ဇာတံသရဏတောဘယံ၊ကိုးကွယ်ရာမှဘေးဖြစ်တတ်သည်ဟူသောဗုဒ္ဒစကားတော်အရသတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာရောက်ခဲ့ကြသည်၊ ရောက်နေကြသည်၊ ရောက်ကြလိမ့်ဦးမည်။
သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာအဖြာဖြာကို လိုလားတော့တာသောကြောင့်လည်း ကိုးကွယ်ရာရှာ ကြသည်။ ဘေးအန္တရာယ်တစ်ခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာရှာကြသည်။
ကိုးကွယ်ရာရသောအခါထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးတို့ကို ပေးလိမ့်မည်ဟူ၍လည်းကောင်း၊ ဘးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်းကောင်း ယုံကြည်သည်။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက်ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီးမစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည်ဖြစ်သည်။
ဒီဘက်ကမ်းမှ မြစ်ကိုဖြတ်၍ ဟိုဘက်ကမ်းသို့သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန်ကူးရမည်သာဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်းမရောက်ပေ။
ရောဂါအနာစွဲကပ်သူသည်ဆရာဝန်ကိုရှိခိုးရုံဖြင့်အနာရောဂါမပျောက်ပေ။ဆရာဝန်ညွှန်ပြသည့်ဆေးကို သောက်ရမည်သာဖြစ်သည်။ဆရာဝန်တားမြစ်သည်ကို လိုက်နာရမည်သာဖြစ်၏။ သို့မှ အနာရောဂါပျောက် ပေမည်။
သစ်သီးစားချင်လျှက်သစ်ပင်ပေါ်မတက်ဘဲသစ်ပင်ကိုရှိခိုးနေသလိုဟိုဘက်ကမ်းသွားချင်လျှက် လှေရှာ၍မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို အနာရောဂါပျောက်လိုလျှက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့ သည် ကိုးကွယ်ရာအမှန်ကို မရကြသည့်အတွက် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြပေသည်။
သီတဂူဆရာတော်၏ ဗုဒ္ဒနှင့် ဗုဒ္ဒ၀ါဒ မှ ကောက်နှုတ်ချက်
No comments:
Post a Comment