အာဠ၀ကဘီလူးကြီးသည် အာဠ၀ီပြည်အနီး ညောင်ပင်ကြီးတစ်ပင်ရှိ ဗိမာန်၌ နေ၏။ ဘွဲ့ဖြူလက်နက်ကို ပိုင်ဆိုင်၏။ ဒေါသ မာန ကြီး၍ အလွန်ရက်စက်ကြမ်းကြုတ်၏။ ရသေ့ ရဟန်းတို့ကိုလည်း မလေးစား၊ မိဘတို့ကိုလည်း ရှိမခိုး၊ သူသည် နေမွန်းတည့်ချိန် ညောင်ပင်ရိပ်ကျရာ အရပ်အတွင်းသို့ ခိုးဝင်လာသူတို့အား သတ်ဖြတ်စားသောက်ခွင့်ကို ဝေဿ၀ဏ် နတ်မင်းကြီးထံမှ ရရှိထားသည်။
အာဠ၀ီမင်းကြီးသည် သမင်လိုက်ရာမှ အဖော်ကွဲပြီး တစ်ဦးတည်း ပြန်လာစဉ် ထိုညောင်ပင်ရိပ်တွင် နားခိုမိသဖြင့် ဘီလူးကြီးက စားမည်ပြုရာ -
“ကျွန်ုပ်ကို စားလျှင် ယခုတစ်ကြိမ်သာ စားရမည်၊ ကျွန်ုပ်ကို လွှတ်ပေးလျှင် လူတစ်ယောက်နှင့် ထမင်းတစ်အိုး နေ့စဉ်ပို့ပါမည်” ဟု ကတိစကားဆိုသဖြင့် ဘီလူးကြီးက လွှတ်လိုက်သည်။
နန်းတော်ရောက်လျှင် မင်းကြီးသည် မြို့ဝန်မင်းနှင့် တိုင်ပင်၍ ထောင်တွင်း၌ သေဒဏ်ချထားသော သူတို့ကို ဘီလူးကြီးထံသို့ နေ့စဉ်ပို့စေသည်။
ထောင်းအကျဉ်းသာများ ကုန်သောအခါ ရွှေ ငွေ ဥစ္စာများကို လမ်းမှာချထားစေ၍ ကောက်ယူသူတို့ကို ဖမ်းဆီးပြီး ဘီလူးကြီးထံသို့ ပို့စေပြန်သည်။ နောက်ပိုင်းတွင် ရွှေ ငွေ ဥစ္စာများကို လမ်းမှာတွေ့သော်လည်း ကောက်ဝံ့သူ မရှိတော့ချေ။ ထိုအခါ အမတ်ကြီးများနှင့် တိုင်ပင်၍ ပုခက်တွင်း အရွယ်ကလေးငယ်များကို ပို့စေပြန်၏။ ထိုအခါ ကိုယ်ဝန်ဆောင်မိခင်များသည် အခြားတိုင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ကာ ကလေးများ ကြီးပြင်းမှ အာဠ၀ီပြည်သို့ ပြန်လာကြသည်။ ဤသို့ တစ်နေ့လူတစ်ယောက် ဘီလူးမင်းထံပို့ခဲ့ရာ တစ်ဆယ့်နှစ်နှစ်ကြာလေ၏။ နောက်ဆုံး ဘီလူးစာပို့ရန် တစ်မြို့လုံး ရှာဖွေသော်လည်း ကလေးငယ်ကို မရနိုင်ဘဲရှိစဉ် မင်းကြီးသည် မိမိ၏သားရင်းဖြစ်သော အာဠ၀က မင်းသားကလေးကို မိဖုရားကြီးနှင့် အထိန်းတော်များ ငိုကြွေးနေသည့်ကြားကပင် ဇွတ်အတင်း လုယူစေကာ နောက်တစ်ရက်စာအတွက် ဘီလူးကြီးထံ ပေးပို့ရန် အမိန့်ချထားသည်။
ထိုနေ့ညနေချမ်းတွင် မြတ်စွာဘုရားသည် ဘီလူးကြီးကို ဆုံးမကယ်ချွတ်ရန် တစ်ပါးတည်း ကြွတော်မူလာပြီး ဘီလူးကြီး၏ ဗိမာန်ရှိ ပလ္လင်ထက်၌ နေတော်မူသည်။ ထိုအချိန်ကား ဘီလူးကြီး၏ ဟိမ၀န္တာ၌ နတ်ဘီးလူးတို့၏ အစည်းအဝေးသို့ သွားရောက်နေခိုက်ဖြစ်၏။ တံခါးစောင့် ဂဒြဘဘီလူးက မြတ်စွာဘုရားရောက်နေကြောင်း ဘီလူးကြီးထံသွားရောက် သတင်းပို့သည်။ မေ၀တနှင့် သာတာဂိရိ နတ်ဘီလူးတို့လည်း ထိုအစည်းအဝေးသို့သွားစဉ် အာဠဘီလူးကြီး၏ ဗိမာန်၌ အခြွေအရံ ဘီလူးမများအား တရားဟောနေသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရပြီး အစည်းအဝေးရောက်လျှင် အာဠ၀ကဘီလူးကြီးအား “သင့်ဗိမာန်၌ မြတ်စွာဘုရားရောက်နေသည်၊ သွားရောက်ဖူးမြော်ချေ”ဟု ပြောဆိုကြသည်။
အာဠ၀ကဘီလူးကြီးသည် ထိုစကားကို ကြားသည်နှင့်တပြိုင်နက် ဒေါသအမျက် ခြောင်းခြောင်း ထွက်လာ၏။ “ဂေါတမရဟန်းကြီးနှင့် ငါမည်သူက တန်ခိုးကြီးသနည်း၊ ကြည့်ကြလော့” ဟု ပြောဆိုထွက်လာပြီး ယူဇနာခြောက်ဆယ်ရှိ ကေလာသတောင်ကို လက်ယာခြေဖြင့် ဆောင့်နင်းရာ ကျောက်လွှာကျောက်ချပ်များ အလွှာလွှာ ကွာကျ၏။ ထို့နောက် ကေလာသတောင်ထိပ်မှာ ရပ်လျက် “အာဠ၀ကတဲ့ ဟေ့” ဟု ကြွေးကြော် ဟစ်အော်လိုက်သော အသံကြီးမှာ ကြောက်မက်ဖွယ် တုန်ဟည်း သွားလေသည်။
ဘီလူးကြီးသည် သူ၏ဗိမာန်သို့ရောက်သောအခါ မြတ်စွာဘုရားထံ သူ၏ယက္ခမယ်များ ၀န်းရံလျက်ရှိသည်ကို မြင်တွေ့ရလျှင် ပို၍ ဒေါသထွက်သွားသည်။ မြတ်စွာဘုရားကို သေကျေပျက်စီး စေရန် ပြင်းထန်သော လေမုန်တိုင်းကြီးကို လွှတ်၏။ သို့သော် လေမုန်တိုင်းသည် မြတ်စွာဘုရားကို မည်သို့မျှ မထိခိုက်စေနိုင်၊ ရေတွင် နစ်မွန်းသေစေရန် မိုးကြီးသည်းထန်စွာ ရွာသွန်းချပြန်၏။ ထိုမိုးကြီးသည်လည်း အချည်းနှီးပင်။ ထို့ပြင် ကျောက်တုံးမိုး၊ ဓား လှံ လက်နက်မိုး၊ မီးကျီးခဲမိုး၊ ပြာပူမိုး၊ သဲမိုး၊ ရွှံညွှန်မိုးတို့ကိုလည်း (ဗောဓိမဏ္ဍိုင်မှာ မာရ်နတ်မင်းတိုက်ခိုက်သည့်နည်းတူ) တစ်ခုပြီး တစ်ခု ရွာသွန်းကြံချပြန်သည်။ မရချေ။ နောက်ဆုံး ကြောက်ရွံ့အားငယ်စေရန် အမှောင်ထုကြီးချလိုက် သော်လည်း မစွမ်းဆောင်နိုင်၊ ကြောက်လန့်ထွက်ပြေးအောင်လည်း မပြုလုပ်နိုင်ချေ။
ထိုအခါ အာဠ၀ကဘီလူးကြီးသည် လက်နက်မျိုးစုံ စွဲကိုင်ထားသော နတ်ဘီလူးစစ်တပ်ကြီးကို ဦးဆောင်ပြီး ဘုရားရှင်အား အနီးကပ် ထိုးနှက်ခုတ်သတ်ရန် ကြောက်မက်ဖွယ် အဆင်းအသံ အမျိုးမျိုးဖြင့် ဟစ်အော်ချီတက်လာလေသည်။ ရဲရဲပူသောသံတွေခဲ၌ ယင်ကောင်များ မနားဝံ့သကဲ့သို့ နတ်ဘီလူး စစ်တပ်ကြီးသည် မြတ်စွာဘုရားအနီးသို့ပင် မချဉ်းကပ်ရဲချေ။
မြတ်စွာဘုရားနှင့် ဘီလူးကြီးတို့၏ ရန်စစ်ပွဲကို ကြည့်ရူရန် မရေမတွက်နိုင်သော နတ်များလည်း ကောင်းကင်မလပ် ပြည့်ကျပ်နေတော့၏။
အာဠ၀ကဘီလူးကြီးသည် သန်ခေါင်ကျော်သည်တိုင်အောင် နည်းမျိုးစုံဖြင့် အဆက်မပြတ် တိုက်ခိုက်သော်လည်း မအောင်မြင်နိုင်သဖြင့် နောက်ဆုံး ဘွဲ့ဖြူ လက်နက် (အ၀တ်ပုဆိုးလက်) ဖြင့် ပစ်ခတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုလက်နက်သည် ကောင်းကင်သို့ ပစ်လွှတ်လျှင် တစ်ဆယ့်နှစ်နှစ်မိုးခေါင်စေနိုင်၏။ မြေပြင်သို့ပစ်လွှတ်လျှင် သစ်ပင်များ ခြောက်သွေ့ပြီး တစ်ဆယ့်နှစ်နှစ် အတွင်း တစ်ဖန်ပြန်လည်မပေါက်နိုင်။ သမုဒ္ဒရာတွင်းသို့ ပစ်ခတ်ပါက သမုဒ္ဒရာရေများ ခန်းခြောက်ပြီး မြင်းမိုရ်တောင်လောက်ရှိ တောင်မျိုးကို ပစ်ခတ်ပါလျှင်လည်း အပိုင်းပိုင်း ပြတ်ကြွေကျသွားနိုင်လေသည်။
ထိုဘွဲ့ဖြူလက်နက်ကို ပစ်ခတ်လိုက်သောအခါ ကောင်းကင်၌ မိုးထစ်ချုန်းသကဲ့သို့ မြည်ဟည်းပြီး အခိုးတလူလူ အလျှံတပြောင်ပြောင် တောက်လောင်လွင့်ပျံကာ မြတ်စွာဘုရားထံသို့ ဦးတည်သွားသည်၊ မြတ်စွာဘုရားအနီးသို့ ရောက်သည်နှင့် စွမ်းရည်ကင်းမဲ့သော ခြေသုတ်အ၀တ်အဖြစ် ပြောင်းလဲသွား လေသည်။ ဘီလူးကြီးသည် အစွမ်းအထက်ဆုံး လက်နက်ဖြင့် ပစ်ခတ်သော်လည်း မအောင်မြင်နိုင်သဖြင့် မိုင်တွေချကာ ခတ္တမျှ စဉ်းစားနေ၏။ မြတ်စွာဘုရားအား တိုက်ခိုက်မရနိုင်သည်မှာ မေတ္တာစိတ်ထားကြောင့်ဖြစ်သည်ဟု စဉ်းစားမိသည်နှင့် မြတ်စွာဘုရားအား မေတ္တာပျက်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။
“အို … ရဟန်းဂေါတမ … အဘယ်ကြောင့် ကျွန်ုပ်ခွင့်မပြုဘဲ ဗိမာန်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေ သနည်း၊ ဗိမာန်တွင်းမှ ယခုထွက်လော့” ဟုဆိုသည်။
“ပြောရ ဆိုရ လွယ်ကူသော ရဟန်းဂေါတမကို စစိထိုးမိလေပြီ” ဟု အာဠ၀ကဘီလူးကြီး စိတ်ဓာတ်သိမ်မွေ့ လာသည်။ သို့သော် “ရဟန်းဂေါတမသည် သဘောထား နူးညံ့၍ ဗိမာန်မှထွက်သလော၊ အမျက်ဒေါသကြောင့် ထွက်သလော”ဟု စုံစမ်းလို၍ “ရဟန်းဂေါတမ ဗိမာန်အတွင်းသို့ ၀င်ဦးလော့” ဟု ဆိုပြန်သည်။
မြတ်စွာဘုရားက “ကောင်းပါပြီ” ဟု ဆို၍ ပြန်ဝင်သည်။ အာဠ၀က ဘီလူးခိုင်းစေတိုင်း သုံးကြိမ်တိုင်တိုင်ပင် ထွက်တော်ဝင်တော်မူ၏။ ဘီလူးကြီးသည် “မြတ်စွာဘုရားအား ထိုသို့ဝင်ခိုင်း၍ တစ်ညလုံး ပင်ပန်းအောင်လုပ်ပြီးမှ ခြေထောက်နှစ်ချောင်း ဆွဲကိုင်ပြီး ဂင်္ဂါမြစ် တစ်ဘက်ကမ်းသို့ ပစ်ရမူ ကောင်းလေစွာ့” ဟု ကြံစည်လျက် “ရဟန်းဂေါတမ ထွက်ဦးလော့” ဟု လေးကြိမ်မြောက် ခိုင်းစေသော အခါတွင်မူ ဘီလူးကြီး၏ စိတ်အကြံကို သိတော်မူသဖြင့် “သင်လုပ်လိုရာလုပ်တော့၊ ငါမထွက်” ဟု မိန့်တော်မူ၏။
ထိုအခါ ဘီလူးကြီးက “ရဟန်းဂေါတမကို ပြဿနာမေး၍ မဖြေနိုင်မှ ခြေထောက်ကိုဆွဲကိုင်ကာ ဂင်္ဂါမြစ်တစ်ဘက်ကမ်းသို့ ပစ်မည်” ဟု ကြံစည်ပြန်သည်။
အာဠ၀ကဘီလူးကြီး၏ မိဘတို့သည် ကဿပမြတ်စွာဘုရားထံမှ တရားဓမ္မနှင့် စပ်သော အမေးအဖြေများကို သင်ယူခဲ့ပြီး အာဠ၀ကဘီလူးအား သင်ကြားပေးထားခဲ့ကြဖူးသည်။ ဘီလူးကြီးသည် ကာလကြာသောအခါ အဖြေကို မမှတ်မိတော့ချေ။ အမေးပုစ္ဆာများကိုမူ မေ့ပျောက်မည်စိုး၍ ရေးမှတ်ထားစေခဲ့သည်။ ထိုအမေးပုစ္ဆာများကား ဘုရားရှင်တို့သာ ဖြေနိုင်သော အမေးပု စ္ဆာများ ဖြစ်၏။ ဘီလူးကြီးသည် မိမိဗိမာန်ကို စုံစမ်းကြည့်ရူးရန် ရောက်လာသော အခြားရသေ့ရဟန်းများအားလည်း ထိုအမေးပု စ္ဆာများကို မေး၍ မဖြေနိုင်လျှင် ခြေထောက်ကို ဆွဲကိုင်ပြီး ဂင်္ဂါမြစ်တစ်ဘက်သို့ ပစ်ခဲ့ဖူးလှပြီ။ ယခုလည်း မြတ်စွာဘုရားအား ထိုအမေးပုစ္ဆာပြဿနာ မေးမည်ဟု တောင်းဆိုလာသည်ကို မြတ်စွာဘုရားက မေးခွင့်ပြုတော်မူလိုက်သည်။
“အို ရဟန်းကြီးဂေါတမ လောက၌ မြတ်သောဥစ္စာကား အဘယ်နည်း၊ အဘယ်အရာကို ကောင်းစွာကျင့်လျှင် ချမ်းသာစေနိုင်သနည်း၊ အဘယ်အရသာသည် အကောင်းဆုံးဖြစ်သနည်း၊ အဘယ်အသက်မွေးခြင်းကို အမြတ်ဆုံးဟု ဆိုရသနည်း”။
အာဠ၀ကဘီလူးက ဤသို့ ပြဿနာကို မေးသည်။
“အာဠ၀က … လောက၌ မြတ်သော ဥစ္စာကား(ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်သော) သဒ္ဓါတရားတည်း။ ချမ်းသာစေနိုင်သော တရားကား ကုသလကမ္မပထတရားဆယ်ပါးတည်း။ မုသားမပါ မှန်ရာကို ပြောဆိုခြင်းသည် အကောင်းဆုံးအရသာတည်း။ ပစ္စုပန်သံသရာကို မြော်မြင်သော ပညာဖြင့် အသက်မွေးခြင်းသည် အမြတ်ဆုံးတည်း” ဟု မြတ်စွာဘုရားက ချက်ချင်း ဖြေဆိုတော်မူလိုက်သည်။
မြတ်စွာဘုရားသည် ဘီလူးကြီးမေးသော အခြားမေးခွန်းများကိုလည်း ဆက်လက် ဖြေဆိုတော်မူလိုက်ရာ ဘီလူးကြီးသည် မြတ်စွာဘုရားရှင် မေတ္တာဖြင့် အမေးပုစ္ဆာများကို တစ်ခုပြီးတစ်ခု ဖြေဆိုဟောကြားသော တရားကို နာကြားရသောအခါ ဒေါသအမျက်ပြေကာ စိတ်နှလုံးနူးညံ့သိမ်မွေ့ လာ၏။ နာရင်း နာရင်း အသိဉာဏ် အမြင်ရှင်းကာ သောတာပတ္တိမင်္ဂဉာဏ် အလင်းကိုပင် ရရှိသွားခဲ့သည်။
နံနက်မိုးသောက်ချိန်တွင် တရားပွဲလည်းပြီးဆုံး၍ မင်းချင်းယောက်ျားတို့လည်း အာဠ၀ီမင်းကြီး၏ သားငယ် အာဠ၀ကကို ဘီလူးစာပို့ရန် ဆိုက်ရောက်လာကြလေသည်။ မြတ်စွာဘုရားရှေ့မှောက်၌ မင်းချင်းများက ပေးကမ်းသည့် ကလးငယ်ကိုယူရန် ရှက်နိုးသဖြင့် ဘုရားရှင်အား လှူလိုက်သည်။ ထိုသူငယ် ကြီးပြင်းလာသောအခါ သင်္ဂဟတရားလေးပါးကို လက်သုံးပြု၍ သာသနာတော် ထွန်းကားပြန့်ပွားအောင် စည်းရုံးကာ ဟောပြောနိုင်သော “ဟတ္ထာဠ၀ကသူကြွယ်” ဖြစ်လာခဲ့သည်။
ထိုမျှမကအာဠ၀ီတစ်ပြည်လုံး ထိတ်ရွံ့ကြောက်လန့်နေခဲ့ကြရသော အာဠ၀ီပြည်အနီး အာဠ၀ကဘီလူးကြီးရန်ကို အောင်မြင်တော်မူသောအခါ ဘီလူးကြီးသာမက အာဠ၀ီ ပြည်သူပြည်သားများနှင့် ရှစ်သောင်းလေးထောင်သော လူ နတ် ဗြဟ္မာတို့ပါ တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြလေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment