တိုင်းရင်းသားလူမျိုးတိုင်း လူဦးရေ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိုယ်ပိုင်ဘာသာ စကားဆိုတာ ရှိပါတယ်။ မတူကွဲပြားတဲ့ နေရာဒေသမှာ နေထိုင်ကြသည့် အလျောက် စကားပြောလေယူလေသိမ်း ကွဲပြားခြင်း၊ လူမ...ျိုးတမျိုးတည်းဖြစ်ပေမယ့်လည်း မျိုးနွယ်စု-မျိုးနွယ်ခွဲ မတူညီသည့်အတွက် စကားခြင်း မတူညီခြင်း၊ လွယ်ကူစွာ နားလည်သဘော ပေါက်မှုမရှိခြင်း ဖြစ်တက်ပါတယ်။
ကမ္ဘာပေါ်ရှိ အချို့သော တိုင်းရင်းသားလူမျိုးကြီး၊ လူမျိုးငယ်တွေဆိုရင် ကွဲပြားလွန်းတဲ့ ၄င်းလူမျိုးတို့ရဲ့ စကားအမျိုးမျိုးကြောင့် အချင်းချင်း အပြန်အလှန် ပြောဆိုဆက်ဆံဖို့ မလွယ်ကူနိုင်သည့်အတွက် မျိုးနွယ်စုတွေထဲက လူအများစုသုံး စကားကို ကြားခံ အဓိက ဘာသာစကားအဖြစ် တရားဝင် သတ်မှတ်တက်ပါတယ်။
ဒါက တိုင်းရင်းသားလူမျိုးစုတခုတည်းမှာကို မတူညီ၊ ကွဲပြားတဲ့ မျိုးနွယ်စုများနဲ့ စုဖွဲ့ထားတဲ့ တိုင်းရင်းသားစုဖြစ်သည့်အတွက် လွယ်ကူအဆင်ပြေတဲ့ ကြားခံသုံးစကားကို အသုံးပြုနေတဲ့ အခြေအနေပါ။ မျိုးနွယ်စုတွေလည်း များတယ်။ စကားကွဲပေါင်းများစွာကို ပြောဆိုတဲ့ အတွက်ကြောင့်ပါ။ မြန်မာပြည်ရှိ အချို့သော တိုင်းရင်းသားတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ကချင်၊ ရှမ်းတွေဆိုရင် မျိုးနွယ်စုများနဲ့ ဖွဲ့စည်းထားတဲ့ လူမျိုးတွေပါ။ မျိုးနွယ်စုတွေအလိုက် အနည်းငယ် (သို့) အများကြီးကွဲပြားတဲ့ စကားအမျိုးမျိုး အသုံးပြုကြပါတယ်။ အမျိုးသား စာပေလည်း နှစ်ခု (သို့) သုံးခု ရှိတက်ပါတယ်။ ဒါကလည်း လူမျိုးစုများနဲ့ ဖွဲ့စည်းထားတဲ့ လူမျိုးများဖြစ်တဲ့အတွက် စာပေ နှစ်ခု၊ သုံးခုရှိတယ်ဆိုတာ သဘာဝကျပါတယ်။ အချို့ တိုင်းရင်းသာတွေမှာ ကွဲပြားနေတဲ့ စာပေအတွက် စာပေခိုင်ခိုင်မာမာ ဖြစ်ရေးဆိုပြီး အချင်းချင်းကြားမှာ အတက်နိုင်ဆုံး ညှိနှိုင်းလုပ်ဆောင်နေကြပါတယ်။
ပအိုဝ်းစာပေ တခုတည်းထားရှိရေး (သို့) နှစ်ခု ဆက်ရှိရေးနှင့် ပတ်သတ်ပြီး စဉ်းစားမယ်ဆိုရင် ပထမဆုံး ပအိုဝ်းတိုင်းရင်းသားတွေမှာလည်း “လူမျိုးစု၊ မျိုးနွယ်ခွဲ များစွာနဲ့ စုဖွဲ့ထားတဲ့ လူမျိုးဖြစ်သလား” ၊ “ပအိုဝ်းလူမျိုး ဘယ်နှစ်မျိုး ရှိသလဲ။” “တောင်ပေါ်၊ မြေပြန့် ပအိုဝ်းလေသံကို အချင်းချင်းကြား နားမလည်နိုင်ကြလို့လား” ဆိုတာအခြေခံပြီး ကြည့်ဖို့ လိုပါမယ်။ ဒါမှလည်း ပအိုဝ်းမှာ စာပေ နှစ်ခုရှိသင့်သလား၊ ထားသင့်သလားဆိုတာ အဖြေရှာကြည့်နိုင်ပါတယ်။
ပအိုဝ်းစာပေများလေ ပိုကောင်းလေ ဆိုတဲ့ အမြင်တွေ အချို့တွေမှာ ရှိနိုင်ပေမယ့်လည်း ရေရှည်အတွက်တော့ ပအိုဝ်းစာပေ နှစ်ခုရှိနေခြင်းဟာ အမျိုးသားညီညွှတ်ရေးအတွက် မကောင်းလှဘူးလို့ မြင်ပါတယ်။ ခမ်းကောင်၊ ခမ်းဒွမ် အချင်းချင်းလည်း ဝေးကွာသွားနိုင်ပါတယ်။ ပအိုဝ်းစာပေဟာ စာရွက်ပေါ်မှာသာရှိနေပြီး သင်ချင်တက်ချင်စိတ် မရှိတဲ့လူတွေ၊ စိတ်မ၀င်စားတဲ့သူတွေ တပုံတပင်ကြီးပါ။ ကိုယ့်အမျိုးသားစာပေကို ထိန်းသိမ်း၊မြှင့်တင်ဖို့ အဓိကအကျဆုံးက လူငယ်တွေ ကိုယ့်အမျိုးသာစာပေ သင်ချင်စိတ်ရှိလာအောင်၊ ပအိုဝ်းစကား မမေ့ပျောက်အောင် လုပ်ဆောင်ဖို့က အရေးကြီးဆုံးလို့ မြင်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်စာပေတိုးတက်ဖို့၊ ခိုင်ခိုင်မာမာရှိဖို့ တစ်ခုတည်းသော ပအိုဝ်းစာပေ ရှိဖို့ဘဲလိုပါတယ်။ စာပေ နှစ်ခုရှိပြီး လူငယ်တွေ၊ လူကြီးတွေ သင်ချင်စိတ်မရှိရင် ဒီစာပေဟာ ဘယ်တော့မှ မတိုးတက်နိုင်ဘူး။
ပအိုဝ်းတိုင်းရင်းသားများမှာ မျိုးနွယ်စုကွဲလို့၊ နားမလည်နိုင်တဲ့ စကားပြောဆိုကြလို့ ပအိုဝ်းစာပေ နှစ်ခုရှိသင့်တယ်လို့ ခံယူချက်တွေ အချို့ပအိုဝ်းတွေမှာ ရှိနေရင် ရှိနေလိမ့်မယ်။ နောက်ပြီး ဒေသစွဲကို အရင်းခံပြီး ခမ်းကောင်စာ ခမ်းကောင်ဒေသ သင်၊ ခမ်းဒွမ်စာ ခမ်းဒွမ်ဒေသ သင်ကြဆိုပြီး ဖြစ်လာနိုင်တယ်။ ပအိုဝ်းစာမှု တခုတည်းထားရေးအတွက် ယနေ့လို ကောင်းသော အချိန်မှာ မလုပ်ဆောင်နိုင်ရင် ပအိုဝ်းတွေ ဘယ်လိုမှ မညီညွှတ်နိုင်ပဲ စာပေအတွက် အမြင်တွေ ကွဲနိုင်ပါတယ်။ နောက်ဆုံး ပအိုဝ်းလူမျိုး နှစ်မျိုး ဖြစ်လာနိုင်တယ်။
ဒါကြောင့် ပအိုဝ်းတွေ အနေဝေးကြပေမယ့် ယဉ်ကျေးမှုအရ၊ ဘာသာစကားအရ၊ အမျိုးသားရေးအရဆိုရင် အချင်းချင်း နီးကပ်လာအောင် အရေးကြီးဆုံး လုပ်ပေးနိုင်တာက တခုတည်းသော ပအိုဝ်းအမျိုးသားစာပေ ရှိနေဖို့ပါဘဲ။ သင်ကြားတက်မြောက်ကြဖို့ပဲ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စာပေဟာ အပြန်အလှန် ပေါင်းကူးဆက်နွှယ်စေလို့ပါဘဲ။
ဥပမာအားဖြင့်.. လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော်ရှိတဲ့ တရုတ်နိုင်ငံဆိုရင် လူမျိုးစု၊ ကြီးငယ်ပေါင်း တရားဝင် အသိအမှတ်ပြု (၅၆) မျိုးရှိတယ်လို့ဆိုပါတယ်။ ဘာသာစကားပေါင်း ၂၉၂ မျိုးကျော်ပါ။ သို့ပေမယ့် လူမျိုးစုချင်း တူညီပေမယ့်လည်း ဒေသအလိုက် စကားပြောဆိုမှု ကွဲပြားတာကြောင့် တရုတ်အစိုးရက ဟန်လူမျိုး အများစုသုံး မန်းဒရင်း-တရုတ် စကားကို တရားဝင် ဘာသာစကားအဖြစ် သတ်မှတ်ပြီး တရုတ်ပြည်သူတွေကို မန်းဒရင်း- တရုတ်ဘာသာစကား သင်ကြားဖို့ တိုက်တွန်းပါတယ်။
ဒါက ကွဲပြားလွန်းပြီး လူမျိုးစုပေါင်းများစွာ ရှိတဲ့ တရုတ်နိုင်ငံမှာတောင် အချင်းချင်း ကူလူဆက်ဆံဖို့ လွယ်ကူအောင်ဆိုပြီး တခုတည်းသော လူများစုသုံး စကားကို အားပေး ကျင့်သုံးတာပါ။ လက်ရှိမှာလည်း မန်းဒရင်း (Mandarin Dialect) တရုတ်စကားဟာ ကမ္ဘာ့ကုလသမဂ္ဂ (UN) ထဲမှာဆိုရင် တရားဝင် နိုင်ငံတကာ ဘာသာကြီး (၆) ခုထဲက တခုပါ။ ထိုင်ဝမ်၊ ဟောင်ကောင် နှင့် အခြားသော တရုတ်နိုင်ငံသား မဟုတ်တဲ့ ကမ္ဘာအရပ်ရပ်က တရုတ်လူမျိုးတွေလည်း တရားဝင် မန်းဒရင်း တရုတ်ဘာသာကို ကွန်ယက်သဖွယ် အသုံးပြုကြပါတယ်။ အနောက် နှင့် အရှေ့ကမ္ဘာမှာ နေထိုင်ကြတဲ့ တရုတ်တွေလည်း အဓိက တရားဝင် မန်းဒရင်း တရုတ်စာပေကို အခြားသော တရုတ်စာ၊ စကားထက် ပိုမိုသင်ယူပြီး တရုတ်ပြည်မကြီးနဲ့ အပြန်အလှန် ကူးလူဆက်ဆံမှု လုပ်ပါတယ်။ ဒါကို မန်းဒရင်း- တရုတ်စာပေက လုပ်ဆောင်ပေးတာပါ။
ဒါကြောင့် မန်းဒရင်း- တရုတ်စာပေလိုဘဲ နှစ်ခုဖြစ်နေတဲ့ ပအိုဝ်းစာပေလည်း တခုတည်းသော၊ ခိုင်မာသော ပအိုဝ်းအမျိုးသားစာပေတခုဖြစ်မှ ခမ်းကောင်၊ ခမ်းဒွမ် ပအိုဝ်းအချင်းချင်း ကူလူဆက်ဆံနိုင်ပါတယ်။ ပအိုဝ်းအမျိုးသား ခေါင်းစဉ်အောက်မှာ အချင်းချင်းလည်း ဘက်ပေါင်းစုံ စည်းလုံးညီညွှတ် လာနိုင်ပါမယ်။
ခွန်နီပအိုဝ်း
No comments:
Post a Comment