💦💦💦 သင်္ကြန်အကြောင်း တစ်စေ့ တစ်စောင်း💦💦💧
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
သင်္ကြန် ... သြော် သင်္ကြန် ... နှစ်အကူး ရွှင်မြူးလေတဲ့ သင်္ကြန် .. တဲ့။ သီချင်းတွေလဲ ကြားဖူးရဲ့ ... သင်္ကြန်မှာ ပျော်ရွှင်နေကြသူတွေကိုလဲ တွေ့ဖူးခဲ့ပေမယ့် ‘သင်္ကြန်’ရဲ့ အဓိပ္ပာယ်ကို စေ့စေ့ငုငု ထဲထဲဝင်ဝင် ကျကျနန နားမလည်ခဲ့တာ အမှန်ပါ။ ငယ်ရွယ်သူတွေက သိလိုရေးနဲ့ မေးလာတဲ့အခါ သူတို့ သဘောကျအောင် ဖြေစရာ သိပ်မရှိခဲ့ဘူး။ ဒါနဲ့ စာပေတွေထဲ သင်္ကြန်အကြောင်း တစေ့တစောင်းဆိုသလို ဖွေရှာ လေ့လာကြည့်မိပါတယ်။
သင်္ကြန်ပွဲတော်ဟူသည် မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပကြတဲ့ ပွဲတော်တစ်ခု ဖြစ်သည်။ “ကူးပြောင်းခြင်း”, “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပာယ်ရသော ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”တို့ကို တိုက်ရိုက် မြန်မာမှုပြု၍ ခေါ်ဆိုကြခြင်း ဖြစ်သည်။
ဒီ ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”ကနေ ဆင်းသက်လာတဲ့ ဝေါဟာရဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ဘာသာစကား ယဉ်ကျေးမှု ဝန်းကျင်အခြေအနေတွေပေါ် မူတည်ပြီး ကွဲပြား ခြားနားမှု ရှိတာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့ “သင်္ကြန်”၊ ထိုင်းတို့ရဲ့ “ဆွန်ကရန်” (Song Kran)၊ ကမေ်ဘာဒီးယားတို့ရဲ့ “ချိုချနန်သမေး” (Chol Chnam Thmey)၊ လာအိုတို့ရဲ့ “ဘီးမိုင်” (Bpee Mai)နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ “ရေသဘင်ပွဲ”ဆိုတဲ့ “နှစ်သစ်ကူးပွဲတော်”တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာတဲ့ ပွဲတော်များ ဖြစ်ပါတယ်။
သင်္ကြန်အကျဉ်း ဆိုလိုရင်း
အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွက်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ‘ပြောင်းရွှေ့ခြင်း’ကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိရပါတယ်။ ဒီတော့ သင်္ကြန်ဆိုတာ ‘ပြောင်းလဲခြင်း’၊ ‘ပြောင်းရွှေ့ခြင်း’လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ်။
သင်္ကြန်အကျယ် သိမှတ်ဖွယ်
သင်္ကြန်ရဲ့ အဓိပ္ပာယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလည်ဖို့ မလွယ်ကူဘူးလို့ ထင်ပါတယ်။ ဒါကြောင့် အကျယ်ချဲ့ လေ့လာ ရှာဖွေ မှတ်သားမိပါတယ်။
“ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစၧာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန် ဟူသော ဆယ့်နှစ်ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့ အဿဝနီနက္ခတ် ပထမပတ်သို့ စတင် ဝင်ရောက်ပါတယ်။ ယင်းသို့ ရာသီခွင်တစ်ပတ်လည် ဝင်ရောက်စအချိန်ကို ရာသီတစ်ခုမှ ရာသီတစ်ခုသို့ ကူးပြောင်းသောကြောင့် “သင်္ကြန်”ကျသည်ဟု ခေါ်ဆိုပါတယ်။
စူဠ မဟာ သင်္ကြန်အခါ
တစ်နှစ်မှာ နဝင်းအရေအတွက် ၁၀၈-နဝင်း ဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇-လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂-ခု ဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ ကြိမ် ကူးပြောင်းသည်ဟု ဆိုနိုင်ပါတယ်။
ဒါပေမယ့် ယင်း ကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်းတို့မှာ “သာမည ကူးပြောင်းခြင်း” ဖြစ်၍ “အငယ်စား - စူဠသင်္ကြန်”တို့သာ ဖြစ်နေသည့်အတွက် လူတို့က အလေးအနက် မထားကြပါဘူး။
ဂြိုဟ်အပေါင်းတို့၏ မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ်ကိုသာ အလေးဂရုပြုကာ နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြသောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ ကူးပြောင်းခြင်းကိုသာလျှင် “သင်္ကြန်”ဟုလည်းကောင်း၊ “သင်္ကြန်ကြီး - မဟာသင်္ကြန်”ဟုလည်းကောင်း အလေးအမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော် ဆင်နွှဲ ကျင်းပကြပါတယ်။
ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ် အဆုံးပိုင်း ရက်များတွင်ဖြစ်စေ၊ မေလ, ဇွန်လ, ဇူလိုင်လများတွင်ဖြစ်စေ ကျင်းပလေ့ရှိကြသော အနောက်နိုင်ငံများနေ မြန်မာတို့၏ သင်္ကြန်ပွဲများသည် “မဟာသင်္ကြန်ပွဲ” မဟုတ်ဘဲ “စူဠသင်္ကြန်ပွဲ”များသာ ဖြစ်သည်ဟု သတိပြု နားလည်ရမည် ဖြစ်ပါတယ်။
သင်္ကြန်ကြို အကျ အယူအဆ
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိပါတယ်။ သိကြားမင်း လူ့ပြည်ဆင်းချိန်သည် “သင်္ကြန်ကျချိန်”ဖြစ်၍ မဆင်းမီ တစ်ရက်အလို သိကြားမင်းကို ကြိုဆိုသောနေ့ကို “သင်္ကြန်အကြိုနေ့”ဟု ခေါ်ဆိုကြတယ်ဟု ယူဆ ဖော်ပြလေ့ရှိပါတယ်။
သင်္ကြန်ကျရက် ဤသို့တွက်
အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သောနည်းမှာ လွန်ခဲ့သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄-ရက်မြောက်နေ့သည် ယခုရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ပင် ဖြစ်ပါတယ်။
အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သော အချိန်နေ့ရက်သည် ယခုရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ်။
သင်္ကြန်ပုံပြင်
တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂-ယောက် စကားလက်ဆုံ ပြောကြရာ ‘ကဿပဘုရားရှင်လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပတ်လျှင် ၈-ရက် ရှိခဲ့ပြီး ယခုအခါ ၇-ရက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း’ သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံကြပါသတဲ့။
ထို့နောက် ရှူံးတဲ့သူ ခေါင်းဖြတ်ခံကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ ဆင်းပြီး ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူကြပါသတဲ့။ အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူ့ပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇-ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ်။
ထိုဗြဟ္မာဦးခေါင်းပြတ်ကြီး သိကြားမင်းလက်ထဲသို့ ရောက်သည့်အခါ ဒီဗြဟ္မာဦးခေါင်းပြတ်ကြီးကို မြေပေါ်ချထားလျှင် ၇-နှစ် ကမ်ဘာမီးလောင်ပြီး မိုးခေါင်လိမ့်မည်၊ ရေတွင် ထားပါကလည်း သမုဒ္ဒရာ ၇-စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည်လို့ သိကြားမင်းက စဉ်းစားမိသတဲ့။ ဒါနဲ့ မြေမှာလည်း မထား၊ ရေသို့လည်း မပို့တော့ဘဲ နတ်သမီး ၇-ယောက်ကို တစ်ဦးလျှင် တစ်နှစ်စီ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်ပေးလိုက်သတဲ့။
ထိုနတ်သမီးတွေရဲ့ တစ်ဦးမှ တစ်ဦးသို့ ဗြဟ္မာဦးခေါင်းကိုင်ရန် အလွှဲအပြောင်းကို သင်္ကန္တလို့ ခေါ်ပြီး ထိုမှ ရွေ့လျော ဆင်းသက်ကာ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့။ ဒါကတော့ သင်္ကြန်နဲ့ပတ်သက်လို့ ပြောတတ်တဲ့ ပုံပြင်ပါ။
မြန်မာပြည်မှာ တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။
ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့။
မြန်မာသင်္ကြန်ပွဲတော်များ အစ ပုဂံခေတ်က
ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံကို စ,နောက်မိခဲ့ဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံသည်အထိ ဖြစ်ခဲ့ပါတယ်။ ဘုရင်က အချိန်မီ သိရှိသဖြင့် အသက်မသေခဲ့ဘဲ မိဖုရားစောလုံကို မီးကျီးခဲရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။ သင်္ကြန်အစ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ။
ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ
ရှေးပညာရှိကြီးတွေဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့တချို့ သတ်မှတ်ထားတာ မှတ်သား သတိပြု ဆင်ခြင်ဖွယ် တွေ့ရပါတယ်။
အဲဒါတွေက သင်္ကြန်အခါမှာ -
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက် သတ်ဖြတ်ခြင်း။
(၄) အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက် သွေးထုတ်ခြင်း။
(၇) ဆီလိမ်း ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်း ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း မပြုကြရဘူး ဆိုတာပါပဲ။
သူ့ခေတ် သူ့အခါ သူ့ဓလေ့ထုံးစံ သူ့အကြောင်းအကျိုးနဲ့သူ ရှိပါလိမ့်မယ်။
သင်္ကြန်တွင်းသာ မဟုတ်ဘဲ ဘယ်အချိန်အခါမဆို မကောင်းသော အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေကို ရှောင်ကြဉ်ရပါတယ်။
သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
“မဟာသင်္ကြန်”နှင့် တွဲဖက်၍ “အတာ”၊ “အတာစား” ဟူသော ဝေါဟာရတို့ကို ပြောဆို သုံးစွဲကြတာကို တွေ့ရပါတယ်။
“အတာ”ဟူသည် လောကီအလို ‘ဒဏ်သင့်ခြင်း’ ဖြစ်သည်။ တနည်းအားဖြင့် ‘အန္တ-အဆုံး’ဟူသော ပါဠိပုဒ်မှ ‘အတာ’ဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ်။
ယင်းအလိုအားဖြင့် “အတာ”ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ်။
အတာရက်ကို ဤသို့ဆို
“အတာရက်”မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆို သုံးစွဲနေကြပါသေးတယ်။
အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား”ရပါတယ်။ အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ ဝတ်စား ဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေ တွေ့ရပါတယ်။
အတာစားခြင်းအကျိုး အမျိုးမျိုး
အတာစားခြင်း၏ အကျိုးကား ... အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် ... ဟု မှတ်သားရဖူးပါတယ်။
အတာအိုး အတာပန်း
အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ရှိပါတယ်။
စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့်တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦး ဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူ ပြုကြလေ့ရှိပါတယ်။
ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြ
သင်္ကြန်ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေးမင်္ဂလာကိုလည်း ပြုလုပ်လေ့ရှိကြပါတယ်။
သင်္ကြန်ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန်ဟု ၃-မျိုး ရှိပါတယ်။ (သင်္ကြန်အမျိုးအစား ၁၂-မျိုးဟုလည်း သုတေသနသရုပ်ပြအဘိဓာန်မှာ တွေ့ရ၏။) ဗသျှူသင်္ကြန်ဖြစ်က သင်္ကြန်မဝင်မီ ဦးခေါင်းဆေးကြရသည်။ အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်းဆေးကြရသည်။ သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄-မိနစ်မှာ ဦးခေါင်းဆေးကြရသည်။ (တစ်နာရီလွန်မှ ဦးခေါင်းဆေးကြရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွကျန်နေသော အညစ်အကြေးများ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေးမင်္ဂလာ ပြုခဲ့ကြပြီး အတိတ်ကောင်းယူကာ ကိုယ်စိတ်သန့်ရှင်းမှုကို အကျိုးပြုရာရောက်သည်ဟု ယူဆခဲ့ကြပါတယ်။
ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါအတိုင်း ဖော်ပြထားတာကို ဖတ်ရှု မှတ်သားရဖူးပါတယ်။
“ဦးခေါင်းဆေးရသောအကျိုးကား - သင်္ကနေ္တ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်းသည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀)ရသဖြင့် တဘဝဝဏပြည့်၍ မိန်ရာသီ အဝသာန် နဝင်းမှ မိဿရာသီ အာဒိနဝင်းသို့ ပြောင်းခဲ့သည်ရှိသော်။ ဣဓ၊ ဤလူ့ပြည်၌။ မာဏဝါ၊ သတ္တဝါဟုခေါ်ဝေါ်အပ်ကုန်သော။ မနုဇာ၊ လူအပေါင်းတို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။
တေသံ၊ ထိုဦးခေါင်းဆေးကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့သည်။ ဝိနာသေယျုံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာဖြင်း၏အဖို့ဖြစ်ကုန်သော။ သတသဟဿာနိ၊ တစ်သိန်းသော အကျိုးတို့သည်။ ဘဝေယျုံ၊ ဖြစ်ကုန်ရာ၏။”
အထက်ဖော်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုးကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင် သင်္ကြန်ကာလများမှာ ဦးခေါင်းဆေးမင်္ဂလာများ ပြုလုပ်ရခြင်း ဖြစ်တယ်လို့ နားလည်ရပါတယ်။
နိဂုံးချုပ်အားဖြင့်မူ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းလို့ နားလည်ခဲ့ရပါပြီ။ ဒီပြောင်းလဲခြင်းဟာ ဘယ်တော့များမှ အဆုံးသတ်ပါလိမ့်ဟုလည်း တွေးကြည့်မိပါတယ်။ ပုထုဇဉ်ဘဝနဲ့ သံသရာတခွင် ကျင်လည်ရအုန်းမယ်ဆိုရင် နိမ့်တုံတခါ မြင့်တုံတလှည့် ပြောင်းလှည့်နေအုန်းမှာဖြစ်တော့ တော်ရုံနဲ့ အဆုံးမသတ်နိုင်ဘူးလို့ တွေးမိပါတယ်။
လောကကြီးထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေ လှည့်လည်နေကြသူတွေဟာ တနေရာကနေ တနေရာဆီ ပြောင်းရွှေ့ပြီဆိုရင် ကိုယ်နဲ့ဆိုင်သည့် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွားတတ်ကြပါတယ်။ အဲဒီလိုအခါမျိုးမှာလည်း ကောင်းနိုးရာရာ တန်ဖိုးရှိသည့် မိမိနဲ့ အသုံးတည့်သော အရာများကို သိမ်းဆည်းလေ့ရှိကြပါတယ်။ တန်ဖိုးမဲ့တဲ့အရာတွေကို စွန့်ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းများကိုသာ မိမိနဲ့တပါတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်။
ဒီလိုပါပဲ ... မိမိတို့ဟာ မမြဲသော သင်္ခါရလောကနယ်မှာ လူဖြစ်လာကြသူတွေမို့ တနေရာတည်းမှာ ထာဝရဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ နိမ့်ရာကနေ မြင့်ရာဆီ၊ ဆိုးရာကနေ ကောင်းရာဆီ၊ ကျရှူံးမှုမှသည် အောင်မြင်မှုဆီ၊ ဒေသတစ်ခုကနေ ဒေသတစ်ခုဆီ စသည် စသည်ဖြင့် ပြောင်းရွှေ့ရမှာတော့ သေချာပါတယ်။ နောက်ဆုံးတော့ ဒီဘဝ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘဝဆီ ပြောင်းရွှေ့ရအုန်းမယ်။
သတ္တဝါတွေမှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဖိုးနည်းပြီး အပါယ်ကို ဆွဲချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား တန်ဖိုးကြီးမြင့်ပြီး မြင့်မြတ်သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘဝတွေကို ရောက်စေနိုင်သည့် ကုသိုလ်ကံတည်းဟူသော ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား။
ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန်အခါ သင်္ကြန်အကြောင်း လေ့လာဆည်းပူးရင်း နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလ မှာ ကောင်းမြတ်လှသော ဒါန၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှုတွေကို ကြိုးစားပြုလို့ နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်တွေကို နှစ်ခဲ့ ပစ်ခဲ့ကြပါစို့လား၊ နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘဝကို သစ်လွင်တောက်ပြောင်လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းလိုက်ရပါတယ်။
Credit
မေတ္တာသီသေန စိတေ္တန။
အရှင်နန္ဒဝံသ
ဇေယျသုခဓမ္မရိပ်သာ
Mar 10, 2018
သင်္ကြန်အကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment