နေသည် မြစ်၏ အနောက်ဖက်ကမ်းထက်ရှိ သစ်တော၏ ထွေးယှက်သော အကိုင်းကြားသို့
ဝင်၍ သွားလေပြီ။
ရဟန်းငယ်တို့လည်း ကိစ္စကြီးငယ် ဆောင်ရွက်ပြီး၍ မီးပုံတွင်ဝိုင်းကာ ဂေါတမအရှင်၏တရားကို နာလုဆဲဆဲ ဖြစ်၏။
ထိုအခိုက် ထူးဆန်းသော သူငယ်တစ်ယောက်လာ၍ သစ်သီးပန်းမန်ဖြင့် အရှင်မြတ်ကို ဦးခိုက်ပူဇော်၍ လျှောက်ထား၏။
“မြတ်သောအရှင်၊ တပည့်တော်အား သစ္စာတရားမွန်၏ ခရီးလမ်းသို့ ၀င်ခွင့်ပေးတော်မူပါ၊ တပည့်တော်၏ အမည်ကား သစ္စာကာမတည်း”
ဗုဒ္ဓမြတ်စွာ ဆို၏ ။ “အို…ချစ်သား၊ သင်၏ လာခြင်းကား ကောင်းသောလာခြင်းတည်း၊ အမြတ်ဆုံးသောတရားကို မျှော်မှန်းသော အသင်ကား အဘယ်မျိုးနွယ်နည်း”
သူငယ် ဆို၏ ။ “အရှင်၊ ငါသည် အဘယ်မျိုးဟု ငါမသိ၊ ငါ၏ မိခင်ထံ သွား၍ မေးပါအံ့”
ဤသို့ပြောပြီးနောက် သစ္စာကာမသည် ခွင့်ပန်၍ ချောင်းကိုဖြတ်၍ ရွာစွန်ရှိ မိခင်ရှိရာ အိမ်သို့ ပြန်ခဲ့၏။ မီးခွက်သည် အခန်း၌ မှိန်စွာလင်းနေပြီး မိခင်သည် မှောင်သော တံခါး၀၀ယ် သားအပြန်ကို စောင့်မျှော်နေ၏။ သူသည် သားကို ရင်၌ပိုက်၍ ဦးထိပ်ကိုနမ်း၏။ ဗုဒ္ဓထံ သွားခဲ့သော အကြောင်းကိုကိစ္စကို မေး၏။
“ငါ၏ ဖခင်ကား အသူနည်း” သူငယ်က ပြန်မေး၏။ မြတ်သောအမျိုးသာလျှင် အမြတ်ဆုံးတရားကို မျှော်မှန်းထိုက်သည်ဟု ဂေါတမအရှင် ငါ့အားပြော၏”
ထိုမိန်းမလည်း မျက်လွှာချ၍ လေသံဖြင့်ဆို၏။
“ဆင်းရဲသောငါ့၌ ငယ်စဉ်က သခင်များခဲ့၏၊ အို..ချစ်သား ..သင့်ကိုရသော ငါမိခင်၌ … ယောက်ျားသည်မရှိ”
တောရကျောင်း၏ သစ်ပင်ထိပ်ဖျားတို့၌ အရုဏ်ကျင်း၍ ရောင်နီလင်းလေးပြီ။ ရဟန်းတို့သည်လည်း သစ်ပင်ကြီးအောက်၌ ဆရာမြတ် ရှေ့မှောက်ဝယ် ထိုင်ကြပြီ။
ထိုအခိုက် သစ္စာကာမ ရောက်လာ၏။ သူသည် ဆရာအရှင်၏ ခြေတော်ရင်း၌ ၀ပ်စင်း၍ စကားမဆိုပဲ ရှိ၏။
“ငါ့အား ပြောလော့” ဗုဒ္ဓ ဆို၏။ “အသင်ကား အဘယ်မျိုးနွယ်နည်း”
“အရှင်”..သူငယ်က ဆို၏။ “အဘယ်မျိုးနွယ် ဟူ၍ကား ငါမသိ၊ ငါ၏ မိခင်အား မေးစဉ်ဝယ် သူ ဆို၏၊ “ဆင်းရဲသော ငါ့၌ ငယ်စဉ်က သခင်များ၏၊ သင့်ကိုရသော ငါမိခင်၌ ယောက်ျားမရှိ” …။
ပတူအုံကို တုတ်နှင့်ထိုးလိုက်သည့်အလား၊ တပည့်ရဟန်းတို့ထံမှ ပွက်လောသံ ညံလာ၏။ ဇာတ်ပျက်၏ အရှက်မရှိသော စကားအတွက် တတွတ်တွတ် ရေရွတ်ကြ၏။
ဂေါတမမြတ်စွာကား နေရာမှထ၍ လက်ကိုဆန့်၍ သူငယ်အား ရင်ခွင်၌ ထား၍ ဆို၏။ “ဗြဟ္မဏတကာတို့ထက် မြတ်သော ချစ်သား၊ သင့်၌ အမွန်မြတ်ဆုံးသော သစ္စာအမွေရှိပေ၏”……။ (ရာဘင်ဒြာနတ်တဂိုး)
http://newworldmyanmar.blogspot.com/

No comments:
Post a Comment