခဲ့တဲ့ ၀ိနည်းဆိုတာ တရားသေ၀ါဒ (Dogmatic)မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တော်တိုင် လူတွေရဲ့ တုန့်ပြန်မှုကိုကြည့်ပြီး အမျိုးမျိုး ပြင်ဆင်ဖြည့်စွက်ခဲ့တာတွေ ရှိပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ၀ိနည်းဥပဒေဆိုတာ ဥပဒေမျှသာ ဖြစ်ပါတယ်။ ဥပဒေဆိုတာ အားလုံးသိတဲ့အတိုင်း အခြေအနေ၊ နေရာဒေသနဲ့အချိန်အခါတို့ရဲ့ တောင်းဆိုမှုကို မလွန်ဆန်နိုင်ပါဘူး။ အခြေအနေ၊ နေရာဒေသနဲ့ အချိန်အခါတွေကို တွန်းလှန်ဖြိုဖျက်နိုင်တဲ့ ပရမတ္ထသစ္စာတရားများ မဟုတ်ကြပါဘူး။ ဗုဒ္ဓဘာသာမှာ ၀ိနည်းဥပဒေထားရှိရတဲ့ ရည်ရွယ်ချက်ကလဲ ကိုးကွယ်သူ ဒကာ၊ ဒကာမတွေ ပိုပြီး ကြည်ညိုစရာတွေ တိုးပွားလာအောင်၊ မကိုးကွယ်သူတွေ အပြစ်ပြောစရာ မဖြစ်စေဘဲ ကြည်ညိုလာအောင် ပညတ်ထားရခြင်း ဖြစ်ပါတယ်။

ဥပဒေအချို့ကို ဥပမာထုတ်ပြောရရင်
(၁) ရဟန်းခံရင် အနည်းဆုံး ရဟန်း(၁၀)ပါးရှိမှ ရဟန်းခံလို့ ဖြစ်နိုင်တယ်၊
(၂) သားရေတစ်ထပ်ထက်ပိုပါတဲ့ ဖိနပ်ကို မစီးရ၊
(၃) နှစ်ပတ်မှာ တစ်ခါသာ ရေးချိုးရမယ်၊
(၄) သားရေဖျာအခင်းကို အသုံးမပြုရ…..လို့ အစက ဘုရားရှင် ဥပဒေထားခဲ့တယ်။ (ဒါက မူလပညတ်ချက်ပါ)။
နောက်ပိုင်းမှာ အ၀န္တိတိုင်းက အရှင်မဟာကစ္စာယနရဲ့တပည့် အရှင်သောဏက မြတ်စွာဘုရားကို လျှောက်ပါတယ်။ ``ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…
(က) အ၀န္တိတိုင်းမှာ ရဟန်း (၁၀)ပါးရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် (၁၀)ရမှ ရဟန်းခံပေးနိုင်တယ်ဆိုတဲ့ စည်းကမ်းကို ရဟန်းဦးရေလျှော့ပြီး ဥပဒေကို ပြင်ပေးပါဘုရား။
(ခ) အ၀န္တိတိုင်းက မြေကြီးက အရမ်းကြမ်းတမ်းပါတယ်ဘုရား။ ဒါကြောင့် သားရေအထပ်အများကြီးပါတဲ့ ဖိနပ်ကို စီးခွင့်ပေးတော်မူပါဘုရား။
(ဂ) အ၀န္တိတိုင်းက လူတွေက ခဏခဏ ရေချိုးတာကို သဘောကျကြတယ်ဘုရား။ ဒါကြောင့် ခဏခဏ ရေချိုးခွင့်ပေးတော်မူပါဘုရား။
(ဃ) အလယ်ပိုင်းက လူတွေက ဖျာကို ထိုင်စရာအဖြစ် အသုံးပြုကြသလို အ၀န္တိတိုင်းက လူတွေက သားရေနယ်ကို ထိုင်စရာအဖြစ် အသုံးပြုကြပါတယ်ဘုရား။ ဒါကြောင့် သားရေနယ်အခင်းကို အသုံးပြုခွင့်ပေးတော်မူပါဘုရားလို့ လျှောက်ထားခဲ့ပါတယ်။

ထိုအခါ မြတ်စွာဘုရားက ရဟန်းတော်တွေကို အစည်းအဝေးခေါ်လိုက်ပါတယ်။ (ဘုရားရှင်က အရေးကြီးလျှင် အမြဲတမ်း အစည်းအဝေးခေါ်ပြီး အသိပေးပြီးမှ လုပ်ဆောင်လေ့ရှိပါတယ်)။
(က)ဤဒေသမှတစ်ပါး အ၀န္တိတိုင်းအပါအ၀င် အခြားသောတိုင်းပြည်များတွင် ရဟန်းငါးပါးရှိရုံဖြင့် ရဟန်းခံခြင်းအမှုကို ပြုလုပ်နိုင်သည်။ ထိုငါးပါးတို့တွင် တစ်ပါးက ၀ိနည်းကျွမ်းကျင်လျှင် ပြီးပြည့်စုံသည်။ (၀ိနည်းမကျွမ်းကျင်သူများချည်း ပြုလုပ်လျှင် မဖြစ်နိုင်ဟု ဆိုလိုသည်)။
(ခ) သားရေအထပ်များစွာပါဝင်သော ဖိနပ်ကို စီးနိုင်ခွင့်သည်။
(ဂ) ရေ ခဏခဏ ချိုးခွင့်ရှိသည်။
(ဃ) သားရေနယ်ကို ထိုင်စရာအဖြစ် အသုံးပြုခွင့်ရှိသည်လို့ ဥပဒေကို ပြင်ဆင်ပေးခဲ့ပါတယ်။

ဒါက ဘာကို ပြသလဲဆိုတော့ ဥပဒေမှာ အခြေအနေနဲ့အချိန်အခါအရ ပြောင်းလဲနေနိုင်သလို ဗုဒ္ဓဘာသာရဲ့ ၀ိနည်းဥပဒေမှာလဲ Flexibilityဆိုတဲ့ (ကိုယ်လိုရာ ထင်သလို ပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ) ပြင်ဆင်ပြောင်းလဲနိုင်တဲ့အနေအထားတွေ ရှိပါတယ်။ ဒေါက်တာဝါလ်ပိုလာ ရာဟုလာကလဲ သူ့ရဲ့ heritage of Bhikkhus ဆိုတဲ့စာအုပ်မှာ “The Vinaya (the code of Disciplinary Rules for the Sangha) is not an absolute truth; it is only a convention agreed upon for the orderly and smooth life of a social organization. As it should be conducted according to social and economic changes to suit the place and the time, the Buddha laid down appropriate rules and also changed and modified them”လို့ ပြောထားပါတယ်။

ဒီလောက်ဆိုလျှင် ဒကာကြီး သိချင်တဲ့ အဖြေကို ရလိမ့်မယ်လို့ ယူဆပါတယ်။ မေးခွန်းမေးတဲ့ ဒကာကြီးကို ကျေးဇူးတင်ပါတယ်။
http://attalwinpyin.blogspot.com/မှကူးယူဖော်ပြပါသည်။ (ရဟန်းပြုခြင်းနှင့်စပ်ဆိုင်သောမေးခွန်း ) by http://attalwinpyin.blogspot.com (http://attalwinpyin.blogspot.com)

ရဟန်းဟူ၍ ဘာ့ကြောင့်ခေါ်.

ဘိက္ခုသုတ်-
ရဟန်းတို့ တရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏။
အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ-
၁။ ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု {သက္ကာယဒိဋ္ဌိ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၂။ မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၃။ ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု {သီလဗ္ဗတပရာမာသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၎။ စွဲမက်မှု {ရာဂ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၅။ အမျက်ထွက်မှု {ဒေါသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၆။ တွေဝေမှု {မောဟ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၇။ ထောင်လွှားမှု {မာန} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
ဤတရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏ ဟု
(မိန့်တော်မူ၏)။
၁ - ဘိက္ခုသုတ်၊ သမဏ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။
ဗုဒ္ဓဓမ္မ ဦးလောကနာထ

ဆင်းတုရှိခိုးတာ အကျိုးရှိသလား

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။
မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။
ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?
ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။
ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။
ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့
သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။
သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။
ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ
အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို
ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။
ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။
ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။
ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊
ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး
ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊
ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။
ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ
စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး
ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက
မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့
ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။
စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့
မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊
ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့
ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။
ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို
ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ
ရည်မှန်းပြီး ပူဇော်ရပါတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်
အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို
ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့
ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား
စွပ်စွဲမှုများသာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့
ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊
ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်
နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး
မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့
အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊
သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။
ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ
ရှာဖွေလို့ ရနိုင်ပါတော့မလဲ။
(ဒေါက်တာမင်းတင်မွန်)
www.burmaborn.blogspot.com မှကူးယူဖော်ပြပါသည်။ တန်ဖိုးရှိသော
ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။

သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။ (ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။) by Myanmar Cupid Forum (Myanmar Cupid Forum)
http://www.myanmarcupid.net

ဗုဒ္ဓနှင့် အာဠ၀ကဘီလူး အမေးအဖြေ‏

အာဠ၀ကဘီးလူးသည် သူ၏ဗိမာန်သို့ရောက်လာသော ရဟန်း၊ ရသေ့၊ ပရဗိုဇ် တို့အား ခက်ခဲသော မေးခွန်းများနှင့် ရူးသွပ်အောင်ပြုပြီး ညှင်းပန်းနှိပ်စက်၏။
အာဠ၀ကသည် ဤသို့အကြံရလျှက် ဗုဒ္ဓကို ၀မ်းသာအားရ ရင်ဆိုင်လိုက်၏။ ဗုဒ္ဓက “အသင် အာဠ၀က သင်ပြောလိုရာကို ပြောတော့” ဟု မိန့်၏။
အာဠ၀ကအမေး။ ။ ဤလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာသည် အဘယ်နည်း။
ဗုဒ္ဓအဖြေ။ ။ ဤလောက၌ ယောက်ျား၏ မြတ်သောဥစ္စာကား ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဟု ဆိုအပ်သော သဒ္ဓါတရားဖြစ်သည်။
အာဠ၀ကအမေး။ ။ ချမ်းသာသုခကို ရရှိရန် အဘယ်တရားကို ကောင်းစွာ လေ့ကျက်ရမည်နည်း။
ဗုဒ္ဓအဖြေ။ ။ ချမ်းသာသုခရရှိရန် သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို လေ့ကျင့် အားထုတ်ရမည်။
အာဠ၀ကအမေး။ ။ အရသာရှိသော သဘောတရားတို့တွင် အဘယ်အရသာသည် အမြတ်ဆုံးနည်း။
ဗုဒ္ဓအဖြေ။ ။ အရသာရှိသော သဘောတရားတို့တွင် မှန်သောစကားကို ပြောဆိုခြင်း ဟုဆိုအပ်သော သစ္စာတရားသည် အမြတ်ဆုံး၊ အရသာအရှိဆုံး ဖြစ်သည်။
အာဠ၀ကအမေး။ ။ အသက်မွေးဝမ်းကျောင်းမှုတို့တွင် အဘယ်မည်သော အသက် မွေးဝမ်းကျောင်းမှုသည် အမြတ်ဆုံးနည်း။
ဗုဒ္ဓအဖြေ။ ။ အသက်မွေးဝမ်းကျောင်းမှုတို့တွင် ပညာနှင့် အသက်မွေးဝမ်းကျောင်းမှုသည် အမြတ်ဆုံးဖြစ်၏။
အာဠ၀ကအမေး။ ။ ဆင်းရဲဒုက္ခကို အဘယ်တရားနှင့် လွတ်မြောက်နိုင်သနည်း။
ဗုဒ္ဓအဖြေ။ ။ ဆင်းရဲဒုက္ခကို လုံ့လဟု ဆိုအပ်သော ၀ီရိယတရားနှင့် လွတ်မြောက်နိုင်၏။
အာဠ၀ကအမေး။ ။ အဘယ်သို့သော အကြောင်းကြောင့် တမလွန်ဘ၀၌ မစိုးရိမ်ရသနည်း။
ဗုဒ္ဓအဖြေ။ ။ အာဠ၀က သစ္စာ- မှန်သောစကားပြောခြင်း၊ ဓမ္မ- လောကီ၊ လောကုတ္တရာပညာ၊ စာတိ- ထကြွလုံ့လ ၀ီရိယရှိခြင်း၊ စာဂ- ပေးကမ်းစွန့်ကြဲခြင်းဟု ဆိုအပ်သော တရားလေးမျိုးနှင့် ပြည့်စုံခြင်းကြောင့် ပြည့်စုံသူသည် တမလွန်ဘ၀ကို စိုးရိမ်ခြင်း မရှိပေ။

ဗုဒ္ဓက ဤသို့ဖြေဆိုလိုက်ရာ အာဠ၀ကလည်း ကျေနပ်နှစ်သိမ့် သွားကာ သောတာပန်ပီပီ ကြည်ညိုစိတ်ထားနှင့် မြတ်စွာဘုရားအား ချီးကျူးထောပနာပြုလျက်၊ မိမိအတွက် သက်သက်ရောက်လာသော ဗုဒ္ဓအား ၀မ်းမြောက်ဝမ်းသာ လျှောက်ထားပြောဆိုလေသတည်း။
Dhammaransi.net