လူတိုင်းလိုလိုပင် သူတော်ကောင်း ဖြစ်လိုကြသည်။ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံလိုကြသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် သူတော်ကောင်းဖြစ်ဖို့ရာ အချက် ၇-ချက်၊ တနည်းအားဖြင့် သူတော်ကောင်းတရား ၇-ပါးကို ဟောကြားတော်မူခဲ့သည်။
သူတော်ကောင်းတရား ၇-ပါးမှာ-
(၁) ယုံကြည်ခြင်း = သဒ္ဓါ
(၂) ကိုယ်နှုတ်စောင့်စည်းခြင်း = သီလ
(၃) မကောင်းမှု ဒုစရိုက်ပြုမှုကို ရှက်ခြင်း = ဟိရီ
(၄) မကောင်းမှု ဒုစရိုက်ပြုမှုကို ကြောက်ခြင်း = သြတ္တပ္ပ။
(၅) အကြားအမြင်ရှိခြင်း = သုတ။
(၆) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း = စာဂ။
(၇) ဟုတ်မှန်စွာသိခြင်း = ပညာ-တို့ ဖြစ်သည်။
ဤနေရာ၌
(၁) ယူံကြည်ခြင်း-ဟူသည်
ဘုရား၊ တရား၊ သံဃာကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရား၊ တရား၊ သံဃာကို ယုံကြည်မှသာ အမှန်တရားကို ခွဲခြားသိမြင်နိုင်မည်။ ဘ၀ခရီးကို လျှောက်လှမ်းရာ၌ ဆူးငြောင့်ခလုတ် ကန်သင်းတို့ကို ရှောင်ရှားနိုင်မည်။ လိုရာခရီးပန်းတိုင်ကို ကောင်းစွာရောက်ရှိနိုင်မည် ဖြစ်ပေသည်။
ထို့ပြင် ကံ ကံ၏အကျိုးကို ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် မကောင်းမှုကိုရှောင်၍ ကောင်းမှုကို ဆောင်နိုင်မည်။ မျက်မှောက်ဘ၀တွင် ကောင်းကျိုးချမ်းသာကို ရရှိ၍ တမလွန်ဘ၀တွင် ကောင်းမြတ်သော သုဂတိဘုံဘ၀များသို့ ရောက်နိုင်ပေသည်။
ဗုဒ္ဓဘုရားရှင်က သဒ္ဓါတရားသည် အထောက်အကူကောင်းရစေသော အဖော်ကောင်းနှင့် တူသည်။ ကုသိုလ်အမျိုးမျိုးကို ရယူနိုင်သော လက်နှင့် တူသည်။
လိုရာသုံးစွဲနိုင်သော ပစ္စည်းဥစ္စာ ရတနာများနှင့် တူသည်။
အသီးအနှံကောင်းများကို ဖြစ်ထွန်းစေသော မျိုးစေ့ကောင်းများနှင့် တူသည်ဟု ဟောကြားတော်မူခဲ့သည်။
(၂) ကိုယ်နှုတ် စောင့်စည်းခြင်းဟူသော သီလတရားကိုလည်း တင်ပြလိုပါသည်။
သူ့အသက်ကို မသတ်ခြင်း၊
သူ့ဥစ္စာကို မခိုးခြင်း။
သူ့တပါး သားမယား သားသမီးများကို မဖျက်ဆီးခြင်း။
လိမ်မပြောခြင်း။
အရက်သေစာ မသောက်စားခြင်း-ဟူသော ငါးပါးသီလနှင့် ရှစ်ပါးသီလ၊ ကိုးပါးသီလ စသည်တို့ ဖြစ်သည်။
သီလရှိမှ သီလစင်ကြယ်မှသာ ကျွန်ုပ်တို့သည် ကောင်းကျိုးချမ်းသာကို ရရှိနိုင်ပေမည်။ သီလသည် နိဗ္ဗာန်ရောက်ကြောင်း အခြေခံကောင်းတရပ်ဖြစ်၍ သူတော်ကောင်းတရားတပါးပင် ဖြစ်ပေသည်။
(၃) မကောင်းမှုဒုစရိုက် ပြုမှုကို ရှက်ခြင်းဟူသည်-
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှု ဒုစရိုက်တို့ကို ပြုရန်ရှက်ခြင်းပင် ဖြစ်သည်။
(၄) မကောင်းမှု ဒုစရိုက် ပြုမှုကို ကြောက်ခြင်း-ဟူသည်
သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှုဒုစရိုက် ၁၀-ပါးတို့ကို ပြုရန် ကြောက်ခြင်းပင် ဖြစ်သည်။
(၅) အကြားအမြင်ရှိခြင်း-ဟူသည်
မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော ပိဋကတ်တော်တို့ကို သင်ကြားတတ်မြောက်မှု၊ သိရှိနားလည်မှု များပင် ဖြစ်သည်။ ယင်းတို့ကို သိရှိနားလည်မှသာ နည်းလမ်းမှန်ကန်စွာ ကျင့်ကြံအားထုတ်နိုင်ကြမည် ဖြစ်သည်။ တရားနာခြင်း၊ ဗုဒ္ဓစာပေများ ဖတ်ရှုလေ့လာခြင်း စသည်တို့သည် အကြားအမြင်ရရာ ရကြောင်းတွင် ပါ၀င်သည်။
(၆) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း-ဟူသည်
ရဟန်းသံဃာတော်များနှင့် သီလရှင် စသော သူတော်စင်တို့ကို၄င်း၊ ဆွေမျိုးမိဘ စသည်တို့ကို၄င်း ပစ္စည်းဥစ္စာ နွမ်းပါးသူတို့ကို၄င်း စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းပင် ဖြစ်သည်။
(၇) ဟုတ်မှန်စွာ သိခြင်း-ဟူသည်
ဆင်းရဲကြောင်း ဟုတ်-မဟုတ်၊ ချမ်းသာကြောင်း ဟုတ်-မဟုတ်ကို သ်ိသောဉာဏ်ပညာနှင့် ဤဘ၀အတွက် အကျိုးရှိ-မရှိ၊ နောင်ဘ၀များအတွက် အကျိုး ရှိ-မရှိ စသည်တို့ကို သိတတ်သော ဉာဏ်ပညာပင် ဖြစ်ပေသည်။
ဤကား ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော သူတော်ကောင်းတရား ၇-ပါး ဖြစ်သည်။ သူတော်ကောင်းဥစ္စာ ၇-ပါးဟူ၍လည်း ခေါ်ကြသည်။ ဤတရား ၇-ပါးကို လိုက်နာ ကျင့်ကြံ ပွားများ အားထုတ်ခြင်းဖြင့် သူတော်ကောင်းဘ၀ကို တက်လှမ်းနိုင်မည် ဖြစ်ပေသည်။
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်နဝါရီလ)
Credit to >> မောင်စွယ်စုံကျမ်း
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
No comments:
Post a Comment