........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 19, 2013

“ငွေနဲ့ပေါက်ပေမယ့် ဘာသာမပျောက်ခဲ့သည့် ဗုဒ္ဓဘာသာဝင်တိုင်း အတုယူသင့်သည့် သုပ္ပဗုဒ္ဓသူတောင်းစား နူနာသည်ကြီး

ဗုဒ္ဓဘာသာ မြန်မာတို့အတုယူဖွယ် သာဓကတစ်ခုကား မြတ်စွာဘုရားရှင်လက်ထက်တော်က သုပ္ပဗုဒ္ဓအမည်ရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦးရှိခဲ့ပါသည်။ သုပ္ပဗုဒ္ဓဟာ အတိတ်ကံကြွေးကြောင့် ဒီဘဝမှာ တောင်းရမ်းစားသောက်ပြီး ဝမ်းစာကြောင်းနေရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူ့မှာ နူနာရောဂါကြီးလည်း ရှိနေပါတယ်။ သို့သော် သူဟာ ဘဝကို အား...မငယ်ခဲ့ပါ။ မငြီးညူခဲ့ပါ။ စိတ်မညစ်ခဲ့ပါ။ ဝမ်းမနည်းခဲ့ပါ။ မျက်ရည်မကျခဲ့ပါ။ သူ့ဘဝမှာ သာမန်အားဖြင့်ကြည့်ပါက အထီးကျန်သည်ဟု ဆိုသင့်ပေမယ့် သူဟာ အထီးမကျန်ပါ။ ဆွေမရှိ၊ မျိုးမရှိ၊ အပယ်ခံဘဝရောက်နေရပေမယ့် အမျိုးကို ချစ်တဲ့စိတ်၊ ဘာသာ သာသနာကိုလေးစားမြတ်နိုးတဲ့စိတ်က သူ့ရင်မှာ ထာဝရရှင်သန်နိုးကြားတက်ကြွ နေပါတယ်။

သူ့ဘဝမှာ အတိတ်က ဝဋ်ကြွေးကြောင့် နယ်တကာ လှည့်ပြီး ရွာရိုးကိုးပေါက် အရှေ့အနောက် တောင်မြောက် ခြေဦးတည့်ရာသွားလာ၍ အိမ်ပေါက်ဝရောက်တိုင်း “ဦးကြီးတို့ အစ်ကိုကြီးတို့ အဒေါ်တို့ အစ်မတို့ ထမင်းကျန် ဟင်းကျန်လေးများရှိရင် စွန့်ကြဲကြပါ။ သားတို့သမီးတို့ ဦးလေးတို့ စားစရာလေးများရှိပါက ပေးကမ်းကြပါကွယ်” ဟု ဘဝက မလှမပတောင်းရမ်းစားသောက်ရပေမယ့် အမျိုး ဘာသာ သာသနာနှင့် အမျိုးသားရေး လမ်းစဉ် သဘောတရားများကား နေ့စဉ်နှင့်အမျှ သုပ္ပဗုဒ္ဓရင်မှာ ရေလှိုင်းခတ်သလို တဖျတ်ဖျတ်မြည်၍ တလှပ်လှပ် လှုပ်ရှားနေသည်။

တစ်နေ့သော် ဘုရားရှင်သည် ဝေနေယျသတ္တဝါတို့အား တရားဒေသနာဟောကြားတော်မူသောအခါ သုပ္ပဗုဒ္ဓအနာကြီးရောဂါရှိနေ၍ အများသူငှာလို တန်းတူရည်တူ တရားနာပရိတ်သတ်ထဲ မဝင်နိုင်ဘဲ အစွန်အဖျားတစ်နေရာမှ တရားနာယူ၍ သောတာပန်အဖြစ် ရောက်ရှိသွားပါသည်။ ဤအခါမှာ တရားထူးရရှိ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဘုရားရှင်အား လျှောက်ထားရန်သွားသောအခါ လမ်းမှာ သိကြားမင်းနှင့်တွေ့သည်။ သိကြားမင်းက အို (သုပ္ပဗုဒ္ဓ) သင်ဟာ တောင်းရမ်းစားသောက်နေရတယ်။ အနာကြီးရောဂါလည်းရှိနေတယ်။ သင့်ကို ရွှေငွေရတနာတွေ အများကြီးပေးမည်။ နောက်ပြီး သင်၏ အနာကြီးရောဂါကိုလည်း ပျောက်ကင်းအောင် ကုသပေးမည်။ ဒါပေမယ့် တစ်ခုတော့ သင်လုပ်ရမည်။ “ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာမဟုတ်၊ ရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် အကျိုးမရှိဟု ပြောရမည်” ဟု စေခိုင်းလေသည်။
ထိုအခါ သုပ္ပဗုဒ္ဓသည် စက္ကန့်မခြားဘဲ လျှပ်စီးလက်သကဲ့သို့ ချက်ချင်းပင် အို-သိကြားမင်း ငါဟာ ဆင်းရဲသားမဟုတ်၊ အထီးကျန်တစ်ကောင်ကြွတ်မဟုတ်၊ ငါ့မှာ သူတော်ကောင်းတို့ထားရှိတဲ့ ဥစ္စာဖြစ်သော သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပလို့ခေါ်တဲ့ ရတနာ(၇)ပါးရှိတယ်။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးလည်းရှိတယ်။ ဒါတွေဟာ ငါ့ဘဝအတွက် သမုတိသစ္စာအဖော်၊ ငါ့ဘဝသံသရာအတွက် ပရမတ္ထသစ္စာပစ္စည်းဥစ္စာဖြစ်တယ်။ ဒါကြောင့် သင့်ရဲ့ ရေပွက်ပမာ တစ်ခဏတာမျှသော ရွှေငွေကို အလိုမရှိ၊ ရတနာသုံးပါးကို မကဲ့ရဲ့နိုင်” ရဲဝံ့ပြတ်သားစွာ ပြောလိုက်တော့၏။ အားလုံး အတုယူဖွယ် စိတ်ထားပင်ဖြစ်၏။

ဒီသုပ္ပဗုဒ္ဓစကားတွေဟာ ယနေ့မြန်မာတို့ အတုယူဖွယ်ရာပင်ဖြစ်သည်။ မပြောပလောက်သော ငွေကြေးလောက်ဖြင့် ဗုဒ္ဓဘာသာကို သွေဖီသွားခြင်း၊ တစ်သိန်းတန်သော စန္ဒကူးနံ့သာကို ပုံရည်ဟင်းနှင့် လဲလှယ်စားခြင်းလည်းကောင်း၊ အဖိုးအနဂ္ဃထိုက်တန်သော ရွှေခွက်ကို ခွေးသေးဖြင့်ပန်းသကဲ့သို့လည်းကောင်း၊ ဂန္ဓမဏ္ဍာနတောင်ထိပ်မှ မစင်ပုံထဲ ခုန်ချသွားသကဲ့သို့ လည်းကောင်း၊ ဗြဟ္မာ့ပြည်မှ ဝက်စားကျင်း၌ ခုန်ချသွားသကဲ့သို့လည်းကောင်း ဗုဒ္ဓဘာသာအဖြစ်မှ တခြားဘာသာသို့ ကူးပြောင်းသွားပြီးသူ၊ ကူးပြောင်းချင်သူ၊ အထင်ကြီးနေသူများ သတိထားစေချင်လှပါတယ်။
ရခဲလှတဲ့ လူဘဝကို လူဖြစ်ရကျိုးနပ်စေရန် ဗုဒ္ဓဘာသာမှာသာရှိသော ဒါန သီလ ဘာဝနာ ဝိပဿနာ တရားများကို ကျင့်ကြံစေလိုပါတယ်။ ဒီသူတော်ကောင်းတရားများ မရှိတဲ့ ဘာသာတွင် အချိန်ဖြုန်းပြီး လူဖြစ်ရကျိုးမနပ်ဖြစ်မည်စိုးပါ၍ အသိပေးခြင်းမျှသာ ဖြစ်တော့သည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင် ဖြစ်သနည်း.... သိပါသလား....

ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ဘုရားသည် သစ္စာလေးပါးကိုကိုယ်ပိုင် ဉာဏ်ဖြင့်သိမြင်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့ ပါတယ်။ ဘုရားရှင်က မိမိကိုယ် တိုင်သိမြင်တော်မူသကဲ့သို့ သတ္တ၀ါတို့ကိုလည်း သိတော်မူစေရန် (၄၅)၀ါ ကာလပတ်လုံး တရားတော်များဟောကြားတော်မူခဲ့ပါတယ်။

ဘုရားရှင်ဟောကြားခဲ့သော သစ္စာတရားတော်များအတိုင်း နားထောင်နိုင်ပြီး လေးစားနိုင်ပြီး

(၁)သိရမယ့်သစ္စာကို သိအောင်ကြိုးစားတယ် (ဒုက္ခသစ္စာ)၊

(၂)ပွားရမယ့်သစ္စာကို ရအောင်ပွားများတယ် (မဂ္ဂသစ္စာ)၊

(၃)ပယ်ရမယ့်သစ္စာကို ပယ်ပြီးတော့ (သမုဒယသစ္စာ)၊

(၄)မျက်မှောက်ပြုရ မယ့်သစ္စာကို မျက်မှောက်ပြုနိုင်အောင်(နိရောဓသစ္စာ) ကြိုးစားအားထုတ်ကြရင် ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပါလိမ့်မည်။

ဘုရားရှင်ရဲ့ဝါဒဟာ ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ မြန်မာလိုပြောရရင် ကိုယ်ပိုင်ဉာဏ်သုံးကာ ဝေဖန်ပိုင်းခြားတဲ့ ၀ါဒဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ဝင်ငါးမျိုးရှိပါ တယ်။

(၁) ကုလ ဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
(၂) လာဘ ဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
(၃) ဘယ ဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊

အထက်ပါ သုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။

(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ (သဒ္ဓါတရားကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊

၎င်းကို အလတ်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။

(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊

၎င်းကို အထက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ဆိုပါသည်။

ကုလ ဗုဒ္ဓဘာသာ
ကုလဗုဒ္ဓဘာသာဆိုသည်မှာ အဆွေအမျိုးကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဖြစ်ခြင်း (ရိုးရာ ဗုဒ္ဓဘာသာ) ဖြစ်ပါတယ်။ အမေ၊ အဖေက ဗုဒ္ဓဘာသာဖြစ်ခြင်းကြောင့် သား၊ သမီးကဗုဒ္ဓဘာသာဖြစ်ခြင်းပါ။

ဗုဒ္ဓဘာသာဆိုတာ ဘာပြောမှန်းမသိ၊ ဘုရားဂုဏ်တော် ဘယ်လောက်ရှိမှန်း မသိ၊ တရားဂုဏ်တော် ဘယ်လောက်ရှိမှန်း မသိ၊ သံဃာ့ဂုဏ်တော် ဘယ်လောက်ရှိမှန်း မသိ၊ မိမိကိုးကွယ်တဲ့ မြတ်စွာဘုရားက ဘာကိုသိပြီး ပွင့်လို့ ပွင့်မှန်းမသိ၊ ဘုရားက ဘာစကားပြောမှန်းလည်း မသိ၊ ဘုရား၏ ၀ါဒသည် ဘာဝါဒမှန်းလည် မသိ ဖြစ်နေကြပါတယ်။

မိမိကိုယ်ကိုဗုဒ္ဓဘာသာလို့ ပြောနေသော်လည်း ဗုဒ္ဓက ဘာပြောမှန်း မသိတဲ့သူများလည်းရှိကြပါတယ်။ ဗုဒ္ဓက ဘာအယူဝါဒ ရှိတယ်ဆိုတာ မသိတဲ့သူလည်းရှိကြပါတယ်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာမျိုး ကို ကုလဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

ကုလဗုဒ္ဓဘာသာတွေရဲ့ စရိုက်က လက်အုပ်တော့ချီတတ်ကြပါတယ်။ လက်အုပ်ချီတတ်တိုင်း ဗုဒ္ဓဘာသာဟု မသတ်မှတ်နိုင်ပါ။ တချို့က လက်အုပ်ချီရှိခိုးတတ်ရုံမျှနှင့် ဗုဒ္ဓဘာသာ ဟုဆိုကြပါတယ်။ ထို့အပြင်မိမိ ဆောက်တည်သောသီလကိုဘာပြောမှန်းမသိ ဖြစ်နေတတ်ပါတယ်။

ရှေးတုန်းက ကျောင်းဒကာ နှင့် ကျောင်းအမ ရှိပါတယ်။ ကျောင်းဆောက်လှူဒါန်းလို့သာ ကျောင်းဒကာ၊ ကျောင်းအမ လို့ခေါ်တာပါ။ သီလ အကြောင်းကို ဘာတစ်ခုမှ နားမလည်ပါဘူး။

တနေ့ကျတော့ ကျောင်းအမက ဘုန်းကြီးကို အသားဟင်းကပ်ချင်တယ်ဆိုပြီး ငါးရောင်းတဲ့ ဈေးတန်းထဲကို ရောက်သွားပါတယ်။ ငါးရောင်းတဲ့သူကို ငါးတစ်ကောင် ဘယ်လောက်လဲမေးပါတယ်။ ငါးတစ်ကောင် တမတ် ဆိုတော့ ကျောင်းအမက ၀ယ်မယ်လို့ပြောလိုက်ပါတယ်။ ချက်ချင်းဘဲ ဈေးသည်က ငါးအရှင် တစ်ကောင်ကို ယူပြီး သံပိဿာလေးနဲ့ ထုသတ်လိုက်ပါတယ်။

ဒါနဲ့ ကျောင်းအမက ငါးအရှင်ကို သတ်တာဖြစ်လို့ မိမိကြောင့် သေရတယ်ဟုဆိုကာ ငါးကို မယူတော့ဘဲ ပိုက်ဆံပေးပြီး အိမ်ပြန်လာပါတော့တယ်။ အိမ်ရောက်တော့ “သူတို့မလို့ အာဒိန္နာဒါနကံကို မကြောက်တာ” ဟု ကျောင်းဒကာ ကိုပြောပါတယ်။ ကျောင်းဒကာက “သူများအသက် သတ်တာဟာ ကာမေသုမိစ္ဆာစာရကံပါ”ဟု ပြန်ပြောပြပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သားငြင်းနေရာမှ ကျောင်းဘုန်းကြီးထံ ရောက်သွားကြပါတယ်။

ကျောင်းဘုန်းကြီးထံလျှောက်တော့ ကျောင်းဘုန်းကြီးက “ငါးကို သံပိဿာလေးနဲ့ထုပြီးသတ်တာနဲ့ ထုပြီးတဲ့ အချိန်မှာ ငါးကလေးက ဖလပ်၊ ဖလပ် ဆိုပြီး သေတဲ့အတွက် သမ္ပပ္ပလာပ၀ါစာကံ”ဟု မိန့်ကြားပါတယ်။

ထိုသို့ဗုဒ္ဓဘာသာက ကုလဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်။

ဥပုသ်ဆောက်တည်တော့မည်နေ့ဆိုလျှင် ဟင်းကောင်းချက် တတ်ကြပါတယ်။ ညစာ မစားရတော့ဘူးဆိုပြီး အားရပါးရစားသောက်တက်ကြပါတယ်။(လူတိုင်းတော့မဟုတ်ပါဘူး)။

ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါ တယ်။

(ဥပ + ၀သထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်သူကို “ဥပုသ်သည်” လို့ခေါ်ပါတယ်။

မိမိဆောက်တည်သော သီလကိုလည်းလုံခြုံအောင် မစောင့်ထိန်းနိုင်ကြပါဘူး။ မိမိတို့ရဲ့ဘာသာတရားကိုလည်း မိမိကိုယ်တိုင် သေချာမသိဘူးဆိုရင် ကုလဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

ကုလဗုဒ္ဓဘာသာတွေမှာလွှမ်းမိုးနေတာက မောဟ (တွေဝေမှု)စရိုက် ဖြစ်ပါတယ်။ ကုလဗုဒ္ဓဘာသာတွေဟာ သီလ၊ ဒါန စတဲ့ ကုသိုလ် အလုပ်တွေမှာလည်း အလေးနက်ထားဆောင်ရွတ်မှုမရှိကြပါဘူး။

မိမိတို့ လုပ်ဆောင်နေတာတွေဟာ မှန်သယောင်နဲ့ မှားနေတာ လည်းရှိတက်ကြပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဘုရားရှင်၏၀ါဒ အတိုင်းကိုယ်ပိုင်ဉာဏ်နှင့် ဝေဖန်သုံးသပ် ဆင်ခြင်ကာ တရားအသိ၊ ပညာတိုးပွားအောင် လေ့လာသင်ယူ နာကြားသင့်ပေသည်။

မိမိကိုယ်ပိုင်ဉာဏ်နှင့် ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်ကြရအောင် ကြိုးစားအားထုတ် သင့်ပါပြီ။

မိမိသည် တနေ့ကုန်ရင် သေမင်းက မိမိအချိန်ထဲမှ တနေ့ကို နှုတ်ယူသွားပြီဟူသော အသိတရားရရှိကာ စစ်မှန်သော၊ တရားတော်ကို ကိုယ်တိုင်လေ့လာကျင့်ကြံ အားထုတ်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါတယ်။

    * လာဘဗုဒ္ဓဘာသာ


ကျွန်တော်တို့မှာ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ကျွန်တော်တို့ကိုးကွယ်နေသော ဗုဒ္ဓဘာသာဘုရားရှင်ကသစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင် သိမြင်ပြီးပွင့်ထွန်းလာရသည်ကို သိရန်လိုအပ်ပါလိမ့်မည်။

ဘုရားဖြစ်ပြီးနောက် မိဂဒါဝုန်တော်၌ ပဉ္စ၀ဂ္ဂီငါးပါးကို သစ္စာတရားတော်ဟောကြားခဲ့ပါတယ်။ ဘုရားရှင်၏ တရားဓမ္မကို စတင်ဟောကြားတဲ့ တရားဖြစ်တာကြောင့် ဓမ္မစင်္ကြာတရားလို့သိလာကြပါတယ်။

ဗုဒ္ဓရဲ့တရား တော်များကို အနှစ်ချုပ်လိုက်ရင်(၃)မျိုးသာကျန်ပါတယ်။

(၁) မကောင်းမှု မှန်သမျှကို မပြုနဲ့၊ မလုပ်နဲ့ရှောင်။
(၂) ကောင်းမှု မှန်သမျှလုပ်၊ ပြည့်စုံအောင်လုပ်။
(၃) မိမိစိတ်ကို ဖြူစင်အောင်၊ သန့်ရှင်းအောင်၊ စင်ကြယ်အောင်လုပ်။

ပိုပြီးပြည့်စုံအောင်ပြောရရင် စိတ်ဖြူစင်အောင်လုပ်နည်းတွေမှာ သမထနည်းနဲ့ ဝိပဿနာနည်း (၂)နည်း ရှိပါမယ်။ အပေါ်ကအချက်တွေလောက်ကတော့ ခရစ်ယာန်မှာလဲ ညွှန်ကြားပါတယ်။

ဗုဒ္ဓဘာသာရဲ့လိုရင်း အနှစ်ချုပ်မှာတော့ ကိလေသာကို အမြစ်ပြုတ်အောင် ပယ်သတ်ရမယ်လို့ မှတ်ယူကြရ ပါမယ်။

ကိလေသာဆိုတာကတော့ ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်တဲ့
တရားတွေပဲ ဖြစ်ပါတယ်။ ကိလေသာရှိနေသမျှ သံသရာကမလွတ်ဘဲ တ၀ဲလည်လည်ကျင်လည်ပြီး
သေပြီးရင်း သေနေရဦးမှာဖြစ်လို့ ကိလေသာကိုလည်း သတ်တတ်တဲ့ “မာရ်”လို့ခေါ်ပါတယ်။

ကိလေသာ အကျဉ်း(၁၀)ပါးရှိပါတယ်။ အမျိုးအစားအားဖြင့် (၃)မျိုးရှိပါတယ်။

(၁) ၀ိတိက္ကမ ကိလေသာ- အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် လောဘ၊ ဒေါသ အလျောက်ဖောက်ပြန်ကျူးလွန်စေတတ်မှု။ (သီလစောင့်ထိန်းခြင်းဖြင့်တားဆီရန်)။

(၂) ပရိယုဌာန ကိလေသာ- မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ။ (သမထ ဘာဝနာ ကျင့်ကြံခြင်းဖြင့် တားဆီးရန်)။

(၃) အနုသယ ကိလေသာ- သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့်သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ။ (၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)။

ဒီအချက်က ဗုဒ္ဓဘာသာမှာပဲရှိတာဖြစ်ပါတယ်။ စိတ်လုံးဝ ဖြူသွားအောင် ၀ိပဿနာလုပ်ရမယ် ဆိုတာမှ ဗုဒ္ဓဘာသာရဲ့လိုရင်းဖြစ်မယ်။

ဤမျှလောက်သတ္တ၀ါတွေ သံသရာ ၀ဋ်ဆင်းရဲဘေး၊ ကိလေသာဘေး၊ အပယ်ဘေးတို့မှ လွတ်မြောင်အောင်
သစ္စာတရားများ ဟောကြားခဲ့သော ဗုဒ္ဓဘုရာရှင်ကို လာဘ်လာဘ ပေါများအောင်အတွက် ကိုးကွယ်နေကြသော သူများကို လာဘဗုဒ္ဓဘာသာ ဟုခေါ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ကို အမှန်တကယ်ကြည်ညိုသောစိတ် မဟုတ်ဘဲ မိမိတို့အလုပ်အဆင်ပြေအောင်၊ မိမိတို့ လာဘ် ပေါများအောင် ဘုရားရှင်ကိုသာ ကိုးကွယ်မှု မဟုတ်တော့ဘဲ ဘိုးတော်၊ မယ်တော်၊ ဓာတ်တွေ၊ နတ်တွေကိုပါ ကိုးကွယ်နေတတ်ကြပါတယ်။ ဥုံ၊ သြောင်းတွေ ထဲ့ရွတ်ကာ ဘုရားရှိခိုး နေတတ်ကြပါတယ်။

ထိုသူများဟာ ဘုရားရှင်ကို မလေးစားသိလိုပင် ဖြစ်နေပါတယ်။ ဘုရားကိုလည်း အမျိုးမျိုးနာမည်တွေပေးကာ လူတွေအကြိုက် လိုက်လုပ်နေကြတာတွေလည်း ရှိပါတယ်။

လာဘမုနိဘုရားဆိုတော့ လာဘ်ပေါများအောင်ဟုဆိုကာ ရွေးပြီးကိုးကွယ် ကြပါတယ်။ ထိုသို့ဆိုလျှင် ထိုဘုရားကို မကိုးကွယ်ဘဲ ချမ်းသာနေကြသော ခရစ်ယာန်၊ မူဆလင်များရှိပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က အို၊ နာ၊ သေ ဆင်းရဲအပေါင်းမှ လွတ်မြောက်အောင် တရားဟောကြားခဲ့တာပါ။ လာဘ်များအောင် ကယ်တင်မှာလည်းမဟုတ်ပါဘူး။ ထိုအကြောင်းကိုမှ မသိဘဲ ဘုရားကို ယတြာချေတာ၊
မိမိအကျိုးကိုလိုလားပြီး ဘုရားကိုလှူတာမျိုးကို လာဘဗုဒ္ဓဘာသာတွေလုပ်ကြပါတယ်။

အတုအယောင်တွေကြားမှာ သာသနာတော်က မှေးမှိန်လာရပါတယ်။ ကြာကြာစံရအောင်ဆိုပြီး ကြာဇံ လှူကြပါတယ်၊ အကြံအစည်ကောင်းအောင် “ကြံ” လှူပါတယ်။ ပေါက်ပေါက်မြောက်မြောက်ရှိအောင်
ပေါက်ပေါက်ဆုပ် လှူကြပါတယ်။ “ထော”အောင်ဆိုပြီး ထောပတ်သီး လှူကြပါတယ်၊ ဘုရားကိုလှူတော့ အလုံးလိုက်လှူတယ်။ မိမိစားတော့ သကြား၊ နို့ဆီနဲ့ပေါက်စားကြပါတယ်။ (ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား ဆိုတာ စာဖတ်သူများပင် စဉ်းစားကြည့်ကြပါ)။ ထို့အပြင် ကိုးကွယ်မှု မပြုလုပ်အပ်တာများကိုပါ လုပ်ဆောင်လာကြပါတယ်။

တဆက်တည်း သူရဿတီဆိုသော ရုပ်ထုအကြောင်း အနည်းငယ်ပြောလိုပါတယ်။ အိန္ဒိယနိုင်ငံမှာ သူရဿတီ အမည်ရှိသော မြစ်ကလေး တစ်စင်းရှိတယ်။ နွေအခါမှာ သောင်များပေါ်သောအခါ ထိုသောင်များပေါ်တွင် ကုလားများက သီးပင်စားပင်များစိုက်ကြရာ အလွန်ဖြစ်ထွန်းတယ်။ ဒါလောက် ဖြစ်ထွန်းရင် ဒီမြစ်ကို စောင့်တဲ့ နတ်က 'မ'တာဖြစ်မယ်ဟူသော စိတ်ကူးယဉ်အတွေး ပေါ်လာကြပါတယ်။ သာယာညင်းပျောင်းစွာ စီးဆင်းသော မြစ်ရေကိုကြည့်၍ နတ်သမီးသာဖြစ်ရမည်ဟု ဆုံးဖြတ်ကြကာ မြစ်ကမ်းနားတွင် နတ်သမီးရုပ် တစ်ရုပ်ထုလုပ်ပြီး ကိုးကွယ်ကြပါတယ်။

နောက်တဖြည်းဖြည်း နယ်ကျယ်လာရာမှ ဗေဒင် သုံးပုံကို သူရဿတီလက်ထဲ ထည့်ပေးလိုက်သောအခါ သူရဿတီသည် ဟိန္ဒူဘာသာဝင်အားလုံးတို့၏ အထွတ်အမြတ်ထားရာ နတ်သမီးအဖြစ်သို့ ရောက်သွား ပါတယ်။

ထိုမှတဆင့် မြန်မာနိုင်ငံသို့ ၀င်လာသောအခါ ဘာသာရေးလုပ်ကြံလိုသူ တစ်စုကဗေဒင်သုံးပုံ စောင့်တာဆိုလျှင်
ဗုဒ္ဓဘာသာဝင်များက အလေးထား ကိုးကွယ်ကြမည်မဟုတ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များက အလေးထား ကိုးကွယ်ကြစေရန် ဗေဒင်သုံးပုံအစား ပိဋကတ်သုံးပုံစောင့်သည်ဟုဆိုကာ သူရဿတီလက်ထဲသို့ ဗုဒ္ဓ၏ တရားရတနာ ပိဋကတ်သုံးပုံကို ထည့်ပေးလိုက်ပါတော့တယ်။

အမှန်တကယ်မှာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် တရားတော်များကို သံဃာတော်များက ပထမသင်ဂါယနာမှ
ဆဋ္ဌမသင်ဂါယနာတိုင်အောင် ဆင်းရဲမျိုးစုံကြားမှ မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြရပါတယ်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ နောင်လည်းစောင့်ရှောက်ထိန်းသိမ်း နေမည်သာဖြစ်တယ်။

ယခုတော့ အသက်အသေခံပြီး ပိဋကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များ မျက်နှာကိုမျှ မထောက်ဘဲ ပိဋကတ်သုံးပုံကို သူရဿတီစောင့်သည်ဆိုကာ ကုလားမရုပ်ကို ဘုရားရုပ်ပွားတော်နားမှာ လာထားကြပါတယ်။

ဆရာတော်များမှ ယနေ့တိုင် ဟောကြားဆုံးမနေသော်လည်း လိုက်ပါမလုပ် ဆောင်မှုများရှိကြပါတယ်။ နှောင်းလူ တွေရဲ့စိတ်မှာ ကိုကွယ်းအားထားစရာလို့မှတ်ထင်သွားမှာကို စိုးရိမ်မိပါတယ်။ မိမိတို့ သိပြီးသောသူများမှ ထိုအယူမှားများကို ပြင်နိုင်ဖို့လည်းလိုအပ်ပါမယ်။

ဘုရားရှင်က စီးပွားရေးတက်ချင်ရင် ကံ၊ ဉာဏ်၊ ၀ိရိယ သုံးပါးလုံးကို အားကိုးရမည် ဟုဆိုပါတယ်။ ထိုသို့ မသိကြရသည့်အတွက် ကိုးကွယ်၊ အားထားမှုတွေ လွဲမှားကာ သရဏဂုံ ညှိုးနွမ်းရပါတယ်။

အကယ်၍နတ်ကို ကိုးကွယ်ပြီးသေပါက အန်ဖတ်စား ပြိတ္တာ ဖြစ်ရပါမယ်။

လာဘ်လာဘ လိုချင်တပ်မက်နေသော လာဘ ဗုဒ္ဓဘာသာများမှာ အခြားသောကိုးကွယ်မှုတွေများစွာ လုပ်တတ်ကြပါတယ်။

လာဘ ဗုဒ္ဓဘာသာတွေရဲ့စိတ်မှာ ခေါင်းဆောင်နေတာသည် တဏှာ(လိုချင်တပ်မက်မှု) ဖြစ်ပါတယ်။ တဏှာ နှင့်ပြုလုပ်သော ကုသိုလ်၊ အကုသိုလ်အလုပ်မှန်သမျှက ဆင်းရဲကြောင်းဘဲဖြစ်ပါတယ်။ တဏှာဦးဆောင်နေသ၍ သံသရာက မလွတ်မြောက်နိုင်ပါဘူး။

ဘုရားရှင်ပွင့်လာပြီး တရားဟောတာက အို၊ နာ၊ သေဆင်းရဲက လွတ်စေချင်လို့ပါ။ မိမိတို့လုပ်နေတာက ဆင်းရဲကြောင်းတွေသာ ဖြစ်နေမယ်ဆိုရင်တော့ ဘုရားကိုကျောခိုင်းနေသူပမာ ဖြစ်ပေတော့မည်။

ထို့အတွက်ကြောင့် ရခဲလှတဲ့လူ့ဘ၀၊ ကြုံရခဲတဲ့ ဘုရားသာသာနာကာလမှာ မိမိအသိအမြင်၊ ကိုးကွယ် ယုံကြည်မှု မမှားကြစေရန် ရေးသား၍ ဓမ္မဒါနပြုအပ်ပါတယ်။

    * ဘယ ဗုဒ္ဓဘာသာ

ဘယ ဗုဒ္ဓဘာသာဆိုသည်မှာ ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က ဘေးန္တရာယ်မှ လွတ်မြောက်အောင် ကယ်တင်နိုင် တာမဟုတ်ပါဘူး။ ဘုရားရှင် ဟောကြားခဲ့သော တရားတော်များသည်သာလျှင် အို၊ နာ၊ သေဘေး စတဲ့ဆင်းရဲအပေါင်းမှ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် “အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူ အားလုံးအား အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်သည် မလိုက်နာ၊ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်”ဟူ၍ ဓမ္မပဒ မှာရေးဖွဲ့ထားပါတယ်။

ဘုရားရှင်ကို မိမိတို့အတွက် ကျရောက်လာမည်ထင်သော လောကီ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ရာ အတွက်သာ ကိုးကွယ်မည် ဆိုပါက ဘယ ဗုဒ္ဓဘာသာပင် ဖြစ်ပါလိမ့်မည်။

အဆင်မပြေမှုတွေများသောအခါမှာ မိမိတို့အတွက် ကယ်တင်ပေးနိုင်မည်ထင်၍ အခြားသော ကိုးကွယ်မှုတွေကို ပို၍ပင် လုပ်ဆောင်နေကြတာရှိပါတယ်။ ဒါတွေဟာ မသိမှု(အ၀ိဇ္ဇာ)ကြောင့်ဖြစ်ပါတယ်။ ထိုသို့ အခြားအရာ တွေကို ယုံကြည်မှုပြုကြတဲ့အတွက်ကြောင့် သရဏဂုံညှိုးနွမ်းရပါတယ်။ ပျက်ဆီးရပါတယ်။

ဘုရားရှင်ကဖြစ်လာသမျှအကျိုးတရားတို့သည် ပြုလုပ်ခဲ့သော အကြောင်းတရားကြောင့်သာ ဖြစ်တယ်ဆိုတာ ဟောကြားတော်မူခဲ့ပါတယ်။ အကြောင်းအကျိုးကို နားမလည်လျှင် ထိုအယူမှားများကို လုပ်ဆောင်နေကြမည် သာဖြစ်ပါတယ်။

စစ်မှန်သောဗုဒ္ဓဘာသာဝင်ဆိုသည်မှာ ဘုရား တရားကို နားထောင်၊ လိုက်နာသောသူများကိုသာ ခေါ်ဆိုထိုက် ပါတယ်။ ထိုအကြောင်းကို မသိဘဲ ထင်ရာလုပ်နေကြတော့ ဒုက္ခရောက်ကြရတာပါ။ နတ်ပြည်၊ ဗြဟ္မာပြည် တို့သည်လည်း ဒုက္ခတိဘုံများပင်ဖြစ်ပါတယ်။

မိမိတို့လုပ်ဆောင်နေသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ အမှန် နိဗ္ဗာန်ကိုသာ ရည်စူးထားရပါမယ်။ ဆုတောင်းတိုင်းပြည့်မည် မဟုတ်ပါ။ မိမိပြုလုပ်သော ကောင်းမှု၊ မကောင်းမှုသည်သာ မိမိအတွက် ကောင်းကျိုး၊ မကောင်းကျိုးကိုပေးနေတာ ဖြစ်ပါတယ်။

သစ္စာစကားနှင့် ပြောရလျှင် သမုဒယ(ပယ်သတ်ရမည့်တရား)ကြောင့် ဒုက္ခ(ဆင်းရဲခြင်း) ဖြစ်ရတာပါ။ ထို့ကြောင့် အကြောင်းတရား သမုဒယကို မပြုလုပ်ဘဲ ပယ်သတ်ရပါမည်။ ထိုသို့သိနေပြီး လုပ်ဆောင်နေခြင်းသည်ပင် မဂ္ဂသစ္စာ(ပွားများရမည့်၊ ကျင့်ကြံရမည့်တရား)ကို ကျင့်နေခြင်းဖြစ်နေပါတယ်။

ယခုလို သာသနာတော်နှင့် ကြုံနေသောအချိန်၊ တရားတော်များကို နာကြား နားလည်နိုင်သော လူဘ၀ရနေတဲ့ အချိန်မှာမှ စစ်မှန်သော တရားနည်းလမ်းများအတိုင်း မလိုက်နာနိုင်လျှင် လူဖြစ်ရကျိုးနပ်မည်မဟုတ်ပါ။

မိမိလုပ်ဆောင်နေတာသည် ဘာတွေဖြစ်နေလဲဆိုတာသိဖို့တော့လို အပ်ပါလိမ့်မယ်။

မိမိတို့အခက်ခဲဖြစ်လာပြီဆိုလျှင် ဗေဒင်မေး၊ နတ်တွေမေးကာ ယတြာချေတတ်ကြပါတယ်။ ဒီပညာတွေမှာ လွဲမှားနိုင်တဲ့ အချက်(၂)ချက်ရှိပါတယ်။

(က) ဟောသူက မကျွမ်းကျင်လို့ဖြစ်စေ၊ ရွှီးနေလို့ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ၊ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။

(ခ) နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေကြောင့်လဲ လွဲနိုင်ပါတယ်။

ဖြစ်ပုံကတော့ ကိုယ်ဟောနေတာ ဆုံးဖြတ်တာမှန်ရဲ့သားနဲ့ လာမေးသူက မမှန်သလို အမူအရာပြတာကြောင့် ပုထုဇဉ်ဗေဒင်ဆရာလဲ စိုးရွံ့ပြီး မှန်နေရာကနေ အမှားတွေ ဟောမိတတ်တယ်။ ဒါအပြင့် အားလုံးမှန်နေပေမယ့်
လာမေးသူက ကောင်းမှုတွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါတယ်။

ဘုရားရှင်ရှိစဉ်ကပဲ ပုဏ္ဏားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို တွက်ကြည့်တော့မဝေးတော့တဲ့ တစ်ခုသော လပြည့်ညသန်းခေါင်မှာ သေမယ်လို့ အဖြေရပါတယ်။ သူ့မိန်းမကလဲ တွက်ကြည့်တော့လဲ ဒီလိုပဲ။ ဒီတော့
ဘုရားရှင်ကိုလာမေးပါတယ်။ ဘုရားရှင်ကလည်း သေမယ် လို့ပဲဟောပါတယ်။ အဲဒီအခါ ပုဏ္ဏားလန့်ပြီး ငါသာ မျောက်ဖြစ်ရင်စားဖို့ ငှက်ပျောသီးပင်တွေစိုက်မယ်၊ ငှက်ဖြစ်ရင်နေဖို့ ညောင်ပင်စိုက်မယ်၊ ငါးဖြစ်ရင်နေဖို့ ရေကန်တူးမယ် စသဖြင့် အမျိုးမျိုး စဉ်းစားပြီး စိုက်ပျိုးလိုက်တာ အများကြီးပါပဲ။

နောက်တော့ လမ်းဖောက်တာတွေပါ ပါလာတယ်။ သူက ကုသိုလ်ရဖို့တော့ မဟုတ်ပါဘူး။ သူသေပြီး ဘာကောင် ပြန်ဖြစ်ဖြစ် နေရတာ အစဉ်ပြေအောင် လုပ်တာပါပဲ၊ ဒါပေမယ့် သူစိုက်ပျိုးထားတာတွေ ကြီးလာတော့ မျောက်တွေ၊ ငှက်တွေ၊ ငါးတွေ စသည်ဖြင့် စားကြ၊ သောက်ကြ၊ နေကြ၊ နားကြ ဖြစ်နေပါတယ်။

အဲဒီညမှာတော့ သူက အားလုံးကို နှုတ်ဆက်ပြီး အိပ်ယာပေါ်မှာ သေမယ့်အချိန်ကို စောင့်နေပါတယ်။
အာရုဏ်တက်ချိန်အထိလဲ မသေရော၊ သူ့ကို စိတ်ဆင်းရဲအောင် လုပ်ရမလားလို့ ဘုရားရှင်ကို စိတ်ဆိုးပြီး ရန်တွေ့ဖို့ ထွက်လာပါတယ်။

ဘုရားရှင်က ဟောအပြီးနောက်ပိုင်း ဘာတွေလုပ်လဲဆိုတာ မေးပြီး ဒါတွေဟာ အသက်ရှည်ရာကောင်းမှုတွေ ဖြစ်ကြောင်း ဟောပါတယ်။ ဒီတော့ သာမာန်ဗေဒင်လို သက်သက်မှာ မမှန်နိုင်ဘူးဆိုတာ သိသာပါတယ်။ ကံ နဲ့ ကံ ရဲ့အကျိုးကို ယုံရပါမယ်။

ဒီလိုမဟုတ်ဘဲ ဂြိုလ်စီး၊ ဂြိုလ်နင်း၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့်၊ လက်ဝါးမှ လမ်းကြောင်းများ ညွှန်ရာတွေကိုပဲ ယုံနေမယ်ဆိုရင် ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမာဒိဋ္ဌိ မဖြစ်တော့ဘဲ မိစ္ဆာဒိဋ္ဌိတောင် ဖြစ်သွားပါမယ်။

ထိုအကြောင်းတွေမသိဘဲ မိမိတို့ဘေးဖြစ်မှာ ကြောက်ပြီး ဘုရားမှာ ယတြာချေတဲ့ အနေနဲ့ ကိုးကွယ်နေတာ ကတော့ ဘယ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

ဘုရားဟောတဲ့ ပဋ္ဌာန်းတရား(၂၄ ပစ္စည်း) ကိုလည်း စည်းချတယ်ဆိုပြီး ရွတ်ဖတ်တာ ရှိကြပါတယ်။ စဉ်းစားကြည့်ရင် ဘုရားရဲ့တရားကို အစောင့်ချသလိုဖြစ်နေပါတယ်။ မလုပ်သင့်ပါဘူး။

အသက်ငယ်စဉ်အခါထဲက အမှတ်မမှားကြရအောင် သတိရှိကြရပါမယ်။ အမှတ်မှား၊ အသိမှား၊ အယူမှားပြီး
သံသရာကလွတ်နိုင်မှာမဟုတ်တော့ပါ။ ထို့ကြောင့် မိမိတို့ဘေးကိုကြောက်လို့၊ လာဘ်လိုချင်လို့၊ မိရိုးဖလာအရ စသည်ဖြင့် မကိုးကွယ်ကြပါရန် သတိပေး ရေးသားအပ်ပါတယ်။

ထိုသို့ဖြစ်နေပါကလည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ “ပညာဟူသည် အိုသည်မရှိ”တဲ့။ မိမိတို့သိရှိပြီးတာနဲ့ ပြင်လိုက်ရင် အကောင်းဆုံးဖြစ်မှာပါ။ အသိတရား ကို လိုက်ကျင့်နိုင်မှသာ တရား၏အနှစ်သာရကို ခံစားရမှာ ဖြစ်ပါတယ်။

သဒ္ဓါကိုအဖော်ပြု၍ ဉာဏ်နှင့်ယှဉ်သော သူတော်ကောင်းများဖြစ်ကြပါစေ။

    * သဒ္ဓါဓိက ဗုဒ္ဓဘာသာ

ကျွန်တော်တို့တွေသည် ဘာသာဝင်အရပြောရရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင် ဖြစ်လာ ခဲ့ရင် ဘုရားသာသနာတော်နဲ့ ကြုံနေတဲ့ကာလမှာ ကမ္မဿကတ (ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ဉာဏ်)နှင့် သစ္စာနုလောမိကဉာဏ်(သစ္စာသိတဲ့ဉာဏ်) ရအောင်ကြိုးစားနိုင်မှသာလျှင် အထက်တန်းစားဗုဒ္ဓဘာသာဝင် ဖြစ်ပါမယ်။

သဒ္ဓါဓိက ဗုဒ္ဓဘာသာ ဆိုသည်မှာ သဒ္ဓါတရားကိုအရင်းခံပြီး ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

ကိုးကွယ်ရာမှာ သဒ္ဓါတရားနှင့် ပညာဉာဏ် အတွဲညီရပါမယ်။ သဒ္ဓါတရားလွန်ကဲ ပညာနည်းက အလွဲယုံကြည်မှု ဖြစ်တတ်ပါတယ်။

ပညာမပါတော့ အရာရာတိုင်းကို ယုံကြည်လွယ်ပါတယ်။ ဗုဒ္ဓဘာသာ ဘုရားရှင်၏ ၀ါဒက ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။
(ကိုယ်ပိုင်ဉာဏ်နှင့်ဝေဖန်ပိုင်းခြားရသည့်ဝါဒ ဖြစ်ပါတယ်)။ ယုံကြည်မှုလွန်ကဲပြီး ဘိုးတော်၊ ဘွားတော်၊ နတ်တွေကို ယုံကြည်မိရင် ဒိဋ္ဌိ ဖြစ်ပါမယ်။

မိမိကအမှားလုပ်နေရင်ထိုအမှားကို ပြင်နိုင်ရပါမယ်။ သိပြီးတော့ပြင်နိုင်တဲ့ပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ပါ တယ်။ တိဟိတ်ဆိုတာက အမောဟ(ပညာ) ပြဋ္ဌာန်းပါတယ်။ တိဟိတ်ပုဂ္ဂိုလ်က ဒီဘ၀မှာဘဲ တရား ရနိုင်ပါ တယ်။ မိမိသည် တိဟိတ်လား၊ ဒွိဟိတ်လားဆိုတာ ကိုယ့်ကိုကိုယ်ပြန်ပြီး မေးကြည့်ရင် သိနိုင်ပါတယ်။

ဘုရားရှင်လက်ထက်တော်တုန်းက သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ တစ်ယောက်က နွားလို ကျင့်တယ်၊ နောက်တစ်ယောက်က ခွေးလို ကျင့်ကြံကြတယ်။ ထိုအကျင့်တွေဟာ တရားမရနိုင်ပါဘူး။ သူတို့တွေကျင့်တာ နှစ်ပေါင်း(၃၃)နှစ် ကြာလာသော်လည်း ဘာတရားမှမရကြဘူး။ သူတို့ဆရာကြီးတွေပြောသလို တစ်ခုမှ
ဖြစ်မလာတော့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး ဘုရားထံလျှောက်ကြားပါတယ်။

ဘုရားက နွားလိုကျင့်ပြီးသေရင် နွားဖြစ်မယ်။ နွားလိုကျင့်တာက ပစ္စုပ္ပန်မှာလည်း စီးပွားတက်မယ်၊ သံသရာ မှလည်း လွတ်မြောက်မယ် ဆိုတဲ့အယူကို မစွန့်ဘဲနဲ့ဆိုရင် နွားဘ၀ကသေရင် အ၀ီဇိငရဲ ကျမယ်လို့ ဟောတော်မူ ခဲ့ပါတယ်။

ထို့ကြောင့် ပညာမွဲတော့ လွဲတက်ပါတယ်။ သဒ္ဓါနှင့် ပညာညှိနှိုင်းပြီးမှ ယုံကြည်ကြဖို့လိုပါတယ်။ သဒ္ဓါနောက်က ပညာပါရင် အဲဒီသဒ္ဓါတရားက နိဗ္ဗာန်ထိ ပို့ဆောင်နိုင်ပါတယ်။

ယခုလည်း မိမိယုံကြည်ချက်ကို ဘုရား၊ တရား၊ သံဃာ အပေါ်မှာသာ မထားဘဲ နတ်တွေအပေါ်မှာ လည်းထားရှိနေကြပါတယ်။ သေချာစဉ်းစာကြည့်ရင် (၃၇)မင်းနတ် အားလုံးဟာ အသေဆိုးနဲ့သေခဲ့ကြတာပါ။
အစွဲကြီးပြီးတော့ ပြိဿာတွေ ဖြစ်နေတဲ့သူတွေဘဲဖြစ်ပါတယ်။

ဒါတွေကို ယုံကြည်နေမယ်ဦး ဆိုရင်တော့ မိမိဘယ်လိုဖြစ်မယ်ဆိုတာ မိမိကိုယ်တိုင်သိသင့်ပါပြီ။

နတ်နဲ့မင်္ဂလာဆောင်တယ်ဆိုတာက ရှိပါသေးတယ်။ အဲဒီ နတ်ကတော်အမျိုးသမီးမှာလည်း အမျိုးသားက ရှိပြီးသားပါ။ ဘယ်လိုဖြစ်မယ်ဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ ဒါတွေကအင်မတန်ကို မှားနေကြ တာတွေပါ။ ပြောမယ်ဆိုရင် ရေးလို့ပင်ကုန်မှာမဟုတ်တော့ပါဘူး။

ဒီလိုအယူမှားတွေ၊ အမွေဆိုးတွေကို နောက်ပိုင်းလူငယ်တွေမှာ မဖြစ်ကြရန် မိမိတို့က ပြောပြပေးနိုင်ရပါမယ်။ မိမိတို့ယုံကြည်မှုတွေရဲ့နောက်မှာ ပညာမပါတော့ အလွဲလွဲ၊ အမှားမှားတွေ ဖြစ်ကြရပါတယ်။

ကျွန်တော်ရေးသားထားသည်ကိုပင် မိမိဉာဏ်နှင့် ဆုံးဖြတ်ပြီးမှ ယုံပါ။

ကံနှင့် ကံ၏ အကျိုးပေးကို ယုံကြည်ရင် ဘိုးတော်တွေ၊ နတ်တွေကို ပူဇော်နေစရာမလိုတော့ပါဘူး။

ဘုရားကိုးဆူ ပူဇော်တာတွေလည်းရှိကြပါတယ်။ ဘုရားကို ပူဇော်တာဖြစ်လို့ ကုသိုလ်တော့ ဖြစ်ပါတယ်။ သို့ပေမယ့် မသန့်ရှင်းပါဘူး။ ဘုရားကိုးဆူ ပူဇော်တာဟာ ထေရ၀ါဒမှကျင့်စဉ် တစ်ရပ်လည်း မဟုတ်ပါဘူး။ ဘုရားကိုပဲ သန့်သန့်ရှင်းရှင်း ပူဇော်လိုက်ပါ။

ဘယ်ကစသလဲ ဆိုတော့။ ဝေသာလီပြည် ကပ်ဆိုက်တော့ ပြည်သူတွေက နတ်မင်းကြီးကိုးပါးက လုပ်ထား တာဆိုပြီး နတ်မင်းကြီးကိုးပါးကိုပူဇော်ဖို့အတွက် ဗလိနတ်စာပူဇော်ပွဲဆိုပြီး သတ္တ၀ါကိုးကောင်၊ ကိုးမျိုးနဲ့ ပူဇော်ကြတာပါပဲ။

ဘုရားကိုး ဆူစင်မှာ မြတ်စွာဘုရားရှင်က အလယ်က၊ ဘေးမှာ ရဟန္တာအရှင်မြတ်များ။ ထပ်ပြီးတော့ ၀န်းရံထားတာက နတ်မင်းကြီးကိုးပါး။ ထပ်ပြီးပါပါသေးတယ်။ သူတို့ရဲ့ကိုယ်စားလှယ်တော်များဖြစ်တဲ့ တိရိစ္ဆာန်ကိုးကောင်။

မြတ်စွာဘုရားရှင်ကို ရောနှောပြီး စင်တစ်ခုတည်းမှာ ဗြဟ္မဏတွေနဲ့ရောပြီး ကိုးကွယ်တာ မဖြစ်သင့်ပါဘူး။

ဘယ်ဘုရားလေးက ဘယ်မှာနေဆိုတာမျိုး စသဖြင့်ဘုရားကိုးဆူဆရာက ဘုရားဆရာလိုလို ဆရာလုပ်နေ ပါတယ်။ ရွတ်ဖတ်နေတာကလည်း ဘေးကင်းအောင်ကြီးပဲ။ ပုဏ္ဏားတွေရဲ့လေသံနဲ့ပြောတာပါ။ ဒါတွေက ပညာမပါလို့ ဖြစ်နေရတာပါ။ ကိုးန၀င်းမိုးလင်းမှ သိမယ်ဆိုတာလည်း အတော်ကိုစွဲနေကြပါတယ်။

ကိုးန၀င်းစိတ်တာကို မကောင်းဘူး၊ ကုသိုလ်မရဘူး ပြောတာမဟုတ်ပါဘူး။ န၀င်းတွေ၊ ဥုံ၊ သြောင်းတွေဆိုတာ ထေရ၀ါဒမှာ မရှိပါဘူး။ မြန်မာတွေက ကိုးဂဏန်းကို ကြိုက်တော့ လူ့အကြိုက် လိုက်လုပ်နေကြသလိုပါဘဲ။

ဗုဒ္ဓဂုဏ်တော်ကို တစ်ခေါက်ပဲရရ စိတ်ထဲမှာ သန့်သန့်လေးပွားလိုက်ပါ။ ဗုဒ္ဓနုဿတိဖြစ်အောင် ပွားများကြပါ။ မိမိနှစ်သက်တဲ့ ဂုဏ်တော်ကို အချိန်နေရာ မရွေးပွားများနိုင်ပါတယ်။ ပြဿဒါး၊ ရက်ရာဇာရွေးစရာမလိုပါဘူး။

ဘုရားရှင်က ပုဗ္ဗာဏှသုတ်မှာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသောနိမိတ်များသာ ဖြစ်နေမည့်အကြောင်း ရတနာ (၃)ပါးကို
အခြေခံတိုင်တည် သစ္စာတရားကို ဖော်ကျူးဟောကြားခဲ့ဖြစ်ပါတယ်။

ထို့ကြောင့်မိမိတို့ ရှိနှင့်ထားသော သဒ္ဓါတရားကို ပညာဉာဏ်နှင့် အတွဲညီစွာ ကိုးကွယ်၊ အားထုတ်နိုင်မှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုးနပ်ပါလိမ့်မည်။

စာဖတ်သူများ အသိဉာဏ် ပညာတိုးပွားကာ၊ အကျင့်တရားလိုက်ပါ၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။

    * ပညာဓိက ဗုဒ္ဓဘာသာ

ပညာဓိက ဗုဒ္ဓဘာသာ ဆိုသည်မှာ ပညာဉာဏ်နှင့်ယှဉ်တွဲ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ အတက်တန်းစားဗုဒ္ဓဘာသာဖြစ်ပါတယ်။

ကျွန်တော်တို့ဘုရားသည် ဉာဏ်ပညာကို အဓိကအားထား၍ ပါရမီဖြည့်ကျင့်ခဲ့သောကြောင့် လေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့ရပါတယ်။

ဘုရားရှင်ကလည်း “ဉာဏ်သာလျှင် အမိဉာဏ်သာလျှင်အဖ” ဟုဟောကြားတော်မူခဲ့ပါတယ်။

ပညာ ဆိုသည်မှာ မိမိပြုလုပ်သော အလုပ်တစ်ခုသည် မှား၊ မှန်ခွဲခြားကာ အမှန်ကိုပြုလုပ်နိုင်စွမ်းရှိသော ဉာဏ်ကိုေ ခ်ါရပါမည်။

လူဘ၀ရောက်လာလို့မှ မိမိက အဓိကနှင့် အဓိကမဟုတ်တာကို မခွဲခြားတတ်ပါက လူဖြစ်ကျိုးနပ်မည်မဟုတ်ပါ။ အရေးမကြီးတာကို အရေးတကြီးမလုပ်မိဖို့က အရေးကြီးပါတယ်။ ရှေ့ကရေးခဲ့သော အောက်တန်းစားဗုဒ္ဓ ဘာသာဝင်များနှင့် သဒ္ဓါဓိက ဗုဒ္ဓဘာသာဝင်တို့မှာ မိမိကိုယ်တိုင် ဘာဖြစ်လို့ဖြစ် နေမှန်းကိုပင် သိကြမှာ မဟုတ်ပါဘူး။

ဉာဏ်ကို ခွဲခြားလိုက်မည်ဆိုပါက သာသနာတွင်း ဉာဏ်နှင့် သာသာနာပ ဉာဏ် ဟုခွဲခြားသိရပါမယ်။

သာသနာပဉာဏ်ဆို သည်မှာ ကမ္မဿကတဉာဏ်(ကံနှင့် ကံ၏အကျိုးပေးကိုယုံကြည်သောဉာဏ်)၊ သာသနာတွင်း ဉာဏ်ဆိုသည်မှာသစ္စာနုလောမိကဉာဏ်(သစ္စာလေးပါးကို ပိုင်းခြားထင်ထင်
သိမြင်သောဉာဏ်) ဖြစ်ပါတယ်။

သာသနာဆိုသည်မှာ ဘုရားရှင်က ခန္ဓာဉာဏ်ရောက်ကြဖို့၊ နိဗ္ဗာန် ရောက်နိုင်ကြဖို့၊ သစ္စာသိဖို့၊ ယဉ်ကျေးကြဖို့၊
လိမ္မာကြဖို့ဆုံးမ ဟောကြားခဲ့တဲ့ အဆုံးအမ တရားဟူသမျှကို ခေါ်ပါတယ်။

ဘုရားရှင်၏ အဆုံးအမတွေကို ရင်ထဲမှာကိန်းနေပြီးတော့ လောကဓံတရားတွေနဲ့ တွေ့ကြုံလာတဲ့အချိန်မှာ ဆင်ခြင်နိုင်အောင်ကြိုးစားတယ်၊ သိအောင်ကြိုးစားတယ်၊ သိပြီးရင်လည်း လက်တွေ့ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်သည် သာသနာတွင်း တရားကိန်းတယ်လို့ပြောရပါမယ်။

ဘုရားရှင်တော် ပေါ်လာမှသာ သစ္စာတရားတွေက သိခွင့်ရတာပါ။ သာမာန် ဒါန၊ သီလ၊ သမထ အလုပ်တွေက
ဘုရားမပွင့်လည်း ပြုလုပ်ကြပါတယ်။

ဘုရားလောင်း ဝေသံသရာမင်းသည် ဆင်ဖြူတော်ကို လှူဒါန်းတော်မူခဲ့ပါတယ်။ အဲဒီအချိန်က သာသနာပကာလ ဖြစ်ပါတယ်။ ဘယ်သူကမှ လှူဖို့တိုက်တွန်းတာလည်း မဟုတ်ပါဘူး။ သားနဲ့သမီးကို ကျွန်အဖြစ်ခိုင်းဖို့ အလှူခံတော့လည်း လှူဒါန်းခဲ့ပါတယ်။ ထို့ကြောင့် ဘုရားမပွင့်သော်လည်း ရှိနေတဲ့တရားဖြစ်သောကြောင့် သာသနာပတရား ဖြစ်ပါတယ်။

ဒါန၊ သီလ၊ သမထ အလုပ်တွေကို ဘာသာဝင်တိုင်းလုပ်ကြပါတယ်။ ဆေးရုံတွေ၊ မျက်မမြင်ကျောင်းတွေ ဆိုလည်း ခရစ်ယာန်တွေ စလုပ်ခဲ့တာတွေပါ။ သူတို့လုပ်နေတာတွေက သစ္စာသိပြီးလုပ်တာလည်းမဟုတ်ပါဘူး။ အကျိုးအကြောင်း နာလည်း၍ ခန္ဓာဉာဏ်ရောက် ဆင်ခြင်ပြီးလုပ်တာလည်း မဟုတ်ပါဘူး။

ဗုဒ္ဓဘာသာမှသာ ထိုတရားတွေကို သိရတာပါ။ ထို့ကြောင့် မိမိကဒါနတွေလုပ် နေသော်လည်း ဘာမှ မသိပါက အခြားဘာသာတွေနှင့် အလားတူပင်ဖြစ်နေပါမယ်။

ဘုရားရှင်က သစ္စာတရားကိုသိခဲ့ပြီး သတ္တ၀ါတွေကိုလည်း သစ္စာသိပြီး လုပ်သောအလုပ်၊ ကျင့်သောတရားများ ဖြစ်ရန်ဟောကြားခဲ့ပါတယ်။

အတိတ်တုန်းက မိမိတို့က ဘာမှမသိဘဲလုပ်ပြုလုပ်ခဲ့ကြလို့ သံသရာလည်နေရတာပါ။ မသိတာက (အ၀ိဇ္ဇာ)၊
မသိတော့ဘုံ၊ ဘ၀တွေလိုချင်ပြီး ဆုတောင်းခဲ့တာက(တဏှာ)၊ ငါ့အလှူ၊ ငါလုပ်တာလို့ စွဲတာက(ဒိဋ္ဌိ)၊ ဒါတွေကြောင့် လက်ရှိခန္ဓာကြီးရနေရတာပါ။

အကြောင်းရင်းကိုကြည့်ရင် သစ္စာမသိ၊ ဉာဏ်မရှိဘဲလုပ်ခဲ့တာကြောင့်ပါ။ ဒီတရားတွေကလည်း ဘုရားရှင်ပွင့်မှ သိရတာပါ။

“ဘုရားရှင်တော် မပွင့်ပေါ်လျှင်၊
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ မသိရ၊
များလှအပြစ်တွေ”…၊

အများအားဖြင့် သိနေတာက သူများအသက်သတ်မှ၊ သူတပါးပစ္စည်းခိုးမှ၊ သူတပါးသားမယားကို ပြစ်မှားမှ၊ လိမ်ညာနေမှ၊ မူးရစ်နေမှ အကုသိုလ်လို့သိကြပါတယ်။ ဒါတွေက အကြမ်းစား အကုသိုလ်တွေပါ။

ဘုရားရှေ့မှာ အ၀ိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိတွေနဲ့ ဘုံ၊ ဘ၀တွေ၊ လိုချင်တာတွေ တောင်းနေတာကို အကုသိုလ်ဆိုတာ မသိကြပါဘူး။ ဒါမျိုးကတော့ နူးညံတဲ့ အကုသိုလ်ဖြစ်ပါတယ်။

အကုသိုလ်က လုပ်နေတဲ့ အချိန်မှာလည်း အပြစ်ရှိပါတယ်။ အကျိုးပေးရင်လည်း မကောင်းကျိုးဘဲရပါတယ်။

မိမိတို့တွေက အတိတ်က အ၀ိဇ္ဇာ ဦးဆောင်ပြီး ပြုလုပ်ခဲ့တာက သမုဒယသစ္စာပါ။ သမုဒယကြောင့် ယခု ဒုက္ခသစ္စာ ရနေတာပါ။

ဒုက္ခသစ္စာ ဆိုတာတော့ ဆင်းရဲခြင်းတရားဖြစ်ပါတယ်။ လက်ရှိခန္ဓာကြီးက သက်သေပြနေပါတယ်။ အတိတ်တုန်းက မိမိတို့ရဲ့ရင်ထဲမှာ ဘုရားမပွင့်ခဲ့လို့၊ သစ္စာမသိခဲ့လို့၊ ယခုချိန်ထိ ဆင်းရဲကျိုးခန္ဓာကြီးရနေတာပါ။

ထို့အတွက် မိမိတို့တွေသည် ဓမ္မအရသာကို သိအောင်လုပ်ပြီး ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
အတိုင်းလိုက်ကျင့်ရပါမယ်။ ယောင်းမသည်ဟင်း၏ အရသာကိုမသိရသလို အသိဉာဏ်မရှိသောသူသည်လည်း တရားအရသာကို သိရမှာမဟုတ်ပါဘူး။ ထို့ကြောင့် ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာ နိဗ္ဗာန် ကိုသာ ရည်စူး၍ပြုလုပ်ရပါမယ်။

အလှူဒါန ပစ္စည်းအနည်း-အများက အဓိက မဟုတ်ပါဘူး။ မိမိ လှူဖွယ်ပစ္စည်းရဲ့ စင်ကြယ်မှု၊ အလှူခံပုဂ္ဂိုလ်၊ မိမိရဲ့စိတ်ထားပေါ်မူတည်ပြီး အကျိုးပေးရလဒ်လည်း ကွားခြားရပါတယ်။

မိမိတို့ရဲ့ကောင်းမွန်တဲ့ သဒ္ဓါတရား၊ သီလစောင့်တည်နိုင်မှု၊ ဉာဏ်ပညာတို့ကို ကောင်းစွာအသုံးချ၍ သံသရာ
လွတ်ကြောင်းတရားများကိုသိရှိ၊ ကျင့်ကြံနိုင်မှသာ ပညာဓိကဗုဒ္ဓဘာသာ ဖြစ်ပါလိမ့်မည်။

မိမိသိရှိလိုက်ရတဲ့ သံဝေဂတရား၊ အသိတရားကို လိုက်နာကျင့်ကြံဖို့က အရေးကြီးပါတယ်။ အသိကို လိုက်မကျင့်တော့၊ သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။

ဉာဏ်ပညာနှင့် ယှဉ်ဘက် ကိုးကွယ်သော၊ ဆုတောင်းသောသူများ ဖြစ်ကြရအောင် ကျင့်ကြံနိုင်မှသာလျှင်
မိမိသည် သံသရာဘေးမှ လွတ်မြောင်နိုင်ပါလိမ့်မည်။

“ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ဟောဖော်ပြောကြား၊ မြတ်တရားကြောင့်၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ သိကြရ၊
များလှကျေးဇူးတွေ”…။ http://dhammaransi.net

လူငယ်နှင့်ကိုးကွယ်မှု

လူငယ်ဆိုတာ ဖျက်လတ်တက်ကြွသော၊ ရဲရင့်သော၊ သန်စွမ်းသော၊ ခိုင်မာသော၊ သတ္တိရှိသော၊ နိုးကြား၍ဇွဲရှိသောသူကို လူငယ်ဟု ခေါ်ပါသည်။ သို့သော်ထိုလူငယ်၏ ဂုဏ်ပုဒ်များသည် ကောင်းမွန်သော၊ အကျိုးရှိသော နေရာများတွင်သာ အသုံးချသင့်ပါသည်။ အမျိုးဘာသာကို ထိခိုက်စေနိုင်သော၊ ယဉ်ကျေးမှုကို ပျက်ပြားစေနိုင်သော အမှုကိစ္စများတွင် အသုံး ချမည်ဆိုပါက မသင့်တော်နိုင်ပေ။ အမျိုးကိုဆက်မည့်၊ ထိန်းသိမ်းမည့် သစ်လွင်ရဲရင့်သော မျိုးဆက်သစ် လူငယ်များသာ ဖြစ်သင့်ပါသည်။ ထို့ကြောင့် တမျိုးသားလုံး၏ ကောင်းမွန်သော ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ၊ ထုံးတမ်းစဉ်လာများ ကိုအမွေဆက်ခံမည့် “မွေခံထိုက်စေ လူငယ်များ” ဖြစ်ဖို့ရန်မှာ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာလူငယ်များ အားလုံးတွင် တာဝန်ရှိပါသည်။ ကောင်းသည့်အမွေများအား ဆက်ခံသင့်သလို မကောင်းသည့်အကျင်၊့ စရိုက်ဆိုး များကိုလည်း ပယ်ရှားပစ်ရမည့် တာဝန်မှာ အမျိုးကပေးသော အမျိုးသားရေးတာဝန်ပင်ဖြစ်ပေတော့သည်။
လူငယ်တို့၏ စိတ်သဏ္ဍာန်မှာ စူးစမ်းလိုသောစိတ် အမြဲကိန်းအောင်းနေတတ်ကြပါသည်။ စူးစမ်းသည်ဆိုရာဝယ် ကောင်းသည့်အရာများ ရှိသလို မကောင်းသောအရာ၌လည်း စူးစမ်းတတ်ကြပေသည်။ ဆိုလိုရင်းမှာ လူငယ်အများစုသည် ထေရ၀ါဒဗုဒ္ဓ သာသနာတော်၏ အခြေခံအနှစ်သာရများကို စူးစမ်းလေ့လာရာတွင် အားနည်းနေတတ်ကြခြင်းပင်ဖြစ်သည်။ ငယ်စဉ်က မိဘ ဆရာသမားများ၏ သွန်သင်ဆုံးမမှုမှတစ်ပါး တဆင့်တက်၍ လေ့လာကြိုးစားမှုမှာ အားနည်းနေကြပေသေးသည်။ တတ်သိနားလည်သော အနာဂတ်အတွက် လူငယ်များလည်း ရှိပါသည်။ သို့သော် ပမာဏအားမှာ နည်းနေသေးသည်ဟု တွက်ဆနိုင်ပါသည်။ အနာဂတ်အတွက် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည့်တံ့ပြန့်ပွားရန်မှာ လူငယ်တိုင်းမှာ တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ရန် အလွန်အရေးကြီးလှပါသည်။ အဖွဲ့အစည်းငယ်မှစ၍ နိုင်ငံတ၀န်း တိုးတက်ရေး၏ အဓိက အခြေခံအုတ်မြစ်မှာ သီလတရားပင်ဖြစ်သည်။ ကိုယ်ကျင့်တရားပင်ဖြစ်ပါသည်။ ယနေ့ခေတ် လူငယ်တို့သည် သောက်စားမူးရစ်ခြင်း ကာမဂုဏ်ပျော်ပါးခြင်းအမှုတို့ကို လူငယ်ဘ၀၏ အနှစ်သာရများဟု မှတ်ယူခြင်း သည် မြတ်စွာဘုရားရှင်၏တရားတော်များနှင့် လုံးလုံးလျားလျား ဆန့်ကျင်လျက်ရှိနေသည်။ ထေရ၀ါဒ မြန်မာနိုင်ငံတွင် နေထိုင်လျက် ဘုရားရှင်၏ အဆုံးအမများအတိုင်း ကျင့်ကြံမနေထိုင်ခြင်းသည် ဆိုးဝါးသောမြင်ကွင်းတစ်ရပ်ဖြစ်ပါသည်။ မိန်းခလေးများမှာလည်း ဗေဒင်ကိုးကွယ်ခြင်း၊ နတ်ကိုးကွယ်ခြင်းအမှုတို့၌ ၀ါသနာထုံလျက် တစ်ချို့မှာ မူးရစ်စေသော အရာများကိုပင် သောက်စားပျော်ပါးခြင်းမှာ ၀မ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ထို့ပြင် ဘာသာခြားများနှင့် အကြောင်းအမျိုးမျိုး ဖြင့်ဖြစ်စေ ချစ်ကျွမ်းဝင်ရာမှဖြစ်စေ မိမိပါ ဘာသာခြားဖြစ်ရခြင်းမှာ ရင်နာစရာအကောင်းဆုံးသော ဖြစ်ရပ်များပင်ဖြစ်သည်။ မနာလိုခြင်းမဟုတ်ပါ။ ရခဲလှသော လူ့ဘ၀တွင်မှ ရခဲလှသော သာသနာတော်တွင် ကြုံကြိုက်ပါလျက် ဤသို့ဖြစ်ရခြင်းကို နှမျောမိခြင်းသာဖြစ်ပါသည်။ ရှေးသူတော်ကောင်းတို့ ဆိုထားခဲ့သော ငါးပါးသီလ ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေချင်သော်လည်း ယနေ့ခေတ်အများစုမှာ ကွင်းလုံးချွတ်လိုက်ကြသည်ဟုဆိုလျှင် လွန်ဖွယ်ရာမရှိပေ။ လူငယ်တိုင်းတွင် အစွမ်းအဆများ ရှိကြစမြဲဖြစ်ပါသည်။ အသုံးမချတတ်၍ အသုံးမကျခြင်းသာဖြစ်သည်။ ထိုသို့ဆိုလျှင် မိမိကိုယ်မိမိ တန်ဖိုးရှိအောင် ဘယ်လိုနေမလဲ သေချာပြန်စဉ်းစာကြည့်မည်ဆိုလျှင် အဝေးကြီးမဟုတ်ပါ။ သီလတရားကိုသာ ကြိုးစားပြီး ဆောက်တည်ကြည့်လိုက်ပါ။ သီလတရား၊ တစ်နည်း ကိုယ့်ကျင့်တရား၊ သိက္ခာတရားကို တတ်နိုင်သလောက် စောင့်ထိန်း ကြည့်ပါ။ မိမိကိုယ်ကိုယ်မိမိ တန်ဖိုးထားတတ်လာမည်မှာ မလွဲဧကန်ပါ။ သူတစ်ပါးကို ကြည့်ညိုတာထက် ကိုယ်ကိုကိုယ်ပြန်ကြည်ညိုတတ်ဖို့က ပိုပြီးအရေးကြီးပါသည်။ ကိုယ်ကိုကိုယ်မကြည်ညိုတတ်လျှင် အပါယ်ပါကျရောက် နိုင်ပါသည်။ မိဘသည် ဗုဒ္ဓဘာသာဖြစ်၍ ဗုဒ္ဓဘာသာဖြစ်ရခြင်းမှာ ဆန်းသည်မဟုတ်သော်လည်း ပြန်လည်သုံးသပ်လျှင် ထူးသည့်ကုသိုလ်ကံကြောင့်ပင် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် လူတစ်သိန်းကွယ်လွန်၍ လူပြည်သို့ တစ်ယောက် ပြန်ရောက်နိုင်ရန် ခဲယဉ်းလှပါသည်။ လေးဘုံပယ်ရွာမှ အကုသိုလ်အကြွေးများကို များစွာဆပ်လျက် တစ်ဖန်လူ့ဘ၀သို့ ပြန်ရရခြင်းဖြစ်ပါသည်။ လူ့ဘ၀ရသော်ငြားသော်လည်း သာသနာတော်နှင့်ကြုံကြိုက်ရန်မှာ သာ၍ခက်ခဲသောကြောင့် ဖြစ်ပါသည်။ ယနေ့ ဤသို့ အကျိုးတရားတွေ ဖြစ်လာရခြင်းမှာ အကြောင်းတရားတော့ ရှိရစမမြဲပါ။ ဗုဒ္ဓဘာသာဖြစ်လျက် သီလပျက်ယွင်းမှုများ ဖြစ်ရခြင်းမှာ ဗုဒ္ဓတရားတော်များကို အခြေခံကျကျ နားမလည်၍ပင်ဖြစ်ပါသည်။ လက်ဦးဆရာဆိုသည့်အတိုင်း မိဘများသည် အခြေခံကျကျ နားမလည်၍ ဖြစ်နိုင်သလို အပေါင်းအသင်းမှားယွင်းမှုများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ လူငယ်ဖြစ်သော်ငြားလည်း လူငယ်ဂုဏ်ပုဒ်နှင့်လည်းမညီ ကိုးကွယ်မှုမှာလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ပါလျက် အခြေခံသီလတရားကိုသော်ဖြင့် နားမလည်၊ နားလည်သော်လည်း မလိုက်နာလျှင် အနာဂတ်၏ အသီးအပွင့်မဖြစ်ခင် ပိုးစား၍ ကြွေကျခြင်းပင်ဖြစ်သည်။ မြန်မာလူမျိုးတို့၏ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင်ဖြစ်သည်။ ထေရ၀ါဒ ကိုးကွယ်မှုဖြစ်လျက် ဘုရားရှင်၏ရည်ရွယ်ချက်ကဘာလဲ၊ လူဖြစ်လာရသည့် အကြောင်းကဘာလဲ၊ ထေရ၀ါဒဆိုတာဘာလဲ၊ ဘာကြောင့်ကိုးကွယ်တာလဲ၊ သရဏဂုံဘာကြောင့် ဆောက်တည်ရသလဲ၊ ဘုရား၊ တရား၊ သံဃာဆိုတာဘာလဲ၊ ဆွမ်းကပ်၊ ပန်းကပ်မှအစ အခြေခံကျကျကို ကိုယ်ကိုယ်တိုင်မေး၍ ကိုယ်ကိုယ်တိုင်ဖြေကြည့်စေချင်သည်။ တတ်သိနားလည်ထား လျှင်လည်း နားလည်သည့်အတိုင်းကျင့်လျှင် သာသနာတော်ပြန့်ပွားသလို တိုင်းပြည်အေးချမ်းမည်မှာ မလွဲဧကန်ပါ။ ထေရ၀ါဒကို လေ့လာလျှင် ခိုင်မြဲသောဝါဒ၊ ရှင်မဟာကဿပ အရှင်မြတ်တို့အစရှိသော ရဟန္တာအရှင်မြတ်တို့၏ အယူအဆ(ဓမ္မ)၊ တစ်နည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်နှင့် ခိုင်မြဲသော ၀ါဒကို ထေရ၀ါဒဟုခေါ်ဆိုခြင်းဖြစ်သည်။ သရဏဂုံဆောက်တည်ရာမှာလည်း ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍၊ ကိလေသာဘေး၊ အပါယ်ဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေးတို့မှ လွတ်ကင်းတတ်သည်ဖြစ်၍ ဂစ္ဆာမိ ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဆိုတာကို သိနေသင့်ပါသည်။ လူငယ်ဆိုသည့်အတိုင်း ဤသို့ အရာရာကို ဝေဖန်ပိုင်းခြားနေရမည်။ ဒါမှလည်း ဘုရားရှင် အဆုံးအမနှင့်ကိုက်ညီပေမည်။ မိဘများ အိမ်မှာ ရိုးရာဆိုပြီး နတ်တွေကိုးကွယ်နေကြသည်။ ဒါတကယ်လား၊ ဒဏ္ဍာရီဆန်ဆန်လား၊ သမိုင်းကြောင်းလား လူငယ်များကိုယ်တိုင် စုံစမ်းကြည့်သင့်ပါသည်။ ကိုယ်ကိုယ်တိုင် စမ်းစစ်ကြည့်သင့်ပါသည်။ ရိုးရာနတ်များကို ကိုးကွယ်၍ ကိလေသာဘေး၊ အပါယ်ဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေးတို့မှ လွတ်ကင်းနိုင်သလား၊ သမိုင်းအထောက်ထား ခိုင်လုံမှုရှိသလား၊ လူတွေ အကြောက်တရား ကြောင့် ကိုးကွယ်နေကြတာလား၊ လာဘ်လိုချင်လို့ကိုးကွယ်နေကြတာလား၊ ဘုရားရှင် အဆုံးအမနှင့် ကိုက်ညီသလား စသဖြင့် ဝေဖန်ပိုင်းခြားကြည့်လျှင် အဖြေမှာ ရိုးရှင်းစွာ ပေါ်ထွက်လာပါလိမ့်မည်။ ဗေဒင်ဆိုသောအရာသည်လည်း တကယ် အားကိုးရာအစစ်ဟုတ်သလား၊ ယတြာချေတော့ရော ကိုယ်ဖြစ်ချင်လို ဖြစ်နိုင်ပါ့မလား စသဖြင့် လူငယ်ပီပီ တက်တက်ကြွကြွ ဟုတ်၏ မဟုတ်၏ စုံစမ်းကြည့်စေချင်ပါသည်။ မေးခွန်းပေါင်းများစွာ၊ သိချင်သောအရာများစွာ ပေါ်ထွက်လာပါလိမ့်မည်။ မေးခွန်းများပေါ်လာလျှင် တတ်သိနားလည်နိုင်သော ဆရာသမားများကို မေးမြန်း၊ ဆွေးနွေးစေချင်ပါသည်။ မရှက်ကြောက်သင့်ပါ။ စကားပြောဆိုရာတွင် ပြေရဲမေးရဲ ဖြစ်နေသင့်ပါသည်။ ရင်ထဲမှာ သံသယတွေ ရှင်းလင်းလာပါလိမ့်မည်။ ကိုယ်ရှင်းသွားရင် ကိုယ်ရှင်းသလို ကိုယ့်သူငယ်ချင်း ညီအစ်ကိုမောင်နှမများကို ပြောပြတိုင်ပင်ကြည့်လိုက်လျှင် အတွေးအသစ်များပင် ထပ်မံရရှိလာနိုင်ပါသည်။ အတွေးခေါ်သစ်များနှင့် တရားဆောင်းပါး၊ တရားစာပေ၊ တရားတော်များ နာကြားပြီး ပြန်လည်တိုက်ဆိုင် လေ့လာကြည့်ပါက ပို၍ရှင်းလင်းပါလိမ့်မည်။ ရင်တွင်းမှာ အမှားများစွာဟာ တဖြည်းဖြည်းနဲ့ ပပျောက်သွားလိမ့်မည်။ ဗုဒ္ဓဘာသာ အခြေခံကျကျ နားလည်ပြီဟု မိမိကိုယ်ကိုယ် ယုံကြည်လာလျှင် သီလတရားလုံခြုံစေလျက် ဒါနအမှုတို့ကို လူငယ်များပီပီ ဆက်လက်ဝေဖန် လေ့လာနေရမည်။ ဒါနဆိုရာတွင်လည်း ပါရမီထိုက်သော ဒါနဖြစ်အောင် ဘယ်လိုပြုမလဲစဉ်းစားသင့်ပါသည်။ ၁။ နိဗ္ဗာန်ကို ဦးတည်ထားရမယ်။ ၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်။ ၃။ မိမိအကျိုးကို မငဲ့ရဘူး ဆိုတဲ့ ဒီအချက်သုံးချက်နဲ့ ကိုက်မှသာ ပါရမီထိုက်သော ဒါနဖြစ်မှာပါ။ ထင်ရှားကျော်ကြားလိုသော စိတ်ဖြင့် ပြုသောဒါန၊ လောကီကောင်းကျိုးများကို လိုလားတဲ့စိတ်နှင့် ပြုသောဒါနဆိုရင်တော့ ပါရမီထိုက်သော ဒါနမဖြစ်နိုင်တော့ပါ။ မဖြစ်နိုင်လျှင် အကျိုးပေးသည်လည်း ကုသိုလ်ရသည် မှန်သော်လည်း စင်ကြယ်သောဒါန မဖြစ်နိုင်တော့ပေ။ ထပ်ပြီးလေ့လာကြည့်လျှင်လည်း ဒါနပြုသည်ဆိုသည်မှာလည်း မိမိမှာ ဘ၀များစွာက ထုံလာခဲ့သော လောဘကိလေသာကို လျော့အောင် ပါးအောင် စွန့်လွှတ်လှူဒါန်းလိုက်တာပါ။ ၀ိပဿနာဉာဏ်မြင်နိုင်ရင် မြင်နိုင်သလောက် ဒါနမှသည် နိဗ္ဗာန်ဆီကို တဖြည်းဖြည်း လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ကံကံ၏အကျိုး၊ အကြောင်းအကျိုးဆက်နွယ်မှု စသဖြင့် အဆင့်ဆင့်တက်လှမ်းလေ့လာလျှင် လူဖြစ်လာရ လူ့ဘ၀ လူဖြစ်ရကျိုးနပ်ပြီဟုပင် ဆိုနိုင်ပါသည်။ ထိုမှသာလျှင် ကိုးကွယ်မှု အစစ်မှန်နှင့် လူငယ်အင်္ဂါထပ်တူညီမျှပါမည်။ လူငယ်တို့သည် ပင်ကိုယ်အစွမ်းသတ္တိပြည့်ဝကြပြီး ဖြူစင်မှုကို အခြေခံကြပါသည်။ မိဘများ နားမလည်၍သော် လည်းကောင်း၊ ပတ်ဝန်းကျင်သော်ကြောင့်လည်းကောင်း၊ စီပွားရေး အခက်အခဲများကြောင့် လည်းကောင်း ကိုးကွယ်မှု မမှားစေလိုခြင်းသည် ရင်တွင်းအစစ်အမှန်ဖြစ်ပါသည်။ မှားလျှင်လည်း ချက်ခြင်းပြင်ဆင်လိုက်လျှင် ဘ၀အောင်မြင်မှု၏ အစဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို အခြေခံကျကျ သိစေချင်ပါသည်။ အခြေခံကျကျသိခဲ့လျှင် မည်သို့သော အကြောင်းကြောင့်ဖြစ်စေ ကိုးကွယ်မှု မှားယွင်းမှု မရှိနိုင်ချေ။ သို့သော် အသိကို ကျင့်မှ မှားယွင်းမှု မရှိနိုင်မည်မှာ သေချာလှပါသည်။ ထိုမှတစ်ဆင့် အနာဂတ်၏ လူငယ်ကောင်းများ ဖြစ်လာနိုင်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ တစ်ချိန်တွင် ကိုယ့်အလှည့်၊ ကိုယ့်တာဝန်၊ ကိုယ့်ပုခုံးပေါ်သို့ နိုင်ငံတော်၏တာဝန်၊ သာသနာတော်၏တာဝန် ကျရောက်လာမည်မှာ ဧကန်ပင်ဖြစ်သလို၊ ကိုယ်တိုင်မိဘနေရာလည်း ရောက်လာပါလိမ့်မည်။ ထို့နေ့သည် မိမိ၏ နောင်တရသောနေ့ မဖြစ်ရန်မှာ အရေးကြီးဆုံးဖြစ်သည်။ ဗုဒ္ဓ၏ တရားတော်များမှာ လောကီ၊ လောကုတ်နှစ်လီသော အကျိုးကိုဖြစ်စေတတ်သည်ဆိုသည်မှာ မှန်ပေသည်။ လူဘ၀ရလာခိုက်တွင်မှ ဗုဒ္ဓ၏တရားတော်များဖြင့် လောကီ၊ လောကုတ်၌ အကျိုးရှိအောင် အသုံးမချတတ်လျှင်ဖြင့် အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်မှာ မိမိသာဖြစ်ပါ တော့မည်။ ထို့ကြောင့် မိမိသည် ကိုးကွယ်မှု အစစ်မှန်ရရှိထားပါလျက် လက်ဝယ်တွင် ပတ္တမြားရှိသူသည် ပတ္တမြား၏ တန်ဖိုးနားမလည်ကဲ့သို့ မဖြစ်ရန် အရေးကြီးလှပါသည်။ လူငယ်၏တာဝန်ကို ကျေပွန်လျက် ကိုးကွယ်မှုအစစ်အမှန်ကို တတ်သိနားလည်ကာ နိုင်ငံတော်အကျိုး၊ သာသနာအတော်အကျိုး သယ်ပိုးနိုင်သော သားကောင်းရတနာ သမီးကောင်း ရတနာများဖြစ်ကြပါစေ။

ဓမ္မအလင်းရောင်
http://lightofdhamma.22web.net

ရဟန်းသံဃာများနှင့် နိုင်ငံရေး ပါဝင်ပတ်သက်မှု



ဆရာကြီး ပါရဂူ၏ “ဗုဒ္ဓနှင့် အခြေခံလူ့ အခွင့်အရေး” ဆောင်းပါး၌ “အာရှနိုင်ငံများတွင် ဗုဒ္ဓဘာသာသည် ဘာသာရေးသက်သက် အဘိဓမ္မာရေးသက်သက်မျှသာမဟုတ်။ အမျိုးသားရေးလည်းဖြစ်သည်။ သဘောတရားရေးလည်း ဖြစ်သည်” ဟု အနောက်နိုင်ငံပညာရှင်တဦးက ရေးသားထားဖူးသည့် အဆိုကို ဆရာကြီး ပါရဂူ ကလည်း ပီပီပင်ပင် “မှန်သည်” ဟု ထောက်ခံသွားခဲ့ဖူးသည်။

“၁၆ ရာစုနှစ်လောက်က ဂျာမဏီ နိုင်ငံမှ ဘုန်းတော်ကြီး မာတင်လူသာ၏ ပရိုတက်စတင့်တော်လှန်ရေးမှာ ပုဂံခေတ် ရှင်အရဟံ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာထက် နှစ်ပေါင်း ထောင်နဲ့ ချီ နောက်ကျသည်” ဟု ဆရာကျော်ဝင်းက ထောက်ပြရေးသားပြီး နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် အမာတီယာဆင်းနှင့် ပါမောက္ခဆင်းတို့ က “ဗုဒ္ဓဘာသာဟာ အာရှတန်ဖိုး၊ ခေတ်သစ်တန်ဖိုးများ ကိန်းဝပ်လျက်ရှိသည်” ဟု အဆိုပြု ကောက်ချက်ချကြောင်း ရေးသားထား၏။

ယခုလို ရေးသားပြောဆိုသည့်အတွက် ဗုဒ္ဓဘာသာမှာ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးယှက်တင်ဖြစ်နေသည်ဟု ထင်မှတ်မှား၍ မရနိုင်ပါ။ မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်း ကြည့်လိုက်လျင် ရှင်အရဟံ၊ ဦးဝိစာရ၊ ဦးဥတ္တမ တို့ ၏ ထေရ၀ါဒ သာသနာပြုရေး၊ ကိုလိုနီနယ်ချဲ့ ဆန့် ကျင်ရေးနှင့် မြန်မာလွတ်လပ်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံး အား စတင်တပ်လှန့်လှုံ့ဆော် နိုးကြား ထကြွစေခဲ့သည့် မြန်မာ့မျိုးချစ် ရဟန်းသံဃာများ၊ စသည့် သာဓကတွေက ကျောင်းတော်နှင့် နိုင်ငံရေးကို ပီပီပြင်ပြင် ခွဲခြားခဲ့ပြီးပင်ဖြစ်သည်။ ခေတ်စကားနဲ့ ပြောရလျင် အုပ်ချုပ်ရေးအာဏာနဲ့ ကင်းသော လွှတ်တော်ပြင်ပနိုင်ငံရေး၊ အမျိုး ဘာသာ သာသနာအတွက် ရှေ့ တန်းက ပါဝင်လာနေခဲ့သည်ဟု ဆိုလျင် မှားနိုင်မည်မထင်။

ရှင်အရဟံ
............

သက္ကရာဇ် (၄၀၆) ခု၊ ပုဂုံပြည့်ရှင် အနော်ရထာမင်း ထီးနန်းတက်စကာလမှာ ပုဂံပြည်၌ ခေတ်အဆက်ဆက်က မဟာယာန အရည်းကြီးတို့ ရဲ့  အဓမ္မ၀ါဒ လွှမ်းမိုးမှုကို ငြီးငွေ့ စိတ်ကုန်နေသည့် မကောင်းသတင်းများကို ကြားရသောကြောင့် သထုံမှ ရှင်အရဟံ ပုဂံပြည်သို့ ခရီးကြမ်းနှင်ကာ သာသနာပြုရန် ကြွလှမ်းရာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာ ပုဂံပြည်တ၀ှမ်း ထိန်ထိန်လင်းခဲ့သည်။

ဦးဝိစာရ
.............

အကျင့်ထူးရှိသူ ဟု အဓိပ္ပာယ်ရသော ရဟန်းဘွဲ့ပိုင်ရှင် ဦးဝိစာရသည် မိမိယုံကြည်သက်ဝင်ရာ ဘာသာ၊ သာသနာနှင့် မိမိလူမျိုးတို့ နယ်ချဲ့ လက်အောက်၌ လူနေမှုဘ၀ အဖက်ဖက်မှ နိမ့်ပါးဆိုးရွားနေချိန်တွင် မိမိ၏ သီလ၊ သိက္ခာကို စောင့်ထိန်းပြီး အမျိုး ဘာသာ သာသနာအတွက် ထောင်တွင်း အစာငတ်ခံကာ အဓမ္မတရားကို အသက်ပေးအာခံခဲ့သော အာဇာနည် အရှင်မြတ် တပါးပင် ဖြစ်သည်။ ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရ အထိမ်းအမှတ်ကျောက်တိုင်နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနား၌ “ကမ္ဘာ့သမိုင်း၏ အာဇာနည်အမြုတေ စိတ်ဓါတ်ပိုင်ရှင်” ဟု အမျိုးသား လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဂုဏ်ပြုမိန့် ခွန်းတွင် ထည့်သွင်းမိန့် ကြားခဲ့သည်။

ဦးဥတ္တမ
..........

မြန်မာ့လွတ်လပ်ရေးအတွက်သာမက တရုတ်နိုင်ငံနှင့် အန္ဒိယနိုင်ငံအတွက်ပါ ရှေ့ သို့ တွေးခေါ် မြော်မြင်တတ်ပြီး လွတ်လပ်ရေးရရှိအောင် အိုင်ဒီယာကောင်းများ ချပေးနိုင်ခဲ့သောကြောင့် အာရှနေ၀န်းအရှင်ဟု တင်စားခေါ်ဝေါ်ခံရသော ရခိုင်ဆရာတော် ဦးဥတ္တမသည် မြန်မာ့လွတ်လပ်ရေးအတွက် ရှေ့ ဆောင်လမ်းပြလျက် မကြောက်မရွံ့ ရဲရဲတောက် တိုက်ပွဲဝင်ခဲ့ပြီး၊ မျိုးဆက်အတွက် လွတ်လပ်ရေးမျိုးစေ့ကို ချပေးခဲ့သော ဆရာတော် တပါးလည်း ဖြစ်သည်။
အထက်ပါ ဖော်ပြခဲ့သည့် ဆရာတော် သံဃာတော်တို့ သည် အဓမ္မ၀ါဒ၊ အယူမှားသည့် ၀ါဒနှင့် ဗြိတိသျ အင်ပါယာကို နေ၀င်အောင် တိုက်ဖျက် စွမ်းဆောင်နိုင်ခဲ့သော မျိုးချစ်သူရဲကောင်းများဖြစ်သလို ဗုဒ္ဓ၏ သားတော်များလည်းဖြစ်သည်။

“ဂေါတမ မြတ်ဗုဒ္ဓကိုယ်တိုင် လောက၏ ကောင်းရာကောင်းကျိုး၊ လူများ၏ ကောင်းရာကောင်းကျိုး အလုပ်တွေကို လုပ်ဆောင်ကြဖို့ ရဟန်းသံဃာများကို မိန့် ညွှန်ကြားခဲ့ပြီး ဂေါတမ မြတ်ဗုဒ္ဓကိုကိုယ်တိုင်၌က စံပြနိုင်ငံရေးသမားကြီး ငြိမ်းချမ်းရေးသမားကြီးအဖြစ် ရပ်တည်သွားခဲ့သည်” ဟု စာပေကျမ်းဂန်များ၌ ညွှန်းဆိုရေးသားထားကြလေသည်။

Khaing Myoမှကူးယူဖော်ပြပေးပါသည်။

Nov 18, 2013

ကျိုက်ထီးရိုးစေတီကို ရှေးတောင်သူ၊ ပအိုဝ်းတို့ တည်ထားခဲ့လေ သလော။


ကျိုက်ထီးရိုးစေတီကို ရှေးတောင်သူ၊ ပအိုဝ်းတို့ တည်ထားခဲ့လေ သလော။

ကျိုက်ထီးရိုးစေတီဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ပင်လယ်ရေမြေမျက်နှာပြင် ပေ ၃၆၀၀ အထက်တွင် တည်ရှိပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ၏ ရှေးသမိုင်းနှင့် ၄င်းဖြစ်တည် ပေါ်ပေါက်လာပုံက ရှေးတောင်သူ ပအိုဝ်းတို့၏ ရိုးရာ ယုံကြည်မှု၊ ပအိုဝ်းမင်းအနွယ်အဆက် နှင့် ဇော်ဂျီနှင့် နဂါးမ ပုံပြင် စတဲ့ လက်ခံယုံကြည်မှုတွေ နဲ့ တထပ်တည်း ဆင်တူနေပါတယ်။ ဒါ့အပြင်... ကျိုက်ထီးရိုး စေတီတော်ကို တပေါင်းလပြည့်နေ့၊ မတ်လမှာ တည်ထားကိုးကွယ်ခဲ့တယ်လို့ သမိုင်းအချက်လက် များက ဖော်ပြထားပါတယ်။ သို့သော် မည်သူ၊မည်ဝါ တည်ထားခဲ့ကြောင်း ယနေ့ထက်ထိ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့ပေ။ အနီးစပ်ဆုံး မွန်သမိုင်း၊ ဗမာသမိုင်းတွင်လည်း တိတိကျကျ မဖော်ပြနိုင်သေးပေ။ တချို့တိုင်းရင်းသားများက ကျိုက်ထီးရိုးသမိုင်းကို ၄င်းတို့ လိုရာဆွဲယူ ဖော်ပြနေတာပါ။

ဒါပေမယ့် ကျိုက်ထီးရိုး တည်တဲ့အချိန်ကာ ပအိုဝ်းတို့ အထွက်မြတ်ထားတဲ့ ခွန်သူရိယ စန္ဒာမင်း၏ မွေးနေ့ တပေါင်းလပြည့်နေ့လည်း ဖြစ်နေပါတယ်။ ပအိုဝ်းသမိုင်းကို ရေးသားပြုစုတဲ့ Mika Rolly ၏ သုတေသနအရ ကျိုက်ထီးရိုးစေတီကို သူရိယ စန္ဒာမင်း ၏ အမွှာ သားအကြီးမှ တပေါင်းလပြည့် နေ့မှာ ဖခင်၏မွေးနေ့ကို ရည်စူးပြီး ဗုဒ္ဓ ၏ ဆံတော်များနှင့် ကျိုက်ထီးရိုး စေတီတော်ကို တည်ထားကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး မြန်မာပြည် ကျိုက်ထီးရိုးတောင်ကို ၁၈၉၀ ခုနှစ် အစောဆုံး ဆုံး ရောက်ရှိခဲ့တဲ့ နိုင်ငံခြားသား Max and Bertha Ferrars ရဲ့ဓါတ်ပုံမှတ်တမ်းများအရ လက်သမားအလုပ် ကျွမ်းကျင်တဲ့ တောင်သူ- ပအိုဝ်းလူမျိုးများကို ကျိုက်ထီးရိုး တောင်တွင် တွေ့ရကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးအနီး ကျိုက်ထိုမြို့တွင် ယနေ့ထက်တိုင် ပအိုဝ်းရွာများ ရှိနေသေးကြောင်း တွေ့မြင်နိုင်ပါတယ်။

ပအိုဝ်းသမိုင်းကြောင်းကို စနစ်တကျ သုတေသန ပြုလိုသည့် ပအိုဝ်းလူငယ်များရှိလျှင် ပအိုဝ်းသမိုင်းမှန် ပေါ်ပေါက်လာဖို့ ရှိပါတယ်။ ပအိုဝ်းသမိုင်းနှင့် ရှေ့ဟောင်း သထုံပြည်အတွက်လည်း အထောက်အကူများစွာ ရရှိနိုင်ပါတယ်။ ပအိုဝ်းလူငယ်များ ရှာဖွေ မှတ်တမ်းတင်ခြင်းဖြင့် ပအိုဝ်းသမိုင်းများ သုတေသနပြုကြဖို့ တွန်းအားပေးချင်ပါတယ်။

  
 photo by Max and Bertha Ferrars

Nov 14, 2013

ဗုဒ္ဓဥာဏ်တော်ကို ဝေဖန်သော ဘာသာခြား

ဒကာ ။ ဆရာတော်တို့ဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန်သိတယ် လို့လည်း ပြောကြတယ် ။ တစ်ခါ အခုလို သာသနာနှစ် ကြာလာတဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ် ။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက် သာသနာပြုပြီးဖျက်ဆီးကြလိမ့်မည်လို့ဟောခဲ့တယ်လို့လည်း တပည့်တော် မကြားဖူးပါ ဘုရား ။ဒီတော့ အကုန်သိတယ်ဆိုရင်လည်း ဒီအကြောင်းတွေ ဟောခဲ့ရမယ် ။ အခု မဟောခဲ့ပုံကိုထောက်သောအားဖြင့် ဒီအကြောင်းတွေဖြစ်လာမယ်ဆိုတာ မသိလို့ဆိုတဲ့သဘော သက်ရောက်မနေဘူးလား ဘုရား ။

ဆရာတော် ။ ဒကာ ၊ ဒကာတို့အိမ်ဝိုင်းမှာ သရက်ပင် ၊ ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ လေးပင်ရှိပါတယ်ဘုရား ။
ဆရာတော် ။ အုန်းပင်ရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ငါးပင်ရှိပါတယ် ဘုရား ။

ဆရာတော် ။ ဒါနဲ့ မြက်ပင်တွေရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ဟာ…..မြက်ပင်တွေတော့ တပည့်တော် ဘယ်ရေတွက်ထားမလဲဘုရား။
ဆရာတော် ။ သရက်ပင် ၊ အုန်းပင် ကျတော့ ရေတွက်ထားပြီး မြက်ပင်ကျတော့ဘာလို့
ရေတွက်မထားတာလဲ ။

ဒကာ ။သရက်ပင် ၊ အုန်းပင် ကတော့ တန်ဘိုးရှိတဲ့အပင်ဆိုတော့ မှတ်ထားတာပေါ့ဘုရား ။ မြက်ပင်တွေကတော့ ကောင်းကျိုးမပြုတဲ့ အပင်တွေဆိုတော့ ဘယ်ရေတွက်ပြီး မှတ်ထားတော့မလဲ ဘုရား ။

ဆရာတော် ။ ဒကာ ၊ အဲဒီဥပမာအတိုင်းပဲ ၊ဗုဒ္ဓကမသိလို့မဟုတ်ဘူးသိတယ်။ဒါပေမယ့်ဒကာကိုယ်တိုင်
တန်ဘိုးမရှိတဲ့ မြက်ပင်တွေကို ရေတွက်ပြီးမှတ်မထားသလိုဗုဒ္ဓကလည်း တန်ဘိုးမရှိတဲ့ မြက်အမှိုက်
လောက်အဆင့်သာရှိတဲ့ ဒကာတို့ဘာသာဝင်တွေကိုလည်း လူစာရင်းမသွင်းတဲ့ အတွက် တကူးတက ထည့်မဟောခဲ့တာ ။

အတွေးအခေါ် အသိဥာဏ် ရှိတဲ့လူသားတွေ လက်မခံတဲ့ ဒကာတို့ဘာသာဟာလည်း ကြာလေ ကမ္ဘာက ပျောက်လေ ဖြစ်သွားမှာကို ကြိုသိလို့ ဘာမှပူစရာမရှိလို့ ဗုဒ္ဓက ကြိုမဟောခဲ့တာပဲ ဒကာ ။

ထို ဘာသာခြားဒကာကား ခေါင်းငိုက်စိုက်ချလျက် ဘာမှ ဆက် မပြောနိုင်တော့ပေ။

မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ-စာ-၁၈၇

လူတိုင်း ဘုရား ဖြစ်နိုင်ပါသလား




မေး။ ။ အားလုံးပဲ မင်္ဂလာပါ။
ဖြေ။ ။ ဟုတ်ကဲ့။ အစ်ကိုရေ မင်္ဂလာပါ။
မေး။ ။ ကျနော်သိချင်တာလေး
 မေးပါရစေ။
ဖြေ။ ။ ကျနော်တို့လည်း ကိုယ်သိထားသလောက် ပြန်မျှပါ့မယ်။

မေး။ ။ လူတိုင်း ဘုရားဖြစ်ခွင့်ရှိပါသလားခင်ဗျာ။ ဘုရားလို့ ဘာလို့ ခေါ်ပါသလဲ။

ဖြေ။ ။ လူတိုင်းလူတိုင်းမှာ ဆင်းရဲဒုက္ခတွေ ရှိကြတယ်လေ။ အဲဒီဆင်းရဲဒုက္ခနဲ့ တွေ့ရတဲ့အခါတိုင်း အားကိုးရာရှာတတ်ကြတယ်လေ။ ကိုယ့်ရဲ့ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ပေးမယ့်ပုဂ္ဂိုလ်၊ တနည်း ချမ်းသာ သုခသို့ ရောက်အောင် စောင့်ရှောက်ပေးနိုင်မယ့် ပုဂ္ဂိုလ်မျိုးကို “ဘုရား”လို့ ခေါ်ကြတယ်။ အဲဒီဘုရားကို အားလည်းကိုးသလို ဘေးရန်နဲ့ တွေ့လာလျှင်လည်း ကာကွယ်ပေးမယ့် ကာကွယ်စရာ အနေနဲ့ သဘောထားကြတာမို့ “ကိုးကွယ်”တယ်လို့ ခေါ်တာပေါ့။

မေး။ ။ ဘယ်လိုတွေကျင့်ရင် ဘုရားဖြစ်တာလဲ။

ဖြေ။ ။ ဘုရားဖြစ်ဖို့ ပါရမီတွေ ဖြည့်ရပါတယ်။

မေး။ ။ ဘယ်လိုကျင့်တာကို ပါရမီလို့ ခေါ်ပါသလဲ။
ဖြေ။ ။ ကိုယ်ကျိုးကို အဓိက မထားဘဲ သူတစ်ပါးအကျိုးကို၎င်း၊ သံသရာမှ လွတ်ဖို့ကို၎င်း ရည်မှန်း ပြီး ပြုလုပ်ရသော လုပ်ငန်းကို ပါရမီလို့ ခေါ်ပါတယ်။

မေး။ ။ ဒါဆို ဘုရားလောင်းတွေဟာ ပါရမီ ဘယ်လောက် ကျင့်ရပါသလဲ။ ကျနော့ကို မေးခွင့်တော့ ပေးပါနော်။ သိချင်တာတွေ များနေလို့။

ဖြေ။ ။ ရပါတယ်။ ကျနော်လည်းသိသလောက်ပြန်ဖြေပါ့မယ်။ ဒီလိုလေ…ဘုရားဖြစ်ဖို့ ပါရမီက အကျဉ်း အနေနဲ့ (၁၀)ပါး၊ အကျယ်အနေနဲ့ဆိုရင်တော့ အပြား(၃၀)ကျင့်ရပါတယ်။ ဒါ့အပြင်လည်း စွန့်နိုင်ခဲသော စွန့်ခြင်းကြီးငါးပါး ကိုပါ ဖြည့်စွန့်တော်မူခဲ့ပါတယ်။

မေး။ ။ ဟုတ်လား။ ဒါဆို ပါရမီတော်အကျဉ်းက ဘာ။ အကျယ်က ဘာကိုပြောသလဲဆိုတာလေး ရှင်းပါဦးဗျာ။

ဖြေ။ ။ အကျဉ်း(၁၀)ပါးအရင်ပြောမယ်နော်။
၁။ ဒါနပါရမီ
၂။ သီလပါရမီ
၃။ နေက္ခမ္မပါရမီ
၎။ ပညာပါရမီ
၅။ ၀ီရိယပါရမီ
၆။ ခန္တီပါရမီ
၇။ သစ္စာပါရမီ
၈။ အဓိဋ္ဌါန်ပါရမီ
၉။ မေတ္တာပါရမီနဲ့ 
၁၀။ ဥပေက္ခာပါရမီတို့ပဲပေါ့။

မေး။ ။ အဲဒီ(၁၀)ခုကိုတော့ နောက်မှ အသေးစိတ်ရှင်းပြပေးပါ။ ခုတော့ နောက်ထပ် အကျယ် အပြား(၃၀) ဆိုတာလေး ရှင်းပေးပါဦး။

ဖြေ။ ။ဟုတ်ကဲ့ပါ။
၁။ပါရမီအနေနဲ့ (၁၀)ပါး
၂။ ဥပပါရမီအနေနဲ့(၁၀)ပါး
၃။ ပရမတ္ထပါရမီအနေနဲ့က (၁၀)ပါး ပေါင်းတော့ အပြား(၃၀)ဖြစ်သွားရော။
နေဦး။ ကျနော် အဲဒါလေးပါ ထပ်ရှင်းမယ်နော်။ ခင်ဗျား အချိန်ရရဲ့လား။

မေး။ ။ ဟာ..ရပါတယ်။ ကျနော်က သိချင်တဲ့သူပဲ။ ရှင်းမယ့်သူရှိလို့ကတော့ ကျနော်သိချင်ပါသေးရဲ့။

ဖြေ။ ။ပထမတစ်ခုဖြစ်တဲ့ ပါရမီဆိုတာက ခု ကျနော်တို့ ခင်ဗျားတို့ လှူကြ၊ တန်းကြသလို ၀တ္တုပစ္စည်း တွေ လှူတာမျိုး။ နောက် ဥပုသ်သီလစောင့်ထိန်းခြင်းဆိုတဲ့ ကောင်းမှုကုသိုလ်တွေ လုပ်တာမျိုးကို ဆိုလိုတာပါ။ 

နောက် ဒုတိယအနေနဲ့ ဥပပါရမီဆိုတာကတော့ မျက်လုံးတွေ ထုတ်လှူတယ်။ ခြေ၊ လက်အင်္ဂါတွေ လှူတယ်။ ခြေလက်အင်္ဂါတွေကို အနစ်နာခံပြီး သီလတွေ စောင့်တယ်။ အဲလို ကုသိုလ် ကောင်းမှုမျိုးကို ခေါ်တာပါ။

တတိယတစ်ခုဖြစ်တဲ့ ပရမတ္ထပါရမီကတော့ အသက်ကို လှူခြင်း၊ အသက်စွန့်ပြီး သီလစောင့်ခြင်း၊ နောက် သူတစ်ပါးအသက်ကို ကယ်ဆယ်ခြင်း စတဲ့ ကောင်းမှုမျိုး လုပ်ဆောင်ခြင်းကို ပရမတ္ထပါရမီလို့ ခေါ်တယ် လို့ ကျနော် နားလည်ထားတာလေး ပြောပြတာပါနော်။

မေး။ ။ ဟုတ်ကဲ့ပါ။ စွန့်ခြင်းကြီးငါးပါးဆိုတာကရော တစ်လက်စထဲ ရှင်းပေးပါဦး။

ဖြေ။ ။ ဘုရားဖြစ်ရန် သမ္မာသမ္ဗောဓိဆုပန် အလောင်းတော်များ လိုက်နာ ကျင့်ကြံ အားထုတ်ရသည့် ပါရမီဖြည့်ခြင်းဆိုင်ရာ စည်းမျဉ်းကြီးငါးချက်ကတော့ 
(၁) ဓနပရိစ္စာဂ - ပစ္စည်းဥစ္စာ စည်းစိမ်ဟူသမျှကို စွန့်လှူခြင်း။
(၂) အင်္ဂပရိစ္စာဂ - ခြေလက်စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းကို စွန့်လှူခြင်း။
(၃) ပုတ္တပရိစ္စာဂ - သားသမီးတို့ကို စွန့်လှူခြင်း။
(၄) ဘရိယပရိစ္စာဂ - မယားကို စွန့်လှူခြင်း
(၅) ဇီဝိတပရိစ္စာဂ - မိမိအသက်ကို စွန့်လှူခြင်း တို့ပဲပေါ့။

မေး။ ။ အော်…ဟုတ်ကဲ့ပါ။ ဒီလောက်ထိသိရတာကို ၀မ်းသာလှပါပြီ။ ဒါနဲ့ အဲလို ပါရမီတွေ ဖြည့်ဖို့ကျ အချိန်ဘယ်လောက်ပေးရလဲဆက်ပါဦးဗျာ။ ပြောလက်စနဲ့ ထပ်သိချင်လာလို့။

ဖြေ။ ။ ကျနော်တို့ မြတ်ဗုဒ္ဓအလောင်းအလျာဟာ အဲဒီပါရမီ အမျိုးမျိုးကို နိယတ ဗျာဒိတ်တော် ရပြီးတဲ့နောက် လေးအသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလကြာအောင် ဖြည့်ကျင့်တော်မူခဲ့ရတယ်။ နိယတ ဗျာဒိတ် မရခင်ကတည်း ကိုက ပါရမီတွေကို ဖြည့်လာခဲ့ပါတယ်။ နောက်တော့…..

မေး။ ။ ခဏနော်။ ကျနော် စကားဖြတ်မေးချင်လာလို့။ အဲဒီ လေးသင်္ချေဆိုတာလေး နည်းနည်း ရှင်းပြပါလား။ အားတော့နာပေမယ့်….။

ဖြေ။ ။ အော်..ဟုတ်ကဲ့ပါ။ ကျနော် ဖတ်ဖူး မှတ်ဖူး ထားတာလေးနဲ့ ရှင်းပြမယ်နော်။
တစ်သင်္ချေဆိုတာ ကလည်း ကမ္ဘာပေါင်းများစွာ ရေတွက်လို့ မရအောင် အချိန်ကာလအားဖြင့် ကြာတယ်တဲ့နော်။ အဲ… တစ်ကမ္ဘာဆိုတာကျလည်း ကြည့်ပါဦး။ အဲဒီအကြောင်း စာပေမှာ ရှင်းပြထားတာတော့ တစ်ယူဇနာရှိသော ဂိုဒေါင်အတွင်းမှာ မုန်ညင်းစေ့ကလေးများကို အပြည့်သွင်းပြီး အနှစ်တစ်ရာကြာမှ တစ်စေ့ တစ်စေ့ယူပြီး ပစ်ပါတဲ့။ အဲဒီ မုန်ညင်းစေ့သာ ကုန်သွားဖွယ်ရှိမယ်။ တစ်ကမ္ဘာဆိုတဲ့ အချိန်အခါက မကုန်တတ်သေးဘူးတဲ့နော်။ ကဲ စဉ်းစားကြည့်တော့…။ ဘယ်လောက်တောင် အချိန်ကာလအားဖြင့် ကြာညောင်းလှသလဲလို့။ ကျနော်က တစ်ယူဇနာဆိုတာကို ရှာကြည့် လိုက်တော့ ၁၂.၇၂ မိုင်တောင် ရှည်လျားတယ်လေ။

မေး။ ။ အာ…မလွယ်ပါလားနော်။ အဲလောက်အချိန်အကြာကြီး ပါရမီဖြည့်ဖို့က။

ဖြေ။ ။ အင်း ဒါတောင် တစ်ချို့ဘုရားရှင်တို့ကျ နိယတ ဗျာဒိတ်တော် ရပြီးတဲ့နောက်ကို ရှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ရတာရှိသလို တစ်ချို့ဆို ၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရ တာလေ။ အဲဒါကြောင့် သာမန်လူမလုပ်နိုင်သော အလုပ်ဆိုတာ ပေါ်လာပြီပေါ့။

မေး။ ။ ဟူး…။ ဘုရားအလောင်းအလျာဘ၀ကကိုပဲ တကယ့်ကို မကြည်ညိုပဲ မနေနိုင်တော့ပါဘူးဗျာ။
ဘာအတွက်များ အဲလောက်ထိ အပင်ပန်းခံပြီး ကျင့်ကြံခဲ့သလဲနော်။

ဖြေ။ ။ ဘာအတွက်လည်း ဆိုတာကို ပေါ်အောင် ပြောပြပါ့မယ်။ ဘယ်အချိန်ကစလို့ အဲဒီပါရမီတွေ ဖြည့်ကျင့်လာသလဲဆိုတာတော့ သိပြီးဖြစ်မယ်ထင်ပါတယ်နော်။

မေး။ ။ဟာ…ကျနော်က ခုမှလေ့လာဖူးတာပါ။ ဒါကြောင့် အဲဒီ ပါရမီတော် ဖြည့်ကျင့်လာပုံလေးကစ သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒါဆို သုမေဓာ ရှင်ရသေ့ ဘ၀ ရောက်ဖို့ကိုက ရှေ့မှာ ပါရမီတွေ ဖြည့်ခဲ့ရပုံလေး ကို ကျနော်သိသလောက် ပြန်မျှပါ့မယ်။ သေချာတော့ လိုက်မှတ်ထားမှ တော်ပေမယ်နော်။
“ စိန္တိတံ သတ္တသင်္ချေယျံ ၊ န၀သင်္ချေယျ ၀ါစကံ။
ကာသ၀ါစံ စတုချာတံ၊ ဗုဒ္ဓတ္တံ သမုပါဂမိ။” ဆိုတာလေးက စလိုက်ကြရအောင်။

မေး။ ။ အဲဒါ ဘာအဓိပ္ပါယ်လဲဗျ။ နားလည်အောင် ရှင်းပါဦး။

ဖြေ။ ။ လာမယ်လေ။ ပထမဆုံး ခုနှစ် အသင်္ချေအတွင်းမှာ မြတ်ဘုရားလောင်းတော်ဟာ ဘုရားဖြစ်ချင်စိတ်နဲ့ ပါရမီတွေ ဖြည့်ကျင့်ခဲ့ပါတယ်။

မေး။ ။ ဘယ်လို ခုနှစ် အသင်္ချေလဲဗျ။

ဖြေ။ ။ ဟုတ်။ ဒါကို သေချာလေး ပြောပြပါ့မယ်။ ဒီလိုလေ။ 

၁။ နန္ဒအသင်္ချေ
၂။ သုနန္ဒ အသင်္ချေ
၃။ ပထ၀ီ အသင်္ချေ
၎။ မဏ္ဍအသင်္ချေ
၅။ ဓရဏီ အသင်္ချေ
၆။ သာဂရ အသင်္ချေ
၇။ ပုဏ္ဍရီက အသင်္ချေ

ဆိုတဲ့ (၇) အသင်္ချေအတွင်း ပွင့်တော်မူကုန်သော “ဗြဟ္မဒေ၀” အစရှိကုန်သော တစ်သိန်း နှစ်သောင်း ငါးထောင်ကုန်သော ဘုရားရှင်တို့ကို ဖူးမြင်တွေ့ကြုံရသဖြင့် ဓမ္မဒေသနာကို ကြားနာရလေ လျှင် ဘုရားဖြစ်ချင်သော စိတ်တော်ရှိလှ၍ ဒသပါရမီ ငါးလီသော ပရိစ္စာဂတို့ကို တစ်စတစ်စ ဖြည့် တော်မူလာခဲ့ပါတယ်။ ဒါက စိတ်နဲ့ ဖြည့်ကျင့်ခဲ့တာက (၇)အသင်္ချေနော်။

မေး။ ။ အော် ..ဘုရားရှင်ပေါင်း များစွာရဲ့ ဓမ္မဒေသနာတွေ နာကြားခဲ့ရတာပေါ့နော်။

ဖြေ။ ။ ဟုတ်ပါ့။ ဒါထက်ပိုလို့ သိရပါဦးမယ်။
နောက်ထပ် ကိုးအသင်္ချေ ထပ်လာပြီနော်။

(၁) သဗ္ဗဘဒ္ဒ အသင်္ချေ
(၂) သဗ္ဗဖုလ္လ အသင်္ချေ
(၃) သဗ္ဗရတန အသင်္ချေ
(၄) ဥသဘက္ခန္ဓ အသင်္ချေ
(၅) ခန္ဓုတ္တမ အသင်္ချေ
(၆) မာဏိတ အသင်္ချေ
(၇) ဘဒ္ဒ အသင်္ချေ
(၈) ပဒုမ အသင်္ချေ
(၉) သဗ္ဗ ဘလ္လ အသင်္ချေ

ဆိုပြီး (၉) အသင်္ချေထက်၌ ပွင့်တော်မူသော “ပေါရာဏသကျ ဂေါတမ” အစရှိကုန် သော သုံးသိန်း ရှစ်သောင်း ခုနှစ်ထောင် ကုန်သော ဘုရားရှင်တို့နှင့် တွေ့ကြုံပြန်လျှင် ထိုဘုရားရှင်တို့ အား ပစ္စည်းလေးပါး တို့ဖြင့် မြှောက်စားပူဇော်ကာ တရားနာ၍ “နောင်သောအခါ ငါလည်း ထို့သွင် လူတွင် ထင်ရှား ဘုရားစင်စစ် ဖြစ်စေသော်” ဟု “နုတ်ရော စိတ်ပါ” ပတ္တနာ၍ ပါရမီဆယ်ပါး အပြားသုံးဆယ်၊ ငါးသွယ်သော ပရိစ္စာဂ စရိယတို့ကို နိစ္စကြိုးကုတ် အားထုတ် တော်မူသဖြင့် သုမေဓာ ရှင်ရသေ့ အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်နော်။

မေး။ ။ ဟင် ဒါဆို ကျနော် နည်းနည်း ပြန်ချုပ်ကြည့်မယ်နော်။ ပထမ ဘုရားဖြစ်ချင်စိတ်နဲ့ ဖြည့်ကျင့် တာက (၇)အသင်္ချေနော်။ နောက်ထပ် (၉) အသင်္ချေကကျတော့ နုတ်ရော စိတ်ပါ (၂)မျိုးလုံးနဲ့ ဖြည့် ခဲ့တယ်လို့ ပြောတာပေါ့နော်။ အဲဒီ (၉) အသင်္ချေကျမှ နုတ်တော်က ထုတ်ဖော်ပြီး ဖြည့်လာတာပေါ့။ ဟုတ်လား။
ဖြေ။ ။ အင်း ဟုတ်တယ်။ ပထမ(၆) အသင်္ချေတုန်းကတော့ တရားတော်တွေ နာကြားပြီးမှ ဘုရား ဖြစ်ချင်တဲ့ စိတ်နဲ့ ဖြည့်ခဲ့တာပေါ့။ နောက်ထပ် (၉)အသင်္ချေမှာကျတော့ နုတ်ကပါ ထုတ်ဖော်လို့ ပစ္စည်းလေးပါးတို့ ထောက်ပံ့ကာ ပါရမီတွေ ဖြည့်ကျင့်လာခဲ့တယ်လေ။

မေး။ ။ အော်..ဒါကြောင့် ဘုရားဖြစ်ဖို့ မလွယ်ပါလားလို့ ပိုတောင် သိမြင်လာရပါပြီ။ တော်ရုံစိတ်ဓါတ် နဲ့ တော့ဖြင့် မရနိုင်ပါနော်။ ဒီလောက်တောင် အချိန်တွေရင်းနှီးခဲ့ရတာဆိုတော့။ ခုမှ ကြည်ညို လိုက်တာ မပြောနဲ့တော့။ ဒါဆို နောက်ထပ် ဘယ်လောက် ဖြည့်ဖို့ ကျန်သေးတာလဲဗျ။

ဖြေ။ ။ အင်း ဆက်ကြတာပေါ့။ အဲဒါက သုမေဓာရှင်ရသေ့ဘ၀ကို ရောက်ပြီနော်။ အဲဒီဘ၀မှာပဲ နိယတဗျာဒိတ်တော်ခံယူခဲ့တယ်။ အဲဒီအကြောင်းလေးတော့ ကြားဖူးပြီးဖြစ်မှာပါနော်။ သုမေဓာရှင် ရသေ့ဘ၀ နိယတဗျာဒိတ်ခံယူခဲ့ပုံလေးကိုလေ။

မေး။ ။ အဲဗျာ ကြားသာ ကြားဖူးတာဗျ။ သေချာကျ မသိဘူးရယ်။ ဖြစ်နိုင်ရင် ရှင်းပြပါဦး။

ဖြေ။ ။ ဒါဆို ဒီလိုလုပ် အဲဒီသုမေဓာဘ၀ နိယတ ဗျာဒိတ်ခံပုံအကြောင်းက နောက်နေ့မှ ဆက်ပြောဖို့ ထားလိုက်တော့။ ခုက ပါရမီဖြည့်တဲ့ ကာလတွေ အကြောင်း ပြီးအောင် ပြောမှ ရှင်းလိမ့်မယ်။

မေး။ ။ရပါတယ်။ ဘယ်လိုပဲ လုပ်လုပ်ပါ။ ကျနော်က သိရသမျှ ကိုယ့်အတွက် ကြည်ညိုစရာချည်း ပဲမို့ အဆင်ပြေသလိုသာ ပြောဗျာ။

ဖြေ။ ။ ဒါဆို ဆက်မယ်နော်။ ဟိုရှေ့က ပါရမီဖြည့်လာတာက (၆) အသင်္ချေရယ်၊ (၉) အသင်္ချေရယ်။ အဲဒီကနေမှ နိယတ ဗျာဒိတ်တော် ခံယူရတဲ့ ဘ၀ကို ရောက်လာခဲ့ပြီ။ ခုက နောက်ထပ် ပါရမီဖြည့်ခဲ့တဲ့ (၄)အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကို ပြောကြမယ်။
(၁) သေလ အသင်္ချေ
(၂)ဘာသ အသေင်္ချေ
(၃) ဇေယျ အသင်္ချေ
(၄) ရုစိယ အသင်္ချေ 
ဆိုပြီး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူကြကုန်သော နှစ်ကျိပ် ခုနှစ်ဆူကုန်သော ဘုရားရှင်တို့တွင် ဒီပင်္ကရာ မြတ်စွာဘုရားမှစ၍ နိယတဗျာဒိတ်ကို ခံရလျက် ဗောဓိ သမ္ဘာရ အပေါင်းကို ဖြည့်တော်မူသော အစဉ်လာသဖြင့် ဤကမ္ဘာ၀ယ် 
(၁) မဟာသမ္မတမင်းက တစ်ကြိမ်
(၂) သုဒဿန၀ရမန္ဓာတ်မင်းက တစ်ကြိမ်
(၃) မဃဒေ၀မင်းက တစ်ကြိမ်
(၄) နေမိမင်း
(၅) တေမိမင်း
(၆) သိဝိရာဇ်
(၇) စန္ဒကုမာရ
(၈) မဟာဂေါဝိန္ဒ
(၉) အကိုတ္တိဗြာဟ္မဏ
(၁၀) သင်္ခဗြာဟ္မဏ
(၁၁) ဓနဉ္စယ
(၁၂) သသရာဇ
(၁၃) ဟတ္ထိပါလ
(၁၄) ဘူရိဒတ္တ
(၁၅) စေမၸယ်
(၁၆) စူဠေဗာဓိ
(၁၇) မဟိ ံသ
(၁၈) ရုရုမိဂ
(၁၉) မာတဂၤ
(၂၀) ဓမၼဓဇ
(၂၁) ဇယဒိသ
(၂၂) သခၤပါလ
(၂၃) ယုဓဥၥယ
(၂၄) သောမနဿ
(၂၅) အယောဃရ
(၂၆) သောဏဒန္တ
(၂၇) ကပိရာဇ
(၂၈) သစ္စယုဝ
(၂၉) ၀ဋပေါတက
(၃၀) မစ္ဆရာဇ
(၃၁) ကဏှဒီပါယန
(၃၂) မဟာသုတသောမ
(၃၃) သုဝဏ္ဍစသာမ
(၃၄) ဧကရာဇ
(၃၅) မဟာလောမဟံသ 
တစ်ကြိမ်စီအားဖြင့် သုံးဆယ့်ငါးဇာတ် ဖြစ်တော်မူ၍ ဆောက်ဦရင့်မာသဖြင့် “ဝေဿန္တရာမင်း” ၏ အဖြစ်သို့ ရောက်တော်မူ၏။ ဝေဿန္တရာမင်းဘ၀ကတော့ ပါရမီဖြည့်ကျင့်ရာ၏ နောက်ဆုံးဘ၀ ပဲပေါ့။
ကဲ ဒီမှာကြည့်ရင် စုစုပေါင်း ပါရမီဖြည့်ရတဲ့ အသင်္ချေကို ရေတွက်လိုက်တော့ နှစ်ဆယ် အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရတာ တွေ့ရလိမ့်မယ်နော်။ အဲဒါမှာ ဒို့ ဘုရားအလောင်း တော်ဟာ ပညာဓိက မို့လို့ နိယတ ဗျာဒိတ်ကို ခံယူပြီးနောက်မှာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ရတယ်။ အကယ်လို့ သဒ္ဓါဓိကဘုရားလောင်းတော်သာ ဖြစ်ခဲ့ရင် ရှစ်အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း၊ ဝီရိယဓိကဘုရားလောင်းတော်ကျပြန်တော့ တစ်ဆယ့်ခြောက်အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီတွေ ဖြည့်ကျင့်ကြရတယ်လို့ မှတ်ထားတာပေါ့။ ပြောချင်တာကတော့ နိယတ ဗျာဒိတ်ကို ရပြီးမှ ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့တဲ့ ကာလကို ပြောနေတာပါနော်။ တစ်ကယ်တော့ အလောင်းတော် အားလုံးဟာ ဘုရားဖြစ်ချင်ရင် စုစုပေါင်း နှစ်ဆယ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေကို ဖြည့်ရမှာမို့ ပါရမီဖြည့်တမ်းဟာ အထူးအပြားမရှိ။ အသင်္ချေ နှစ်ဆယ်စီတော့ အညီအမျှ ဖြည့်ကြရတာပါပဲတဲ့။

မေး။ ။ကျနော်တို့ ထင်ထားတဲ့ လေးအသင်္ချေဆိုတာတောင် တော်တော်များလှပြီး မှတ်နေတာ။ ခုမှ နှစ်ဆယ် အသင်္ချေတောင်ဆိုတာ သိလိုက်ရတော့ ဘာပြောကောင်းမလဲ။ ကျနော့ရင် ထဲ ဟာ့ထိသွားပြီဗျာ။ တကယ့်ကို သဒ္ဓါစိတ်တွေ ပြည့်လျှံလို့ လာရပြန်ပါပေါ့လား။

ဖြေ။ ။ ကဲ ဒီနေ့သိလိုက်ရတာလေးအရ ထပ်ပြီး ဖြေကြည့်ကြပါဦးစို့နော်။ “လူတိုင်းဘုရားဖြစ်နိုင်ပါ သလား”ဆိုတဲ့ မေးခွန်းလေးကို။ 
ကဲ အားလုံးပဲ ဒီနေ့ ဆွေးနွေးဖြစ်ကြတဲ့ ပါရမီဖြည့်စဉ် ကာလ အကြောင်းအရာလေးနဲ့ ပတ်သက်လို့ ကျနော့အသိလေးများ လိုတာ ရှိရင် လမ်းညွှန်ဖြည့်ဆည်းပေးကြ ပါဦးလို့ ပြောကြားရင်း နဲ့ မြတ်ဘုရားအလောင်းတော်ရဲ့ ထူးခြားဂုဏ်အင် ပါရမီဖြည့်စဉ်ကာလလေးအကြောင်း ဒီမှာပဲ ရပ်နားခွင့် ပြုကြပါစို့လား။

                                                       by Dimplemit

                                         ...........................................

 သုံးသတ်ချက်(My Opinion)

ပြောရမယ်ဆိုရင်တော့ - PHD ရဖို့ဆိုတာ သူငယ်တန်း ကနေ ၁၀တန်းထိ အောင် ထားရမယ်၊ ပြီးရင် Bachelor Degree ရဖို့ လေးနှစ်လောက် အချိန်ပေးကြိုးစားရမယ် နောက်  Master ၂ နှစ် ပြီးမှ ကိုယ်လိုက်တဲ့ Line ပေါ်မှုတည်ပြီး ၂နှစ် ၃နှစ် ထိကြိုးစားပြီးအောင်မှ PHD ဆိုတဲ့ ဘွဲ့  ကိုရနိုင်ပါတယ်။ ဘုရားဖြစ်ဖို့ ဆိုတာလည်း ဒီလို အခြေခံကနေ အဆင့်ဆင့် ကြိုးစားအားထုတ် လာရတာပဲပေါ့ဗျာ။
...............................................
လေးသင်္ချေ ကို ဘယ်လိုတွက်မလဲ
၁ ။ ဒီပင်္ကရာဘုရားရှင် နှင့် ကောဏ္ဍည ဘုရားရှင်နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ ။
၂ ။ ကောဏ္ဍည ဘုရားရှင်နှင့် မင်္ဂလ ဘုရားရှင်နှစ်ဆူ တို့၏ ကြားကာလ - တစ်သင်္ချေ ။
၃ ။ သောဘိတ ဘုရားရှင်နှင့် အနောမဒဿီ ဘုရားရှင်နှစ်ဆူ တို့၏ ကြားကာလ တစ်သင်္ချေ ။
၎ ။ နာရဒ ဘုရားရှင် နှင့် ပဒုမုတ္တရ ဘုရားရှင် နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ ။
၅ ။ ပဒုမုတ္တရ ဘုရားရှင်ပွင့်တော်မူပြီးနောက် ကမ္ဘာပေါင်း တစ်သိန်း ။

သင်္ချေ ဆိုတဲ့ အရေအတွက်ဟာ ၁ရဲ့ နောက်မှာ သုည အလုံးရေပေါင်း ၁၄၀ ရှိတယ်လို့ ဆရာတော်က ဟောကြားခဲ့တယ်။ လေးသင်္ချေ ဆိုတော့ ၄ ရဲ့ အနောက်မှာ သုည အလုံးပေါင်း ၁၄၀ရှိမယ်။ ဒါတွေဟာ ခုနှစ်တွေ မဟုတ်ဘူးနော်။ ကမ္ဘာလုံး အရေအတွက် ကိုပြောတာ။ ကမ္ဘာလုံး အရေတွက် လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း နေထိုင်ကျင့်ကြံ လာပြီးမှ လောကမှာ တုနှိုင်းစရာမရှိတဲ့ တစ်ပါးတည်းသော ဗုဒ္ဓုမြတ်စွာဘုရားဆိုတာကို သိရှိနားလည်ခဲ့ရတယ်။

နှစ်ကျိပ်ရှစ် (၂၈) ဆူသောဘုရားဟူသည်

  နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည် … 
နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း ….
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော
ဘုရားရှင်များ မှ “ဂေါတမ” ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော ဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။
၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို “သာရ ကမ္ဘာ “
၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို “မဏ္ဍ ကမ္ဘာ”
၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကို “၀ရ ကမ္ဘာ”
၎။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို “သာရမဏ္ဍ ကမ္ဘာ”
၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို “ဘဒ္ဒ ကမ္ဘာ”
- ဟု ခေါ် ဝေါ်ကြသည်။
(၂၈) ဆူသော ဘုရားများရေတွက်ပုံ


” သာရ ကမ္ဘာ” (၄) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၄) ဆူ
” မဏ္ဍ ကမ္ဘာ” (၃) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” ၀ရ ကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၆) ဆူ
” သာရမဏ္ဍကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် – ဘုရား (၈) ဆူ
” ဘဒ္ဒ ကမ္ဘာ ” (၁) ကမ္ဘာ ပါဝင်သောကြောင့် - ဘုရား (၅) ဆူ
သို့သော် “ဘဒ္ဒ ကမ္ဘာ” တွင် “အရိမေတ္တေယျ” ဘုရားရှင် ပွင့်ရန် ကျန်သေးသောကြောင့် ပထမ ” သာရ ကမ္ဘာ ” တွင် ပွင့်သော ” တဏှင်္ကရာ ” ဘုရားရှင် မှ “ဘဒ္ဒ ကမ္ဘာ” မှ (၄) ဆူမြောက် ဂေါတမ ဘုရားရှင် အထိ (၂၈)ဆူ ရှိလေသည်။

ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ

၁) တဏှင်္ကရာ ဘုရားရှင်
၂) မေဓင်္ဂရာ ဘုရားရှင်
၃) သရဏှင်္ဂရာ ဘုရားရှင်
၎) ဒီပင်္ကရာ ဘုရားရှင်
၅) ကောဏ္ဍည ဘုရားရှင်
၆) မင်္ဂလ ဘုရားရှင်
၇) သုမန ဘုရားရှင်
၈) ရေ၀တ ဘုရားရှင်
၉) သောဘိတ ဘုရားရှင်
၁၀) အနောမဒဿီ ဘုရားရှင်
၁၁) ပဒုမ ဘုရားရှင်
၁၂) နာရဒ ဘုရားရှင်
၁၃) ပဒုမုတ္တရ ဘုရားရှင်
၁၄) သုမေဓာ ဘုရားရှင်
၁၅) သုဇာတာ ဘုရားရှင်
၁၆) ပိယဒဿီ ဘုရားရှင်
၁၇) အတ္ထဒဿီ ဘုရားရှင်
၁၈) ဓမ္မဒဿီဘုရားရှင်
၁၉) သိဒ္ဓတ္ထ ဘုရားရှင်
၂၀) တိဿ ဘုရားရှင်
၂၁) ဖုဿ ဘုရားရှင်
၂၂) ၀ိပဿီ ဘုရားရှင်
၂၃) သိခီ ဘုရားရှင်
၂၄) ဝေဿဘူ ဘုရားရှင်
၂၅) ကကုသန် ဘုရားရှင်
၂၆) ကောဏဂုံ ဘုရားရှင်
၂၇) ကဿပ ဘုရားရှင်
၂၈) ဂေါတမ ဘုရားရှင်

"ကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်း ပြဿနာ"

(ဂါဒီယန်သတင်းစာ အယ်ဒီတာဟောင်း ဦးစိန်ဝင်းမေးပြီး အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဖြေဆိုတော်မူသည်။)
အမေး။ ။ ဘုန်းတော်ကြီးကျောင်းဝင်း, ဘုရားယင်ပြင်တော်တို့၌ ဖိနပ်စီးလျှင် မည်သို့ အပြစ်ရှိပါသနည်း၊ ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်းသည်မည်သည့် အကြောင်းကြောင့်ပါနည်း။

အဖြေ။ ။ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို သင်တုန်းဓားဖြင့် အခွဲခံရခြင်း၌ "ရာဇာကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ-ရှင်ဘုရင်သည် ရှေးဘဝတုန်းက စေတီယင်ပြင်တော်ဝယ် ဖိနပ်စီးလျက် သွားဖူးသတဲ့၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စအဓောတေဟိ ပါဒေဟိအက္ကမိ-ရဟန်းသံဃာတို့ ထိုင်ဖို့ရန် ခင်းထားအပ်သော သင်ဖြူကိုလည်း ခြေမဆေးဘဲ နင်းဖူးသတဲ့၊ တဿာယံ နိသန္ဒေတိ ဝဒန္တိ-ဤသို့ ခြေဖဝါးကို ဓားခွဲခံရခြင်းသည် ထို အပြစ်၏ အကျိုးဖြစ်သတဲ့" ဤသို့ ပြောကြသည်။ [ဤကား သာမညဖလသုတ် အဋ္ဌကထာစကားတည်။]

မှတ်ချက်။ ။ထို အဋ္ဌကထာစကား၌ "စေတီယင်္ဂဏ (စေတီယင်ပြင်တော်) ဟူသော စကားကို ယူ၍ ဘုရားဝိုင်းအတွင်းဝယ် (သံဃာများနေရာ ကျောင်းဝိုင်းအတွင်းပါ) ဖိနပ်မစီးကောင်း" ဟု ယခုအခါမှတ်ယူနေကြ၏၊ "စေတီယင်္ဂဏ" ဟူသော အဋ္ဌကထာစကာ၌ အဖွင့်ဋီကာဆရာတို့က

အများထင်သလို ဘုရားဝိုင်း တစ်ပြင်လုံးကို မယူကြ၊ "စေတီယင်္ဂဏေတိ-ဂန္ဓပုပ္ဖာဒီဟိ ပူဇနဋ္ဌာနဘူတေ စေတီဟင်္ဂဏေ-ပန်းနံ့သာစသော ပူဇော်ဖွယ်တို့ဖြင့် ပူဇော်ရာ ဌာနဖြစ်သော စေတီယင်ပြင်တော်၌" ဟု သရုပ်ဖော်ကြသည်၊

ထို့ကြောင့် "ဗိမ္ဗိသာရမင်းသည်ဘုရားဝင်းအတွင်း သာမန်၌ ဖိနပ်စီးသည်မဟုတ်၊ ပန်းတင်ခံဟု ခေါ်ရာ တေီတော် အောက်ခြေမှာပင် ဖိနပ်စီးခြင်း ဖြစ်သည်ဟုဋီကာဆရာတို့ကဆိုလိုကြပါသည်။

ထို့ပြင် ရဟန်းသံဃာတော်တို့ ထိုင်ဖို့ရာ ခင်းထားအပ်သော သင်ဖြူးပေါ်၌ ခြေမဆေးဘဲ နင်းခဲ့သော အပြစ်လည်း ခြေဖဝါးကို ဓားခွဲခံရမှု၌ပါဝင်နေ၏၊ ယခုအခါ ဘာသာရေးကို အလွန်လေးစားသော ဒါယကာ ဒါယိကာမတို့တွင်အဘယ်မျှလောက်သော အရေအတွက်က ထိုနေရာမျိုးကို နင်းလိုသောအခါ ခြေဆေးကြပါသနည်း။

"ကောသလမင်းကျောင်းတိုက်တွင်းဝင်ပုံ"

အခါတစ်ပါး၌ ကောသလမဟာရာဇာသည် ဘုရားရှင်ကို ဖူးမြင်လိုသောဆန္ဒပြင်းပြလှသဖြင့် မိမိခေတ္တရောက်နေရာမြို့ကလေးမှ ဘုရားရှင် သီတင်းသုံးတော်မူရာ (သုံးယူဇနာလောက်ဝေးသော) နိဂုံးကို ရောက်လာ၏၊ ထိုနိဂုံး၏ တစ်နေရာ ခြံဥယျာဉ်၌ဘုရားရှင် သီတင်းသုံးတော်မူ၏၊ [ထိုခြံသည် ဘုရားရှင်နှင့်တကွရဟန်းတော်အများ သီတင်းသုံးတော်မူရာ ဖြစ်သောကြောင့်ကျောင်ဝိုင်းပင် ဖြစ်၏။]
မဟာရာဇာသည် ကျောင်းတိုက်သို့ ဝင်၍ စင်္ကြံသွားနေသောရဟန်းတော်များထံ ချဉ်းကပ်ပြီးလျှင် "ဘုရားရှင် ဘယ်မှာသီတင်းသုံးပါသနည်း" ဟုမေးလေရာ ရဟန်းတော်များသည် သီတင်းသုံးတော်မူရာ ကျောင်းကို ညွှန်ပြကြလေ၏၊ ထိုအခါကျမှ ကျောင်းဆောင်တော်သို့ ဝင်ရမည်ဖြစ်သောကြောင့် ခြေနင်းနှင့်တကွ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ချွတ်ပယ်၍ စစ်သူကြီအား ပေးလေသည်။ [မဇ္ဈိမပဏ္ဏာသ, ဓမ္မစေတိယသုတ်ပါဠိုတော်။]

မှတ်ချက်။ ။ ပါဠိုတော်, အဋ္ဌကထာ, ဋီကာတို့၏ စကားသည် ယခုခေတ် မြန်မာ ဗုဒ္ဓဘာသာတို့၏ အယူအဆကို မထောက်ခံ ကြပါတကား၊ "သီဟိုဠ်, ယိုးဒယား ကမ္ဗောဒီးယား, လော" ဟူသော ထေရဝါဒ ဗုဒ္ဓဘာသာ ၄-နိုင်ငံတို့၌ ကျောင်းတိုက်အတွင်းဘုရားဝိုင်းအတွင်းကိုဝယ် ဖိနပ်စီးသည်ချည်းသာဖြစ်ကြပါသတဲ့၊ မြန်မာ့ အယူအားဖြင့် ထိုသူအားလုံး ခြေဖဝါးကို ဓားခွဲ ခံကြရတော့မည်။

မြန်မာ ဗုဒ္ဓဘာသာတို့အား ကျောင်းဝိုင်းအတွင်းသို့ စက်ဘီးစီး၍လည်း ဝင်ရဲကြ၏၊ နွားလှည်း, မြင်းလှည်းစီး၍လည်း ဝင်ရဲကြ၏၊ ထို့ထက် ခမ်းနားသော မော်တော်ကားကြီးကိုလည်း စီး၍ ဝင်ရဲကြ၏၊ စီးစရာ ယာဉ်တို့တွင် အသေးငယ်ဆုံး ဖိနပ်ယာဉ်ကိုကား မစီးဝံ့ရှာကြချေ။

ထို့ပြင်ဘုရားမြေ, ဘုရားဝိုင်းအတွင်း၌ ကျေကျေ နပ်နပ်ခွင့်ပြုအပ်, ခင်းကျင်းပြသအပ်သော ဇာတ်သဘင်ပွဲများကို ကြည့်ရှုကာ နှပ်, တံတွေးတို့ကို ထွေးရဲကြ၏၊ ထိုပွဲဈေး၌ စားကြွင်း စားကျန်တို့ကိုလည်းစွန့်ပစ်ရဲကြ၏၊ ကလေးများကိုပင် ရှူရှူတယ်ဝံ့ကြသေး၏၊

ဖိနပ်မစီးဘဲ ကျောင်းအတွင်း ဝင်၍ဖုံလူးနေသောခြေဖြင့် ကျောင်းပေါ်တတ်ခြင်းနှင့် ဖိနပ်စီး၍ ကျောင်းပေါ်တတ်ခါနီးမှ ဖိနပ်ချွတ်ပြီးလျှင် ဖုံးမလူးသော ခြေဖြင့် ကျောင်းပေါ်တတ်ခြင်းတို့တွင် အဘယ်သို့တက်ခြင်းက ခြေဖဝါးဓားခွဲခံရသော အမှုနှင့် နီးစပ်ပါသနည်း။

"တကယ်ရိုသေခြင်း"

ကျမ်းစာတို့၌ တကယ်ရိုသေသော အရာဝယ် "စေတီတော်၏ ထင်ရှားရာ အရပ်၌သော်မှ ဖိနပ်မစီးရ" ဟု ဆို၏။ [သုတ်ပါထေယျ, သင်္ဂီတိသုတ်အဋ္ဌကထာ]။ မိထွေးတော် ဂေါတမီသည် သာကီဝင်မင်းသမီးငါးရာ နှင့်အတူဘိက္ခုနီပြုလုပ်ဖို့ရန် ကပိလဝတ်ပြည်မှ ၅၁-ယူဇနာဝေးသော ဝေသာလီပြည်သို့ လာရာ၌ (ယာဉ်ရထားစီး၍ သွားလျှင် ဘုရားရှင်ကို မရိုသေရာ ရောက်မည်စိုးသောကြောင့်) ယာဉ်ရထား မစီးကြဘဲအားလုံး မင်းသမီးများ ခြေလျင်သွားကြပါသတဲ့။ [ဘိက္ခုနီခန္ဓကစူဠဝဂ္ဂပါဠိတော်။]

ထိုမျှလောက် မရိုသေနိုင်သူ့အတွက် မရိုသေစိတ်လည်း မရှိပါမူ အကုသိုလ်အပြစ်မရှိ၊ သို့သော် ရိုသေနိုင်သူအတွက် ရိုသေလေ ကောင်းလေပင်ဖြစ်ပါသည်၊ သို့ရာဝယ် မိမိမှာရောဂါဖြစ်လောက်အောင် အရိုအသေ လွန်မသွားဖို့ သတိထားသင့်ပါသည်။

အမှာ။ ။ ယခုကာလ၌ ဗုဒ္ဓမြတ်စွာ၏ဆိုင်ရာ စေတီတော်ဝင်း, ကျောင်းဝင်းသို့ ဖိနပ်မစီးရလျှင် မဝင်လိုကြ၊ ဖိနပ်စီးလျှင်လည်း အပြစ်ရမည် ထင်နေသူတို့အတွက် ဤအဖြေကို ရေးလိုက်ပါသည်၊ ရှေးက ဆရာတော်ကြီးများ၏ "ဖိနပ် မစီးကောင်း" ဟူသော အဆုံးအဖြတ်ကို လိုက်နာ၍ ဖိနပ်မစီးသူများကိုကား "ရိုသေနိုင်လျှင် ကောင်းပါ၏" ဟုသာ ချီးမွမ်းလိုပါသည်။

(အရှင်ဇနကာဘိဝံသ၏ ဘာသာရေးပြဿနာ အဖြေများမှ ဝေငှပါသည်။)

တန်ဆောင်မုန်း လပြည့်နေ့ (သာမည ဖလ အခါတော်နေ့)



တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမည ဖလသုတ္တန်ကို ဟောကြားတော် မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။

၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟုအဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ ဤနေ့ကိုသံဃာတော်များ၏နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၎။ သာမည ဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။

၆။ အဇာတသတ်မင်းသားသည် ဒေ၀ဒတ်ကိုဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူဗိမ္မိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာစွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကိုကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သောအဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ်မြို့အနီး ဇီဝကလှူထားသော သရက်ဥယျာဉ်တော်၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအ၀ီစိငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာကျရောက်ပြီးနောင်သောအခါ ၀ိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလသုတ်တော်ကြောင့် အဇာတသတ်မင်းတရားသည် ပထမသင်္ဂါယနာတင်မင်းတရား အဖြစ်ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီးသုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာအဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့်သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။






သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက်စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ
(မာဂဓီ- သာစည်) ဆရာတော်ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။
..................................................
 သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့
********************************************

၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။

၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။

၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။

၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။

၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။

၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။

၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။

၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။

၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။

၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။

အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။

၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး

၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး

၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။