်အလွမ်း(၁)
ကျမက ပြိတ္တာပါ မောင်။ ပြိတ္တာလို့ ဆိုတဲ့လိုက်တဲ့အတွက်
မောင် ကျမကို စိတ်ကုန်သွားပြီမို့လား။ သိပါတယ် မောင်။ တကယ်တော့
ပြိတ္တာဆိုတာ အပါယ်ဘုံသားပါ။ ဒါကြောင့် လူ့အခွင့်အရေး ဆုံးရှုံးပါတယ်။
ဒါပေမယ့် မောင်၊ ပြိတ္တာမှာလည်း ချစ်တတ်တဲ့နှလုံးသား ရှိတယ်ဆိုတာကိုတော့
မောင် မျက်ကွယ် မပြုလိုက်ပါနဲ့။ ရေဟာ မြင့်ရာကနေ နိမ့်ရာကို ထာဝရစီးဆင်း
နေတဲ့အရာ ဖြစ်သလို မောင့်အပေါ်မှာလည်း ကျမရဲ့ နှလုံးသားထဲက မေတ္တာရေကြည်
ရေအေးတွေဟာ ထာဝရ စီးဆင်းနေမြဲပါမောင်။ မောင် စွန့်ခွာသွားကတည်းက ကျမရဲ့
နှလုံးသားရေပြင်ဟာ ငြိမ်သက်တယ်ရယ်လို့ မရှိသေးပါဘူး။ ကာလတွေ ကြာမြင့်ပေမယ့်
အခုထိ အနှယ်မထိုင်သေးဘူး မောင်။ အဲဒါဟာ ဘာဖြစ်လို့လဲ သိလား၊ အဲဒါ မောင့်ကို
ချစ်လို့ပေါ့ မောင်။
အလွမ်း(၂)
မောင် ရောက်လာတဲ့နေ့ကို မှတ်မိနေပါသေးတယ်။ ဘယ်တော့မှလည်း မေ့မှာမဟုတ်ပါဘူး။ မောင်ဟာ ဟိမ၀န္တာတော ကဏ္ဏမုဏ္ဍရေအိုင်မှာနေတဲ့ ကျမတို့ကို မြင်တွေ့ချင်တယ်၊
ချစ်ရည်လူးချင်တယ်ဆိုတဲ့ စိတ်နဲ့ လာခဲ့တယ်ဆိုတာ သိပ်သိတာပေါ့မောင်။
ဒါကြောင့်လည်း နှစ်ပေါင်း ၁၅၀ ပတ်လုံး မောင် ကျမနဲ့ အတူနေခဲ့တာပဲ မဟုတ်လား။
မောင်ဘက်က ဘယ်လောက်ပဲ ဘယ်လိုစိတ်တွေနဲ့လာခဲ့လာခဲ့ ကျမကတော့
မောင့်ကို မြင်ကတည်းက ချစ်ကျွမ်းဝင်နေခဲ့တာပါ။ ဖြူစင်ဝင်းမွတ်တဲ့ အသားရေ၊ကြည်လင်တောက်ပတဲ့မျက်လုံး၊ ခန့်ညားထည်ဝါနေတဲ့ အရပ်အမောင်း၊
ယောက်ျားပီသပြီး တည်ကြည်လွန်းတဲ့ အသွင်အပြင်နဲ့ ရင်အုပ်ကားကားစွင့်စွင့်တွေက
ကျမအတွက်တော့ မြင်ကတည်း မေတ္တာသက်ဝင်စေခဲ့တဲ့ အချင်းအရာတွေပါ မောင်။
ဒါကြောင့် ကျမဟာ မောင့်အတွက်တော့ဖြင့် မဆွတ်ခင်က ညွတ်ချင်နေတဲ့ ပန်း၊
မချွေခင်က ကြွေချင်နေခဲ့တဲ့ ပန်းတစ်ပွင့်ပါ မောင်။
အလွမ်း(၃)
ဘာပဲဖြစ်ဖြစ် မောင်နဲ့ အတူကြည်နူးခဲ့ရတဲ့ ကာလတွေဟာ ကျမအတွက်တော့
သုခဘုံစံ မင်းသမီးတစ်ပါးလိုပါပဲ ကျမ ကျေနပ်ပါတယ်မောင်။ အလေးအနက်
ပြောချင်တဲ့စကား ရှိပါသေးတယ်။ အဲဒါကတော့ မောင့်ကို ကျမမေတ္တာသက်ဝင်
ခဲ့တယ်ဆိုတာဟာ ဗာရာဏသီပြည့်ရှင် မင်းတစ်ပါး ဖြစ်လို့လည်း မဟုတ်ပါဘူး။
မောင့်ရဲ့ ဘုရင်တစ်ပါးဆိုတဲ့ စည်းစိမ်အခြံအရံတွေကို မက်မောတွယ်တာလွန်းလို့လည်း
မဟုတ်ပါဘူး။ အိုး ...........ကုန်ကုန်ပြောရရင် မောင့်ဆီက ကျမဘာမှ မလိုချင်ပါဘူး။
အဲဒါတွေက ကျမဘ၀မှာလည်း ပြည့်စုံပြီးသားပဲ မဟုတ်လား။ အကုသိုလ်လုပ်ခဲ့လို့
ခွေးနက်တစ်ကောင်ရဲ့ ကိုက်ဖြတ်စားသောက်ခြင်းကို ညအခါမှာ ခံရပေမယ့် နေ့အခါမှာ
တော့ ကုသိုလ်အကျိုးကြောင့် မောင့်ရဲ့ မင်းစည်းစိမ်ထက်တောင် သာလွန်တဲ့
ပိုင်ဆိုင်မှုမျိုး ရှိခဲ့တယ်ဆိုတာ မောင် အသိပဲ မဟုတ်လား။
မောင်နဲ့ ပတ်သက်ပြီး ကျမဘ၀အဖြစ်မှန်ကို မောင်သိမှာ သိပ်စိုးပါတယ်။
ဒါတွေကလည်း မောင် ကျမအပေါ်မှာ အချစ်တွေ ပေါ့သွားမှာ စိုးလို့ပါမောင်။
အခြားအကြောင်း မရှိပါဘူး။ ဒါကြောင့် ညဘက် မောင်အိပ်ချိန်ရောက်မှ
နားရွက်မပါတဲ့ ခွေးနက်ကြီးရဲ့ ကိုက်ဖြတ်စားသောက်ခြင်းကို ခံယူဖို့အတွက်
ခိုးကြောင်ခိုးဝှက် ထွက်ခဲ့ရပါတယ်။ နှစ်ပေါင်း ၁၅၀ လုံးလုံး ပိပိရိရိ ဖုံးဖိလာခဲ့ပြီးမှ
မောင်သိသွားခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း ကျမ ပြန်တွေးတိုင်း
ရှက်ရွံ့တုန်လှုပ်ရပါတယ် မောင်။ ကျမတို့ ဝေမာနိကပြိတ္တာတွေရဲ့ အခြေအနေက
ဆိုးရွားလှပါတယ် မောင်ရယ်။ ညစဉ် ခွေးစားခံရပေမယ့် ရေအိုင်ကနေ
အကောင်းပကတိ ပြန်တက်လာ၊ နောက်ညရောက် တစ်ခါ ခွေးစားပြန်ခံနဲ့
ဒုက္ခတွေ ပင်လယ်ဝေရပါတယ်မောင်။ အချစ်ကြောင့်သာ မောင့်ကို အသိ
မပေးခဲ့ရပေမယ့် မောင်သိမှာကို တွေးပြီး နေတိုင်းပဲ ပူလောင်ခဲ့ရတာပါကွယ်။
မှတ်မိသေးတယ် မောင်။ ကျမရဲ့ ဘ၀အခြေအနေမှန်ကို မောင်သိပြီးတဲ့
နောက်ပိုင်းမှာ မျက်ရည်စက်လက် ပြောခဲ့ရတဲ့ ကျမဘ၀အဖြစ်မှန်စကားတွေကိုလေ။
ကျမ မပြောချင်ဆုံး စကားတွေကို ကျမပြောခဲ့ရတယ်။ ကျမဟာ ပြိတ္တာပါမောင်။
ပြိတ္တာမှန်း သိပြီးရင် မောင် ကျမကို အရင်လိုပဲ ချစ်နေနိုင်ပါ့မလားဆိုတဲ့
စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ တုန်တုန်ယင်ယင် ပြောခဲ့ရတဲ့ စကားတွေကိုလေ။
အလွမ်း(၄)
'ဒီလိုပါ မောင်၊ ကျမဟာ ကဿပဘုရားလက်ထက်မှာ သောတာပန်လင်ယောက်ျား
တစ်ယောက်ရဲ့ ဇနီးမယားတစ်ယောက်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာနဲ့ လူဖြစ်ခဲ့ရသူ
ပါ၊ အဲဒီတုန်းက ကျမနေတဲ့ မြို့ကလေးက ကိမိလတဲ့။ လင်သောတာပန်ကြီးက
ဥပါသကာငါးရာနဲ့အတူ ကုသိုလ်ကောင်းမှုတွေနဲ့ မွေ့လျော်သူ ဖြစ်တဲ့အတွက်
ကျမတို့ ဇနီးမယား ငါးရာဟာလည်း ယောင်နောက်ဆံထုံးပါ ကုသိုလ်ကောင်းမှုတွေကို
လုပ်ကိုင်ခွင့် ရကြပါတယ်၊ ရတနာသုံးပါးကိုလည်း ကြည်ညိုခွင့်၊ ပူဇော်ဆည်းကပ်ခွင့်
တွေကိုလည်း အပြည့်အ၀ ရကြပါတယ်.....။
ဒါပေမယ့် မောင်၊ တစ်နေ့မှာတော့ ကျမတို့ လင်မယားရဲ့ ဘ၀ထဲကို မထင်မှတ်ဘဲ
အမျိုးသားတစ်ယောက် ၀င်ရောက်လာခဲ့ပါတယ်၊ အဲဒီအမျိုးသားရဲ့ နူးညံ့တဲ့ စကား
လုံးတွေ၊ စိတ်ကိုညွတ်နူးစေတဲ့ ပြုစုယုယမှုတွေကြောင့် စိတ်မခိုင်တော့တဲ့ ကျမဟာ
ဖောက်ပြန်ကျူးလွန်တဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်၊ ဒီအခြေအနေကို ကျမနဲ့အတူ
သူငယ်ချင်းမတွေလည်း သိကြပါတယ်၊ ဖြစ်ခဲ့သမျှ အကြောင်းတွေကို တစ်နေ့မှာ
ကျမယောက်ျား သောတာပန်ကြီး သိသွားပါတယ်၊ မဟုတ်ပါဘူးလို့ လိမ်ရုံတင်
မဟုတ်ဘဲ၊ အကယ်၍ လိမ်လည်ပြောဆိုခဲ့ရင် ဟောဒီခွေးနားရွက်တိုကြီးရဲ့
ကိုက်စားခြင်းကို ခံရပါစေရဲ့ ဆိုပြီး မုသားကျိန်စာ ဆိုခဲ့ပါတယ်..........။
ကျမတင်လားဆိုတော့ မဟုတ်ပါဘူး၊ ကျမရဲ့ လိမ်လည်မှုကို အထမြောက်အောင်
ဝိုင်းဝန်ပံ့ပိုးပေးကြတဲ့ သူငယ်ချင်းမတွေဟာလည်း ကျမတို့လည်း မလိမ်ပါဘူးရှင်၊
ရှင်ဇနီးက ဇနီးမယားကောင်း တစ်ယောက်ပါ၊ ကျမတို့ လိမ်ခဲ့တယ်ဆိုရင်
ဘယ်ဘ၀ရောက်ရောက် ရှင့်ဇနီးအနားမှာ ကျွန်အစေအပါးတွေအဖြစ် နေရပါ
စေတော်...ဆိုပြီး သူတို့လည်း မုသားကျိန်စာ ဆိုခဲ့ကြတယ်။ အဲဒီလို
ကာမေသုမိစ္ဆာစာရအမှု၊ မုသာဝါဒအမှုတွေနဲ့ ကျမတို့ဟာ အခုလို နေ့စံညခံ
ဝေမာနိက ပြိတ္တာဘ၀ကို ရောက်ခဲ့ရတာပါမောင်၊ ဒါကြောင့် ကျမတို့ဟာ
လူတွေလား နတ်တွေလားလို့ မေးရင် လူလည်း မဟုတ် နတ်လည်းမဟုတ်တဲ့
ဝေမာနိကပြိတ္တာတွေလို့ပဲ ဆိုရမှာပါ မောင်'
ိ
(နိဂုံး)
အဲဒီနေ့က အံ့သြသွားတာလား၊ ကျမကို စိတ်ကုန်မုန်းတီးသွားတာလား
ခန့်မှန်းရခက်တဲ့ မောင်မျက်နှာကို ကျမ အခုထိ မှတ်မိနေသေးတယ်မောင်။
တကယ်တော့ မောင်တို့ယောက်ျားတွေဟာ ကျမတို့ မိန်းမသားတွေရဲ့
အားနည်းချက်လေးတစ်ခုကို မြင်လိုက်တာနဲ့ အသည်းနှလုံးတွေဟာ
ကျောက်ဆောင်ကျောက်သားတွေလို မာကျောခက်ထန်သွားလိမ့်မယ်လို့
ကျမ ဘယ်မျှော်လင့်ပါမလဲ။ မောင့်အပေါ်မှာ ရိုးသားချင်လွန်းလို့သာ အဖြစ်မှန်ကို
ပြောလိုက်မိတာပါ။ မောင် ကျမကို စွန့်ပစ်ပြီး ဗာရာဏသီရွှေမြို့တော်ဆီ
အပြီးအပိုင် ပြန်သွားလိမ့်မယ်လို့ ဘယ်လိုမှ မမျှော်လင့်ခဲ့ရိုး အမှန်ပါမောင်။
မောင်ရေ .....ဟောဒီ ဟိမ၀န္တာတောကြီးကို တစ်ခါတစ်ခေါက်တော့
အရောက်လာခဲ့ပါဦး။ မောင်နဲ့ကျမ ပန်းတွေ အတူ ခူးကြမယ်လေ။
ငြိမ့်ညောင်းတဲ့ ရေစီးသံတွေနဲ့ အတူပေါ့။ သာယာတဲ့ တေးသီသံတွေနဲ့ အတူ
ပေါ့မောင်။ ဟော ... ဟိုမှာ ကြည့်စမ်းပါမောင်။ ပန်းမျိုးစုံ ပွင့်နေပြီ။ ရနံ့တွေလည်း
အစုံသင်းနေပြီ။ ကြည့်စမ်း၊ အောက်ချင်းငှက်ဖို ငှက်မ ရေသောက်ဆင်းရင်း
လည်ချင်းယှက်နေပုံက ကျမတို့ရဲ့ အတိတ်ဆိုးကို နှိုးဆွနေသလိုပါပဲမောင်။
ချစ်တဲ့ မောင်ရေ....ကျမက ပြိတ္တာပါ။ လူ့သားတစ်ယောက်ရဲ့ အခွင့်အရေးကို
မရပါဘူး။ ကျမက ပြိတ္တာပါ မောင်။ ကျမက ပြိတ္တာရယ်ပါ မောင်ရေ .....။ ။
ဆြာတော်လေး
(29.5.2015)
ပေတ၀တ္ထုအဋ္ဌကထာ၊ စာ-၁၄၀
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာမှ====
No comments:
Post a Comment