လူမျိုးတိုင်မှာ သူ့ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဘိုးဘွားစဉ်ဆက်အသုံးပြုခ...ဲ့တဲ့ အမွေအနှစ်၊ ကိုယ်ပိုင်အသုံး အဆောင်များ ရှိကြပါတယ်။ ဒီရှေးအမွေအနှစ်၊ အသုံးအဆောင်များကို ရှေးလူကြီးတွေ အစဉ်တဆက် အသုံးပြုခဲ့လို့ ယနေ့ခေတ်လူတွေလည်း ၄င်းတို့ရဲ့ နေ့စဉ် လှုပ်ရှားသွားလာမှု ဘ၀တွေမှာ တွေ့မြင်ကြရပါတယ်။
ပအိုဝ်းတိုင်းရင်းသားများမှာလည်း ၄င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုပုံစံ၊ မိရိုးဖလာ အသုံးအဆောင်ပစည်းတွေ၊ အသက်မွေးဝမ်းကျောင်းနှင့်ပတ်သတ်ရာ ကိုယ်ပိုင်ဖန်တီးကိရိယာ ပစ္စည်းတွေ၊ ၀တ်စားဆင်ယင်မှုနှင့် ဆက်နွယ် တဲ့ အသုံးအဆောင်တွေ အမှတ်သား သင်္ကေတတွေ ရှိခဲ့ပါတယ်။ ဒါဟာ ပအိုဝ်းတိုင်းရင်းသားများရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု အမွေအနှစ်တွေပါပဲ။ ထိန်းသိမ်းတက်ဖို့ပဲ လိုပါတယ်။
ဒါတွေကို တချို့ လူကြီးတွေ၊ လူငယ်တွေ သတိထားမိချင်မှ ထားမိလိမ့်မယ်။ တချို့က တန်ဖိုးထားတက်ချင်မှ ထားပါလိမ့်မယ်။ တချို့တွေက ယဉ်ကျေးမှု အမွေအနှစ်လို့ ခံယူချင်မှ ခံယူပါ့မယ်။ သို့ပေမယ့် ဒါတွေဟာ ပအိုဝ်းတိုင်းရင်းသားနဲ့ ဆိုင်တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေပါ။ ဆက်လက်ရှာဖွေ ဖော်ထုတ်ပြီး၊ မြှင့်တင်ဖို့ လိုအပ် ပါတယ်။
ပအိုဝ်းတိုင်းရင်းသားတွေရဲ့ မိရိုးဖလာခြံလုပ်ငန်းမှာ ပုံမှန် အသုံးအပြုလေ့ရှိတဲ့ ပေါက်တူး၊ တောင်း၊ ပလိုင်း၊ ဓါးစတဲ့ ကိရိယာ ပစ္စည်းတွေဟာ ကျတော်တို့ရဲ့ ကိုယ်ပိုင် မိရိုးဖလာအသုံးအဆောင်ပါ။ ဒါတွေဟာ ကျတော်တို့ရဲ့ ဘိုးဘွားအသုံးအဆောင်၊ အမွေအနှစ်တွေပါ။ မှတ်တမ်းတင်ပြီး ပြန်လည်ဖော်ထုတ်ပြသဖို့ လိုအပ်ပါတယ်။ ပအိုဝ်းများရဲ့ တောင်ယာခြံလုပ်ငန်းနဲ့ ပတ်သတ်တဲ့ လူမှုဘ၀ကို ပုံဖော်စေဖို့ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအက တခုအဖြစ် ပေါ်ပေါက်လာအောင် လုပ်ဆောင်ရင် ပအိုဝ်းယဉ်ကျေးမှု အမွေအနှစ်တရပ်ကို ထိန်းသိမ်းရာရောက်ပါတယ်။ ဥပမာအားဖြင့် ပအိုဝ်းတိုင်းရင်းသားများရဲ့ တောင်ယာ ခြံလုပ်အက၊ မီးရူး- မိုးခေါ်အက၊ သနပ်ဖက် ၊ လက်ဖက် စိုက်ပျိုးပုံ နှင့် ခူးပုံအက စတဲ့ မိရိုးဖလာနှင့်ဆိုင်တဲ့ လုပ်ငန်းတွေ၊ အလေ့အထတွေကို ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် ဖော်ထုတ်၊ မြှင့်တင်ဖို့ လိုအပ်ပါတယ်။
အရင်ကဆို ရှေးခေတ် အောက်ပြည် ပအိုဝ်း (တောင်သူ) တွေမှာ မိရိုးဖလာ လက်မှုလုပ်ငန်း ကျွမ်းကျင်ကြတယ် လို့ သမိုင်းများက ဆိုပါတယ်။ ရှေးခေတ် အိမ်ဆောက်တဲ့အခါ လိုအပ်တဲ့ ကိရိယာ ပစ္စည်းများကို ကိုယ်တိုင်ဖန်တီးတက်မှု၊ အိမ်တွင်းအသုံးအဆောင်ဖြစ်တဲ့ သစ်ယောင်းမ၊ ခွက်၊ ပန်ကန်းတွေကို ပြုလုပ်ဖန်တီးမှု၊ ခြံ၊တောင်ယာသုံးဖြစ်တဲ့ ပေါက်တူး၊ ထွန်ခြစ်၊ ဓါး၊ သစ်လေးခွ စတာတွေကို ဖန်တီးလုပ်ဆောင်တက်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ယနေ့အချိန်မှာတော့ ပျောက်ကွယ်ခဲ့ကုန်ပါပြီး။ ယနေ့ခေတ် ပအိုဝ်းလူငယ်တွေလည်း သိရှိသူ နည်းပါးလှပါတယ်။
နောက်ပြီး ပအိုဝ်းတိုင်းရင်းသားများရဲ့ ရှေးလက်ခံယုံကြည်မှု ဖြစ်တဲ့ မွိုးနဂါး- ဖာဝိဇ္ဇာ ဆိုတဲ့ ယဉ်ကျေးမှုကို ပုံဖော်စေတဲ့ အကတွေ၊ ရိုးရာဝတ်စားဆင်ယင်မှုတွေ၊ အသုံးအဆောင် ပစ္စည်းတွေကို ပြန်လည်ဖော်ထုတ်ပြီး ပအိုဝ်းကိုယ်ပိုင်ယဉ်ကျေးမှုသဖွယ် ထင်ထင်ရှားရှား လုပ်ဆောင်နိုင်ရင် ယနေ့ခေတ် ပအိုဝ်းလူငယ်လူရွယ်တွေ ပအိုဝ်းအမျိုးသားအမွေအနှစ်တွေကို ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်း၊ ဂုဏ်ယူနိုင်ပါလိမ့်မယ်။
ဒါမဟုတ်ရင် ကိုယ့် ပအိုဝ်းကိုယ်ပိုင်ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်မှု၊ ထိန်းသိမ်း တန်ဖိုးထားတက်မှု မရှိဘဲ တခြားသော ယဉ်ကျေးမှုအသုံးအဆောင်တွေကို ကိုယ့်ယဉ်ကျေးမှုအမွေအနှစ်သဖွယ် ပြသ၊ မှတ်တမ်းတင် နေရင်၊ ပအိုဝ်းများရဲ့ တကယ်စစ်မှန်တဲ့ ပအိုဝ်းကိုယ်ပိုင်ယဉ်ကျေးမှု၊ အမွေအနှစ်၊ အသုံးအဆောင် ပစ္စည်း တွေမှာ မကြာမှီ တိမ်ကော၊ ပျောက်ကွယ်သွားနိုင်ပါတယ်။
ဒါကြောင့် ယနေ့ခေတ် ပအိုဝ်းလူငယ်များ မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်မြှင့်တင်ပြီး ထိန်းသိမ်း ခံယူတက်ဖို့ လိုပါတယ်။
ခွန်နီပအိုဝ်း
No comments:
Post a Comment