........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 28, 2014

အရှင်သာရိပုတ္တရာ သို့မဟုတ် မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ်ချသူ

သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာ တွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တ၇ားအရရော စိတ်နေ သဘောထားအရနဲ့ အသိဉာဏ်ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှ ပါတယ်။
အရှင်သာရိပုတ္တရာလောင်း(သုရုစိရသေ့)ဟာ လွန်ခဲ့တဲ့တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတုန်းက အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ နိသဘမထေရ်ကို အားကျကြည်ညိုပြီး လက်ယာတော်ရံ အဂ္ဂသာဝကဆုကို ပန်ဆင်တော်မူခဲ့တာပါ။ စာရေးသူတို့ရဲ့ ရှင်တော်ဘုရား လက်ထက်ရောက် တဲ့အခါ ရာဇဂြိုဟ်ပြည် အနီးနားက ဥပတိဿရွာမှာ ရွာသူကြီး ၀င်္ကန္တပုဏား ကြီးနဲ့ ရူပသာရီပုဏေးမကြီးတို့ရဲ့ သားကြီးသြရသ ဥပတိဿလုလင် ဖြစ်လာပြီး ရဟန်းပြုတော်မူတဲ့အခါ မယ်တော်ရဲ့ အမည်ကို အစွဲပြုကာ အရှင်သာရိပုတ္တရာ လို့ အမည်တွင် ထင်ရှားတော်မူခဲ့တာ ဖြစ်ပါတယ်။
undefined
ကနဦးအစမှာတော့ ဥပတိဿလုလင်ဟာ မသေရာ တရားကို ရှာဖို့ အတွက် သိဉ္စည်းဆရာကြီးအထံမှာ ပရိဗိုဇ်လုပ်ပြီး နေပါတယ်။ ဒါပေမယ့် သိဉ္စည်းဆရာကြီးဆီမှာ မသေရာတရား မရှိမှန်း သိရတဲ့အတွက် ရာဇဂြိုဟ် မြို့တွင်း မြိုံပြင်ထွက်ကာ မသေရာတရားရှာဖွေရာ ပဉ္စ၀ဂ္ဂီ အ၀င်အပါ အရှင်အဿဇိ ရဟန္တာမထေရ်ကို ဖူးတွေ့ရပြီး အကျဉ်းမျှဟောပြတဲ့ ယေဓမ္မာ ဟေတုပ္ပဘာဝါ ဂါထာထက်ဝက်ကို ကြားနာရရုံနဲ့ သောတာပန် အရိယာ ဖြစ်ခဲ့ ပါတယ်။ အဲဒီနေ့မှာပဲ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကို ရောက်ရှိလာပြီး ဧဟိဘိက္ခု အဖြစ်ကို ရရှိခဲ့ပါတယ်။ ရဟန်းဖြစ်ပြီးနောက် ၁၅-ရက်အကြာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပိုတွဲလပြည့်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရဟန္တာဖြစ်တော်မူပြီး သာဝကဉာဏ် အတွက် အထွတ်အထိပ်သို့ ရောက်တော်မူကာ လက်ယာတော်ရံ အဂ္ဂသာဝကအရာကို ရရှိတော်မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာ ဟာ စကြာဝဠာတုက်တစ်သောင်းမှာ ဘုရားရှင်က လွဲလို့ ဉာဏ်ပညာအကြီးမားဆုံးမထေရ်မြတ်တစ်ပါး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး မှာ ရွာချတဲ့ မိုးရေစက် မိုးရေပေါက်တွေကိုတောင် ရေတွက်နိုင်တဲ့ ပညာရှိပါတယ်။ လူပြည့်မှာရှိတဲ့ အဘိဓမ္မာတရားတော်တွေဟာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဉာဏ်ပညာကြီးမားတော်မူမှု အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ အသားအရေဟာ ရွှေအဆင်းကဲ့သို့ ၀ါဝင်းတော်မူပြီး အဂ္ဂသာဝကဖြစ်တော်မူချိန်မှာ သက်တော် ၃၆ နှစ်ခန့် ရှိပါပြီ။ အရှင်သာရိပုတ္တရာဟာ ယခုဘ၀လိုပဲ ဘ၀သံသရာမှာ ဘ၀ပေါင်း ၅၀၀ရာ တိတိ ရသေ့ရဟန်းပြုတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကို အကြောင်းပြုပြီး ရှင်ရဟန်းအဖြစ် ရောက်ကြသူတွေဟာ ညီတော်(၃)ဦး၊ ညီမတော်(၃)ယောက် အပါအ၀င် မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ အရှင်သာရိ ပုတ္တရာ မထေရ်မြတ် ဟောကြားတော်မူတဲ့ တရားဒေသနာတော်ကို နာယူရလို့ သစ္စာလေးပါး သိမြင်ကြသူတွေဟာ အင်္ဂုတ္တရနိကာယ်ကျမ်းလာ "သမစိတ္တ သုတ္တန်"ဟောကြားတော်မူသောနေ့မှာပဲ နတ်ဗြဟ္မာ ကုဋေတစ်သိန်း အရဟတ္တဖိုလ်ဆိုက်ရောက်ပြီး အောက်မဂ် ၃-ပါးဆိုက်ရောက်တဲ့ နတ်ဗြဟ္မာတွေဆိုတာ မရေတွက်နိုင်လောက်အောင် များပြားပါတယ်။ ယုတ်စွအဆုံး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို သဒ္ဓါကြည်ညိုရုံမျှနဲ့ နတ်ပြည်ရောက်ကြတဲ့ မိသားစုအရေ အတွက်ဟာ ရှစ်သောင်းမျှရှိကြောင်း ပိဋကစာပေမှာ မှတ်တမ်းတင်ဖော်ပြထားပါ တယ်။
အရှင်သာရိပုတ္တရာဟာ ရှင်တော်ဘုရားပြီးရင် ဒုတိယအကြီးအကဲဖြစ်တာ နဲ့အညီ သံဃအဖွဲ့အစည်းအပေါ်မှာ အထူးကြောင့်ကျစိုက်ပြီး၊ စောင့်ရှောက်တော်မူတတ်ပါတယ်။ ရဟန်းသံဃာအားလုံးနောက်မှ ဆွမ်းခံဝင်ပါတယ်။ ရဟန်းသံဃာအားလုံး ဆွမ်းခံကြွသွားတဲ့အခါ ကျောင်းစဉ်လှည့်ကာ တံမြက် လှည်းသင့်ရာ လှည်းကျင်းပြီး အမှိုက်ကျုံးသင့်ရာမှာ ကျုံးတော်မူပါတယ်။ အသုံးအဆောင်ပစ္စည်းတွေကို နေရာတကျ ထားသိုကာ အမြင်မတော်တာတွေ ကိုလည်း ဖြုတ်သိမ်းပြုပြင်တော်မူပါတယ်။ မကျန်းမာသူ ဂိလာနပုဂ္ဂိုလ်တွေကို ဆေးဝါးဓာတ်စာ လို မလို မေးတော်မူပြီး ရအောင်လည်း ရှာဖွေပေးတော်မူပါ တယ်။ သူနာပြု ပုဂ္ဂိုလ်တွေကိုလည်း ပြုစုစောင့်ရှောက်ချင်လာအောင် အားပေး စကားပြောကြားတတ်ပါတယ်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူတဲ့အခါမှာလည်း နောက်ပါ သံဃာတော်တွေရဲ့ လိုအပ်ချက်တွေကို အစ်ကိုကြီးတစ်ဦးပမာ ဖေးမကူညီ ဖြည့်ဆည်းပေးတော်မူပါတယ်။ ခရီးပင်ပန်းလို့ နွမ်းနယ် ညောင်းညာတက်သူ တွေကိုလည်း ဆီ၊ နနွင်း စတာတွေနဲ့ ဆုပ်နယ်ပြီး သက်သာ ကျန်းမာလာအောင် ပြုစုတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သံဃာတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို မိခင်ကြီးတစ်ဦးလို ချစ်ခင်ကြည်ညို အားကိုး တတ်ကြပါတယ်။
တစ်ခါတစ်ရံမှာတော့ အရှင်သာရိပုတ္တရာဟာ သာသနာတော်မှာ မပျော် ပိုက်တဲ့ ရှင်ငယ်၊ ရဟန်းငယ်တွေကို ပျော်မွေ့အောင်၊ ပျော်မွေ့တဲ့ ရှင် ရဟန်းတွေ ကိုလည်း ပုထုဇဉ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှ ရဟန္တာဖြစ်အောင် အကြိမ်ပေါင်းများစွာ အထပ်ထပ် တရားဟောပြတတ်ပါတယ်။ ဒီလိုနည်းနဲ့ ရဟန္တာဖြစ်တော်မူတဲ့သူတွေလည်း မနည်းလှပါဘူး။ ဒီလိုအခါမျိုးမှာတော့ အရှင် သာရိပုတ္တရာ မထေရ်မြတ်ဟာ သံဃာတော်တွေအဖို့ ဖခင်ရင်းလို တစ်မျိုး၊ ဆရာ ရင်းလိုတစ်သွယ် အင်မတန် လေးစား ကြည်ညိုဖွယ် ကောင်းလှပါတယ်။
သမ္ဘာရင့် ကျွမ်းကျင်တဲ့ ရတနာကုန်သည်တစ်ဦးဟာ စံချိန်မီ အရည် အသွေး ပြည့် ကျောက်မျက်ကောင်းကို တွေ့ရရင် အင်မတန် မြတ်နိုးတန်ဖိုး ထားတတ်သလို ပညာအရာမှာ အင်မတန် မြတ်နိုးတန်ဖိုးထားတတ်သလို ပညာ အရာမှာ ဧတဒဂ်ဘွဲ့ရပြီး အဂ္ဂသာဝက ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ မထေရ် ဟာလည်း အကြားအမြင်များပြီး ဉာဏ်ပညာ ထူးချွန်တဲ့ ပညာရှိသူတော်ကောင်း ကို ဖူးတွေ့ရရင် လွန်စွာ အရေးထား မြတ်နိုးတော်မူတတ်ပါတယ်။
တစ်ချိန်မှာ ဓမ္မကထိကအရာ ဧတဒဂ်ဘွဲ့ ရတော်မူတဲ့ အရှင်ပုဏမထေရ် ကိုတွေ့တော်မူတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်က ၀ိသုဒ္ဓိ ၇ ပါးကို မေးတော်မူ ပါတယ်။ အရှင်ပုဏမထေရ်က အာဇာနည်မြင်းကတဲ့ ရထား ၇ စီးနဲ့ ဥပမာပြုပြီး ပြည့်စုံရှင်းလင်းစွာ ပြန်လည်ဖြေကြားတော်မူပါတယ်။ အရှင်ပုဏမထေရ်ရဲ့ အဖြေ စကားကို နာကြားတော်မူရတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်က ဒီလို မေးတိုင်း အဖြေကောင်းပေးနိုင်တဲ့ ပညာရှင်ပုဂ္ဂိုလ်မျိုးကို တစ်ကျောင်းထဲ အတူနေရုံမျှနဲ့ မကျေနပ်နိုင်ဘဲ မေးလိုတဲ့ အခါတိုင်း မကြာမတင် မဆိုင်းမတွ အဖြေရနိုင်ဖို့ ဦးခေါင်းပေါ်တင်ပြီး ခေါင်းခုနဲ့ အမြဲရွက်ထားချင်တယ်လို့ အမိန့်ရှိတော်မူပါ တယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သီလ သမာဓိ ပညာ ဂုဏ်သိက္ခာ တောင်ထွတ်တော်ဟာ ကြီးကျယ်မြင့်မားတော်မူသလောက် မိမိကိုယ်ကို မိမိ နှိမ်ချမှု၊ စိတ်နေသဘောထားကြီးမြတ်မှု ချိုင့်ဝှမ်းကြီကလည်း အင်မတန် ကျယ် ၀န်း နက်ရှိုင်းတော်မူလှပါတယ်။
တစ်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်ဟာ အမှတ်တမဲ့ သင်္ကန်းကိုင် တော်မူတဲ့ခါ သင်္ကန်းအစွန်းအနားက မညီမညာ ဖြစ်နေပါတယ်။ အဲဒါကို ရှင်သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးတစ်ပါးက မြင်တွေ့သွားရာ "အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ၀တ်ရုံသင့်ပါတယ်ဘုရား"လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်း မညီမညာတာကို သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာကာ "ဒီလောက်ဆို သင့်တော်ပါပြီလား"လို့ ဆရာအရာမှာထားပြီး တလေး တစား တုံ့ပြန်တော်မူခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို အခြေခံကာ နောင်တစ်ချိန်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က"ဒီနေ့မှာပဲ သာမဏေ ဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည့်ဖြစ်စေ သူတော်ကောင်း တွေရဲ့ ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီး ခံယူပါတယ်။ ကိုယ့်အမှားကို ထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို မြတ်နိုးတန်ဖိုးထားပြီး ဆည်းကပ်ပါတယ်"လို့ ဥဒါန်းကျူးရင့်ကာ မိန့်ကြားတော်မူခဲ့ပါတယ်။
တကယ်တော့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ၀ါးရုံပင်မြင့်မြင့် ကြီးတွေလိုပဲ အထက်ကို ပိုမြင့်မားလေ အောက်ကို ပိုမိုညွတ်ကိုင်းလေ ဖြစ်ပါတယ်။ ဒီလို နှလုံးသားမျိုး ရှိတော်မူခဲ့လို့လည်း အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီးဟာ ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်တိဿ စတဲ့ ၇-နှစ်အရွယ် သားတပည့် ရဟန္တာ ကိုရင်ငယ်လေးတွေရဲ့ အင်မတန် ချစ်ခင်မြတ်နိုးအားကိုးထိုက်တဲ့ ဥပဇ္ဈယ် ဆရာ ဖခင်ကြီးတစ်ဦး ဖြစ်တော်မူခဲ့တာပါ။
အရှင်သာရိပုတ္တရာရဲ့ နှလုံးသား ပင်လယ်ပြင်ကြီးဟာ မေတ္တာရေထုကြီးနဲ့ အတိုင်းအဆမရှိ ကျယ်ပြောနက်ရှိုင်းတော်မူသလို သူတစ်ထူးရဲ့ ကျေးဇူးတရားကို သိတော်မူတတ်ခြင်းဆိုတဲ့ လှိုင်းတံပိုးတွေကလည်း လွန်စွာကြီးမားများပြားလှ ပါတယ်။
တစ်ချိန်က သာဝတ္ထိမြို့မှာ "ရာဓ"အမည်ရတဲ့ ပုဏားအိုကြီးတစ်ဦးဟာ အထီးကျန်မွဲ သူဆင်းရဲဖြစ်တာမို့ ဇေတ၀န်ကျောင်းတော်မှာ ရဟန်းတော်တွေကို မှီပြီး နေထိုင်ရပါတယ်။ ပုဏားကြီးက ရဟန်းဝတ်လိုပေမယ့် ရဟန်းတော်တွေက "အသက်အရွယ်ကြီးပြီး ၀ိနည်းသိက္ခာပုဒ်တွေ ထိန်းသိမ်းနိုင်မယ် မထင်တာနဲ့" စားစရာ၊ နေစရာနဲ့ ၀တ်စရာတွေ ပေးကြပေမယ့် ရဟန်းပြုမပေးကြဘူး၊ ရဟန်းပြု ချင်ပေမယ့် ပြုခွင့်မရတဲ့ ရာဓပုဏားကြီးဟာ တစ်နေ့တခြား ကြုံလှီပိန်ချုံးလာ ပါတယ်။ တစ်နေ့ မြတ်စွာဘုရားနဲ့ တွေ့တော်မူလို့ ပုဏားကြီးရဲ့ အဖြစ်ကို စုံစမ်း မေးမြန်းသိတော်မူတဲ့အခါ သံဃာအားလုံးကို ကျောင်းဆောင်ထဲ စုဝေးစေပြီး ရှင်တော်ဘုရားက"ဘယ်သူဟာ ဒီရာဓပုဏားကြီး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အမှတ် ရကြသလဲ"လို့ မေးတော်မူပါတယ်။
အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က"တပည့်တော် ရာပုဏားကြီးရဲ့ ကျေးဇူးကို သတိရပါကြောင်း"လျှောက်ထားတော်မူပါတယ်။ ရှင်တော်ဘုရားက "ဘယ်လိုကျေးဇူးပြုဖူးသလဲ"လို့ ထပ်ဆင့်မေးတော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က "တပည့်တော် တစ်ချိန်က သူ့အိမ်ရှေ့မှာ ဆွမ်းခံရပ်တော့ ဆွမ်း တစ်ဇွန်း လောင်းလှူဖူးပါတယ်။ အဲဒီကျေးဇူးကို တပည့်တော် မမေ့ပါဘူးဘုရား" လို့ ပြန်လည် လျှောက်ထားတော်မူပါတယ်။ "အေး…. ချစ်သားလို ကျေးဇူးသိ တတ်တဲ့ ပုဂ္ဂိုလ်ရှိပါလျှက် ဒီပုဏားကြီး ဘာဖြစ်လို့ ရဟန်းအဖြစ်ကို မရနိုင်သ လဲ"လို့ ဘုရားရှင်က မိန့်တော်မူတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရာဓပုဏားကြီးကို ရဟန်းပြုပေးတော်မူပါတယ်။
ရဟန်းပြုပေးတော်မူပြီးနောက် အရှင်သာရိပုတ္တရာ မထေရ်ဟာ ရာဓရဟန်းကြီးကို နောက်ပါရဟန်းအဖြစ် မိမိသွားလေရာကို ခေါ်ဆောင်တော် မူကာ မိမိအတွက် ရရှိတဲ့ ဆွမ်းကောင်း နေရာကောင်းနဲ့တကွ အဆုံးအမ သြ၀ါဒ တွေကို မပြတ်ပေးသနားတော်မူပြီး စောင့်ရှောက်တော်မူတာမို့ မကြာခင်မှာပဲ ရာဓပုဏားကြီးဟာ ရဟန်းကိစ္စပြီးလို့ ဧတဒဂ်ရ ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်တော်မူခဲ့ပါတယ်။ "တစ်လုပ်စားဖူး သူ့ကျေးဇူး"ဆိုတဲ့ ဥဒါန်းစကားလေးဟာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ သူတော်ကောင်းနှလုံးသားက စတင်ပေါက်ဖွား လာခဲ့ရတာပါ။
သူတစ်ထူးရဲ့ ကျေးဇူးကို သိတော်မူတတ်ရာမှာ စံချိန်တင်တော်မူခဲ့တဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မိမိကို လောကုတ္တရာအသိဉာဏ်ရအောင် ကျေးဇူးပြုတော်မူခဲ့တဲ့ အရှင်အဿဇိမထေရ် ဂုဏ်ကျေးဇူးကို နေ့ညဥ့်မပြတ် သတိရတော်မူတတ်တာမို့ ကျိန်းစက်တော်မူတဲ့အခါတိုင်း အရှင်အဿဇိမထေရ် သီတင်းသုံးတော်မူရာ အရပ်ကို ရှိခိုးပြီး အရှင်မြတ်ရှိတော်မူရာဘက်ကို ဦးခေါင်း ပြုကာ တစ်ဘ၀တာလုံး သက်ဝင်လှုပ်ရှားနေပြီး နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံကာနီး ၀မ်းသွေးသွန်တဲ့ ဝေဒနာတွေ ဖိစီးနေတဲ့ကြားက မယ်တော်ရူပသာရီ ပုဏေး မကြီးရဲ့ မွေးကျေးဇူးကို သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ အကျေအလည် ပေးဆပ်ပြီးမှပဲ ရပ်တံ့သွားတော်မူပါတယ်။
သူတစ်ပါးကို မိမိက အရင်ဦးအောာင် ကျေးဇူးပြုခြင်း၊ သူတစ်ပါးတို့ ပြုခဲ့ ဖူးသော ကျေးဇူးကို တုံ့ပြန်သိတတ်၊ ကျေးဇူးဆပ်ခြင်းဆိုတဲ့ ရွှေရောင်လွှမ်းတဲ့ ဒီအကျင့်မြတ်တွေဟာ သူတော်ကောင်းနှလုံးသားဆိုတဲ့ ပတ္တမြားရတနာကို ရှုမငြီးနိုင်အောင် ပိုမိုတင့်တယ်တောက်ပစေပါတယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ဉာဏ်ပညာအရာမှာ ဧတဒဂ်ရသ လို(အကယ်၍ ပေးအပ်ရိုးထုံးစံသာရှိမယ်ဆိုရင်)သည်းခံခြင်းအရာ မှာလည်း ဧတဒဂ်ရတော်မူနိုင်ပါတယ်။ အမျက်ဒေါသမရှိ၊ မာန်မာနကင်းတော် မူတဲ့နေရာ မှာ အရှင်မြတ်ကို ဘယ်သူမှ လိုက်လို့မမှီနိုင်ပါဘူး။ အရှင်သာရိပုတ္တရာ မထေရ် ဟာ မဟာပထ၀ီမြေကြီးပမာ သည်းခံနိုင်သူဖြစ်သလို ခြေသုတ်ပုဆိုး မြွေစွယ် ကျိုးနဲ့ ဦးချိုကျိုးတဲ့နွားလားပမာ မာန်မာကင်းသူလည်း ဖြစ်တော်မူပါတယ်။ တောင်းရမ်းစားသူ ဒွန်းစဏ္ဍားရဲ့ သားတစ်ဦးလို မိမိကိုယ်ကို နှိပ်ချတဲ့ စိတ်ထား လည်း ရှိတော်မူပါတယ်။
အပူအရှုပ်နဲ့ လူလုပ်နေကြတဲ့ အန္ဓပုထုဇဉ်တွေဟာ ဘေးဒုက္ခအပူတွေ၊ ပြဿနာအရှုပ်တွေကို ဖန်တီးပြီး အရှင်သာရိပုတ္တရာမထေရ်မြတ် စွပ်စွဲရန် လုပ်တတ်တယ်။ တစ်ခါတစ်ရံ ဘာမှမတုံပြန်ဘဲ သည်းခံတတ်သလို တစ်ခါတစ်ရံ ကျတော့ တည်ငြိမ်ရဲဝံ့စွာ ဖြေရှင်းတတ်ပါတယ်။ တစ်ခါတုန်းက ဆိုရင် ရှင်တော်ဘုရားထံ မဟုတ်မတရား စွပ်စွဲတိုင်ကြားခဲ့တဲ့ ရဟန်းငယ်တစ်ပါး ကြောင့် အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ သံဃပရိသတ်အလယ်မှာ မိမိရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်ကျင့်တရားကို ရဲရဲတောက် ထုတ်ဖော်လျှောက် ထားခဲ့ပါတယ်။ အရှင်မြတ်ရဲ့ လျှောက်ထားချက်ကို ကြားနာရတဲ့အခါ ပုထုဇဉ် ရဟန်းတွေဟာ မျက်ရည်မဆည်နိုင်ဖြစ်ကြရပြီး ၊ ရဟန္တာအရှင်ြ်မတ်တွေက ဓမ္မ သံဝေဂ ရတော်မူကြပကါတယ်။ မဟာပထ၀ီမြေကြီးကတော့ မခံနိုင်တော့တဲ့ အဆုံး ၉-ကြိမ်၊၉-ခါ တုန်လှုပ်ခဲ့ရပါတယ်။
ဒီလို ဂုဏ်သတင်းပျံ့မွှေးတော်မူတဲ့ မထေရ်မြတ်ရဲ့ အကြောင်းကို အယူဝါဒ မတူသူ ပုဏားတစ်ဦးက ကြားသိရတဲ့အခါ မယုံကြည်တာမို့ ဆွမ်းခံဝင်နေတဲ့ အရှင်မြတ်ရဲ့ နောက်က လိုက်သွားပြီး အရှင်မြတ်ရဲ့ ကျောကုန်းအလယ်ကို လက်ဝါးနဲ့ ပြင်းထန်စွာ ရိုက်နှက်ပုတ်ခတ်ပါတယ်။ အရှင်သာရိပုတ္တရာ ဟာ"ဘာဖြစ်တာလဲလို့တောင် လှည့်ကြည့်တော်မမူဘဲ ကြွမြဲကြွတော်မူပါတယ်။ အဲဒီအခါ ရိုက်နှက်လိုက်မိတဲ့ ပုဏားဟာ နောင်တတရားနဲ့ ပူလောင်လာပြီး" သည်းခံခြင်းဂုဏ်နဲ့ ပြည့်စုံတော်မူတဲ့ အရှင်မြတ်ဟာ အံ့သြဖွယ်ကောင်းပါပေ စွ" လို့ ကြည်ညိုတော်မူကာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ခြေတော်ရင်းမှာ ၀ပ်စင်းပြီး" အရှင်ဘုရား တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူပါ"လို့ လျှောက်ထားပါတယ်။
မထေရ်မြတ်က "ဒါဟာ ဘာလဲ"လို့ မေးတော်မူတဲ့အခါ "တပည့်တော် စပ်းသပ်လိုတာနဲ့ အရှင်ဘုရားကို ရိုက်နှက်မိတာပါဘုရား"လို့ ပုဏားက လျှောက်ထားပါတယ်။ "ရှိပါစေ၊ သင့်ကို ငါ သည်းခံပါတယ်"လို့ အရှင်သာရိပုတ္တ ရာက မိန့်ကြားတော်မူတဲ့အခါ ပုဏားဟာ အရှင်မြတ်ကို နေအိမ်သို့ ရိုသေစွာ ပင့်ဆောင်ပြီး ဆွမ်းလုပ်ကျွေးပါတယ်။ အဲဒီအချိန်မှာပဲ တခြားလူတွေဟာ စိတ်ဆိုးပြီး "ဒီပုဏားဟာ အပြစ်မရှိတဲ့ ငါတို့ရဲ့အရှင်မြတ်ကို ရိုက်တယ်၊ သူ့ကို ဆုံးမရမယ်၊ ဒီနေရာမှာပဲ သေအောင်သတ်မယ်"လို့ တုတ်ဓား စတာတွေကိုင်ပြီး ပုဏားရဲ့အိမ်တံခါးဝမှာ စုဝေးနေကြတယ်။
ဆွမ်းကိစ္စပြီးတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်ဟာ ပုဏားကို သပိတ် အကိုင်ခိုင်းပြီး အိမ်က ထွက်တော်မူလာတယ်။ လူအုပ်ကို တွေ့တာမို့" ဒကာတို့ အဲဒါက ဘာသဘောလဲ"လို့ မေးမြန်းတဲ့အခါ "အရှင်ဘုရားကို ရိုက်နှက်တဲ့ ဒီပုဏားမိုက်ကို ဆုံးမပေးကြမလို့ပါဘုရား"လို့ လျှောက်ထားကြတယ်။ "ဒကာတို့ ဒီပုဏားက သင်တို့ ရိုက်တာမဟုတ် ငါ့ကိုရိုက်တာဖြစ်တယ်။ အခု ဒီပုဏားက ငါ့ကို ခွင့်လွှတ်ဖို့ လျှောက်ထားတောင်းပန်ပြီးပြီ။ သင်ဒကာတို့ အိမ်ပြန်ကြ"လို့ အရှင်သာရိပုတ္တရာက တိုက်တွန်းပြီး ပုဏားကိုလည်း အိမ်ပြန်စေကာ ကျောင်း တော်ကို ပြန်ကြွလာတော်မူပါတယ်။
သည်းခံခြင်းတရားနဲ့ သူတော်ကောင်းနှလုံးသားဆိုတာ " ရေကန်နဲ့ကြာ" လိုပါပဲ။ အချင်းချင်း အပြန်အလှန် အလှဆင်ပေးနေတဲ့ အရာတွေပါ။ သူတော် ကောင်းနှလုံးသားဆိုတဲ့ အေးမြကြည်လင်တဲ့ မေတ္တာရေစင်ကြောင့် တည်ငြိမ် လှပတဲ့ ခန္တီကြာပန်းတွေ ပွင့်လန်းလာသလို၊ ခန္တီကြာဝန်းတွေရဲ့ တည်ငြိမ်လှပမှု အရှိန်အ၀ါကြောင့်လည်း သူတော်ကောင်း နှလုံးသားဆိုတဲ့ ရေကန်ဟာ ပိုမိုထည် ၀ါ ကျက်သရေဖြာ လှပလာရပါတယ်။
ဉာဏ်ပညာကို မြတ်နိုးပြီး အဆုံးအမတရားကို ဦးထိပ်ထားတတ်သော၊ သူတစ်ထူးကျေးဇူးတရားကို သိမှတ်ပေးဆပ်တတ်သော၊ အမျက်မပါ မာနမရှိ ပကတိ သည်းခံတတ်သော သူတော်ကောင်းနှလုံးသားပိုင်ရှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ဖွားရာဇာတိ နာလကရွာမှာ ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့ပါတယ်။
သက်တော်(၈၀)၀ါတော်(၄၄)၀ါအတွင်း သတ္တလောကရဲ့ အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူရင်း မထေရ်မြတ် ဟောကြားတော်မူအပ်တဲ့ တရားတော်တွေဟာ နိကာယ်ငါးရပ်၊ ပိဋကတ်တော်မှာ အင်မတန်များပြားတော်မူ လှပါတယ်။ ပဋိသမ္ဘီဒါမဂ်ပါဠိတော်၊ မဟာနိဒ္ဒေသပါဠိတော်၊ စူဠနိဒ္ဒေသပါဠိတော် တွေဟာ ကျမ်းစာအနေနဲ့ ထင်ရှားပြီး သာရိပုတ္တထေရ ဂါထာတော်တွေဟာ "ကိုယ်တိုင်ရေး ထေရုပ္ပတ္တိကျမ်းစာ"ဖြစ်သလို"တရားဟင်းလေးအိုးကြီး"လို့လည်း ဓမ္မရသစုံလင်စွာ ပါဝင်တော်မူပါတယ်။
တစ်ချိန်က ရှင်တော်ဘုရားဟာ အနီးမှာရှိတဲ့ အရှင်အာနန္ဒာကို "အာနန္ဒာ သူတစ်ပါးတွေက သာရိပုတ္တရာကို နှစ်သစ်ကြည်ညိုကြတယ်၊ သင်ကကော သာရိ ပုတ္တရာကို နှစ်သစ်သဘောကျရဲ့လား"လို့ မေးတော်မူပါတယ်။ အဲဒီအခါ အရှင် အာနန္ဒာဟာ" ဒီနေ့ ဇမ္ဗူဒိပ်ကျွန်းရဲ့ အလံတံခွန်သဖွယ်ဖြစ်တဲ့ သပြေပင်ကြီးကို လှုပ်ခါပြရတော့မယ်၊ ဒါမှမဟုတတ် တိမ်တိုက်ကြားထဲက လပြည့်ဝန်းကြီးကို ထုတ်ဆောင်ပြရတော့မယ်"ဆိုပြီး ၀မ်းသာရွှင်ပြစွာနဲ့ အရှင်သာရိပုတ္တရာရဲ့ သူတော်ကောင်းဂုဏ်ရည် ၁၆ မျိုးကို ထုတ်ဖော်လျှောက်ထားတော်မူပါတယ်။
ပြီးမှ နိဂုံးချုပ်အနေနဲ့ "မြတ်စွာဘုရား၊ လောကမှာ လူဖျင်းလူအ၊ စိတ်ယုတ် မာရှိသူ၊ မိုက်လုံးကြီးသူ၊ ရူးသွပ်နေသူမဟုတ်ရင် ဘယ်သူမဆို အရှင်သာရိ ပုတ္တရာကို နှစ်သက်ကြည်ညိုကျြမှာပါဘုရား"လို့ လျှောက်ထားလိုက်ပါတယ်။ စာရေးသူလည်း အရှင်အာနန္ဒာရဲ့ တန်ဖိုးကြီးလေးမြတ်လှတဲ့ ဒီမှတ်ချက်မိန့်ခွန်း တော်နဲပပဲ တုနှိုင်း၍မမီတဲ့ သူတော်ကောင်းဂုဏ်ရည်ပိုင်ရှင် ပညာအရာ ဧတဒဂ်ရ အဂ္ဂသာဝက မထေရ်မြတ်ကြီးကို လေးမြတ်ကော်ရော်ရှိခိုး ပူဇော်လိုက်ပါတယ်။
ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ်အဋ္ဌကထာ (ပထမတွဲ)
၂။အပါဒါန်အဋ္ဌကထာ(ပထမတွဲ)
၃။ ဓမ္မပဒ အဋ္ဌကထာ(ပ+ဒု)
၎။သံယုတ် အဋ္ဌကထာ(ဒုတိယတွဲ)
၅။ မူလပဏာသ အဋ္ဌကထာ(ဆဋ္ဌမတွဲ)
၆။မဟာဗုဒ္ဓ၀င်ကျမ်း(ဆဋ္ဌမတွဲ)
တော်ဝင်နွယ်
အရှင်သာရိပုတ္တရာ သို့မဟုတ် မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ်ချသူ
Asian Sariputtara (အရှင်သာရိပုတ္တရာ သို့မဟုတ် မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ်ချသူ) by Dhamma Yanant (တော်ဝင်နွယ်)
အရှင်သာရိပုတ္တရာ နှင့်သက်ဆိုင်သော ဓမ္မမှတ်စု

ဗုဒ္ဓဘာသာဝင်တွေ မရှိတဲ့ဘုရားကို ကိုးကွယ်နေကြတာလား?

“သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်။ ပြီးတော့
သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှ အပြစ်တွေလည်း ဆေးကြော ဖယ်
ရှားပေးမယ်။ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်။ ချမ်းသာသုခတွေနဲ့ ပြည့်စုံအောင်လည်း အစစ တာဝန်ယူတယ်” ဆိုတဲ့ အာမခံချက်အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က ရွှန်းရွှန်းဝေအောင် ပြော
ပြကြပါတယ်။

ပြီးတော့ သူတို့က
“မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားဆိုတာ လူကဖြစ်လာတဲ့ဘုရားဖြစ်လို့ လူတွေလိုပဲ သေသွားခဲ့ပြီ။ အခု မရှိတော့ဘူး။ အဲဒီတော့ မင်းတို့ဟာ မရှိတဲ့ ဘုရားကို
ကိုးကွယ်နေကြသူတွေ ဖြစ်မနေဘူးလား?။
တို့ ဘုရားသခင်က တို့အတွက် လုံးဝအပြည့်အစုံ တာဝန်ယူပြီး အာမခံချက်ပေးသလို မင်းတို့ ဘုရားသခင်ကကော မင်းတို့အတွက် ဘယ်လိုတာဝန်ယူသလဲ၊
ဘာတွေအာမခံချက် ပေးသလဲ?။

ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ
မိမိရှင်းပြခဲ့တာကတော့=

လက် ရှိ ကိုးကွယ်နေကြတဲ့ ဘာသာတရားတွေကို ချမှတ်တည်ထောင်ခဲ့ကြတဲ့ ဦးစီးခေါင်း ဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဘယ်ခေတ်က၊ ဘယ်အရပ်မှာ၊ ဘယ်မိ ဘယ်ဖဖွားမြင်တယ်။ ငယ်နာမည်က ဘယ်လိုခေါ်တယ်။ ဘယ်အရွယ်မှာ ဘုရားဖြစ်တယ်။
ဘယ်လိုတရားတွေကို
ဘယ်အရပ် ဘယ်ဒေသမှာ ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး ဟောခဲ့တယ်” စတဲ့ သေချာရေရာတဲ့ မှတ်တမ်းမှတ်ရာ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံ ရှိတာဆိုလို့ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်
နေတဲ့ “ဂေါတမမြတ်စွာဘုရား” တစ်ဆူတည်းသာ ရှိတယ်ဆိုတာ ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့ပညာရှင်တွေ အားလုံကလည်း အလေးထား သိမှတ်ထားကြတာ အားလုံးအသိပါ။

ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့တဲ့ မဇ္ဈိမဒေသ(အိန္ဒိယ၊ နီပေါနိုင်ငံတွေ) မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်
ထောင်ကျော်က အသောကမင်းကြီး ရေးထိုးစိုက်ထူခဲ့တဲ့ ဒီမှတ်တမ်း ကျောက်စာတွေ၊ ကျောက်တိုင်ကြီးတွေကို ကမ္ဘာ့ပညာရှင်တွေ အားလုံတို့ကလည်း အလေးထား အသိအမှတ်ပြုကြတယ်ဆိုတာ အားလုံးသိကြမှာပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အရေရာဆုံး၊ အခိုင်မာဆုံးအထောက်အထားပြနိုင်တဲ့ ဘာသာတရားဖြစ်တယ်ဆိုတာ ဘယ်ပညာရှင်ကမှ မငြင်းဆန်ပါဘူး။
နောက်တချက်က
“ဗုဒ္ဓမြတ်စွာ အခုဘယ်မှာရှိသလဲ?” ဆိုတဲ့ကိစ္စပါ။ ဂေါတမ မြတ်စွာဘုရားရှင်ဟာ (၄၅) ၀ါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလည်း မရပ်မနားလို့ ဆိုရ
လောက်အောင် ဟောတော်မူခဲ့တာပါ။

သက်တော် (၈၀) အရွယ်၊ ၀ါတော် (၄၅) ၀ါ ပြည့်ပြီးချိန်မှာ ပရိနိဗ္ဗာန်စံသွားပါတယ်။ ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာမထေရ်ကို
ဘုရားရှင် မိန့်ကြားခဲ့တဲ့စကား ရှိပါတယ်။

“ ငါ ဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊ ခန္ဓာရုပ်ဒြပ်ကြီး ကွယ်
ပျောက်သွားပြီဆိုတာနဲ့ ကိုးကွယ်ရာမဲ့သွားပြီ၊ ဘုရားမရှိတော့ဘူးလို့ မမှတ်ယူပါနှင့်၊ ငါ ဘုရားရှင် (၄၅) ၀ါပတ်လုံး ဟောကြားခဲ့တဲ့ တရားပုဒ်စု(ဓမ္မက္ခန္ဓာ)ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ၊ ဒီ တရားပုဒ်စုတွေ ထင်ရှားရှိနေသမျှ ငါဘုရား ထင်ရှားရှိနေတယ်လို့ ခံယူကြပါ ”
ဆိုတဲ့ မှာတမ်းစကားပါ။

ဒါကြောင့် “ မြတ်စွာဘုရား အခု ဘယ်မှာရှိသလဲ ” ဆိုရင် ဓမ္မက္ခန္ဓာ တရားတော်တွေရှိတဲ့
နေရာမှာ ရှိတယ်လို့ ပြောရမှာပါ။

ဒါကို ကြည့်လိုက်ရင် ဗုဒ္ဓဘာသာဝင်များဟာ မရှိတော့တဲ့ ဘုရားကို ကိုးကွယ်နေကြသူတွေ မဟုတ်ဘူး။ ထင်ရှားတဲ့ မြတ်ဗုဒ္ဓရဲ့ကိုယ်စား တရားတော်တွေကို လိုက်နာကျင့်သုံးပူဇော်နေကြသူတွေ ဖြစ်တယ်ဆိုတာကို အထူးသိမှတ်သင့်ပါတယ်။
ထပ်ပြီးသတိပေးလိုတာကတော့
“ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်ပသရေး ဘာသာတရား မဟုတ်ဘူး၊ လိုက်နာကျင့်သုံး
ပူဇော်ရေး ဘာသာတရားသာ ဖြစ်တယ် ” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။

{ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၏
ဘယ်ကျောင်းနေမလဲ မောင်ရေခဲနှင့် အာခံတွင်းက ဖွားသူများမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။

Mar 23, 2014

မြန်မာ့ ပရိယတ္တိသာသနာ



အရှင်တိလောကာဘိဝံသ (အင်းစိန်၊ရွာမ)
ဒုတိယပါမောက္ခချုပ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် - ရန်ကုန်။

မြန်မာနိုငံသို့ ဗုဒ္ဓသာသနာ ရောက်ရှိခဲ့ ပုံများကို သာသနာလင်္ကာရစာတမ်း စသည်တို့ အဆိုအရ ဘုရားသက် တော်ထင်ရှား ရှိစဉ်ကပင် ၂-ကြိမ်ရောက်ခဲ့ပုံနှင့် တတိယသင်္ဂါယနာ တင်ပြီး နောက် ၉-တိုင်း, ၉-ဌာန သာသနာပြု စေလွှတ်ရာ၌လည်း ၃-ဌာနပါဝင်ကြောင်း သိရသည်။

ပထမ ၂-ကြိမ်
၁။ သုဝဏ္ဏဘူမိတိုင်း၊ အသိတဉ္ဇန ပေါက္ခရ၀တီမြို့သား တပုဿနှင့် ဘလ္လိက ညီနောင်တို့သည် လှည်း ၅၀၀-တို့ဖြင့် မဇ္ဈိမ ဒေသသို့ ကုန်ကူးသွားကြသည်။ မြတ်စွာဘုရား ပွင့်တော်မူပြီး ၄၉-ရက်အလွန် လင်းလွန်းပင်ရင်း ၌ သီတင်းသုံးတော်မူခိုက် ကြုံကြိုက်နေသဖြင့် သွားရောက်ဖူးမြော်ကြသည်။ အသင့်ယူဆောင် လာသော ပျားမုန့်ဆုပ်နှင့် မုန့်ကြက်ကျစ်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။
မြတ်စွာဘုရားနှင့် မြတ်စွာဘုရားတရား တော်ကို ကိုးကွယ်ဆည်းကပ်သူ ဥပါသကာ အဖြစ် ခံယူကြသည်။ ထိုအချိန်၌ သံဃာရတနာ မရှိသေး၊ ဗုဒ္ဓ, ဓမ္မ, သရဏဂုံ ၂-ပါးကို ကိုးကွယ်သည့် ဒွေဝါစိက သရဏဂုံသာ ဖြစ် သည်။ လူသားထဲမှ ပထမဆုံး သရဏဂုံ တည်သူများသည် မြန်မာနိုင်ငံသားဆိုပါက တပုဿနှင့် ဘလ’ိက-တို့ပင် ဖြစ်သည်။ ဘုရားရှင်ထံမှ အမြဲ ဆည်းကပ်ကိုးကွယ်စရာကို တောင်းခံကြသည်။ မြတ်စွာဘုရားက လက်ယာ လက်တော်ဖြင့် ဦးခေါင်းကို သုံးသပ်၍ လက်တော်တွင် ကပ်ငြိပါလာသော ဆံတော် ၈-ဆူကို သူတို့အား ချီးမြှင့်ပေးသနားတော် မူလိုက်သည်။
ထိုကုန်သည်ညီနောင်တို့လည်း မိမိတို့နေရာ အသိတဉ္ဇန ပေါက္ခရ၀တီမြို့သို့ ပြန်ရောက်လာသောအခါ မိမိတို့ရရှိလာသော ဘုရားရှင်ဆံတော်များကို ဥက္ကလာပမင်းကြီးထံ အပ်နှံကြသည်။ ဥက္ကလာပမင်းကြီးသည် ဆံတော် ၈-ဆူကို ရွှေကြုတ်ထဲ၌ ထည့်၍ စေတီတည်ကာ ဌာပနာ ထားလေသည်။ ယင်းစေတီကား ယခု ဖူးမြော်နေကြရသော ရွှေတိဂုံစေတီတော်ကြီးပင်ဖြစ်သည်။
ဤသို့ မြန်မာနိုင်ငံသို့ ပထမဆုံး သာသနာရောက်ခြင်းသည် ဘုရားဖြစ်ပြီး ၄၉-ရက်မြောက် ၀ါဆိုလဆန်း ၅-ရက်နေ့ ဖြစ်ကြောင်းနှင့် တပုဿသည် သောတာပန် ဥပါသကာ၊ ဘလ’ိကသည် ရဟန္တာသာဝက ဖြစ်ကြောင်း သာသနာလင်္ကာရစာတမ်း၌ ဆိုသည်။

၂။ ဒုတိယအကြိမ် ဗုဒ္ဓသာသနာ ရောက်ရှိပုံကား-မြတ်စွာဘုရား ဘုရားဖြစ်ပြီး နောက် ၀ါ ၂၀-ကျော်လောက်တွင် သာဝတ္ထိ ပြည်မှ ယူဇနာ-၃၀၀ ကွာဝေးသော သုနာပရန္တ တိုင်း (အပရန္တတိုင်း) ၀ါဏိဇဂါမခေါ် မင်းဘူး နယ်၊ လယ်ကိုင်းကျောင်းတော်ရာ ရွာသား စူဠပုဏ္ဏနှင့် မဟာပုဏ္ဏ ညီနောင် ၂-ဖော်တို့ သည် နောက်ပါကုန်သည် ၅၀၀-နှင့် တစ်ယောက်တစ်လှည့်စီ ကုန်ကူးသွားလာလေ့ ရှိကြသည်။ နောင်တော် မဟာပုဏ္ဏသည် လှည်း ၅၀၀-ဖြင့် မဇ္ဈိမဒေသသို့ ကုန်ကူးသွားသည်။ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း မြတ်စွာဘုရား ထံသို့ရောက်၍ တရားတော်ကို နာရသဖြင့် အကျွတ်တရား ရသွားသည်။
မဟာပုဏ္ဏသည် လက်ထောက် ကုန်သည်ကြီးကို ခေါ်၍ ““ဤပစ္စည်းဥစ္စာများကို ညီဖြစ်သူ စူဠပုဏ္ဏအား ပေးပါ””ဟု မှာကြားပြီး မြတ်စွာဘုရား အထံတော်၌ ရဟန်းပြုလိုက် သည်။ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတောင်း ကာ ခွင့်ပန်၍ မိမိနေရာ အပရန္တတိုင်းသို့ ပြန်လာသည်။ ကမ္မဋ္ဌာန်းတရားကို အားထုတ်ရာ ၀ါတွင်း၌ပင် ရဟန္တာအဖြစ်သို့ ရောက်သွား သည်။ ညီဖြစ်သူ စူဠပုဏ္ဏသည် စန္ဒကူးကျောင်း ဆောက်လုပ်ပြီး နောင်တော် မဟာပုဏ္ဏနှင့် တိုင်ပင်ကာ မြတ်စွာဘုရားကို ပင့်၍ လှူဒါန်း လေသည်။
မြတ်စွာဘုရားသည် တပည့်သံဃာ ၄၉၉-ပါးနှင့်တကွ ကြလာတော်မူ၍ စန္ဒကူး ကျောင်း၌ သီုတင်းသုံးတော်မူသည်။ ကြလာ ခိုက်မှာပင် ခြေတော်ရာများ ချထားခဲ့သဖြင့် ယခုတိုင်အောင် လူအများ စက်တော်ရာအဖြစ် ကိုးကွယ်လျက်ရှိကြသည်။ ဤကား ဒုတိယ အကြိမ် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်ခြင်း ပင်တည်း။
ထိုသို့ ဘုရားလက်ထက်တော်ကပင် မြန်မာနိုင်ငံသို့ သာသနာရောက်ရှိခဲ့သော်လည်း ပိဋကတ်တော် သင်ကြားပို့ချသည့် ရဟန်း တော်များ မရှိသဖြင့် သာသနာတော်မှာ နှစ်ကာလ ရှည်လျားစွာ တည်တံ့ပြန့်ပွားမှု မရှိခဲ့ပေ။
သာသနာ မကွယ်,မပဖို့အတွက် မြတ်စွာဘုရား အင်္ဂုတ္တိုရ်၌ ဟောထားခဲ့သည် များကို ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက ဤသို့မှတ်တမ်းတင်ခဲ့သည်။
အင်္ဂုတ္တိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား၊ ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊ ဤ ၅-ဖြာတည်း။
ထ၀ါ ထို့ပြင်၊ စာသင်ပယ်လျော၊ ကျယ်,မဟောကြ၊ ကျယ်,မချနှင့်၊ ကျယ်စွာ, မအံ၊ မကြံမစည်၊ ဤ ၅-မည်တည်း။
ဝါ တနည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဒုဗ္ဗစ မူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ကွဲပြား၊ ဤ ၅-ပါးသည်၊ ဘုရားသာသနာကွယ်အကြောင်း တည်း။

တတိယအကြိမ် သာသနာရောက်ရှိပုံ
၃။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နောက် ၂၃၅-နှစ်သို့ရောက်သောအခါ တတိယသင်္ဂါယနာတင်ပြီးနောက် ၉-တိုင်း, ၉-ဌာန သာသနာပြုစေလွှတ်ရာတွင်-
(က) အရှင်ယောနကဓမ္မရက္ခိတထေရ် ဦးဆောင်သည့် အပရန္တ တိုင်း သာသနာပြုအဖွဲ့၊
(ခ) အရှင်မဟာရက္ခိတထေရ် ဦး ဆောင်သည့် ယောနကတိုင်း သာသနာပြုအဖွဲ့၊
(ဂ) အရှင်သောဏ, ဥတ္တရထေရ်တို့ ဦးဆောင်သည့် သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့၊
ဤသာသနာပြုအဖွဲ့ ၃-ဖွဲ့သည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည်ဟု ဆိုသည်။

အပရန္တတိုင်းသည် မင်းဘူးနယ်၊ ကျောင်းတော်ရာဒေသ ဖြစ်၍ ယောနကတိုင်း သည် ယွန်းပြည်နယ်ခေါ် ရှမ်းပြည်နယ် ဖြစ်သည်။
သုဝဏ္ဏဘူမိတိုင်းသည် သထုံပြည် ဖြစ်သည်။

အဆိုပါ ၉-တိုင်း, ၉-ဌာနစာရင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ၃-ဌာန ပါဝင်သည်ဆိုသော်လည်း မြန်မာ့သာသနာဝင်နှင့် စပ်လျဉ်းသည့် စာအုပ်၊ စာတမ်း၊ မှတ်တမ်း အမျိုးမျိုးတွင် အပရန္တတိုင်း သာသနာပြု အဖွဲ့ခေါင်းဆောင် အရှင်ယောနကဓမ္မရက္ခိတ ထေရ်နှင့် ယောနကတိုင်းသာသနာပြုအဖွဲ့ ခေါင်းဆောင် အရှင်မဟာရက္ခိတထေရ်တို့၏ ဆရာတပည့် အဆက်အနွယ်များ မထင်ရှားချေ။ သုဝဏ္ဏဘူမိတိုင်း သာသနာပြုအဖွဲ့ခေါင်းဆောင် အရှင်သောဏနှင့် အရှင်ဥတ္တရထေရ်တို့၏ ဆရာ တပည့် အဆက်အနွယ်များသာ ထင်ရှားလေ သည်။
ပိဋကတ်သင်ကြားရေးနှင့် ပတ်သက်၍ ပုဂံခေတ်မတိုင်မီက သိပ်မထင်ရှားခဲ့၊ ပုဂံခေတ်မှ စ၍ နောက်ပိုင်းခေတ် အဆက်ဆက် ယနေ့တိုင် အောင် မြန်မာ့ပရိယတ္တိအခြေအနေသည် ကမ္ဘာကျော်လောက်အောင် ထင်ရှားခဲ့သည်။

ပုဂံခေတ်ဦးပိုင်း
ရှင်သောဏ၊ ရှင်ဥတ္တရမထေရ်တို့၏ အဆက်အနွယ်ဖြစ်သည့် ရှင်အရဟံထေရ်သည် ပုဂံပြည်သို့ သွားရောက် သာသနာပြုချိန်မှစ၍ ဆရာဖြစ်သူ ရှင်အရဟံနှင့် ဒါယကာဖြစ်သူ အနော်ရထာမင်းတို့ ဆရာ,ဒကာ လက်တွဲ ညီညီ သာသနာပြုခဲ့သဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာ သည် မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့သည်။

ပုဂံသို့ သာသနာရောက်စအခါက ပိဋကတ်သင်ကြားမှု ပရိယတ္တိသာသနာမရှိလျှင် သာသနာအရှည်မတည်နိုင် ပရိယတ္တိသာသနာ တည်တံ့အောင် ပိဋကတ်သင်ကြားဖို့ လိုအပ်သည်ဟု ရှင်အရဟံ၏ မိန့်ကြားချက်အရ ပိဋကတ်သင်ကြားရေးကို အပတ်တကုတ် ကြိုးစားကြသည်။ ပိဋကတ်သင်ကြားရေး၏ အခြေခံဖြစ်သော ပါဠိသဒ္ဒါကျမ်းဂန် သင်ကြား ရေးကိုလည်း အထူးလေ့လာ သင်ကြားကြသည် ကို တွေ့ရသည်။

ပရိယတ္တိသင်ကြားရေး၌ ရဟန်း, သာမဏေများသာမက -
၁။ ကျစွာမင်း-စသော ဘုရင်စာချ, စာသင်ပုဂ္ဂိုလ်များ၊
၂။ သံပျင်မင်းသမီး-စသောမင်းသမီ
း, မင်းသား, မောင်းမမိဿံ စာချ အကျော်များ၊
၃။ သံပျင် အမတ် -
စသော မင်းမှုထမ်း ကျမ်းပြုပုဂ္ဂိုလ်များ မှစ၍ ထမင်းချက်, ရေခပ်, ထင်းခွေ, ယာလုပ် နေသော အမျိုးသမီးများပါမကျန် အလွှာ အသီးသီးတို့ သာသနာတည်တံ့ရေး ရှေးရှု၍ ပရိယတ္တိစာပေ သင်ကြားနေကြသည်။


သက်ကြီးစကား သက်ငယ်ကြား ပုံပြင် တစ်ခု အဆိုအရ-
ပုဂံခေတ် ကုန်ခါနီးလောက်အချိန်မှာ အင်းဝဘက်မှ ကိုရင်တစ်ပါး ပုဂံသို့ရောက်လာ ရာ ရေတွင်း၌ ရေခပ်နေသော အမျိုးသမီးများ နှင့်တွေ့၍ -
အမျိုးသမီးများက ““ကိုရင်၊ ဘယ်သွား မလို့လဲ””ဟု မေးသည်။
ကိုရင်က ပုဂံအမျိုးသမီးများ စာတတ် ကြောင်း ကြားဖူးသဖြင့် ပညာစမ်းလိုကြောင်း စိတ်ကူးပြီး-
““အဟံ ပေါက္ကံ နဂရံ ဂစ္ဆတိ”” ဟု ပါဠိဘာသာဖြင့် ဖြေလိုက်သည်။
ကိုရင်ဖြေသော ပါဠိဘာသာ မှာအမြီး, အမောက် မတည့်ကြောင်းကို အသိပေးလိုသော အမျိုးသမီးက- ““ပ-မှာ နာမ၊ မဇ်-တုမှ၊ အမှ ဥတ္တမာ၊ အဟံ ဂစ္ဆတိ၊ သင့်ပါဠိ၊ ပြန်ကြည့် သင့်လှပါ။”” ဟူသည်နှင့်အညီ-
ကိုရင်-
၁။ နာမပယောဂဖြစ်လျှင် ပထမပုရိသ်ဖြင့် သုံးရသည်၊
၂။ တုမှယောဂဖြစ်လျှင် မဇ္ဈိမပုရိသ်ဖြင့် သုံးရသည်၊
၃။ အမှယောဂဖြစ်လျှင် ဥတ္တမပုရိသ် ဖြင့် သုံးရသည်၊

အဟံ ဂစ္ဆတိ-ဟူသော ကိုရင်၏ ပါဠိ ပြန်ကြည့်ပါဦးဟု ပြောသောအခါ ကိုရင် အရှက်ရသွားသည်။
တစ်ဖန် အမျိုးသမီးတစ်ယောက်က ““ကိုရင့် ဘွဲ့နာမည် ဘယ်လိုခေါ်ပါသလဲ””လို့ မေးသည်။ ထိုအခါကိုရင်က ရှင်ခေမာ-ဟု ပြန်ဖြေသည်။
အခြားအမျိုးသမီးတစ်ယောက်က ကိုရင့်ဘွဲ့ကလည်း ဣတ္ထီဇောတက အာ-ပစ္စည်းနှင့်ပါလားဟု ပြောသည်။ အခြား အမျိုးသမီးတစ်ယောက်က နင်ကလည်း သျာစ-သုတ်ကို ထောက်ပါဦးဟု ပြောပြန်သည်။

ဤသည့် အမျိုးသမီးများ ပြောဆိုချက် ကို ကြည့်လျှင် ထမင်းချက်, ရေခပ်-စသော အိမ်မှုလုပ်ငန်း လုပ်နေသည့် အမျိုးသမီးများ သည်ပင် ပရိယတ္တိသင်ကြားမှု အဆင့်အတန်း မည်မျှမြင့်မားကြောင်း တွေ့နိုင်သည်။

အမျိုးသမီးအချင်းချင်း တွေ့ရာ၌လည်း-
တစ်ဦးက ညည်း ဘာစာတွေ ရသလဲ ဟုမေးသည်-
အခြားတစ်ဦးက ငါကတော့အေ- အိမ်မှုကိစ္စတွေ ရှုတ်တာနဲ့ စာသိပ်မပြန်နိုင်လို့ သဂြိုဟ် ၉-ပိုင်းလောက်ပဲ ရပါတော့တယ်ဟု ပြန်ပြောသည်။

ဤသို့ ပြောကြားကြသည်ကို ကြည့် လျှင် သင်ကြားထားသော စာပေများကို မည်မျှ တန်ဖိုးထား, မြတ်နိုးကြောင်းကိုလည်း သိရသည်။

ပုဂံခေတ်မှစ၍ ပရိယတ္တိစာသင်တိုက် များ ဦးဆောင်၍ သာသနာပြုခဲ့သည်။ ယင်း စာသင်တိုက်များ၏ ကျေးဇူးကြောင့် ပုဂံခေတ်က စ၍ပင် သဒ္ဒနီတိ-စသော သဒ္ဒါကျမ်းကြီးများ၊ ကာရိကာ, သဒ္ဒတ္ထဗေဒစိန္တာ-စသော သဒ္ဒါငယ် ကျမ်းများ၊ ဒီဃနိကာယ်နိသျ-စသော နိဿယ ကျမ်းဂန်များ စသော ကျမ်းဂန်အမျိုးမျိုးတို့ကို ပြုစုခဲ့ကြသည့် ကျမ်းပြုပုဂ္ဂိုလ်များလည်း မြောက်များစွာ ပေါ်ထွန်းခဲ့ကြသည်။ စာချ အကျော်အမော်များ၊ ဓမ္မကထိက အကျော်အမော် များ၊ ကမ္မဋ္ဌာန်းနည်းပြပုဂ္ဂိုလ်များ၊ တိပိဋကဓရ ပုဂ္ဂိုလ်များ စသည်တို့လည်း များစွာပေါ်ထွန်း ခဲ့ကြသည်။

ဤကဲ့သို့ ပုဂံခေတ်မှစ၍ ယနေ့ခေတ် တိုင်အောင် ခေတ်အဆက်ဆက် ပိဋကတ် ကျမ်းဂန်သင်ကြားမှု အားကောင်းခဲ့ခြင်း၊ စနစ် ကျနခဲ့ခြင်း၊ အားပေးမှုရှိခြင်းတို့ကြောင့် မြန်မာ့ ပရိယတ္တိသာသနာသည် ကမ္ဘာလွှမ်းအောင် ကျော်ကြားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ပညာရေး
မြန်မာ့ပရိယတ္တိအခြေအနေသည် ကမ္ဘာကျော်လောက်အောင် ထင်ရှားခဲ့သော် လည်း-
၁။ အခြေခံပရိယတ္တိသင်ကြားရေး၊
၂။ အထက်တန်း ပရိယတ္တိသင်ကြားရေး၊
ဤသို့နှစ်မျိုးနှစ်စား ကွဲကွဲပြားပြား မထားဘဲ ၂-မျိုးစလုံး ရောနှောတာဝန်ယူနေသည်က များသည်။ ရှေးခေတ်က-
၁။ ကျေးလက်တောရွာကျောင်းများ၌ အခြေခံပရိယတ္တိသင်ကြားရေးကို
သင်ကြားပေး သည်။
၂။ အလယ်အလတ် စာသင်တိုက် အတော်များများ၌ အလယ်အလတ်အဆင့်ရှိ ပရိယတ္တိသင်ကြားရေးကို သင်ကြားပေးကြ သည်၊
၃။ မန္တလေး၊ ပခုက္ကူ စသော စာသင်တိုက်ကြီးများ၌ အထက်တန်း ပရိယတ္တိသင်ကြားရေးကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးကြသည်။


ဖော်ပြပါ စာသင်တိုက် ၃-မျိုး၊ ၃-စားတွင် နံပါတ်-၃ အမျိုးအစားသည် တက္ကသိုလ်အဆင့်မီသည်ဟု ဆိုရသည်၊ မှန်ပါသည် အဆိုပါ နံပါတ်-၃ အမျိုးအစား စာသင်တိုက်များ၌-
ပိဋကတ်ဆိုင်ရာ အဘိဓမ္မာနည်း, သဒ္ဒါနည်း, ဆန်းနည်း, အလင်္ကာနည်း, နေတ္တိနည်း, အတ္ထယောဇနာနည်း, ဉာသ် ကောက်နည်း, ၀ါကျနည်း, သံဝဏ္ဏနာနည်း, ၀ိနိစ္ဆယနည်း, ကျမ်းညှိနည်း, ကျမ်းပြုနည်း စသည်တို့ကို ပါရဂူမြောက် သင်ကြားပေးသည်။

အဆိုပါ သင်ကြားနည်းများ ပြည့်စုံ အောင် သင်ကြားပြီးပါက စာတတ်အကျော်များ, စာချအကျော်များ, ကျမ်းပြုအကျော်များ, ဖြစ်သွားကြသည်။ ပိဋကတ် ၃-ပုံ၊ နိကာယ် ၅-ရပ်၊ ဓမ္မက္ခန္ဓာ ၈-သောင်း၎-ထောင်ကို ထုံးလိုချေ, ရေလိုနှောက်သွားနိုင်ကြသည်။

ယခုခေတ်၌ကား အကြောင်းအမျိုးမျိုး ကြောင့် တက္ကသိုလ်အဆင့်မီ သင်ကြားနည်းများ တဖြည်းဖြည်း အားနည်းလာရသည်။ ဒါတွင်မက ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီ သင်ကြားနည်းများ၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနည်းများ၊ နက်နက်ရှိုင်းရှိုင်း လေ့လာနည်းများနှင့် ဘာသန္တရ ကျွမ်းကျင်မှုများလည်း လိုအပ်လာ သည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ရန် မြန်မာနိုင်ငံရှိ လက်ရှိစာသင်တိုက်များဖြင့် မလုံ လောက်တော့ပေ။

ထိုသည့် လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရန် အဆင့်မီတက္ကသိုလ်များ မရှိမဖြစ် လိုအပ်လာသောကြောင့်-

၁။ သာသနာတော် သန့်ရှင်းရေး၊
၂။ သာသနာတော် တည်တံ့ရေး၊
၃။ သာသနာတော် ပြန့်ပွားရေး-

ဟူသော အရေး ၃-ပါးကို တာဝန်ယူ ဆောင် ရွက်နေသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးသည် သာသနာတော်ပြန့်ပွားရေး အတွက် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင်ဖို့ စီမံကိန်းချ ဆောင်ရွက်ခဲ့ရသည်။ ထို့ကြောင့် ဤပရိယတ္တိသာသနာ့တက္ကသိုလ်များ ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။

အရှင်တိလောကာဘိဝံသ
(အင်းစိန်၊ရွာမ)
See More

နိဝါတမင်္ဂလာထွန်းကားစေချင်

နိ- နိမ့်ကျသောအားဖြင့်၊ ဝါတ-ဖြစ်ခြင်း၊နိဝါတကို “ နီစမနတာ နိဝါတဝုတ္တိတာ " ဟု အဋ္ဌကထာဖွင့်၏၊၊
နီစမနတာ- နိမ့်သောစိတ်ရှိသူ၏ အဖြစ်၊ ကိုယ်ကိုနိမ့်ချခြင်းမှာ စိတ် ကို နှိမ့်ချပြီးမ ဖြစ်နိုင်၏၊ မာနရှိသော စ...ိတ်မှာ မြင့်ထောင်တတ်နေရာ မာနကိုနှိမ်ထားခြင်းကို နိစမနတာ ဟုဆိုသည်၊၊ စိတ် ကို နှိမ့်ချထားလျှင် ကိုယ်ရော နှုတ်ပါ နှိမ်ပြီးသာဖြစ်နေ၍ နိဝါတဝုတ္တိတာ - နှိမ့်ချသော ဖြစ်ပုံမျိုးရှိသည်၏ အဖြစ်ဟု ဆိုသည်၊၊
နိဝါတ၏ ဆန့်ကျင်ဘက်မှာ ထဒ္ဓ တောင့်တင်းမာကျောသောသူ၊၊ အတိမာန အလွန်ထောင်လွားသူဖြစ်ရာ ထိုသူများကား အပြောအဆိုလည်း မောက်မာတတ်၏၊ မိမိကိုယ်ကို မြှောက် သူတပါးကို နှိမ်တတ်၏၊၊ အမျိုး ပညာ ဥစ္စာစသော ဂုဏ်အားဖြင့် သူတပါးကို မထီမဲ့မြင်ပြုတတ်၏၊၊ ကိုယ်အမူအရာလည်း ဘယ်သူမှ အရေးမစိုက်သကဲ့သို့ ထောင်ထောင်ကြွားကြွားပင် ၊ ထိုအမူအရာအားလုံးမှာ အများမုန်းဖွယ်ရာဖြစ်၍ အမင်္ဂလာသာ၊၊
နိဝါတရှိသူကားကိုယ်အမူအရာလည်း သိမ်မွေ့နူးညံ့စွာရှိနေသည့်အပြင် အပြောမှာလည်း သူတကာနားချမ်းသာ စိတ်ချမ်းသာဖွယ် ပြေပြစ်လျက်ရှိသည်၊ ထိုသူမှာ အများချစ်မြတ်နိုးဖွယ်ရာ မင်္ဂလာဖြစ်ရသည်၊၊

အရှင်သာရိပုတ္တရာ ၏ နိဝါတ
----------------------------
တနေ့သောအခါ အရှင်သာရိပုတ္တရာ ၏ သင်္ကန်းဝတ်ပုံမညီမညွတ်ဖြစ်နေသည်ကိုမြင်ရသော ခုနှစ်အရွယ် သာမဏေငယ်သည် “ အရှင်ဘုရားသင်္ကန်းဝတ်ပုံ မညီပါတကား " ဟု လျောက်၏၊၊ အရှင်သာရိပုတ္တရာသည် ကိုရင်လေးက ငါ့ကို ပြောရကောင်းလား" သဘောထားတော်မမူဘဲ တစ်နေရာသွားကာ သင်္ကန်းပြင်ဆင်ပြီးလျင် ကိုရင်ထံပြန်လာ၍ ရပ်လျက် လက်အုပ်ချီကာ သ်ာလောက်ဆိုလျှင် သင့်တော်ပါပြီလားဆရာ မိန့်ကြားပြီးနောက် “ ထိုနေ့ဖြစ်သော ခုနှစ်နှစ်အရွယ် သာမဏေလေးကပင် ဆုံးမလာလျှင် ထိုအဆုံးအမကို ဦးခေါင်းထက်မှာံယူပါသည် ဟု ကျူးရင့်တော်မူခဲ့သည်၊၊ တရားကို လေးစားသူတိုင်း အရှင်မြတ်ကြီး၏ အမြဲအားကျ အတုယူခဲ့ရပါသည်၊၊ ယူဖွယ်လည်း ကောင်းလှပေသည်၊၊ ( မိလိန္ဒ ၃၈၊ သံ ဋ္ဌ ၁၊ ၁၁၄၊ )

ယခုခေတ်ကာလများ အထက်တန်းလွာသို့ ရောက်နေသောသူအများစုသည် မောက်မာ ထောင်လွှားတတ်ကြကုန်၏၊၊ မပြည့်သော အိုးဘောင်ဘင်ခက်ဆိုသလို လူတစ်ယောက်နှင့် လူတစ်ယောက်ကို အောကိမကြို့နိုင်ဖြစ်နေတတ်ကြသည်၊၊ငါက စီနီယာ သူက ဂျူနီယာ ဘာလုပ်စရာလိုလဲ သူအလိုရှိရင်လာလိမ့်မယ့် ငါ တော့ သွားစရာမလို၊၊ ငါက ဘာကြီးကွ ငါ့အဖေက ငါ့အမျိုးက ဘာညာကွ စသည်ဖြင့်မာန်မာထောင်လွားနေတတ်ကြ၏၊၊ သည်လိုအတွေးမျိုး ရှိတတ်ကြ၏၊၊ ယင့်သို့ မဖြစ်သင့်ပေ၊၊ မာန်မာနထောင်လွှားခြင်းကြောင့် ကုသိုလ်မတိုးဘဲ အကုသိုလ်သာ ပို၍ တိုးနေပေမည်၊၊ စိတ်ထားတတ် မြတ်ဆိုသလို မိမိကိုယ်ကိုနှိမ်ချလိုက်လျှင် ကုသိုလ်အမြတ်တွေ ထွက်နေမည်သာ၊၊
မိမိတို့ အများစုဟာ စပါးပင်လို ကျင့်ကြံရမည်၊၊ ဘယ်လိုလဲဆိုတော့ စပါးပင်ဟာ မိမိ စပါးပင်၌ အသီးများ ပြီးပြည့်စုံအောင်မြင်အောင် သီးသော အခါ ငါ့မှာ အသီးတွေ ပြီးပြည့်စုံနေပါ့လားလို့ တစ်ထောင်ထောင် လုပ်မနေ၊ အောက်သို့ အမြဲ ညွှန်ကိုင်း နေသည်သာ၊၊
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးတို့ကို စံနမူနာ အတုယူ၍ ကြီးသူကို ရိုသေ ငယ်သူကို လေးစားစွာ
ပေါင်းသင်ဆက်ဆံကြ၍ နိဝါတမင်္ဂလာတရားအစဉ်ထွန်းကားအောင် ကြိုးစားအားထုတ်ပြုလုပ်နိုင်ကြပါစေ---

သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ........!
See More

Mar 21, 2014

ပအိုဝ်း ရိုးရာအစဉ်အလာများနဲ့ အမျိုးသားလက္ခဏာကို ထိန်းသိမ်းနိုင်။

ပအိုဝ်း ရိုးရာအစဉ်အလာများနဲ့ အမျိုးသားလက္ခဏာကို ထိန်းသိမ်းနိုင်။

အမျိုးသားလက္ခဏာကို မပပျောက်အောင် ထိန်းသိမ်းကာကွယ်မယ်ဆိုရင် ပထမဦးဆုံး ပအိုဝ်းများ နေထိုင်ရာဒေသတွေမှာ ပအိုဝ်းများနေ့စဉ် ဘ၀တွေကို ထိတွေ့၊ အကျွမ်းဝင်ရှိစေမယ့် ပအိုဝ်း ယဉ်ကျေးမှုနှင့်ဆိုင်ရာ ပွဲတွေ၊ ရိုးရာအထိမ်းအမှတ်ပွဲတွေ၊ အမျိုးသားနေ့တွေကို နှစ်စဉ်ကျင်းပ လုပ်ပေးနိုင်ပါတယ်။ ပအိုဝ်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်း နှင့် ရိုးရာပွဲတွေ၊ ဘိုးဘွား အစဉ်အလာ၊ အလေ့အထတွေနဲ့ မဝေးကွားသွားအောင် လုပ်ပေးနိုင်ရင် မိမိတို့ရဲ့ ပအိုဝ်းတိုင်းရင်း သားလက္ခဏာကို ထိန်းသိမ်းကာကွယ်ရာ ရောက်ပါတယ်။
ပအိုဝ်း ဘာသာစကား နှင့် စာပေ မပပျောက်ဖို့အတွက် တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ တက်နိုင်သည့်ဘက်မှ သင်ကြားပေးနိုင်ပါတယ်။ ပအိုဝ်းဒေသရှိ အစိုးရ ကျောင်းတွေမှာ တရားဝင် သင်ကြားခွင့်ပြုရင်လည်း ပိုပြီး ထိရောက် ကောင်းမွန်ပါတယ်။
ပအိုဝ်းတိုင်းရင်းသားမဆို ဒေသကွဲ၊ ဘာသာကွဲ၊ စကားသံလေယူလေသိမ်းကွဲ၊ လူတန်းစား ကွဲပြာ သည့်ဖြစ်ပါစေ ပအိုဝ်းများနဲ့ဆိုင်တဲ့ အခမ်းအနားတွေ၊ ပွဲတွေ၊ နေ့တွေမှာ ပအိုဝ်းတိုင်းရင်းသားများ အားလုံး ပါဝင်ပူးပေါင်း၊ လုပ်ဆောင်လာအောင် ၀ိုင်းဝန်း ဆွဲခေါ်သွားရပါမယ်။
လူငယ်များအတွက် ပအိုဝ်းနှင့်ဆိုင်တဲ့ သမိုင်းစာအုပ်တွေ၊ တော်လှန်ရေးသမိုင်းတွေ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးသင်တန်းတွေ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဘိုးဘွား အမွေအနှစ် ပြခန်းတွေကို ပအိုဝ်းတွေ နေထိုင်ရာအရပ်ဒေသတွေမှာ ဖွင့်လှစ်ပေးနိုင်ခြင်းဖြင့်လည်း မျိုးချစ်စိတ်၊ ရိုးရာမြတ်နိုး ထိန်းသိမ်းချင်စိတ်၊ မိမိအမျိုး ထိန်းသိမ်းစောင့်ရှောက်ချင်စိတ်များ ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် ပအိုဝ်းတိုင်းရင်းသား လက္ခဏာ မပပျောက်အောင်၊ အခြားလူမျိုးများ ၀ါးမြိုသွားမှု မခံရအောင်၊ သို့မဟုတ် သီးသန့်လူမျိုးတစ်မျိုး ဖြစ်နေတာကို အခြားလူမျိုးများ၏ မျိုးနွယ်ခွဲဟု ထင်မှားမခံရအောင် မိမိတို့ ပအိုဝ်းတိုင်းရင်းသားများဆိုင်ရာ ရိုးရာ အစဉ်အလာတွေကို တိုးတက် ထွန်းကားလာအောင် အခြေခံအားဖြင့် လုပ်ဆောင်ဖို့ လိုပါတယ်။

Mar 17, 2014

အချစ်ဆုံး

မလ္လိကာဟာ သာဝတ္ထိမြို့က ဆင်းရဲတဲ့ ပန်းသည်ရဲ့ သမီးဖြစ်ပါတယ်။ တနေ့မှာ ဈေးကမုန့်ဝယ်လာပြီး ပန်းခြံကို သွားမယ်လို့ဆိုကာ ထွက်လာခဲ့ပါတယ်။ လမ်းခုလတ်မှာ ရဟန်းအပေါင်း ခြံရံလာတဲ့ဘုရားရှင် ဆွမ်းခံဝင်လာတာကို တွေ့ရလို့ ကြည်ညိုစိတ်ပေါက်ပြီး မုန့်ကိုဘုရားရှင်ထံ ကပ်လှူခဲ့ပါတယ်။ ဘုရားရှင်က မုန့်လှူတဲ့နေရာမှာထိုင်ဖို့ အရိပ်အရောင်ပြလို့ အရှင်အာနန္ဒာက သင်္ကန်းခင်းပေးခဲ့ပါတယ်။ ဘုရားရှင်က အဲဒီနေရာမှာ ထိုင်ပြီး မုန့်ကို ဘုဉ်းပေးရင်းနဲ့ ပြုံတော်မူပါတယ်။ အရှင်အာနန္ဒာက-မြတ်စွာဘုရား ဒီဒါနရဲ့အကျိုးဟာ ဘယ်လိုဖြစ်လာပါမလဲဘုရား-လို့ လျှောက်ထားလိုက်ပါတယ်။
အာနန္ဒာ-ဒီဒကာမလေးဟာ ဒီနေ့ ငါဘုရားကို ပထမဆုံး မုန့်စားဖွယ်လှူတယ်။ ဒီနေ့ပဲ ကောသလမင်းရဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိဖုရားခေါင်ကြီး ဖြစ်လိမ့်မယ်-လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။
အဲဒီနေ့မှာပဲ ကောသလမင်းဟာ ကာသိရွာမှာ တူတော်အဇာတသတ်မင်းနဲ့ စစ်တိုက်ရာက ရှုံးလို့ထွက်ပြေးလာပြီး မြို့ကိုဝင်တဲ့အခါမှာ စစ်တပ်တွေရဲ့အလာကို စောင့်မယ်လို့တွေးပြီး ပန်းခြံထဲဝင်သွားပါတယ်။ မလ္လိကာက ကောသလဘုရင်ကို ဂရုစိုက်ပြုစုပေးတဲ့အတွက် ဘုရင်ကြီးက သဘောကျသွားပြီး နန်းတော်ထဲကိုခေါ်ကာ မိဖုရားခေါင်ကြီးရာထူး ပေးခဲ့ပါတယ်။

တနေ့မှာ ကောသလမင်းက ငါဟာ မလ္လိကာကို မိဖုရားခေါင်ကြီးရာထူး ပေးထားတယ်။ မလ္လိကာ သင်ဟာ ဘယ်သူ့ကိုချစ်သလဲ-လို့ မေးရင်တော့ အရှင်မင်းကြီးကို ချစ်ပါတယ်လို့ပြောမှာပဲ-လို့ အပိုင်တွက်ပြီး မလ္လိကာကို ဒီမေးခွန်းကို မေးခဲ့ပါတယ်။
မလ္လိကာ-ဒီလောကမှာ သင့်ကိုယ်ထက်ပိုပြီး ဘယ်သူ့ကို ချစ်ပါသလဲ၊
အရှင်မင်းကြီး- ကိုယ့်ကိုထက်ပိုပြီး ဘယ်သူ့ကိုမျှ မချစ်ပါ၊

မလ္လိကာဟာ ဘုရားရှင်နဲ့ သံဃာတော်တွေကို အမြဲဆည်းကပ် ပြုစုနေတဲ့ ပညာရှိသူလေးတဦး ဖြစ်တာမို့ သူ့ရင်ထဲက ရှိတဲ့အတိုင်း အမှန်အတိုင်း ဖြေခဲ့ပါတယ်။ နောက်တော့ မလ္လိကာက ရှင်ဘုရင်ကြီးကို သူ့နည်းတူ ပြန်မေးတဲ့အခါမှာလည်း ရှင်ဘုရင်ကြီးက သူတောင်ဒီလိုဖြေသေးတာ ဆိုပြီး မလ္လိကာဖြေတဲ့အတိုင်း ထပ်တူထပ်မျှ ဖြေခဲ့ပါတယ်။
ရှင်ဘုရင်ကြီးဟာ စိတ်ထဲမှာတော့ ဒီလိုတွေးနေခဲ့တယ်။
ငါဟာ ရှင်ဘုရင်၊ ငါလိုလူက ငါ့ကိုယ်ငါသာ အချစ်ဆုံးလို့ဖြေတာဟာ မှန်သေးတယ်၊ မလ္လိကာကတော့ ငါကောက်ယူလို့အောက်ခြေကနေ မိဖုရားခေါင်ကြီးဖြစ်လာပါလျက်နဲ့ သူ့ကိုယ်သူ အချစ်ဆုံးလို့ဖြေတာဟာ အင်မတန်ရိုင်းပြတာပဲ-လို့ တွေးမိသတဲ့။

ပြီးတော့ မနေနိုင်တာနဲ့ပဲ မလ္လိကာ-သင်ဟာ ရတနာသုံးပါးကို အချစ်ဆုံးမဟုတ်ဘူးလား-လို့ ထပ်မေးပြန်တယ်။ ဒီအခါမှာ မလ္လိကာက အရှင်မင်းကြီး-ကျွန်မဟာ ရတနာသုံးပါးကိုလည်း နတ်ပြည်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ လိုချင်လို့ ချစ်ပါတယ်။ ကျွန်မအကျိုးအတွက်ကြောင့် ချစ်တာမို့ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်-လို့ ထပ်ဖြေပြန်သတဲ့။
မလ္လိကာရဲ့ အယူအဆက ဒီလိုဖြစ်ပါတယ်။ လောကမှာရှိတဲ့ သတ္တ၀ါအားလုံးဟာ ကိုယ့်အကျိုးအတွက်သာ သူတပါးကို ချစ်ကြခြင်းပါ။ မိဘဟာလည်း သားသမီးကို ငါတို့ကြီးလာရင် ငါတို့ကို ပြုစုစောင့်ရှောက်ကြ လိမ့်မယ်လို့ မျှော်လင့်ပြီးချစ်တယ်။
ဇနီးမောင်နှံအချင်းချင်းမှာလည်း မျှော်လင့်ချက်တွေနဲ့ ချစ်တယ်။
ဆွေမျိုး မိတ်ဆွေ အချင်းချင်းလည်း အကျိုးကိုယ်စီနဲ့ ချစ်ကြခြင်းပါပဲ။ ဒီလိုကိုယ့်အကျိုးကိုသာ ကြည့်ပြီး လောကသတ္တ၀ါတွေဟာ သူတပါးကို ချစ်ကြတယ်-လို့ ယူဆခြင်းပါပဲ။

နောက်တော့ ကောသလမင်းဟာ ပညာရှိမှု၊ ကျွမ်းကျင်မှု လိမ္မာမှုတို့ကို နားလည်ခံစားမိသွားပြီး ဒီကိစ္စကို ဘုရားရှင်ဆီလျှောက်ထားဦးမှပဲ၊ ဘုရားရှင်ဖြေတဲ့အတိုင်း မှတ်သားမယ်လို့တွေးပြီး ဘုရားရှင်ဆီ လျှောက်ထားတဲ့အခါမှာ ဘုရားရှင်က အောက်ပါအတိုင်း ဥဒါန်းကျူးရင့်ခဲ့ပါတယ်။
အရပ်ဆယ်မျက်နှာကို စိတ်နဲ့သွားပြီး အစွမ်းကုန် ရှာကြည့်ပါ။
ဘယ်နေရာမှာမှ ကိုယ့်ထက်ပိုပြီးချစ်တဲ့ သူကို မတွေ့နိုင်ပါ။
သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်။
ဒါကြောင့် စာနာမှု ထားကြရပါမယ်။

( သာမဏေကျော် )
ဥဒါန ပါဠိ ၅-သောဏ၀ဂ်၊ ပိယတရသုတ္တ။

ရွှေထက်ရှားသော သက်ရှိများ

မိတ်ဆွေ လေးမျိုးရှိတဲ့အထဲမှာ
အတ္ထက္ခာယီ မိတ်ဆွေဆိုတာ ရှိပါတယ်။ မြန်မာလိုပြောရရင် တော့ အကျိုးရှိအောင် ပြောပြတတ်တဲ့ မိတ်ဆွေလို့ခေါ်ပါတယ်။
အ...ဲဒီမိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။

အင်္ဂါလေးပါးဆိုတာက…
၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။
၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။
၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။
၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။

ကိုယ်က ဒီအင်္ဂါလေးချက်ကို အာရုံပြုပြီး ကိုယ်ချစ်တဲ့ မိတ်ဆွေတွေကို တားသင့်တာကို တားပြီး တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။

တရားစကားတွေကို ပြောပြပေးရမှာ ဖြစ်သလို နတ်ပြည် မဂ်ဖိုလ်
ရကြောင်း တွေကိုလည်း ညွှန်ကြားပြောပြ ပေးရမှာပါပဲ။

ကိုယ်တားတာ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့ သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်း ရမှာပါ။

ဒါမှအတ္ထက္ခာယီ မိတ်ဆွေ ပီသမှာပါ။

ဆရာတော်အရှင်ရဝေနွယ်(အင်းမ)

မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ

ငွေရှိရင် ရွှေဝယ်လို့ ရတယ်။
အဲဒီဝယ်ထားတဲ့ ရွှေကို ခရီးစရိတ်လုပ်ပြီး
လိုက်ရှာရင်တောင် မိတ်ဆွေကောင်းရှာတွေ့  ဖို့ က
ခက်ပါတယ်။

သတိပြုရမှာက မိမိအနေနဲ့  မိတ်ဆွေကောင်းလိုချင်ရင်
မိမိလည်း အခြားသူများအတွက်လည်း
မိမိက မိတ်ဆွေကောင်းတစ်ယောက်ရဲ့ 
စိတ်ဓါတ်အင်္ဂါရပ်တွေနဲ့ ကိုက်ညီနေဖို့ လိုအပ်ကြောင်း
မှန်ကန်သောနှလုံးသွင်းမှုရှိရပါမယ်။

Mar 13, 2014

ဒါနသည် သံသရာရှည်သလော

အချို့က ဒါနကို သံသရာရှည်စေတတ်သော တရားဟု ကြောက်လန့်ဖွယ်အဖြစ်ဆိုကြ၏၊၊ သံသရာဝဋ်မှ ကျွတ်လွတ်ရန် လိုလားကြကုန်သော အလောင်းတော်များ ဒါနကို လိုလိုလားလား ပြုခဲ့ကြသည်မှာ သံသရာမှ လွတ်ကြောင့်ဖြစ်သောကြောင့်သာဖြစ်သ...ည်၊၊ တဏှာသည်သာ သံသရာရှည်ကြောင်းဖြစ်၏၊၊ နည်းမှန် လမ်းမှန်ပြုသော ဒါနမှာ တဏှာကို ပယ်နိုင်ကြောင်းဖြစ်၏၊၊ အလောင်းတော်များမှာ ယခုဘဝ နောင်ဘဝသာယာရေးအတွက် မိမိအဖို့ရာ ဘာတစ်ခုမျှ မတောင်းတကြ၊ သတ္တဝါအများ ကောင်းစားစေလို ချမ်းသာစေလိုသော စေတနာသာထား၍ ပေးကမ်းကြ၏၊၊ ဤဒါနမျိုး ပါရမီမြောက်ဒါနဟု ဆိုကြ၏၊၊ အကယ်၍ တောင့်တ လိုလျှင်လည်း သံသရာဝဋ်မှ လွတ်ရေးသာ တောင့်တသင့်၏၊၊ သံသရာဝဋ်မှ လွတ်ရန်တောင့်တခြင်းမှာ တဏှာမဖြစ်ပေ၊၊ ထိုဒါနမျိုး ဝိဝဋ္ဋနိဿိတဒါနဆို၏၊၊ တဏှာဆန္ဒမကင်းသော ဝဋ္ဋနိဿိတဒါနမျိုးမှာ သံသရာလည်ကြောင်းဖြစ်သော်လည်း တဏှာမပါသော ဝိဝဋ္ဋနိဿိတမှာ သံသရာမှ ထွက်ကြောင်းပင်ဖြစ်သည်၊၊

မကြောက်ထိုက်
==========
ဒါနရှင်မှာ မေတ္တာ ကရုဏာ မုဒိတာများ ဖြစ်ပွားလျက်ရှိရာ အလှူခံတို့ ခံယူသုံးဆောင်သည်ကို အားရကြည်နှုး ရွှင်မြူးဝမ်းသာ စိတ်ချမ်းသာလျက်ရှိနေ၏၊၊ နောင်အခါတွေးမိတိုင်းလည်း ဝမ်းသာကြည်နှုး ရွှင်မြူးလျက်ရှိ၏၊၊
ဤသည်တို့မှာ လက်တွေ့ခံစားရသော
ဒါနအကျိုးတရားများပင်၊၊ သူတပါးအပေါ် မေတ္တာ ကရုဏာ မုဒိတာပွါးလျက်ရှိသောကြောင့်လည်း မာန ဒေါသ ဣဿာ မစ္ဆရိယစသော တရားဆိုးများကင်းလျက်ရှိရာ ထိုတရားများပွါးများကြောင်းဖြစ်သော ဒါနကို မလိုက်နာမပြုကျင့်ထိုက်ဘဲရှိပါမည်လော၊၊ ဒါနကိုကြောက်သူမှာ ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပြီအထင်ဖြင့် ကြောက်ပြေးသော ယုံမိုက်ပမာ မကြောက်ထိုက်သည်ကို ကြောက်ခြင်းသာ၊၊

ဆုံးရှုံးမှု
=====
အချို့ မယု၍မလှူ မိမိမူကား သုံးစား၏၊ ထိုသူများကား ဘဝနောင်ရေးအတွက် ရှုံးသူဖြစ်သော်လည်း ဤဘဝမရှုံး၍ တော်သေး၏၊၊ အချို့မှာ လှူလည်းမလှူ
စားလည်း မစားရက် ထိုသူမျိုးမှာ သာ၍ ဆုံးရှုံးသောသူတည်း၊၊ ထိုသူမျိုးကို ပန်းထိမ်သမား၏ ဖားဖိုကဲ့သို့ အသက်ရှင်လျက် အသက်မရှင်သူ (သေသူ) ဟု ပညာရှိတို့ ဆိုကြ၏၊၊
ကောသလသံယုတ် ၉၀ ၌ သူဌေးကြီးတစ်ဦးမှာ သားသမီးလည်းမရှိ ချမ်းသာလိုက်ပုံများမှာလည်း အသပြာက သိန်းရှစ်ဆယ် ရွှေငွေစသည်ဖြင့်ပြီးသော ပစ္စည်းဘဏ္ဍာအသုံးအဆောင်များမှာ ပြောမဆုံးအောင် များမြောင်ကြွယ်ဝလှ၏၊၊ ဤအမျှထိ များမြောင်ကြွယ်ဝသူဖြစ်ပါလျှက် ပုန်းရည်နှင့် ဆန်ကွဲစားပြီး ရထားအိုကလေးအမြဲစီးလျှက် သစ်ရွက်ထီးသာ ဆောင်းတတ်၏၊၊ သေသောအခါ ဥစ္စာအားလုံးအင်းဘဏ္ဍာအားလုံးဖြစိရသည်၊၊
ဤအဖြစ်ကို အကြောင်းပြု၍ ဘုရားရှင်က လူသူမရှိရာတောထဲ၌ ဘယ်သူမျှ မသောက်သုံးရဘဲ ခြောက်ခမ်းသွားသော ရေကန်ကြီးပမာ ပညာရှိကား ဥစ္စာရသော် မိမိလည်းသုံး အများကိစ္စလည်းဆောင်လျက် ဆွေမျိုးအပေါင်းကို ကျွေးမွေးကာ အကဲ့ရဲ့မခံရ၊ အချီးမွမ်းသာခံရ၍ နတ်ပြည်သို့ ရောက်သည် ဟု ဟောတော်မူပါသည်၊၊ နီတိဆရာတို့ကား
စုဆောင်းထားအပ်သောဥစ္စာတို့ကို စွန့်လှူခြင်းသည်သာ စောင့်ရှောက်သည်မည်၊၊ ရေကန်၌တည်သော ရေတို့ကို ထုတ်လွတ်ရာ၌ ရေပြွန်သည်သာ စောင့်ရှောက်ြံင်းမည်သကဲ့သို့တည်း ဟု ဆိုခဲ့ကြသည်၊၊
( သပြေကန်ပရိတ်ကြီး နိဿယသစ်
နှာ ၁၆၀၊ ၁၆၁၊ ၁၆၃၊ )

ပွားများရန် အာရုံခြောက်ပါး

ယခုအခါ ကမ္ဘာအရပ်ရပ်တွင် အန္တရာယ်အမျိုးမျိုး ကြုံတွေ့နေကြသည်ကို နေ့စဉ် ကြားရ၊ မြင်ရ၊ ဖတ်ရှုနေကြရသည်။ လူအမျိုးမျိုးတို့သည် မိမိတို့ယုံကြည်ရာ ကိုးကွယ်ဆည်းကပ်နေကြသည်။ မြန်မာနိုင်ငံသည် လက်ဦးဆရာ မည်ထိုက်စွာ ဆိုသောအတိုင်...း ကလေးငယ်ဘ၀ကစ၍ မိဘ ဘိုးဘွားတို့ သင်ကြားပေးခဲ့သော ရတနာသုံးပါး ဂုဏ်တော်များကို ထုံမွှမ်းပွားများသော အကျိုးကြောင့် အနည်းငယ် အန္တရာယ်ကင်းသည်-ဟု ရဲဝံ့စွာ ဆိုနိုင်ပါသည်။

ငယ်ငယ်ကစ၍ ကြားရသော မှတ်သားဖွယ်ပုံဝတ္ထုတခုမှာ ရာဇဂြိုဟ်မြို့ပြင်၌ တယောက်တည်း အိပ်နေသော ကလေးငယ်ကို ညဥ့်နက်ချိန်တွင် ဘီလူးက လာ၍ဆွဲသည်။ ထိုအခါ ကလေးငယ်သည် ရွတ်ဆိုနေကျအတိုင်း နမော ဗုဒ္ဓဿ-ဟု ယောင်ယမ်းရွတ်ဆိုလိုက်သည်။ ထိုကဲ့သို့ ရွတ်ဆိုသဖြင့် ဘီလူးက တောင်းပန် ၀န်ချ၍ ဗိမ္ဗိသာရမင်းကြီး၏ ပွဲတော်အုပ်ကို ဆောင်ယူကာ ကလေးငယ်ကို တညလုံး ကျွေးမွေးစောင့်ရှောက်ရခြင်း ဖြစ်သည်။ မိဘဘိုးဘွားများသည် နမော ဗုဒ္ဓဿ၊ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ-စသည်ဖြင့် သားသမီးမြေးများကို သင်ကြားပေးလေ့ရှိသည် မဟုတ်ပါလော။ ဤအကြောင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင်အား ဗိမ္ဗိသာရမင်းကြီး လျှောက်ထားရာ ဘုရားရှင်က အောက်ပါတရားတော်ကို ဟောကြားတော်မူပါသည်။

မင်းကြီး ကမ္မဋ္ဌာန်းအားရုံ ခြောက်ပါးကို ပွားများသူသည် အန္တရာယ်ဘေးများ ကင်းရှင်း၍ ချမ်းသာစွာ နေရ၏။ ယင်းခြောက်ပါးမှာ-
၁။ နေ့ရောညပါ အခါမလပ် ဘုရားဂုဏ်တော်ကို သတိပြုနေသော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၂။ နေ့ရောညပါ အခါမလပ် တရားဂုဏ်တော်ကို သတိပြုနေသော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၃။ နေ့ရောညပါ အခါမလပ် သံဃာ့ဂုဏ်တော်ကို သတိပြုနေသော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၎။ နေ့ရောညပါ အခါမလပ် ကာယဂတာသတိ ပွားများကုန်သောသူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၅။ နေ့ရောညပါ အခါမလပ် ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိကြကုန်သော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၆။ နေ့ရောညပါ အခါမလပ် မေတ္တာဘာဝနာ၌ မွေ့လျော်ကုန်သော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မိမိတို့ နှစ်သက်ရာ အာရုံ၌ အမြဲမပြတ် သတိကပ်၍ စိတ်ကို စင်ကြယ် သန့်ရှင်း မြင့်မြတ်အောင် ကြိုးစားကြပါဟု တိုက်တွန်း နှိုးဆော်ပါရစေ။

Mar 7, 2014

အိမ်တွင်းရေး ဆူပူမှုမရှိပဲ သာယာစေချင်ရင်(ဗုဒ္ဒဘာသာဝင်များအတွက်)


ဘုရားပန်းကို အညှိုးမခံပါနဲ့.....
သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့..
ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင်
ရွတ်နေစရာမလိုပါဘူး..
ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်...
သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင်
အိမ်တွင်းရေး အေးချမ်းပါတယ်..

အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင် .......
မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ
လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ်..
အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ
မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ
တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်..

ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး
သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့..
ဘယ်နေရာမှာမဆိုမိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင်
ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး "မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်"
လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်......
ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး......
ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါ......

သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး..
ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ်(နေ့၁၂နာရီမကျော်သေးရင်)
မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါတယ်......
သရဏဂုံရွတ်နေတဲ့အချိန်ကိုမြတ်စွာဘုရား
ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါတယ်..
ရွတ်ပြီးသွားပြီဆိုတော့မှ "အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား" လို့စွန့်ပြီး စားပါတယ်..

ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာပါတယ်..
တစ်ချို့လူတွေက ဆွမ်းတော်စွန့်တာစားရင်ဘုန်းနိမ့်တယ်
ဉာဏ်ထိုင်းတယ်ဆိုပြီး မစားကြပါဘူး.....
တစ်ကယ်တော့ ဒီစကားဟာသထုံဘုရင် မနုဟာမင်းကို
အကြောင်းပြုပြီး ပေါ်လာတဲ့ စကားသာဖြစ်ပါတယ်..

မနုဟာမင်းဟာ စကားပြောရင် အာခံတွင်းကအရောင်ဝင်းဝင်း
တောက်တဲ့အထိ ဘုန်းတန်ခိုးကြီးမားတဲ့ဘုရင်တစ်ပါး ဖြစ်ပါတယ်..
သူဟာ လောကီအစီအရင်များနဲ့ စီမံထားတဲ့ ဆွမ်းတော်ကျကို
စားမိသည့်အတွက် အာခံတွင်းမှအရောင်များ ပျောက်ကွယ်သွားပါတယ်..
ဒီလိုဖြစ်ရတာဟာ ဆွမ်းတော်ကျစားခြင်းကြောင့် မဟုတ်ပါ..
လောကီအစီအမံကြောင့် သော်လည်းကောင်းထည့်ကျွေးသည့်
မနောလင်ပန်း မသန့်ရှင်းသောကြောင့်လည်းကောင်း
ပျောက်ကွယ်ခဲ့ရခြင်းသာဖြစ်ပါတယ်..

နောက်တစ်ခုက မသိနားမလည်ကြတဲ့ကလေးတွေဘုရားရှင်အတွက်
ကပ်လှူထားတာတွေကိုယူစားမှာ စိုးတဲ့အတွက်ကြောင့်
လူကြီးမိဘတွေကမစားဝံ့အောင် ခြောက်လှန်တားမြစ်ထားခြင်း
ကြောင့်ဆွမ်းစွန့်ပြီးလည်းမစားဝံ့ မစားရဲဖြစ်သွားကြတာပါ..

ရှေးကဆရာတော်ကြီးများဆိုရင် ဆွမ်းခံကြွပြန်လာပြီးရင်
သပိတ်အတိုင်းဘုရားရှင်ကို ဆပ်ကပ်ပြီးမှ
သပိတ်ကိုစွန့်ပြီး ဘုဉ်းပေးလေ့ရှိပါတယ်တဲ့..

ဆွမ်းတော်စွန့်တာစားရင် ဉာဏ်ထိုင်းတယ်ဘုန်းနိမ့်တယ်လို့
ကျမ်းဂန်များထဲမှာ မိန့်တော်မမူခဲ့ပါဘူး..လို့ ဆရာတော်များ၏တရားများ စာအုပ်များမှာနာဖူး ဖတ်ဖူးပါတယ်..

ဒီလောက်ဆို အတုမရှိမြတ်ဗုဒ္ဓကို အာရုံပြုကပ်လှူပြီးမှ
စွန့်ပြီးစားတာဟာကောင်းမကောင်း သင့်မသင့် ဆိုတာကို
မိမိတို့၏ဦးနှောက် အသိဉာဏ်က ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်..

Ohmar Shin

Credit-->အလင်းတန်းတို့ ဆုံမှတ်