........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 8, 2013

အချစ်နှင့်ဘဝ


ကိလေသာမကုန်သေးတဲ့သတ္တ၀ါတိုင်းရဲ့သန္တာန်မှာ အချစ်ဆိုတာ ရှိနေကြဦးမှာပါ။ အဲဒီအချစ်ကို ပယ်ဖျောက် နိုင်ဖို့ဖြစ်စေ၊ မှန်ကန်တဲ့နည်းနဲ့ ချစ်တတ်အောင်ဖြစ်စေ ပြုလုပ်တတ်ဖို့အတွက်က ဘာသာတရားရဲ့ အဆုံးအမ၊ မှန်ကန်တဲ့ အသိဉာဏ်များ ရှိမှဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဆိုတာ မေတ္တာနဲ့ချစ်ရင် လမ်းမှားမရောက်၊ ဒုက္ခ မရောက်တတ်ပေမဲ့ တဏှာနဲ့ချစ်တဲ့အခါမှာ နည်းလမ်းမမှန်၊ ချစ်နည်းမမှန်ပါက ဒုက္ခပင်လယ်နဲ့ကြုံတွေ့...ရတတ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ချစ်နည်းနဲ့ ချစ်တဲ့အခါ တကယ်ချစ်ရာရောက်ပြီး အပေါ်ယံချစ်ခြင်းကနေ ရှောင်ကြဉ်နိုင်ဖို့အတွက် မှန်ကန်တဲ့အသိပညာ ဘာသာရေးတရားများ သိရှိထားဖို့ လေ့လာထားရပါလိမ့်မယ်။ ဘာသာရေးဆိုတာ မှားတဲ့ဘက်ကို မရောက်အောင်၊ မှားတာကိုမပြုလုပ်မိအောင်၊ စိတ်သက်သာရအောင် အားထားရတဲ့၊ ကူညီပေးတဲ့အရာဖြစ်နေတာမို့ မသိမဖြစ် သိထားရမဲ့အရာပါ။

ဘ၀တစ်ခုမှာ အယူဝါဒလွဲမှားခဲ့လို့ အမှားများစွာပြုလုပ်မိခဲ့မယ်ဆိုရင် အဲဒီအမှားရဲ့ ဆိုးကျိုးဒဏ်တွေဟာ ပြေပျောက်အောင် လုပ်ဖို့ခက်သလို ကောင်းကျိုးတွေပြန်လည်ရရှိဖို့ကလည်း ခက်ပါတယ်။ ဒါပြင် ကောင်းကျိုးတွေရရှိအောင်ပြုလုပ်နိုင်မဲ့ ဘ၀တွေ၊ အသိဉာဏ်ရှိတဲ့ ဘ၀ကိုရဖို့က ပိုပြီးခက်ပါတယ်။ အဲဒါကြောင့် မျက်မှောက်အသိဉာဏ်ရှိတဲ့ လူ့ဘ၀လေးရရှိချိန်မှာ မျက်မှောက်ဘ၀ခဏတာ ကောင်းစားရေးကိုပဲမကြည့်ဘဲ ဘ၀များစွာ ရေရှည်ခရီးကောင်းစားရန် ကိုကြည့်ပြီး အယူဝါဒလွဲမှားမှုတွေနဲ့ မကောင်းမှုတွေကို မပြုလုပ်မိရန်၊ မကောင်းတာကို အကောင်းမထင်တတ်ရန်၊ မကောင်းတာလုပ်နေတာကိုပဲ အကောင်းလုပ်နေတယ်လို့ မထင်မြင်တတ်ရန်အတွက် မိမိမှာ ကောင်းသောအယူဝါဒအမြင် ရှိနေရေးသည် အဓိကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အဲဒီလို ကောင်းတဲ့အမြင်၊ ယုံကြည်ချက်ကို မိမိဒီဘ၀မှာ လက်ကိုင်ထားပြုလုပ်ဆောင်ရွက်မှသာလျှင် နောက်နောင်ဘ၀များစွာမှာလည်း ကောင်းတာ များဆက်လုပ်ပြီးသကာလ ကောင်းတဲ့အရပ်ဌါနကို လျင်မြန်စွာရောက်ရှိကာ ဒုက္ခငြိမ်းခြင်းချမ်းသာကို ခံစားရမှာပါ။

ယခုခေတ်လူတွေဟာ ရေရှည်ကောင်းကျိုးခံစားရမဲ့ဟာကိုမကြည့်ဘဲ အတိုကာလလေး ကောင်းစားရေးကိုပဲကြည့် ပြီး ဖြစ်သလိုနေထိုင်စားသောက်ပျော်ပါးကာဖြင့် ဘ၀ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်နေကြပါတယ်။ နောက်နောင်ဘ၀တွေဟာ ကိုယ့်မသိနိုင်သေးတဲ့ဘ၀မို့ ဘယ်လိုပဲ ဆိုးကျိုးများကိုခံစားရပါစေ ဒါတွေက ထည့်တွက်စရာမလိုဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ တကယ်စဉ်းစားကြည့်ရင် ဘယ်လုပ်မဆို ကိုယ့်လုပ်ရင် ကိုယ့်လုပ်သလောက် ခံစားရတာမို့ အဆုံးသတ်နိုင်တဲ့နေရာကို မရောက်မချင်း ကိုယ့်လုပ်ခဲ့တဲ့အရာတွေကို ကိုယ်ပဲပြန်လည်ခံစားရမယ်ဆိုတာ မျက်မှောက်လုပ်ငန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ယခုဘ၀တစ်ချက်အမှားပြုလုပ်မိလိုက်တာနဲ့ နောက်နောင်မရေတွက်နိုင်တဲ့ ဘ၀တွေမှာ မိမိရဲ့အမှားတစ်ချက်ဟာ ဘ၀များစွာမှာ ဒုက္ခပယ်လယ်နဲ့ကြုံတွေ့ရမှာမို့ ဒီဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ အမြင်အယူဝါဒ ယုံကြည်ချက်မမှားဖို့နဲ့ မဟုတ်တာကို မပြုလုပ်မိအောင် သတိထား စဉ်းစားရပါမယ်။ ကျန်တဲ့အမှားတွေဟာ ပြင်ဆင်နိုင်ရင် ခဏတာနဲ့ပြေပျောက်ပေမဲ့ အယူဝါဒအမှားကြီးဟာ မှားပြီးရင်မှား လုပ်နေကာ မကောင်းမှုတွေ မိမိဆီမှာ အမြဲရောက်လာအောင် ဖိတ်ခေါ်သလို ပြုလုပ်တတ်တာကြောင့် အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်နေတယ်ဆိုတာ သတိထားကြပါ။

မိမိတို့က ယခုလူ့ဘ၀၀ယ် ဘ၀ခရီးဖော်ရှာတဲ့အခါ မိမိလူမျိုး၊ မိဘဆွေမျိုးအသိုင်းဝိုင်းများနဲ့ ရိုးစွဲစွာ ယုံကြည်လာခဲ့တဲ့ ကောင်းတဲ့အယူဝါဒကနေ သူတစ်ပါးရဲ့ သွေးဆောင်ဖျားယောင်မှု၊ တခဏတာပျော်ပါးစားသောက်နိုင်မဲ့ အခွင့်အရေး ရေတိုကိုကြည့်ပြီး မကောင်းတဲ့အယူဝါဒဘက်ကို မကူးပြောင်းဖို့နဲ့ အယူဝါဒမှားဘက်ကို မလိုက်မိအောင် သတိထားစောင့်ထိန်းကြရမယ်။ ခဏတာကောင်းစားရေးကို အဟုတ်မှတ် အကောင်းထင်ပြီး မကောင်းတဲ့ဘက်ကိုပါသွား၊ ပြောင်းသွား တတ်တာဟာ တကယ်စဉ်းစားကြည့်ရင် ကိုယ့်အတွက် ဘယ်လောက်တောင် နစ်နာဆုံးရှုံးတယ်ဆိုတာ စဉ်းစား ချင့်ချိန်ကြည့်ရင် သိနိုင်ပါတယ်။

မင့်ကို ကိုယ် တကယ်ချစ်တာပါ။ မင့်နဲ့ရရင် ကိုယ်မင့်အတွက် တစ်ဘ၀စာ ချမ်းသာစွာနဲ့ ထားမှာပါ။ နောက်ပြီး မင့်နဲ့ကိုယ်နဲ့ လက်ထက်ပြီးတဲ့ အခါကျရင်လည်း ကိုယ်ကမင့်နဲ့အတူ မင့်ယုံကြည်ချက်အတိုင်း ကောင်းမှုတွေကို အတူလက်တွဲလုပ်ကိုင်မှာပါ။ ကိုယ်တို့ ရရှိလာမဲ့ အနာဂတ်မျိုးဆစ်သစ်များကိုလည်း မင့်ရဲ့ဆွေမျိုးမိဘ အစဉ်အလာတိုင်း ယုံကြည်ရာကို လုပ်ခိုင်းမှာပါစသည်ဖြင့် ပြောဆိုတတ်ကြပါတယ်။ ဒါပြင် အဲဒီလို ပြောဆိုတဲ့ လူများဟာ မိန်းကလေးရဲ့အဌါကို ကျကျနနသိအောင်လေ့လာပြီး မိန်းကလေးရဲ့အားနည်းချက်၊ အားသားချက်များကိုပါ အမိဖမ်းနိုင်လေ့ရှိပါတယ်။ ဒီမိန်းကလေးက ဘယ်လို ယောက်ျားလေးမျိုးမှ ကြိုက်တာလဲ။ ဘယ်လိုပုံစံမှ ကြိုက်တာလဲ။ သူ့ကို ဘယ်လိုယုယပြီး သူ့အလိုကို ဘယ်လိုလိုက်မှ ကြိုက်သလဲစတဲ့အချက်များအပြင် ကာမဂုဏ်ကိစ္စနဲ့ပါ အပိုင်သေချာအောင် သိမ်းသွင်းလေ့ ရှိကြပါတယ်။

အဲဒီလိုနဲ့ မိန်းကလေးဟာ မိမိလူမျိုး၊ ဆွေမျိုးမိဘအစဉ်လာ ယုံကြည်လာတဲ့ အယူဝါဒကို ယောက်ျားလေးက တကယ်လိုက်မလိုက်ကို သေချာမစဉ်းဘဲ ယောက်ျားလေးရဲ့ ဆွဲဆောင်မှုတွေပေါ်မှာ သာယာပြီး လက်ထက်လိုက်ကြတာ အများကြီးပါ။ တချို့ကျတော့လည်း မိမိလူမျိုး၊ ဆွေမျိုးမိဘတွေ ယုံကြည်လာတဲ့အယူဝါဒကို မလေးစား၊ ဂရုမစိုက်သလို ကိုယ်တိုင်ကလည်း လေ့လာမှုအားနည်းတာရယ်၊ မိဘဆွေမျိုးများရဲ့ သွန်သင်ပေးမှု အားနည်းတာရယ်ကြောင့် အယူဝါဒကို အလေးမထားဘဲ လိုက်သွားကြပါတယ်။ တချို့ကျတော့လည်း ကာမဂုဏ်အာရုံဘက်ကို သာယာမိပြီး ပါသွားတတ်ကြပါတယ်။

အဆိုးဆုံးကတော့ မိဘဖြစ်သူကပါ ဘ၀များစွာအတွက်မကြည့်တတ်ဘဲ တစ်ဘ၀စာကိုပဲကြည့်ပြီး မိမိရင်သွေးများကို အယူမှားတဲ့ဘက်မှာ ထည့်ပေးကြတာတွေပါ။ ခေါင်ကမိုးမလုံရင် ကျန်တဲ့နေရာတွေက ဘယ်လိုလုပ်လုံတော့မလဲ ဆိုတာလို အုပ်ထိန်းသူမိဘ မောင်နှမများကပါ လိုက်လံသဘောတူတာတွေက ပိုဆိုးပါတယ်။ အဲဒီလိုလူတွေကတော့ မိမိသွေးသားများကို ကောင်းစားစေရေးအတွက်မဟုတ်ဘဲ မိမိအတွက် ကောင်းစားရေးကိုကြည့်တတ်တာရှိသလို တစ်ဘ၀ စာချမ်းသာနဲ့ ဘ၀များစွာဒုက္ခခံရမဲ့အရာများကို မတွေးတောမဆင်ခြင်ကြတာပါပဲ။ တကယ်တမ်းဆို အုပ်ထိန်းသူများက မိမိမျိုးဆက်သစ်များ လမ်းမှား၊ အယူမှားဘက်မမှားအောင်၊ တစ်ဘ၀စာထက် ဘ၀များစွာကောင်းစားရေးကို ပြုလုပ်ဆောင် ရွက်တတ်အောင် ပြုပြင်ထိန်းသိမ်းသွန်သင်ပေးရမှာပါ။ အယူဝါဒမတူသူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ မိမိတို့အယူဝါဒ ဘက်ကို မလိုက်ဘဲ သူတို့ဘာသာဘက်ကိုလိုက်ရမယ်ဆိုပြီး အတင်းအကျပ်စေခိုင်းတာမျိုးတွေကြောင့် မိမိယုံကြည်ချက် များ ပျောက်ဆုံးသွားရတဲ့ လူတွေလည်း ကမ္ဘာပေါ်မှာ အများကြီးပါ။ ဒါကြောင့် မိမိတို့လျှောက်လှမ်းရမဲ့ ခရီးရှည်ကြီးမှာ အဓိကကျတဲ့ အယူဝါဒမှားယွင်းမှုကို ယခုဘ၀မှာရော နောင်ဘ၀များစွာမှာပါ မဖြစ်ရလေအောင် မိမိတို့ကိုယ်တိုင်လည်း စဉ်းစားဆင်ခြင်ဝေဖန် စမ်းစစ်ရမှာဖြစ်သလို မိမိတို့ရဲ့ မိဘမောင်နှမများကလည်း သံသရာခရီးရှည်ကိုကြည့်ပြီး တစ်ဘ၀ ကောင်းစားရေးကို မကြည့်ကြမိဖို့ သတိထားရပါလိမ့်မယ်။

မိမိနဲ့ဘာသာအယူဝါဒ လူမျိုးမတူသူနဲ့ လက်မထပ်လို့မရတဲ့အခြေအနေကို ရောက်ရှိနေလို့ လက်ထပ်ပေါင်းသင်း ရမယ်ဆိုရင် ထိုလူဟာ မိမိယုံကြည်ချက်ကို တကယ်လိုက်မှာဟုတ်မဟုတ်သိရအောင် သေချာလေး အချိန်ယူလေ့လာ သုံးသပ်ပေးရပါမယ်။ မိမိကိုတစ်ကယ်ချစ်တဲ့လူဆိုရင် ထိုသူဟာ မှန်တဲ့ဘက်ကိုလိုက်လာမှာမို့ ဘယ်သူကမှားတယ်၊ မှန်တယ်ဆိုတာသိရအောင် အယူဝါဒတစ်ခုရဲ့ လုပ်ရပ်နဲ့ရည်မှန်းချက်များ၊ စိတ်အေးချမ်းသာမှု ရှိမရှိတို့ကို လိုက်လံစစ်ဆေး ကြည့်လိုက်ရင် အဖြေထွက်လာမှာပါ။ အဲဒီလို ဘယ်သူဘက်မှန်တယ်၊ မှားတယ်ဆိုတာ အဖြေထွက်လာတဲ့အခါမှာ မှန်တဲ့ဘက်ကိုလိုက်လံဖို့အတွက် ဘယ်သူ့မျက်နှာမှမကြည့်ဘဲ မှန်ရာကိုဦးစားပေးဆုံးဖြတ်ပြီး လမ်းမှန်ကိုနှစ်ဦးသဘောတူ ဘ၀တစ်ခုကို တည်ထောင်ကြရပါမယ်။ မိမိတို့ အမှန်တရားကို စမ်းသပ်လို့တွေ့ရှိတာကို သူကမလုပ်နိုင်ဘူးဆိုရင်တော့ မိမိနဲ့ဘာသာတူချင်း ဘ၀ခရီးလက်တွဲဖော်ရဖို့ရန် မခဲယဉ်းတာမို့ အဆက်ဖြတ်လိုက်ပါ။ ဖြစ်နိုင်ရင်တော့ မိမိနဲ့ဘာသာ လူမျိုးမတူသူများကို ဝေးဝေးကနေ ရှောင်နိုင်လေ အကောင်းဆုံးပါပဲလေ။

တကယ်တမ်းကျတော့လည်း တချို့လူတွေပြောတဲ့စကားဟာ ခဏတာပဲ မှန်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်၊ ကျွန်မက ဒီလူကိုရမှဖြစ်မယ်၊ ဒီလူမှမရရင် သေမယ်စတာတွေပြောတဲ့ လူတွေဟာ နောက်ပိုင်းကျတော့လည်း မုန်းတတ်သွားသလို၊ အိမ်ထောင်ကွဲသွားတဲ့လူတွေလည်း အများကြီးပါ။ ဒါပြင် အဆိုးဆုံးကတော့ တစ်ယောက်ဆို တစ်ယောက်လို့ပြောတဲ့လူတွေက အဲဒီလူနဲ့မရလို့ဖြစ်စေ၊ အဲဒီလူက သေသွားရင်ဖြစ်စေ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုချစ်ကြိုက်တဲ့လူတွေလည်း အများကြီးပါ။ တချို့ကျတော့လည်း အိမ်ထောင်ပြုတယ် ဆိုတာ ဆေးပေးမီးယူအတွက် လိုတယ်ဆိုပြီးအကြောင်းပြကြပါသေးတယ်။

အဲဒီလိုအကြောင်းပြချက်သာ တကယ်တမ်းမှန်ပါက အဖိုးကြီး၊ အဖွားကြီးများ လမ်းပေါ်မှာ တစ်ယောက်တည်း သွားလာနေရခြင်း၊ လိုင်းကားစီးတဲ့အခါ တစ်ယောက်တည်းစီးနေရခြင်း၊ လက်တွဲခေါ်ရမဲ့ အရွယ်မှာ တစ်ဦးနဲ့တစ်ဦး လက်တွဲမသွားကြဘဲ ဖြစ်နေကြရတာတွေဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ မိမိတို့အကြောင်း ပြချက်က အိမ်ထောင်ပြုတာဟာ အသက်ကြီးတဲ့ အခါ ဆေးပေးမီးယူရအောင်လို့ ပြောဆိုထင်ထားခဲ့ပေမဲ့ မိမိအိမ်ထောင် ဖက်က အရင်သေသွားရင်လည်း မိမိမှာ ဆေးပေးမီးယူမရနိုင်သလို မိမိသားသမီးများက မလိမ်မာလို့ဖြစ်စေ၊ အိမ်ထောင်ခွဲ သွားလို့ဖြစ်စေ မိမိတစ်ယောက်တည်း ဘ၀လမ်းခရီးကြမ်းကို လျှောက်လှမ်းနေရတဲ့အခါမှာ မိမိအိမ်ထောင်ပြုစဉ် က ပြောခဲ့တဲ့ ဆေးပေးမီးယူစကားဟာ ဘယ်မှာလဲလို့ ပြန်လည်သတိရလိမ့်မယ် ထင်ပါတယ်။

မိမိအိမ်ထောင်ဖက်က ဘ၀တစ်ပါးပြောင်းသွားလို့ ကျန်တဲ့သူက ဖြစ်သလိုဘ၀ကို လျှောက်လှမ်းရတာဆို ခံသာပါပေတယ်။ ဒါပေမဲ့ နှစ်ဦးလုံး အသက်ရှင်ရှိနေပါလျက် တစ်ယောက်တည်း လမ်းမပေါ်မှာ အဖော်မပါဘဲ လမ်းမလျှောက်နိုင်တာကို လမ်းလျှောက် နေရခြင်း၊ လိုင်းကားစီးတဲ့အခါ မလှုပ်နိုင်မသွားနိုင်ဖြစ်နေပေမဲ့ လျှောက်လှမ်းနေရခြင်းတွေဟာ တကယ်တမ်း မိမိအတွက် ဆေးပေးမီးယူစကားအတိုင်းဆို မဖြစ်သင့်ပါ။ အဲဒီအတိုင်းမဟုတ်လို့ ခုလို တစ်ယောက်တည်းနဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းနေကြရတာမို့ ဆေးပေးမီးယူဆိုတဲ့အကြောင်းပြချက်ဟာ မှန်ကန်မှုမရှိဘူးဆိုတာ သိသာနေပါတယ်။

တချို့က တစ်ယောက်ဆိုတစ်ယောက်၊ မင့်မှမင့်ပါဆိုပြီး ပြောဆိုတတ်ကြပေမဲ့ မိမိပြောဆိုထားတဲ့လူနဲ့ မပေါင်းသင်းရရင် လည်း တခြားလူကို စိတ်နဲ့တောင် မပြစ်မှားသင့်ပါဘူး။ ခုတော့ အဲဒီလိုမဟုတ်ကြဘဲ အပေါ်ယံခဏတာ ပါးစပ်ကနေ ပြောပြီးတာနဲ့ လေထဲမှာပျောက်သွားတတ်ကြပြီး မိမိစိတ်ကို မပိုင်ကြပါဘူး။ ဒါကြောင့် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေး ဖြစ်စေ ချစ်ခင်ဖို့၊ ဘ၀ခရီးဖော်ရဖို့၊ အိမ်ထောင်ပြုဖို့အတွက် မိမိကသာ လူပီသပါက ခဲယဉ်းသော အရာမဟုတ်ဘူးဆိုတာ သိရှိထားကြပါ။ အဓိကမိန်းဟာ ဒီဘ၀မှာ နောက်ဘ၀များစွာအတွက် ရိက္ခာကောင်းတွေ များများ စုသွားနိုင်ဖို့ပါပဲ။

အဲဒီတော့ ရခဲလှတဲ့ ဘ၀ကောင်းလေး၊ ရှိခဲ့လှတဲ့ သူတော်ကောင်းတရားလေး၊ ကြုံခဲလှတဲ့ သာသနာထွန်းကားနေ ချိန်လေးမှာ အချစ်ရေးနဲ့ ဘာသာရေးကို စဉ်းစားတဲ့အခါ ဒီဘ၀ထက် နောက်နောင်ဘ၀တွေအတွက်ကို အဓိကထား စဉ်းစားပြီး ပြုလုပ်သွားကြရမယ်ဆိုတာ မမေ့ကြပါနဲ့။ ဘာသာရေးအယူမှားမှုဟာ ဘာမှမဟုတ်ပါဘူးဆိုပြီး ဖြစ်သလိုစဉ်းစား ဆုံးဖြတ်ကာ အယူမှားမှုဘက်ကိုလိုက်သွားမိရင် မိမိတစ်ဘ၀စာ ကောင်းစားခဲ့မယ်ဆိုရင်တောင် နောက်နောင် ဘ၀များစွာမှာ ဒုက္ခများစွာ ခံစားရမှာမို့ ထိုက်တန်တဲ့ပေးဆပ်မှု မဟုတ်ဘူးဆိုတာ သေချာစဉ်းစားကြည့်ရင် သိပါလိမ့်မယ်။

ဒါကြောင့် ရခဲလှတဲ့မိမိရဲ့ဘ၀လေးကို တစ်ဘ၀စာကြည့်ပြီး ဘာသာအယူ လွဲမှားမှုများမဖြစ်အောင် သတိတရားအမြဲထာဝစဉ် ရှိနေကြပါလို့ တိုက်တွန်းရင်း စာဖတ်ပရိတ်သတ်အားလုံး အသိဉာဏ်များတိုးပွားပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ပန်းတိုင်ကို လျင်မြန်စွာ ရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးလျက်……………။
See More

Oct 3, 2013

သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ?
လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာ
ဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့

လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ်
တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ်
တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့
သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ်
တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။

ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။
လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့
အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲ့ ဆိုင်တဲ့ common ဖြစ်တဲ့
ရည်ရွက်ချက် ဖြစ်ရမယ်။
အဲဒီရည်ရွက်ချက်က ဘာလဲဆိုလို့ရှိရင် တို့များရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။
အားလုံးလဲ သိကြ၊ ရဖူးကြမှာပါ ပရိတ်ကြိးထဲက ရတနာ့သုတ်ထဲမှာ ပါပါတယ်။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို့


လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့

ဘာသာအမျိုးမျိုး အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ

မကြည့်ဘဲနဲ့ အသက်ရှိသတ္တ၀ါ အားလုံးရဲ့ ကောင်းကျိုးကို ငါဆောင်ရွက်မယ်

ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။

ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး

ဒီလို မဟုတ်ဘဲ အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ

အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။

တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်

ဒုတိယက ဥာတတ္ထစရိယ တဲ့


ဉာတတ္ထစရိယ- ဆိုတာ

ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊

(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို
ငါဆောင်ရွက်မယ်။

(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက

ကိုယ့်ဆွေကိုယ့်မျိုး များရဲ့ အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။

ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။


ဗုဒ္ဓတ္ထစရိယ- ဆိုတာ

မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်

အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ်

အတ္တတ္ထ စရိယ” လို့

အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော် ငါသည် လောကလူသား

အားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ

အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင် ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက်

လူဖြစ်လာတာ ဥာတတ္ထစရိယ အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့

အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ

အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။

အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး

သွားပြီးတော့ စိတ်မကူးနဲ့နော် ငါတိုက်ဆောက်ဖို့ ကားစီးဖို့

အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့ အဲဒါ ပြောတာ မဟုတ်ဘူး

ကိုယ်ကျိုးစီးပွားဆိုတာ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊

သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့ ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလ

မတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့


သီလဆိုတာ ဘာလဲ လို့မေးရင်

Bodily discipline and Verbal discipline. This is Sila.

Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊

Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။


ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး

Not to kill any living beings.


အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊

Not to take anything, not given by owner.


Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး

လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊


နောက် ဒုတိယ က

Verbal discipline- ပါးစပ်စည်းကမ်း


မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး

I undertake the precept not telling lie.


ရှင်းအောင် ထပ်ပြောကြစို့ ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့

မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ပပ္ပလာပ၀ါစာ လို့လာပါတယ်။

ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်

Must be true

မှန်တာကို ပြော၊ မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့

မှန်တာတွေ အကုန်လျှောက်ပြောနေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။


Must be honest

ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့


Must be polite

ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင်

မလုံလောက်သေးဘူး


Must be beneficial for others and oneself.

မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။


Must be harmonious

ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ

သွားမပြောနဲ့ ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲသွားအောင်

သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့


Must be pleasant

နားချမ်းသာ အောင်ပြောရမယ်


စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ

ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင်

မင်္ဂလ သုတ်ထဲမှာ ပါပါတယ် သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ

ဘယ်လောက်ကောင်းသလဲ စကားကိုကောင်းစွာ ပြောခြင်းသည်

သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့ ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့

အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?

ကိုးကား
သီတဂူ ဆရာတော် ဘုရား၏ တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော
တက္ကသိုလ် ဓမ္မသဘင်မှ တရားတော်များကို မှီငြမ်းရေးသားပါသည်။


အရှင်ဝရသာမိhttp://www.sbay-student.org/  
မှကူးယူဖော်ပြလိုက်ပါသည်။

အသျှင် အရှင်, ဦးပဉ္စင်း, ကိုရင် ဝေါဟာရ

တပည့်တော် အလယ်တောရဆိုတဲ့ရွာကိုရောက်တော့ အလယ်တော ဦးပဉ္စင်း
ဦးသီရိန္ဒနှင့် စပ်မိလို့ ရဟန်းတော်များရဲ့ အမည်ရှေ့မှာ အသျှင်တပ်တာ, အရှင်တပ်တာ,
ဦးတပ်တာ, ဦးပဉ္စင်းခေါ်တာနှင့် ကိုရင်ခေါ်တာများနှင့်ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့တယ်ဘုရား၊ သည်ပြဿနာကို ဦးသိရိန္ဒလည်း မဖြေနိုင်ဘူး၊ တပည့်တော်လည်း မသိဘူး၊
အရေးမကြီးသော်လည်း သည်အဖြေကလေးကိုလည်း တပည့်တော်များ
သိချင်ပါတယ် ဘုရား....

ရဟန်းတော်များရဲ့ အမည်ရှေ့မှာ (အသျှင်) တပ်တာနှင့်ပတ်သက်ပြီး

ဝါဟာရဝိပ္ပလ္လာ လက္ခဏဒီပကကျမ်း ၁၈၇-မှာ သာမိပုဒ်က သျှင်-ဖြစ်လာကြောင်း
ဖော်ပြထားတယ်၊ သာမိဆိုတာ သံ ဓနံ အဿတ္ထီတိ သာမိ ဆိုတဲ့ တဒ္ဓိတ်ဝိဂြိုလ်အတိုင်း
ဥစ္စာရှိသူ (သို့မဟုတ်) ဥစ္စာရှင် (သို့မဟုတ်) အစိုးရသော အရှင်သခင်ဆိုတဲ့ အနက်သခင်ဆိုတဲ့ အနက်ကိုဟောတယ်၊ အမှန်ကတော့ အရှင်သခင် ဟောတဲ့ပုဒ်ဟာ
သာမိတစ်ပုဒ်တည်းသာမကဘူး၊ မဂဓအဘိဓာန် ဂါထာနံပါတ် ၇၂၅-မှာ (ဣဿရ)၊
(၂) နာယက၊ (၃) နယက၊ (၄) ပတိ၊ (၅) ဤသာ၊ (၆) အဓိပတိ၊ (၇) ပဘူ၊ (၈) အယ်၊
(၉) အဓိပ၊ (၁၀) အဓိဘူ၊ (၁၁) နေတု - ရယ်လို့ ပုဒ်ပေါင်း ၁၁-ပုဒ်ရှိတယ်၊
သည် ၁၁-ပုဒ်ထဲ သျှင် အသံနှင့် နီးကပ်တာဟာ သာမိနှင့် အယျ နှစ်ပုဒ်ဖြစ်တယ်ကွယ့်၊
ဒါကြောင့် သျှင်ဟာ သာမိက ဆင်းသက်တယ်၊ အယျကဆင်းသက်တယ်၊ ဒါမှမဟုတ် မြန်မာစကားစစ်စစ် ဖြစ်တယ်ဆိုတာ အတိအကျ မပြောနိုင်သော်လည်း
အတော်ရှည်ကြာဝေးတဲ့ ကာလကစအပြုပြီး သျှင်ဆိုတဲ့ပုဒ်ဟာ အကြီးအကဲ
အထွက်အမြတ် ရသေ့ရဟန်းများကို ဟောတဲ့ ပုဒ်ဖြစ်ကြောင်းကိုတော့ သိသာသကွယ့်

"ဘယ်လိုအထောက်အထားရှိလို့ပါလဲ ဘုရား"

"အထောက်အထားကတော့ အခြားမဟုတ်ပါဘူး၊ သင်္ကန်း, သင်ခမ်း, သင်ပုတ်ဆိုတာပဲကွယ့်”

“သင်္ကန်းဆိုတာ ရဟန်းများဝတ်တဲ့ သင်္ကန်းလားဘုရား”

“ဟုတ်ပါတယ်၊ ရဟန်းများဝတ်တဲ့ သင်္ကန်းပါပဲ၊ အဲသည်သင်္ကန်းဆိုတဲ့ ပုဒ်ကို စဉ်းစားကြည့်စမ်း၊
သင်က ဘာကိုဟောသလဲ၊ ကန်းက ဘာကိုဟောသလဲ သိသလား”

“မသိပါ ဘုရား”

“မှတ်ထားကွယ့်၊ သည်နေရာမှာ သင်ဆိုတာ ရဟန်းကိုဟောပြီး
ကန်းဆိုတာက အဝတ်အထည်ကို ဟောတယ်”

“ကန်းက အဝတ်အထည် ဟောတယ်ဆိုတာ ဟုတ်ပါ့မလား ဘုရား”

“ကန်းက အဝတ်အထည်ကို ဟောမဟော ရက်ကန်းကို စဉ်းစားကြည့်ပေါ့ကွယ်၊
ရက်ဆိုတာ ရက်လုပ်တယ်၊ (သို့မဟုတ်) ချည်များကို ဟိုမှသည်မှ (ရှက်)တယ်၊
(ရှုပ်ရှက်) ကန်းဆိုတာက အဝတ်အထည် သို့မဟုတ် (ချည်)လို့ သဘောမရဘူးလား”

“မှန်ပါ - ရပါတယ် ဘုရား”

“အေး - ဒါကြောင့် ကန်းက အဝတ်အထည်ကို ဟောတယ်လို့ ပြောတာပေါ့ကွယ်”

“ဟို-သင်ခမ်းဆိုတာကတော့ ဘုရား ဘာများလဲ”

“သင်ခမ်းဆိုတာ ရသေ့ ရဟန်းများနေတဲ့ ကျောင်းငယ်ကိုဆိုလိုတယ်”

“သင်ပုတ် ဆိုတာ ကကောဘုရား”

“သင်ဆိုတာ အထွက်အမြတ်ဖြစ်တဲ့ ဘုရား, တရား, သံဃာကို ဟောပြီး
ပုတ်ဆိုတာ (ပူဇာ=ပုဇ်) ပူဇော်ခြင်းကိုဟောတယ်၊ သင်ပုတ်ဆိုတော့ အထွက်အမြတ်ကို
ပူဇော်ခြင်းလို့ အဓိပ္ပာယ်ရတယ်၊ သင်ပုတ်ခွက် သက်ပုတ်ပလ္လင်ဆိုတာ သိတယ် မဟုတ်လား”

“သိကြောင်းပါ ဘုရား”

“အဲသည် သင်ပုတ်ခွက် သင်ပုတ်ပလ္လင်ဆိုတာ အထွက်အမြတ်ကို ပူဇော် ပြီးတဲ့
စားဖွယ်သောက်ဖွယ်များ စွန့်ပစ်တဲ့နေရာပဲ မဟုတ်လားကွယ့်”

“ဟုတ်ပါတယ် ဘုရား”

“အေး-ဒါကြောင့် (သင်)ဆိုတဲ့ပုဒ်ဟာ အတော်ရှည်ကြာဝေးတဲ့ ခေတ်ဆီကစပြီး ရဟန်း, မင်း စတဲ့ အထွက်အမြတ် ဟောပုဒ်တစ်ခုဖြစ်ခဲ့တယ်ကွယ့်
အဲသည် ကြာရှည်ဝေးတဲ့ ခေတ်ဆိုတာကို မှန်းဆသိဖို့ အထောက်အထားများ ရှိပါသလား ဘုရား
ရှိတာပေါ့ကွယ်၊ သက္ကရာဇ် ၄၇၄-ခုနှစ်မှာ ကျန်စစ်သားမင်းရဲ့ သားတော် ရာဇကုမာရမင်းသားရေးထိုးခဲ့တဲ့ နာမည်ကျော် မြစေတီကျောက်စာ စာကြောင်းရေ ၂၂-၂၃-၂၄-၂၅ တို့မှာ သင်ဂြီမဟာထေရ်၊ သင်ဂြီမုဂ္ဂလိပုတ္တတိဿတ္ထေရ်၊ သင်ဂြီသင်္ဃသေနဝရပဏ္ဍိတ် လို့ ရေးထိုးထားတယ်၊ နို့ပြီး သက္ကရာဇ် ၄၈၂-ခုနှစ်ထိုး သက်ကြီး ငါက္တေ ဂံသင်ကျောက်စာ ဒုတိယစာကြောင်း မှာလည်း သင်ဂြီ ငါက္တေဂံလို့ ရေးထိုးထားတယ်ကွယ့်
မှန်ပါ-ကျောက်စာပါ သင် ဆိုတာကတော့ ဟုန်ပါပြီ ဘုရား၊ ဂြီ ဆိုတာက ဘာကို ဆိုလိုပါသလဲ ဘုရား
ဂြီရဲ့ ယနေ့ရေးထုံးကတော့ (ကြီး)ပေါ့ကွယ်၊ အကြီးအကဲလို့ ဆိုလိုတာပါပဲ၊ ရဟန်းကြီးမို့ (သင်ဂြီ) လို့ ရေးထားပါပဲ
ရဟန်းငယ်ကိုတော့ ကျောက်စာမှာ ဘယ်လိုရေးထိုးသလဲ ဘုရား
ရဟန်းငယ်ကိုတော့ (သင်လျှင်) လို့ ရေးထိုးတက်တယ်ကွယ့်
ဒါထက် မဆိုင်တာလျှောက်တယ်လို့တော့ ထင်တော်မမူပါနှင့်၊ သင်တုန်းဓားဆိုတဲ့ စကားမှာ ပါဝင်တဲ့(သင်)ဆိုတဲ့ ပုဒ်ကတော့ ရသေ့ရဟန်း ဟောပါပဲလား ဘုရား
သင်တုန်းဓားမှာပါဝင်တဲ့ သင်ကိုတော့ ရသေ့ရဟန်းဟောတဲ့ပုဒ်လို့ မထင်ဘူး၊ သုတ်သင်ဆိုတဲ့ပုဒ်မှာ ပါရှိတဲ့ သင်-လို့ ထင်သကွယ့်
သုတ်သင်ဆိုတော့ ဘယ်လိုအနက်ထါက်သလဲ ဘုရား
သုတ်ဆိုတာ (သုဓဓာတ်) အနက်က သုစိ-စင်ကြယ်ခြင်းအနက်၊ သောဓန-သုတ်သင်ခြင်းအနက်ကိုဟောတယ်၊ သင်ဆိုတဲ့ ကြိယာကတော့ ရှင်းလင်းပစ်ခြင်းဆိုတဲ့ မြန်မာစကားပဲ၊ အခွံသင်တယ်ဆိုတဲ့ ပုဒ်မှာပါတဲ့ သင်-နှင့် အဓိပ္ပာယ်တူသပေါ့၊ ဒါကြောင့် သုတ်သင်ဆိုတာ စင်ကြယ်အောင် ရှင်းလင်းပစ်တယ်လို့ အဓိပ္ပာယ် ရရှိသကွယ့်
သင်က သျှင်-ဖြစ်လာပုံကိုလည်း အမိန့်ရှိပါဦး ဘုရား
မြန်မာစကားနယ်ပယ်မှာ (ယ)အသံဟာ အဖြည့်အစွက်သဘောမျိုးနှင့် ပါဝင်လာတက်တယ်၊ ဥပမာမှာ ပညာ, ပညောင်ပင်ဆိုတဲ့စကားကို ကြည့်ပေါ့၊ ရေးသားထားတာက (ပ)ဖြစ်မှန်းသိလျက်နှင့် ဖတ်တော့ ပြင်ညာ၊ ပြင်ညောင်ပင်၊ ပြည်ညောင်ပင်လို့ ဖတ်တက်ကြတယ်၊ ထို့အတူ သင်္ဂဟကို သင်္ဂြိုလ်, သင်္ကန္တကို သင်္ကြန်, ပက္ခဒိန် ပြက္ခဒိန်ရယ်လို့ ရေးသားပြောဆိုနေကြခြင်းဟာလည်း အဖြည့်အစွက် သဘောမျိုးနှင့် ယ-အသံဟာ အလိုအလျောက် တိုးဝင်လာတယ်၊ သ-နှင့် ယ ပူးကပ်သွားလျှင် စာရေးတော့(သျှ)ဖြစ်သွားတယ်၊ အသံ ထွက်တော့ သယလို့မထွက်ဘူး၊ (ယှ)လို့ ထွက်တယ်၊ ဒါကြောင့် ရှေးဦးစွာ သျှင်ရေးရာမှာ ယခုခေတ်လို ဟထိုးမပါသေးဘူး၊ (သျ)လို့သာ ရေးတယ်၊ ဥပမာပြပါဆိုလျှင်-
(၁) ထိလိုင်အသျင် ကလန်စစ်သည်။ (၄၇၃-ခု၊ လှည်းထောင်ဘုရားကျောက်စာ)
(၂) သျင်မင်းကြီပေသော။ (၅၅၆-ခု၊ သုဘရာဇ် ကျောက်စာ)
(၃) သျင်တပြည်၊ တိဿတ္ထေရ။ (၅၆၈-ခု၊ မောင်းမခင်မိငယ်ကျောက်စာ)
(၄) သျင်ဒိသာပြာမုတ်။ (၆၄၇-ခု၊ ဒိသာပြာမုတ်ကျောက်စာ)-
ယခုပြောတာက သျှင်-မှာ မူလက ဟထိုးမပါသေးဘူးဆိုတဲ့ ဥပမာပဲကွယ့်၊ နောက်တော့ သျှ-ဟာ ယှ-အသံထွက်သော်လည်း ဟထိုးမပါတဲ့အတွက် စိတ်ထဲမှာ လေးလေးနက်နက်မရှိကြဘူး။ ဒါကြောင့် လေးလေးနက်နက်ဖြစ်သွားအောင် ဟထိုးထည့်ပြီး(သျှင်)လို့ ကျောက်စာများမှာ ရေးထိုးခဲ့ကြတယ်၊ ဥပမာမှာ သက္ကရာဇ် ၇၇၀-ခုနှစ်ကထိုးတဲ့ တန်ဆောင်းကျောင်း ကျောက်စာမှာ (ငါ၏ချစ်လင် ဆင်ဖြူသျှင်) လို့ ရေးထိုးသလိုပေါ့ကွယ်၊ ရှေးကျောက်စာများမှာ ယခုဘုန်းကြီးကို ဖုံးမြတ်စွာလို့လည်းရေးတယ်၊ သင်ကြီးလို့လည်းရေးတယ်၊ သခင်လည်းရေးတယ်၊ အသျှင်လည်းရေးတယ်၊ မူလက(သျှင်)ဆိုတဲ့ ပုဒ်ဟာ နောက်အခါ ဝိသေသနပုဒ်တပ်ပြီး (အသျှင်) လို့ ရေးခဲ့ကြတယ်ကွယ့်
အသျှင်-အရှင်
အသျှင်ဆိုတဲ့ပုဒ်ရဲ့ အစမှာ ရောက်လာတဲ့(အ)က ဘယ်လိုအနက်ထွက်ပါသလဲ ဘုရား
အဘိုး-အဘေး-အဘွား-အမိ-အဖ-အစ်ကို တို့မှာပါတဲ့(အ)ပုဒ်ဟာ မူလက(အစ်)ဆိုတဲ့ပုဒ်တဲ့ကွယ်၊ အခုထိ အစ်ကို အစ်မလို့ရေးကြသေးတယ်မဟုတ်လား၊ အစ်ဆိုတာ ယခုအခါ (ချစ်)ဆိုတဲ့ပုဒ်ပဲ၊ ဒါကြောင့် အသျှင်ရဲ့အစမှာပါတဲ့ အ-ရဲ့အနက်ဟာ (ချစ်သော) လို့ အဓိပ္ပာယ်ရတယ်၊ ဒါကြောင့် အစ်ကို, အစ်မ, အမေ, အဖေ, အသျှင်တို့ရဲ့ အနက်ဟာ ချစ်သောကို, ချစ်သောမမ, ချစ်သော မေမေ, ချစ်သောဖေဖေ၊ ချစ်သော အရှင်လို့ ဆိုလိုရင်းဖြစ်တယ်ကွယ့်
သည်လိုဆိုတော့ အလွန်ယျဉ်ကျေးလှပါတယ်၊ ဒါနဲ့ အခုခေတ်ရေးကြတဲ့ အရှင်ဆိုတာကကော အသျှင်နှင့် ဘယ်လိုကွာခြားပါသလဲဘုရား
အရှင်-ဆိုတာကတော့ (ပိုင်ရှင်) ဆိုတဲ့ အနက်မှာ ထင်သကွယ့်၊ ဥမ္မဒန္တီပျို့ ၆၆-မှာ (မိဘ သခင်၊ ရေမြေ့ရှင်နှင့်၊ အသျှင်တို့မှ) လို့ ရှင်နှင့် သျှင်ကို ခွဲထားစပ်ထားတယ်၊ ရှင်ကပိုင်ရှင်, အသျှင်က ရဟန်းလို့ အဓိပ္ပာယ်ရတယ်၊ သုဝဏ္ဏသျှံပျို့ သစ္စာခန်း ၂၈-မှာလည်း-
ဣသိမြတ်စင်၊ ရသေ့သျှင်လည်း၊ နတ်ရှင်ရန်နှင်း၊ ထိုသည့်မင်းနှင့် လို့ သျှင်နှင်ရှင်ကို ခွဲထားစပ်ထားသေးတယ်၊ သျှင်က ရသေ့ကိုဟောပြီး ရှင်က နတ်တို့၏ပိုင်ရှင်လို့ပဲအဓိပ္ပာယ်ရတယ်၊ သို့သော်လည်း ရှေးဟောင်းကျောက်စာများကို လေ့လာဖတ်ရှုကြည့်တဲ့အခါ ရှေးဦးစွာ (သင်)ဆိုတဲ့ပုဒ်က (သျှင်)ဖြစ်လာတယ်၊ နောက် ဟထိုးမပါတဲ့(သျင်)က ဟထိုးပါတဲ့ (သျှင်)ဖြစ်လာတယ်၊ သျှင်နှင့် ရှင်တို့ဟာ အသံထွက်ချင်းတူညီကြတယ်၊ ဒါကြောင့် နောင်အခါသျှင်အစား ရှင်တို့လည်းရေးသားကြပြန်တယ်၊ သက္ကရာဇ် ၈၀၄-ခုနှစ်ထိုး ပုဂံမြို့ တက်နွယ်ကျောင်းကျောက်စာမှာ (ဖုရာရှင် ဟောသတရာ) လို့ ရေးထိုးပြီး ၈၁၃-ခုနှစ်ထိုး ပုဂံမြို့ ရွှေစည်းခုံစေတီကျောက်စာမှာ (ရွှေနန်းသိခင်ဖုရာရှင်)လို့ ရေးထိုးထားတယ်ကွယ့်၊ ဒါကြောင့် သျှင်နှင့်ရှင်ဟာ အသံချင်းတူညီသလို အဓိပ္ပာယ်ချင်းလည်းတူညီတယ်လို့ ယူဆတယ်၊ သည်နေရာမှာ ရှင်သုံးနှုန်းပုံ ပြန့်ပြန့်ကျယ်ကျယ်သိရအောင် နည်းနည်းလောက်ချဲ့ပြီးကြည့်ကြဦးစို့
ရှင်ပင်, ရှင်တော်ဘုရား, ဘုရားရှင်, ရှင်စောမြတ်စွာ သည်စကားလုံးတွေမှာ ပါဝင်တဲ့ ရှင်က ဘုရားရှင်ကို ဟောတယ်ကွယ့်၊ ရှင်ဆိုး, ရှင်ပျက်, ရှင်ကောင်း, ရှင်မွန်, ရှင်ယောင်, ရှင်ပြု, မောင်ရှင်, ရှင်လောင်း, ရှင်လူထွက်, ရှင်လိင်ပြန် သည်စကားလုံးတွေမှာ ပါဝင်တဲ့ ရှင်က ရဟန်းရှင်သာမဏေကို ဟောတာကွယ့်၊ ရှင်ဘုရင်, အရှင်သခင်, အရှင်မ, အရှင်မင်းကြီး, အရှင်ကောင်း, ရှင်မ-သည်စကားလုံးများပါဝင်တဲ့ရှင်က အစိုးရကခြင်း(သာမိ) အနက်ကိုဟောတယ်ကွယ့်၊ အရှင်, အသေ, ရှင်သန်ခြင်း-သည်ပုဒ်များမှာ ပါဝင်တဲ့ ရှင်က လှုပ်ရှားခြင်းအနက်ကို ဟောတယ်ကွယ့်
ခေါ်လိုက်လျှင် မိန်းမများပြန်ထူးသံ(ရှင်)ကကော ဘယ်အနက်ထွက်ပါသလဲဘုရား
အစ်ကိုဖြစ်သူက ညီမရေလို့ခေါ်လိုက်လျှင် ညီမလေးက ရှင်မထူးဘဲ အစ်ကိုရေလို့ ပြန်ထူးတာကြားဖူးရဲ့လား
မှန်ပါ-ကြားဖူးပါဘုရား
အခေါ်ခံရတဲ့သူက ခေါ်တဲ့သူနာမည်ကိုပြန်ခေါ်ပြီး တုံ့သံသေးသလို သည်နေရာမှာလည်း မိမိကိုခေါ်တဲ့သူကို အရှင်သခင်သဘောထားပြီး (ရှင်)လို့ ကျိုးကျိုးနွံနွံပြန်ထူးတာပါပဲ၊ သည်ရှင်နဲ့အနက်ကလည်း အရှင်သခင်အနက်ပါပဲကွယ့်
ဦးပဉ္စင်း ကိုရင်
သျှင်-ရှင်ရဲ့ သဘောကိုတော့ သဘောကျသွားပါပြီ ဘုရား၊ ရဟန်းတော်များ ရှေ့မှာတပ်တဲ့
(ဦး)ရဲ့ အဓိပ္ပာယ်ကိုလည်း အမိန့်ရှိပါဦးဘုရား
ဦး-ဆိုတာ ဦးဦးဖျားဖျားပေါ့ကွယ်၊ သူတစ်ပါးထက် ဦးစွာဖြစ်သူဟာ (ဦး)ပဲပေါ့၊ လူသားများမှာ မိမိထက်ဦးစွာဖွားမြင်သူ, မိမိထက်အသက်အရွယ်ကြီးသူလို့တင်စားပြီး အသက်ကြီးသူများကို ဦးဖြူ ဦးမည်းခေါ်သလို ရဟန်းတော်များကိုလည်း မိမိထက်အသက်ဂုဏ်၊ သီလဂုဏ်ကြီးများသူလို့ ယူဆပြီး (ဦး) တပ်ခေါ်ဝေါ်ကြတာပါပဲ၊ တစ်နည်းပြောရမယ်ဆိုလျှင် ဦးစီးဦးကိုင်, ဦးခေါင်း, အိမ်ဦး, လှေဦး, ဦးခန်းများမှာ ပါဝင်တဲ့(ဦး)ဟာ မြင့်မြတ်တဲ့ အနက်ကိုဟောသလို မိမိထက်မြင့်သူလို့ တင်စားပြီး (ဦး)တပ်ခေါ်ဝေါ်ကြခြင်း ဖြစ်တယ်ကွယ့်
သာမေဏကို ကိုရင်ခေါ်တာလည်း အမိန့်ရှိပါဦးဘုရား
ကိုရင်ဆိုတဲ့ စကားနှစ်လုံးအနက် ကို-ဆိုတာ မိမိထက်ဦးစွာမွေးဖွားတဲ့ (အစ်ကို)လို့ တင်စားတဲ့စကားလုံးပါ၊ လူသားလောကမှာ ဦးကြီး-ဦးလေးတို့လောက်မကြီးသေးတဲ့ နောင်တော်အရွယ်ကို ကိုမည်း-ကိုဖြူလို့ ကိုတပ်ပြီးခေါ်သလို သာမဏေကိုလည်း ထို့အတူ ကို-တပ်ပြီးခေါ်တာပါပဲ၊ အထူးအဆန်းမဟုတ်ပါဘူး၊ ရင်-ဆိုတာကတော့ အထက်ကပြောခဲ့တဲ့(ရှင်)နှင့် အဓိပ္ပာယ်တူ ရသေ့ရဟန်းဟောပုဒ်ပါပဲ၊ နောက်တော့ သာမဏေများအပေါ် တင်စားမှုကြာမြင့်သွားတဲ့အတွက်(ရှင်)ဆိုလျှင် သာမဏလို့ သိနေကြတယ်၊ မူလက ရှင်ပုဒ်ဟာ မြန်မာလူမျိုးများရဲ့ လေပေါ့သုံးနှုန်းမှုကြောင့် ဟထိုးပျောက်ပြီး (ရင်)ဖြစ်လာတယ်၊ ဒါနရှင်, သီလရှင်ကို ဒါနရင်, သီလရင် ခေါ်ဝေါ်သလိုပေါ့ကွယ်၊ ဒါကြောင့် (ကိုရင်)ဆိုတဲ့ ပုဒ်စပ်အဓိပ္ပာယ်ကို အစ်ကိုသာမဏေလို့ပဲ မှတ်တော့တာပေါ့
မှန်ပါ-ဝမ်းသာလှပါတယ်၊ ပဉ္စင်းရဲ့ အဓိပ္ပာယ်ကိုလည်း ဖြေရှင်းပေးတော်မူပါဦး ဘုရား
ရဟန်းဖြစ်မြောက်ဖို့အတွက် အင်္ဂါ ငါးပါးရှိသကွယ့်၊ အင်္ဂါ ငါးပါးက (၁) ရဟန်းလောင်းတည်းဟူသော ဝတ္ထု၊ (၂) ဉ တ်၊ (၃) ကမ္မဝါစာ၊ (၄)သိမ်၊ (၅) ပရိသတ်များဖြစ်ကြတယ်၊ သည်အင်္ဂါငါးပါးပြည့်စုံမှ ရဟန်းဖြစ်တယ်၊ အင်္ဂါ ငါးပါးအနက် တစ်ပါးပါးချို့ယွင်းလျှင် ရဟန်းမဖြစ်ဘူး၊ ဒါကြောင့် ရဟန်းလောင်းကိုဆုံးမတဲ့အခါ (ဝတ္ထု, ကမ္မဝါ၊ ဆရာ,သိမ်,ဉ တ်, ပရိတ်ကြောင့်၊ ရအပ်လေကြောင်း၊ ပဉ္စင်းလောင်း)လို့ ဆိုကြရတယ်၊ သည်အင်္ဂါ ငါးပါးပြည့်စုံမှ ရဟန်းအဖြစ် ရောက်တဲ့အတွက် ရဟန်းတော်များကို (ပဉ္စင်္ဂ)လို့ခေါ်ကြသတဲ့ကွယ်၊ အဲဒီပဉ္စင်္ဂပုဒ်ကိုပင် နောက်ဆုံး ဂငယ်အက္ခရာကိုဖျောက်ပြီး ပဉ္စင်း၊ ပဉ္ဇင်းလို့ခေါ်ကြတယ်လို့ဆိုကြတယ်ကွယ့်၊ သို့သော်လည်း ပဉ္စင်္ဂပါဌ်ကပျက်ပြီး (ပဉ္စင်း)ဖြစ်လာတယ်ဆိုတာကို မြန်မာစကားစိစစ်ကြတဲ့ ပုဂ္ဂိုလ်များက မကြိုက်ကြဘူးကွယ့်
ဘာကြောင့် မကြိုက်ကြတာတဲ့လဲဘုရား
မကြိုက်ကြတာက ပဉ္စင်းဆိုတဲ့စကားဟာ ပါဠိပျက်မဟုတ်၊ မြန်မာစကားစစ်စစ်လို့ ယူဆကြတဲ့အတွက်ကြောင့်ပေါ့ကွယ်
မြန်မာစကားဆိုလျှင် ဘယ်လိုအနက်ထွက်သတဲ့လဲဘုရား
မြန်မာစကားဟာ ဧကဝဏ္ဏ အက္ခရာတစ်လုံးတည်းသာရှိတဲ့ စကားတဲ့၊ အကယ်၍ အက္ခရာနှစ်လုံး၊ သုံးလုံးတွဲစပ်နေလျှင် အက္ခရာတစ်လုံး၊ တစ်လုံးမှာအနက်တစ်ခုစီ၊ တစ်ခုစီရှိသတဲ့၊ ယခု ပဉ္စင်းပုဒ်မှာ အက္ခရာနှစ်လုံး တွဲနေတယ်၊ အဲသည် နှစ်လုံးတွဲအနက်(ပဉ်) ဆိုတာဟာ မူလပုဒ်ရင်းက(ပန်)တဲ့ကွယ်၊ ပန်ဆိုတဲ့ မြန်မာစကားက ပိုင်ဆိုင်ခြင်းအနက်ကို ဟောသတဲ့၊ (စင်)ဆိုတာက (သျှင်)နှင့် အတူတူပဲတဲ့၊ သျှနှင့် စ,ဆ တို့ဟာ အသံချင်းတူသတဲ့၊ ဒါကြောင့် သျှင်က စင်ဖြစ်လာတယ်လို့ယူဆကြတယ်၊ သျှင်ဆိုတာကတော့ ပြောခဲ့ပြီးတဲ့ အတိုင်း အကြီးအမြတ်၊ ရဟန်း, သာမဏေ, ရသေ့တို့ကို ဟောတာပဲကွယ့်၊ အခုခေါ်နေကြတဲ့ ဆင်ဆိုတဲ့ သတ္တဝါရဲ့ ဗျူပ္ပတ်ဟာလည်း သျှင်က ဆင်ဖြစ်တဲ့ အတွက် အကောင်ကြီးလို့ ဆိုလိုသတဲ့၊ ဒါကြောင့် ပင်စင်ဆိုတာ စိုးပိုင်သော ရဟန်း ကြီးမြတ်သောရဟန်းလို့ ဆိုလိုသတဲ့၊ အဲသည် ပင်စင်ကရွေ့လျောပြီး (ပဉ္စင်း) ဖြစ်လာတယ်လို့ ယူဆကြတယ်၊ ဒါပေမယ့် ယခုတော့ အင်္ဂါငါးပါး နှင့်ပြည့်စုံသော (ပဉ္ဇင်္ဂ)က ပဉ္စင်းဖြစ်လာတယ်ဆိုတာကို အများက လက်ခံ အတည်ပြုထားကြတယ်ကွယ့်၊ ဘယ့်နှယ်လဲ၊ နားရှင်းပါရဲ့လား
မှန်ပါ-ရှင်းပါတယ် ဘုရား၊ သာဓု- သာဓု- သာဓု http://www.ashinsami.com/2012/08/blog-post_20.html

ကိုးကွယ်ခြင်းနှင့် ကျင့်သုံးခြင်း


ဇာတံသရဏတောဘယံ၊ကိုးကွယ်ရာမှဘေးဖြစ်တတ်သည်ဟူသောဗုဒ္ဒစကားတော်အရသတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာရောက်ခဲ့ကြသည်၊ ရောက်နေကြသည်၊ ရောက်ကြလိမ့်ဦးမည်။    

  သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာအဖြာဖြာကို လိုလားတော့တာသောကြောင့်လည်း ကိုးကွယ်ရာရှာ ကြသည်။ ဘေးအန္တရာယ်တစ်ခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာရှာကြသည်။

ကိုးကွယ်ရာရသောအခါထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးတို့ကို ပေးလိမ့်မည်ဟူ၍လည်းကောင်း၊ ဘးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်းကောင်း ယုံကြည်သည်။

သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက်ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီးမစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည်ဖြစ်သည်။

ဒီဘက်ကမ်းမှ မြစ်ကိုဖြတ်၍ ဟိုဘက်ကမ်းသို့သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန်ကူးရမည်သာဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်းမရောက်ပေ။ 

ရောဂါအနာစွဲကပ်သူသည်ဆရာဝန်ကိုရှိခိုးရုံဖြင့်အနာရောဂါမပျောက်ပေ။ဆရာဝန်ညွှန်ပြသည့်ဆေးကို  သောက်ရမည်သာဖြစ်သည်။ဆရာဝန်တားမြစ်သည်ကို လိုက်နာရမည်သာဖြစ်၏။ သို့မှ အနာရောဂါပျောက် ပေမည်။ 

သစ်သီးစားချင်လျှက်သစ်ပင်ပေါ်မတက်ဘဲသစ်ပင်ကိုရှိခိုးနေသလိုဟိုဘက်ကမ်းသွားချင်လျှက် လှေရှာ၍မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို အနာရောဂါပျောက်လိုလျှက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့ သည် ကိုးကွယ်ရာအမှန်ကို မရကြသည့်အတွက် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြပေသည်။

သီတဂူဆရာတော်၏ ဗုဒ္ဒနှင့် ဗုဒ္ဒ၀ါဒ မှ ကောက်နှုတ်ချက်

Sep 18, 2013

ဂရုဓမ္မာအခါတော်နေ့

အခါတပါး၌ ဘုရားအလောင်းသည် ကုရုတိုင်း ဣန္ဒပတ္ထမြို့ တွင် ကုရုမင်း၏ မိဘုရားခေါင်ကြီး ၀မ်း၌ ပဋိသန္ဓေတည်၍ ဖွားမြင်တော်မူပြီး မင်းကျင့်တရားဆယ်ပါးနှင့်ပြည့်စုံသော ဓနဉ္စယအမည်ရှိသော မင်းပြုလေသည်။ ထိုမင်းဟာ မြို့တံခါးလေးပေါက်၊ မြို့လယ်နှင့် နန်းတော်တို့တွင် မဏ္ဍပ်ကြီးများ ဆောက်လုပ်ပြီး နေ့စဉ်ပေးလှူခဲ့သည်။ ထိုမင်းသည် ပေးလှူခြင်း၌ မွေ့လျော်သောသတင်းသည် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး၌ ပျံ့နှံ့နေသည်။ ကုရုတိုင်းမှာ နေထိုင်ကြတဲ့ ရှင်ဘုရင် နဲ့ တကွသော တိုင်းသူ ပြည်သားတွေဟာ ငါးပါးသီလ ကို လုံခြုံစွာဆောက်တည်နိုင်ကြတဲ့ အတွက် မိုးလေဝသ ရာသီ ဥတုမှန်ကန်ပြီး အစာရေစာ ပေါများကာ သာယာဝပြောလျက် ကပ်ကြီး သုံးပါးမှ လွတ်မြောက်ကြပါတယ်။ အဲဒီ အချိန်မှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကလိင်္ဂ တိုင်းမှာ မိုးခေါင်ရေရှား အစာရေရှားပါးခြင်း=ဒုဗ္ဘိ က္ခန္တရ ကပ် ၊ အနာရောဂါတွေ ဖြစ်ပွားခြင်း=ရောဂန္တရကပ် ၊ လက်နက်ဖြင့် လုယက်နှိပ်စက်ခြင်း=သတ္တန္တရကပ် တည်းဟူသော ကပ်ကြီးသုံးပါး ဆိုက် ရောက်နေခဲ့တယ်။ အဲဒီအချိန်မှာ အိမ်နီးချင်း--ကုရုတိုင်း မှာ မိုးလေဝသ မှန်တာကတော့ အဉ္စနသန္နိဘ ဆင်ဖြူတော်ကြီး ရှိလို့ဖြစ်မှာပဲ လို့ယူဆ ကြပြီး အလှူခံ ကြ ပါတယ်။ ဆင်ဖြူတော် ရရှိခဲ့သော်လည်းမိုးကမရွာတော့မှ ပြန်ဆန်းစစ်ရပါတယ်။ အမှန်မှာ ကတော့ ကုရုတိုင်းနေ လူ အပေါင်းတို့ ကျင့်သုံးနေတဲ့ ငါးပါးသီလ-ကုရုဓမ္မ ကြောင့် ဖြစ်တယ်ဆိုတာ နောက်တော့မှ အမှန်သိမြင် သွားကြပါတယ်။ အဲဒီတော့မှ ကုရုတိုင်းမှာ ကျင့်သုံးကျတဲ့ ဂုရုဓမ္မ ကိုရွှေ ပြားနဲ့ကူးယူ ကြရန် ကိုယ်စားလှယ်တော်များစေလွှတ်ခဲ့ပါတယ်။ ရွှေပြားမှာ ရေးသားထားတဲ့ ငါးပါးသီလတော်မြတ်ကို ကလိင်္ဂ တစ်တိုင်း တစ်ပြည်လုံးကျင့်ကြံအားထုတ် ကြလို့ ရာသီ ဥတု မှန်ကန်ပြီး သာယာဝပြောလာ ခဲ့တာ၊ကပ်ကြီးသုံးပါးကို လည်းကျော်လွှားနိုင်ခဲ့ ပါတယ်။ ဒီဇတ်တော်ကို မြတ်စွာဘုရားဟာ တော်သလင်းလပြည့်နေ့မှာ ဟောကြားခဲ့တအတွက် အဲဒါကြောင့်ဒီနေ့ကို ဂုရုဓမ္မာအခါတော်နေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ အဲဒါကြောင့် စာဖတ်သူသူတော်ကောင်းများအနေနဲ့ ယနေ့မှစပြီး ငါးပါးသီလကိုလုံခြုံစွာစောင့်ထိန်းကြပါလို့ တိုက်တွန်းမျှဝေလိုက်ပါတယ်။

Sep 11, 2013

ဗုဒ္ဓနှင့် ဒေ၀ဒတ် တို့၏ နိုင်ငံရေး သဘောထားများ

ဗုဒ္ဓဘုရားရှင်၏ နိုင်ငံရေး သဘောထားအနေနှင့် ရာဇောဝါဒ သုတ္တန်လာ မင်းကျင့်တရား ၁၀ မှာ လူသိများထင်ရှား ပြီးသား ဖြစ်ပါသည်။ ထို ၁၀ ချက်အပြင် မဟာပရိနိဗ္ဗာနသုတ္တလာ ဒီမိုကရေစီနိုင်ငံတော်၏ မရှူံးနိမ့်ကြောင်း အပရိဟာနိယတရား (၇) ပါး ကိုလည်း ဖေါ်ပြလိုက်ပါသည်။

မင်းကျင့်တရား (၁၀) ပါး
၁) စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းခြင်း။
၂) ငါးပါး၊ ဆယ်ပါး စသော သီလဆောက်တည်ခြင်း။
၃) အမှုထမ်းတို့အား ထိုက်သင့်သလို ပေးကမ်း ကြည့်ရှုခြင်း။
၎) ကောက်ကျစ်စဉ်းလဲခြင်းမရှိ၊ ရိုးသားဖြောင့်မတ်ခြင်း။
၅) အမူအရာ အပြောအဆို နူးညံ့သိမ်မွေ့ခြင်း။
၆) ကောင်းမြတ်သောအကျင့်ကို ကျင့်ကြံခြင်း။
၇) သတ္တ၀ါအပေါင်းကို ရန်ငြိုးအမျက်မရှိ ချမ်းသာစေခြင်း။
၈) သတ္တ၀ါအပေါင်းကို နှိပ်စက်ခြင်းမပြုဘဲ သနားညှာတာခြင်း။
၉) ကိုယ်နှုတ်တို့ဖြင့် မရိုမသေလွန်ကျူးသည်ကို သည်းခံခြင်း။
၁၀) ရဟန်း၊ ရှင်၊ လူ၊ မှူးမတ်၊ ပြည်သူတို့နှင့် ဆန့်ကျင်သည်ကို မပြုခြင်း။
(ရာဇောဝါဒ သုတ္တန်)

ဒီမိုကရေစီနိုင်ငံတော်၏ မရှူံးနိမ့်ကြောင်း အပရိဟာနိယတရား (၇) ပါး
၁။ မပြတ်မလပ်စည်းဝေး၍ စုပေါင်းဆုံးဖြတ်ချက်ချခြင်း။
၂။ (ဆုံးဖြတ်ချက်နှင့်အညီ) ကိစ္စကို တစ်ပေါင်းတည်းဆောင်ရွက်ခြင်း။
၃။ စံနစ် ( ဥပဒေ ၊ စည်းမျဉ်း )ကို စောင့်ရှောက်ခြင်း။
၎။ လူကြီး သူမများအား အရိုအသေပြုခြင်း။
၅။ အမျိုးသမီးများအား အနိုင်အထက် မနှိပ်ကွပ်ခြင်း။
၆။ လူမျိုးဆိုင်ရာ ဓလေ့ထုံးစံကို စောင့်ရှောက်ခြင်း။
၇။ ရဟန်း ၊ သံဃာများကို ရိုသေကိုင်းရှိုင်းခြင်း။
( ဒီဃနိကာယ ၂ ၊ ၃ ၊ မဟာပရိနိဗ္ဗာနသုတ္တ )
အထက်က ဖေါ်ပြခဲ့တဲ့ အချက် ၁၇ ချက်ကိုကြည့်ရင် ဗုဒ္ဓဘုရားရှင်ရဲ့ နိုင်ငံရေး သဘောထားတွေဟာ ဒီနေ့ ကမ္ဘာမှာ ခေတ်စားနေတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ အောက်မနိမ့်ဘူးဆိုတာ တွေ့ရပါသည်။

ဒေ၀ဒတ်ရဲ့ နိုင်ငံရေး သဘောထားတွေ အနေနဲ့တော့ အချက်အလက်တွေ နဲ့ အသေအခြာ မတွေ့ဖူးပါ။ သို့သော် အဇာတသတ် ဘုရင်ကို မင်းသားဘ၀ မှာရော ဘုရင်ဘ၀မှာပါ သူပြောဖူးသော စကားတချို့ကို ကြည့်မည်ဆိုလျှင် သူ့ရဲ့ နိုင်ငံရေး သဘောထားတွေကို တွေ့မြင်နိုင်ပါသည်။
"အပင်ပေါ်က သူ့အလိုလို ပြုတ်ကျလာတဲ့ သစ်သီး ကောက်ယူစားသူဟာ ယောက်ျားကောင်းမဟုတ်ဘူး၊ အပင်ထက်တတ်ပြီး စိတ်ကြိုက်ဆွတ်ခူးကိုက်ဝါး စားသောက်နိုင်မှ ယောက်ျားကောင်း၊ အဲဒီလိုဆွတ်စားရတဲ့ အသီးသာလျှင် အကောင်းဆုံးအချိုမြိန်ဆုံး အသီး။"

မင်းစည်းစိမ်နဲ့ အာဏာကို အရသာခံ၊ ကာမဂုဏ်မှီဝဲစရာ သစ်သီးလိုသဘောထား၊
တာဝန်ယူစိတ်လုံးဝ မပါ၊
တိုင်းပြည်ကို တိုင်းပြည်လိုမမြင်၊
ပြည်သူကို လူလိုမမြင်၊
ယောက်ျားကောင်းဆိုတဲ့ အဓိပ္ပယ် သတ်မှတ်ချက်ကို တစ်ကိုယ်ကောင်းဆောင်ရွက်ခြင်း သက်သက်ပေါ်မှာဂုဏ်ယူ
အများကျိုး ဆောင်ရရွက်လိုစိတ် အလျဉ်းမရှိတဲ့ ပညာမဲ့ ၀ါဒ

"ပကတိ အခြေအနေဆိုတာက ကျန်းမာသန်စွမ်းနေတဲ့ သင့်ခမည်းတော်ကြီးဟာ နောက်ထပ် နှစ်ပေါင်းများစွာ မဂဓရဲ့ မကိုဋ်သရဖူကို ဆင်မြန်းထားဦးမယ်။ အသက်အရွယ်အတိုင်း သင့်ခမည်းတော်ကြီးကွယ်လွန်တော့မှ ရာဇ၀ံသအတိုင်း ထီးမွေ ဆက်ခံရမယ့် အချိန်မှာ သင်ကိုယ်တိုင် အသက်ကြီးရင့်နေပြီ။ ထီးနန်းစည်းစိမ်ဆိုတာ ပျိုရွယ်မှုနဲ့ ပေါင်းစပ်မှသာ အပြည့်အ၀ အရသာ ပေါ်လွန်ပေတာ ကလား။ သွားတွေ မကောင်းတော့မှ ကြံချိုချိုတစ်ချောင်း လာပေးတယ် ဆိုတာမျိုးကတော့ ပြက်ရယ်ပြုခြင်းခံရတာပဲ မဟုတ်လား။"
"သင်လုပ်ရမှာကတော့ သင့်ခမည်းတော်ကို လုပ်ကြံပြီး မဂဓထီးနန်း ပုလ္လင်ထက် တတ်လိုက်ဖို့ပဲ အဇာတသတ်။"

မရသေးတဲ့ အာဏာကို ဖြတ်လမ်းနည်းနဲ့ အမြန်ရယူလိုပြီး
လက်ရှိအာဏာပိုင်ကို လက်နက်အားကိုးနဲ့ လုပ်ကြံရမယ် ဆိုတဲ့ အာဏာရူး ၀ါဒ

"ဒီမှာ မဂဓဘုရင်လေး မဂဓတိုင်းသား ပြည်သူတွေဆိုတာ လက်အုပ်ချီဖို့၊ ဒူးထောက်ဦး ညွက်ဖို့၊ အမိန့်နာခံဖို့ အတွက် အကျင့်ပါနေပြီးသား။ ဒါကို ဆက်ပြီး အကျင့်စွဲနေအောင် လုပ်သွားဖို့ပဲရှိတယ်။ သူတို့လက်အုပ်တွေ ဆက်လက်ပူးကပ်နေကြပါစေ။ သူတို့ဒူးဆစ်တွေ ဆက်လက်ထေက်နေကြပါစေ။ သူတို့ ဦးခေါင်းတွေ ဆက်လက်ညွက်နေကြပါစေ။ လူတွေရဲ့ အကြောက်တရားကိုသာ ပိုမိုကြီးထွားအောင်လုပ်ပါ။ ရာဇာပုလ္လင်ဆိုတာ တိုင်းသား ပြည်သူတွေရဲ့ အကြောက်တရားနဲ့ ထုလုပ်ထားတဲ့ ထိုင်ခုံဖြစ်တယ်။"
"ရှင်းရှင်းလေးပါ အဇာတသတ် ဘုရင်မင်းမြတ် ဟောဒီ ရာဇဂြိုဟ် နန်းတော်ထဲမှာ သင့်ကိုရော ငါ့ကိုပါမလိုလားသူတွေ ရှိနေတယ် သူတို့ကို ဗိမ္ဗိသာရက ရာထူးက နှုတ်ပယ်လိုက်တယ် ဆိုပေမယ့် မုချငါတို့ အပေါ်မှာ အငြိုးအာဃာတ ထားကြမှာပဲ။"
"ဗိမ္ဗိသာရဘုရင်ကြီး ဆိုတဲ့ အမြစ်ဟာ သင့်ရဲ့ ရာဇာပုလ္လင်ထဲကို ထွင်းဖေါက်ကုပ်တွယ်လာ လိမ္မယ်။ သင့်ရဲ့ ရာဇာပုလ္လင်ဟာ တစ်စတစ်စ ကွဲအက်ပျက်စီးသွားလိမ္မယ်။ အက်ကြောင်းတွေ ထင်လာတဲ့ သင့်ရာဇာပုလ္လင်ကို အမှုန့်ဖြစ်အောင် ထုရိုက်ဖျက်ဆီးမယ့် သူ့နောက်လိုက် သစ္စာခံ မူးမတ်တွေ ကလည်း တူးရွင်း၊ ငန်းပြား၊ ပေါက်တူး၊ ဆောက်ပုတ်တွေ နဲ့ အသင့်စောင့်နေကြတယ်။ ရာဇာပုလ္လင်နဲ့အတူ သင့်အသက်ဇီဝိန်လည်း ပျက်စီးလိမ္မယ်။"
"ဗိမ္ဗိသာရဘုရင် ကိုသစ္စာခံတဲ့ သူတွေအားလုံးကို အရာက နုတ်ပယ်လိုက်၊ မိမိယုံကြည်စိတ်ချရမယ့် သူတွေကို သစ္စာရေ သောက်ခိုင်း၊ ကျိန်စာအဆိုခိုင်းပြီး အမှုတော်ထမ်း အသစ်တွေ ခန့်ပစ်။ အရေးကြီးဆုံးက ဇီဝကပဲ သင်းဟာ ပညာထက်သလောက် ဉာဏ်နီ ဉာဏ်နက်များတယ်။ သမားတော်လည်း ဖြစ်တယ်။ သူဆေးကုပေးထားတဲ့ သူတွေကလည်း အရေးဆိုရင် သူခိုင်းသမျှ လုပ်ပေးမယ့် နောက်လိုက်တပည့်တွေ ဖြစ်တယ်။ ဇီဝကဟာ အန္တရာယ် အကြီးဆုံးရန်သူပဲ။"
"သင့်လက်တစ်ကမ်းမှာ သင့်လက်ထဲမှာ သန်လျှက်ကို အမြဲမကွာထား။ အဇာတသတ်ဟာ လူတွေ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ ခံညားရတဲ့ ဘုရင်ဖြစ်တယ်ဆိုတာ နန်းတော အတွင်းအပြင် လူတွေအားလုံး စွဲစွဲမြဲမြဲ သိနေပါစေ။"

ပြည်သူလူထုရဲ့ ရိုးသားစွာ ချစ်ခင်လေးစားမှုကို ရဖို့မကြိုးစာပဲ၊
အကြောက်တရား တစ်မျိုးတည်းနဲ့ အုပ်ချုပ်လိုတဲ့ စနစ်။
မတရားတဲ့ နည်းနဲ့ အာဏာကို ရယူထားမိလေတော့ မိမိအပေါ် အာဃာတ ထားရှိသူတွေရဲ့ အန္တရာယ်ကို ကြေက်
မတရားသဖြင့်မင်းအာဏာနဲ့ နိုင်ထက်ပြုကျင့် အကျဉ်းချထားပေမယ့် ပြည်သူလူထုက ချစ်ခင်လေးစားမှန်း သိနေလေတော့ ဘယ်သူနဲ့ မှ တွေ့ခွင့်မရရှာတဲ့ အကျဉ်းသားရဲ့ အရှိန်အ၀ါကို ကြောက်
သူဟာသူ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ လူမူရေး ကူညီလုပ်ဆောင်မှုတွေကြောင့် လူထုရဲ့ ချစ်ခင်လေး စားမှုကို ရရှိထားတဲ့ ပရဟိတ သမားတို့ရဲ့ အရှိန်အ၀ါကို ကြောက်
လက်ရှိအာဏာလေး လက်လွတ်သွားမှာ ကြောက်လို့ လက်နက်ပစ္စည်းကို ကိုယ်နဲ့မကွာထားပြီး အမြဲ ကာကွယ်နေရတဲ့
ပြည်သူလူထုရော မိမိကိုယ်တိုင်ပါ အကြောက်တရားကြောင့် လွတ်လပ်မှု ကင်းတဲ့ ၀ါဒ

"အကျဉ်းကျ နေတဲ့ နန်းစွန့် ဘုရင်ဟောင်းကို သုတ်သင် ပစ်လိုက်တော့။"
မိမိရရှိထားတဲ့ အာဏာမှာ ယစ်မူးပြီး အဆုံးရှုံး မခံနိုင်လို့ အာဏာမြဲရင် ပြီးရောဆိုတဲ့ သဘောနဲ့ ကျေးဇူးရှင်ကို လိုအပ်ရင် ပင်သတ်ပစ်ရမယ် ဆိုတဲ့ အာဏာမူး ၀ါဒ

( ဒီနေရာ စကားစပ်မိလို့ အဇာတသတ် ဘုရင်ရဲ့ နိုင်ငံရေး သဘောထား လေးလည်းပြောချင်ပါတယ်။
အကျဉ်းကျ ခံနေရတဲ့ ခမည်းတော် ဗိမ္ဗိသာရဘုရင်ကြီး နဲ့ မင်းကြီးကို လာပြီး တွေ့တဲ့ မယ်တော် မိဖရား ကြီးတို့ကို
""ခမည်းတော်၊ နဲ့ မယ်တော်"" ဆိုတဲ့ အသုံးကို လုံးဝမသုံးစေရန်၊
"" အကျဉ်းသား နဲ့ မိဖရားကြီး"" လို့သာ သုံးစွဲစေရန် အမိန့်ထုတ်ပြန်ထားပါသည်။
အမှန်တရားဆိုလျှင် အခေါ်အဝေါ် များကိုပင် ရင်မဆိုင်ရဲသော ၀ါဒ မျိုး ဖြစ်ပါသည်။ )
ဒေ၀ဒတ်ရဲ့ နိုင်ငံရေး သဘောထားတွေကိုတော့ ကျွန်တော့ စိတ်ကူးနဲ့ ကျွန်တော် ပညာမဲ့ ၀ါဒ၊ အာဏာရူး ၀ါဒ၊ လွတ်လပ်မှု ကင်းတဲ့ ၀ါဒ၊ အာဏာမူး ၀ါဒ၊ ဆိုပြီး အမည်တွေ ပေးလိုက်ပါသည်။
ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် အုပ်ချုပ်သူ အာဏာပိုင်တွေဟာ ကျွန်တော်တို့ ရဲ့ဘာသာရေး စာပေတွေကို လေ့လာဖူးသည်ဖြစ်စေ၊ မလေ့လာဖူးသည်ဖြစ်စေ၊ ဗုဒ္ဓသဘောထား ဆင်တူနိုင်ငံရေး ၀ါဒများ ထွန်းကားလျှင် ပြည်သူလူထုမှာ ကံကောင်းကြပြီး၊ ဒေ၀ဒတ်၊ အဇာတသတ် သဘောထားဆင်တူ နိုင်ငံရေး ၀ါဒများ ထွန်းကားနေလျှင် ပြည်သူလူထုကံဆိုးနေသော ကာလများပင်ဖြစ်ပါသည်။

ထိုသို့မဟုတ်ပါပဲ
သားပြုသော အမှုအတွက် အပြစ်မဲ့သော အဖအား
အမိပြုသော အမှုအတွက် အပြစ်မဲ့သော သမီးအား စသဖြင့်
လူတစ်ဦး ပြုသော အမှုအတွက် အပြစ်မဲ့သော ဆွေမျိုးနီးစပ် တစ်ယောက်ယောက်အား
အပြစ်ဒဏ် ပေးတတ်သော ဖက်ဆစ်စနစ် ဆင်တူ နိုင်ငံရေး ၀ါဒများ ထွန်းကားနေလျှင်တော့ ""ပြည်သူလူထု ကံဆိုးနေသည်"" ဟူသော စကားသည် မလုံလောက်တော့။ "" တစ်နိုင်ငံလုံး ကျိန်စာသင့်နေသည် "" ဟုပင်ဆိုချင်ပါတော့သည်။

ရွက်ဝါ ဘလော့မှ ကူးယူဖော်ပြသည်။။။။ http://ywetwar.multiply.com/journal?&page_start=120

" ဗုဒ္ဓဘာသာဝင်တွေဟာ အုတ်ခဲပုံကြီးကို ရှိခိုး ဦးချနေကြတာ မဟုတ်ပါ "


ပုံတော်မှန်းပြီး ဂုဏ်တော်ကို ရှိခိုးကြတာ ဖြစ်ပါတယ်။ ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ် တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ -

(၁)တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)...

(၂)ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃)ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄)ကြီဝင်း-၅ခု=ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်

(၅)ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆)ခေါင်းလောင်း=မိမိတို.၏ ကုသိုလ် ကောင်းမှုများကို ကုသိုလ် ငတ်မွတ်နေသော သတ္တ၀ါများသို. မျှဝေ (share) ပေးရန်

(၇)ဖောင်းရစ်-၇ရစ်=၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈)သပိတ်မှောက်=တဏှာ/မာန/ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို. ကို သပိတ်မှောက် ဆန်.ကျင်ကြရန်

(၉)ဘီလူးပန်းဆွဲ-၁၆ခု=ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀)ကြာမှောက်/ကြာလှန်=ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ

(၁၁)ထီးတော်ဘုံ ၇ဆင့်=အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ်(၃)တန်+ဖိုလ်(၄)တန် (သောတာပတ္တိမဂ်မပါဝင်)

(၁၂)ငှက်မြတ်နား=ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ တရားဟော/သာသနာပြုအလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃)စိန်ဖူးတော်=စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို. ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊ စိတ်အညစ် အကြေး(ကိလေသာ)အားလုံး ကင်းစင်သည့် နိဗ္မာန်တရားမြတ်

Sep 7, 2013

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ

အပိုင်း(၁)

အပိုင်း(၂)

စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတ အတုယုဖွယ်ကောင်းသောကြောင့် မျှဝေတင်ပေးလိုက်ခြင်း ဖြစ်ပေသည်။ တကယ့်ကို ဘာသာရေးအတွက် အရေးပါသော အကြောင်းအရာများ ဖြစ်ပေသည်။

ဘာသာတရား ကိုးကွယ်ခြင်း အကြောင်းတရား(၄)ပါး

မေး။ ။ အရှင်ဘုရား တပည့်တော်တို့ ဗုဒ္ဓဘာသာမှာဖြစ်စေ တခြားဘာသာတွေဖြစ်စေ ကိုးကွယ်မှုတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ကိုးကွယ်နေကြတယ်လို့ ထင်တယ်ဘုရား။ ဗုဒ္ဓဘာသာအတွင်းကိုပဲ မိရိုးဖလာတွေရော တကယ်ယုံကြည်တဲ့သူတွေရော မျိုးစုံပါပဲဘုရား။ တပည့်တော်လည်း တက်နိုင်သမျှတော့ ကိုးကွယ်ရကျိုးနပ်အောင် ကျင့်သုံးနေပါတယ်။ ဒါပေမဲ့ အရှင်ဘုရားကနေ ဘယ်လိုကိုးကွယ်ရင် ကိုးကွယ်ရကျိုးနပ်မယ်လို့ ပြောပြရင်တော့ တပည့်တော် အဲဒီအတိုင်းပြုလုပ်ပါက ပိုမိုအကျိုးများမယ်ထင်လို့ အရှင်ဘုရားအချိန်များရခဲ့ရင် ပြောပြပေးစေချင်ပါတယ်ဘုရား။

ဖြေ။ ။ ဘာသာတရားကိုးကွယ်မှုနဲ့ပတ်သတ်၍ အကြောင်း(၄)ပါးရှိပါတယ်။ အဲဒါတွေကတော့

၁။ ဘယ-တစ်စုံတစ်ခုသော အန္တရာယ်ဘေးဒုက္ခကို ကြောက်လန့်လို့ ကိုးကွယ်ခြင်း။
၂။ လာဘ-ပစ္စည်းဥစ္စာကို မျှော်ကိုးပြီး ကိုးကွယ်ခြင်း။
၃။ ကုလ-ကိုးကွယ်သည့်ဘာသာအကြောင်း သေချာကျနစွာမသိဘဲ မျိုးရိုးစဉ်ဆက်ကြောင့် ကိုးကွယ်ခြင်း။
၎။ ဒက္ခိဏေယျ-ဘာသာဝါဒအကြောင်းကို မိမိဉာဏ်ဖြင့် သေချာလေ့လာပြီး ကိုးကွယ်သင့်တဲ့ဘာသာ၊ ပုဂ္ဂိုလ်ပဲလို့ ဆုံးဖြတ်ချက်ချ၍ ကိုးကွယ်ခြင်း။

အထက်ပါ(၄)ပါးတို့တွင် နောက်ဆုံးအချက်နဲ့ကိုးကွယ်ခြင်းသည်သာ ခိုင်မြဲသောဘာသာအဖြစ် ရပ်တည်နိုင်မှာဖြစ်သလို ကိုးကွယ်ရကျိုးနပ်အောင် ပြုလုပ်နိုင်မှာမို့ မည်သူမဆို ဘာသာတစ်ခုကို နံပါတ်(၄)ဖြင့် ကိုးကွယ်စေချင်ပါတယ်။

စာဖတ်ပရိသတ်များ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာပန်းတိုင်ကို လျင်မြန်စွာလျှောက်လှမ်းနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်......။

မလ္လိကာမိဖုရား ဘာကြောင့်ငရဲကျရတာလဲ

အမေး။ ။ ကောသလမင်းကြီးရဲ့ မိဖုရားကြီးဖြစ်တဲ့ မလ္လိကာဟာ ပြုမိခဲ့တဲ့အမှားကို ကျုးလွန်ခဲတာ မှန်ရင်တောင် ပြန်သတိရပြီး စိတ်မချမ်းသာ ဖြစ်နေခြင်းဟာ ကုက္ကစ္စ ကိလေသာသာဖြစ်တဲ့အတွက် ငရဲကျနိုင်လောက်အောင် အကျိုးမပေးပါ။ နတ်ပြည်မရောက်မီ အ၀ီစိငရဲကို ခုနှစ်ရက်ကျရတာ ဘာကြောင့်ဆိုတာ သိလိုပါတယ်ဘုရား။

အဖြေ။ ။ ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာဟာ သူပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် (သာ မရဏကာလေ ဧ၀ရူပံ မဟာပရိစ္စာဂံ နာနုဿရိတွာ တဒေ၀ ပါပကမ္မံ အနုဿရန္တီ ကာလံ ကတွာ အ၀ီစိမှိ နိဗ္ဗတ္တိ) ဟု ဓမ္မပဒအဋ္ဌကထာအရ- သေခါနီးအချိန်တွင် ကျန်းမာစဉ်က ပြုလုပ်ခဲ့တဲ့ ကြီးစွာသော အလှူဒါနကို အမှတ်မရနိုင်ဘဲ သူပြုခဲ့တဲ့မကောင်းမှုကံကို အဖန်ဖန်အထပ်ထပ် အမှတ်ရနေသောကြောင့် သေသောအခါ အ၀ီစိငရဲမှာ ဖြစ်ရပါတယ်လို့ ဆိုထားပါတယ်။ ထိုအဆိုအရ သူပြုခဲ့တဲ့မကောင်းမှုကို အမှတ်ရပြီး နှလုံးမသာ ပူပန်စိတ်တွေဖြစ်နေတယ် ထင်ရှားပါတယ်။

သေခါနီး ပူပန်တဲ့စိတ်ဆိုတာ မေးခွန်းရှင်ပြောသလို ကုက္ကုစ္စလို့ခေါ်နိုင်ပါတယ်။ အဘိဓမ္မာလက်သန်းအဋ္ဌကထာလာအတိုင်းပြောရရင် ဒေါသစိတ်မှာ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စစေတသိက်များ ယှဉ်ပါတယ်။ ဒီစေတသိက်လေးမျိုးဟာ ဒေါသရဲ့ မူပိုင်စေတသိက်လို့လည်း ခေါ်ပါတယ်။ ဒါကြောင့် ကုက္ကုစ္စဟာ ဒေါသနဲ့ဆွေမျိုးတော်ပါတယ်။ တဖန် နှလုံးမသာမှုဆိုတာကလည်း ဒေါသပါပဲ၊ ဒါကြောင် ဒေါသနှင့်သေ ငရဲပြည် မသွေလားရတယ်ဆိုတဲ့အတိုင်း မလ္လိကာသေတော့ အ၀ီစိငရဲမှာ ခုနှစ်ရက်ခံရပါတယ်။ ခံရပြီးနောက် သူပြုခဲ့တဲ့ကုသိုလ်အရှိန်အဟုန်ကများလှသောကြောင့် အ၀ီစိငရဲမှာ ခုနှစ်ရက်ခံရပြီးတာနဲ့ တုသိတာနတ်ပြည်မှာ ဖြစ်ရပါတယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ရပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ